← Chapters

အံကြိတ်ခြင်း

Vol. 158 Ch. 2208

အံကြိတ်ခြင်း

Vol. 158 Ch. 2208

ဝူရှောင်းသောင့်..

ရှီမာယူယူနိုးလာသည်နှင့် ထိုနာမည်ကြားလိုက်ရချိန်တွင် လဲကျလုနီးပါး ဖြစ်သွားသည်။

“ကျွန်မသမီးနာမည်ကို ဝူရှောင်းသောင့်လို့ပြောလိုက်တာလား” သူမ သည် ဝူရှောင်းသောင့်ဆိုသည့်နာမည်ကို အံကြိတ်ပြီးပြောလိုက်သည်။

ဖြူဆွတ်ပြီး နူးညံ့တဲ့မိန်းကလေးကို တကယ်ပဲဝူရှောင်းသောင့်လို့ခေါ်စေ ချင်တာလား။ သူတို့ကို ဓားနဲ့ပိုင်းဖြတ်ချင်တာထက်တောင် ပိုသေးတယ်။

ဟေးဒီးစ်သည် သူမအား အထင်သေးစွာကြည့်လေသည် “ဘယ်သူက မင်းကိုမကောင်းတာတွေလုပ်ပြီး မင့်သမီးရဲ့ကံကြမ္မာကိုဒီလောက်ဆိုးအောင် လုပ်ခိုင်းလို့လဲ.. သူမမှာသာ မင်းရဲ့ကံကောင်းတာလေးနည်းနည်းရှိမယ်ဆိုရင် သူမရဲ့ကံကိုဖိနှိပ်ဖို့အတွက် ဒီလိုနာမည်ပေးဖို့တောင်မလိုတော့ဘူး”

ရှီမာယူယူသည် ဆွံ့အသွားသည်။

သမီးဖြစ်သူ၏ ကံကြမ္မာမှာဆိုးနေသည်။ သူမ ဘာလုပ်နိုင်ဦးမှာလဲ။ သူမ ကိုပြန်ထည့်ပြီး ပြန်မွေးရမှာလား။ သေချာပေါက် ဘယ်ဟုတ်မလဲ။ သမီးရဲ့ နာမည်ကို ဝူရှောင်းသောင့်ဆိုပြီးတော့ပဲ လက်ခံရတော့မှာပေါ့။

ကံကောင်းစွာပင် သားဖြစ်သူသည် မခံစားရပေ။ သူ့ကို ဝူချီယောင်ဆို သည့် ပုံမှန်နာမည်ကိုသာ ပေးလိုက်သည်။ နာမည်ပြောင်မှာ ယောင်ယောင်ဖြစ် သည်။

“ရှောင်းသောင့် ယောင်ယောင်.. ယောင်ယောင် မင်းက ယောက်ျားပဲ နောက်ဆိုရင် အစ်ကိုကာကွယ်ရမယ် နားလည်လား” ရှီမာယူယူသည် ကလေး နှစ်ယောက်အား တစ်ဖက်စီချီကာ သမီးဖြစ်သူကို နမ်းပြီး သားဖြစ်ကိုပါ နမ်း လိုက်သည်။

ဝူရှောင်းသောင့်နှင့်မတူညီစွာပင် ဝူချီယောင်၏ ကံကြမ္မာမှာ အလွန် ကောင်းမွန်သည်။ သူသည် အနာဂတ်တွင် ဝူရှောင်းသောင့်ကို ကာကွယ်ရန် အသင့်တော်ဆုံးသူဖြစ်သည်။ ကလေးနှစ်ယောက်၏ ကံကြမ္မာကိုသူမ သိချိန် တွင် နှစ်ယောက်လုံး ရောစပ်လိုက်လျှင်ကောင်းမည်ဟုပင် တွေးမိသည်။ ထိုအခါ  သမီးဖြစ်သူသည် ဤမျှကံဆိုးတော့မည်မဟုတ်ပေ။

ကလေးနှစ်ယောက်မှာ သူမ၏စကားများကို နားမလည်သည်မှာတော့ နှမြောဖွယ်ကောင်းလှသည်။ သူတို့သည် အနှီးထုပ်များထဲမှ သူမကို ‘ဗူး’ မှုတ် နေကြသည်။

“ကိုယ်ချီလိုက်မယ် မင်း ကောင်းကောင်းအနားယူလိုက်ဦး” ဝူလင်းယူ သည် ကလေးနှစ်ယောက်ကို ကောက်ချီလိုက်သည်။ ကလေးနှစ်ယောက်သည် ဖခင်ဖြစ်သူကို နှစ်သက်ပုံမပေါက်ပေ။ သူ ချီလိုက်သည်နှင့် နှစ်ယောက်လုံး စတင်ငိုတော့သည်။

အစကတော့ ဝူရှောင်းသောင့်သည် အဆုတ်ကိုညှစ်ပြီးအော်ဟစ်ရာ ဝူချီယောင်သည် အပျော်ဝင်ပါပြီး သူမနှင့်အတူ အော်ဟစ်လေသည်။ ကလေး နှစ်ယောက်သည် ကျန်းမာရေးကောင်းကြကာ အသံများလည်း ကျယ်လောင် ကြသည်။ သူတို့နှစ်ယောက် အတူငိုလိုက်သောအခါ အားလုံး၏ အာရုံကို ဆွဲယူ လိုက်သလိုဖြစ်သွားသည်။

ကလေးနှစ်ယောက် ငိုသည်ကို ဝူလင်းယူမြင်သောအခါ သမီးနှင့်သားကို ချော့ရန်ကြိုးစားသော်လည်း ဘယ်လိုမှနှစ်သိမ့်၍မရပေ။

“သူတို့တွေဗိုက်ဆာနေတာဖြစ်မယ်” ရှီမာယူယူသည် ကလေးနှစ် ယောက်ကို ပြန်ယူပြီး အားလုံးကိုနှင်ထုတ်ကာ နို့တိုက်လေသည်။ ကံကောင်း စွာပင် သူမသည် ကျန်းမာရေးကောင်းကာ အစားအသောက်ကောင်းများ စား ထားသည်။ ယခု ကလေးနှစ်ယောက်အတွက် နို့မလောက်ရန် စိတ်ပူဖို့မလို တော့ပေ။

ကလေးနှစ်ယောက်သည် လုံလောက်စွာသောက်ပြီးနောက် မိခင်ဖြစ်သူ ၏ ရနံ့ကိုရှူရှိုက်ရင်း ရောင့်ရဲစွာအိပ်ကြလေသည်။ ရှီမာယူယူသည် သူတို့ကို စောင်ပါးလေးဖြင့် ဖုံးအုပ်ပြီး အိပ်နေသည့်မျက်နှာများကို ကြည့်နေရင်းနှင့် ချစ်စိတ်များ တဖွားဖွားဖြစ်ရလေသည်။

သူမသည် မကြာခင်၌ မိခင်တစ်ဦးဖြစ်လာလိမ့်မည်ဟု ထင်မထားပေ။ သူတို့ရောက်လာမှုမှာ ရုတ်တရက်ဆန်လွန်းသည်။ သို့သော် သူမကို ပျော်ရွှင် စေသည်။ ရှောင်းသောင့်အတွက်ကိုတော့ သူမ ဘေးကင်းစွာကြီးပြင်းလာရန် အတွက် အနာဂတ်တွင် ကောင်းကောင်းကာကွယ်ပေးရမည်။

ထို့အပြင် သူမ၏ဘဝအတွက် ကံကြမ္မာစပ်သူနှင့် တွေ့သည်နှင့် သူမ၏ ကံမှာလည်း တိုးတက်လာမည်ဟု ဟေးဒီးစ် ပြောခဲ့သည်။ ထိုသူ ဤကမ္ဘာတွင် ရှိနေသရွေ့ သူ့ကိုရှာတွေ့နိုင်သည်။

နတ်ဆိုးလောကတွင် အခြေအနေများ ပြင်းဆန်နေသဖြင့် ဝူလင်းယူသည် နှစ်လကြာမျှနေပြီးနောက် ထွက်သွားလေသည်။ သူ ထွက်မသွားခင်တွင် ရှီမာ ယူယူသည် သူ့ရင်ခွင်တွင်မှီပြီး ပြောလေသည် “အနက်ဝတ်လူတွေကိစ္စကို ဖြေ ရှင်းပြီးသွားရင် ရှင့်ကို နတ်ဆိုးလောကမှာလာရှာမယ်”

“မရဘူး ကလေးတွေနဲ့ပဲနေပါ.. နတ်ဆိုးလောကကိစ္စကို ကိုယ်ကိုယ်တိုင် ပဲဖြေရှင်းလိုက်မယ်” ဝူလင်းယူသည် သူမ မိခင်တစ်ဦးဖြစ်လာပြီးနောက် တခြားကိစ္စများကို စိတ်မပူစေချင်ပေ။

“ဟုတ်ပါပြီ” ရှီမာယူယူ သဘောတူလိုက်သည်။ ဤကိစ္စကို နောက်မှ ဆွေးနွေးရမည်။ အခြေအနေသာခွင့်ပြုလျှင် သူမ သွားချင်သေးသည်။ အိပ်မက် လေး၏ လက်စားချေမှုမှာလည်း မပြည့်မြောက်သေးပေ။ အိပ်မက်လေးကို နတ်ဆိုးလောကသို့ခေါ်သွားပြီး သူမ၏မျိုးနွယ်ဝင်များအတွက် လက်စားချေ ပေးမည်ဟု သူမ ကတိပေးထားခဲ့ဖူးသည်။

သူမ ယခုအချိန်တွင် ကတိပေးခဲ့သော်လည်း သူ ကိစ္စများကို ဖြေရှင်းမပြီး လျှင် အမှန်တကယ် လိုက်လာမည်ကို ဝူလင်းယူသိသည်။ ထို့ကြောင့် နတ်ဆိုး လောကမှ ကိစ္စများကို အမြန်ဖြေရှင်းနိုင်မည့် နည်းလမ်းကိုသူရှာရတော့မည်။

တွန့်ဆုတ်မှုနှင့်အတူ ဝူလင်းယူသည် ဇနီးနှင့်ကလေးများကို နှုတ်ဆက်ပြီး နတ်ဆိုးလောကသို့ ပြန်သွားသည်။ ရှီမာယူယူသည် ကလေးနှစ်ယောက်ကို သူမကိုယ်တိုင် စောင့်ရှောက်သည်။ သူမကိုမွေးဖွားရာတွင် ကူညီပေးသည့် မိန်းကလေးကိုတော့ တခြားလိုအပ်သည့် ကိစ္စများအတွက် တာဝန်ပေးထား သည်။ ကျန်ကိစ္စများမှာ အရိပ်မည်းနှင့် ဟွမ်တို့တာဝန်ကျသည်။ အရိပ်မည်းမှာ ကလေးနှစ်ယောက်၏ အနှီးများကို လျှော်ဖွပ်နေသည်ကို ရှီမာယူယူ ကြည့်ပြီး သက်ပြင်းချမိသည်။ မရဏာလောက၏ ညာလက်ရုံးမှာ ဤကဲ့သို့ကိစ္စများကို လုပ်နေရသည်။

သို့သော် ဟေးဒီးစ်မည်သည့်နေရာသို့ သွားသည်ကို သူမမသိပေ။ ကလေး နှစ်ယောက် ၁ နှစ်ပြည့်မှပင် သူပြန်လာသည်။

သူတို့၏ ၁ နှစ်ပြည့်မွေးနေ့အခမ်းအနားသည် ဟေးဒီးစ်သည် ခရီးမှပြန် လာကာ သူမပြင်ဆင်ထားသည့် အရာများကိုမြင်ရလေသည်။ အလုပ်အကိုင် အမျိုးမျိုးကို ကိုယ်စားပြုသည့် ပစ္စည်းမျိုးစုံရှိလေသည်။ သူ လျှောက်သွားပြီး ရှောင်းသောင့်၏ လည်ပင်းကလေးကို ကျောက်စိမ်းလည်ဆွဲတစ်ခုဆွဲပေးလိုက် သည်။

“ကျောက်စိမ်းလည်ဆွဲက သူမရဲ့ကံကြမ္မာကို အချိန်တစ်ခုလောက်တော့ ဖိနှိပ်နိုင်လိမ့်မယ်.. အဲဒါဆို သူမ ဘေးကင်းကင်းနဲ့ကြီးပြင်းနိုင်လိမ့်မယ်” သူ ပြောပြီးနောက် ဟေးဒီးစ်သည် ရိုးရှင်းသောကျောက်စိမ်းချိပ်စည်းကို ပစ္စည်း အပုံပေါ်သို့တင်လိုက်သည်။

ကလေးနှစ်ယောက်သည် ပြီးခဲ့သည့်နှစ်အတွင်းတွင် လျင်မြန်စွာကြီးပြင်း လာခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် လမ်းလျှောက်နိုင်ကြပြီး ‘အမေ’ ဟုပင် ခေါ်နေကြပြီဖြစ်သည်။ ကလေးနှစ်ယောက်သည် ရုတ်တရက်ပေါ်လာသောလူ ကိုမကြောက်ကြပေ။ ဝူရှောင်းသောင့်သည် စားပွဲပေါ်တွင်ပင်ရပ်ပြီး သူ့ဆီသို့ လှုပ်တုပ်လှုပ်တုပ်ဖြင့် လျှောက်သွားလေသည်။ သူမသည် သူ့ကိုဖက်ပြီး တစ် ချိန်တည်းမှာပင် သူ့အင်္ကျီပေါ်သို့ သွားရည်များချန်ထားခဲ့လေသည်။

ဟေးဒီးစ်သည် သူ့အဝတ်မှ အစိုကွက်ကိုမြင်သောအခါ မျက်မှောင်ကြုတ် လေသည်။ သို့သော် သူမ အံကြိတ်ပြီး တခစ်ခစ်ရယ်နေသည်ကိုမြင်သောအခါ သူ သည်းခံပြီး လွှင့်မပစ်တော့ပေ။

ရှီမာယူယူသည် ကြိတ်ရယ်မိသည်။ သန့်ရှင်းမှုကို အလွန်တရာမှစွဲလမ်း သော လူသည် သမီးဖြစ်သူ၏ သွားရည်ပေကျံသွားသော်လည်း မတုံ့ပြန်သည် ကို သူမ အလွန်ပျော်မိသည်။

ရှောင်းယောင်ယောင်သည် အစ်မဖြစ်သူ၏ ရိုးအအပုံစံကိုမြင်သောအခါ စားပွဲပေါ်မှ ပစ္စည်းများဘက်သို့ အထင်သေးစွာ လှည့်ကြည့်လိုက်သည်။

“အရှင် သခင်မလေး စရတော့မယ့်အချိန်ပါ” ဟွမ်သည် သူတို့ကို သတိ ပေးလေသည်။

ဟေးဒီးစ်သည် ဝူရှောင်းသောင့်ကို စားပွဲပေါ်သို့တင်ပြီး သူမကို လက်နှစ် ဖက်ဖြင့် ထောက်ထားပေးကာ ပြောလေသည် “သွား ကြိုက်တာရွေးလိုက်”

ရှီမာယူယူသည်လည်း ရှောင်းယောင်ယောင်ကို လွှတ်ပေးကာ စားပွဲ အလယ်မှပစ္စည်းများကို ရွေးခိုင်းလေသည်။

ကလေးနှစ်ယောက်သည် တစ်စုံတစ်ခုကို လှမ်းယူရန်ကြိုးစားရာမှ လဲကျ သွားလေသည်။

ရှောင်းသောင့်သည် နှုတ်ခမ်းတွန့်ကာ ငိုတော့မလိုဖြစ်နေသည်။ သို့သော် ရှောင်းယောင်ယောင် မငိုသည်ကိုမြင်သောအခါ သူမလည်း မငိုတော့ပေ။

ထို့ကြောင့် ကလေးနှစ်ယောက်သည် စားပွဲပေါ်တွင် တွားသွားကြပြီး ပစ္စည်းများဘေးတွင်ထိုင်ကာ ရွေးချယ်လေသည်။

အဂ္ဂိရတ်ပညာ၊ လက်နက်၊ အစီအရင်ကျောက်တုံးများ၊ အရိုးပုလွေ၊ အစရှိ သဖြင့် ကလေးနှစ်ယောက်သည် တစ်ခုချင်းစီယူကြည့်လေသည်။ သူတို့ နှစ်သက်သည့်အရာတွေ့လျှင် ရင်ဘတ်တွင်ကပ်ပြီး ဖက်ကြလေသည်။

ရှောင်းသောင့်သည် ဆေးဖက်ဝင်ပစ္စည်းရွေးကာ ပါးစပ်ထဲသို့ထည့်ပြီး ကိုက်ပင်ကိုက်လိုက်သည်။ သူမဘေးတွင်ထိုင်နေသည့် ရှောင်းယောင်ယောင် သည် လက်ဆန့်ထုတ်ကာ သူမဆီမှ လုယူလေသည်။ ရှောင်းသောင့်သည် မပျော်ရွှင်တော့ကာ ဆေးဖက်ဝင်ပစ္စည်းကို ဆုပ်ကိုင်ထားလေသည်။ သည်တစ် ကြိမ်တွင် သူမသည် ပါးစပ်ထဲမထည့်တော့ပေ။

ရှောင်းယောင်ယောင်သည် စားပွဲပေါ်မှ ပစ္စည်းအပုံလိုက်ကိုရွေးပြီး ရင်ခွင် ထဲသို့ ထည့်ထားလေသည်။ သူတို့မြင်သည်နှင့် ကြိုက်ရာကိုရွေးရန် အမေပြော ခဲ့သည်။ သူသည် ဘာကိုမှမကြိုက်ပေ။ သို့သော် တစ်စုံတစ်ခုကိုရွေးရန် အမေ ပြောထားသဖြင့် ရွေးလိုက်ခြင်းပင်။

သို့သော် သူသည် ထိုကျောက်စိမ်းချိပ်စည်းကိုမကြိုက်သဖြင့် မကောက်ခဲ့ ပေ။

ရှောင်းသောင့် ပစ္စည်းတချို့ကိုရွေးပြီးနောက် ကျောက်စိမ်းချိပ်စည်းကို မြင်သောအခါ သူမ၏ သွက်လှသောလက်ကလေးသည် ကောက်ကိုင်လေ၏။

“အဲဒါကို ဘယ်လိုလုပ် ဒီလောက်သေးအောင်လုပ်လိုက်တာလဲ” ရှီမာယူ ယူ မေးလိုက်သည်။

“အသုံးအဆောင်ပစ္စည်းပဲလေ လုပ်ဆောင်ချက်က အဲဒီမှာရှိသေးတယ်” ရှောင်းသောင့် ကျောက်စိမ်းချိပ်စည်းကို ဆုပ်ကိုင်လိုက်သည်ကို ဟေးဒီးစ်မြင် သောအခါ ဘာမှမပြောဘဲ နှုတ်ခမ်းတွန့်လိုက်ကာ သူမပါးစပ်ထဲထည့်ပြီး သွား လေးငါးချောင်းလောက်ဖြင့် ကိုက်သည်ကိုပင် ခွင့်ပြုခဲ့သည်။

ရှောင်းသောင့် ကိုက်လိုက်ရာ အလွန်မာနေသဖြင့် သွားများနာသွားသဖြင့် ထပ်ငိုချင်နေသည်။ သူမ ပြန်လှည့်ကြည့်ရာ ရှီမာယူယူ သူမကိုလျစ်လျူရှုသည် ကိုမြင်သောအခါ ပြန်အောင့်ထားလေသည်။ သို့သော် သူမသည် လက်ထဲမှ ပစ္စည်းကိုမကြိုက်တော့ပေ။ ထိုပစ္စည်းမှာ ကြည့်ကောင်းနေသဖြင့် လွှင့်ပစ်ရန် လည်းတွန့်ဆုတ်နေမိသည်။ ထို့ကြောင့် သူမဘေးမှ ရှောင်းယောင်ယောင်၏ လက်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။

***

All Chapters