← Chapters

မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာက ငါ့ဟာတွေပဲ

Vol. 57 Ch. 794

မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာက ငါ့ဟာတွေပဲ

Vol. 57 Ch. 794

ချွမ်...ချွမ်...

လုလင်းနှင့် လုယွီတို့သည် ကိုယ်ရံတော်နှစ်ယောက်စီ ခေါ်လာခဲ့ကြ၏။ ထိုကိုယ်ရံတော်များက အဆင့်မြင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ သူတို့၏မျက်နှာများက အလွန်မည်းမှောင်နေကြ၏။ သူတို့လက်ထဲတွင် လက်နက်များထွက်ပေါ်လာသည်။ သူတို့သည် ကျန်းရီကို စိုက်ကြည့်ကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြ၏။

ဝှစ်...

သို့သော် ကိုယ်ရံတော်များထက် ပိုမြန်သူ တစ်ယောက် ရှိ၏။ ကျန်းရီ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟွမ်ဖူထောင်ထျန်းက ဖျတ်ခနဲ အောက်သို့ ပျံဆင်းသွားပြီး ကျန်းရီရှေ့တွင် ရပ်လိုက်လေသည်။ သူ့စကားသံက စင်မြင့်တစ်ခွင်တွင် ပဲ့တင်ထပ်သွား၏။

“ငါ့ရဲ့ ညီလေးကျန်းကို သတ်ချင်တာလား။ မင်းတို့ ငါ့လက်ထဲကဓားနှင့် အရင်ဆွေးနွေးရမယ်”

“အာ...”

ကိုယ်ရံတော်များက သူတို့၏ တိုက်ခိုက်မှုများကို တုံ့လိုက်၏။ ထိုသို့ရပ်လိုက်ခြင်းမှာ ကျန်းရီရှေ့တွင် ဟွမ်ဖူထောင်ထျန်း ရပ်နေသောကြောင့်သာ မဟုတ်ပေ။ စင်မြင့်ပေါ်ရှိ လူအားလုံးကို အေးစက်သောအရှိန်အဝါတစ်ခုက လွှမ်းခြုံထားသောကြောင့်လည်းဖြစ်သည်။ အဘိုးရုံသည် သူသာ တိုက်ခိုက်လိုက်ပါက သူတို့အားလုံး သေသွားလိမ့်မည်ဟု ယုံကြည်ပေသည်။

အရိပ်လော။

အဘိုးရုံတို့၏ အတွေးထဲတွင် အမည်တစ်ခု ထွက်ပေါ်လာ၏။ သူသည် ရှန်းစီမျိုးနွယ်စုတွင် အလွန်ကျော်ကြား၏။ သို့သော် သူ့ကို မည်သူမှ မမြင်ဖူးပေ။ သူ့ကို ‘အရိပ်’ဟု ခေါ်ကြောင်းသာ သိကြ၏။ သူ၏လုပ်ကြံသတ်ဖြတ်စွမ်းရည်က ရှန်းစီမျိုးနွယ်စုတွင် ပထမပင်။ သူသည် ဟွမ်ဖူချီလက်အောက်တွင် တာဝန်ထမ်းဆောင်သော နံပါတ်တစ် စစ်သူကြီးဖြစ်သည်။

အဘိုးရုံက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သော်လည်း ချင်းလုံထက် အနည်းငယ်သာ ပိုသန်မာပေသည်။ သူ၏ စွမ်းအားအကြီးဆုံး တာအိုပုံသဏ္ဌာန်မှာ ကြယ်သုံးပွင့်အဆင့်သာ ရှိ၏။ သို့သော် အရိပ်၏ စွမ်းအားအကြီးဆုံး တာအိုပုံသဏ္ဌာန်က ကြယ်ခြောက်ပွင့်အဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။

အကယ်၍ အရိပ်သာ လှုပ်ရှားလျှင် သူတို့အားလုံး ရုတ်ခြည်းအတွင်း သေသွားပေလိမ့်မည်။ အရိပ်က သူသတ်လိုသူများအပေါ် သနားညှာတာမှုမရှိကြောင်း ထင်ရှားပေသည်။ သူက ဟွမ်ဖူချီ၏ အမိန့်ကိုသာ လိုက်နာသည်။ ယခု ဤနေရာတွင် အရိပ် ထွက်ပေါ်လာခြင်းမှာ ဟွမ်ဖူထောင်ထျန်းကို ကာကွယ်ရန်ဖြစ်ကြောင်း သိသာ၏။

အဘိုးရုံက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဟွမ်ဖူထောင်ထျန်းကို ခပ်စိမ်းစိမ်းကြည့်၍ ပြောလိုက်သည်။

“သခင်လေးဟွမ်ဖူ... အပြင်လူတစ်ယောက်အတွက် ဒီလိုလုပ်ဖို့ မတန်ပါဘူး။ ကျုပ်တို့ မျိုးနွယ်(၁၃)ခုက တစ်သားတည်းပါ။ သခင်လေးက အပြင်လူတစ်ယောက်အတွက် မျိုးနွယ်(၁၃)ခုရဲ့ ရန်သူ အဖြစ်ခံ‌တော့မလို့လား”

“ဟွန်း...”

ဟွမ်ဖူ‌ထောင်ထျန်း၏ လက်ထဲတွင် ငွေရောင် ဓားပါးတစ်ချောင်း ရောက်နေပေပြီ။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း နတ်ဘုရားဒိုင်း တောက်ပလာသည်။ သူက အဘိုးရုံကို အထင်သေးဟန်ဖြင့် ကြည့်ကာ ပြန်ပြောလိုက်၏။

“ခင်ဗျားတို့က မျိုးနွယ်(၁၃)ခုရဲ့ မျိုးနွယ်ဝင်တွေဖြစ်ဖို့ ထိုက်တန်ရဲ့လား။ ခင်ဗျားတို့က လုမျိုးနွယ်ကို သိက္ခာကျစေတာပဲ။ တစ်ယောက်ချင်း ယှဉ်ပြိုင်ပွဲမှာ သေခြင်း၊ ရှင်းခြင်းက အရေးမပါဘူး။ သေသွားရင်လည်း ဘယ်သူမှ တာဝန်ယူစရာမလိုဘူး။ ခင်ဗျားတို့ အဲ့စည်းမျဉ်းကို မေ့သွားပြီလား။ တကယ်လို့ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် မျိုးနွယ်(၁၃)ခုက ခင်ဗျားတို့ကြောင့် အရှက်ကွဲလိမ့်မယ်...”

“မဟာဧကရာဇ်နန်ကုန်းက ဘာပြောခဲ့လဲ။ မျိုးနွယ်(၁၃)ခုက မျိုးဆက်တွေ ရှုံးလို့ရတယ်၊ သေလို့ရတယ်၊ ဒါပေမဲ့ ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာ မရှိလို့တော့ မရဘူး။ ပြီးတော့ ကျွန်တော် ဟွမ်ဖူထောင်ထျန်းကို ဟွမ်ဖူမျိုးနွယ်က နှင်ထုတ်လိုက်ပြီးပြီ။ ကျွန်တော်က ခင်ဗျားတို့လို မဟုတ်ဘူး။ ကဲပါလေ.. အရေးမပါတဲ့ စကားတွေ ပြောမနေတော့ပါဘူး။ ခင်ဗျားတို့ တိုက်ခိုက်ချင်တယ်ဆိုရင် ကျွန်တော်က ခင်ဗျားတို့ကို အဖော်ပြုပေးရမှာပေါ့”

“မင်း...”

အဘိုးရုံ ဒေါသကြောင့် တဆတ်ဆတ်တုန်သွားသည်။ တစ်ယောက်ချင်းယှဉ်ပြိုင်ပွဲတွင် တစ်ယောက်သေသွားလျှင် ကျန်တစ်ယောက်က တာဝန်ယူရန် မလိုခြင်းမှာ အမှန်ပင် မျိုးနွယ်(၁၃)ခု၏ စည်းမျဉ်းဖြစ်သည်။ သို့သော် ထိုစည်းမျဉ်းမှာ မျိုးနွယ်(၁၃)ခုမှ မျိုးနွယ်ဝင်များအတွက်သာ ဖြစ်၏။ ကျန်းရီမှာ သူတို့၏ မျိုးနွယ်ဝင်တစ်ယောက်လော။ လုလီ၏ အဆင့်အတန်းက အဘယ်နည်း။ မျိုးနွယ်(၁၃)ခု၏ စည်းမျဉ်းများမှာ သူတို့၏ မျိုးနွယ်ဝင်များအတွက်သာဖြစ်သည်။ သူတို့သည် အပြင်လူများနှင့် ဆက်ဆံရာတွင်မူ မျိုးနွယ်စည်းမျဉ်းများကို အရေးမစိုက်ဘဲ သူတို့စိတ်ကြိုက် သတ်ဖြတ်ခဲ့သည်။

သို့သော် ဟွမ်ဖူထောင်ထျန်းက ထိုကဲ့သို့ စကားမျိုး ပြောခဲ့သဖြင့် အဘိုးရုံ အခက်တွေ့နေ၏။ သူသည် ရွေးချယ်စရာမရှိတော့သဖြင့် လဲ့ချီရန်ကို အားကိုးရလေသည်။ လဲ့ချီရန်က သူတို့ဘက်မှ ကူပြောပေးရန် သူ မျှော်လင့်နေသည်။ ဤယှဉ်ပြိုင်ပွဲကို စခဲ့သူမှာ လဲ့ချီရန်ပင် မဟုတ်ပါလား။

လဲ့ချီရန်၏မျက်လုံးများ တလက်လက် တောက်ပနေ၏။ သူက အဘိုးရုံကို လျစ်လျူရှုလိုက်ပြီး ကျန်းရီကို ကြည့်၍ အသံဩဩဖြင့် ပြောလိုက်သည်။

“ကျန်းရီ... အရင်ဆုံး လုလင်းရဲ့ အလောင်းကို ပြန်ပေး”

အမှန်တွင် လဲ့ချီရန်သည် လုလင်း၏ အလောင်းကို လိုချင်ခြင်းမဟုတ်ပေ။ သူက လုလင်းကို ထိပ်တန်းအဆင့် ရတနာများဖြစ်သော ဝိညာဉ်ချိတ်ဆက် မူလရတနာများကို ငှားပေးခဲ့၏။ ၎င်းတို့က အဖိုးမဖြတ်နိုင်ပေ။ ကျန်းရီက လုလင်း၏ အလောင်းကို သိမ်းထားရာ သူ၏ ဝိညာဉ်ချိတ်ဆက် မူလရတနာများက ကျန်းရီထံ ရောက်သွားပေလိမ့်မည်။

“ကျန်းရီတဲ့လား...”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ လဲ့ချီရန်ပင် သူ့အမည်ကို သိသွားပြီလော။ သူတို့သည် မီးတိမ်သံချပ်ကာမှ သဲလွန်စရသွားပုံပင်။

ကျန်းရီ ခေတ္တမျှ တိတ်ဆိတ်နေ၏။ ထို့နောက် သူ့လက်မှ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာပြီး လုလင်း၏ အလောင်း ထွက်ပေါ်လာလေသည်။ သူ လက်ခုပ်တီးလိုက်ရာ လုလင်း၏ အလောင်းက အဘိုးရုံတို့ အုပ်စုထံ ပျံထွက်သွားသည်။

လဲ့ချီရန်က ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်၏။ ရုတ်ခြည်းပင် သူ ဒေါသထွက်သွားပြီး အော်ပြောလိုက်၏။

“မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာက ဘယ်မှာလဲ။ လုလင်းရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွမ်ကရော ဘယ်မှာလဲ”

လုလင်းက သေသွားပြီဖြစ်၍ အမိကမ္ဘာမြေသံချပ်ကာနှင့် ရှေးဟောင်းနတ်ဘုရားလက်စွပ်တို့မှာ ဝိညာဉ်အမှတ်အသားများ ပျောက်သွားပြီဖြစ်သည်။ ကျန်းရီသည် အလောင်းကို သိမ်းလိုက်စဉ်ကတည်းက အမိကမ္ဘာမြေသံချပ်ကာနှင့် ရှေးဟောင်းနတ်ဘုရားလက်စွပ်တို့ကို ယူထားလိုက်ပြီဖြစ်သည်။ မူလသံလက်နက်က ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် ဖြစ်သည်။

ကျန်းရီသည် လဲ့ချီရန်၏ ဒေါသတကြီး အော်လိုက်သံကို ကြားလိုက်သောအခါ နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်၏။

“ငါက အသက်ကိုရင်းပြီး ယှဉ်ပြိုင်ခဲ့ရတာပဲ... သေမလိုတောင် ခဏခဏ ဖြစ်ခဲ့သေးတယ်။ ငါ့ဘာသာ ကြိုးစားအနိုင်ယူပြီး ရထားတဲ့ ပစ္စည်းတွေကို ဘာလို့သူများကို ပေးရမှာလဲ။ မင်းက ငါ့ကို ငတုံးလို့ထင်လို့လား။ မင်းတို့ကို အလောင်းပြန်ပေးတာတောင် လွန်လှပြီ။ ငါ အသတ်ခံလိုက်ရရင်လည်း ငါ့ရတနာတွေအကုန်လုံးကို လုလင်းက ယူသွားမှာပဲ မဟုတ်လား”

လဲ့ချီရန် ဒေါသထွက်သွားပြီး အော်လိုက်၏။

“မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာက ငါ့ဟာတွေပဲ...”

“သောက်ပိုတွေ...”

ဟွမ်ဖူ‌ထောင်ထျန်းက လှောင်ရယ် ရယ်ကာ ပြောလိုက်၏။

“လဲ့ချီရန် ခုနက မင်းပြောတော့ အဲ့ရတနာတွေကို လုလင်းကို ရောင်းပေးလိုက်ပြီဆို။ ဒီကလူအားလုံး သက်သေခံနိုင်တယ်။ မင်းက အခု လုလင်းသေသွားပြီဆိုတော့ မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာကို ‌မောင်ပိုင်စီးချင်နေတာလား။ ငါ အရှက်မရှိတဲ့ကောင်တွေကို တွေ့ခဲ့ဖူးပါတယ်.. ဒါပေမဲ့ မင်းလိုကောင်မျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ ပြီးတော့ ယှဉ်ပြိုင်ပွဲမှာ အနိုင်ရတဲ့သူက ပြိုင်ဘက်ရဲ့ ရတနာတွေကို ဆုအနေနဲ့ ယူလို့ရတယ်ဆိုတဲ့ စည်းမျဉ်းရှိတယ်မလား။ ယှဉ်ပြိုင်ကွင်းရဲ့ ပိုင်ရှင် လဲ့မျိုးနွယ်က လူတွေက စည်းမျဉ်းတွေကို ဖောက်တော့မှာလား။ ဒီကိစ္စကို ဖြေရှင်ဖို့ ငါတို့ လဲ့မျိုးနွယ်ရဲ့ အကြီးအကဲခန်းမကို သွားဖို့လိုတာလား”

“ဖူး...”

လဲ့ချီရန် သွေးအန်သွား၏။ သူ့ ခြေထောက်များ အားနည်းလာပြီး မြေပေါ်သို့ ခွေကျတော့မလိုပင် ဖြစ်သွားသည်။ သူ နှုတ်ခမ်းများလည်း တုန်ရင်နေသည်။ သို့သော် သူ ဟွမ်ဖူထောင်ထျန်း၏ စကားများကို မငြင်းနို်ငပေ။

စစ်ထူရီရှောင်၊ ဟွမ်ဖူယွင်နှင့် အခြားသခင်လေး၊ သခင်မလေးများသည် နောက်လှည့်ကာ မရယ်မိအောင် ကြိုးစားထိန်းနေရသည်။ ယင်းမှာ ကိုယ့်ရှူးကိုယ်ပတ်ခြင်းပင်။ လဲ့ချီရန်သည် ယ‌နေ့တွင် ကိုယ့်ရှူးကိုယ် နှစ်ခါပတ်ခဲ့လေသည်။

“ဝမ်းကွဲအစ်ကို...”

လုယွီက လုလင်း၏ အလောင်းကို လက်ထဲတွင် ပွေ့ထား၏။ သူမ၏ လှပသော မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာ၏။ သူမက ကျန်းရီကို စူးစူးဝါးဝါးကြည်ကာ ပြောလိုက်သည်။

“ကျန်းရီ... ရှင်က ကျွန်မရဲ့ ဝမ်းကွမ်းအစ်ကိုကို သတ်ရဲတယ်ပေါ့လေ။ ကျွန်မတို့ လုမျိုးနွယ်က ရှင်သေမှ ဒီကိစ္စကို ကျေနိုင်မယ်။ သွားကြစို့”

လုယွီသည် ယနေ့တွင် သူမ ကျန်းရီကို မသတ်နိုင်ကြောင်း ကောင်းစွာသိ၏။ ဟွမ်ဖူထောင်ထျန်း ရှိနေလျှင် အဘိုးရုံသည် သေချာပေါက် စွန့်စားမည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် ဤနေရာတွင် ဆက်နေနေမည့်အစား သူမ၏အဖေလုလီထံ မြန်နိုင်သမျှမြန်မြန် သတင်းသွားပို့လိုနေပေသည်။

အဘိုးရုံက လုလင်း၏အလောင်းကို ခါးမှ ပွေ့လိုက်ကာ ကျန်းရီကို ဒေါသဖြင့် ကြည့်လိုက်ပြီး လုယွီနှင့်အတူ ထွက်ခွာသွားလေသည်။ ဟွမ်ဖူထောင်ထျန်းကလည်း ပြုံးကာ ပြောလိုက်၏။

“ညီလေးကျန်း... သွားကြစို့။ ဘယ်သူက အစ်ကိုတို့ကို တားရဲမှာလဲ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူသည် ဟွမ်ဖူထောင်ထျန်းနောက်မှလိုက်ကာ ပွဲကြည့်စင်သို့ သွားလိုက်ပြီး ချမ်ဝမ်ကွမ်းနှင့်အတူ ထွက်သွားလိုက်လေသည်။ လဲ့ချီရန်က သူ့လူများအား ကျန်းရီတို့ကို တားရန် အမိန့်ပေးလိုနေသော်လည်း အရိပ်က ဟွမ်ဖူထောင်ထျန်းကို ကာကွယ်ပေးနေပြီး ဤနေရာတွင် အခြား သခင်လေးများနှင့် သခင်မလေးများလည်း ရှိနေသဖြင့် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ အံကြိတ်၍သာ ကျန်းရီတို့ ထွက်သွားသည်ကို ကြည့်နေလိုက်ရလေသည်။

“ရီနျန်... နောက်ကျနေပြီ။ အစ်ကိုတို့လည်း ပြန်သင့်ပြီ”

စစ်ထူရီရှောင်က စစ်ထူရီနျန်ကို မျက်နှာသေဖြင့် ပြောလိုက်၏။ သူတို့သည်လည်း သူတို့အုပ်စုနှင့်အတူ ထွက်သွားကြသည်။ သူတို့သည် ပင်မဂိတ်တံခါးအပြင်ဘက်သို့ ရောက်သောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရယ်လိုက်ကြလေသည်။

စစ်ထူရီရှောင်က ခေတ္တမျှ ရယ်လိုက်ပြီး မျက်နှာပြန်တည်သွားကာ အသံပို့လွှတ်လိုက်သည်။

“မြန်မြန် ပြန်သွားကြစို့။ ဒီကိစ္စကို အဖေ့ကို တင်ပြရမယ်။ အစ်ကိုတို့ ကျန်းရီလို ပါရမီရှင်တစ်ယောက်ကို လက်လွတ်ခံလို့မရဘူး”

စစ်ထူရီနျန်က ခေါင်းညိတ်ကာ အသံပြန်ပို့လွှတ်လိုက်သည်။

“တကယ်တော့... ရီဖျောင်ဖျောင်အစစ်က ကျန်းရီလို့ ညီမထင်တယ်။ အစ်ကိုရော ဘယ်လိုထင်လဲ”

“သူက ဘယ်သူပဲဖြစ်ဖြစ် အစ်ကိုတို့ ပြန်ရောက်မှ ဆွေးနွေးကြတာပေါ့”

စစ်ထူရီရှောင်က အသံပို့လွှတ်ပြီးနောက် ကောင်းကင်သက်တန့်အဖြစ် ပြောင်းလဲသွားကာ စစ်ထူမျိုးနွယ်အိမ်တော်ဆီသို့ ပျံသန်းသွားလိုက်လေသည်။ ယှဉ်ပြိုင်ကွင်းရှိ အခြား သခင်လေးများ၊ သခင်မလေးများသည် သူတို့၏ စံအိမ်များသို့ အသီးသီး လျင်မြန်စွာ ပြန်သွားကြသည်။ ယနေ့တွင် ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူတို့သည် ထိုသတင်းကို မြန်မြန် သွားရောက်တင်ပြရပေမည်။ ကျန်းရီထံတွင် နဂါးညှိုးရော်မြက်ပင်နှင့် ကောင်းကင်ရှောင်တိမ်းခြင်းအတတ် ရှိနိုင်ပေသည်။

“အစ်ကိုဟွမ်ဖူ... ဒီညအတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ရီအိမ်တော်သို့ ပြန်ရောက်သောအခါ ကျန်းရီက အလေးအနက် ဦးညွှတ်လိုက်၏။ ထို့နောက် သူက သူ့ထံသို့ ခပ်သွက်သွက် လျှောက်လာသည့် ဖုန်းလန်နှင့် အခြားသူများကို ခါးသက်သက် ပြုံးပြလိုက်သည်။

“ငါ ဘယ်သူဆိုတာ ပေါ်သွားပြီ။ မင်းတို့ ဧကရာဇ်နန်းတော်ထဲမှာ ဝင်နေကြပါ။ ငါတို့ အချိန်မရွေး ထွက်ပြေးရနိုင်တယ်”

“ပြေးမှာလား”

ဟွမ်ဖူထောင်ထျန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ညီလေးတို့က ဘာလို့ ပြေးရမှာလဲ။ အို့.. ညီလေးကျန်းက အဲ့မျိုးနွယ်ကြီးတွေ ညီလေးရဲ့ ကောင်းကင်ရှောင်တိမ်းခြင်း၊ နဂါးညှိုးရော်မြက်ပင်နဲ့ မီးတိမ်သံချပ်ကာကို လုမှာ စိုးလို့လား”

ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျွန်တော်က နဂါးညှိုးရော်မြက်ပင်ကို သန့်စင်ပြီးသွားပါပြီ။ ဒါပေမဲ့ သူတို့က အဲ့အကြောင်းကို မသိကြဘူး။ ကောင်းကင်ရှောင်တိမ်းခြင်းအတတ်ကိုတော့ အဲ့မျိုးနွယ်တွေအကုန်လုံး အသည်းအသန် လိုချင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်”

“အဟင်း...”

ဟွမ်ဖူထောင်ထျန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ညီလေး ဒီမှာပဲ အေးအေးဆေးဆေးသာနေပါ။ ဘယ်သူမှ ညီလေးကို ပေါ်ပေါ်ထင်ထင် မလုပ်ကြံရဲပါဘူး။ အဆိုးဆုံး အခြေအနေရောက်လာရင်လည်း ညီလေးက စစ်ထူမျိုးနွယ်၊ နန်ကုန်းမျိုးနွယ် ဒါမှမဟုတ် ဟွမ်ဖူမျိုးနွယ်တို့နဲ့ ညှိုနှိုင်းပြီး မျိုးနွယ်တစ်ခုခုမှာ ခိုလှုံလို့ရတာပဲ။ အဲ့မျိုးနွယ်တစ်ခုခုကသာ ညီလေးကို ကာကွယ်ပေးထားရင် လဲ့ထင်ဝေနဲ့ လုလီတို့ ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး”

***

All Chapters