← Chapters

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင်စွမ်းအားအမြင့်မားဆုံး

Vol. 13 Ch. 172

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင်စွမ်းအားအမြင့်မားဆုံး

Vol. 13 Ch. 172

အခန်း (၁၇၂) ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင်စွမ်းအားအမြင့်မားဆုံး

ရွှီဖေးနှင့် ထန်ယုံဟောင်တို့ တိုက်ပွဲအပြီး နောက်ပိုင်းတိုက်ပွဲများက သိပ်ပြီးအဓိပ္ပါယ်မရှိသလို စွဲဆောင်မှုလည်း မရှိတော့ပေ။

ရန်ကျောက်ကဲကို စိတ်ပါဝင်စားအောင် ဆွဲဆောင်နိုင်သည့် တိုက်ပွဲတစ်ခုကတော့ ရှဲ့ယိုချန်နှင့် ရှဲ့ကျစ်ယီတို့၏ တိုက်ပွဲဖြစ်၏။

ချန်လင်းက ရှောင်ယွိကို အနိုင်ယူပြီးနောက် ရှဲ့ကျစ်ယီက ရှဲ့ယိုချန်ကို တူညီသည့် ကျင့်ကြံခြင်းအဆင့်မှာပင် အနိုင်ယူလိုက်လေရာ ကောင်းကင်မိုးကြိုးခန်းမ အတော်လေးမျက်နှာရသွားခဲ့သည်။

မျက်နှာဝိုင်းဝိုင်းလေးနှင့် မိန်းမငယ်လေး ကျန်းယောင်က ရှဲ့ယိုချိန်ရှုံးနိမ့်သွားသည့်အတွက် စိတ်မကောင်းဖြစ်နေလေရာ ရွမ်ပင်းက သူမကို နှစ်သိမ့်စကားဆိုရသည်။

“ရှဲ့ကျစ်ယီကို ကောင်းကင်ချိတ်ဆက်အဆင့်အောက် ကျင့်ကြံသူတွေထဲမှာ နံပါတ် (၁)လို့ လူတွေက ချီးကျူးကြတယ် ၊ အဲဒီစကားက အလကားမဟုတ်ဘူး”

သူက ဆက်ပြောသည်။

“သူ့ရဲ့အရည်အချင်းနဲ့ သိုင်းစွမ်းက အံ့သြစရာကောင်းသလို ရန်သူနဲ့ တိုက်ခိုက်တဲ့အခါမှာလည်း ပြင်းထန်ရက်စက်တယ် ၊ သူ့ထက်အားနည်းတဲ့ ရန်သူတွေကိုလည်း မညှာမတာတိုက်ခိုက်သတ်ဖြတ်တတ်တယ် ၊ ဒါကြောင့် သူ့ရဲ့ကျော်ကြားမှုက အလကားလျှောက်ပြောနေကြတာမဟုတ်ဘူး ၊ သူနဲ့ရင်ဆိုင်ရတဲ့ ဘယ်သူမဆို ခက်ခက်ခဲခဲ တိုက်ခိုက်ကြရပြီး ရုန်းထွက်နိုင်အောင် မနည်းကြိုးစားရတာ”

“သူက တိုက်ခိုက်ရတာကိုလည်း သဘောကျတယ် ၊ အဲဒါကြောင့်ပဲ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး အသက်ဓာတ်စွမ်းအားတွေ ပျက်စီးသွားခဲ့တယ် ၊ အဲဒါကြောင့် ရှန်ထျန်းအဆင့်မှာ အချိန်အတော်ကြာအောင် ပိတ်မိနေခဲ့တာ ၊ မဟုတ်ရင် အခုလောက်ဆို ရွှီဖေး ၊ ထန်ယုံဟောင်နဲ့ စုန့်ချောင်တို့လို ကောင်းကင်ချိတ်ဆက်အဆင့်ကိုရောက်နေလောက်ပြီ ၊ သိုင်းဆရာသခင်အဆင့်ကို ခြေတစ်လှမ်းလောက်ပဲ လိုတော့မှာပေါ့”

ကျန်းယောင်က မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရန်ကျောက်ကဲကို လှမ်းကြည့်သည်။

“အစ်ကို’ရှဲ့’ က တကယ်တော်တယ်ဆိုတာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ ကောင်းကင်ချိတ်ဆက်အဆင့်အောက် ကျင့်ကြံသူတွေထဲမှာ နံပါတ် (၁) ဆိုတဲ့စကားကတော့ နည်းနည်းများသွားပြီနော် ၊ တခြားမကြည့်နဲ့ ၊ အစ်ကိုကြီး’ရန်’ ကိုပဲ ကြည့်လေ ၊ သူဆို ရှန်ထျန်းကနဦးအဆင့်ပဲ ရှိသေးပေမယ့် ရှန်ထျန်းနှောင်းပိုင်းအဆင့် လျိုရှန်းဖုန်းကို အနိုင်ယူခဲ့တာ မဟုတ်လား”

ထိုစကားကြောင့် ရွမ်ပင်း၏ အကြည့်များ အေးခဲသွားသည်။

သူက ခေါင်းညိတ်လိုက်ရင်း...

“ဒါတော့ အမှန်ပါပဲ”

ရန်ကျောက်ကဲကတော့ မည်သည့်စကားမှ မဆိုပေ။ သူက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့ကိုကြည့်နေသည့် ရှဲ့ကျစ်ယီကို တွေ့ရပြီး အကြည့်များက လုံးဝ ဖော်ရွေမှု မရှိပေ။

မိုးကြိုးဝိညာဉ်ကျောက်စိမ်းက အဆုံးမဲ့တောင်တန်း၏ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပြုပြင်ပေးနိုင်သည်ဆိုသော မိုးကြိုးဒြပ်စင်နည်းပညာသည် ရန်ကျောက်ကဲပြောသည့် နည်းပညာဖြစ်ကြောင်း သတင်းပေါက်ကြားခဲ့သည်သာမက ကောင်းကင်မိုးကြိုးခန်းမ၏ အဓိကတပည့် (၂)ယောက်ဖြစ်သော “မိုးကြိုးလျှပ်စီး” ဟု လူသိများသည့် ရန်ရှန်းနှင့် လင်ကျိုးတို့ (၂)ယောက်လုံးမှာလည်း ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည်။

ထို့ကြောင့် ကောင်းကင်မိုးကြိုးခန်းမမှ သူတို့ကိုယ်သူတို့ အရည်အချင်းပြည့်မီသည်ဟု ခံယူထားသော တပည့်အားလုံးသည် ရန်ကျောက်ကဲနှင့် တိုက်ခိုက်ရန် ဆန္ဒရှိကြသည်။ ရန်ကျောက်ကဲကို အနိုင်ယူပြီး ကျနေသည့်သိက္ခာကို ပြန်အဖတ်ဆည်လိုကြသည်။

ကောင်းကင်မိုးကြိုးခန်းမ၏ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်သော ရှဲ့ကျစ်ယီသည်လည်း ထိုသို့သော စိတ်ထားမျိုးရှိသည်မှာ မဆန်းပေ။

အထူးသဖြင့် လွန်ခဲ့သည့်တစ်နှစ်အတွင်း ရန်ကျောက်ကဲ အလွန်တရာစွမ်းအားမြင့်မားလာပြီး လွှမ်းမိုးနိုင်စွမ်းလည်း ကြီးမားလာလေရာ သူ့နေရာကိုပင် လှုပ်ခါလာစေပြီ ဖြစ်သည်။

ရှဲ့ကျစ်ယီက အလွန်မာနကြီးသူတစ်ယောက်ဖြစ်လေရာ ပြင်းထန်သည့်အတွင်းဒဏ်ရာကြောင့် ရွှီဖေး ၊ ထန်ယုံဟောင်နှင့် စုန့်ချောင်တို့နောက်တွင် ကျန်ရစ်ခဲ့လေရာ အတော်လေး စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

ကောင်းကင်ချိတ်ဆက်အဆင့်အောက် ကျင့်ကြံသူများကြားတွင် နံပါတ် (၁)ဆိုဘွဲ့ကိုရရှိပြီး ထိုမျှဖြင့် ကျေနပ်ခဲ့ရသည်။ သို့ပေသိ သေသေချာချာတွေးကြည့်သည့်အခါ ထိုဘွဲ့က သူ့ကို ချီးမြှောက်ခြင်းထက် အရှက်ပင်ရစေသည့်အရာဖြစ်သောကြောင့် လူအများရှေ့တွင် တစ်ခါမှ ထုတ်ဖော်မပြောခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ရှဲ့ကျစ်ယီ ထိုဘွဲ့ကို လက်မခံသည်က တစ်ကဏ္ဍဖြစ်ပြီး ယခုမှအသစ်တက်လာသည့် လူငယ်လေးဖြစ်သော ရန်ကျောက်ကဲက လုယူသွားခြင်းကိုတော့ မည်သည့်နည်းနှင့်မှ လက်မခံနိုင်ပေ။

ရန်ကျောက်ကဲက ရှန်းထျန်းနှောင်းပိုင်းအဆင့် လျိုရှန်းဖုန်းကို အနိုင်ယူခဲ့ပြီးနောက် ရှဲ့ကျစ်ယီ၏ ကောင်းကင်ချိတ်ဆက်အဆင့်အောက် ကျင့်ကြံသူများတွင် နံပါတ် (၁)ဆိုသည့် နေရာသည် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ရှန်ထျန်းအဆင့်မှ အဆင့်မတက်နိုင်ဖြစ်နေခြင်းကပင် သူ့ရင်ထဲအတော်လေး အပူလုံးကြီးနေပြီဖြစ်ရာ ရန်ကျောက်ကဲသာ သူ့ကိုကျော်တက်သွားသည်ဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။ ထိုကောင်လေးသည် သူ့အတွက်တော့ အသားထဲစူးနေသည့် ဆူးတစ်ချောင်းပမာဖြစ်ပြီး အတော်လေး မကျေမနပ်ဖြစ်စရာပင်။

တစ်ချက်ကြည့်ရုံမျှဖြင့် ရှဲ့ကျစ်ယီစိတ်ထဲမှအတွေးများကို ရန်ကျောက်ကဲ နားလည်လိုက်သည်။ သူက ဝင့်ဝင့်ကြွားကြွားနေရသည်ကိုသဘောကျသည့် မင်းသားလေးတစ်ပါး ဖြစ်သော်လည်း “ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် စွမ်းအားမြင့်မားဆုံးသိုင်းကျင့်ကြံသူ” ဆိုသည့် ဘွဲ့ထူးကိုတော့ အရေးစိုက်သူ မဟုတ်ပေ။

ရန်ကျောက်ကဲ ရှဲ့ကျစ်ယီထံမှ အကြည့်လွှဲလိုက်ပြီး တခြားနေရာတစ်ခုသို့ အာရုံစိုက်လိုက်သည်။

ထိုနေရာတွင် တိုက်ကွင်းတစ်ခုရှိနေပြီး သားရဲ (၂)ကောင် ရင်ဆိုင်နေကြသည်ကို တွေ့မြင်ရသည်။ သားရဲ (၂)ကောင်လုံးက စွမ်းအားပြည့်ဝပြီး ဝိညာဉ်စွမ်းအားများက ခန္ဓာကိုယ်အနှံ့ စီးဆင်းကာ သွေးစွမ်းအား ၊ ချီစွမ်းအားများဖြင့် ရောနှောပေါင်းစပ်ကာ သိပ်သည်းသွားကြသည်။

ရန်ကျောက်ကဲ မျက်လုံများကျဉ်းမြောင်းလိုက်ရင်း...

“အဲဒါက ဘာလဲဟ”

လီကျင်းဝမ်က...

“ကောင်းကင်မိုးကြိုးခန်းမက ညီမလေး’ချန်လင်း’မှာ သာမန်နဲ့မတူအောင်ကြမ်းတမ်းတဲ့ အစိမ်းရောင်တစ္ဆေဝံပုလွေတစ်ကောင်ရှိတယ် ၊ ကျွန်မတို့ရဲ့ ဂိုဏ်းတူအစ်ကို ‘ရဲ့ကျုန်းကျိုး’မှာလည်း နာမည်ကြီး ရေနက်မှော်နဂါးရှိတယ်ဆိုတော့ သူက သားရဲနှစ်ကောင်တိုက်ခိုက်ဖို့ စိန်ခေါ်နေတာလေ”

တကယ့်တိုက်ပွဲကြီးများတွင် အစွမ်းထက်သားရဲများက များစွာအကူအညီပေးနိုင်သည်။

လှမ်းကြည့်လိုက်တော့ ရှောင်ယွိကိုအနိုင်ယူခဲ့သည့်ချန်လင်း မတ်တတ်ရပ်နေသည်ကို တွေ့ရသည်။

ချန်လင်းက အလွန်အရပ်မြင့်သူ ဖြစ်သည်။ ရန်ကျောက်ကဲနှင့် အခြားသောယောကျ်ားလေးများထက် ခေါင်းတစ်လုံးတစ်ဝက်ခန့်သာ နိမ့်သည်။ သူမက ချောမောလှပသူတစ်ယောက်ဖြစ်သော်လည်း အလွန်တရာအေးစက်ပြီး မာနကြီးသူဖြစ်သည်။

အစိမ်းရောင်တစ္ဆေဝံပုလွေသည် သာမန်နွားတစ်ကောင်ထက်ပိုမိုကြီးမားပြီး အနက်‌ရောင်နှင့်အစိမ်းရောင် မွှေးများရှိသည်။ အမွေးများက နူးညံ့ဟန်ရှိသည့်တိုင် တကယ်တမ်းတွင် သံမဏိအပ်များကဲ့သို့ မာကျောလှ၏။

ဝံပုလွေ၏ပါးစပ်မှ အေးစိမ့်သည့် အဖြူရောင်ချီစွမ်းအားများကို ထုတ်လွှတ်လိုက်လေရာ ထိုချီစွမ်းအားများ သူ့တစ်ကိုယ်လုံးသို့ ဖုံးလွှမ်းသွားသည်။ သွေးနီရောင်မျက်လုံးကြီးများက ကြေးနီခေါင်းလောင်းကြီးများပမာ ဝိုင်းစက်လျှက် သူ့ရှေ့တွင်ရှိနေသော ရေနက်မှော်နဂါးကို စူးစိုက်ကြည့်နေသည်။

သေသေချာချာ အကဲဖြတ်ကြည့်သည့်အခါ အစိမ်းရောင်တစ္ဆေဝံပုလွေသည် သူ့သခင်မ ချန်လင်းထက်ပင် ပိုမိုသန်မာကြောင်း ရန်ကျောက်ကဲ သိလိုက်ရသည်။

ချန်လင်းက ရန်ကျောက်ကဲ ၊ လီကျင်းဝမ် ၊ ရှောင်ယွိတို့နှင့် သက်တူရွယ်တူဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းအအဆင့်က အပြင်ပိုင်းကြယ်တာရာချီ အလယ်ဆင့် ဖြစ်၏။ သူမ၏ အစိမ်းရောင်တစ္ဆေဝံပုလွေ၏ တိုက်ခိုက်နိုင်စွမ်းက သူမနှင့်ပင် ကောင်းကောင်းယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။

ချန်လင်းက ဤဝံပုလွေကြီးကို သားပေါက်လေးဘဝကတည်းက မွေးမြူလေ့ကျင့်ပေးခဲ့ဟန် ရှိသည်။

ရဲ့ကျုန်းကျိုးက တည်ကြည်‌လေးနက်သည့်မျက်နှာထားဖြင့် တိုက်ကွင်းထဲမှ သားရဲ (၂)ကောင်ကို ကြည့်နေသည်။

ရန်ကျောက်ကဲက ရဲ့ကျုန်းကျိုး၏ ရေနက်မှော်နဂါးကို တစ်ချက်ကြည့်လိုက်သည်။ နဂါးကြီးက လေထဲတွင် လှည့်ပတ်ပျံသန်းနေပြီး အစိမ်းရောင်တစ္ဆေဝံပုလွေထက် အရွယ်စားပိုမိုကြီးမားသည်။ အကြေးခွံများပါရှိသည့် နဂါးတစ်ကောင်ဖြစ်သော်လည်း နဂါးအစစ်တော့ မဟုတ်ပေ။ သို့ပေသိ နဂါးအစစ်အလား ခမ်းနားထည်ဝါနေဆဲပင်။

ရဲ့ကျုန်းကျိုးက ခပ်ဖြည်းဖြည်းလေသံဖြင့်...

“ညီမလေး’ချန်’ ၊ အခု ရပ်မယ်ဆို မှီသေးတယ်နော် ၊ ဒီသားရဲ (၂)ကောင်လုံးက သာမန်မဟုတ်ဘူး ၊ ဉာဏ်ရည်ထက်ပေမယ့် သူတို့အသိဉာဏ်က အကန့်အသတ်ရှိသလို စွမ်းအားလည်း မြင့်မားတယ်  ၊ စိတ်ကြွပြီး ရန်လိုတဲ့အထိ တိုက်ခိုက်ကြမယ်ဆိုရင် ငါတို့ ထိန်းဖို့ခက်လိမ့်မယ် ၊ သားရဲတွေထိန်းမရလို့ အကြီးအကဲတွေ ဝင်ပါရတော့မယ်ဆိုရင် မကောင်းဘူးလေ”

ချန်လင်းက...

“တကယ်လို့ အစိမ်းရောင်တစ္ဆေက အစ်ကို’ရဲ့’ ရဲ့ ရေနက်မှော်နဂါးလက်ချက်နဲ့ သေဆုံးသွားမယ်ဆိုရင်တောင် ကျွန်မက အပြစ်တင်စကားတစ်ခွန်းမှဆိုမှာ မဟုတ်ပါဘူး”

“ဒါဆိုရင်တော့ ဒီ ‘ရဲ့’မျိုးနွယ် ဘာမှပြောစရာမရှိတော့ပါဘူး”

ရဲ့ကျုန်းကျိုးက မျက်မှောင်ကြုတ်ထားသည်။ အမှန်တော့ ချန်လင်းက သူ့ကိုစပြီး အတင်းအကျပ် စိန်ခေါ်ခြင်းဖြစ်သည်။ သူက စကားကို အ‌တော်လေးထိန်းသိမ်းပြောသည့်တိုင် သူမက တစ်ချက်မှ နောက်မဆုတ်ခဲ့ပေ။

ယခုတော့ သူလည်း ဒေါသအနည်းငယ် ထွက်လာခဲ့သည်။

“ဒါဖြင့်လည်း စလိုက်ကြတာပေါ့”

သားရဲကြီး (၂)ကောင်က အချင်းချင်းခဏမျှ စိုက်ကြည့်နေကြပြီးနောက် အစိမ်းရောင်တစ္ဆေဝံပုလွေကြီးက အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။ သို့သော် သူက အလောတကြီး တိုက်ခိုက်ခြင်းမရှိဘဲ နဂါးကြီးအနားသို့ သတိဖြင့် ချဉ်းကပ်သွားပြီး ဟာကွက်ကိုရှာဖွေနေ၏။

ရေနက်မှော်နဂါးက နေရာမှာပင် တိတ်တဆိတ် လှည့်ပတ်နေသည်။ သူ့မျက်လုံးများကတော့ အစိမ်းရောင်တစ္ဆေဝံပုလွေကို စူးစိုက်ကြည့်နေသည်။ သူ့ကို ဝင်ရောက်တိုက်ခိုက်လာမည်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

‌ရေနက်မှော်နဂါးက ဝံပုလွေကြီးထက် စွမ်းအားပိုမိုကြီးမားသည်မှာ ပြောနေစရာ မလိုပေ။ သို့သော် ဝံပုလွေကြီးက မွေးရာပါ ထူးခြားသည့်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုစွမ်းအားမှာ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် အေးစိမ့်သောအဖြူရောင်ချီစွမ်းအားများဖြစ်ပြီး ထိုစွမ်းအားများက ပြိုင်ဘက်ကို ဖြည်းဖြည်းချင်း အားနည်းသွားစေနိုင်သည်။

ထို့ပြင် ပြိုင်ဘက်၏မြန်နှုန်းကိုလည်း လျော့ချနိုင်စေသလို သူကိုယ်တိုင်၏ မြန်နှုန်းကိုလည်း မြင့်တက်လာစေနိုင်သည်။ မူလကပင် အစိမ်းရောင်တစ္ဆေဝံပုလွေ၏မြန်နှုန်းက အလွန်မြင့်မားလေရာ လျှင်မြန်မှုတွင် သူနှင့်ယှဉ်ပြိုင်နိုင်သည့်သားရဲ အနည်းငယ်သာ ရှိသည်။

ရဲ့ကျုန်းကျိုးက ရွှီကနဲ လေတစ်ချက်ချွန်လိုက်သည်။

“ငါ့ကောင်ကြီး... စတော့”

အစိမ်းရောင်တစ္ဆေဝံပုလွေက ရေနက်မှော်နဂါး၏ စွမ်းအားများ ပျောက်ကွယ်သွားစေရန် အေးစိမ့်သောချီစွမ်းအားကို ထုတ်လွှတ်အသုံးပြုမည်ကို သူ သိရှိပြီးသား ဖြစ်သည်။ ဝံပုလွေကြီးက ထိုချီစွမ်းအားကို အသုံးပြုကာ ကြာရှည်စွာတိုက်ပွဲဝင်ရန် ရည်မှန်းထားဟန် ရှိ၏။ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ရေနက်မှော်နဂါးဘက်မှ အားသာချက်လျော့နည်းလာမည် ဖြစ်သည်။

ရေနက်မှော်နဂါးက မိုးခြိမ်းသံအလား ကြုံးဝါးသံတစ်သံကို ပြုလုပ်လိုက်ပြီး အစိမ်းရောင်တစ္ဆေဝံပုလွေထံသို့ ဦးတည်ဝင်ရောက်သွားသည်။

သူ၏ နက်စွေးနေသည့်ကြေးခွံများက ကြွတက်လာပြီး များပြားလှသော ရေချီစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထိုချီစွမ်းအားများက ပြိုင်ဘက်ကိုဖိအားပေးနိုင်သည့် အဆုံးမရှိ ပင်လယ်လှိုင်းလုံးကြီးများပမာ ဖြစ်သည်။

“အူ...ဝူး...”

အစိမ်းရောင်တစ္ဆေဝံပုလွေက အူသံတစ်ချက်ပြုလုပ်လိုက်ပြီး ရေနက်မှော်နဂါးကြီး၏ နဂါးခြေသည်းများကို သူ၏ ဝံပုလွေခြေသည်းများဖြင့် ခုခံလိုက်သည်။ တိုက်ပွဲက အစမှာပင် ပြင်းထန်ကြမ်းတမ်းပြီး ပတ်ဝန်းကျင်တစ်ခုလုံး သွေးရံနံ့များ လွှမ်းမိုးလာသည်။

ရေနက်မှော်နဂါးက စွမ်းအားသာလွန်သည်ဖြစ်ရာ ဝံပုလွေကြီးကို လျှင်မြန်စွာ ဖိနှိပ်ထားလိုက်သည်။ ဝံပုလွေကြီးက ကြောက်လန့်သွားဟန်ဖြင့် ချက်ချင်း နောက်ဆုတ်သွားသည်။

တိုက်ပွဲကိုကြည့်ပြီး ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များ ပျော်ရွှင်သွားကြသော်လည်း ရန်ကျောက်ကဲ၏မျက်နှာကတော့ တည်ကြည်လေးနက်နေသည်။

အဘယ်ကြောင့်ဆိုသော် အစိမ်းရောင်တစ္ဆေဝံပုလွေ၏မျက်လုံးများတွင် ပါးနပ်ကောက်ကျစ်မှု ၊ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နက်နေကြောင်း သတိပြုမိလိုက်သောကြောင့်ပင်။

All Chapters