အပြန်
Vol. 109 Ch. 1516
အာကာပြင်ကျယ်စကြဝဠာ၏အပြင်တွင် တိုက်ပွဲကား ဆက်ဖြစ်နေဆဲပင်။
မန်ဟို့နဝမမန္တန်၏ ချုပ်စည်းရှစ်ခုမှ ဖြစ်ပေါ်လာသော အလင်းရောင်သည် အနှစ်သာရ ၉ခုအဆင့်ထက် ကျော်လွန်သည့်တိုင်အောင် အစွမ်းကြီးမား၏။ မန်ဟို့အနေဖြင့် အဆိုပါအလင်းရောင်က တန်ခိုးရှင်အဆင့်မှ မည်မျှဝေးကွာလဲ မပြောတတ်သည့်တိုင် အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူတစ်ယောက်မှ ၎င်းကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
နားကွဲလုအောင် ကျယ်လောင်သော ထစ်ချုန်းမြည်ဟည်းသံများသည် အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွား၏။ မျက်နှာများမှာ မီးလောင်ပြာကျမသွားခင် တိုင်ထဲသို့ပင် ပြန်မဝင်နိုင်လိုက်ပေ။
မသေခင် ၎င်းတို့သည် သနားစဖွယ်ကောင်းစွာ အော်ဟစ်ကုန်ကြ၏။ ထို့နောက် လွင့်စင်ပြိုကွဲနေစဉ် ၎င်းတို့၏အမူအရာများမှာ ငြိမ်းချမ်းသွားပြီး ကျေးဇူးတင်နေဟန် ရှိကြလေသည်။
မကြာမီ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အဖြစ်အပျက်ကား မန်ဟိုသော်လည်းကောင်း၊ ကြက်တူရွေးသော်လည်းကောင်း ထင်ထားခဲ့သည်ထက်ပင် မြန်လွန်းသည်။
ကြက်တူရွေးက တုန်ခါနေဆဲဖြစ်သော မိစ္ဆာတိုင်နှင့် ဒေါသငွေ့များကို ထုတ်လွှတ်နေသည့် မန်ဟို့အား လှမ်းကြည့်သည်။
ကြက်တူရွေးမှာ မန်ဟို့ကို အံ့ဩလွန်း၍ အသက်ပြင်းပြင်းမရှူမိလိုက်ဘဲ မနေပေ။ သူတို့နှစ်ယောက် နှစ်ပေါင်းမြောက်မြားစွာ ဝေးကွာနေခဲ့သော်လည်း ... မန်ဟိုသည် အသေးငယ်ဆုံးအငြိုးလေးအတွက်ပင် ကလဲ့စားပြန်ချေတတ်သည့် လူစားမျိုးဖြစ်နေဆဲပင်။
“သူ ... ဘာ ... ဘာလုပ်နေတာလဲ” ကြက်တူရွေးက မယုံကြည်နိုင်မှုတို့ဖြင့် မျက်လုံးများဝိုင်းစက်နေလျက် တွေးသည်။ “ဘယ်လောက်မိုက်လိုက်သလဲကွာ။ အဲဒီတိုင်... အဲဒီတိုင်ကို တန်ခိုးရှင်အဆင့်ကျင့်ကြံသူပဲ ဖျက်စီးနိုင်တာလေ။ သူက အခု အဲဒီမိစ္ဆာတိုင်ကို ဖျက်စီးချင်နေတာလား”
ကြက်တူရွေးသည် အာကာသထဲ၌ မွစာကြဲနေသော အပျက်အစီးများနှင့် ဖရိုဖရဲများကို ကြည့်ပြီးနောက် တိုင်ကို ပြန်ကြည့်၏။ တခဏကြာ၍ အလင်းရောင်မှေးမှိန်သွားသော် ဖြောက်ခနဲ အက်ကွဲသံတစ်သံထွက်လာသည်။
တစ်ချိန်တည်းမှာပင် တိုင်ပေါ်၌ အက်ကြောင်းတစ်ကြောင်း ပေါ်လာသည် မြင်ရနိုင်၏။ တိုင်မှာ ကျိုးမသွားသော်လည်း ပွင့်ထွက်သွားခဲ့သော အက်ကြောင်းအား သေချာပေါက် ပြန်မစေ့နိုင်ပေ။
ကြက်တူရွေးက တုန်ရီစွာဖြင့် အော်သည်။ “မန်ဟို၊ ဒီလောက်နဲ့ လုံလောက်ပြီ။ တော်လိုက်တော့။ မန္တန်ဝင်္ကပါလည်း အဆင့်သင့်ဖြစ်နေပြီ၊ ငါတို့ တတ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့ လိုတယ်ကွ” ထို့နောက် ကြက်တူရွေးက တဂျုန်းဂျုန်းမြည်နေသော မန္တန်ဝင်္ကပါဆီ လှည့်ထွက်သွားသည်။
မန်ဟိုလည်း ချက်ချင်း နောက်မှလိုက်သွားသည်။ တိုက်ပွဲသည် ပြင်းထန်ခဲ့သော်လည်း သူ့အနေဖြင့် ရင်သပ်ရှုမောဖွယ် အောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့ပြီမဟုတ်ပါလော။
“အခုတော့ ငါ ဒီတိုင်ကို မဖျက်စီးနိုင်သေးဘူး” မန်ဟိုက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် တွေးသည်။ “ဒါပေမဲ့ တစ်နေ့ကျ ပြန်လာပြီး အပြတ်ရှင်းပစ်မယ်”
အက်ကြောင်းပေါ်လာခဲ့သော အခိုက်အတန့်မှာပင် တိုင်အတွင်းရှိ လူပုံသဏ္ဍာန်ကောက်ကြောင်းသည် ကျုံ့စပြုလာ၏။ ၎င်းအပေါ်ရှိ သစ်သီးများ တဖောင်းဖောင်းပေါက်ကွဲကုန်ကာ မကြာမီ စူးနေသောအော်သံကြီးတစ်သံ ဟိန်းထွက်လာသည်။ အော်သံသည် တိုင်အပြင်အထိ ရောက်ရှိလာပြီး အရပ်လေးမျက်နှာတွင် ပဲ့တင်ရိုက်ခတ်သွား၏။
အော်သံကို ကြားလိုက်သည့်အခါ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူသည် တွန့်ဆုတ်မနေဘဲ အရှိန်တင်လိုက်၏။ ထိုအချိန်တွင် အတုမရှိအင်မော်တယ်ကို ကိုယ်စားပြုသော တိုင်သည် ကျုံ့သွားပြီး ခြောက်ကပ်စပြုလာ၏။ အဆိုပါဖြစ်ရပ်က မိစ္ဆာတိုင်အား ပြန်လည်သက်သာလာစေသည်။
သို့ပင်ငြား အက်ကြောင်းကား ခြေရာလက်ရာပင် မပျက်ပေ။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤအခိုက်အတန့်တွင် လောကပါလနတ်မင်း၏စိတ်ဆန္ဒက ကြယ်တာရာကောင်းကင်ကို တဝုန်းဝုန်းလှုပ်ခတ်လာစေရင်း ထွက်ပေါ်လာသည်။ ထို့နောက် မျက်လုံးကြီးတစ်လုံး အပေါ်၌ ပေါ်လာ၏။
မျက်လုံးကြီးကား ဧရာမကြီးမားပြီး သွေးချင်းနီနေသည်။ ဖရိုဖရဲများက ၎င်း၏မျက်ဝန်းအိမ်တွင် ကူးလူးဖြတ်ပြေးနေပြီး အာကာပြင်ကျယ်စကြဝဠာ၏ တဖွေးဖွေးလှုပ်နေသော မြူတို့လည်း ရှိနေသယောင်ပင်။ ဤမျက်လုံးသည် လောကပါလနတ်မင်း၏စိတ်ဆန္ဒ၊ နောက်ဆုံးသောတိုက်ကွက် ဖြစ်ဟန်တူ၏။ ၎င်းပေါ်လာလျှင်ချင်း အရာအားလုံး လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။
မျက်လုံးကြီးပွင့်လာခြင်းက မန်ဟို့အား အင်မတန်ပြင်းထန်သောအန္တရာယ်ကို ခံစားလိုက်ရစေသည်။ ပတ်ဝန်းကျင်ရှိ သဘာဝနိယာမများ အဖျက်စီးခံနေရကြောင်း သူ ပြောနိုင်သည့်အပြင် မျက်လုံး၏အကြည့် သူ့အပေါ် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူ့ဦးရေပြားကို ထုံကျင်စပ်ဖျဉ်းသွားစေသော ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ချက်ချင်းပင် ကြေးမီးအိမ်သည် ပို၍လင်းထိန်လာကာ မန်ဟို့ကို အလင်းလူသားပမာ ဖြစ်သွားစေ၏။
မျက်လုံးကြီး ပွင့်လာသော အခိုက်အတန့်ဝန်းကျင်လောက်မှာပင် မန်ဟိုကား ကြက်တူရွေးနှင့်အတူ မန္တန်ဝင်္ကပါဆီသို့ ရောက်ရှိသွားခဲ့လေပြီ။
ကြက်တူရွေးက ဂီးခနဲအော်လျက် မန္တန်ဝင်္ကပါအား အသက်သွင်းသည်။ သို့သော် အလင်းရောင် တောက်ပစပြုလာရုံရှိသေးစဉ် ထာဝရမျက်လုံးကြီးက ဧရာမပါးစပ်ကြီးတစ်ခုကို ဖန်ဆင်းလိုက်သဖြင့် မန္တန်ဝင်္ကပါ၏ပတ်ပတ်လည်မှာ ပုံပျက်တွလာသည်။ ထို့နောက် ပါးစပ်ကြီးသည် မန်ဟိုနှင့် ကြက်တူရွေးကို စားတော့မည့်အလား လှမ်းဟပ်လိုက်၏။
ကြက်တူရွေး၏မျက်လုံးများ နီရဲတောက်သွားပြီး ၎င်းက ဂီးခနဲ အော်ပြန်သည်။ ကြေးမုံတစ်လျှောက် အက်ရာများ ဖြာထွက်သွား၏။ ကြေးမုံကို ကွဲအက်စေခြင်းဖြင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒကြောင့် ဘဘာဝနိယာမပြောင်းလဲနေမှုကို အတန်ငယ်အရှိန်လျှော့လိုက်နိုင်သည်။ တအောင့်ကြာသော် ကြက်တူရွေးနှင့် မန်ဟိုကား ဝုန်းခနဲ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်မှာပဲ ပါးစပ်ကြီးသည် သူတို့ပျောက်ကွယ်သွားခဲ့သော နေရာသို့ ရောက်ရှိလာ၏။ ၎င်းက ဂွပ်ခနဲ ကိုက်ချလိုက်ရာ ကြယ်တာရာကောင်းကင်တစ်ခုလုံး ယိမ်းထိုးသွားပြီး နေရာရွှေ့ပြောင်းမုခ်ဝရှိခဲ့သောနေရာ၌ အငွေ့တလူလူထနေသော ချိုင့်ခွက်ကြီးသာ ကျန်ရစ်ခဲ့စေသည်။
မျက်လုံးကြီးသည် အဝေးကို စိုက်ကြည့်နေပြီး မိစ္ဆာတိုင်ရှိရာမှ စူးစူးဝါးဝါးအော်ဟစ်နေသံ ခပ်သဲ့သဲ့ကို ကြားရနိုင်၏။
ထိုစဉ် ...
အာကာပြင်ကျယ်စကြဝဠာ၏အတွင်း ၊ ဖုန်ထူပြောသော ကြယ်တာရာကောင်းကင်ချောင်တစ်ချောင်၌ .... နေရာရွှေ့ပြောင်းခြင်းအလင်း လင်းခနဲ လက်သွားသည်။ တခဏကြာသော် မန်ဟိုနှင့် ကြယ်တူရွေး ပေါ်လာလေသည်။
မန်ဟိုမှာ ချက်ချင်း သွေးတစ်လုပ်အန်လိုက်ရပြီး ကြက်တူရွေးမှာလည်း ခြေကုန်လက်ပန်းကျနေသည်။ နေရာရွှေ့ပြောင်းအလင်း ပျောက်ကွယ်သွားသည့်အခါ ကြေးမုံသည် အက်ရာဗလပွနှင့် ထွက်လာ၏။ မပျက်စီးသေးသော်လည်း အာကာပြင်ကျယ်စကြဝဠာအပြင်သို့ မသွားခင်တုန်းကထက် သိသိသာသာ အခြေအနေဆိုးရွားနေချေပြီ။
“လခွမ်း” ကြက်တူရွေးက စိတ်ဆိုးမာန်ဆိုး ပြောသည်။ “သခင်ငါးခမျာ အခုလေးတင် နိုးလာတယ်။ နိုးနိုးချင်း သေမင်းပါးစပ်ထဲ မရောက်တာပဲ ကံကောင်း။ ငါ စိတ်ကုန်နေပြီ စိတ်ကုန်နေပြီကွ ကြားလား။ မန်ဟို မင်း ဒါတွေအားလုံးအတွက် သခင်ငါးကို ဖြေရှင်းချက်ကောင်းကောင်းပေးတာ ကောင်းမယ်နော်”
မန်ဟိုက မေးခွန်းဖြင့် ပြန်တုံ့ပြန်သည်။ “အဲဒီမျက်လုံးက... လောကပါလနတ်မင်းလား။ လောကပါလနတ်မင်းက အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်ရဲ့ စိတ်ဆန္ဒလား”
ကြက်တူရွေး စကားစပြောသည့်အခါ ၎င်း၏မျက်ဝန်းများ၌ အကြောက်တရားအား မြင်ရနိုင်သည်။ “ဒဏ္ဍာရီတွေအရ အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်ရဲ့ ကမ္ဘာအနှစ်သာရမှာ စိတ်ဆန္ဒတစ်ခု ရှိတယ်တဲ့။ အဲဒီစိတ်ဆန္ဒက လောကပါလနတ်မင်းလို့ ခေါ်တယ်။ စိတ်ဆန္ဒရဲ့ ပင်မခန္ဓာကိုယ်က အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်မှာ တည်ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီစိတ်ဆန္ဒက အာကာပြင်ကျယ်စကြဝဠာကြီးကိုလည်း ကြီးစိုးနိုင်တယ်တဲ့လေ။ အစတုန်းကတော့ အဲဒီစိတ်ဆန္ဒဟာ သက်ရှိလူသားတွေကို ကောင်းချီးပေးတဲ့အပြင် ဘယ်လိုကျင့်ကြံအားထုတ်ရမလဲ သင်ပေးခဲ့တဲ့ပုံတောင်ပေါ်တယ်။ ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ အဲဒီစိတ်ဆန္ဒက အားနည်းလာတော့ ရူးသွားတာတဲ့လေ
“ဒါပေမဲ့ ငါ့စိတ်ထဲမှာ ဝိုးတိုးဝါးတား မှတ်ဉာဏ်တစ်ခုရှိတယ်။ အဲဒီမှတ်ဉာဏ်အရ... ဒီလောကပါလနတ်မင်းရဲ့မူလအစက မတူသလိုပဲကွ။ ဘာလဲဆိုတာတော့ ဘယ်သူမှမသိဘူး။ ငါတောင် မသေချာဘူး။ သောက်ကျိုးနည်း ငါက ဘယ်လိုလုပ်သိနိုင်မှာတုန်း” ကြက်တူရွေးက ဦးနှောက်ခြောက်နေဟန်ဖြင့် ခေါင်းခါသည်။
ကြက်တူရွေးကို ကြည့်နေစဉ် မန်ဟို့မျက်လုံးထဲတွင် အတွေးနက်နေသော အရိပ်အယောင်အား မြင်ရနိုင်သည်။ ထို့နောက် သူက နောက်မေးခွန်းတစ်ခု ထပ်မေး၏။ “မင်းကို အာကာပြင်ကျယ်ဂိုဏ်းချုပ်က ဖန်ဆင်းခဲ့တာလား”
“အာကာပြင်ကျယ်ဂိုဏ်းချုပ်...” ကြက်တူရွေးက အတိတ်ကို ပြန်တွေးနေသည့်အလား ခပ်တိုးတိုး ရေရွတ်သည်။ နိုးထလာပြီးနောက် ၎င်း၏မှတ်ဉာဏ်များသည် တဖြည်းဖြည်း ပြန်ပေါ်လာခဲ့၏။ အတန်ကြာသော် ကြက်တူရွေးသည် ခေါင်းညိတ်လိုက်သော်လည်း တွေဝေနေဟန်တူ၏။ ကြည့်ရသရွေ့ အာကာပြင်ကျယ်ဂိုဏ်းချုပ်က ကြေးမုံကို ဖန်ဆီးခဲ့သော်လည်း ကြက်တူရွေးတော့ မပါခဲ့ဟန်တူသည်။ ကြက်တူရွေးသည် အာကာပြင်ကျယ်ဂိုဏ်းချုပ်ပင် မမွေးဖွားသေးသည့် အချိန်တစ်ချိန်မှ လာခဲ့သယောင်ပင်။
ကြက်တူရွေးမှာ အတိတ်ကို ပြန်မတွေးချင်တော့၍ မန်ဟို့အား ကြိမ်းမောင်းတော့သည်။ “အဲဒီအကြောင်း တော်လိုက်တော့။ မန်ဟို မင်းကို ဖြေရှင်းချက်ပေးရမှာနော်။ လခွမ်းကွာ သခင်ငါးမှာ မှတ်ဉာဏ်ပြန်ရရုံလေးရိုသေး၊ လိပ်ပြာလွင့်မတတ်အောင် ကြောက်ခဲ့ရတာကွ”
မန်ဟို့မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပလာပြီး သူက အာကာပြင်ကျယ်ဂြိုဟ်ရှိရာသို့ လှမ်းကြည့်လိုက်၏။ “ငါ ဖြေရှင်းချက်သွားတောင်းတော့မှာပါ။ မင်းအတွက်ရော ငါ့အတွက်ရော”
သူ ပြောခဲ့သည့်အတိုင်းပင် .... သူ နောက်ဆက်လုပ်မည့်အရာက ဖြေရှင်းချက်သွားတောင်းဖို့ပင်။
အာကာပြင်ကျယ်စကြဝဠာ၏အပြင်တွင်သာ လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် သူ့အပေါ် တိုက်ရိုက်သက်ရောက်နိုင်၏။ အာကာပြင်ကျယ်စကြဝဠာအတွင်း၌ ဘာမှမလုပ်နိုင်ရာ မန်ဟို ယာယီဘေးကင်းသည်ဟု ဆိုလိုသည်။
ကြက်တူရွေး၏အဖြေက သူ၏သံသယများကို ခိုင်မာသွားစေခဲ့သည်။ မန်ဟိုသည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အဝေးလှည့်ထွက်သွား၏။
ကြက်တူရွေးက နောက်မှလိုက်လာသည်။
“ဟေ့ကောင်” ၎င်းက မေးသည်။ “အသားဂျယ်လီလေ အဲဒီချီးပေါလောကြီးရော ဘယ်ရောက်နေလဲကွ” ကြက်တူရွေး၏အမေးသည် မန်ဟို၏တိတ်ဆိတ်သွားမှုနှင့်သာ ဆုံတွေ့သွား၏။ ကြက်တူရွေးမှာ ရုတ်တရက် တုန်လှုပ်လာသည်။ “ဘာ... ဘာများဖြစ်ခဲ့လို့လဲ”
မန်ဟိုက ဝမ်းနည်းနေသောအမူအရာဖြင့် သိုလှောင်အိတ်ကို ဖွင့်၍ အသားဂျယ်လီချပ်ဝတ်၏ အစအနများအား ဂရုတစိုက် ထုတ်လိုက်သည်။ ကြက်တူရွေးသည် အကြာမှအကြာကြီး စိုက်ကြည့်နေပြီးနောက် ခံပြင်းစွာ အော်တော့သည်။
ထို့နောက် တိတ်ဆိတ်သွား၏။ နောက်ဆုံးတော့ ကြက်တူရွေးက မန်ဟို့ဘက်လှည့်လာပြီး ၎င်း၏မျက်လုံးများကား နီရဲနေချေသည်။
“မန်ဟို ငါ မင်းကို တစ်ခုမေးမယ်။ မင်း ဖြေရမယ်.... ငါတို့ သူတို့ကို ဘယ်တော့ သွားသတ်ကြမှာလဲ”
“မကြာခင်” မန်ဟို ပြန်ဖြေလိုက်စဉ် သူ၏မျက်လုံးများလည်း အလားတူနီရဲနေသည်။ “ငါတို့ ကောင်းကင်ဘုံ ၃၃ ဘုံကို သုတ်သင်မယ်။ အင်မော်တယ်နတ်ဘုရားကမ္ဘာကို ဖျက်စီးမယ်။ နတ်ဆိုးကမ္ဘာကို ချေမှုန်းမယ်။ ပြီးရင် အာကာပြင်ကျယ်စကြဝဠာရဲ့အပြင် ထွက်ပြီး လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒကို သွားသတ်ကြမယ်
“မကြာခင်....” ထိုသို့ပြောပြီး သူသည် အလင်းတန်းအသွင်ဖြင့် ကြယ်တာရာကောင်းကင်ကို ဖြတ်ခွင်းသွား၏။
ပျံသန်းနေစဉ် သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သော်လည်း သူ၏ပိန်ချုံးနေသောခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်သက်သာမလာပေ။ သူ့မှာ အတိုင်းထက်အလွန် ပိန်လှီနေသည့်အတွက် သူ့ပုံစံသည် အင်မတန် ကြောက်စရာကောင်းနေ၏။ သူ့မျက်လုံးများကလည်း အနီရောင်တောက်နေရာ အုတ်ဂူထဲမှ ယခုလေးတင် တွားသွားထွက်လာသည်နှင့် တူနေစေသည်။
သူ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် အာကာပြင်ကျယ်ဂြိုဟ်သို့ ပျံသန်းသွားနေစဉ် စိတ်နှလုံးတုန်လှုပ်ဖွယ် ထစ်ချုန်းသံများ မိုးနှင့်မြေတွင် ပဲ့တင်ထပ်နေသည်။ သူ့အတွက် ထိုနေရာသို့ ရောက်ဖို့ လပိုင်းမျှသာ ကြာလိုက်လေသည်။ အစတကည်းက အာကာပြင်ကျယ်ဂြိုဟ်နှင့် သိပ်ဝေးဝေးသို့ မရောက်ခဲ့ခြင်းကြောင့်လည်း ပါသည်။ မကြာမီ အဝေး၌ ဂြိုဟ်ကြီးတစ်လုံး ပေါ်လာလေပြီ။
သူ အနားကပ်သွားသည့်အခါ ဂြိုဟ်၏အကာအကွယ်ဒိုင်းသည် သူ့ကို တားရန်အလား ထွက်လာ၏။ မန်ဟိုက ၎င်းကို ကြည့်ပင်မကြည့်ပေ။ တိုက်ရိုက်ဖြတ်သွားလိုက်ရာ တည်ကြည်လေးနက်သောအသံတစ်သံ ပဲ့တင်ထပ်လာသည်။
“ဂါဝရပြုပါတယ် နဝမပါရာဂွန်။ ပြန်ရောက်လာတာ ဝမ်းမြောက်မိပါတယ်”
အသံ ဟိန်းထွက်နေသည့်အချိန်မှာပင် မန်ဟိုသည် အာကာပြင်ကျယ်ဂြိုဟ်၏လေထုထဲ ဝင်ရောက်သွား၏။ သူ ဝင်လာလျှင်ချင်း ကျန်ပါရာဂွန်များသည် သူ၏တည်ရှိမှုကို ခံစားလိုက်ရသည့်အပြင် အင်မတန်ကြီးမားသော အသတ်အဖြတ်အရှိန်အဝါက သူတို့အားလုံးကို မော့ကြည့်မိလိုက်စေသည်။
ကျင်ယွင်ရှန်း၊ ဂိုဏ်းချုပ်နှင့် ကျန်ပါရာဂွန်အားလုံး သင်္ချိုင်းမှ ပြန်ရောက်နေကြပြီဖြစ်၏။ သူတို့မှာ နဝမမြောက်မြေထုဆီသို့ အောင်အောင်မြင်မြင် မရောက်ခဲ့သေးပေ။ ဆက်တိုက်ကျရှုံးနေပြီးနောက် သူတို့သည် တရားထိုင်နေခဲ့ကြသော်လည်း ယခုတွင် သူတို့၏မျက်နှာများအပေါ်၌ အံ့အားသင့်နေသောအမူအရာများကို မြင်ရနိုင်ပေ၏။