← Chapters

လေသံလော၊ တစ္ဆေသံလော၊ ဝိညာဉ်ဓားလော

Vol. 57 Ch. 792

လေသံလော၊ တစ္ဆေသံလော၊ ဝိညာဉ်ဓားလော

Vol. 57 Ch. 792

“ဖွီး...”

ကျန်းရီက ထင်ထားသလိုပင် မသေခဲ့ပေ။ သို့သော် သူသည် အတွင်းဒဏ်ရာရသွားပြီး ဒဏ်ရာအသေးစာလေးများလည်း ရသွားခဲ့သည်။ သူ၏မျက်လုံးများ အဆက်မပြတ် တောက်ပလာ၏။ သူသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထပ်မံ ပြုလုပ်လိုက်ပြီး အနိုင်ယူနိုင်မည့် နည်းကို စဉ်းစားလိုက်သည်။

မိုးကြိုးမီးက လုလင်းအပေါ် မသက်ရောက်နိုင်ပေ။ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကလည်း သူ့ကို သေသည်အထိ မဖိနှိပ်နိုင်ချေ။ ယင်းတို့က ကျန်းရီ၏ အင်အားအကြီးဆုံး တိုက်ခိုက်မှုနှစ်ခုဖြစ်သည်။ ၎င်းတို့အပြင် သူ့တွင် ဝိညာဉ်ဓားများသာ ရှိတော့လေသည်။

သို့သော် ပြဿနာမှာ ဝိညာဉ်ဓားများသည် အလစ်တိုက်ခိုက်မှုတွင်သာ အသုံးအဝင်ဆုံးဖြစ်နေခြင်းပင်။ ထိပ်တိုက် တိုက်ခိုက်လျှင် ၎င်းတို့သည် အလွယ်တကူ ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။ သူ၏ဝိညာဉ်ဓားများက တစ်ခါမှ ဖျက်ဆီးမခံရဘူးသေးသဖြင့် အကယ်၍ ဖျက်ဆီးခံလိုက်ရလျှင် သူ၏ပင်မစိတ်ဝိညာဉ် ထိခိုက်မည်၊ မထိခိုက်မည်ကို သူ မသိပေ။

“စမ်းကြည့်တာပေါ့”

လုလင်းက ရုတ်ခြည်းပင် ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ‘ကောင်းကင်ဝါးမျို လေနဂါး’ တာအိုပုံသဏ္ဌာန်ကို ထပ်မံထုတ်သုံးရန် ပြင်ဆင်နေပေပြီ။ ကျန်းရီ အံကြိတ်လိုက်ပြီး အရာအားလုံးကို စမ်းကြည့်ရန် ပြင်ဆင်လိုက်သည်။ အကယ်၍ ဤအတိုင်းသာဆက်သွားပါက သူ သေချာပေါက် သေသွားမည်ဖြစ်သည်။

ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးရမည်လော။

မဖြစ်နိုင်ပေ။ ချမ်ဝမ်ကွမ်း၊ ဖုန်းလန်း၊ ကျန်းရှောင်နူနှင့် အခြားသူများက မြို့ထဲတွင် ရှိနေသေးသည်။ အကယ်၍ သူသာ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးသွားလျှင် သူ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း ပေါ်သွားပေလိမ့်မည်။ လုလင်း၊ လဲ့ချီရန်နှင့် အခြားသူများက သူတို့ကို ဖမ်းဆီးရန် ကြိုးစားလိမ့်မည်ဟု အတပ်အပြောနိုင်ပေ။ သို့သော် သူ မစွန့်စားဝံ့ချေ။

ဝှစ်...ဝှစ်...

ကျန်းရီသည် လျင်မြန်စွာ ပျံသန်းကာ ရွှေရောင်အလင်းတန်း တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။ သူသည် ရှောင်ရှားနေရင်း သူ၏မီးနဂါးဓားဖြင့် မီးနဂါး တစ်သောင်းကျော် ထုတ်လွှတ်လိုက်၏။ သူ၏မျက်ခုံးနှစ်ခုကြားမှ နေရာက လင်းလက်သွားပြီး ဝိညာဉ်ဓားသုံးချောင်း ထွက်ပေါ်လာသည်။ ထိုဓားများသည် မီးနဂါးများနှင့်အတူ ပျံသန်းသွား၏။ အလစ်တိုက်ခိုက်နိုင်ရန် သူသည် မီးနဂါးများကို အသုံးပြု၍ ဝိညာဉ်ဓားများကို ကွယ်ဝှက်ထားရပေမည်။

ဝုန်း...ဝုန်း...ဝုန်း...

မီးနဂါးအသေးလေးများစွာသည် ရွှေရောင်အလင်းတန်းများနှင့် ထိတိုက်ကာ ပျက်စီးသွားကြ၏။ ၎င်းတို့က အဆင့်မတူပေ။ ကျန်းရီသည် စိတ်ကိုအသုံးပြု၍ ဝိညာဉ်ဓားများကို ဘေးဘယ်ညာ ရှောင်ရှားနေစေပြီး လုလင်းထံ တန်းတန်းမတ်မတ် ပျံသန်းသွားစေနေသည်။

သုံးကီလိုမီတာ၊ နှစ်ကီလိုမီတာ...တစ်ကီလိုမီတာ...

ကျန်းရီ၏မျက်လုံးမှား ရုတ်တရက် မည်းမှောင်သွား၏။ မီးနဂါးလေးများက အားလုံးနီးပါး ဖျက်ဆီးခံရပေတော့မည်။ လုလင်းက ဝိညာဉ်ဓားသုံးချောင်းကို အလွယ်တကူ တွေ့ရှိသွား၏။

“စိတ်ဝိညာဉ်တိုက်ခိုက်မှုလား... ဟွန်း...”

လုလင်း နှာမှုတ်လိုက်၏။ သို့သော် သူသည် ကောင်းကင်ဝါးမျို လေနဂါးကို ဆက်ဖန်တီးနေလေသည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် တြိဂံပုံ ချိပ်စည်းတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်ဓားသုံးချောင်းကို ခုခံလိုက်သည်။

“စိတ်ဝိညာဉ် အကာအကွယ် မူလရတနာလား”

ကျန်းရီ၏မျက်နှာထား ခါးသက်သွား၏။ သို့သော် ဝိညာဉ်ဓားများက လုလင်း၏မျက်နှာအရှေ့သို့ ရောက်နေပေပြီ။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ဝိညာဉ်ဓားများကို လုလင်း၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းစေလိုက်ရတော့သည်။

ဝုန်း...

ပထမ ဝိညာဉ်ဓားက တြိဂံချိပ်စည်းနှင့် ထိတိုက်သွားသောအခါ ကျန်းရီ အံ့အားသင့်သွား၏။ သူ၏ ဖျက်ဆီး၍မရနိုင်သော ဝိညာဉ်ဓားက ချိပ်စည်းလေးကြောင့် အလွယ်တကူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။ ထို့နောက်တွင် ဒုတိယနှင့် တတိယဓားတို့လည်း ပျက်စီးသွားသည်။ ထိတိုက်စဉ်အတွင်း၌ တြိဂံချိပ်စည်းလေးက မိုးကြိုးအလင်းကို ဖြာထုတ်ကာ ဝိညာဉ်ဓားများကို အလွယ်တကူ ဖျက်ဆီးလိုက်၏။ ချိပ်စည်းလေးသည် ကျူးကျော်ဝင်ရောက်လာသော စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ဖျက်ဆီးပစ်နိုင်သည့် မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ပင်။

“ဒီ စိတ်ဝိညာဉ်ကာကွယ် မူလရတနာက ဘာလဲ။ ဘာလို့ အဲ့ဒါက ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ။ အဲ့ဒါမှာ မိုးကြိုးတန်းတွေရှိတာလား။ အဲ့ဒါက ငါ့ရဲ့ ဝိညာဉ်ဓားတွေကို အလွယ်လေး ဖျက်ဆီးနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး”

ကျန်းရီ ကြောက်ရွံ့ကာ ဖြူဖျော့သွား၏။ သို့သော် သူ၏ ပင်မစိတ်ဝိညာဉ်က မထိခိုက်သွားသဖြင့် တော်သေးပေသည်။ ဝိညာဉ်ဓားများနှင့် ပင်မစိတ်ဝိညာဉ်က မည်သည့် ဆက်နွယ်မှုမှ မရှိသည့်ပုံပင်။ သို့ပေသည့် သူ အပြင်းအထန် ခေါင်းကိုက်နေသေး၏။ ထိုဝိညာဉ်ဓားများကို အလွယ်တကူ မရနိုင်ပေ။ နတ်ဘုရားငိုကြွေးသံတစ်ကြိမ်ထွက်ပေါ်လာမှ ဝိညာဉ်ဓားသုံးချောင်းသာ ထုတ်လုပ်နိုင်ပေသည်။

ကျန်းရီသည် လုမျိုးနွယ်ကို များစွာနားမလည်ချေ။ သူသာ နားလည်လျှင် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို သုံးမည် မဟုတ်ပေ။ လုမျိုးနွယ်တွင် မိုးကြိုးကျောက်တုံးဟုခေါ်သော ထူးခြားသည့်ရတနာရှိပေသည်။

မိုးကြိုးကျောက်တုံးများသည် ခန္ဓာကိုယ်ကို မွမ်းမံခြင်း၊ မဟာအစီအရင်များကို ဖန်းတီးခြင်းတို့တွင်သာမက ရတနာများကို သန့်စင်ရာတွင်လည်း အလွန်အသုံးဝင်ပေသည်။ လုမျိုးနွယ်က မိုးကြိုးကျောက်တုံးများကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတည်းက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သူတို့သည် မိုးကြိုးကျောက်တုံးများကို သုံးကာ စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်သည့် သာလွန် သူတော်စင် အသုံးအဆောင်တစ်ခုကို ဖန်တီးခဲ့၏။ ယင်းအသုံးအဆောင်က မိုးကြိုးချိပ်စည်းပင်။

မိုးကြိုးချိပ်စည်းက အလွန်အဖိုးတန်၏။ ထိပ်တန်းအဆင့် မိုးကြိုးချိပ်စည်းတစ်ခုကို လေလံပစ်လျှင် အနည်းဆုံး ကောင်းကင်ကျောက်တုံး သန်းတစ်သန်းဖြင့် ရောင်းနိုင်ပေလိမ့်မည်။ ထိပ်တန်းအဆင့် မိုးကြိုးချိပ်စည်းသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုပင် ခံနိုင်ပေသည်။ လုလင်းသည် ထိပ်တန်းအဆင့် မိုးကြိုးချိပ်စည်းကို ပိုင်ဆိုင်ရန် အရည်အချင်းမမီသော်လည်း အဆင့်မြင့် မိုးကြိုးချိပ်စည်းကို ပိုင်ဆိုင်ထားပေသည်။

“ငါ ဘာလုပ်သင့်လဲ”

ကျန်းရီ စိတ်လှုပ်ရှားလာ၏။ အကယ်၍ သူ၏ဝိညာဉ်ဓားများသာ အသုံးမဝင်ပါက ဆက်တိုက်ခိုက်လျှင်လည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။ ထိုချိပ်စည်းလေးက အလွန်ကြောက်မက်ဖွယ်ကောင်း၏။ တစ်ချက်ထိသွားရုံဖြင့်ပင် ၎င်းက သူ၏ဝိညာဉ်ဓားများကို ဖျက်ဆီးပစ်နိုင်ပေသည်။ သူ သူ၏ဝိညာဉ်ဓားအားလုံးကို ထုတ်လွှတ်လိုက်လျှင်ပင် တဒင်္ဂအတွင်း ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။

လုလင်းက အဆင့်နိမ့် ကောင်းကင်ဧကရာဇ်ဖြစ်၏။ ထို့ပြင် အင်အားကြီးမျိုးနွယ်များမှ သခင်လေးများသည် ဝိညာဉ်ဆေးပင်များကို မကြာခဏ စားသုံးကြ၏။ သူ၏စိတ်ဝိညာဉ်က အားနည်းလိမ့်မည် မဟုတ်ပေ။ တစ်ခဏအတွင်း သူ့ကို မသတ်နိုင်လျှင် ဝိညာဉ်ဓားများကို ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။

ရှစ်...ရှစ်...

လုလင်း၏ ကောင်းကင်ဝါးမျို လေနဂါး ထပ်မံ ဖြစ်တည်လာသည်။ ဧရာမ ရွှေရောင်နဂါးကြီးက အာကာပြင်တုန်ခါမှုများကို ဖြစ်ပေါ်လာ၏။ ထိုတုန်ခါလှိုင်းများက ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေသော ကျန်းရီကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်နဂါး ပေါက်ကွဲသွားပြီး မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ဖျက်ဆီးလိုက်၏။ ကျန်းရီ ထပ်မံ လွင့်ပျံသွားပြီး သွေးအန်သွားသည်။

“ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး”

ကျန်းရီ၏လက်ထဲရှိ ဒယ်စောက်အိုးလေး ပျံထွက်သွား၏။ သူသာ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကို မထုတ်လွှတ်လိုက်လျှင် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ပြန်ပြုလုပ်ရန် သို့မဟုတ် အသက်ရှူရန်ပင် အချိန်ရမည် မဟုတ်ချေ။ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး ပျံထွက်သွားပြီး လုလင်း ထပ်မံ ဖိချေခံလိုက်ရ၏။ သို့သော် သူ မြေကြီးထဲမှ လျင်မြန်စွာ ပျံထွက်လာ၏။ ဤအကြိမ်တွင်လည်း သူ ဒဏ်ရာရသွားပုံ မပေါ်ပေ။ ထို အဝါရောင် ဝိညာဉ်ချိတ်ဆက် မူလရတနာ အမိကမ္ဘာမြေသံချပ်ကာက ခုခံစွမ်းအား အလွန်ကောင်းလွန်းပေသည်။

ကျန်းရီနှင့် လုလင်းတို့သည် ဘတစ်ပြန်ကျားတစ်ပြန် တိုက်ခိုက်နေကြသည်။ ထို့ကြောင့် မည်သူက အရင်ဆုံး တောင့်မခံနိုင်ဖြစ်သွားပြီး သေဆုံးသွားမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

သို့သော် ကျန်းရီက ပိုခံနေရကြောင်း သိသာ၏။ လုလင်း၏ ကျင့်ကြံခြင်းအဆင့်က ကျန်းရီထက် ပိုမြင့်သည်။ သူသည် ကျို့ကျွမ်သွေးနီရောင်ဆေးလုံးကိုလည်း သောက်ထား၏။ ထို့ပြင် သူ့တွင် ဝိညာဉ်ချိတ်ဆက် မူလရတနာနှစ်ခုလည်း ရှိပေသည်။ လုလင်းက ၎င်းတို့ကို အပြည့်အဝ မသန့်စင်ထားရသေးသဖြင့် စွမ်းအားအကုန် ထုတ်မသုံးနိုင်သော်လည်း ကျန်းရီကို ဖိအားပေးရန် လုံလောက်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီက လုလင်းလောက် မမြန်သဖြင့် ထပ်ခါထပ်ခါ တိုက်ခိုက်ခံနေရသည်။ ကျန်းရီ၏ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကလည်း လုလင်းကို အကြိမ်များစွာ ဖိနှိပ်နေသဖြင့် နောက်ဆုံးတွင် သူ ဒဏ်ရာနည်းနည်း ရလာပေပြီ။ သို့သော် လုလင်းက နှုတ်ခမ်းစွန်းမှ သွေးစီးကျလာရုံသာဖြစ်ပြီး ကျန်းရီကမူ အတွင်းအင်္ဂါများ ပြင်းထန်စွာ ဒဏ်ရာရထားပြီဖြစ်သည်။ ထို့ကြောင့် သူ၏အရှိန်က တဖြည်းဖြည်း နှေးကွေးလာသည်။

ကျို့ကျွမ်သွေးနီရောင်ဆေးလုံး၏ အာနိသင်က နှစ်နာရီသာခံ၏။ သို့သော် ပြဿနာမှာ ကျန်းရီက တစ်နာရီကြာအောင်ပင် တောင့်မခံနိုင်လောက်ခြင်းပင်။

“ဟားဟားဟား... မျိုးမစစ်ကောင်၊ မင်း ဘယ်လောက် ဆက်တောင့်ခံနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”

လုလင်းသည် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး၏ ဖိနှိပ်မှုကို ထပ်ခံလိုက်ရ၏။ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးသည် တစ်ခါ ဖိနှိပ်ပြီးတိုင်း ပြန်ကျုံ့သွား၏။ ကျန်းရီသည် ထပ်မံ ထုတ်လွှတ်ရန် ၎င်းအတွင်းသို့ အတွင်းအား ထပ်မံထည့်သွင်းရသည်။ လုလင်းက ထိုအချိန်အတွင်း ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ကာ ‘ကောင်းကင်ဝါးမျို လေနဂါး’ တာအိုပုံသဏ္ဌာန်ကို ထပ်မံ ပြင်ဆင်လေသည်။ ယင်းက လုလင်း၏ အင်အားအကြီးဆုံး တိုက်ခိုက်မှုဖြစ်သော်လည်း အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်သာဖြစ်သည်။ အကယ်၍ သူသာ ကြယ်တစ်ပွင့်အဆင့်သာရှိသည့် အဆင့်မြင့် တာအိုပုံသဏ္ဌာန်ကို ပေါင်းစည်းနိုင်ခဲ့လျှင်ပင် ကျန်းရီတစ်ယောက် အစောကတည်းက သေသွားလောက်ပေပြီ။

သေစမ်း...

ကျန်းရီသည် အလွန်စိတ်လောနေ၏။ ဤတိုက်ပွဲတွင် သူ ခံနေရပေသည်။ သူ၏အရှိန်က လုံလောက်အောင် မလျင်မြန်ပေ။ သူ၏မိုးကြိုးမီးက သက်ရောက်မှုမရှိသလို ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကလည်း ရန်သူကို မသတ်နိုင်ချေ။ ထို့ပြင် သူသည် ဝိညာဉ်ဓားများကိုလည်း မသုံးဝံ့တော့ပေ။

ကောင်းကင်ရှောင်တိမ်းခြင်းဖြင့် ထွက်ပြေးရမည်လော။ မဖြစ်နိုင်ချေ။

ကျန်းရီအတွက် အဆိုးဆုံးအခြေအနေမှာ အရှုံးပေးလိုက်ရုံသာ။ သို့သော် သူ အရှုံးပေးလိုက်လျှင် လဲ့ချီရန်က တိုက်ခိုက်မှုကို ရပ်၍ သူတို့ကို အပြင်သို့ ပြန်ထုတ်မည်လော။ အကယ်၍ သူသာ ဤနေရာတွင် လုလင်းကို မသတ်နိုင်ခဲ့လျှင် အနာဂတ်တွင် သတ်နိုင်မည့် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။ လုလင်းက ကျန်းရှောင်နူကို အတင်းလက်ထပ်ရန် ကြိုးစားခဲ့၏။ ထို့ကြောင့် သူ လုလင်းကို သတ်လိုနေသည်။

ဟူး...ဟူး...

ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး ပြန်လာသောအခါ လုလင်းဘက်တွင် ကျယ်လောင်သော လေခွင်းသံများ ထွက်ပေါ်လာ၏။ လေနဂါးများ ပေါင်းစည်းသွားပြီး ဧရာမလေနဂါးကြီး ဖြစ်ပေါ်လာသည်။ လုလင်းက ၎င်းအတွင်းသို့ အတွင်းအား သွင်းလိုက်ပြီး ‘ကောင်းကင်ဝါးမျို လေနဂါး’ တာအိုပုံသဏ္ဌာန်အဖြစ် ပြောင်းလဲလိုက်၏။ ဧရာမရွှေရောင်နဂါးက စူးရှသောအသံဖြင့် ပျံသန်းသွားသည်။ ဧရာမနဂါးကို မမြင်ရလျှင်ပင် စူးရှသော လေခွင်းသံကို ကြားလိုက်ရုံဖြင့် မနှစ်မြို့၊ မသက်မသာ၊ မအီမသာ ဖြစ်သွားစေနိုင်ပေသည်။

“မနှစ်မြို့၊ မသက်မသာ၊ မအီမသာ”

ကျန်းရီသည် ရုတ်တရက် နန်ကုန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေတွင် ကြားခဲ့ရသော တစ္ဆေသံကို ပြန်အမှတ်ရသွားသဖြင့် စိတ်ဝိညာဉ် တုန်ခါသွား၏။ ထိုအသံက ဤအသံထက် ပို၍ မသက်မသာ ဖြစ်စေသည်။ သူ့ခေါင်းထဲတွင် အကြံတစ်ခု ပေါ်လာ၏။ အကယ်၍... သူသာ ဆန်းကြယ်နယ်မြေမှ လေသံကို ဖန်တီးကာ လုလင်းအား အလွန်မသက်မသာ ဖြစ်သွားအောင် လုပ်နိုင်လျှင် လုလင်း၏ စိတ်ဝိညာဉ်က ပရမ်းပတာဖြစ်သွားမည်လော။ သို့ဆိုလျှင် ကျန်းရီက သူ့ကို ဝိညာဉ်ဓားများဖြင့် သတ်နိုင်မည်လော။

“လေသံလား၊ တစ္ဆေသံလား၊ ဝိညာဉ်ဓားလား”

ကျန်းရီသည် ပျံဝင်လာသော ဧရာမရွှေရောင်နဂါးကြီးကို လုံးဝလျစ်လျူရှုကာ တွေးတောနေ၏။ မီးနဂါးဓားက အတန်ငယ် ဝှေ့ယမ်းသွားပြီး ပတ်ဝန်းကျင်လေထုကို တုန်ခါသွားစေ၏။ သူသည် လေဓာတ် တာအိုပုံသဏ္ဌာန်သုံးကို လေ့လာကျင့်ကြံထား၏။ ယင်းတို့က လေစွမ်းအား၊ လေအသင်္ချေနှင့် လေချည်နှောင်ခြင်းတို့ဖြစ်သည်။ သူသည် လေစည်းမျဉ်းများ၏ အနှစ်သာရကို နက်နက်ရှိုင်းရှိုင်း နားလည်၏။

ဝုန်း...ဝုန်း...ဝုန်း...

ဧရာမရွှေရောင်နဂါးသည် ပျံသန်းလာပြီး ကျန်းရီကို ဝါးမျိုကာ ချက်ချင်း ပေါက်ကွဲသွားသည်။ ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်း ဖျက်ဆီးခံလိုက်ရပြီး မိုးကြိုးမီး ပျံ့ကျဲသွားသည်။ ကျန်းရီသည် ကြိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ လွင့်ထွက်သွား၏။

သို့သော် ကျန်းရီသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ပြန်မပြုလုပ်လိုက်သလို ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကိုလည်း မထုတ်လွှတ်လိုက်ပေ။ သူက ရူးသွပ်သွားသလိုပင်။ သူသည် မီးနဂါးဓားကိုသာ အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး ပတ်ဝန်းကျင်မှ လေထုကို လှုပ်ယမ်းသွားစေ၏။ သူ၏မျက်လုံးများက အရူးတစ်ယောက်ကဲ့သို့ တောက်ပနေပေသည်။

“အန်...”

လုလင်းသည် ခုခံရန် အသင့်ပြင်ထားပြီး ကျန်းရီ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး ပစ်လွှတ်လိုက်မည့် အချိန်ကို စောင့်နေ၏။ သို့သော် ကျန်းရီက မတိုက်ခိုက်သေးသလို မိုးကြိုးမီးနတ်ဘုရားဒိုင်းကိုလည်း ပြန်မပြုလုပ်သေးကြောင်း သူ သတိပြုမိလိုက်သည်။

လုလင်း ကျေနပ်သွားပြီး ဧရာမမူလသံလက်နက်ဖြင့် ရိုက်လိုက်ကာ အော်ပြောလိုက်သည်။

“မျိုးမစစ်လေး... သေဖို့အချိန်ကျပြီ”

***

All Chapters