← Chapters

နတ်ဘုရားအသံ ကောင်းကင်အတတ်

Vol. 57 Ch. 795

နတ်ဘုရားအသံ ကောင်းကင်အတတ်

Vol. 57 Ch. 795

“ညှိုနှိုင်းရမှာလား”

ကျန်းရီ ခေတ္တမျှ တွေးတောလိုက်ပြီး မော့ကြည့်ကာ မေးလိုက်သည်။

“ကျွန်တော်က လဲ့ချီရန်ပိုင်တဲ့ ဝိညာဉ်ချိတ်ဆက် မူလရတနာနှစ်ခုကို ယူလာခဲ့တာ။ လဲ့မျိုးနွယ်က သေချာပေါက် ဒေါသူပုန်ထနေမှာပဲ။ တခြားမျိုးနွယ်သုံးခုက ကျွန်တော့်လို အပြင်လူတစ်ယောက်အတွက်နဲ့ လဲ့မျိုးနွယ်ကို ဆန့်ကျင်ပါ့မလား။ အစ်ကိုလည်း သိတာပဲ... ကျွန်‌တော် အဲ့မျိုးနွယ်တွေထဲ မဝင်နိုင်ဘူး။ ကျွန်တော်က လွတ်လွတ်လပ်လပ်နေရတာကို ကျင့်သားရနေပြီ၊ ပြီးတော့ တစ်နေ့ကျရင် လက်စားချေဖို့ အရှေ့ဘက် ‌တော်ဝင်နယ်မြေကို ပြန်သွားမှာ”

“ညီလေး သူတို့မျိုးနွယ်ထဲ ဝင်စရာမလိုပါဘူး”

ဟွမ်ဖူထောင်ထျန်းက ပြုံးကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“ညီလေးကျန်း... ညီလေးက ညီလေးရဲ့တန်ဖိုးကို မသိဘူးပဲ။ ညီလေးသာ သူတို့ကို အဆင့်မြင့် ကောင်းကင်ပန်းချီကား နည်းနည်းလောက် ပေးဖို့ ကတိပေးလိုက်ရင် ထိပ်တန်းမျိုးနွယ်သုံးခုက သေချာပေါက် လဲ့မျိုးနွယ်ကို ဆန့်ကျင်ပြီး ညီလေးကို ကာကွယ်ပေးမှာပဲ။ အဲ.. ညီလေးရဲ့ ကောင်းကင်ပန်းချီကားကတော့ အနည်းဆုံး ကြယ်သုံးပွင့်နဲ့အထက်မှာရှိတဲ့ အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုတော့ ပါရမှာပေါ့။ ညီလေး အဲ့လိုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိလား။ တကယ်လို့ ယုံကြည်ချက်ရှိရင် မနက်ဖြန်ကျရင် စစ်ထူမျိုးနွယ် ဒါမှမဟုတ် နန်ကုန်းမျိုးနွယ်နဲ့ သွားညှိုနှိုင်းကြမယ်”

ဤတစ်ကြိမ်တွင် ဟွမ်ဖူထောင်ထျန်းက ဟွမ်ဖူမျိုးနွယ်ကို ထည့်မပြောခဲ့ပေ။ ကျန်းရီက ခေတ္တမျှ တွေးတောပြီး ပြောလိုက်၏။

“အဆင့်မြင့် ကောင်းကင်ပန်းချီကားကို ဆွဲဖို့က ပြဿနာမရှိပါဘူး။ အခု ကျွန်တော် အဆင့်မြင့် တာအိုပုံသဏ္ဌာန်အတွက် တာအိုပုံသဏ္ဌာန်ခုနစ်ခုကို ပေါင်းစည်းပြီးသွားပြီ။ မကြာခင်မှာ အဲ့ဒါက ပြီးပြည့်စုံသွားမှာပါ။ အစ်ကိုဟွမ်ဖူ... ဟွမ်ဖူမျိုးနွယ်နဲ့ ညှိုနှိုင်းမယ်ဆိုရင်ရော ဘယ်လိုလဲ”

ကျန်းရီ၏ ရည်ရွယ်ချက်က ရှင်း၏။ သူတို့ မျိုးနွယ်တစ်ခုကို အကျိုးပြုရမည်ဆိုလျှင် ဟွမ်ဖူမျိုးနွယ်ကိုသာ အကျိုးပြုလိုခြင်းပင်။ ဟွမ်ဖူထောင်ထျန်းက ဟွမ်ဖူမျိုးနွယ်မှ မဟုတ်ပါလား။ သို့သော် ဟွမ်ဖူထောင်ထျန်းက ခေါင်းခါကာ ပြောလိုက်သည်။

“ညီလေး ဟွမ်ဖူမျိုးနွယ်နဲ့ ညှိုနှိုင်းချင်တယ်ဆိုလည်း ရပါတယ်။ ဒါပေမဲ့ အစ်ကိုကတော့ ညီလေးနဲ့အတူ ဟွမ်ဖူမျိုးနွယ်မှာ လိုက်နေမှာ မဟုတ်ဘူး။ အစ်ကို ဟွမ်ဖူမျိုးနွယ်ရဲ့ အိမ်တော်ထဲကို ပြန်မဝင်တော့ဘူးလို့ သစ္စာဆိုထားတယ်”

“ဟမ်...”

ဟွမ်ဖူထောင်ထျန်းက ထိုမျှ ခေါင်းမာလိမ့်မည်ဟု ကျန်းရီ ထင်မထားပေ။ သူ ချမ်ဝမ်ကွမ်းကို ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း မနက်ဖြန်ကျ စစ်ထူအိမ်တော်ကို သွားကြတာပေါ့”

စစ်ထူမျိုးနွယ်က ချမ်ဝမ်ကွမ်းအပေါ် အမြဲဖော်ရွေခဲ့သည်။ ကျန်းရီသည် စစ်ထူရီရှောင်နှင့် စစ်ထူရီနျန်တို့ကို အထင်ကြီး၏။ ထို့ပြင် ချမ်ဝမ်ကွမ်းက စစ်ထူရီနျန်ကို အသည်းစွဲဖြစ်နေသည်။ ကျန်းရီက ဤတစ်ကြိမ်တွင် ချမ်ဝမ်ကွမ်း၏ကိစ္စကို ကူညီပေးနိုင်မည်၊ မပေးနိုင်မည်ကို သိလိုနေသည်။ ကူညီပေး၍မရနိုင်လျှင် ချမ်ဝမ်ကွမ်း၏ အိပ်မက်ကို တစ်ခါတည်း အပြီးတိုင် ဖျက်သိမ်းပေးရပေမည်။

နန်ကုန်းမျိုးနွယ်ကလည်း အတော်လေးကောင်းသော ရွေးချယ်မှုပင်။ အစ်မကြီးဆည်းလည်းက နန်ကုန်းမျိုးနွယ်မှ ဖြစ်သည်။ သို့သော် နန်ကုန်းယွင်ရီက ရှေးရိုးစွဲကာ ခက်ထန်၏။ နန်ကုန်းမုယွီကလည်း ယုံနိုင်မည့်သူဟု မထင်ရပေ။ ယခင်ကတစ်ခေါက်က ကျန်းရီသည် အစ်မကြီးဆည်းလည်းနှင့် တွေ့ခွင့်မရခဲ့ချေ။ ထို့ကြောင့် သူသည် နန်ကုန်းမျိုးနွယ်အပေါ် သိပ်၍ အမြင်မကြည်ပေ။

အစီအစဉ်ဆွဲပြီးသွားပေပြီ။ သို့သော် ကျန်းရီ သတိလက်လွတ် မဖြစ်ဝံ့ပေ။ သူသည် သူ့လူများကို ပင်ခခန်းမထဲတွင် တင်ပျဉ်ခွေထိုင်ခိုင်းထားပြီး အချိန်မရွေး ကောင်းကင်ရှောင်တိမ်းခြင်းသုံးကာ ထွက်ပြေးနိုင်ရန် အသင့်ပြင်ထားလေသည်။ သူက ကုသဆေးလုံးတစ်လုံးကိုလည်း သောက်လိုက်သည်။ အစောက ယှဉ်ပြိုင်ပွဲကြောင့် သူ၏ ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရထားသည်။ သို့သော် ကံကောင်းသည်မှာ အရိုးတစ်ချောင်းမှ မကျိုးခဲ့ခြင်းပင်။ သူ၏ဗိုက်လည်း ပွင့်မသွားခဲ့ပေ။

ဟွမ်ဖူထောင်ထျန်းက ကျန်းရီကုသနေသည်ကို တွေ့သောအခါ မျက်လုံးများ တောက်ပသွားပြီး မေးလိုက်၏။

“ညီလေးကျန်း... ညီလေးက နောက်ဆုံးအချိန်မှာ တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားတာလား။ ညီလေး ထူးဆန်းတဲ့ နတ်ဘုရားအတတ်တစ်ခုကို ထုတ်လွှတ်လိုက်တာ အစ်ကို မြင်လိုက်တယ်.. အဲ့ဒါက လုလင်းရဲ့ ကောင်းကင်ဝါးမျို လေနဂါးကိုတောင် ဖျက်ဆီးပစ်လိုက်နိုင်တာပဲ။ နောက်တော့ ညီလေး သူ့ကို စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေနဲ့ အလွယ်လေး သတ်လိုက်တာမလား”

“ဟုတ်တယ်... ခေါင်းဆောင်က ကျုပ်တို့ကို တကယ် သေလောက်အောင် ကြောက်သွားစေခဲ့တာ။ လုလင်းရဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတာကို ခေါင်းဆောင်က ပြန်လည်း မတိုက်ခိုက်သလို ရှောင်လည်းမရှောင်ဘူး”

ချမ်ဝမ်ကွမ်းက ယခုအထိ ‌ကြောက်ရွံ့နေသေးသကဲ့သို့ ရင်ဘတ်ကို လက်ဖြင့်ဖိ၍ ပြောလိုက်သည်။ ဖုန်းလန်နှင် ကျန်သူများက တိုက်ပွဲကို မကြည့်ခဲ့ရသော်လည်း အသက်ရှူအောင့်လိုက်ကြပြီး စိတ်လှုပ်ရှားသွားကြလေသည်။

“ဟီးဟီး...”

ကျန်းရီက ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ်၊ ကျွန်တော် နောက်ဆုံးအချိန်မှာ တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားတာ။ အဲ့ဒါကို လေအမျက်ဟိန်းသံလို့ ကျွန်တော် နာမည်ပေးထားတယ်။ အဲ့ဒါက လေကိုသုံးပြီး ထူးခြားတဲ့အသံတစ်သံကို ဖန်တီးရတာ.. အဲ့အသံက ပြိုင်ဘက်ရဲ့ စိတ်ဝိညာဉ်ကို တုန်ရင်သွားစေနိုင်တယ်။ ပြိုင်ဘက်ရဲ့ တုံ့ပြန်နှုန်းကလည်း အများကြီး ‌နှေးသွားလိမ့်မယ်”

“ဝူး...ဝူး...ကူး...ကူး...”

တစ်ချိန်တည်းမှာပင် ကျန်းရီက သူ၏ဓားကို နှစ်ချက်၊ သုံးချက် ဝှေ့ယမ်းလိုက်၏။ သူ့အရှေ့တွင် လေပွေများ ရုတ်ခြည်းထွက်ပေါ်လာပြီး ပုံစံအမျိုးမျိုးဖြင့် လှည့်ပတ်ကာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံကို ထုတ်လွှတ်လိုက်လေသည်။ ထိုအသံက တစ္ဆေသရဲများ၏ ငိုကြွေးသံကဲ့သို့ပင်။ ချမ်ဝမ်ကွမ်း၊ ဖုန်းလန်နှင့် ချင်းယွီတို့သည် ‌ခေါင်းထဲတွင် နာကျင်လာကြ၏။ သူတို့သည် ခေါင်းကိုကိုင်ကာ ကြမ်းပြင်တွင် လူးလွန့်လုနီပါး ဖြစ်သွားကြသည်။

“ဒါက...”

ဟွမ်ဖူထောင်ထျန်း ရုတ်ခြည်း မျက်လုံးပြူးသွား၏။ သူ၏ စိတ်ဝိညာဉ်က အလွန်သန်မာသော်လည်း ကျန်းရီက အစွမ်းကုန်မထုတ်လိုက်၍ သူ မနာကျင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ မသက်မသာတော့ ခံစားလိုက်ရသည်။ ထို့နောက် သူ မျက်လုံးပင့်၍ အော်ပြောလိုက်၏။

“အဲ့ဒါက နန်ကုန်းမျိုးနွယ်ရဲ့ ဆန်းကြယ်နယ်မြေထဲက တစ္ဆေအသံမလား”

“ဟုတ်ပါတယ်”

ကျန်းရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီဟာက နန်ကုန်းမျိုးနွယ်ရဲ့ ဆန်းကြယ်နယ်မြေထဲက တစ္ဆေအသံကို အခြေခံထားတဲ့ တာအိုပုံသဏ္ဌာန်ပါ။ ဒီတာအိုပုံသဏ္ဌာန်ရဖို့ အဆင့်နိမ့် လေဓာတ် တာအိုပုံသဏ္ဌာန်သုံးခုကို ပေါင်းစည်းထားတာပါ”

“မဟုတ်သေးဘူး... အဲ့လို မဟုတ်ဘူး...”

ဟွမ်ဖူထောင်ထျန်းက အံ့ဩတကြီး မျက်တောင်ခတ်ကာ ပြောလိုက်သည်။

“ဒါက လေဓာတ် တာအိုပုံသဏ္ဌာန်မဟုတ်ဘူး။ အစ်ကို အလယ်အလတ်အဆင့် လေဓာတ် တာအိုပုံသဏ္ဌာန်တွေကို ကောင်းကောင်းသိတယ်။ အဲ့ဒါတွေက ညီလေးရဲ့ တာအိုပုံသဏ္ဌာန်နဲ့ မတူဘူး။ ဒီအသံက တော်တော်လေးဆိုးဝါးပြီး စိတ်ဝိညာဉ်ကိုတောင် တုန်ရင်သွားစေတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် အဲ့ဒါကို နတ်ဘုရားအသံ ကောင်းကင်အတတ် အမျိုးအစားထဲက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုလို့ သတ်မှတ်ရလိမ့်မယ်”

“နတ်ဘုရားအသံ ကောင်းကင်အတတ်”

ကျန်းရီ၊ ချမ်ဝမ်ကွမ်းနှင့် ဖုန်းလန်တို့က နားမလည်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့သည် ထိုကဲ့သို့သော အတတ်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ ချမ်ဝမ်ကွမ်းက စိတ်ဝင်တစား မေးလိုက်၏။

“အစ်ကိုထောင်ထျန်း... နတ်ဘုရားအသံ ကောင်းကင်အတတ်ဆိုတာ ဘာလဲ။ တော်တော်တော့ စွမ်းအားကြီးတဲ့ပုံပဲ”

“အင်း... အဲ့ဒါက အတော်လေးထူးခြားတဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှု အမျိုးအစားတစ်ခုပဲ”

ဟွမ်ဖူထောင်ထျန်းက ရှင်းပြလိုက်သည်။

“ညီလေးတို့ ဝိညာဉ်ဖမ်းပုလွေဆိုတာကို ကြားဖူးမှာပေါ့၊ အဲ့ဒါက ဓားဧကရာဇ်ကို အလွန်ကျော်ကြားစေတဲ့အရာပဲ။ အရင်တုန်းက ဓားဧကရာဇ်က သူ့ရဲ့ ပုလွေနဲ့ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမား တစ်သောင်းကို ရှင်းပစ်ခဲ့တာ။ သူက ဝိညာဉ်ဖမ်းတေးသွားတစ်ခုကိုပဲ သုံးသွားခဲ့တာ။ ကျန့်မျိုးနွယ်မှာ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သိတဲ့ သိုင်းပညာရှင်တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ လက်နက်က ဗျပ်စောင်းပဲ။ သူ့ရဲ့ မြစ်ဝါတေးသွားကို တီးခတ်လိုက်ရင် အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်တွေအကုန်လုံး‌‌ သေသွားလိမ့်မယ်။ ဘယ်နှစ်ယောက်ဖြစ်ဖြစ် ကိစ္စမရှိဘူး... အကုန်သေမှာပဲ”

“အရမ်းမိုက်တာပဲ...”

ကျန်းရီတို့၏မျက်လုံးများ တောက်ပသွားကြသည်။ ချမ်ဝမ်ကွမ်း၏ အဆီပြည့်နေသော ခန္ဓာကိုယ်ကြီးပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေလေသည်။ သူက ကျန်းရီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်၏။

“ခေါင်းဆောင်... ခေါင်းဆောင်လည်း တူရိယာတစ်ခု ‌ရွေးပြီး နတ်ဘုရားအသံ ကောင်းကင်အတတ်ကို လေ့ကျင့်သင့်တယ်။ တကယ်လို့ ခေါင်းဆောင်သာ ရန်သူတွေကို တေးသွားတစ်ပုဒ်တည်းနဲ့ ရှင်းပစ်နိုင်ရင် အဲ့ဒါက ဘယ်လောက်တောင် ရှိန်စရာကောင်းလိုက်မလဲ။ ခေါင်းဆောင် ဘယ်လို တူရိယာမျိုး ရွေးသင့်လဲ။ အို့... ပုလွေဆိုရင်ရော ဘယ်လိုလဲ။ ပုလွေ မှုတ်တဲ့သူတွေက တကယ့်ကို ခံ့ညားတယ်”

“တော်စမ်းကွာ”

ကျန်းရီက ချမ်ဝမ်ကွမ်းကို လွင့်သွားအောင် ကန်ထုတ်လိုက်သည်။ သို့သော် သူတို့ဘေးမှ ဖုန်းလန်နှင့် ချင်းယွီတို့က ရှက်သွေးဖြာနေကြ၏။ ကျန်းရီသည် ပုလွေ မမှုတ်တတ်သော်လည်း အခြားအရာများကိုမူ ကျွမ်းကျွမ်းကျင်ကျင် မှုတ်နိုင်ကြောင်း သူမတို့နှစ်ယောက် သိပေသည်။

ဟွမ်ဖူထောင်ထျန်းက ပြုံးကာ အလေးအနက် ပြောလိုက်၏။

“ညီလေးကျန်း... ညီလေး အချိန်ရရင် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို လေ့လာသင့်တယ်။ အဲ့ဒါက အတော်လေးစွမ်းအားကြီးတဲ့ အတတ်ပဲ၊ အုပ်စုလိုက်တိုက်ပွဲတွေမှာဆို အဲ့ဒါက တော်တော် အထောက်အကူ ဖြစ်လိမ့်မယ်။ ညီလေးသာ အဲ့အတတ်ကို ကျွမ်းကျင်သွားရင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တွေတောင် ညီလေးနားကို ကပ်နိုင်မှာ မဟုတ်တော့ဘူး”

“ဟုတ်ကဲ့ပါ”

ကျန်းရီက အလေးအနက် ‌ခေါင်းညိတ်လိုက်၏။ သူသည် ထိုအတတ်၏ စွမ်းအားကို ကောင်းစွာ ခံစားနိုင်၏။ ၎င်းကို ဝိညာဉ်ဓားနှင့် တွဲ၍ သုံးသောအခါ ဝိညာဉ်ဓားများက သေစေနိုင်လောက်သော လက်နက်များ ဖြစ်လာခဲ့သည်။ အသံကြောင့် ပြိုင်ဘက်၏ စိတ်ဝိညာဉ်က တုန်ရင်သွားပြီး ဝိညာဉ်ဓားများကို အင်အားအပြည့်ဖြင့် မခုခံနိုင်တော့ပေ။ ထို့ကြောင့် ပြိုင်ဘက်က သေချာပေါက် သေသွားမည်ဖြစ်သည်။

သို့သော် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က များစွာစွမ်းအားမကြီး‌သေးချ။ လုလင်း သေသွားခြင်းမှာ သူ၏အားနည်းသော စိတ်ဝိညာဉ်ကြောင့်ဖြစ်သည်။ ၎င်းသည် သန်မာသော စိတ်ဝိညာဉ်ရှိသူများကို မလွှမ်းမိုးနိုင်လောက်သေးပေ။ ကျန်းရီ ခေတ္တမျှ တွေးကာ ပြောလိုက်၏။

“အစ်ကိုဟွမ်ဖူ... ကျွန်တော့်ကို အဲ့အတတ်က ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ စမ်းသပ်ဖို့ ကူညီပေးနိုင်မလား။ အဲ့ဒါမှ ကျွန်တော့်ရဲ့ နတ်ဘုရားအသံ ကောင်းကင်အတတ်က ဘယ်အဆင့် သိုင်းသမားတွေအပေါ် သက်ရောက်နိုင်တယ်ဆိုတာ သိနိုင်မှာ။ ကျွန်တော်တို့ ဧကရာဇ်နန်းတော်ထဲကို သွားကြမလား”

“ကောင်းပြီ”

ဟွမ်ဖူထောင်ထျန်းက ခေါင်းညိတ်လိုက်၏။ ကျန်းရီက ယာ့ဇီသားရဲနှင့် မြေခွေးလေးကို ဧကရာဇ်နန်းတော်ထဲမှ ထုတ်လိုက်သည်။ ခြံဝန်းက ကျယ်၍ တော်သေးပေသည်။ မဟုတ်လျှင် ယာ့ဇီသားရဲ၏ ဧရာမခန္ဓာကိုယ်ကြီးက ခြံဝန်းထဲတွင် ဆန့်မည် မဟုတ်ပေ။

ရွှီး...

ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းကို ဧကရာဇ်နန်းတော်အတွင်းသို့ အရင်ပို့လိုက်ပြီး သူက နောက်မှ လိုက်ဝင်သွားသည်။ အထဲသို့ရောက်သောအခါ သူသည် မီးနဂါးဓားကို သုံး၍ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို စတင် ထုတ်လွှတ်လိုက်၏။ အစပိုင်းတွင် အသံက သိပ်မကျယ်ပေ။ ထို့ကြောင့် ဟွမ်ဖူထောင်ထျန်းက နူးညံ့စွာပြုံး၍ ပြောလိုက်သည်။

“ညီလေးရဲ့ အစွမ်းကို အကုန်သာ သုံးလိုက်ပါ။ အစ်ကို့ရဲ့ စိတ်ဝိညာဉ်က မဆိုးလှပါဘူး”

“ဟုတ်ကဲ့”

ကျန်းရီက သူ့လက်ထဲရှိ မီးနဂါးဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်၏။ အသံက ပို၍ ပို၍ ကျယ်လောင်လာသည်။ အဆုံးစွန်အထိ ရောက်သွားသောအခါ ဟွမ်ဖူထောင်ထျန်းက လက်ဝှေ့ရမ်း၍ ပြောလိုက်၏။

“ကောင်းပြီ.. ညီလေး အခု ရပ်လိုက်လို့ရပြီ။ ညီလေးရဲ့ နတ်ဘုရားအသံ ကောင်းကင်အတတ်က အတော်လေး စွမ်းအားကြီးတာပဲ။ သာမန် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ရဲ့ စိတ်ဝိညာဉ်ဆို သေချာပေါက် တုန်ရင်သွားမှာပဲ။ အဆင့်မြင့် ကောင်းကင်ဧကရာဇ်တွေလည်း အဲ့အသံရဲ့ သက်ရောက်မှုကို ခံရလောက်တယ်။ ဒါပေမဲ့ သက်ရောက်မှုက သိပ်တော့ အားကောင်းမှာ မဟုတ်ဘူး။ အစ်ကို့ရဲ့ စိတ်ဝိညာဉ်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ပါးရဲ့ စိတ်ဝိညာဉ်နဲ့ ယှဉ်နိုင်တယ်။ အဲ့အသံကြောင့် အစ်ကို နည်းနည်း မသက်မသာ ခံစားခဲ့ရတယ်”

***

All Chapters