ကျွန်တော့် အပေါ်ကို ချစ်ခြင်းမေတ္တာများ ထပ်မံသွန်းလောင်းပေးပါဦး ကောင်းကင်ပြစ်ဒဏ်ခင်ဗျား ...
Vol. 1-8 Ch. 53
‘ ဘာလို့ ဆရာကျတော့ ကောင်းကင်ပြစ်ဒဏ်ကို ခက်ခက်ခဲခဲကျော်လွှားခဲ့ရတာလဲ။ သူက ကောင်းကင်တာအိုကို ကျေးဇူးတင်စကားမပြောခဲ့လို့လား ’
လီချန်ရှို့ နားမလည်နိုင်အောင် ဖြစ်သွားသည်။ သူ ခံခဲ့ရသော မိုးကြိုး ဒုတိယအချက်ကို ပြန်စဉ်းစားလိုက်ပြီး သူ့အပေါ်သို့ သက်ရောက်ခဲ့သော ကောင်းကင်တာအို၏ အစွမ်းကို စိစစ်လိုက်သည်။
ယင်းသည် သူ ကောင်းကင်ပြစ်ဒဏ်မခံယူမီ ကောင်းကင်တာအိုကို ကျေးဇူးတင်စကား ဆိုခဲ့၍တော့ မဖြစ်နိုင်ချေ။ ကောင်းကင်တာအိုသည် မျှတ၏။ သူသည် လုပ်ကြည့်၍ အရှုံးမရှိဟုတွေးကာ ကျေးဇူးတင်စကားဆိုခဲ့ခြင်းဖြစ်ပြီး အကျိုးတစ်စုံတစ်ရာ ရလိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်း မဟုတ်ပေ။
အစောပိုင်းမှ မိုးကြိုးနှစ်ချက်သည် သူ့ကို ဒဏ်ရာကြီးကြီးမားမား မပေးခဲ့ဘဲ သူ သက်တောင့်သက်သာ ခံစားခဲ့ရ၏။
ထိုအကြောင်းမှာလည်း ရှင်းပေသည်။
ဥပမာအနေဖြင့် ဆောင်ကြာမြိုင်သို့ အလည်အပတ်သွားသော ယောက်ျားသားများသည် မိန်းကလေးတစ်ယောက်၏ “ အိုက်ယား... အစ်ကိုကြီးရယ် ဘာလို့ အခုမှ လာရတာလဲ ” ဟူသောစကားကိုကြားရပြီး လက်သီးစုပ်ကလေးဖြင့် ထုနှက်ကျီစယ်ခြင်း ခံရပေမည်။ သူမသည် လုပ်နေကြအတိုင်း လူတိုင်းကို ကျီစယ်ထုနှက်သော်လည်း ခံရသူ၏ ခံနိုင်ရည်ကိုလိုက်၍ ထိုလက်သီးစုပ်ကလေး၏ အားသည် ကွာခြားသည်ဟု ထင်ရမည် ဖြစ်သည်။
ယခုအခြေအနေသည်လည်း ဤသို့ပင်ဖြစ်သည်။
လီချန်ရှို့၏ အပေါ်ရှိ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်တွင် တတိယမိုးကြိုး စုစည်းနေပြီဖြစ်သည်။ လီချန်ရှို့သည် အနည်းငယ် ဉာဏ်အလင်းပွင့်ခဲ့ပြီး ဖြစ်၏။
ရှေ့မှ ကောင်းကင်ပြစ်ဒဏ်မိုးကြိုးနှစ်ချက်သည် သူ့အရှေ့ရှိ တံခါးကလေးကို အတန်ငယ်လှစ်ဟကာ လျှို့ဝှက်ဆန်းကြယ်၍ ကြီးကျယ်မြင့်မြတ်သော လောကကြီးတစ်ခုကို သူ့အား အတန်ငယ်ချောင်းကြည့်ခွင့်ပြုလိုက်သကဲ့သို့ပင်။
‘ အဲဒါက ကောင်းကင်တာအိုက ငါရဲ့တာအိုနဲ့ ထိခတ်သွားလို့ ဖြစ်သွားတာပဲ...’
‘ အဲ့ဒါက ကောင်းကင်ပြစ်ဒဏ်ကို ကျော်ဖြတ်ဖို့ သော့ချက်များ ဖြစ်နေမလား ’
ဂျိမ်း...
မိုးခြိမ်းသံကြီးကြောင့် သမုဒ္ဒရာရေမျက်နှာပြင်တွင် တံလျှပ်များထသွားသည်။
လျှပ်စီးများသည်လည်း ပြိုးပြိုးပြက်ပြင် ဝငလက်သွားလေသည်။ ထို့နောက် မိုးကြိုးပစ်ချလိုက်လေတော့၏။
ထိုမိုးကြိုးချက်ကျရောက်လာသောအခါ လေထဲတွင်ရှိနေသော လီချန်ရှို့သည် အောက်သို့(၃)ကျန့်ခန့် နိမ့်ဆင်းသွားပြီး ကိုယ့်ကိုယ်ကို ပြန်တည်ငြိမ်အောင်လုပ်၍ မိုးကြိုးကို ကာကွယ်လိုက်သည်။ သူ၏ခေါင်းပေါ်တွင် လျှပ်စီးများဖြာထွက်သွားပြီး သမုဒ္ဒရာမျက်နှာပြင်အနှံ့ ထိခတ်သွားကြ၏။
ဖရာဒေးလှောင်ချိုင်းများသည် မနီးမဝေးတွင်ရှိနေ၍ တော်သေးပေသည်။ မဟုတ်လျှင် ၎င်းတို့ပါ ပျက်စီးသွားပေလိမ့်မည်။
ထိုတစ်ချက်တွင် သူ ဒဏ်ရာအနည်းငယ်ရသွားသည်။
လီချန်ရှို့သည် ဆံပင်ကိုသပ်လိုက်ရာ ဆံပင်ဖြူတချို့ပါလာသည်။ ထိုဆံပင်ဖြူရှည်များသည် ရုပ်ဖျက်ရန်အတွက် သူ ဆေးဆိုးထားသောဆံပင်များ ဖြစ်သည်။
သူ၏ကောင်းကင်ပြစ်ဒဏ်သည် အခြားကျင့်ကြံသူများ၏ ကောင်းကင်ပြစ်ဒဏ်နှင့် မကွာပေ။
သူဝတ်ဆင်ထားသော တာအိုဝတ်ရုံသည် အနည်းငယ်မီးကျွမ်းနေ၏။
ကောင်းကင်ပြစ်ဒဏ်ရောက်မလာမီ သူသည် ကိုယ်ပေါ်တွင်ရှိသော သတ္တုပစ္စည်းများကို ဖယ်ရှားထားပြီး ဖြစ်သည်။ သူ့ဝတ်ရုံမီးကျွမ်းသွားရခြင်းမှာ ချိတ်ဆွဲထားသော ပုလဲလုံးတလုံးပေါက်ကွဲသွားသောကြောင့်သာ ဖြစ်၏။
ထိုအခိုက် လီချန်ရှို့၏ ခန္ဓာကိုယ်ကို လျှပ်စီးကြောင်းကလေးများ လွှမ်းခြုံထားသည်။
သူ၏ လက်မောင်းနှင့် ပုခုံးတွင် နတ်ကိုယ်ရောင်ကိုယ်ဝါများ စုစည်းနေပေပြီ။ သူ့ခေါင်းထိပ်တွင် လက်သည်းခွံတစ်ခုစာမျှ နတ်ဝိဇ္ဇာခန္ဓာအဖြစ်စတင်ပြောင်းလဲနေပြီ ဖြစ်သည်။
သူသည် မြေပြင်မှ (၉)ကျန့်အကွာအထိ ပြန်ပျံတက်လိုက်သည်။ သူသည် ဓမ္မတန်ခိုးများနှင့် နတ်ဝိဇ္ဇာချီအဖြစ် စတင်ပြောင်းလဲနေပြီဖြစ်သော ချီဓာတ်များကို စုစည်းကာ မိုးကြိုး စတုတ္ထအချက်ကို စောင့်နေလိုက်၏။
သူ့ခေါင်းပေါ်မှ လေပွေကြီး၏ အော်မြည်သံများကို ကြားနေရပြီး ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်သည် အဆက်မပြတ် လှုပ်ရမ်းနေလေသည်။
ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်တွင် ထူးဆန်းသော ပုံရိပ်မျိုးစုံ ထပ်၍ပေါ်လာပြန်၏။ ထို့ကြောင့် တိမ်တိုက်ကြီးသည် ကြမ်းကြုတ်သောသားရဲကြီးများစွာ ပေါင်းစပ်ဖွဲ့စည်းထားသည့် အစုအဖွဲ့ကြီးကဲ့သို့ပင် ထင်ရ၏။ ထိုသားရဲများသည် သူတို့၏ အချုပ်အနှောင်များမှ ရုန်းကာ အောက်သို့ပျံဆင်းလာပြီး လီချန်ရှို့ကို အစိမ်းလိုက်ဝါးစားတော့မည့်အလား ထင်ရလေသည်။
“ သုံးမျိုးလုံးပြောင်းလဲသွားတာပဲ။ ကောင်းကင်ပြစ်ဒဏ် တစ်ခုခုအပြောင်းအလဲဖြစ်တော့မယ် ”
လီချန်ရှို့၏ လက်ယာလက်တွင် သံချေးတက်နေသော ရိုးရှင်းသည့်ဓားမြှောင်လေးတစ်ချောင်း ပေါ်လာ၏။ သို့သော် သူသည် အတန်ငယ်ချီတုံချတုံ ဖြစ်ကာ ၎င်းကိုပြန်သိမ်းလိုက်ပြီး သူ၏ အသွေးအသားဖြင့်ဖွဲ့စည်းထားသော ခန္ဓာကိုယ်၊ မူလစိတ်ဝိညာဉ်နှင့် ဓမ္မတန်ခိုးများကိုသာ သုံး၍ ကောင်းကင်ပြစ်ဒဏ်ကို ခံရန် ဆုံးဖြတ်လိုက်သည်။ ထိုနည်းအားဖြင့် သူ၏တာအိုနှင့် ကောင်းကင်တာအိုသည် ဆက်လက် ရိုက်ခတ်သွားမည် ဖြစ်သည်။
ထိုအရာသည် သူခံစားလိုသော ခံစားချက်ဖြစ်၏။
အတန်ငယ်သာ လှစ်ဟပြခဲ့သော တံခါးသည် ယခုတွင် တစ်ဝက်ခန့်ပွင့်နေပေပြီ။ သူသည် အရှေ့ရှိ သူ့အား လက်ယပ်ခေါ်နေသော လှပသောမြင်ကွင်းများကို မြင်နိုင်ပြီဖြစ်သည်။
မိုးကြိုးများသည် သူ၏မူလစိတ်ဝိညာဉ်ကို လွှမ်းခြုံသွားခဲ့သဖြင့် ၎င်းသည်ဆန်းကြယ်သော အနေအထားသို့ ပြောင်းလဲသွားခဲ့၏။ မူလစိတ်ဝိညာဉ်သည် လျှပ်စီးအနည်းငယ်ကိုပင် စုပ်ယူကာ သူ့ခန္ဓာကိုယ်၏ ပြောင်းလဲခြင်းတွင် အသုံးချလိုက်သေးသည်။
ထိုအခြေအနေများကို ကြည့်ခြင်းအားဖြင့် လီချန်ရှို့သည် ကောင်းကင်ပြစ်ဒဏ်ကို အောင်မြင်စွာကျော်လွှားနိုင်၍ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်တော့မည်ဟု ဆိုနိုင်၏။
သို့သော် တပ်အပ်တော့မပြောနိုင်သေးချေ။ ကျန်ရှိနေသေးသော ကောင်းကင်ပြစ်ဒဏ်မိုးကြိုးများ၏ အခြေအနေကို ကြည့်ရဦးပေမည်။
ရှဲ...
ကောင်းကင်ရှိ ေလပွေကြီးထဲတွင် မိုးကြိုးစက်ကွင်းကြီး ခြောက်ခုပေါ်လာပြီး ဆဋ္ဌဂံပုံအဖြစ် ဆက်စပ်သွားသည်။ ထိုအကြားတွင် ကျားဖြူတစ်ကောင်၏ မျက်နှာကို မထင်မရှားမြင်ရလေ၏။
လျှပ်တစ်ပြက် ဝင်းလက်သွားပြီး ကျားဖြူကြီးသည် ဟိန်းလိုက်သည်။ ထို့နောက် လျှပ်စီးတန်းများ အပြင်းအထန်ပေါ်ပေါက်လာပြီး လျှပ်စီးတန်းကြီးအဖြစ် ပြောင်းသွားကာ မိုးကြိုးပစ်ချလိုက်လေတော့သည်။
စတုတ္ထမြောက် ကောင်းကင်ပြစ်ဒဏ်မိုးကြိုး လာလေပြီ။
ကြီးမြတ်သောတာအိုတရားကြီး၏ များပြားသောတန်ခိုးစွမ်းအားများသည် မိုးကြိုး၏အနောက်တွင် ကပ်ပါလာ၏။ ထိုအရာများသည် သူ၏လေထဲရှိခန္ဓာကိုယ်အား အောက်သို့ ဆွဲချသွားသဖြင့် လီချန်ရှို့ အော်ဟစ်လိုက်သည်။
လီရာပေါင်းများစွာ အကွာမှ ကမ်းခြေတစ်ခုရှိ တံငါသည်တစ်စုသည် လှမ်း၍ကြည့်လိုက်၏။ တချို့တံငါသည်များသည် ထိုနေရာသို့ လှမ်း၍ ဝပ်တွားဦးညွှတ်လိုက်ကြသည်။
ထိုနေရာမှ လီ(၃၀၀)အဝန်းအဝိုင်းအတွင်း ဖြတ်သန်းသွားကြသော နတ်ဝိဇ္ဇာအချို့နှင့် ကျင့်ကြံသူအချို့သည် ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးကို ကြည့်ကာ ပြင်းထန်သော စွမ်းအားများကို ခံစားလိုက်ရသည်။
“ ဘယ်သူကများ ဒီလိုနေရာကိုလာပြီး ကောင်းကင်ပြစ်ဒဏ်ခံတာပါလိမ့် ”
“ တော်တော်ကြောက်စရာကောင်းတဲ့ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးပဲ။ အဲဒါက ဒဏ္ဍာရီလာ မိုးကြိုးရှစ်ချက်ပါတဲ့ တိမ်တိုက်များလား ”
လူများသည် သူတို့ပါ မတော်တဆ ဒဏ်ရာရသွားမည်စိုးသဖြင့် ကောင်းကင်ပြစ်ဒဏ်ခံယူရာနေရာများကို ဝေးဝေးမှသာ ရှောင်ရှားကြလေသည်။
လျှပ်စီးများ ပြန့်ကျဲသွားပေပြီ။ လီချန်ရှို့ တဖန်ပြန်၍ ပျံတက်လိုက်၏။
‘ အင်း စတုတ္ထမိုးကြိုးက မဆိုးဘူး။ စွမ်းအားပြင်းပြီး တိကျတယ်။ ငါရဲ့ မူလစိတ်ဝိညာဉ်ကို ဒဏ်ရာမရစေဘဲ ဉာဏ်အလင်းထပ်ပွင့်သွားတာပဲ ’
ထိုကောင်းကင်ပြစ်ဒဏ်မိုးကြိုးသည် အံ့အားသင့်ဖွယ်ပင်။ အကယ်၍ ပဥ္စမမိုးကြိုးနှင့် ဆဋ္ဌမမိုးကြိုးသည် ထိုကဲ့သို့သာဖြစ်လျှင် ကောင်းပေမည်။
သို့သော် လီချန်ရှို့ ရင်ထဲတွင် အတန်ငယ်စိတ်ပျက်သွားသည်။ ကောင်းကင်ပြင်ဒဏ်တိမ်တိုက်၏ ပြင်းအား၊ တိမ်များပျံ့လွင့်မှုနှုန်းနှင့် ၎င်းတိမ်တိုက်ရောက်မလာခင် ပေါ်ပေါက်ခဲ့သော သင်္ကတများအရဆိုလျှင် သူ၏ကောင်းကင်ပြစ်ဒဏ်သည် မိုးကြိုးရှစ်ချက်ပါသော ကောင်းကင်ပြစ်ဒဏ်ဖြစ်ပေလိမ့်မည်။
သူ၏အရည်အချင်းသည် သူ၏နားလည်နိုင်စွမ်း၊ ဖောက်ထွက်တွေးခေါ်တတ်မှုနှင့် အတိအကျမရှိသော ကျင့်ကြံခြင်းနည်းလမ်းများအပေါ်တွင် မူတည်၏။ သူ၏ပင်ကိုယ်ပါရမီသည် မပြောပလောက်ချေ။
ကောင်းကင်ပြစ်ဒဏ်၏ စည်းမျဉ်းမှာ ကျင့်ကြံသူတစ်ယောက် စတင်ကျင့်ကြံချိန်တွင်ရှိသည့် ပင်ကိုယ်စွမ်းရည်အပေါ်မူတည်၍ သူတို့ခံရမည့် ကောင်းကင်ပြစ်ဒဏ်ကို သတ်မှတ်ခြင်းဖြစ်သည်။
သူ၏ ကောင်းကင်ပြစ်ဒဏ်သည် အမှန်ပင် ဖြုံလောက်စရာကောင်း၏။
သို့သော် ရောက်ရှိလာသော ကောင်းကင်ပြစ်ဒဏ်သည် သူ နှစ်ပေါင်း(၆၀)လုံးလုံး စိတ်ပူခဲ့ရသော ‘ မိုးကြိုးပြင်းကိုးချက် ကောင်းကင်ပြစ်ဒဏ် ’ နှင့်ကွဲပြားလေသည်။
ထို့ကြောင့် သူအတန်ငယ် စိတ်ပျက်သွားခြင်းဖြစ်၏။
မည်သို့ပင် ဆိုစေကာမူ အကောင်းနှင့်အဆိုးသည် ဒွန်တွဲနေပေသည်။ လီချန်ရှို့သည် မိုးကြိုးရှစ်ချက်သာပါသော ကောင်းကင်ပြစ်ဒဏ်ကို ဝှက်ဖဲများထုတ်သုံးစရာမလိုဘဲ အဆင်ပြေပြေကျော်လွှားနိုင်ပေမည်။
ထို့ထက်အရေးကြီးသည်မှာ ကောင်းကင်တာအိုနှင့် သူ၏တာအိုထို့ ထိခတ်သွားမှုများကြောင့် သူ့တွင် အကျိုးကျေးဇူးများစွာရနိုင်ပြီး အမြင်ကျယ်လာကာ ဉာဏ်အလင်းများပွင့်သွားနိုင်သည်။
‘ နတ်ဝိဇ္ဇာအဖြစ်ကို ရောက်ဖို့ နီးကပ်လာတာ ကောင်းတဲ့အရာပဲ ’
ဂျိမ်း...
ပဥ္စမမြောက်မိုးကြိုးကျရောက်လာ၏။ လီချန်ရှို့သည် အစွမ်းကုန်သုံးကာ ကာကွယ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ နတ်တန်ခိုးများ တဖြည်းဖြည်းတိုးပွားလာ၏။
သူ၏ နဖူးမှနေ၍ ရောင်စဉ်ခုနှစ်သွယ် ထွက်လာ၏။ ထိုအခြင်းအရာသည် သူ၏ခန္ဓာကိုယ်သည် နတ်ခန္ဓာကိုယ်အဖြစ် အလျင်အမြန်ပြောင်းလဲနေခြင်း၏ လက္ခဏာပင်။
ထို့နောက် ဆဋ္ဌမအချက်...
သတ္တမအချက်...
ထိုနေရာသို့ အဝေးမှကြည့်မည်ဆိုလျှင် လှုပ်ခါနေသော ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးနှင့် ၎င်းတိမ်တိုက်ပေါ်တွင် ပေါ်လာသော ကြမ်းကြုတ်သော ရှေးဟောင်းသားရဲကြီးများ၏ ပုံရိပ်များကို တွေ့ရပေမည်။
ထိုရှေးဟောင်းသားရဲများထဲမှ တချို့မှာ အတောင်ပံကြီးများကို ဖြန့်ကာ ပျံသန်းတော့မည်ကဲ့သို့ ရှိနေသော ချုန်းချီများ၊ မီးတောက်များလွှမ်းခြုံနေသည့် ချီလင်းများ၊ ဝမ်းဗိုက်တွင် ပါးစပ်ကြီးများပါသော ထောင်ထျဲများ၊ ဆူးချွန်ရှည်ကြီးများပါသော ထောင်ဝူများ ဖြစ်ကြ၏။
ထိုတိမ်တိုက်ပေါ်တွင် ကြမ်းကြုတ်သော သားရဲ စုစုပေါင်း(၃၂)ကောင်သည် တစ်လှည့်စီပေါ်ပေါက်လာနေ၏။
ထိုသားရဲများ အချင်းချင်းတိုက်ခိုက်လိုက်သောအခါ ကြီးမားသော လျှပ်စီးတန်းကြီး ပေါ်ထွက်သွားပြီး လေထဲတွင်ရှိနေသော လူကို မိုးကြိုးပစ်ချလိုက်လေသည်။
လီပေါင်းများစွာအဝေး၌ တာအိုရသေ့အိုကြီးတစ်ပါးသည် သူ၏တပည့်နှင့်အတူ မိတ်ဆွေကောင်းတစ်ဦးထံ အလည်သွားရန် တောင်သမုဒ္ဒရာနတ်ကျွန်းဆီသို့ ဦးတည်သွားနေ၏။ သူသည် လီချန်ရှို့ ကောင်းကင်ပြစ်ဒဏ်ခံနေသော နေရာသို့ စိတ်ဝင်တစားလှမ်းကြည့်လိုက်သည်။
တာအိုရသေ့အိုကြီးသည် လက်ချောင်းများကို ထိကာ ခန့်မှန်းတွက်ချက်လိုက်၏။ ထို့နောက် မျက်လုံးများအရောင်လက်သွားကာ ထုတ်ပြောလိုက်သည်။
“ ဒါ...ဒါက စတုတ္ထအဆင့်မှာရှိတဲ့ ဒဏ္ဍာရီလာ ကောင်းကင်ပြစ်ဒဏ်ပဲ။ သားရဲ(၃၂)ကောင်ပါတဲ့ မိုးကြိုးရှစ်ချက်ကောင်းကင်ပြစ်ဒဏ်ပဲ ”
သူ၏ဘေးရှိ ဉာဏ်ကောင်းပုံပေါ်သော မိန်းကလေးက မေးလိုက်သည်။
“ တစ်ခုခုပြဿနာရှိလို့လား ဆရာ ”
“ မရှိပါဘူး.... ”
တာအိုရသေ့အိုကြီးသည် ခေါင်းယမ်း၍ သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
“ ပါရမီရှင် တစ်ယောက်တော့ သူ့ရဲ့ကောင်းကင်ပြစ်ဒဏ်ကြောင့် ဘဝနိဂုံးချုပ်ရတော့မှာပေါ့။ သွားစို့ ဟန်ကျစ်...”
“ ဒါက အသက်ရှင်ရက် ကျော်လွှားနိုင်ဖို့ မဖြစ်နိုင်လောက်အောင်ခက်တဲ့ ကောင်းကင်ပြစ်ဒဏ်ပဲ ”
“ တစ်ခါတလေကျတော့လည်း ပါရမီကောင်းတွေပိုင်ဆိုင်ရတာ မကောင်းဘူးပဲ ”
“ မင်းရဲ့ အဆင့်မြင့် ပင်ကိုယ်ပါရမီမျိုးနဲ့ဆိုရင် မင်းလည်း ဒီလိုကောင်းကင်ပြစ်ဒဏ်မျိုးကို ခံရနိုင်တယ် ဟန်ကျစ်... မင်းကောင်းကင်ပြစ်ဒဏ်ခံတဲ့အခါကျရင် တော်တော်ကို ဂရုစိုက်မှရမယ် ”
ထိုသို့ပြောပြီးသောအခါ တာအိုရသေ့အိုကြီးသည် ဟန်ကျစ်နှင့်အတူ ကိုယ့်လမ်းကိုယ် ဆက်၍သွားလိုက်လေသည်။
ထိုပုဂ္ဂိုလ်သည် လီချန်ရှို့ကောင်းကင်ပြစ်ဒဏ်ခံရာတွင် အနှောင့်အယှက်ပေးနိုင်စွမ်းရှိသော ထိုနေရာရှိ တစ်ယောက်တည်းသောသူဖြစ်၏။
သို့သော် ထိုပုဂ္ဂိုလ်သည် နောက်တစ်ကြိမ်ပင် လှည့်မကြည့်တော့ဘဲ သူ၏တပည့်မလေးကိုခေါ်ကာ ကောင်းကင်ပြစ်ဒဏ်ကြောင့် သေရတော့မည့် ကျင့်ကြံသူတစ်ဦးအတွက် ဝမ်းနည်းစိတ်ဖြင့် ဆက်၍ထွက်ခွာသွားခဲ့သည်။
သူသည် ထိုနေရာကို တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သန်းခဲ့မိခြင်းဖြစ်ပြီး တိတ်တဆိတ်ပင် ပြန်၍ ထွက်ခွာသွားပေပြီ။
ထိုအရာသည် လီချန်ရှို့၏ ကြိုတင်ပြင်ဆင်ထားမှု အောင်မြင်သည်ဟု သက်သေပြလိုက်သကဲ့သို့ပင်။ ထိုနေရာကို ကြိုးစားပမ်းစားရှာထားရခြင်းသည် အချည်းနှီးမဖြစ်ခဲ့ချေ။
လီချန်ရှို့ ရှိသည့်နေရာတွင် သတ္တမိုးကြိုးအချက်ကျရောက်လာသည်။ မိုးခြိမ်းသံကြီးသည် ပံတင်ထပ်သွားပြီး လီရာပေါင်းများစွာ အတွင်းရှိ သက်ရှိများသည် ကြောက်ရွံ့ထိတ်လန့်သွားကြ၏။
ကောင်းကင်ပြစ်ဒဏ်စသည်မှာ ငါးမိနစ်သာ ရှိပေသေးသည်။
ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးသည် အရွယ်တစ်ဝက်ခန့်ကျုံ့သွားပြီး သားရဲများ၏ ဟိန်းလိုက်သောအသံသည် လေထုအတွင်း ပဲ့တင်ရိုက်သွားသည်။ တိမ်တိုက်ထဲတွင် မိုးကြိုးစက်ကွင်း (၃၂)ခုပေါ်ပေါက်လာပြီး နောက်ဆုံးမိုးကြိုးချက်အတွက် ပြင်ဆင်နေပေသည်။
တိမ်တိုက်အောက်ရှိ လီချန်ရှို့သည် မျက်မှောင်ကြုတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကိုယ်တွင်း ဖြစ်ပေါ်လာသော နတ်တန်ခိုးများနှင့် မူလဓမ္မတန်ခိုးတို့ ရိုက်ခတ်မှုကြောင့် မတည်မငြိမ်ဖြစ်လာမှုကို ထိန်းချုပ်လိုက်သည်။
သတ္တမမိုးကြိုး၏ အချင်းသည် (၁)ကျန့်ခန့်ရှိခဲ့၏။
အဋ္ဌမအချက်သည် ပိုကြီးကာ ပို၍အားကောင်းပေလိမ့်မည်။
လီချန်ရှို့၏ တာအိုဝတ်ရုံတွင် အပေါက်တစ်ဒါဇင်ခန့်ရှိနေပေပြီ။ သို့သော် သူ၏နဖူးမှနေ၍ လည်ပင်းအထိ ရောင်စဉ်ခုနှစ်သွယ် နတ်အလင်းများထွက်နေပေသည်။
သူ၏ နတ်ဝိဇ္ဇာအခြေခံ တည်ငြိမ်သွားလျှင် ထိုအလင်းတန်းများ ပြန်ပျောက်သွားမည်ဖြစ်၏။
သို့သော်...
‘ ငါရဲ့ ကောင်းကင်ပြစ်ဒဏ်က မထင်မှတ်ထားလောက်အောင်ကို စိတ်ပျက်ဖို့ကောင်းတာပဲ ’
ကောင်းကင်ပြစ်ဒဏ်သည် ကျင့်ကြံသူများကို လုံလောက်သောတန်ခိုးအစွမ်းရစေရန်နှင့် ပြင်းထန်သောအပြစ်ဒဏ်ကို ခံရစေရန် စွမ်းအားကြီးကာ ပြင်းထန်နေသင့်သည်။ ထိုမှသာ ကျင့်ကြံသူ၏ သေမျိုးခန္ဓာသည် နတ်ခန္ဓာအဖြစ် ပြန်လည်ဖွဲ့စည်းကာ နတ်ဝိဇ္ဇာအစစ်အမှန်တစ်ပါး ဖြစ်လာမည်ဖြစ်သည်။
သို့သော် လီချန်ရှို့၏ ကောင်းကင်ပြစ်ဒဏ်သည် အားနည်း၍နေသေးသည်။
ထိုပြစ်ဒဏ်သည် သိမ်မွေ့လွန်းလှသဖြင့် သူ့လည်ပင်းအပေါ်ပိုင်းသာ နတ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသေး၏။
ထိုမျှသည်ပင် လီချန်ရှို့ ကောင်းကင်ပြစ်ဒဏ်ကို တိုက်ရိုက်ခံခဲ့သောကြောင့်ဖြစ်သည်။ အခြားနည်းလမ်းများကိုပင် ထုတ်မသုံးရသေးပေ။
‘ ရပါတယ်။ အဋ္ဌမမိုးကြိုး ကျန်ပါသေးတယ် ’
လီချန်ရှို့သည် သူကိုယ့်သူ အားပေးလိုက်သော်လည်း မကောင်းသည့်နိမိတ်များကို ခံစားနေရပြီဖြစ်သည်။
လျှပ်စီးများလက်ကာ မိုးကြိုစက်ကွင်းများ အဆက်မပြတ်ဖြစ်ပေါ်သွားသည်။ ကောင်းကင်ပြစ်ဒဏ်၏ စွမ်းအားများသည် ဤနောက်ဆုံးမိုးကြိုးချက်ဖြင့် လီချန်ရှို့ကို တစ်စစီဆုတ်ဖြဲပစ်လိုက်ချင်သကဲ့သို့ အလိပ်လိပ်ထနေပေသည်။
လီချန်ရှို့၏ မျက်ဝန်းများထဲတွင် မြင်ကွင်းမျိုးစုံ ပေါ်ပေါက်လာ၏။
သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ခဲ့ရခြင်းများ၊ တာအိုကို နားလည်အောင်ကြိုးစားခဲ့၍ အသေးစား ဉာဏ်အလင်းပွင့်မှုများကို ဘဝရှိ ကြီးမားသောအောင်မြင်မှုကြီးများအဖြစ် သဘောထားခဲ့ရပုံများ၊ သူ ဖြတ်ကျော်ခဲ့ရသော အခက်အခဲများ၊ နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့ရပုံများ၊ သူရင်ဆိုင်ခဲ့ရသော အကြောက်တရားများနှင့် သူ သိုသိုသိပ်သိပ်နေခဲ့ရပုံများကို သူ၏မျက်စိရှေ့တွင် ပြန်၍မြင်နေရလေသည်။
သူ၏ တာအိုခန္ဓာကိုယ်သည် ဓမ္မရတနာတစ်ခုကဲ့သို့ ခိုင်မာ၍ သူ၏ မူလဝိညာဉ်သည် ပြီးပြည့်စုံကာ အပြစ်အနာအဆာကင်းလေ၏။
နောက်ဆုံး၌ ကြိုးပမ်းခဲ့ရမှုများ၊ ရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် အန္တရာယ်များ၏ အသီးအပွင့်ကို ယနေ့ သူခံစားရပေတော့မည်။
မိုးကြိုးစက်ကွင်း(၃၂)ခုသည် တချိန်တည်းမှာပင် လင်းဖြာသွားသည်။ လျှပ်စီးတန်း အတွန့်အကွေးများသည် ကောင်းကင်တွင် ပြင်းထန်စွာကခုန်သွားပြီး ဝဲကြီးထဲတွင် ကြီးမားသော အလျားလိုက်လျှပ်စီးတန်းကြီး သုံးတန်းအဖြစ်စုပေါင်းသွားကာ လီချန်ရှို့ဆီသို့ ပစ်ချလိုက်လေသည်။
ကောင်းကင်နှင့် မြေကြီးအကြားတွင် လျှပ်စီးပင်လယ်ကြီးကဲ့သို့ ဖြစ်သွားသည်။
သေမျိုးလောကအစွန်ရှိ တောင်သမုဒ္ဒရာအပေါ်ဘက်တွင် နတ်လျှပ်စီးများသည် လောကကြီးကို လွှမ်းခြုံသွား၏။
လီချန်ရှို့သည် သူ၏လက်နှစ်ဖက်ကို မြှောက်ကာ သူအား အငွေ့ပျံပစ်မည့် မိုးကြိုးကြီးကို ကြိုဆိုလိုက်သည်။
သူ ရင်တဒိတ်ဒိတ် ခုန်နေလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ပိုင်တာအိုသည် ယနေ့မှစ၍ လောကကြီးထဲတွင် နေရာတစ်ခုရတော့မည်ဖြစ်ကြောင်း အာရုံခံမိ၍ဖြစ်သည်။
ယနေ့သည် သူ၏နတ်ဝိဇ္ဇာခြေလှမ်းအစဖြစ်ပြီး မနက်ဖြန်သည် သူ့ဘဝအတွက် စွန့်စားခန်းများကို ဆောင်ကြည်းပေးလာမည်ဖြစ်၏။
ဝုန်း....
ကောင်းကင်ပြစ်ဒဏ် မိုးကြိုးသည် လီချန်ရှို့တစ်ကိုယ်လုံးကို ဝါးမျိုသွားလေသည်။ အောက်ရှိ သန္တာကျောက်တန်းများသည်လည်း အရည်ပျော်သွားပြီး လျှပ်စစ်မီးပွားများသည် သမုဒ္ဒရာမျက်နှာပြင်ပေါ်တွင် ကခုန်နေကြ၏။
ခေတ္တမျှကြာသောအခါ လျှပ်စီးတန်းကြီးပျောက်သွားပြီး နတ်ဂီတသံကို စတင်ကြားရလေတော့သည်။ သစ်ကပ်မှိုသဏ္ဍာန်ရှိသော တိမ်တစ်ခုသည် သမုဒ္ဒရာမျက်နှာပြင်မှ ထွက်ပေါ်လာပြီး ၎င်းကိုယ်တိုင် လီချန်ရှို့၏ ခြေထောက်အောက်သို့ ပျံလာချေ၏။
ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးမှ နတ်အလင်းအတန်းများထွက်ပေါ်လာပြီး လီချန်ရှို့ကို လွှမ်းခြုံသွားလေတော့သည်။
နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းပြီးပေပြီ။
တာအိုသည်လည်း ပြည်စုံသွားချေပြီ။
ထိုအရာသည် နတ်ဝိဇ္ဇာတို့၏ သွားရာလမ်းပင်။
ထိုအရာ...
‘ ခဏနေပါဦး... တစ်ခုခု မှားနေသလိုပဲ ’
လီချန်ရှို့ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာထားသည် အံ့အားသင့်သည့်မျက်နှာထားအဖြစ် ပြောင်းလဲသွား၏။
သူ၏ ခေါင်းမှရင်ဘတ်အထိသာ နတ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီး ရောက်စဉ်ခုနှစ်သွယ်အလင်းတန်းများ ဖြာထွက်နေပေသည်။ တစ်နည်းပြောရလျှင် သူ၏ လက်များ၊ လက်မောင်းများနှင့် ရင်ဘတ်အောက်ပိုင်းရှိ ကျန်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် နဂိုခန္ဓာကိုယ်အတိုင်းသာ ရှိသေးသည်။
သူ၏ နဂိုတာအိုခန္ဓာကိုယ်သည် နတ်တန်ခိုးအနည်းငယ်ကိုသာ ရခဲ့ခြင်းဖြစ်၏။
တစ်နည်းဆိုရလျှင် သူသည် ပြီးပြည့်စုံမှုမရှိသော ရုပ်တုတစ်ခုကဲ့သို့ပင်။ သူ့ကိုယ်တစ်ပိုင်းကို အဖိုးတန် သက်တံ့ကျောက်စိမ်းဖြင့် ထုဆစ်ထားပြီး ကျန်တစ်ပိုင်းကို မြေများ၊ ရွံ့များဖြင့် မွမ်းမံထားသကဲ့သို့ပင်။
သူ့မူလဝိညာဉ်မှာမူ တစ်ချက်တစ်ချက် ရောင်စဉ်ခုနှစ်သွယ် နတ်တန်ခိုးများရသွားလိုက်၊ တစ်ချက်တစ်ချက်တွင် သာမန်အတိုင်းပြန်ဖြစ်သွားလိုက်နှင့် ဖြစ်နေသည်။
လီချန်ရှို့သာ တစ်ခုခုမှားနေကြောင်း ခံစားနေရသော်လည်း နတ်ဂီတသံသည်လည်း တိတ်ဆိတ်သွားပြီး ဂုဏ်ပြုတိမ်တိုက်များသည်လည်း ပျောက်ကွယ်သွားပေပြီ။ ထူးဆန်းသော အခြင်းအရာများလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
အဖြူရောင်အဖြစ် ပြန်ပြောင်းလဲသွားသော ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးသည်လည်း ပြန့်ကျဲနေပြီဖြစ်သည်။
လီချန်ရှို့ အလျင်အမြန်ပင် အသိစိတ်ပြန်ကပ်သွားသည်။
‘ ဘာဖြစ်နေတာလဲ ’
ထိုအခြေအနေကို သူဖတ်ခဲ့ဖူးသော ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းမတင်ထားပေ။
ကောင်းကင်ပြစ်ဒဏ်သည် ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ၎င်း၏ အစွမ်းသည် မလုံလောက်ခဲ့ချေ။
သူ၏ တာအိုအခြေခံသည် အလွန်ခိုင်မာသောကြောင့် မိုးကြိုးရှစ်ချက်ပါသော ကောင်းကင်ပြစ်ဒဏ်သည် ထိုအပေါ်မသက်ရောက်နိုင်သဖြင့် သူ၏တာအိုခန္ဓာကိုယ်သည် နတ်ခန္ဓာကိုယ်အဖြစ် မပြောင်းလဲနိုင်ခြင်းပေလော။
‘ မငျးမေဘ ... ’
ယခု သူ မည်သို့လုပ်ရတော့ပေမည်နည်း။
သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင်ထက်ပိုင်းပိုင်း၍ ကိုယ်အပေါ်ပိုင်းဖြင့်သာ နတ်ဝိဇ္ဇာအဖြစ် နေရမည်လော။
သူ့ခန္ဓာကိုယ် အောက်ပိုင်းသည်လည်း အရေးကြီးသည် မဟုတ်ပါလား။
ထို့ပြင် သူ၏မူလဝိညာဉ်သည် တောမရောက်တောင်မရောက်ဖြစ်နေ၏။ သူ့မူလဝိညာဉ်ကို ကိုယ်တိုင်ထက်ပိုင်း ပိုင်းဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။
ထိုသို့လုပ်၍လည်း ရလေမည်လော။ ထိုအရာသည် အလိုရှိသည့်အတိုင်း ထက်ပိုင်းပိုင်း၍ ရသောအရာမဟုတ်။
လီချန်ရှို့သည် ခေါင်းမော့၍ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးကို ကြည့်လိုက်သည်။ သူ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး စိုးရိမ်နေလေသည်။
ထိုအချိန်တွင် ဤကိုးရိုးကားရားအခြေအနေကို ဖြေရှင်းရန်မှလွဲ၍ တခြားမည်သည်ကိုမှ သူ စိတ်မဝင်စားပေ။
သူသည် ဖားတစ်ပိုင်းငါးတစ်ပိုင်း နတ်ဝိဇ္ဇာတစ်ပါး မဖြစ်လို။
နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်မည့် တံခါးသည် ပွင့်ခဲ့ပေပြီ။ ကောင်းကင်ပြစ်ဒဏ်ကိုလည်း သူ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပေပြီ။ သို့သော် သူ၏တာအိုအခြေခံသည် ညပ်၍ကျန်နေသေး၏။
လီချန်ရှို့သည် လက်မြှောက်ကာ ရှေ့သို့ ခြေနှစ်လှမ်း ခပ်သုတ်သုတ်လှမ်းလိုက်ပြီး ကောင်းကင်ပေါ်တွင် အနည်းငယ်ကျန်နေသေးသော ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးကို လှမ်းအော်လိုက်သည်။
“ နေပါဦးဗျ ”
ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးသည် ခေတ္တမျှ ရပ်တန့်သွား၏။ ထို့နောက် လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့သည်။
လီချန်ရှို့ ဆွံ့အသွားရသည်။
‘ ထွက် ... ထွက်ပြေးသွားတာလား ’
သူ မကျိန်ဆဲနိုင်ခင် ‘ဒေါင်’ ဟူသောအသံတိုးတိုးတစ်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူ၏ မူလဝိညာဉ်နှင့် တာအိုခန္ဓာသည် တုန်လှုပ်သွားတော့သည်။
မဖော်ပြနိုင်လောက်အောင် အားကြီးသော ကောင်းကင်မှ ဖိနှိပ်မှုတစ်ခုသည် သူ့အပေါ် ပစ်မှတ်ထားလိုက်လေသည်။