နတ်ဆိုးချင်လင်းပန်းပွင့်
Vol. 46 Ch. 636
ဗေဒါပင်ကြီး၏ ပျက်စီးသွားမှုကြောင့် အတုအယောင်များ အားလုံးမှာလည်း ပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့ သူ၏စိတ်ကို အဆင်သင့်ပြင်ထားသည့်တိုင်အောင် သူ၏ရှေ့တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားရဆဲပင်။
" လက်စသတ်တော့ ငါက ကျယ်ပြန့်တာအိုနန်းတော်ဆီ ပြန် မရောက်သွားဘဲနဲ့ စစ်သင်္ဘောကြီးထဲကို ရောက်သွားတာကိုး " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်မိလိုက်၏။ သူ၏ရှေ့ ခြေလှမ်းဆယ်လှမ်း အကွာတွင် အနီရောင် ဧရာမပန်းပွင့်ကြီးတစ်ပွင့် ရှိနေသည်။
၎င်းမှာ ပေတစ်ရာကျော် မြင့်မားပြီး ၎င်း၏ အညွန့်အဖူးများမှာ ကျောက်တိုင်ကြီးများနှင့်တူကာ အပေါ်ဘက်သို့ မျက်နှာမူ၍ ဖူးပွင့်နေကြ၏။ ၎င်း၏ ဧရာမ ပွင့်ဖတ်များထဲမှ ထူးဆန်းသော အလင်းရောင်တစ်မျိုး ထွက်ပေါ်နေသည်။ ထို ကမ္ဘာကြီးထဲတွင် ထူးဆန်းသော မွှေးရနံ့တစ်ခုဖြင့် ပြည့်နှက်နေ၏။ သူသည် စစ်သင်္ဘောကြီးပေါ်သို့ တက်လာပြီးနောက် အတုအယောင်ကမ္ဘာကြီးထဲသို့ ရောက်ရှိသွားခဲ့သည့် အချိန်ကတည်းက ထိုအနံ့အား ရနေခဲ့ခြင်းဖြစ်သည်။
ထိုရနံ့ကြောင့် သူသည် အတုအယောင်ကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်ပေသည်။ ထို အနီရောင် ဧရာမပန်းပွင့်ကြီး၏ အောက်တွင် သစ်သီးပေါင်း မြောက်မြားစွာ တွဲလောင်းကျနေ၏။ ထိုသစ်သီး တစ်လုံးချင်းစီတိုင်းမှာ လူတစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားခန့် ရှိပေသည်။ ထိုသစ်သီးများပေါ်တွင် အက်ကွဲကြောင်းများ ရှိနေပြီး ထိုအက်ကွဲကြောင်းများထဲတွင် ချွန်ထက်သော သွားများဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်စရာကောင်းလှပေသည်။
ထိုအက်ကွဲကြောင်းများထဲမှ ပျစ်ချွဲချွဲအရည်များ မြေကြီးပေါ်သို့ စီးကျလာသောအခါ တရှဲရှဲမြည်သံများ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့နှင့် အနီးဆုံးတွင်ရှိနေသော သစ်သီးမှာဆိုလျှင် ခြောက်သွေ့ညှိုးနွမ်းကာ သေဆုံးသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ခေါင်းမော့၍ သူ၏ဘေးဘီဝဲယာအား အကဲခတ်ကြည့်လိုက်သောအခါ ကောင်းကင်ယံထဲ၌ နတ်ဆိုးအလင်းရောင်တစ်ခု မှိတ်တုတ်မှိတ်တုတ် တောက်ပနေပြီး မြေပြင်ပေါ်တွင် အလောင်းများနှင့် ပန်းပွင့်များဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော ပန်းပွင့်များ၏ ရှေ့တွင် သူနှင့် ရင်းနှီးသည့်လူများ ရှိနေကြ၏။
သူသည် ဖုန့်ချိုးရန်၊ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ကိုသာမက စစ်သင်္ဘောကြီးထဲသို့ သူနှင့်အတူ ဝင်ရောက်လာသည့် အခြားသူများကိုပါ မြင်လိုက်ရသည်။ သူတို့ထဲမှအချို့မှာ ပန်းပွင့်တစ်ပွင့်ချင်းစီ၏ အောက်တွင် တွဲလောင်းကျနေသော သစ်သီးများ၏ရှေ့၌ မတ်တတ်ရပ်နေကြပြီး အချို့မှာမူ ပန်းပွင့်များဆီသို့ လျှောက်လှမ်းသွားနေကြ၏။ အချို့မှာဆိုလျှင် သစ်သီးများထဲသို့ လူးလွန့်ဝင်ရောက်နေကြသည်။
လူအချို့မှာမူ မရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာ ပန်းပွင့်အချို့၏ အောက်တွင်ရှိနေသည့် ရင့်မှည့်နေသော သစ်သီးများကို မြင်လိုက်ရသောအခါ သူတို့ မည်သည့်နေရာသို့ ရောက်သွားမှန်း ချက်ချင်း သဘောပေါက်သွားတော့သည်။ သူတို့မှာ ထိုသစ်သီးများ၏ အပြီးတိုင် ဝါးမျိုခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
ဖုန့်ချိုးရန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။ အချို့မှာ ပြုံးဖြဲဖြဲ ဖြစ်နေကြပြီး အချို့မှာမူ မိန်းမောတွေဝေနေသည့်ပုံ ပေါက်နေကြသလို အချို့မှာ စိတ်လှုပ်ရှားနေကြပြီး အချို့မှာ အမျက်ချောင်းချောင်းထွက်နေကြ၏။ အချို့မှာဆိုလျှင် ကြိုးစားရုန်းကန်နေရသည့်ပုံ ပေါက်နေကြသည်။
ကောင်းကင်ယံကြီးထဲတွင် နတ်ဆိုးအလင်းရောင်များ တောက်ပနေပြီး မြေပြင်ပေါ်တွင် ပန်းများရဲရဲနီနေအောင် ပွင့်နေ၏။ ဝမ်ပေါင်လဲ့မှာ ထို မြင်ကွင်းကြောင့် လိပ်ပြာလွင်လုမတတ် တုန်လှုပ်ချောက်ချားသွားရ၏။ ထို့နောက် သူသည် ကျောက်ယမုန့်ဆီသို့ ပြေးသွားလိုက်ရင်း အသက်ရှူသံများ မြန်ဆန်လာတော့သည်။
ကျောက်ယမုန့်မှာ ရှက်သွေးဖြာနေပြီး သူမ၏မျက်ဝန်းများမှာ အိပ်ချင်မူးတူး ဖြစ်နေသည့်ပုံစံ ပေါက်နေ၏။ သူမသည် ထိုသစ်သီးကြီး၏ ဝါးမျိုခြင်းကို ခံရတော့မည်ဖြစ်ပြီး သူမ၏ လက်တစ်ဖက်၏ တစ်ဝက်တိတိမှာ ထိုသစ်သီးထဲသို့ ရောက်နေပြီဖြစ်သည်။
သူမ ထိုသစ်သီးထဲသို့ ဝင်ရောက်သွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူမ၏ဘေးသို့ ရောက်ရှိလာပြီး သူမ၏ လက်မောင်းအား လှမ်းဆွဲလိုက်၏။ ထို့နောက် သူသည် ၎င်းအား နောက်သို့ အားပါပါဖြင့် ဆောင့်ဆွဲလိုက်သောအခါ ထိုသစ်သီးထဲမှ စူးစူးဝါးဝါး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းမှာ အမျက်ချောင်းချောင်းထွက်ကာ ၎င်း၏ သားကောင်နှင့် မခွဲချင်သည့်လေသံ ပေါက်နေသည်။ ထိုအချိန်တွင် ထိုသစ်သီးထဲမှ အားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။ ထို့နောက် ထိုသစ်သီးမှာ ရုတ်တရက်ဆိုသလို အရွယ်အစားကြီးမားလာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဝါးမျိုနိုင်ရန် ကြိုးပမ်းလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီး၏ လက်သီးချက်ဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်လိုက်၏။ ထိုအခါ ထိုသစ်သီးမှာ အပြင်းအထန် တုန်ရီသွားပြီး ၎င်းထဲမှ အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလို ပေါက်ကွဲသွားသဖြင့် ၎င်း၏ ပျစ်ချွဲချွဲ အရည်များအားလုံးမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ကျောက်ယမုန့်အား အဝေးသို့ ဆွဲခေါ်သွားလိုက်၏။ သို့သော် ကျောက်ယမုန့်မှာ သူမ၏ အတုအယောင်ကမ္ဘာထဲမှ နိုးထလာမည့်ပုံ မပေါ်သေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး သူ၏ညာဘက်လက်ကိုမြှောက်ကာ သူမ၏နဖူးအား လက်ညှိုးထိုးလိုက်၏။
" နိုးထစေ "
သူ၏ စကားသံမှာ မိုးခြိမ်းသံနှင့် တူနေပြီး လေထဲ၌ ပဲ့တင်ထပ်သွား၏။ ကျောက်ယမုန့်မှာလည်း ထိုအသံအား ကြားလိုက်ရသည့်ပုံပင်။ သူမသည် တစ်ကိုယ်လုံးတုန်ရီသွားပြီး သူမ၏ မျက်ဝန်းများမှာလည်း ကြည်လင်ပြတ်သားလာတော့သည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။
" ပေါင်လဲ့။ ငါ အိပ်မက်တစ်ခု မက်ခဲ့တာ။ အိပ်မက်ထဲမှာ ငါတို့နှစ်ယောက်က... " ကျောက်ယမုန့်မှာ စကားမဆုံးနိုင်ခင်မှာပင် သတိပြန်ကပ်သွားပြီး သူမ၏ ဘေးပတ်ဝန်းကျင်အား သတိထားမိသွား၏။ ထို့ကြောင့် သူမသည် ချက်ချင်းဆိုသလိုပင် သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး တုန်လှုပ်ချောက်ချားသွားရတော့သည်။
ကျောက်ယမုန့် သတိပြန်ရလာသည်ကို မြင်လိုက်ရသောအခါမှ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သို့သော် သူသည် သူမအား နှစ်သိမ့်ပေးနေရန် မချိန်မရှိပေ။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ အခြားသူများဆီသို့ ပြေးသွားလိုက်၏။ ထိုအချိန်တွင် ဖုန့်ချိုးရန်၏ ရှေ့တွင်ရှိနေသော ဧရာမ ပန်းပွင့်ကြီးမှာ စတင်တုန်ရီလာပြီး ခဏအကြာတွင် ပျက်စီးသွားတော့သည်။ ၎င်း၏ ပွင့်ဖတ်များမှာ တစ်စစီ ဆုတ်ပြဲသွားပြီး ၎င်း၏ရိုးတံနှင့် သစ်သီးများမှာ ပေါက်ကွဲထွက်သွားကြ၏။ ထို့နောက် ဖုန့်ချိုးရန်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကြားခံနယ်အဆင့် ဝိညာဉ်ချီများ ထွက်ပေါ်လာတော့သည်။
" ချင်လင်းအိပ်မက်နယ်မြေပါလား " ဖုန့်ချိုးရန်မှာ မျက်စိမျက်နှာပျက်နေ၏။ သူမသည် မျက်လုံးများ ပြန်ပွင့်လာသောအခါ ဝမ်ပေါင်လဲ့နှင့် အနည်းငယ်ခန့် အင်အားချိနဲ့နေသည့်ပုံ ပေါက်နေသော ကျောက်ယမုန့်တို့ကို မြင်လိုက်ရသည်။ ဝမ်ပေါင်လဲ့မှာ သူမအား ယခုလေးတင်မှ ကယ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို့ကြောင့် ဖုန့်ချိုးရန်မှာ အံ့အားသင့်သွားရ၏။ ဝမ်ပေါင်လဲ့မှာ လျှော့တွက်၍မရသည့် လူတစ်ယောက်ဖြစ်ကြောင်း သူမက သိထားပါသော်လည်း သူသည် သူမထက်အရင် အတုအယောင် ကမ္ဘာကြီးထဲမှ လွတ်မြောက်လာခဲ့လိမ့်မည်ဟု သူမက လုံးဝထင်မှတ်မထားခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်တစ်ယောက် အတုအယောင် ကမ္ဘာထဲမှ လွတ်မြောက်လာသည်ကို မြင်လိုက်ရသောအခါမှ စိတ်အေးသွားရ၏။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ အခြားသူများအား သွားရောက်ကယ်တင်လိုက်ကြတော့သည်။ အိပ်မက်နယ်မြေထဲတွင် ပိတ်မိနေသည့် ယွမ်ယင်အဆင့် ကျင့်ကြံသူအနည်းငယ်ခန့် ရှိနေဆဲပင်။ သို့သော် သူတို့မှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း အာရုံခံမိခဲ့သဖြင့် ထိုအတုအယောင်ကမ္ဘာကြီးအား တွန်းလှန်ဖယ်ရှားနိုင်ရန် ကြိုးပမ်းနေကြသည်ကို သူတို့၏ မျက်နှာအမူအရာများကို ကြည့်လျှင် သိနိုင်ပေသည်။
သူတို့ထဲမှ အများစုမှာ အကူအညီမရပါက သေကျေပျက်စီးသွားကြမည် ဖြစ်ပါသော်လည်း အချို့မှာမူ အကူအညီ မရလျှင်တောင် လွတ်မြောက်လာကြမည်ဖြစ်သည်။ ယခုတွင် ဖုန့်ချိုးရန်နှင့် ဝမ်ပေါင်လဲ့တို့က ကူညီပေးနေသည်ဖြစ်ရာ သူတို့မှာ ပို၍ပင်လျင်မြန်စွာ သတိရလာကြတော့သည်။
သိပ်မကြာခင်တွင် သူတို့နှစ်ယောက်နှင့် သူတို့ကယ်တင်ထားသည့် လူများမှာ တစ်ကိုယ်လုံး ဝါးမျိုခံရခြင်း မရှိသေးသော ကျင့်ကြံသူများအားလုံးကို အတုအယောင်ကမ္ဘာထဲမှ ကယ်ထုတ်နိုင်သွားတော့သည်။ လူတိုင်းမှာ သတိပြန်ရလာချိန်တွင် တုန်လှုပ်ချောက်ချားသွားရသည်သာ ဖြစ်သည်။ သူတို့မှာ ခံစားချက်မျိုးစုံ ရောထွေးနေသည့် မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ မည်သူကမှ သူတို့အိပ်မက်မက်ခဲ့သည့် အရာများကို ထုတ်မပြောခဲ့ကြပေ။ သူတို့မှာ အတုအယောင်ကမ္ဘာကြီးထဲမှ လွတ်မြောက်လာပြီးသည့်တိုင်အောင် ဤ ထူးဆန်းအံ့ဖွယ် နေရာကြီးအား ထိတ်လန့်ကြောက်ရွံ့ နေကြဆဲပင်။
သူတို့မှာ သစ်သီးအချို့အား ထပ်ခြမ်းခွဲလိုက်ကြပြီးနောက် ထို သစ်သီးများ၏ အရှင်လက်လက် ဝါးမျိုခြင်းကို ခံခဲ့ရသော ကျင့်ကြံသူများ၏ အရိုးတခြား အသားတခြားဖြစ်နေသည့် ရုပ်အလောင်းများကို မြင်လိုက်ရသောအခါ နှုတ်ဆိတ်သွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း စိတ်ဓာတ်များကျသွားရ၏။ သူတို့မှာ စစ်သင်္ဘောကြီးထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့အားလုံးမှာ လက်ရှိအခြေအနေအတွက် စိုးရိမ်နေကြတော့သည်။
" ပေါင်လဲ့။ ဒီလူတွေကို ကာကွယ်ပေးထား။ ငါ ဒီနားတစ်ဝိုက်မှာ ရှိနေတဲ့ နတ်ဆိုးချင်လင်းပန်းပွင့်တွေကို သွားပြီးတော့ ဖျက်ဆီးလိုက်မယ် " ဖုန့်ချိုးရန်မှာလည်း မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ ထို့အပြင် သူမသည် သူမ၏ဖခင်အတွက် စိတ်ပူနေ၏။ သူမ လေပေါ်သို့ပျံတက်ကာ ထိုနေရာတစ်ဝိုက်အား ကြည့်ရှုစစ်ဆေးရန် ပြင်လိုက်စဉ်မှာပင်....
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော နတ်ဆိုးပန်းပွင့်ကြီးများမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားကြပြီး ပေါက်ကွဲသံအကျယ်ကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ ထိုအချိန်တွင် သူတို့မှာ သူတို့၏ သက်စောင့်စွမ်းအားများအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များထဲ၌ ကိန်းအောင်းနေသော ပန်းရနံ့များမှာ အပြင်သို့ ထွက်လာကြတော့သည်။
အဝေးမှ ကြည့်လိုက်ပါက ထို ပန်းရနံ့များမှာ ဓာတ်ငွေ့များကဲ့သို့ ဖြစ်နေ၏။ အနီးကပ် ကြည့်ရှုလိုက်လျင်မွန် ၎င်းတို့မှာ ရဲရဲနီနေသော ဝတ်မှုန်များဖြင့် ဖွဲ့စည်းထားသည့် သွေးရောင်မြူခိုးများနှင့် တူနေသည်။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ပေတစ်ထောင်ကျော်အထိ ပျံ့နှံ့သွားပြီး ထိုနေရာကြီး တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။
ပန်းပွင့်ကြီးများမှာမူ ထိုဝတ်မှုန်များကို ထုတ်လွှတ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ခြောက်သွေ့ညိုးနွမ်းသွားကြပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကြ၏။ ၎င်းတို့၏ ဝတ်မှုန်များ စုဝေးသွားရာမှ ပေါ်ပေါက်လာသည့် မြူခိုးများမှာမူ အရပ်မျက်နှာအနှံ့သို့ ဆက်လက် ပျံ့နှံ့သွားပြီးနောက် ပြောင်းလဲမှုကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ထို ဝတ်မှုန်များမှာ ထိုနေရာတစ်ဝိုက်တွင် တောင်လိုပုံနေသော ရုပ်အလောင်းများပေါ်သို့ ကျဆင်းသွားကြသောအခါ ထို ရုပ်အလောင်းများ၏ ခန္ဓာကိုယ်များမှာ စတင်လှုပ်ရှားလာကြ၏။ ခဏအကြာတွင် ရုပ်အလောင်း မြောက်မြားစွာမှာ ဒယိမ်းဒယိုင်နှင့် ပြန်ထလာကြသောကြောင့် လေထဲ၌ အော်ဟစ်မြည်တမ်းသံများဖြင့် ပဲ့တင်ထပ်သွားတော့သည်။ ၎င်းတို့ထဲမှ အချို့မှာ လူသားများဖြစ်ကြပြီး အချို့မှာ သားရဲကြီးများ ဖြစ်ကြ၏။ ထို့အပြင် ဝမ်ပေါင်လဲ့ လုံဝမမြင်ဖူးသည့် မျိုးစိတ်အချို့လည်း ရှိနေသေးသည်။ ၎င်းတို့အားလုံးမှာ မတ်တတ်ထလာကြပြီးနောက် ဝမ်ပေါင်လဲ့နှင့် အသက်ရှင်ကျန်ရစ်ခဲ့သည့် အခြား ကျင့်ကြံသူများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြတော့သည်။
ထို သတ္တဝါများ၏ ပတ်ပတ်လည်တွင် အပုပ်နံ့များ တထောင်းထောင်းထနေ၏။ ထို့ကြောင့် ကောင်းကင်ကြီးမှာ အရောင်များ မှေးမှိန်သွားပြီး လေပြင်းများတိုက်ခတ်ကာ တိမ်တိုက်များ တလိပ်လိပ် ထလာကြတော့သည်။ ထို့အပြင် ထို ရုပ်အလောင်းများ၏ အရေအတွက်မှာအလွန်အင်မတန်မှ များပြားပါသော်လည်း ၎င်းတို့ထဲမှအများစုမှာ ရှေးယခင်ကတည်းက သေဆုံးနေခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့ဆီတွင် ပင်ကို အသိစိတ်တစ်ခုသာ ကျန်ရှိတော့၏။ အမြုတေအဆင့်ကျင့်ကြံသူများဆိုလျှင် ၎င်းတို့အား အလွယ်တကူ ရင်ဆိုင်နိုင်မည် မဟုတ်ပါသော်လည်း ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာမူ ထိုသတ္တဝါများအား သတ်ဖြတ်ချေမှုန်းနိုင်ရန် အခက်တွေ့နေမည် မဟုတ်ပေ။
ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဆိုလျှင်မူ ၎င်းတို့မှာ ပါမွှားအဆင့်တွင်သာ ရှိပေသည်။ ထို ရုပ်အလောင်းများ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြသောအခါ စိုးရိမ်တကြီး ဖြစ်နေသည့် ဖုန့်ချိုးရန်မှာ ရုတ်တရက်ဆိုသလို မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူမသည် သူမ၏ ညာဘက်လက်ကို မြှောက်ကာ မြေကြီးပေါ်သို့ အားပါပါ ရိုက်ချလိုက်တော့သည်။
ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားပြီး ပေထောင်ပေါင်းများစွာ ရှည်လျားသော ဧရာမ ပုံရိပ်ယောင်လက်ကြီးတစ်ဖက်မှာ သူတို့အထက်၌ ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ မြေကြီးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာတော့သည်။ လေပြင်းများတိုက်ခတ်နေသောကြောင့် လူတိုင်း၏ ဆံပင်များနှင့် အဝတ်အစားများမှာ လေထဲတွင် တလူလူလွင့်နေကြသည်။ သူတို့အားလုံး မလှုပ်မယှက်ရပ်ကာ တုန်လှုပ်ချောက်ချားနေစဉ်မှာပင် ထိုဧရာမလက်ကြီးမှာ သူတို့အား အန္တရာယ်ပြုခြင်းမရှိဘဲ သူတို့၏ ခန္ဓာကိုယ်များအား ဖြတ်သွားပြီးနောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
ထိုအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့ဆီသို့ ပြေးလာနေကြသည့် ရုပ်အလောင်းအားလုံးမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။
ထို ပုံရိပ်ယောင်လက်ကြီး ပြန်လည်ပျောက်ကွယ်သွားသောအခါ ထိုနေရာတစ်ခုလုံးမှာ ပြန်လည် တည်ငြိမ်သွားပြန်သည်။ လူတိုင်းမှာ ပင့်သက်များ ရှိုက်နေကြပြီး ဝမ်ပေါင်လဲ့ပင်လျှင် အသက်ရှူသံများ တစ်ခဏမျှ ရပ်တန့်သွားရ၏။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ဖုန့်ချိုးရန်အား လှမ်းကြည့်လိုက်တော့သည်။ ယခင်တုန်းက ဖုန့်ချိုးရန်မှာ ယခုကဲ့သို့သောစွမ်းအားမျိုးကို ထုတ်မပြဖူးခဲ့သောကြောင့် အများစုမှာ သူမသည် မြဲ့လျဲ့ကျိလောက် အစွမ်းမထက်ဟု မှတ်ယူထားကြ၏။
သို့သော် ယခုတွင်မူ သူမသည် သူမ၏ရာထူးအဆင့်အတန်းနှင့် ကိုက်ညီမှုရှိသော စွမ်းအားများကို ထုတ်ပြလိုက်ပြီဖြစ်သည်။
" ဒီအနီရောင် ပန်းပွင့်တွေကို နတ်ဆိုးချင်လင်း ပန်းပွင့်တွေလို့ ခေါ်တယ်။ အဲဒီပန်းနံ့က လူတွေကို အတုအယောင် ကမ္ဘာကြီးထဲမှာ ပိတ်လှောင်ထားနိုင်စွမ်းရှိတယ် " ဖုန့်ချိုးရန်မှာ ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ ထို့နောက် သူမသည် ညာဘက်လက်ကိုမြှောက်၍ လေထဲသို့ လှမ်း၍ဖမ်းဆုပ်ကာ ခြောက်သွေ့ပျက်စီးသွားပြီဖြစ်သော ပန်းပွင့်များဆီမှ အမျှင်အတန်းများကဲ့သို့ ဖြစ်နေသော ဝတ်ဆံဖို၊ ဝတ်ဆံမများကို ထုတ်ယူလိုက်ပြီးနောက် လူတိုင်း၏ရှေ့တွင် ချထားလိုက်တော့သည်။
" ဒါတွေကိုဆောင်ထား။ နတ်ဆိုးပန်းပွင့်တွေရဲ့ အတုအယောင်စွမ်းအားတွေကို တွန်းလှန်တဲ့နေရာမှာ အထောက်အကူ ပြုပေးနိုင်တယ် "