ရှီမာမျိုးနွယ် ပြန်ဆုံခြင်း
Vol. 158 Ch. 2209
ဝူရှောင်းသောင့်သည် ကျောက်စိမ်းချိပ်စည်းကို ရှောင်းယောင်ယောင် အား ပေးလိုက်သည်။ သူမသည် ပစ္စည်းကောင်းကိုမကြိုက်လျှင် မိသားစုလက် ထဲထည့်ရမည်ဟု ငယ်ငယ်ကပင် သိနေသည်။
သို့သော် ရှောင်းယောင်ယောင်သည်လည်း ကျောက်စိမ်းချိပ်စည်းကို မကြိုက်ပေ။ ထို့ကြောင့် ကျောက်စိမ်းချိပ်စည်းကို လွှင့်ပစ်လိုက်လေသည်။
ဝူရှောင်းသောင့်သည် မပျော်ရွှင်သဖြင့် ကျောက်စိမ်းချိပ်စည်းကို ထပ်မံ ကောက်ယူပြီး ရှောင်းယောင်ယောင်၏ လက်ထဲသို့ထည့်ပေးလေသည်။ ရှောင်း ယောင်ယောင် နောက်တစ်ဖန် ပစ်လိုက်တော့မည်ကို မြင်သည်နှင့် သူမ မျက်ရည်များကျလာတော့သည်။
ရှောင်းယောင်ယောင်သည် ကျောက်စိမ်းချိပ်စည်းကို လေထဲတွင်ကိုင်ပြီး ရပ်တန့်သွားလေသည်။ သူတို့က ၁ နှစ်ပဲရှိသေးတာကို သူမက မောင်လေးကို တောင်အနိုင်ကျင့်နေပြီ၊ အသက်ကြီးလာရင် ဘယ်လိုလုပ်တော့မလဲ။
သို့သော် သူမ၏ကံကြမ္မာအကြောင်းကို တွေးလိုက်သည်နှင့် သူမအတွက် မေးခွန်းများပးင် မမေးနိုင်တော့ပေ။
“အမေ” ရှောင်းသောင့်သည် အလွန်ပျော်ရွှင်သွားသည်။ သူမသည် လက် ထဲတွင် ပစ္စည်းများစွာကိုင်ထားပြီး ရှီမာယူယူကိုကြည့်ကာ ချိုမြိန်စွာဖြင့် ပြုံးပြ လေသည်။
သူမ၏ ချစ်စရာကောင်းသောအကြည့်သည် ရှီမာယူယူ၏ ရင်များကိုပင် ခုန်သွားစေသဖြင့် လက်ဆန့်ထုတ်ပြီး သူမ၏ပါးပြင်လေးကို နမ်းလိုက်သည်။ ရှောင်းသောင့်သည် ရယ်မောကာ သူမအား ဖက်လေသည်။ သူမသည် ရှီမာယူ ယူ၏ မျက်နှာတစ်ခုလုံးကို နမ်းရာ သွားရည်များပေကျံခဲ့လေသည်။
သူမ၏မိခင်ကို နမ်းပြီးမှပင် လက်ထဲမှပစ္စည်းများအားလုံး ကျသွားသည် ကို သတိထားမိတော့သည်။ သူမသည် ရပ်လိုက်ကာ ငိုတော့မည်ဟန်ပြင်သေး သည်။ သို့သော် ရှီမာယူယူ ချော့မော့ပေးနေသဖြင့် မငိုတော့ပေ။
စားပွဲပေါ်တွင်ထိုင်နေသည့် ရှောင်းယောင်ယောင်သည် မပျော်တော့ပေ။ သူသည် လက်ထဲမှပစ္စည်းများကို လွှင့်ပစ်ပြီး ထကာရှီမာယူယူဆီသို့လျှောက် လာပြီး လက်ဆန့်ထုတ်ကာ ဖက်လေသည်။ ရှီမာယူယူသည် ရှောင်းသောင့်ကို ဘယ်လက်နှင့်ဖက်ထားပြီး ရှောင်းယောင်ယောင်ကို ညာလက်ဖြင့် ဖက်ထား သည်။
အရင်ကသာ ဤကဲ့သို့အခြေအနေမျိုးဆိုလျှင် ရှောင်သောင့်သည် အမြဲငို ခဲ့ပြီး ရှီမာယူယူ ရှောင်းယောင်ယောင်ကို ဖက်ခွင့်မပြုပေ။ နောက်ပိုင်းတွင် သူ သည် သူမ၏မောင်လေးဖြစ်ကာ တစ်ချိန်တည်းအချီခံလိုသည်ဟု အကြိမ်ပေါင်း များစွာသင်ထားခဲ့ရသည်။ ထိုအခါမှပင် ရှောင်းယောင်ယောင်နှင့်အတူချီသည် ကို ခွင့်ပြုပေးတော့သည်။
ရှောင်းယောင်ယောင်သည် ထိုသို့ဖြစ်လာလျှင် အလွန်ပင် အလိုက်သိ၏။ သူသည်လည်း အချီခံပြီး အချစ်ခံချင်သော်လည်း အစ်ကိုကြီး တစ်ယောက် ကဲ့သို့ပင် ရှောင်းသောင့်ကို ဘယ်တော့မှ မတွန်းခဲ့ပေ။
ရှီမာယူယူသည် ရှောင်းယောင်ယောင်ကို နမ်းလိုက်ပြီးနောက် ဟေးဒီးစ် ကိုပြောလိုက်သည် “ရှင့်ကျောက်စိမ်းချိပ်စည်းကို ပြန်သိမ်းလိုက်တော့ ပျောက် သွားရင် ကျွန်မတို့ကိုအပြစ်လာမတင်နဲ့”
“သူကယူပြီးနေပြီဆိုမှတော့ သူ့အတွက် မင်းပဲသိမ်းထားလိုက်တော့.. ဘယ်လိုပဲဖြစ်ဖြစ်အခုမဟုတ်ရင် နောက်ကျပေးရမှာပဲ” ဟေးဒီးစ်သည် ကျောက်စိမ်းချိပ်စည်းကို ပြန်မယူပေ။
“ရှင်က အရှက်မဲ့လိုက်တာ သူတို့တွေကြီးလာမှ ရွေးခိုင်းဖို့ သဘောတူပြီး သားလေ” ရှီမာယူယူ သဘောမတူပေ။
“သူတို့နှစ်ယောက်လုံး မရွေးခဲ့ဘူးလေ.. ဒါပေမဲ့ ရှောင်းသောင့်က ရှောင်း ယောင်ယောင်အတွက် ရွေးပေးလိုက်တယ်.. ပြီးတော့ ရှောင်းယောင်ယောင် လည်း လက်ခံလိုက်တယ်” ဟေးဒီးစ်သည် သစ္စာမဲ့သောမျက်နှာထားဖြင့် ပြော လေသည်။
ထိုအချိန်တွင် ရှောင်းယောင်ယောင်သည် အစ်မဖြစ်သူ ရောင်းစားလိုက် သည်ကို မသိခဲ့ပေ။ သူ ကြီးလာသောအခါမှပင် အလွန်တရာမှစိတ်မပါသော် လည်း အစ်မကြီးဖြစ်သူအတွက် သူမကြိုက်သည့်ပစ္စည်းကို ရွေးခဲ့ရပြန်တော့ သည်။
၁ နှစ်ပြည့်မွေးနေ့ပွဲပြီးနောက် ရှီမာယူယူသည် ဟေးဒီးစ်ကို သွားရှာလေ သည်။
“ကျွန်မပြန်တော့မယ်” သူမသည် လိုရင်းကိုသာ တည့်တိုးပြောလိုက် သည်။
“၁ နှစ်တောင်မပြည့်သေးဘူးလေ” ဟေးဒီးစ်သည် သူမကိုစိုက်ကြည့်လေ သည် “ဒါပေမဲ့ ထားလိုက်ပါတော့ နောက်တစ်ခါမှ ငါ့ကိုပြန်ဆပ်ပေါ့.. ဒါပေမဲ့ မင်း ပြန်လို့ရတယ် ဒါပေမဲ့ ကလေးနှစ်ယောက်ကိုတော့ ထားခဲ့လိုက်”
“ဘာလို့လဲ” ရှီမာယူယူ အော်လေသည် “သူတို့တွေက ကျွန်မကလေးတွေ ပဲ သူတို့တွေ ကျွန်မနောက်ကိုလိုက်ရမယ်.. ရှင် သူတို့ကိုဆက်ခံစေချင်ရင် တောင် ကြီးလာတဲ့အထိစောင့်… ကျွန်မတို့အတူရှိခွင့်ကို ရှင်ပိတ်ပင်လို့မရဘူး”
“မင်းရဲ့လုပ်ပိုင်ခွင့်ကို ဘယ်သူကလုချင်နေလို့လဲ” ဟေးဒီးစ်သည် သူမကို ကြည့်လိုက်သည် “ဒါပေမဲ့ မင်းရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် သူတို့ကို မင်းနဲ့ အတူခေါ်သွားတာ သင့်တော်ရဲ့လား”
သင့်တော်လား.. သေချာပေါက် အရမ်းသင့်တော်တာတော့မဟုတ်ဘူး လေ။ သူမ ပြန်သွားလျှင် ဖြေရှင်းရမည့်ကိစ္စများစွာရှိသည်။ ထို့နောက် နတ်ဆိုး လောကကိုလည်း သွားရဦးမည်။ ကလေးနှစ်ယောက်ကို အတူခေါ်သွားလျှင် သူတို့ကိုကြည့်ရဦးမည်ဖြစ်သလို သူမ၏ကိစ္စများကိုလည်း ဖြေရှင်းရမည်။ သူမ တွင် ထိုမျှစွမ်းအားမရှိပေ။
“ဒီအကြောင်းကြောင့်အပြင် သူတို့ကိုဒီမှာထားခဲ့စေချင်တာက ဒီမှာက သူတို့ရဲ့ခန္ဓာကိုယ်ကို ပုံသွင်းဖို့အတွက် အကောင်းဆုံးနေရာပဲ.. မရဏာလောက မှာနေတာက သူတို့နှစ်ယောက်လုံးအရင်းအမြစ်ကောင်းကောင်းရနိုင်တယ်”
“ဒါပေမဲ့ ကျွန်မကလေးနှစ်ယောက် မွေးထားတာကို မိသားစုထဲက ဘယ် သူမှမသိကြသေးဘူး.. သူတို့တွေလည်း မတွေ့ကြရသေးဘူး.. အဲဒါကြောင့် ကလေးနှစ်ယောက်ကို ခေါ်သွားပြီး ပြချင်တယ်”
“ဟုတ်ပြီ ငါ မင်းနဲ့အတူလိုက်ခဲ့မယ်.. နှစ်ရက်နေပြီးရင် ငါ ကလေးတွေကို ပြန်ခေါ်သွားမယ်.. မင်းကိစ္စတွေဖြေရှင်းပြီးသွားရင် ဒီကိုပြန်လာကြည့်ပေါ့”
“ဟုတ်ပြီ” ရှီမာယူယူသည် တွန့်ဆုတ်နေသော်လည်း ဟေးဒီးစ်သည် အကြောင်းမရှိဘဲ ဤကဲ့သို့ တောင်းဆိုမည်မဟုတ်ကြောင်းကိုသိသည်။ သူတို့၏ ခန္ဓာကိုယ်ကို ပုံသွင်းရန် လုပ်ငန်းစဉ်အား နှောင့်ယှက်ခံရခြင်းမှာ အကြံ ကောင်းတော့မဟုတ်ပေ။ ထို့အပြင် ထိုလုပ်ငန်းစဉ်မှာ အလွန်နာကျင်သည်။ မိခင်တစ်ယောက်အနေနှင့် သေချာပေါက် ကြည့်ရက်နိုင်မည်မဟုတ်ပေ။ သူမ တစ်ခုခုလုပ်မိလျှင် သူတို့တစ်ဘဝလုံး အားထုတ်လာသမျှသည် အလဟဿ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူသည် သူမ၏ကလေးများကို အလွယ်တကူ တွေ့ခွင့်ပေးမည်မဟုတ်ပေ။
ထိုသို့သာဆိုလျှင် သူမသည် ကလေးနှစ်ယောက်ကို ဆွဲချသလိုဖြစ်မည်။
“နောက်ကို သူတို့ မင်းကိုမြင်ရင်တောင် မမှတ်မိမှာကို စိတ်ပူဖို့မလိုဘူး.. သူတို့ကို မင်းရုံပုံတူပြထားပြီး ဘာလုပ်နေလဲဆိုတာကို ပြောပြမယ်” ဟေးဒီးစ် သည် သူ့ကိုယ်သူ အလွန်ပင်သဘောထားကြီးသလိုခံစားရသည်။
ရှီမာယူယူသည် ကလေးနှစ်ယောက်ကို ရှီမာမျိုးနွယ်သို့ ခေါ်သွားသည်။ မျိုးနွယ်သည် ရုတ်တရက် ဂယက်ထသွားသည်။
သူမက တကယ်ပဲ ကလေးမွေးလာတာပဲ။
ရှီမာမျိုးနွယ်မှလူများအားလုံးသည် ပျော်ရွှင်ကြသည်။ သို့သော် အကြီးအကဲများသည် စူပုပ်လျက်ရှိသည်။
“ဒီကောင်မလေးတော့ ငါတို့နောက်ကွယ်မှာ ကလေးသွားမွေးနေတယ်.. နောက်တစ်ခါ သူ့ကိုတွေ့လို့ကတော့ မမှတ်မိလောက်အောင်ကို ရိုက်ပစ်လိုက် မယ်” ရှီမာလိုင်သည် ဝူလင်းယူကိုကြိမ်းမောင်းလေသည်။ နောက်စက္ကန့်ပိုင်း အတွင်း၌ပင် သူသည် ဝူရှောင်းသောင့်ကို ချီပြီး ကစားနေပြန်သည်။
ဤအချိန်တွင် ဝူရှောင်းသောင့်သည် အရာအားလုံးကို သိချင်နေသည်။ သူမသည် သူ့နှုတ်ခမ်းဘေးမှ နှုတ်ခမ်းမွေးကိုမြင်သောအခါ လက်ကလေးဆန့် ထုတ်ပြီး ဆွဲလေသည်။ သူမသည် အားသန်လွန်းကာ ရုတ်တရက်ဆွဲလိုက် သဖြင့် အမွေးတစ်ချောင်းပါလာလေသည်။
“အာ.. ဒီဟာလေးက သန်လှချည်လား” ရှီမာလိုင်သည် အော်လိုက်သော် လည်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။
ရှီမာကျိယွင်သည် ဝူချီယောင်ကိုချီထားသည်။ ကောင်လေးမှာ အခန်းထဲ မှလူတိုင်းကို တိတ်ဆိတ်စွာလိုက်ကြည့်လေသည်။ စိမ်းသက်လှသော မျက်နှာ များအကြားတွင်ပင် မကြောက်တတ်သလို သူ့အကျင့်မှာလည်း အစ်မကြီးဖြစ် သူနှင့် လုံးဝကွာခြားလေသည်။
“အဖေနဲ့အမေရော” ရှီမာယူယူသည် ရှီမာလျူရွှမ်နှင့် ယွိခဲ့လော့တို့ကို မမြင်မိသဖြင့် မေးလိုက်သည်။
“သူတို့တွေက ကျိဟောက်ကို ကြည့်နေကြတယ်.. သူတို့ကိုလည်း အကြောင်းကြားပြီးကြပြီ” ဟွမ်ရင်ရင် ပြောလေသည်။
“မောင်လေးရဲ့ ကျန်းမာရေးကရော”
“အရမ်းကောင်းတယ်.. တခြားအနေအခြေတွေမပါဘဲနဲ့တောင် သူ့ခန္ဓာ ကိုယ်မှာ အရည်အချင်းနှစ်ခုရှိနေပြီ” ဟွမ်ရင်ရင်သည် သူမဆိုလိုသည်ရင်းကို သိသည်။ သူမသည် ဖြစ်လာမည့်အခြေအနေကို ကြိုစိတ်ပူနေခင်းဖြစ်သည်။
“ကောင်းတယ်”
“မမကြီး မမကြီး” ငယ်ရွယ်သောအသံတစ်သံသည် အပြင်မှ ထွက် လာသည်။ ပြီးနောက် ပုံရိပ်လေးတစ်ခုသည် အပြင်မှပြေးဝင်လာသည်။ သူ သည် အခန်းအားလှည့်ပတ်ကြည့်ပြီးနောက် ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ပြေးဝင် လေသည်။
ရှီမာယူယူသည် သူ့ကိုဖက်ပြီး ချီကာနမ်းလိုက်သည် “ဉာဏ်ကောင်းလိုက် တဲ့ကလေးပဲ”
“သူက သူ့မမကြီးကိုတွေ့ချင်လို့ ပူဆာနေတာ.. အခုနောက်ဆုံးတော့ တွေ့ရပြီပဲ.. ဒါက မြေးလေးနဲ့မြေးမလေးလား လာပါဦး ချီဦးမယ်” ယွိခဲ့လော့ သည် ပြုံးပြီးဝင်လာသည်။ ရှီမာလိုင်တို့ ကလေးချီထားသည်ကိုမြင်သောအခါ သူမသည် အလျင်အမြန်ပင်လျှောက်သွားကာ ရှီမာကျိယွင်၏ လက်ထဲမှ ရှောင်းယောင်ယောင်ကိုယူလိုက်သည်။
ဝူရှောင်းသောင့်သည် သူမ၏မိခင်မှာ တခြားကလေးကိုချီနေသည်ကိုမြင် သည်နှင့် မျက်ရည်များကျကာ ငိုလေသည်။ အစ်မကြီးငိုသည်ကိုမြင်သည်နှင့် ရှောင်းယောင်ယောင်သည် နှုတ်ခမ်းတွန့်ကာငိုတော့သည်။ ရှီမာကျိဟောက် သည်လည်း သူ၏မိခင်မှာ တခြားကလေးကိုချီသည်ကိုမြင်သည်နှင့် ငိုတော့ သည်။ ရုတ်တရက်ဆိုသလို တစ်အိမ်လုံးမှာ ကလေးသုံးယောက်၏ ငိုသံများဖြင့် ဖုံးလွှမ်းသွားတော့သည်…
***