← Chapters

နောက်ဆုံးအကြိမ်

Vol. 62 Ch. 858

နောက်ဆုံးအကြိမ်

Vol. 62 Ch. 858

သတ္တမမိစ္ဆာချုပ်နှောင်မန္တန်သည် မိစ္ဆာချုပ်နှောင်သူအဖွဲ့အတွက် သူမတူသော မှော်သိုင်းတစ်ခုဖြစ်၏။ ၎င်းက ကျီမျိုးနွယ်စု၏ ကံကြွေးတာအိုနှင့်ဆင်သော်လည်း အခြေခံအားဖြင့် ကွဲပြားလေသည်။ မှော်သိုင်းကို ထုတ်လွှတ်လိုက်သည့်အခါ မန်ဟို၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပသွားပြီး သူက မှော်ပစ္စည်းအားလုံးကို လှည့်ပတ်ကြည့်လိုက်သည်။

ချက်ချင်းပင် မန်ဟိုကား မှော်ပစ္စည်းအမျိုးမျိုးနှင့် ချိတ်ဆက်နေသည့် မရေမတွက်နိုင်သောအမျှင်များကို မြင်နိုင်သွားလေပြီ။ ဤအမျှင်များသည် ကံကြွေးမျှင်များမှတစ်ပါး အခြားမဟုတ်။

ဤမှော်ပစ္စည်းအားလုံးတွင် ၎င်းတို့နှင့် စစ်သည်တော်စံအိမ်ကို ချိတ်ဆက်ပေးထားသော ကံကြွေးမျှင်များ ရှိပြီး မန်ဟိုက ၎င်းတို့တစ်မျှင်ချင်းစီကို ပြတ်ပြတ်သားသား မြင်နေရလေပြီ။

"ဆိုတော့ မှော်ပစ္စည်းတွေမှာတောင်မှ ကံကြွေးရှိနေတာပါလား" သူက တွေးသည်။ "အဲဒီလိုဆိုတော့လည်း စိတ်ပူစရာမလိုတော့ဘူး" မန်ဟိုသည် လည်ချောင်းရှင်းရင်း ဘေးဘီဝဲယာကို ဉာဏ်များသော မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်၏။

"ပထမဆုံး ဒီမှော်ပစ္စည်းတွေအပေါ်က ကံကြွေးညှို့မယ်။ ပြီးရင် သူတို့နဲ့ ချိတ်ဆက်နေတဲ့ ကံတရားကို ဖန်တီးမယ်" သူက လက်ကို ဝှေ့လိုက်ရာ သတ္တမမိစ္ဆာချုပ်နှောင်မန္တန်အား စစ်သည်တော်စံအိမ်ရှိ မှော်ပစ္စည်းအားလုံးကို လွှမ်းခြုံသွားစေသည်။

မျက်စိတစ်မှိတ်အတွင်း ‌စူးရှတောက်ပသော အလင်းရောင်က အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး စစ်သည်တော်စံအိမ်တစ်ခုလုံး တုန်ခါလာသည်။

မန်ဟိုမှာ စောင့်နေစဉ် ရင်တဒိန်းဒိန်း ခုန်လျက် ရှိသည်။ တုံ့ပြန်မှုတစ်စုံတရာ မတွေ့သော် သူသည် အတန်ငယ် စိတ်အေးသွားပြီးနောက် ဉာဏ်များသော မျက်လုံးများဖြင့် ဘေးဘီဝဲယာကို နောက်တစ်ဖန် ကြည့်လိုက်ပြန်၏။

"ကြမ်းခင်းတွေက အမိုက်စားဟ" သူက နှုတ်ခမ်းပါးနားသပ်ရင်း တွေးလိုက်သည်။ "နောက်ကျရင် ခွာယူသွားရမယ်။ ပြီးတော့ ဒီစင်တွေကို လုပ်ထားတဲ့ သစ်သားကလည်း ဒီထက်ပိုပြီး ထူးခြားမနေနိုင်တော့ဘူး...

"ဟိုက အလှဆင်ကျောက်ပြားတွေလည်း မဆိုးဘူး" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

သူသည် မုဒြာလက်ကွက်တစ်ကွက်အား အလျင်အမြန် ဖော်ကာ ကံကြွေးမျှင်များအား သူ၏ခေါင်းပေါ်တွင် ပေါ်လာစေသည်။ ဤအရာများကား ရောင်စုံအလင်းများဖြင့် တလက်လက် တောက်ပနေသော သူ၏ကိုယ်ပိုင်ကံကြွေးမျှင်များ ဖြစ်၏။ မန်ဟိုက သူ၏ချီကို အနည်ထိုင်စေ၍ စိတ်ကို တည်ငြိမ်စေပြီးနောက် မှေးမှိန်ပျောက်ကွယ်လုနီးနီး ဖြစ်နေသော တစ်မျှင်ကို ရှာမတွေ့မချင်း သူ၏ကံကြွေးမျှင်များကို မွှေနှောက်ရှာလိုက်သည်။

ထိုကံကြွေးမျှင်မှာ စောစောက လှံကို မြင်လျှင်ချင်း ဖြစ်ပေါ်လာခဲ့သော ကံကြွေးမျှင်ဖြစ်သည်။ မှန်ပါသည်၊ အမျှင်မှာ လေတိုက်ရုံလေးနှင့် ကြေမွပျောက်ကွယ်သွားနိုင်သည့်အလား မယုံနိုင်လောက်အောင် ပါး၍ သေးမျှင်၏။

မန်ဟိုက အသက်ပြင်းပြင်း ရှူပြီးနောက် လက်မြှောက်၍ ထိုအမျှင်ကို လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် ကံကြွေးမျှင်သည် မှော်သင်္ကေတတစ်ခုပုံသဏ္ဌာန်အဖြစ် တွန့်လိမ်ကောက်ကွေးသွားပြီးနောက် မန်ဟို၏လက်ပေါ် ကျဆင်းလာသည်။

"ကံတရားကို ချည်နှောင်လိုက်" သူက ပြောသည်။ ချက်ချင်းပင် အမျှင်သည် ရောင်စုံတောက်ပလာ၏။ တစ်ချိန်တည်းမှာပင် လှံမှာ တစ်စုံတခုထံမှ ရုန်းကန်နေသည့်အလား ခါလာသည်။

၎င်း ရုန်းကန်နေစဉ် မန်ဟို၏ခေါင်းနှင့် ချိတ်ဆက်နေသော လှံကိုယ်စားပြုကံကြွေးမျှင်မှာ ရုတ်တရက် အလွန်ကြည်လင်လာ၏။ ယခုတွင် သူတို့နှစ်ယောက်အကြားရှိ ကံကြွေးမှာ ပို၍နက်ရှိုင်းလာနေသည့်အလား ၎င်းသည် မန်ဟို့ကို ပို၍မြဲမြံစွာ တွယ်ဆက်လာနေပုံပင်။

"ကံကြွေးအမိန့်စာ။ ကံတရားကို ချည်နှောင်စေ" မန်ဟို၏မျက်လုံးများသည် စူးရှတောက်ပလာပြီး သူက မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ့ညာလက်ပေါ်ရှိ မှော်သင်္ကေတမှ အရောင်အဝါများ တောက်ပလာစဉ် သူသည် ၎င်းကို ဖိခြေလိုက်၏။ မှော်သင်္ကေတမှာ ခွမ်းခနဲ ကြေမွသွားလေသည်။ ၎င်း ကွဲကြေသွားသည့်အခိုက်အတန့်တွင် လှံက ရုန်းကန်နေခြင်းကို ရပ်လိုက်ပြီး မန်ဟိုသည် လှံမှလာနေသော ဆင့်ခေါ်သံများလို အရာများအား ရုတ်တရက် ခံစားလိုက်ရ၏။

သူ့မှာ စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်တော့သဖြင့် လေထဲသို့ လက်ကို ‌ဆန့်တန်းလိုက်သည်။ လှံက ချက်ချင်းဆိုသလို ရွှီးခနဲ လေကို ခွင်းကာ သူ၏လက်ပေါ်တည့်တည့် ကျလာသည်။

မန်ဟိုက တဟားဟား အော်ရယ်လိုက်၏။

"ငါ့အပိုင်၊ ဒီနေရာ မှော်ပစ္စည်းတွေ အကုန်လုံး အခု ငါ့အပိုင်ပဲ" သူ၏ရင်ထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည့်အချိန်မှာပင် ရုတ်တရက် အသတ်အဖြတ်အရှိန်အဝါတစ်ခုက အနောက်မှ သူ့ဆီသို့ ထိုးဝင်လာသည်။

အရှိန်အဝါသည် ပွတ်တိုက်သွားရုံလေးနှင့် သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဖျက်စီးနိုင်စွမ်းရှိသည့်အလား အားကောင်းလှ၏။

မန်ဟို မျက်နှာပျက်သွားပြီး ခေါင်းထောင်၍ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ သို့သော် သူ့အနောက်တွင် မည်သူမှ မရှိပေ။ အသတ်အဖြတ်အရှိန်အဝါကတော့ ရှိနေဆဲပင်။ ၎င်းကား စစ်သည်တော်စံအိမ်မှ လာပုံရသည်။

ချွေးစေးများ မန်ဟို၏မျက်နှာတစ်လျှောက် စီးကျလာပြီး သူ့မှာ မလှုပ်ရဲတော့ပေ။ အသတ်အဖြတ်အရှိန်အဝါက သူ့ကို ပျာယာခတ်သွားစေပြီး သူကား တံခါးအနားသို့ တဖြေးဖြေး ရွှေ့သွားလေသည်။ အသတ်အဖြတ်အရှိန်အဝါမှာ သူ့ကို တုပဖို့ ကြိုးစားနေသည့်အလား သူ သွားရာနောက် တကောက်ကောက် လိုက်လာသည်။

"ကျွန်တော် ကံဆက်ကြိုးနည်းနည်းပါးပါး ဖန်တီးနေရုံလေးပါပဲ" မန်ဟိုက ကပျာကယာ ပြောသည်။ "အစ်ကိုကြီးက ဘာတွေစိတ်တိုနေတာတုန်း။ အစ်ကိုကြီးစစ်သည်တော်စံအိမ်၊ ဒါကလေ နားလည်မှုသေးသေးလေး လွဲတာပါနော် ဟုတ်ပြီလား" အသတ်အဖြတ်အရှိန်အဝါကား ပြင်းထန်မြဲ ပြင်းထန်ဆဲသာ။

သို့ရာတွင် တခဏကြာသော် မန်ဟိုသည် အရှိန်အဝါပျောက်ကွယ်နေကြောင်း အာရုံရလိုက်၏။ ၎င်း သူ့ကို မတိုက်ခိုက်ကြောင်း မြင်သော် သူ၏မျက်လုံးများက ကျီး‌ကန်းတောင်းမှောက် ရွေ့လျားသွားသည်။ သူ့မှာ စိတ်တစ်ပိုင်းက ထွက်သွားချင်သော်လည်း စစ်သည်တော်စံအိမ်အတွင်းရှိ မှော်ပစ္စည်းအားလုံးကို မြင်သောအခါ ထွက်မသွားချင်ပြန်ပေ။

"အစ်ကိုကြီးစစ်သည်တော်စံအိမ်၊ ကျွန်တော့်ကို စိတ်ထဲ ထည့်မနေနဲ့" သူက ကျယ်လောင်စွာ အော်လိုက်သည်။ "ကျွန်တော် ဒီမှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေတယ်။ အစ်ကိုကြီး လုပ်စရာရှိတာ ပြန်လုပ်နေပြီမလား" ထိုသို့ပြောရင်း သူသည် သွေးမည်းများဖုံးနေသော ‌ဓားထံ ဂရုတစိုက် လှမ်းလိုက်၏။

အသတ်အဖြတ်အရှိန်အဝါကို အမြဲမပြတ် သတိထားရင်း သူက သူနှင့်ဓားအား ချိတ်ဆက်ပေးထားသော ကံကြွေးမျှင်ကို ရှာရန် ကံကြွေးအမိန့်စာကို လျင်မြန်စွာ သုံးပြီးနောက် တတ်နိုင်သမျှ မြန်မြန် ကံတရားကို ချည်နှောင်လိုက်တော့သည်။

ဓားသည် တုန်ခါသွားပြီး စစ်သည်တော်စံအိမ်မှ အသတ်အဖြတ်အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။ ‌မန်ဟိုမှာ ‌ဇောချွေးပြန်လာသော်လည်း အံတင်းတင်းကြိတ်၍ ကံဆက်ကြိုးကို အကြိမ်အနည်းငယ်ခန့် ထပ်သုံးလိုက်သည်။ တတိယအကြိမ်ပြီးလျှင် ဓားသည် ရုန်းကန်နေခြင်းအား ရပ်လိုက်ပြီး သူတို့အကြား၌ မမြင်ရသော ဆက်ကြိုးတစ်ကြိုးပေါ်လာတော့သည်။

ဓားက ပျံထွက်လာပြီး နဂါးတစ်ကောင်လို မန်ဟို့ကို ပတ်၍ လည်သွားသည်။

စစ်သည်တော်စံအိမ်၏ အသတ်အဖြတ်အရှိန်အဝါက စံအိမ်တစ်ခုလုံးကို လွှမ်းခြုံလာသဖြင့် မန်ဟိုမှာ ပျော်နေရန် အချိန်မရှိပေ။ ၎င်းကား အလွန်အမင်း စိတ်ဆိုးလာပြီး ပြိုင်ဘက်ကင်းလောက်အောင် ပြင်းထန်လာသည်။

"ဒါ နောက်ဆုံးအကြိမ်ပဲ" မန်ဟိုက ပြောသည်။ "နောက်ဆုံးအကြိမ်"

ထို့နောက် သူသည် နှုတ်ခမ်းသပ်၍ အချိန်အတော်လေးကြာသည်အထိ တစ်လက်မလေးပင် မရွေ့ရဲဘဲ ရပ်နေပြီးနောက် မှော်ကျောက်စိမ်းပန်းတစ်ပွင့်အနား တရွေ့ရွေ့ တိုးကပ်သွားလိုက်၏။ သူက အံတင်းတင်းကြိတ်ရင်း ကံကြွေးအမိန့်စာကို မှော်ပန်းအား ချက်ချင်း ဝင်တိုက်စေလိုက်သည်။ မှော်သင်္ကေတတစ်ခုပေါ်လာ၏။ ဤပန်းသည် အခြားမှော်ပစ္စည်းများနှင့် ကွဲပြားသ‌‌ယောင်ပင်။ ပထမဆုံးတစ်ခေါက်နှင့်တင် သူ အောင်မြင်သွားလေပြီ။

ချက်ချင်းပင် ကြောက်မက်ဖွယ် အသတ်အဖြတ်အရှိန်အဝါက အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါလာစေပြန်သည်။ ယခုတော့‌ မန်ဟို့တစ်ကိုယ်လုံးမှာ ချွေးတို့ ရွှဲနေချေ၏။

"အဲဒါက နောက်ဆုံးအကြိမ်" သူက ကမန်းကတမ်း အော်လိုက်သည်။ "တကယ် နောက်ဆုံးအကြိမ်ပါ ကတိပေးတယ်

"အစ်ကိုကြီးစစ်‌သည်တော်စံအိမ် ဒါ တကယ်ပဲ နောက်ဆုံးအကြိမ်ပါ။ ကျွန်တော် အခုသွားတော့မယ်။ နောက်မှ တွေ့မယ်နော်" အသတ်အဖြတ်စိတ်ဆန္ဒ၏ ပြင်းအားက မန်ဟို၏မျက်နှာကို ဖြူဆုပ်သွားစေပြီး ရင်တဒိန်းဒိန်း ခုန်လာစေသည်။ သူက ပြောပြောဆိုဆိုနှင့် ထွက်ပေါက်ထံသို့ ကပျာကယာ လျှောက်သွား၏။

သို့သော် ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးသည်၊ သူ့မှာ ကံဆက်ကြိုးကို အနားက စင်တစ်စင်အပေါ်ရှိ ပုလင်းသေးသေးလေးတစ်လုံးအပေါ် မသုံးဘဲ မနေနိုင်လိုက်ပေ။ ၎င်းသည် စိမ်းပုပ်ရောင်ဖြစ်ပြီး သိပ်မထူးခြားသော်လည်း ၎င်းထံမှ ထုတ်လွှတ်နေသည့် အကန့်အသတ်မဲ့အရှိန်အဝါတစ်ခုကို မန်ဟို အာရုံရလိုက်လေသည်။

"သေစမ်း" သူက အံတင်းတင်းကြိတ်ရင်း တွေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူနှင့်ပုလင်းကို ဆယ်သွယ်ပေးထားသော ကံကြွေးမျှင်ကို တွေ့သွားပြီး ၎င်းကို မှော်သင်္ကေတပုံသဏ္ဌာန်လုပ်လိုက်၏။ သင်္ကေတ သူ့လက်ထဲ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် သူသည် ၎င်းကို ဖိခြေပြီး အောင်မြင်လား၊ မအောင်မြင်လား စစ်ဆေးနေရန် အချိန်မရှိဘဲ ပုလင်းသေးသေးလေးကို လျင်မြန်စွာ ဆွဲယူလိုက်တော့သည်။

၎င်းကို ဖမ်းဆုပ်မိလိုက်လျှင်ချင်း သူ၏ခန္ဓာကိုယ်က စစ်သည်တော်စံအိမ်ထွက်ပေါက်သို့ ဖျတ်ခနဲ ရွေ့လျားသွားဝောာ့သည်။ တစ်ပြိုင်တည်းမှာပင် အသတ်အဖြတ်အရှိန်အဝါက မန်ဟို့ထံသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်လာပြီး ဒေါသတကြီး ဟိန်းဟောက်သံသဲ့သဲ့အား ကြားရနိုင်သည်။

"နောက်ဆုံးအကြိမ်" သူက အော်သည်။ "ဒါ တကယ် နောက်ဆုံးအကြိမ်။ ကျွန်တော် သွားပြီ။ တကယ် အခု သွားပြီ" မန်ဟိုမှာ ခေါင်းနပန်းကြီးလျက် ခပ်သုတ်သုတ် သွားနေသည်။ သူ့အနောက်တွင် အသတ်အဖြတ်အရှိန်အဝါက သူ့ကို မောင်းထုတ်ရန်သည့်အလား ဝုန်းဒိုင်းကြဲ လာနေချေသည်။

တံခါး၏ဘေးတွင် စောစောက မန်ဟို မြင်ခဲ့သော စားပွဲရှိသည်။ မန်ဟိုမှာ စားပွဲ၏အနားမှ ဖြတ်သွားသည့်အခါ ထိုနေရာတွင် တင်ထားသော ကျောက်စိမ်းပြားတစ်ပြားအား လှမ်းမယူဘဲ မနေနိုင်လိုက်ပေ။

ထိုအခြင်းအရာက စစ်သည်တော်စံအိမ်၏ အသတ်အဖြတ်အရှိန်အဝါကို သည်းခံနိုင်စွမ်း ကုန်ခမ်းသွားစေသယောင်ပင်။ ၎င်းက မန်ဟို့ဆီ ပြေးဝင်လာသော ကြောက်မက်ဖွယ် တိုက်ကွက်ကြီးတစ်ကွက်အသွင် ပြောင်းသွားသည်။

အသတ်အဖြတ်အရှိန်အဝါအတွင်းမှ ခပ်သဲ့သဲ့ ဟိန်းဟောက်သံတစ်သံအား ကြားရနိုင်သည်။ "ဒီနေရာက ထွက်သွားစမ်း"

၎င်း မန်ဟို့ကို ဝင်တိုက်လိုက်သောအခါ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ လွင့်ထွက်သွားတော့သည်။

တံခါးသည် ဂျိန်းခနဲ ပိတ်သွားပြီး မန်ဟိုမှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ လွင့်ထွက်သွားတော့သည်။

ချက်ချင်းဆိုသလို စစ်သည်တော်စံအိမ်မှာ ပျောက်ကွယ်စပြုလာ၏။ တစ်ချိန်တည်းမှာပင် သူသည် ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ တာအိုဆရာအစည်းအရုံးသုံးခု၏ ခေါင်းဆောင်ကြီးသုံးဦးအပြင် ကျန်ဂိုဏ်းများ၊ အဖွဲ့အစည်းများ၏ ခေါင်းဆောင်ကြီးများအရှေ့တွင် ပေါ်လာတော့သည်။

မှန်သားပြင်ပေါ်၌ သူတို့ မြင်လိုက်ရသည်မှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်လာသော မန်ဟို ဖြစ်သည်။ သူ၏ ခိုင်မာပြတ်သားသော မျက်နှာထားအရ ပေးအပ်ထားသော တာဝန်ကို ကျေပွန်စေဖို့အတွက် သေမင်းကိုပင် ရင်ဆိုင်မည့်အလား၊ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည့်အလားပင်။

မန်ဟိုက သွေးတစ်ပွက်အန်၍ အာ‌ပေါင်ရင်းသန်သန် ဟစ်ကြွးလိုက်သည်။ "ဂျူနီယာမျိုးဆက်ရဲ့ ဖန်မု၊ ထိခိုက်ဒဏ်ရာရပြီး သေအံမူးမူးဖြစ်နေရင်တောင်မှ တာအိုဆရာအစည်းအရုံးသုံးခုကနေ ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်စေဖို့ ငရဲပဲသွားရသွားရ၊ ချော်ရည်ပူပင်လယ်ပဲဖြတ်ရဖြတ်ရ ဘာမဆိုလုပ်ဆောင်ဖို့ အသင့်ပဲ" ထို့နောက် သူသည် ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ထုတ်ပြီး မာန်ပါပါ ပင့်မြှောက်လိုက်သည်။

၎င်းကား အလွန်ရင်ထဲထိဖွယ် မြင်ကွင်းတစ်ခုဖြစ်သည်။ နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများ၊ ဖြူဆုပ်နေသော မျက်နှာ။ တုန်ရီနေသော ခန္ဓာကိုယ်။ အလွန်ပြင်းထန်သော ဒဏ်ရာများ။ လေးနက်သော စကားလုံးများ၊ ခိုင်မာပြတ်သားသောပုံရိပ်က တာအိုအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးကို ချက်ချင်း ရင်ထဲထိသွားစေတော့သည်။

ခေါင်းဆောင်ကြီးသုံးဦးမှာ ဟောဟဲလှိုက်နေပြီး ရင်ထဲ၌ ခံစားနေရသော ပျော်ရွှင်ဝမ်းမြောက်မှုတို့အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။

ဤအခိုက်အတန့်တွင် မျက်နှာဖြူဖပ်ဖြူလျော်နှင့် လင်းယွင်ကျစ်က မန်ဟို၏အရှေ့တွင် ရုတ်တရက် ရုပ်လုံးပေါ်လာသည်။ သူသည် ညာလက်ဖြင့် ဖမ်းဆုပ်သည့်လှုပ်ရှားမှု ချက်ချင်း လုပ်လိုက်ပြီး မန်ဟို့လက်ထဲရှိ ဖုန်းရွှေသံလိုက်အိမ်မြှောင်မှာ သူ့ထံ ပျံသန်းလာတော့သည်။ သူက မန်ဟို့ကို ခေါင်းညိတ်ပြီးနောက် စိတ်လက်မချမ်းမသာနှင့် သက်ပြင်းချလိုက်သည်။ သူကိုယ်တိုင်မှာ စစ်သည်တော်စံအိမ်၏ အလင်းရောင်ကြောင့် ထိခိုက်သွားခဲ့သည့်အတွက် ၎င်းမည်မျှအန္တရာယ်များကြောင်း သိလေသည်။ မန်ဟို ရရှိခဲ့သော ဒဏ်ရာများကို မြင်လျှင် သူ့မှာ ကိုယ်ချင်းစာသွားပြီးနောက် မန်ဟို၏ တည်ကြည်လေးနက်သော မျက်နှာထားကို သတိထားမိသောအခါ စောစောက သူတို့အကြား ဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာ နားလည်လွဲခြင်းသာ ဖြစ်မည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။

"တယ်တော်တဲ့ ကလေး" သူက ပြောသည်။ "ရော့ ဒီဆေးလုံး ယူလိုက်။ အဲဒီဒဏ်ရာတွေ သက်သာသွားလိမ့်မယ်" သူက ရင်ထဲထိသွားသဖြင့် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်ဆေးလုံးတစ်လုံးသည် ပျံထွက်သွားပြီး မန်ဟို့အရှေ့တွင် ဝဲနေ၏။ ဆေးဝါးတာအိုအသိကြောင့် မန်ဟိုမှာ ဆေးရနံ့ကို ရှူလိုက်သည်နှင့် ၎င်းကား ရတနာဆေးလုံးတစ်လုံးဖြစ်ကြောင်း ပြောနိုင်လေသည်။

"ငါ ဒီနေရာမှာ အခုချက်ချင်း ပွားလို့မရတာ ဆိုးတယ်ကွာ" မန်ဟိုက တွေးသည်။ သူသည် ဆေးလုံးကို ကပျာကယာ ယူ၍ သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

"မင်း အခု စားသင့်တယ်ထင်တယ်နော်" လင်းယွင်ကျစ်က စိတ်ပူနေဟန်ဖြင့် ပြောသည်။ "ဒီဒဏ်ရာတွေက တော်တော်ပြင်းထန်တယ်ကွ"

စိတ်ထဲတွင် မန်ဟိုမှာ ခါးသက်သက် ရယ်နေတော့သည်။ သူ့တွင် ဆေးလုံးကို စားချင်စိတ်မရှိပေ။ ထာဝရအလွှာအား အသက်သွင်းလိုက်သည်နှင့် ချက်ချင်း ဒဏ်ရာများပျောက်ကင်းသွားနိုင်၏။ သို့သော် လင်းယွင်ကျစ်က စိုက်ကြည့်နေရာ မန်ဟိုမှာ ရင်နာနာနှင့် အံတင်းတင်းကြိတ်ပြီးနောက်ဆုံး ဆေးလုံးကို စားလိုက်တော့သည်။

ဆေးလုံး ပျော်ဝင်သွားလျှင်ချင်း နူးညံ့သောစီးကြောင်းလေးတစ်ကြောင်းက သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားပြီးနောက် ဒဏ်ရာအားလုံး သက်သာသွားလေသည်။

"အကြီးအကျယ် ရှုံးသွားပြီ" သူက တွေးသည်။ "အကြီးအကျယ်ကို ရှုံးသွားပြီ။ ဆေးလုံးကို ပွားသာပွားနိုင်လို့ကတော့ ဈေးကြီးကြီးနဲ့ ပြန်ရောင်းစားလို့ရမှာကို" သူသည် စိတ်ထဲတွင် ခါးခါးသီးသီး ရယ်နေသော်လည်း အပြင်ပန်းတွင်တော့ ကျေးဇူးတင်နေသော မျက်နှာထားဖြင့် လက်ယှက်၍ လင်းယွင်ကျစ်ကို အရိုအသေပေးလိုက်သည်။

လင်းယွင်ကျစ်က ခေါင်းညိတ်လိုက်ပြန်သည်။ သူသည် တွေးလေလေ၊ ကံကို အသာထား၊ မန်ဟိုက ကျင့်ကြံခြင်းအခြေခံအရသာမက ဗီဇစိတ်အရပါ အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်ဟု ခံစားရလေလေ ဖြစ်နေတော့၏။

"ငါ သူ့ကို ပင်ကိုယ်စွမ်းရည်ကိစ္စနဲ့ တခြားအဆင့်တွေမှာ အထင်မှားခဲ့မိတာပဲ"

ထို့နောက် သူက သဘောကျစွာ ပြုံးရင်း ပြောသည်။ "ဖန်မု၊ မင်း နဝမပင်လယ်နတ်လောကရဲ့ သီးသန့်ဂိုဏ်းသားဖြစ်ချင်လား"

သူ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများအားလုံး တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။

အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့မှ ခေါင်းဆောင်ကြီးက နက်နဲသော အဓိပ္ပာယ်ပါရှိနေသည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။ မြင့်မြတ်သော ရေစီးဓားဂူမှ ခေါင်းဆောင်ကြီး၏ တခဏ ချီတုံချတုံ ဖြစ်သွား၏။ နဝမပင်လယ်‌နတ်လောကမှ ခေါင်းဆောင်ကြီးကမူ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

မန်ဟိုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ငြင်းဖို့ စဉ်းစားလိုက်သည်။ ထို့နောက် သူသာ ဖန်မုနာမည်ဖြင့် နဝမပင်လယ်နတ်လောကသို့ ဝင်လျှင် ဖန်းတုံးအာလည်း အဖွဲ့ဝင်တစ်ဦးဖြစ်သည်ကို ထည့်တွက်ပါက သူမ မည်မျှ ဒေါကန်သွားမည်လဲ တွေးမိလိုက်၏။

သူက ချောင်းဟန့်၍ လက်နှစ်ဖက်ယှက်လိုက်သည်။

"ဂျူနီယာ ဝင်ချင်ပါတယ်" သူက ပြန်ဖြေသည်။ "ကံဆိုးတာက ကျွန်တော့်မှာ ရှင်းစရာကိစ္စလေး နည်းနည်းပါးပါး ရှိသေးတယ်ဗျ။ စီနီယာ ကျွန်တော့်ကို အချိန်ထပ်ပေးနိုင်မယ်ဆိုရင် ကိစ္စဝိစ္စတွေ ရှင်းပြီးတာနဲ့ နဝမပင်လယ်နတ်လောကကို ချက်ချင်း သွားပါ့မယ်"

***

All Chapters