စစ်သည်တော်စံအိမ်
Vol. 62 Ch. 857
နဝမတောင်နှင့်ပင်လယ်၏ အပြင်ရှိ လူအုပ်ကြီးများသည် မျက်လုံးကြီးများ လက်ဖက်ရည်ပန်းကန်ပြားတမျှ ဝိုင်းစက်ပြူးကျယ်လျက်၊ ပါးစပ်များ ကြက်ဥတစ်လုံး ပစ်သွင်းစာလောက် အဟောင်းသားဖြစ်လျက် စိုက်ကြည့်နေကြသည်။ သူတို့၏စိတ်များမှာ ဘာဆိုဘာမှ စဉ်းစားနိုင်စွမ်းမရှိတော့ပေ။
“သူက အင်မော်တယ်အပျက်အစီး ၉၉ ခုကနေ ဉာဏ်အလင်းရခဲ့ပြီး ကြီးမြတ်တဲ့ နတ်ဘုရားစွမ်းရည်တွေကို ဖန်တီးခဲ့လို့ စုစုပေါင်းကျောက်တိုင် လေးဆယ့်ရှစ်တိုင် ကျလာခဲ့တယ်…”
“အရင်က ဒီလိုဟာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ဘယ်တော့မှလည်း ထပ်မဖြစ်လောက်တော့ဘူး…..”
“သူ ဘယ်တာအိုဆရာအစည်းအရုံးကို… ဝင်ရောက်ဖို့ ရွေးချယ်မလဲ မသိဘူး”
ဆွေးနွေးသံများ ဆူညံနေစဉ် မန်ဟိုက လူတိုင်းကို တစ်ခါမှ မကြုံဖူးသော အတိုင်းအတာအထိ အံ့ဩနေစေရင်း ရပ်နေသည်။
အထူးသဖြင့် ဂိုဏ်းအမျိုးမျိုးမှ ရွေးချယ်ခံများပင်။ ယခုတွင် ဖန်မုဆိုသော နာမည်သည် သူတို့၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်ပြီး သူတို့အတွက် သူကား သူတို့ ရင်ဆိုင်ခဲ့ဖူးသမျှထဲ အစွမ်းထက်ဆုံးဖြစ်ကြောင်း သိသာနေချေပြီ။
“သူရဲ့အစွမ်းက … အစစ်အမှန်တစ်ဦးရဲ့ စွမ်းအားပဲ” ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးအားလုံး မောဟိုက်ပင်ပန်းစွာ အသက်ရှူနေကြပြီး မျက်လုံးများ စူးရှတောက်ပနေတော့သည်။
“စောစောတုန်းက သူက အစစ်အမှန်အင်မော်တယ်မဟုတ်သေးပါဘူး။ အံ့ဖွယ်ပါရာဂွန်မှော်သိုင်းကို ဖန်တီးပြီးတဲ့နောက်မှာမှ အစစ်အမှန်အင်မော်တယ်တစ်ဦး အမှန်တကယ် ဖြစ်လာတာများလား”
“ရှေးရှေးတုန်းက ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်။ ပါရာဂွန်မှော်သိုင်းဖန်တီးတာက ကျင့်ကြံခြင်းအခြေခံကို ပြောင်းလဲပေးနိုင်တယ်တဲ့လေ။ အဲဒီဒဏ္ဍာရီက တကယ်ပဲ အမှန်ထင်တယ်”
“မဟုတ်ဘူး၊ သူက အစစ်အမှန်အင်မော်တယ်မဟုတ်သေးဘူး။ အစစ်အမှန်အင်မော်တယ်တစ်ဦးလို စွမ်းအားရှိတာ ဟုတ်တယ်။ ဒါမဲ့ အင်မော်တယ်အမြစ် ကင်းမဲ့နေတယ်”
ကျန်ခေါင်းဆောင်ကြီးများ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးနေကြစဉ် တာအိုဆရာအစည်းအရုံးသုံးခုမှ အဘိုးကြီးသုံးဦး၏မျက်လုံးများထဲရှိ မျှော်လင့်ချက်သည် ပိုမိုအားကောင်းလာ၏။ သူတို့က စကားမပြောသော်လည်း မန်ဟို့ကို မမှိတ်မသုန် ကြည့်နေကြလေသည်။ အထူးသဖြင့် မန်ဟို့ကို ဝန်းရံလျက်ရှိသည့် ပတ်ဝန်းကျင်ကိုပင်။
ဤအခိုက်အတန့်တွင် ခွန်လွန်အစည်းအရုံးမှ အဘိုးကြီးက ကောက်ကာငင်ကာ ထပြောသည်။ “ဒီဖန်မုက ပါရာဂွန်မှော်သိုင်းတစ်ခုကို ဖန်တီးခဲ့ပြီးပြီ။ အကျိုးသင့်အကြောင်းသင့် ပြောရရင် သူ့အနေနဲ့ ရှေးဟောင်းလမ်းရဲ့ ပလ္လင်ပေါ်မှာ ပြန်ပေါ်လာသင့်နေပြီမလား”
စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တာအိုဆရာအစည်းအရုံးသုံးခုမှ အဘိုးကြီးများ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ယခုအချိန်တွင် မန်ဟို့ပတ်ပတ်လည်ရှိ ကျောက်တိုင်လေးဆယ့်ရှစ်တိုင်မှာ တစ်တိုင်မှမကျန် ပျောက်ကွယ်သွားလေပြီ။ ထို့နောက် ရုတ်တရက်ဆိုသလို ရှေးဟောင်းစံအိမ်တစ်လုံးက မန်ဟို၏အရှေ့တည့်တည့်တွင် ရုပ်လုံးပေါ်လာ၏။
၎င်းသည် ဆန်းပြားလှပသော အဆင်တန်ဆာများဖြင့် တင့်တယ်ခမ်းနားပြီး အင်မော်တယ်စိတ်ဆန္ဒလည်း ပြည့်ဝလျက်ရှိ၏။ စံအိမ်ကား ပျက်စီးနေခြင်းမရှိ။ မြစိမ်းရောင်ကျောက်ပြားများ၊ အရောင်အသွေးစုံလင်သော ပန်းပင်များဖြင့် ခြံရံလျက် လေထဲတွင် ပျံဝဲနေချေသည်။ ၎င်း၏ရင်သပ်ရှုမောဖွယ်ရာ ပုံပန်းသွင်ပြင်က တစ်လောကလုံးတွင် ၎င်းသာ တည်ရှိနေသည့်အလား ရှုမငြီးဖြစ်စေသည်။
အင်မော်တယ်ချီက ရှေးဟောင်းစိတ်ဆန္ဒ နှင့် သန့်ရှင်းစင်ကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်ရင်း ၎င်းကို ရစ်သိုင်းနေသည်။ ဤနေရာမှာ တစ်ခါတုန်းက အထွတ်အမြတ်မြေတစ်မြေ ဖြစ်ခဲ့သယောင်ပင်။
စံအိမ်သည် ပုံစံဖော်ထားသော မဟူရာကျောက်စိမ်းများဖြင့် တန်ဆာဆင်ခြင်းခံထားရပြီး အားကောင်းသောဖိအားကို ဖြန့်ကျက်ထား၏။ ခံစားချက်က တံတားကိုးစင်းကို ကြည့်နေခဲ့စဉ်တုန်းက ရရှိခဲ့သည့်ခံစားချက်နှင့် တူသည်။ စံအိမ်၏အရှေ့တွင် ဧရာမကျောက်ဆောင်ကြီးတစ်ခုရှိပြီး ၎င်း၏အပေါ်တွင် နဂါးများ ပျံသန်းနေသည့်အလား၊ ဖီးနစ်များ ကခုန်နေသည့်အလား လက်ဖြင့် ကွန့်ညွန့်ရေးထားသော စာလုံးနှစ်လုံးအား မြင်ရနိုင်သည်။
စစ်သည်တော် စံအိမ်
စာလုံးနှစ်လုံးသည် သွေးနီရောင်လွှမ်းပြီး စူးရဲတောက်ပနေ၏။ မန်ဟိုမှာ ၎င်းတို့ကို ဖတ်ကြည့်လိုက်လျှင် နဂါးအစစ်များနှင့် ဖီးနစ်အစစ်များမှ လာသော အသံများလို ဟိန်းဟောက်သံများကို ကြားလိုက်ရလေသည်။
အပြင်ဘက်နဝမတောင်ပင်လယ်ရှိ လူအုပ်ကြီးများမှာမူ မန်ဟို့ကို ဖော်ပြနေသော ဝဲမှန်သားပြင်မှာ ရုတ်တရက် ဝါးသွားခဲ့သဖြင့် မည်သည့်အရာတို့ ဖြစ်နေသလဲ ပြတ်ပြတ်သားသား မမြင်ရတော့ပေ။
လူများသည် အထိတ်တလန့် အော်လာကြ၏။
“အခု ဘာဖြစ်သွားတာတုန်းဟ”
“ရုတ်တရက်ကြီး မှန်သားပြင်ကို မမြင်ရတော့ဘူး”
ကြယ်တာရာကောင်းကင်နန်းတော်တွင် တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးများသည် ဖြေးဖြေးချင်း ထရပ်လာကြ၏။ ကျန်ခေါင်းဆောင်ကြီးများမှာတော့ အံ့သတကြီး စိုက်ကြည့်နေကြသည်။ သူတို့လည်း မှန်သားပြင်ပေါ်ရှိ ပုံရိပ်များကို မမြင်ရပေ။ ကြည့်ရသရွေ့ အင်မော်တယ်စံအိမ်က အပြင်ရှိ ဘယ်သူမှ မမြင်ရအောင် မြင်ကွင်းကို ပိတ်ကွယ်ဖုံးထားဟန်ပင်။
တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးတွင် အလွန်လေးနက်သော အမူအရာများ ရှိကြပြီး သူတို့က တစ်ယောက်ကိုတစ်ယောက်ကို ကြည့်ကာ စကားများ လျှို့ဝှက်စွာ ပေးပို့လိုက်ကြသည်။
“သူ တကယ် ရှာတွေ့သွားပြီ။ မန္တန်ဝင်္ကပါကို အသက်သွင်းပြီး မိုးကောင်းကင်ဆက်သွယ်ရေးမှော်သိုင်းကို ထုတ်လွှတ်လိုက်တော့”
“နတ်မီးလျှံစမ်းသပ်ပွဲကို ဒီလိုနှစ်သောင်းများစွာ ကျင်းပခဲ့ပြီးနောက်ဆုံးတော့ ဒီနေ့ရောက်လာလိမ့်မယ်လို့ ထင်တောင်မထားခဲ့ဘူး”
“နှစ်ပေါင်းများစွာ တစ်လျှောက်လုံး တာအိုအစည်းအရုံးသုံးခုဟာ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အထဲက ဒဏ္ဍာရီလာပစ္စည်းကို အသာထား၊ အဲ့ဒါကို မြင်တောင်မမြင်ရခဲ့ဘူး။ ငါတို့ရဲ့ အရင်တွက်ချက်မှုတွေအတိုင်းဆို စိတ်ဝိညာဉ်နယ်ပယ်က လူတွေပဲ အင်မော်တယ်စံအိမ်ကို ရှာတွေ့နိုင်တာ”
ဘယ်သူမှ ဤခေါင်းဆောင်ကြီးသုံးဦး၏ စကားလုံးများကို မကြားရသော်လည်း ခွန်လွန်အစည်းအရုံးမှ အဘိုးကြီးက မျက်လုံးများကျဉ်းမြောင်းလိုက်သည်။ တခဏကြာ စဉ်းစားပြီးနောက် သူ၏မျက်နှာက ရုတ်တရက် ဝင်းပလာ၏။
“ဆိုတော့ တာအိုဆရာအစည်းအရုံးသုံးခုက ဒီနတ်မီးလျှံစမ်းသပ်ပွဲကို ခေတ်အဆက်ဆက် ကျင်းပလာခဲ့တာက ဂိုဏ်းသားအသစ်လက်ခံဖို့ သက်သက်မဟုတ်ဘဲ ရည်ရွယ်ချက်နောက်တစ်ခုရှိနေတာကိုး”
ကျန်ခေါင်းဆောင်ကြီးများလည်း အလားတူ စဉ်းစားမိသွားကြပုံပေါ်ပြီး သူတို့အမူအရာများအရ တုန်လှုပ်သွားကြဟန်တူသည်။ ကျင့်ကြံခြင်းအခြေခံမြင့်မားစေကာမူ၊ အာရုံစူးစိုက်နိုင်စွမ်းမည်မျှ အားကောင်းစေကာမူ သူတို့မှာ အသက်ရှူမြန်ခြင်း၊ တုန်ရီခြင်းတို့ ဖြစ်ရသေးလေသည်။
“တာအိုဆရာအစည်းအရုံးသုံးခုက တာအိုရောင်ရင်းတို့၊ ဒီကိစ္စက…”
တုံ့ပြန်သည့်လူမှာတော့ နဝမပင်လယ်နတ်လောကမှ အဘိုးကြီးဖြစ်သည်။
“ဒါက တာအိုဆရာအစည်းအရုံးသုံးခုရဲ့ အတွင်းရေးကိစ္စပါ” သူက မျက်လုံးများ ထူးဆန်သောအလင်းရောင်ဖြင့် တောက်ပနေလျက် ပြောသည်။ “ခင်ဗျားတို့နဲ့ ဘာမှမပတ်သက်ပါဘူး ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးသမီးတို့။ မကြာမီအချိန်အတွင်း နတ်မီးလျှံစမ်းသပ်ပွဲ ပြန်စပါလိမ့်မယ်”
ထိုစဉ် မန်ဟိုသည် အင်မော်တယ်စံအိမ်ကို ကြည့်နေ၏။ ၎င်းက သူ၏ ပါရာဂွန်မှော်သိုင်းဖန်တီးမှုကို တုံ့ပြန်သည့်အနေဖြင့် သူ၏အရှေ့တွင် ဗြုန်းခနဲ ပေါ်လာခဲ့ခြင်းဖြစ်လေသည်။
“လင်းယွင်ကျစ်ပြောပုံအရ အင်မော်တယ်အပျက်အစီး ၉၉ ခု အပြင် အကောင်းပကတိအတိုင်းရှိသေးတဲ့ အင်မော်တယ်စံအိမ်တစ်လုံး ရှိတယ်တဲ့။ ဒီစံအိမ်က …. အရင်က ငါရှာနေခဲ့ပေမယ့် မရှာတွေ့ခဲ့တဲ့ တစ်ခုများလား” သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။
တခဏကြာသော် သူသည် ရှေ့သို့လှမ်းရန် တွေးလိုက်သည့်အချိန် ရှေးဆန်သော အသံခပ်ပြတ်ပြတ်က သူ့စိတ်ထဲသို့ ကူးပြောင်းပေးပို့ခံလိုက်ရ၏။
“ဖန်မု ၊ ငါက နဝမပင်လယ်နတ်လောကရဲ့ လင်းယွင်ကျစ်။ တာအိုဆရာအစည်းအရုံးသုံးခုကိုယ်စား မင်းကို စကားတစ်ခွန်းပါးမယ်။ အင်မော်တယ်စံအိမ်ထဲ ဝင်ရောက်ဖို့ လိုအပ်သမျှ နည်းလမ်းပေါင်းစုံ သုံးပြီး အထဲမှာ ရှိနေတဲ့ ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခုကို ယူလာခဲ့။ အဲ့ဒီလိုလုပ်နိုင်ရင် တာအိုဆရာအစည်းအရုံးသုံးခုအနေနဲ့ မင်း တောင်းဆိုသမျှ ဖြည့်ဆည်းပေးဖို့ အသင့်ပဲ။ ငါတို့အာဏာအတွင်း ရှိနေသရွေ့ လုပ်ပေးမယ်”
မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူက ဘာမှပြန်မပြောပေ။ သို့သော် သူသည် တုံံ့ခနဲ ရပ်လိုက်ကာ ချီတုံချတုံ ဖြစ်သွားသော အမူအရာတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာလေသည်။
“ဘာအန္တရာယ်ကိုမှ စိုးရိမ်စရာမလိုပါဘူး” လင်းယွင်ကျစ်က ဆက်ပြောသည်။ “အင်မော်တယ်စံအိမ်က မင်းရဲ့ကံကြမ္မာကောင်းကြောင့် ပေါ်လာတာ။ ငါ့အနေနဲ့က အဲဒီမှာ ကိုယ်တိုင်ပေါ်လာလို့ မရဘူး။ ပေါ်လာရင် ငါ့ကြောင့် အင်မော်တယ်စံအိမ်က ချက်ချင်း ပျောက်သွားလိမ့်မယ်။ မင်းကတော့ အထဲဝင်လည်း အန္တရာယ်မဖြစ်ဘူး”
မန်ဟိုက စိတ်ပိုင်းမဖြတ်လိုက်ခင် ချီတုံချတုံ ထပ်ဖြစ်နေပြီးနောက် အင်မော်တယ်စံအိမ်ထဲ ခပ်သုတ်သုတ် ဝင်သွားလိုက်သည်။
အပြင်ရှိ ဘယ်သူမှ မှန်သားပြင်များပေါ်တွင် ဖြစ်ပျက်နေသော အရာများကို မမြင်ရပေ။ သို့သော် တာအိုအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးမှာတော့ အသက်ရှူသံများ မြန်နေပြီး မျက်လုံးများ ထူးဆန်းစွာ တောက်ပနေကြသည်။
သူတို့သည် မန်ဟိုရောက်နေသော ကမ္ဘာသို့လည်း မဝင်နိုင်သဖြင့် အပြင်မှသာ စောင့်ကြည့်နိုင်၏။ သူတို့မှာ ဤအခွင့်အရေးအား နှစ်ပေါင်းများစွာ စောင့်စားနေခဲ့ခြင်းဖြစ်လေသည်။
မန်ဟို အင်မော်တယ်စံအိမ်အနား ရောက်လာစဉ် ဖိအားသည် ပိုပို၍ အားကောင်းလာ၏။ သို့သော် ထူးဆန်းသော အကြောင်းတစ်စုံတစ်ရာကြောင့် အဆိုပါဖိအားက အခြားလူတစ်ယောက် အနားကပ်မလာနိုင်အောင် ဟန့်တားရင်း မန်ဟို့အတွက် လူတစ်ယောက်လျှောက်စာ လမ်းတစ်လမ်းအား ဖန်တီးပေးလေသည်။
မန်ဟို၏ မျက်လုံးများ တောက်ပသွားသည်။ မည်သည့်အန္တရာယ်ကိုမှ မခံစားရသည့်အတွက် သူသည် အင်မော်တယ်စံအိမ်အနား လမ်းလျှောက်သွားပြီး ၎င်း၏အရှေ့၌ ရပ်လိုက်၏။ ထို့နောက် သူက လက်ကို မြှောက်၍ အသက်ပြင်းပြင်း ရှူသွင်းကာ အရှေ့တံခါးကို ဖိတွန်းလိုက်သည်။
တံခါးပွင့်သွားသည့်အခါ မည်သည့်အသံကိုမှ မကြားရပေ။ သို့သော် ထိုသို့ပွင့်သွားစဉ် အကန့်အသတ်မရှိသော အလင်းရောင်က အတွင်းမှ ဖြာထွက်လာကာ မန်ဟို့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီးနောက် စံအိမ်၏အပြင်အထိ ပျံ့နှံ့လာသည်။ တခဏကြာသော် လင်းယွင်ကျစ်ထံမှ စူးစူးဝါးဝါး အော်သံကြီး ထွက်လာ၏။ သူကား အမှန်တွင် အင်မော်တယ်စံအိမ်ထဲ ဝင်ရောက်နိုင်ဖို့ မန်ဟို့အနောက်ကနေ တိတ်တိတ်ကလေး လိုက်နေခဲ့ခြင်းဖြစ်နေသည်။
သို့သော် အလင်းက သူ့ကို ချက်ချင်း တွန်းထုတ်လိုက်သည်။ သူ့မှာ ကျိန်စာတိုက်ခံလိုက်ရသည့်အလား မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်လာသည်။ သူသည် ကြောက်စိတ်တို့မွှန်ထူလျက် ကပျာကယာ နောက်ဆုတ်၍ အသက်ကို ဖက်နှင့်ထုတ်ကာ ကမ္ဘာထဲမှ ထွက်သွားတော့၏။
ယခုတွင် မန်ဟိုတစ်ယောက်တည်းသာ အင်မော်တယ်စံအိမ်၏ ပတ်ဝန်းကျင်တွင် ကျန်တော့လေသည်။ သူက အလင်း တစတစ မှေးမှိန်ပျောက်ကွယ်သွားသည့်တိုင်အောင် အလင်းထဲတွင် ထိခိုက်ခြင်းတစ်စုံတစ်ရာမရှိ ရပ်နေခဲ့၏။ သူသည် သူ့အရှေ့ရှိ စံအိမ်ကို တွေတွေကြီး ကြည့်၍ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။
“ဒါ ဘာနေရာလဲ…” သူက ရေရွတ်လိုက်သည်။ အင်မော်တယ်စံအိမ်ထဲ၌ မှော်ပစ္စည်းမျိုးစုံ ပြည့်နေသော စင်အမြောက်အမြားအား သူ မြင်နေရလေသည်။
နဂါးတစ်ကောင်လို အငွေ့မျှင်များ ရစ်သိုင်းနေသော ကြာပွတ်တစ်လက်ရှိသည်။ ၎င်းကား ကြွက်သားနှင့်အရွတ်များမှ ပြုလုပ်ခံထားရပုံပေါ်ပြီး နဂါးအစစ်တစ်ကောင်ထံမှ သန့်စင်ခံထားရသည့်အလား အံ့ဖွယ်ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။ တိမ်မြူများ ဖုံးနေသော ရှေးဟောင်းကြေးမုံတစ်ချပ်လည်း ရှိ၏။ ၎င်းကို ကြည့်ရသရွေ့ အသက်ရှိနေသောအရာတစ်ခုခုအား ထိုအထဲတွင် ပိတ်လှောင်ထားသယောင်ပင်။
ပိတ်နေသော်လည်း ကြည့်လိုက်လျှင် မန်ဟို့ကို ထိတ်လန့်သွားစေသော ကြက်သွေးရောင်မျက်လုံးတစ်လုံး ရှိသည်။
ဖားပြုပ်တစ်ကောင်၏ အပေါ်တွင် တင်နေသော ဒယ်အိုးတစ်လုံးလည်း ရှိသည်။ ဒယ်အိုးက ဖားပြုပ်ကို ဖိနှိပ်ချုပ်နှောင်ထားသယောင်ပင်။
ပို၍လှမ်းလှမ်းတွင် လှံရွက်အား အရိုးမှ ထွင်းထားသော အစိမ်းရောင်လှံရှည်တစ်ချောင်းရှိသည်။ မန်ဟိုသည် လှံရိုးကို ပြုလုပ်ထားသည့် သစ်သားကို အနီးကပ်ကြည့်လိုက်သည့်အခါ ချာချာလည်သွားတော့သည်။ ထိုသစ်သားကို သူ မှတ်မိသည်။ ၎င်းကား … လောကသစ်ပင်သားပင်။
မည်းညစ်ညစ် သွေးစိုများ စွန်းထင်းနေသော အပြားကျယ်ဓားတစ်လက် ရှိသည်။ ထိုသွေးမှာ အသိစိတ်ရှိနေသည့်အလား ကြောက်စရာဟိန်းဟောက်သံများကို ထုတ်လွှတ်နေ၏။
ထိုပစ္စည်းများအပြင် ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခုလုံး ရှိသည်၊ ၎င်း၏အစိတ်အပိုင်းအများစုမှာ သာမန်သာ ဖြစ်သော်လည်း သံလိုက်အိမ်မြှောင်၏အလယ်တည့်တည့်၌ အဖြူရောင်သလင်းကျောက်တစ်လုံးကို မြှုပ်ထား၏။ သလင်းကျောက်မှ ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခုလုံးကို ထူးခြားဆန်းကြယ်နေစေသည့် နူးညံ့သောအလင်းရောင်အား ထုတ်လွှတ်နေသည်။
ကြည့်ရသရွေ့ သံလိုက်အိမ်မြှောင်မှာ သလင်းကျောက် ၎င်း၏စွမ်းအားကို ထုတ်လွှတ်နိုင်ဖို့အတွက်သာ ဖန်တီးခံထားရခြင်းဖြစ်သဖြင့် အဖြူရောင်သလင်းကျောက်အား သံလိုက်အိမ်မြှောင်၏အလယ်တည့်တည့်မှ ဖယ်ရှား၍ရသယောင်ပင်။
မှော်ပစ္စည်းများသောင်းပြောင်းအထွေထွေ ပေါများလှသဖြင့် တချို့အသုံးပြုနည်းများကို မန်ဟို သိပင်မသိပေ။ ကြာပွတ်က ပို၍ဆန်းပြားသောပစ္စည်းများထဲမှ တစ်ခုဖြစ်သော်လည်း မည်သည့်ပစ္စည်းမဆို အပြင်လောကတွင် ပေါ်လာလျှင် အကြီးအကျယ် အုတ်အော်သောင်းနင်း ဖြစ်သွားစေလိမ့်မည်သာ။
ဤပစ္စည်းများအပြင် အင်မော်တယ်စံအိမ်ထဲ၌ စားပွဲတစ်လုံးလည်း ရှိသည်။ စားပွဲအပေါ်တွင် ဝါးပေလိပ်များနှင့်အတူ စာရေးကိရိယာမျိုးစုံ ရှိ၏။
မန်ဟိုက အသက်ပြင်းပြင်း ရှူလိုက်ပြီး အင်မော်တယ်စံအိမ်ထဲ ဝင်ရောက်လိုက်သည်။ အထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တံခါးက သူ့အနောက်တွင် ဂျိန်းခနဲ ပိတ်သွားလေသည်။
တစ်ဆက်တည်းမှာပင် ရေခဲတမျှ အေးစက်သော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
“နောက်ဆုံးစိတ်ဆန္ဒရဲ့ အလိုတော်နဲ့ မဟာပါရာဂွန်သုံးဦးရဲ့ စမ်းသပ်ချက်အတိုင်း ပါရာဂွန်မှော်သိုင်းကို ဖန်တီးနိုင်တဲ့ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံခြင်းအခြေခံနဲ့ ဘယ်သူမဆို စစ်သည်တော်စံအိမ်ကို ဝင်ရောက်ပြီး ရတနာတစ်ပါး ရွေးချယ်ပိုင်ခွင့်ရှိမယ်”
မန်ဟိုက ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း အင်မော်တယ်စံအိမ်ထဲတွင် သူမှလွဲ၍ မည်သူ့ကိုမှ မတွေ့ရပေ။ စောစောက ပြောလိုက်သော အသံမှာ အေးတိအေးစက်နှင့် သံယောဇဉ်ကင်းမဲ့သည့်အပြင် ခံစားချက်ပါမရှိသယောင်ပင်။ ၎င်းက အဆိုပါစကားတစ်ခွန်းပြောပြီးနောက် ဘာမှဆက်ပြောခြင်းမရှိတော့။
မန်ဟိုက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ရင်ဖိုစိတ်လှုပ်ရှားစွာဖြင့် အမျိုးမျိုးသော အဖိုးထိုက်ရတနာများကို ကြည့်လိုက်သည်။
သူ့မှာ မြင်မြင်သမျှ အကုန်လုံးကို သမသွားချင်သော်လည်း နောက်ဆုံးတွင် သူ၏မျက်လုံးများက ဖုန်းရွှေသံလိုက်အိမ်မြှောင်အပေါ် ကျရောက်သွား၏။
“အဲ့ဒါက တာအိုဆရာအစည်းအရုံးသုံးခု ငါ့ကို သူတို့အတွက် ယူပေးစေချင်တဲ့ ဖုန်းရွှေသံလိုက်အိမ်မြှောင်ပဲ ဖြစ်မယ်” သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်သည်။ သံလိုက်အိမ်မြှောင်ကို ခေတ္တကြည့်ပြီးနောက်တွင် သူသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။
“တာအိုအစည်းအရုံးသုံးခုရဲ့ နတ်မီးလျှံစမ်းသပ်ပွဲမှာ တခြားရည်ရွယ်ချက်ရှိနေတာပဲ။ သူတို့က လူတစ်ယောက် ဒီထဲ ဝင်နိုင်ပြီး သူတို့အတွက် ဒီပစ္စည်းကို ယူပေးစေချင်နေတာလေ။ ငါသာ သူတို့ပြောတဲ့အတိုင်းမလုပ်ရင် ဒီနေရာက ထွက်သွားတာနဲ့ ဘာဖြစ်မလဲ တွေးတောင်မကြည့်နိုင်ဘူး” သူ့မှာ သူတို့၏တောင်းဆိုချက်ကို မလိုက်လျောလိုသော်လည်း ခဏဆင်ခြင်သုံးသပ်ပြီးနောက် တဖျပ်ဖျပ် လက်နေသော မျက်လုံးများဖြင့် ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ရှေ့တက်၍ ၎င်းကို ယူလိုက်၏။
ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို မ,လိုက်သည့်အခိုက်အတန့်တွင် သူက သိုလှောင်အိတ်ထဲမှ ဓားပျံတစ်လက်ကို ထုတ်ကာ အဖြူရောင်သလင်းကျောက်ကို ကော်ထုတ်ဖို့ ကြိုးစားလိုက်သည်။
“မင်းတို့ အကျိုးအမြတ်အတွက် ငါက အနစ်နာခံပေးမယ်ထင်လား ဘယ်တော့မှပဲ” သူသည် အံတင်းတင်းကြိတ်၍ ဓားကို ဖိချလိုက်ရာ သလင်းကျောက်က ဖုန်းရွှေသံလိုက်အိမ်မြှောင်၏ အလယ်တည့်တည့်မှ ထောက်ခနဲ ထွက်လာသည်။ မန်ဟိုက ၎င်းကို ဆွဲယူပြီးနောက် ပြုံးဖြီးဖြီးဖြင့် သိုလှောင်အိတ်ထဲ ထည့်လိုက်၏။
ထို့နောက် သူသည် ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ပြန်ကြည့်လိုက်သည်။ ၎င်းကား အတော်လေး ပြီးပြည့်စုံလှ၏။ မည်သည့်ခြစ်ရာမှ ၎င်းအပေါ်တွင် မထင်ကြောင်း သေချာလျှင် သူက လည်ချောင်းရှင်းပြီးနောက် ကျန်မှော်ပစ္စည်းများကို လှည့်ပတ်ကြည့်လိုက်သည်။
“ဟိုအသံက ငါ မှော်ပစ္စည်းတစ်ခုပဲ ယူခွင့်ရှိတယ် ပြောပေမယ့် နောက်တစ်ခုယူလိုက်ရင် ဖြစ်လာမယ့် ဂယက်တွေကို မပြောသွားဘူး။ စမ်းကြည့်တာ ကောင်းမယ်ထင်တယ်” သူက ရင်တဒိန်းဒိန်း ခုန်လျက် လှံဆီ လျှောက်သွားသည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူ၏လက် ၎င်းကို ဖမ်းဆုပ်တော့မည့်အချိန် အားပြင်းသော တွန်းအားတစ်ရပ်က သူ့အား တွန်းထုတ်လိုက်၏။
အေးစက်စက် အသံက အင်မော်တယ်စံအိမ်ထဲမှ နောက်တစ်ဖန် ဟိန်းထွက်လာသည်။
“ဒီပစ္စည်းက မင်းနဲ့ ကံမပါဘူး။ ရတနာတစ်ပါး ယူပြီးပြီးပဲ ။ အခု ထွက်သွားလို့ရပြီ”
“ကံမပါဘူးတဲ့လား” မန်ဟိုက တွေးလိုက်သည်။ “ကံတရားဆိုတာ ကံကြွေးရဲ့ အကြောင်းတရား၊ အကျိုးတရားနဲ့ တူတယ်။ ဒါကြောင့် ဒီပစ္စည်းတွေနဲ့ ငါ့ကို ဆက်သွယ်ပေးနေတဲ့ ကံကြွေးမရှိဘူးလို့ ဆိုလိုတာလား” ထူးဆန်းသောအလင်းရောင်တစ်စ သူ၏မျက်လုံးများတွင် တောက်ပသွားပြီး သူက ရုတ်တရက် လည်ချောင်းရှင်းလိုက်သည်။ ဤအခိုက်အတန့်တွင် သတ္တမမိစ္ဆာချုပ်နှောင်မန္တန်၊ ကံကြွေးမန္တန်ကား ရုတ်ခြည်း ပေါ်လာတော့၏။
{လောကသစ်ပင် - အပိုင်း ၁၀၉မှာ မန်ဟို နွေဦးနဲ့ဆောင်းဦးသစ်ပင်ကို လေလံပွဲကနေ ဝယ်ခဲ့တုန်းက စပါလာပါတယ်။ အပိုင်း ၁၅၈မှာ မိုးကြိုးဒယ်အိုးရဲ့ မူလအစမြင်ကွင်းကို မြင်ခဲ့တုန်းက ဖော်ပြခဲ့ပါတယ်။ စုန့်မျိုးနွယ် သမက်ရှာပွဲတုန်းက ပြိုင်ပွဲဝင်တွေက လောကသစ်ပင်ပန်းချီကားထဲ ဝင်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ မန်ဟို ရွှေတုန်းလျှိုနဲ့ တွေ့ခဲ့တာပါ။ အပိုင်း ၁၉၄ ကနေ အပိုင်း ၁၉၉ အထိ လောကသစ်ပင်အကြောင်း ခဏခဏ ပါခဲ့ပါတယ်။ အပိုင်း ၂၀၈ မှာ ရွှေတုန်းလျှိုက မန်ဟိုနဲ့ စကားပြောတော့ လောကသစ်ပင်အကြောင်း ပြောခဲ့သေးသလို အပိုင်း ၃၉၂ မှာ မန်ဟိုက ကျီးနတ်မင်းမျိုးနွယ်ဝင်တွေ အထင်ကြီးအောင်လုပ်ဖို့ လောကသစ်ပင်အကြောင်း လုပ်ကြံပြောခဲ့ပါတယ်။ အပိုင်း ၈၂၁ မှာတော့ လီလင်းအာက ပုံရိပ်ယောင်လောကသစ်ပင်တစ်ပင်ကို ဆင့်ခေါ်ခဲ့တဲ့ မှော်သိုင်းတစ်ခုကို သုံးခဲ့ပါတယ်}
***