← Chapters

လုလင်း၊ သေပြီ

Vol. 57 Ch. 793

လုလင်း၊ သေပြီ

Vol. 57 Ch. 793

ရွှီး...ရွှီး...

သောင်းချီသော ရွှေရောင်အလင်းတန်းများက မရဏဓားများကဲ့သို့ ကျန်းရီကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲရန် ပျံဝင်သွားကြ၏။ ထိုရွှေရောင်အလင်းတန်းများက သိပ်စွမ်းအားမကြီးသော်လည်း ကျန်းရီသာ အသိပြန်ကပ်မလာပါက သူ မီးတိပ်သံချပ်ကာဝတ်ထားလျှင်ပင် အသတ်ခံလိုက်ရပေလိမ့်မည်။

“ခေါင်းဆောင်...”

ချမ်ဝမ်ကွမ်းက ထပ်မံ ရေရွတ်လိုက်၏။ ဟွမ်ဖူထောင်ထျန်း၏ မျက်လုံးများသည်လည်း ရေခဲတမျှ အေးစက်သွား၏။ သူ ချက်ချင်း အော်လိုက်သည်။

“ကောင်းပြီ.. ငါတို့ ဒီတစ်ခေါက် အရှုံး‌ပေးတယ်။ လဲ့ချီရန် ယှဉ်ပြိုင်ပွဲကို ရပ်လိုက်တော့”

“အရှုံးပေးတာလား”

လဲ့ချီရန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ဟွမ်ဖူထောင်ထျန်း... ယှဉ်ပြိုင်ကွင်းရဲ့ စည်းမျဉ်းတွေအရ ယှဉ်ပြိုင်တဲ့လူကိုယ်တိုင် အရှုံးမပေးရင် အဲ့လူကို အပြင်ကို ပြန်ခေါ်ထုတ်လို့ မရဘူး။ ကျန်းရီက သူကိုယ်တိုင် အရှုံးပေးတာ မဟုတ်လို့ ငါ့မှာ ယှဉ်ပြိုင်ပွဲကို ရပ်နိုင်တဲ့အာဏာမရှိဘူး”

“မင်း...”

ဟွမ်ဖူထောင်ထျန်းက ဒေါသတကြီး အော်လိုက်၏။ အထဲမှ အသံများအားလုံးကို အပြင်က မကြားနိုင်ပေ။ အကယ်၍ ကျန်းရီက အရှုံးပေးလိုက်လျှင်ပင် သူ၏အသံက အပြင်သို့ ရောက်လာပါမည်လော။ လဲ့ချီရန်က ကျန်းရီအပေါ် အကောက်ကြံနေကြောင်း ထင်ရှားပေသည်။

သို့သော် လဲ့ချီရန်က အမိန့်မပေးလျှင် ဟွမ်ဖူထောင်ထျန်းလည်း ဘာမှ မလုပ်နိုင်ပေ။ သူ လဲ့ချီရန်ကို တိုက်ခိုက်လိုက်၍ မဖြစ်ပေ။ လဲ့ချီရန်၏ဘေးတွင် စွမ်းအားကြီး ကိုယ်ရံတော်များ ရှိနေ‌၏။ ထို့ပြင် သူ လဲ့ချီရန်ကို သတ်လိုက်လျှင်လည်း ကျန်းရီကို ကယ်နိုင်မည် မဟုတ်ချေ။

ပုံရိပ်ထဲတွင် ကျန်းရီထံသို့ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ပျံဝင်သွားသည်ကို တွေ့လိုက်ရ၏။ သို့သော် ကျန်းရီသည် ယခုအချိန်အထိ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ရှောင်လည်းမရှောင်သလို ထွက်လည်းမပြေးပေ။ သူသည် မီးနဂါးဓားကိုသာ အဆက်မပြတ် ဝှေ့ယမ်းနေပြီး ပတ်ဝန်းကျင်လေထုကို တုန်ခါစေနေလေသည်။

“ဖူး...”

အတွင်းမှ အသံများကို အပြင်က မကြားနိုင်သော်လည်း ထိုအခိုက်တွင် အပြင်ဘက်မှ လူအားလုံးသည် ကျန်းရီ အဆက်မပြတ် သွေးအန်နေသည့်အသံကို ကြားနေရသည်ဟု ခံစားနေရလေသည်။ ကျန်းရီက အဆက်မပြတ် သွေးအန်နေသော်လည်း ယခုအထိ အသိစိတ်ပြန်မကပ်လာသေးသဖြင့် အားလုံး အံ့အားသင့်နေကြသည်။ သူက အသိစိတ်ပျောက်နေသကဲ့သို့ပင်။

“ခေါင်းဆောင်... မြန်မြန် အသိစိတ်ပြန်ကပ်ပါတော့”

ချမ်ဝမ်ကွမ်းက ဝမ်းနည်းသံဖြင့် အော်လိုက်၏။ ချမ်ဝမ်ကွမ်းသည် ကျန်းရီ၏ ဖြူဖျော့နေသော မျက်နှာနှင့် အဆက်မပြတ် သွေးအန်နေမှုကို ကြည့်ကာ အလွန်ရင်နာနေလေသည်။ သူသည် ‘ဆရာ’အဖြစ် ဆက်၍ ဟိတ်ဟန်မထုတ်နိုင်တော့ဘဲ သနားစရာသတ္တဝါကဲ့သို့ ဖြစ်နေလေသည်။

ရုတ်တရက်...

ကျန်းရီသည် တိုက်ခိုက်မှု ဒါဇင်ကျော်ကို ခံလိုက်ရပြီး အကြိမ်ဒါဇင်ကျော် သွေးအန်လိုက်ပြီးနောက် ပြန်အသိစိတ်ကပ်လာ၏။ သူ့မျက်နှာပေါ်တွင် ကျေနပ်မှုအရိပ်အယောင်များ ပြည့်နှက်နေပြီး သူ၏မျက်လုံးများက ကြယ်တာရာများကဲ့သို့ တောက်ပနေလေသည်။ ချမ်ဝမ်ကွမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့ နှစ်ယောက်သား တစ်ပြိုင်တည်း တုန်ရင်သွားကြ၏။

ကျန်းရီ အသိစိတ်ပြန်ကပ်လာပြီးနောက် သူ့နောက်ကျောရှိ လေအရိပ်ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေသွားလေသည်။ ထို့နောက် သူသည် မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ရုတ်ခြည်းပင် သူ၏ခန္ဓာကိုယ်က နဂါးတစ်ကောင်ကဲ့သို့ တွန့်သွားပြီး တိုက်ခိုက်မှုများကို ရှောင်လိုက်၏။ သူသည် အပြင်းအထန် ဒဏ်ရာရထားသော်လည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် ရွှေရောင်အလင်းတန်းများ၏ လမ်းကြောင်းများကို ကြိုအာရုံခံနိုင်ပေသည်။ ထို့ကြောင့် သူသည် တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်ရှားနိုင်နေ၏။ မရှောင်လိုက်နိုင်သည့် တိုက်ခိုက်မှုအချို့က သူ့အား လာထိမှန်လျှင်ပင် ၎င်းတို့က သူ့ကို သတ်နိုင်မည် မဟုတ်ပေ။

“ရှောင်နိုင်သေးတယ်ပေါ့လေ၊ သေစမ်း... သေလိုက်စမ်း”

လုလင်းက ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ‘ကောင်းကင်ဝါးမျို လေနဂါး’ တာအိုပုံသဏ္ဌာန်ကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။ သူသည် ကျန်းရီ မိုးကြိုးမီးနတ်ဘုရားဒိုင်း မပြုလုပ်နိုင်သေးခင်တွင် ထိုတိုက်ခိုက်မှုဖြင့် သတ်ပစ်ရန် ပြင်ဆင်လိုက်၏။ သူသည် မူလသံလက်နက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။ သူ့ပတ်ပတ်လည်တွင် လေနဂါးများ စုစည်းသွားသည်။ ထို့နောက် သူသည် အော်ကာ မူလသံလက်နက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။ လေနဂါးများက ဧရာမလေနဂါးကြီးတစ်ကောင်အဖြစ် စုစည်းသွားသည်။ သူ၏ ‘ကောင်းကင်ဝါးမျို လေနဂါး’ တာအိုပုံသဏ္ဌာန် ပုံပေါ်လာတော့မည့် အချိန်တွင်...

“ဟွန်း... ဒီအဖွဲ့မှူးက မင်းကို သတ်ပေးမယ်။ လေအမျက်ဟိန်းသံ...”

ထိုအခိုက်တွင် ကျန်းရီက မျက်လုံးများ ဖွင့်လိုက်၏။ သူ၏မီးနဂါးဓားက ရုတ်တရက် ဓားတစ်ရာကျော် ထုတ်လွှတ်လိုက်သည်။ ဓားတိုင်းသည် လေပွေတစ်ရာကျော် ထုတ်လွှတ်နိုင်၏။ ထိုလေပွေများက အရှေ့သို့ ပျံထွက်မသွားဘဲ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လှည့်ပတ်နေလေသည်။

ဆန်းကြယ်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။

ထိုလေပွေများသည် ပုံစံအမျိုးမျိုးဖြင့် လှည့်ပတ်နေပြီး ထူးဆန်းသော အသံများ ထုတ်လွှတ်နေ၏။ ထိုအသံများသည် တစ္ဆေအော်သံများ၊ ဝံပုလွေအူသံများကဲ့သို့ပင်။ ထိုအသံများက အလွန်မသက်မသာ ဖြစ်စေပြီး တစ်ကိုယ်လုံးမှ အမွေးမျာကို ထောင်ထသွားစေကာ မနှစ်မြို့ဖွယ် မအီမသာ ခံစားချက်ကို ခံစားရစေလေသည်။

“ဝူး...ဝူး...ကူး...ကူး...”

‘ကောင်းကင်ဝါးမျို လေနဂါး’ တာအိုပုံသဏ္ဌာန် ပုံပေါ်လာတော့မည့်အခိုက်တွင် ထိုအသံများက လုလင်းကို ကြက်သီးထသွားစေပြီး အလွန်မသက်မသာ ခံစားလိုက်ရစေလေသည်။ သူ၏အတွင်းအားလည်း အတန်ငယ် ပရမ်းပတာဖြစ်သွားပြီး ကောင်းကင်ထဲမှ ဧရာမလေနဂါးကြီးက တုန်ခါသွားကာ အလိုလို ပျက်စီးသွားသည်။

တာအိုပုံသဏ္ဌာန်အချို့သည် စုစည်းနိုင်ရန် အချိန်အနည်းငယ် လို၏။ အကယ်၍ စုစည်းမှုဖြစ်စဉ်သာ နှောင့်ယှက်ခံလိုက်ရပါက တာအိုပုံသဏ္ဌာန် ဖြစ်ပေါ်လာနိုင်တော့မည် မဟုတ်ပေ။ ဥပမာအားဖြင့် ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ကြည့်ပါ။ အကယ်၍ သူသာ မိုးကြိုးမီးကို လမ်းကြောင်းမြေပုံအမှားနောက်သို့ လိုက်သွားစေမိလျှင် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ပြုလုပ်နိုင်မည် မဟုတ်ပေ။

“အဲ့အသံက ဘာလဲ။ ဆိုးလိုက်တာ... ဘာလို့ အဲ့မျိုးမစစ်က အဲ့လိုဆိုးဝါးတဲ့အသံကို ဖန်တီးနေရတာလဲ”

လုလင်း မျက်လုံးပြူးသွား၏။ သူသည် မူလသံလက်နက်ကို သိမ်းလိုက်ပြီး လက်နှစ်ဘက်စလုံးသုံးကာ နားများကို ပိတ်ထားလိုက်၏။ သူသည် အခြားအာရုံအားလုံးကိုလည်း ပိတ်လိုက်သည်။ ထိုအသံက သူ၏စိတ်ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်နေ၏။ သို့သော် သူ၏စိတ်ဝိညာဉ်က ဒဏ်ရာရသွားသည်ဟု သူမခံစားရပေ။

“အား...အား...အား...”

လုလင်းက သူ၏ခေါင်းကိုကိုင်၍ လေထဲတွင် လူးလွန့်နေ၏။ သူ ရူးသွပ်သွားသကဲ့သို့ပင်။ ထိုအသံက ဆိုးဝါးလွန်းပြီး အလွန်စူးရှပေသည်။ သူ့စိတ်ထဲတွင် တဝုန်းဝုန်း၊ တဝီဝီအသံများသာ ပြည့်နှက်နေ၏။ ယခုတွင် သူသည် ထိုတစ္ဆေအသံအကြောင်းကိုသာ တွေးတောနေမိပြီး ကျန်းရီကို မေ့လျော့သွားလေသည်။

ဂျိန်း...ဂျိန်း....

ထိုအခိုက်တွင် တုန်ခါသံများ ထွက်ပေါ်လာသည်။ လုလင်းသည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ သူသည် စိတ်အတွင်းမှ အသံများကို တောင့်ခံကာ ခေါင်းမော့ကြည့်လိုက်သည်။ ဧရာမဒယ်စောက်အိုးကြီး ကျဆင်းလာသည်ကို သူမြင်လိုက်ရသည်။ သူ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ ထိုကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးက သူ့ကို မသတ်နိုင်ပေ။

“မဟုတ်သေးဘူး... တစ်ခုခု မှားနေတယ်...”

လုလင်း ခံစားနေရသော အန္တရာယ်အငွေ့အသက်က ပိုအားကောင်းလာ၏။ သူ ပတ်ဝန်းကျင်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ ထိုအခါမှ အနီရောင် ဝိညာဉ်ဓားတစ်ဒါဇင်က အသံမထွက်ဘဲ ပျံသန်းလာသည်ကို သူ တွေ့လိုက်လေသည်။ သူ တုန်လှုပ်သွားသည်။

“မိုးကြိုးချိပ်စည်း...”

လုလင်း အော်လိုက်၏။ သူ၏မျက်ခုံးနှစ်ခုကြားမှနေ၍ ချပ်စည်းလေးတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်ဓားတစ်ဒါဇင်ထံ ပျံသန်းသွား၏။ ထိုအခိုက်တွင် ကျန်းရီ၏ မီးနဂါးဓားက မျက်တောင်တစ်ခတ်အတွင်း ဓားရာကျော် ထုတ်လွှတ်လိုက်၏။ ပို၍ပင် ဆိုးဝါးသော အသံများ ထွက်ပေါ်လာသည်။ ထိုအသံများက လွန်စွာ ဆိုးဝါးလှသဖြင့် လုလင်းသည် သူ၏ခေါင်းကိုကိုင်ကာ လေထဲတွင် တုန်ယင်နေလေသည်။

ရွှီး...ရွှီး...

ဖောင်း...ဖောင်း...ဖောင်း...

မိုးကြိုးချိပ်စည်းက မိုးကြိုးအလင်း ဖြာထုတ်လိုက်ပြီး ဝိညာဉ်ဓားသုံးချောင်းကို အလွယ်တကူ ဖျက်ဆီးလိုက်၏။ ထိုအချိန်တွင် လုလင်း၏စိတ်သည် တစ္ဆေအသံကြောင့် ပြိုပျက်လုနီးနီး ဖြစ်နေပေပြီ။ သူ မိုးကြိုးချိပ်စည်းကို မည်သို့ အပြည့်အဝ ထိန်းချုပ်နိုင်ပါတော့မည်နည်း။ ကျန်ဝိညာဉ်ဓားများက မိုးကြိုးချိပ်စည်းကို ရှောင်သွားလိုက်ပြီး လုလင်း၏ မျက်ခုံးနှစ်ခုအကြား နစ်မြုပ်သွားကာ သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်သွားလေသည်။

“အား... မဟုတ်ဘူး... ငါ အရှုံးပေးတယ်။ ငါ အရှုံးပေးတယ်... အစ်ကိုရန် ယှဉ်ပြိုင်ပွဲကို အခုရပ်လိုက်ပါတော့”

လုလင်းသည် မရဏအငွေ့အသက်ကို ရလိုက်သဖြင့် ကြောက်ရွံ့တုန်လှုပ်သွား၏။ သူ့တစ်ကိုယ်လုံး အဆက်မပြတ် တုန်ရင်နေသည်။ သူသည် တစ္ဆေအသံနှင့် ကျန်အရာအားလုံးကို မေ့လျော့သွားသကဲ့သို့ပင်။ သူ့မျက်လုံးများထဲတွင် အကြောက်တရားနှင့် မျှော်လင့်ချက်ကင်းမဲ့မှုသာ ရှိနေလေသည်။

“တပ်မှူးကျင်း... ယှဉ်ပြိုင်ပွဲကို မြန်မြန် ရပ်လိုက်ပါ။ လုလင်း အရှုံးပေးနေပြီ”

လဲ့ချီရန်သည် လုလင်း၏ အသံကို မကြားနိုင်သော်လည်း လုလင်း၏ မျက်လုံးများထဲရှိ အကြောက်တရားနှင့် မျှော်လင့်ချက်ကင်းမဲ့မှုကို မြင်လိုက်သဖြင့် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။ ထို့ကြောင့် သူသည် ဘေးရှိ တပ်မှူးကို လျင်မြန်စွာ အော်ပြောလိုက်ခြင်းပင်။

“နေဦး...”

တုန်လှုပ်ဖွယ် ဒေါသသံတစ်သံ ပဲ့ထင်ထပ်သွား၏။ ဟွမ်ဖူထောင်ထျန်း၏ သတ်ဖြတ်လိုသော အရှိန်အဝါက တပ်မှူးကျင်းအပေါ် ကျရောက်သွားသည်။ ထို့နောက် ဟွမ်ဖူထောင်ထျန်းက ပြောလိုက်၏။

“လဲ့ချီရန်.... မင်းရဲ့ ဘယ်နားက လုလင်း အရှုံးပေးတဲ့အသံကို ကြားလိုက်တာလဲ။ ငါတို့တော့ ဘာအသံတစ်သံမှ မကြားဘူး။ ယှဉ်ပြိုင်တဲ့လူကိုယ်တိုင် အရှုံးမပေးဘူးဆိုရင် စည်းမျဉ်းတွေအရ ယှဉ်ပြိုင်ပွဲကို ရပ်လို့မရဘူးလို့ မင်းပဲ ပြောခဲ့တာမလား။ ဒါမှမဟုတ် မင်း ပြောခဲ့တာတွေက သောက်ပေါက်တက်ကရတွေလား”

“မင်း...”

လဲ့ချီရန်သည် ဟွမ်ဖူထောင်ထျန်းက သူ့စကားနှင့် သူ့ကို ပြန်ချုပ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထိုအခိုက်တွင် သူ မည်သို့ပြန်ပြောရမည်မသိ ဖြစ်သွား၏။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိသဖြင့် တပ်မှူးကျင်းကိုသာ ဒေါသတကြီး အော်ပြောလိုက်လေသည်။

“ခင်ဗျားက ဘာတွေ စောင့်နေတာလဲ။ လုလင်းက သေတော့မယ်”

တပ်မှူးကျင်းတစ်ယောက် မှင်တက်နေရာမှ အသိစိတ်ပြန်ကပ်လာ၏။ သူသည် ဟွမ်ဖူထောင်ထျန်းကို အရေးမစိုက်တော့ပေ။ သူ့လက်သည် ရွှေရောင်အလင်း လင်းလက်လာ၏။ သူက အောက်ဘက်ရှိ စင်မြင့်ဆီသို့ အတွင်းအား ပစ်လွှတ်တော့ပေမည်။ သို့သော် သူ နောက်ကျသွားပေပြီ။ စင်မြင့်အထက်ရှိ ပုံရိပ်ထဲတွင် လုလင်းတစ်ယောက် ရုတ်တရက် မျက်လုံးများမှိတ်သွားပြီး ခန္ဓာကိုယ်တုန်ရင်ကာ အောက်သို့ အသက်ကင်းမဲ့စွာ ပြုတ်ကျသွားသည်ကို မြင်လိုက်ရလေသည်။

ဝှစ်...

ကျန်းရီက ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းသွား၏။ သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာသည်။ သူက ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးနှင့် လုလင်း၏အလောင်းကို လက်စွပ်ထဲတွင် သိမ်းလိုက်ခြင်းပင်။

ရွှီး...

ထိုစဉ်တွင် တပ်မှူးကျင်း၏ အတွင်းအားက စင်မြင့်ကို ထိမှန်သွားပြီး အကာအရံကို နှိုးလိုက်၏။ ပုံရိပ်ထဲတွင် ကျန်းရီကို အဖြူရောင်အလင်းက လွှမ်းခြုံသွားသည်ကို မြင်လိုက်ရ၏။ ကျန်းရီတစ်ယောက် ပုံရိပ်အတွင်းရှိ ကန္တာရနေရာမှ ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် စင်မြင့်ပေါ်တွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

“ဝမ်းကွဲအစ်ကို...”

“သခင်လေးလင်း...”

လုယွီနှင့် လုလင်း၏ ကိုယ်ရံတော်က စိုးရိမ်တကြီး အော်လိုက်သည်။ စင်မြင့်ပေါ်တွင် ကျန်းရီသာ ထွက်ပေါ်လာပြီး လုလင်း ထွက်ပေါ်မလာပေ။ သူသည် အမှန်ပင် ကျန်းရီ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် အသိမ်းခံလိုက်ရကြောင်း ထင်ရှားပေသည်။ လက်စွပ်ထဲတွင် အသက်ရှိသော လူတစ်ယောက်ကို မသိမ်းနိုင်ပေ။ ထို့ကြောင့် လုလင်းက အမှန်ပင် သေသွားပြီဖြစ်ကြောင်း သိနိုင်လေသည်။

လုယွီတစ်ယောက် ခေတ္တမျှ ကြက်သေသေသွား၏။ သူမ၏မျက်ရည်စများက မိုးရွာသကဲ့သို့ စီးကျလာသည်။ သူမသည် ဆောက်တည်ရာမရဖြစ်သွားပြီး ကိုယ်ရံတော်များကို အသံကုန်အော်ပြောလိုက်၏။

“အဲ့မျိုးမစစ်ခွေးကို သတ်ပစ်ကြ... ကျွန်မရဲ့ ဝမ်ကွမ်းအစ်ကိုအတွက် လက်စားချေကြ...”

***

All Chapters