ဟန်ပေ့ကို အမဲလိုက်ခြင်း
Vol. 109 Ch. 1517
ကျင်ယွင်ရှန်းသည် မည်သူမဆိုထက် တုန်လှုပ်နေ၏။ အသတ်အဖြတ်စိတ်ဆန္ဒ၏ပိုင်ရှင်က မည်သူမှန်း သဘောပေါက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့မှာ သူ၏သိုလှောင်လက်ကောက်အား အလိုလိုလှမ်းကိုင်လိုက်မိသည်။ ထိုအခါမှ အတန်ငယ်စိတ်ငြိမ်သွားလေသည်။
“နဝမပါရာဂွန်ပဲ...”
“ဒီအရှိန်အဝါ.... သူ ဘယ်လိုလုပ် ဒီလောက်အောင် အစွမ်းထက်လာတာတုန်း”
“သူ ပျောက်နေတာ နှစ်ပေါင်းရာနဲ့ချီခဲ့တာ။ နောက်ဆုံးတော့ ပြန်ရောက်လာတာ ယုံတောင်မယုံနိုင်ဘူး”
မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏အပေါ်ရှိ လေထုတွင် တခဏပျံဝဲနေပြီးနောက် ပထမမြေထုဆီ တဟုန်ထိုး ထွက်သွားတော့သည်။
ပထမမြေထုအပေါ်ရှိ သန့်ရှင်းသောသမီးတော်နန်းဆောင်တွင် အာကာပြင်ကျယ်သန့်ရှင်းသောသမီးတော် ဟန်ပေ့သည် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ သူမမျက်နှာမှာ လူကောင်လို ဖြူဆုပ်နေပြီး ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ ရုတ်တရက် အပေါ်မှ ဖြာထွက်လာသော အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ သူမမျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်ထွန်းလာသည်။
သို့သော် ထိုအပြုံးသည် ချက်ချင်းတောင့်တင်းသွားပြီး သူမမှာ မယုံနိုင်ဖြစ်နေသောအမူအရာဖြင့် ငေါက်ခနဲ ထရပ်လိုက်လေသည်။
“သူ နိုးထလာပြီတဲ့လား။ မဖြစ်နိုင်တာ” ဟန်ပေ့မှာ တုန်ရီလာသည်။ ရုတ်တရက် သူမပတ်ပတ်လည်တွင် နေရာရွှေ့ပြောင်းအလင်းရောင် မြောက်တက်လာပြီး သူမ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့၏။ တခဏကြာသော် ဖော်ပြမတတ်နိုင်လောက်အောင် ကြီးမားသော ဖိအားကြီးသည် တူဖြင့် ကြက်ဥကို ထုချလိုက်သကဲ့သို့ သန့်ရှင်းသောသမီးတော်နန်းဆောင်ကို ဖိချလိုက်၏။
နန်းဆောင်တစ်ခုလုံး ချက်ချင်း မီးလောင်ပြာကျသွားသည်။ ၎င်း၏နေရာတွင် ဧရာမချိုင့်ခွက်ကြီးသာ ကျန်ရှိခဲ့လေသည်။ ထိုချိုင့်ခွက်ကြီး၏အပေါ်၌ မန်ဟိုက သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် အဝေးကိုကြည့်နေသည်။
“မင်း ငါ့လက်ထဲက မလွတ်စေရဘူး” သူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ “ဒီနေ့ မင်း သေရမယ်။ မင်း မသေမချင်း ငါ အနားမယူဘူး”
အာကာပြင်ကျယ်စကြဝဠာ၏အပြင်မှာတုန်းက မန်ဟိုသည် သေမင်းနှင့် ကြိမ်ဖန်မနည်း နပန်းလုံးခဲ့ရသည့်အတွက် ဟန်ပေ့အပေါ် သူ၏အမုန်းသည် အရိုးထဲအထိ စိမ့်ဝင်သွားခဲ့၏။ သူမကို သတ်ဖို့ သူ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည့်အပြင် ချူယွီယန်၏ဝိညာဉ်နှင့် ပတ်သက်လာမည့် အခြေအနေအတွက်လည်း သူ ပြင်ဆင်ထားပြီးလေပြီ။
မန်ဟို့မျက်လုံးများသည် လျှပ်စီးကဲ့သို့ တဖျပ်ဖျပ်လက်နေပြီးနောက် လေထုစုတ်ဖြဲခံလိုက်ရသဖြင့် အုန်းခနဲမြည်သံကြီး ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ မန်ဟို၏ ရက်စက်ကြမ်းကြုတ်သော အသတ်အဖြတ်အရှိန်အဝါသည် သူ၏နတ်ဘုရားအာရုံနှင့်အတူ တစ်ဂြိုဟ်လုံးအပြည့် လွှမ်းခြုံဖို့ ပျံ့နှံ့သွား၏။ သေမျိုးများနှင့်ကျင့်ကြံသူများသာမက အနှစ်သာရ ၉ ခုအဆင့် ပညာရှင်များပင် အပါအဝင် ဂြိုဟ်ပေါ်ရှိ သက်ရှိသတ္တဝါများမှာ ကြောက်လန့်တုန်ရီကုန်ကြလေသည်။ ကြောက်မက်ဖွယ်ကပ်ဘေးကြီးက သူတို့ခေါင်းပေါ်၌ ရစ်ဝဲနေသကဲ့သို့ သူတို့အားလုံး ခံစားလိုက်ကြရ၏။
“ဘာဖြစ်ခဲ့လို့ပါလိမ့်” ကျင်ယွင်ရှန်းမှာ ပင့်သက်ရှိုက်မိလိုက်သည်။ မန်ဟို့ထံမှ အသတ်အဖြတ်အရှိန်အဝါကို သူ ခံစားနေရပြီး ၎င်းသည် သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့တုန်းကထက် အဆများစွာအင်အားကြီးမားနေကြောင်း သိသာလေသည်။
ဂိုဏ်းချုပ်နှင့် အခြားသူများနည်းတူ ကျင်ယွင်ရှန်းသည် သင်္ချိုင်းခရီးစဉ်များ၏ ကျေးဇူးကြောင့် ယခုနှစ်များအတွင်း တိုးတက်လာခဲ့၏။ တစ်အုပ်စုလုံး ကျင့်ကြံအဆင့်တိုးတက်မှုများ ကြုံတွေ့ခဲ့ရလေသည်။ ဤအခိုက်အတန့်တွင် ကျင်ယွန်ရှင်းသည် အနှစ်သာရ ၉ ခုအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဟု ယုံကြည်ထား၏။ သို့သော် မန်ဟို့စွမ်းအားကို ခံစားလိုက်ရသည့်အခါ သူ့မျက်နှာပျက်သွားပြီး မန်ဟို့အရှိန်အဝါက ခြေဖျားလက်ဖျားများ အေးစက်သွားရလောက်အောင် ကြောက်စရာကောင်းသည်ဟု သူ ဝန်ခံရလိမ့်မည်။
“သူက ဘာကြောင့် ပထမဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ကို သတ်ဖို့ ကြိုးစားနေတာလဲ” ဟန်ပေ့သည် အာကာပြင်ကျယ်ကျောင်းတော်၏ သန့်ရှင်းသောသမီးတော်တစ်ဦးဖြစ်သော်လည်း အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်လျှင် ဂိုဏ်းသားလေးထက် မပိုသည်သာ။ “သာမန်ဂိုဏ်းသားတော့ မဟုတ်တန်ဘူး။ ပထမဂိုဏ်းအပေါ် သူ့တိုက်ကွက် ကျရောက်မလာခင် ထွက်ပြေးသွားနိုင်တယ်ဆိုတော့...”
ကျင်ယွင်ရှန်းသည် အခန်းထဲမှ အပြင်ထွက်လိုက်၏။ မန်ဟို့ကို သွားဆွဲဖို့တော့ မဟုတ်။ ဘာဆက်ဖြစ်မလဲ ကြည့်ချင်၍ဖြစ်သည်။
သူသာမဟုတ်။ ရှကျုံတုံးလည်း အာကာပြင်ကျယ်ဂြိုဟ်၏ သဲကန္တာရကြီးတစ်ခု၌ သောင်းကျန်းနေသော သဲမုန်တိုင်းတစ်လုံးထဲမှ ထွက်လာသည်။ သူက အလွန်ကြောက်လန့်နေသောအမူအရာဖြင့် အသက်ဝဝရှူသွင်းလိုက်လေသည်။ လက်ရှိခံစားနေရသော ရင်ထဲမတင်မကျဖြစ်နေမှုကြောင့် သူ၏မျက်လုံးများသည် တောက်ပနေ၏။ ဆိုးဝါးသည့်အရာတစ်ခုခု ဖြစ်တော့မည်ကို ပြောနိုင်သည့်အတွက် သူလည်း စောင့်ကြည့်ဖို့ ချက်ချင်း ထွက်လာတော့သည်။
အင်မော်တယ်ပိုင်ဝူချိန်သည် ချီတုံချတုံဖြစ်နေ၏။ လောလောဆယ်တွင် သူမအနေဖြင့် မန်ဟို့ရှေ့ မသွားရဲပေ။ မိုးလေဝသမကောင်းသည့်အတွက် ပိုင်ဝူချိန်မှာ သူ၏အရှိန်အဝါကို သတိမပြုသယောင်ဆောင်လျက် တိတ်ဆိတ်စွာသာ ထိုင်နေလိုက်သည်။
သူမတစ်ယောက်တည်းသာ ထွက်မလာခြင်းဖြစ်သည်။ ဂိုဏ်းချုပ်နှင့် ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များသည် ဘာဖြစ်နေသလဲကြည့်ဖို့ အာကာပြင်ကျယ်ဂြိုဟ်၏လေထုကို ဖြတ်သွားနေကြ၏။
မန်ဟို့အရှိန်အဝါ၏ ရင်သပ်ရှုမောဖွယ်သဘာဝကြောင့် သူတို့မှာ ရင်တဒိန်းဒိန်းခုန်နေကြလေသည်။
အထူးသဖြင့် ကျင့်ကြံအဆင့်မြင့်မားလွန်း၍ သူ့ကိုယ်သူ ထိပ်ဆုံးသို့ ရောက်နေပြီဟု ယူဆထားခဲ့သော ဂိုဏ်းချုပ်ပင်။ သူသည် ကျင်ယွင်ရှန်းနှင့် ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များကို တစ်ပြိုင်တည်းတိုက်ခိုက်နိုင်သည်ဟုပင် ယုံကြည်ထား၏။
သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့အရှိန်အဝါက သူ့အား ကြောက်ရွံ့သွားစေသည်။ ဖိအား၏ပြင်းထန်မှုအဆင့်မှာ လက်ခံနိုင်ဖို့ ခဲယဉ်းသည်အထိပင်။
“သူ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်လာနိုင်တာလဲ” ဂိုဏ်းချုပ်က တွေးသည်။ “သင်္ချိုင်းထဲက ပလ္လင်တွေကြောင့် ငါတို့ကျင့်ကြံခြင်းအဆင့်တွေ တိုးတက်လာတာက နားလည်ပေးလို့ရသေးတယ်။ ဒါပေမဲ့ သူက နှစ်ပေါင်းရာချီ ပျောက်သွားတာလေ။ အခုပြန်ရောက်လာတော့ စိတ်ကူးနဲ့တောင် မတွေးကြည့်နိုင်တဲ့အထိ ရုတ်တရက်ကြီး အစွမ်းထက်နေပြီတဲ့လား”
ဂိုဏ်းချုပ်သည် အရှိန်ထပ်တင်လိုက်၏။ ပထမဂိုဏ်း၏ ဟန်ပေ့က သူ့တပည့်မဟုတ်ပါလော။
သူမကို သူ၏တစ်ဦးတည်းသော တပည့်အဖြစ် လက်ခံခဲ့သော်လည်း ယခုမူ မန်ဟိုက သူမကို လိုက်သတ်နေသည်.... သိသိသာသာပင် လျှို့ဝှက်ချက်တချို့တော့ ရှိလိမ့်မည်။
လူတိုင်း ပထမမြေထုဆီ အပြေးအလွှားလာနေကြစဉ် မန်ဟိုသည် နေရာရွှေ့ပြောင်းခြင်းစွမ်းအား သိပ်သည်းနေသော နေရာတစ်နေရာတွင် ဖျတ်ခနဲ ပေါ်လာ၏။ ဤနေရာကား ဟန်ပေ့ နေရာရွှေ့ပြောင်းခဲ့သည့် နေရာမှတစ်ပါး အခြားမဟုတ်ပေ။
အဆိုပါနေရာသည် ... အာကာပြင်ကျယ်ကျောင်းတော်၏ တိုက်ရိုက်လက်အောက်ခံမဟုတ်သော ဂိုဏ်းသေးလေးတစ်ဂိုဏ်းဖြစ်၏။ မန်ဟို ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆူညံပွက်လောရိုက်သွားသည်။ ဂိုဏ်းသည် တောင်ကိုးလုံးပေါ်၌ တည်ဆောက်ခံထားရခြင်းဖြစ်ပြီး တောင်ကိုးလုံးစလုံး လင်းလက်တောက်ပစပြုလာ၏။ မန္တန်ဝင်္ကပါတစ်ခုဖြစ်ကြောင်း သိသာသည်။ ထို့အပြင် တခဏကြာသော် ဓားချီလှိုင်းကိုးလှိုင်းက မန်ဟို့ဆီ ပြေးဝင်လာလေသည်။
တောင်ကိုးလုံးက လေပေါ်မြောက်တက်သွားသဖြင့် ပတ်ဝန်းကျင်ရှိ မြေပြင်များ လှုပ်ခတ်လာသည်။ ထိုဂိုဏ်းတွင် မျက်လုံးများနီရဲနေသော ကျင့်ကြံသူများလည်း ရှိသည်။ သူတို့ကား သူတို့စိတ်ကိုပင် သူတို့မပိုင်ထားသည့်အလား မန်ဟို့ဆီ ကမူးရှူးထိုး ပြေးတက်လာကြတော့၏။
ဟန်ပေ့သည် အာကာပြင်ကျယ်ဂြိုဟ်ပေါ်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးသည့်အပြင် မန်ဟို့ကိုလည်း သတိထားနေခဲ့၏။ ယခုနှစ်ပိုင်း အတန်ငယ်သတိပေါ့လျော့ခဲ့သော်လည်း သူမ၏ပြင်ဆင်မှုများသည် မယိုမယွင်း ရှိနေဆဲပင်။
ဤနေရာက မန်ဟို့ကို ရင်ဆိုင်ဖို့ သူမ အထူးတလည် စီစဉ်ထားခဲ့သော နေရာများအနက်မှ တစ်နေရာဖြစ်သည်။
“သူ့ကို သတ်ပစ်” ကျင့်ကြံသူထောင်ပေါင်းများစွာက ကြွေးကြော်ကြသည်။ မန္တန်ဝင်္ကပါ၊ တောင်ကိုးလုံး၊ ဓားလှိုင်းကိုးလှိုင်းနှင့်အတူ သူတို့သည် ရူးနေသော တောဝက်ပမာ မန်ဟို့ဆီ ပြေးတက်လာကြ၏။
မန်ဟို့မျက်လုံးများ အရောင်လဲ့သွားပြီး သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် ပိုမိုအားကောင်းလာ၏။ ဤလူများက သူ့ကို တားဖို့ ကြိုးစားနေမှတော့ ဟန်ပေ့နှင့်တစ်လှေတည်းစီးနေသည်ဟု ဆိုလိုသည်။ သို့ဖြစ်၍ သူ၏ရန်သူများ ဖြစ်ကြသည်။
“သေကြစမ်း” မန်ဟိုက သူ့လက်ကို ခပ်ပြင်းပြင်ဝှေ့ယမ်းလိုက်ရင် စိတ်မရှည်သလို ပြောသည်။ ဧရာမလက်ဝါးကြီးတစ်ခု ဘွားခနဲ ပေါ်လာသဖြင့် အရာအားလုံး မှောင်မိုက်သွားပြီး လေပြင်းတစ်ချက် ဝုန်းခနဲ တိုက်ခတ်သွားသည်။
လက်ကြီးသည် သာမန်အနှစ်သာရ ၉ ခုပညာရှင်တစ်ယောက်ကို ဒုက္ခရောက်သွားစေနိုင်သည်အထိ အင်အားကြီးမားသော ဓားချီလှိုင်းကိုးလှိုင်းကို ဝင်တိုက်လိုက်၏။ ဓားချီလှိုင်းတို့သည် မန်ဟိုစေစားလိုက်သည့် မှော်လက်ကြီးကို ထိသောအခါ ချက်ချင်း ကြေမွကုန်လေသည်။ ၎င်းတို့မှာ တိုက်ကွက်လေးတစ်ကွက်ကို တောင့်ခံနိုင်ဖို့ပင် အားမရှိ။
ဓားချီများ ဖျက်စီးခံလိုက်ရသဖြင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ ထို့နောက် လက်ကြီးက တောင်များကို ဝင်ဆောင့်လိုက်သည်။ အက်ကွဲကြောင်းများသည် တောင်မျက်နှာပြင်များတစ်လျှောက် မြွေလိမ်မြွေကောက် ပျံ့နှံ့သွား၏။ ထို့နောက် တောင်ကိုးလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။ ဤဖြစ်ရပ်တစ်ခုလုံးကား မျက်စိတစ်မှိတ်သာ ကြာလိုက်၏။
လက်ကြီးသည် အရှိန်နည်းနည်းလေးပင် လျော့ကျမသွားသယောင်ပင်။ ၎င်းက ကျင့်ကြံသူများနှင့် မန္တန်ဝင်္ကပါကို ဝင်တိုက်လိုက်ကာ နားကွဲလုမတတ်ပေါက်ကွဲသံကြီးအား ရိုက်ညောင်းဖြာထွက်သွားစေတော့သည်။
ဧရာမလက်ရာကြီးတစ်ခုကား အရပ်မျက်နှာတစ်ခွင်သို့ တွန့်လိမ်ကွေးကောက်ဖြာနေသော အက်ကြောင်းများဖြင့် ဝန်းရံလျက် မြေကြီးထဲ နစ်ဝင်နေ၏။ မန္တန်ဝင်္ကပါမှာ မှုန့်မှုန့်ညက်ညက် ပျက်စီးသွားပြီး တိုက်ခိုက်ဖို့ ဟန်ရေးပြင်နေခဲ့ကြသည့် ကျင့်ကြံသူများမှာလည်း ပြားကပ်ကုန်ကြသည်။
အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။ မန်ဟိုသာ သာမန်အနှစ်သာရ ၉ ခုကျင့်ကြံသူတစ်ယောက်ဆိုလျှင် ဤထောက်ချောက်သည် သူ့အသက်ကိုတော့ မထိခိုက်နိုင်သော်လည်း သူ့အား အနည်းငယ်နှောင့်နှေးစေခဲ့လိမ့်မည်။ ထို့အပြင် ယခု ဟန်ပေ့လိုအပ်နေသည်မှာ အချိန်ပင် ဖြစ်၏။
သို့သော် လက်ရှိမန်ဟိုအတွက် ဤနေရာကို ဖျက်စီးဖို့ကား အသက်ရှူသလို လွယ်ကူသည်။
မန်ဟိုသည် ဟန်ပေ့၏အရှိန်အဝါကို ရှာဖွေရန် သူ့လက်အား ဝှေ့ယမ်းလိုက်၏။ အတန်ငယ်စစ်ဆေးပြီးနောက် သူက အေးစက်စက်နှာမှုတ်ကာ သူ၏နတ်ဘုရားအာရုံအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်သည်။ သို့သော် ဟန်ပေ့၏အရိပ်အယောင်ကို မတွေ့ရပေ။
“ကြက်တူရွေး” သူက အလောတကြီး ခေါ်လိုက်သည်။
ကြက်တူရွေးသည် ကျိန်းစပ်တောက်ပသော အရောင်အဝါကို ထုတ်လွှတ်လျက် သူ၏သိုလှောင်အိတ်ထဲမှ ပျံထွက်လာ၏။ မန်ဟိုက နတ်ဘုရားအာရုံကို ထပ်မံဖြန့်ကျက်လိုက်ပြီး ဤတစ်ခေါက်တွင် ကြက်တူရွေးက သူ၏နတ်ဘုရားအာရုံကို အားဖြည့်ပေးရန် ဂီးခနဲ အော်လိုက်လေသည်။
အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာ၏။
ဝေါ ဝေါ ဝေါ
လေပွေတစ်လုံးက မန်ဟို့ကို ဗဟိုပြုလျက် လည်လာသည်။ သူ၏နတ်ဘုရားအာရုံသည် အရှိန်အဟုန်ဖြင့် အာကာပြင်ကျယ်ဂြိုဟ်တစ်ခုလုံး အပြည့်စိုးမိုးသွားပြီး နောက်ဆုံးတော့ .... ဟန်ပေ့အား ဂိုဏ်းအသေးတစ်ဂိုဏ်းထဲ၌ မြင်လိုက်ရ၏။
သူမတည်နေရာကို အတည်ပြုပြီးလျှင်ချင်း မန်ဟိုသည် လေထုကို စုတ်ဖြဲကာ လေအက်ကွဲကြောင်းထဲ ဝင်ရောက်လိုက်၏။ သူ့အတွက် ယခုလေးတင် တွေ့ရှိခဲ့သည့်နေရာ၌ ပေါ်လာရန် တခဏသာ ကြာလိုက်လေသည်။
သူ ပေါ်လာသောအခိုက်အတန့်တွင် ဟန်ပေ့သည် ဂိုဏ်းထဲရှိ နေရာရွှေ့ပြောင်းဝင်္ကပါအပေါ် နင်းနေသော ခုလတ်ဖြစ်၏။ သူမမှာ ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူမဆီ တဟုန်ထိုးလာနေသည့် မန်ဟို့ကို မြင်လိုက်ရလေသည်။
ဟန်ပေ့မျက်နှာ ဖြူဆုပ်သွားပြီး သူမက မန္တန်ဝင်္ကပါအား ရိုက်ချလိုက်သည်။ ထိုအခါ မန္တန်ဝင်္ကပါသည် ဝုန်းခနဲ အသက်ဝင်သွား၏။ တစ်ချိန်တည်းမှာပင် သူမသည် မန်ဟို သူမဂိုဏ်းထဲ၌ စီစဉ်ထားခဲ့သော ပြင်ဆင်မှုများအား မန်ဟို ဖျက်စီးမည်ကို စောင့်မနေတော့ဘဲ ဂိုဏ်းတစ်ဂိုဏ်းလုံးအား သူမကိုယ်တိုင် ဖျက်စီးပြီးနောက် မန္တန်ဝင်္ကပါကို အားဖြည့်ရန် အဆိုပါစွမ်းအားကို ငှားယူလိုက်၏။ တောက်တောက်ပပအရောင်အဝါက သူမကို ဝန်းရံလျက် ဖြာထွက်လာသည်။ သူမသည် အချိန်မရွေး နေရာရွှေ့ပြောင်းတော့မည့်အလား မှေးမှိန်စပြုလာလေပြီ။
သို့သော် မန်ဟိုက ထိုသို့ဖြစ်ခွင့်ပြုမည်လော...။ သူသည် ညာလက်ကို ဆန့်တန်း၍ ဟန်ပေ့အား လက်ညှိုးထိုးလိုက်သည်။
“အဋ္ဌမမန္တန်”