← Chapters

နောက်ဆုံးအဆင့်နှစ်ဆင့်

Vol. 62 Ch. 859

နောက်ဆုံးအဆင့်နှစ်ဆင့်

Vol. 62 Ch. 859

"ရတာပေါ့ မင်းသဘောက အဲဒီလိုဆိုရင်" လင်းယွင်ကျစ်က ပြုံးကာ ဆိုသည်။ "နည်းနည်းလောက် စဉ်းစားကြည့်ပေါ့။ မင်း နဝမပင်လယ်နတ်လောကကို ရောက်တာနဲ့ မင်းရဲ့ နောက်ဆုံးအဖြေကို ငါ့ပြောနိုင်တယ်" သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ အမိန့်ပြားတစ်ပြားအား ပျံထွက်လာစေသည်။

"မင်းရဲ့ကိစ္စဝိစ္စတွေကို ဖြေရှင်းပြီးရင် အမိန့်ပြားကို ချိုးလိုက်။ အဲ့ဒါက မင်းကို နဝမပင်လယ်နတ်လောကဆီ ခေါ်သွားပေးလိမ့်မယ်" ထိုသို့‌ပြောပြီးနောက် လင်းယွင်ကျစ်သည် လှည့်၍ ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟို့ပတ်ပတ်လည်ရှိ လေထုမှာ ကြေမွလာသည်။ အရာအားလုံး ပြန်လည်ရှင်းလင်းကြည်လင်လာသောအခါ သူကား ရှေးဟောင်းလမ်းပေါ်ရှိ ပလ္လင်အပေါ် ပြန်ရောက်နေလေပြီ။

အပြင်လောကရှိ လူတိုင်းမှာ မန်ဟိုနှင့် တာအိုဆရာအစည်းအရုံးသုံးခုအကြား မည်သို့မည်ဖုံ ဖြစ်သွားခဲ့သလဲ မသေချာသော်လည်း နတ်မီးလျှံစမ်းသပ်ပွဲအတွင်း မန်ဟို၏ လျှမ်းလျှမ်းတောက် ထင်ပေါ်လာမှုနှင့်ပတ်သက်ပြီး အံ့ဩထိတ်လန့်ခြင်းတို့ကား စိုးစဉ်းမျှ လျော့မကျသွားခဲ့ပေ။

အထူးသဖြင့် မန်ဟို့ကို သီးသန့်ဂိုဏ်းသားအဖြစ် လင်းယွင်ကျစ်၏ ရွေးချယ်လိုက်မှုကြောင့်ပင်။

နဝမတောင်နှင့်ပင်လယ်ရှိ စောင့်ကြည့်နေသူများမှာ ထိုအရာကို ကြားလျှင် မနာလိုလည်းဖြစ်သလို ၊ အားကျခြင်းလည်း ဖြစ်ကြရ၏။ သူတို့အားလုံးကား မှန်သားပြင်ပေါ်ရှိ မန်ဟို့ကို မမှိတ်မသုန် စိုက်ကြည့်နေကြတော့သည်။

"သူက နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံးမှာ နံပါတ်တစ်ရွေးချယ်ခံကိုး။ နဝမပင်လယ်နတ်လောကကို ဝင်ရောက်ခွင့်ရသွားတာ အံ့ဩစရာမရှိဘူး"

"သူ နောက်ဆုံးနှစ်ဆင့်မှာ ဝင်ပြိုင်ဦးမလား သိချင်မိတယ်။ အဲဒါပြီးရင် အရေးအကြီးဆုံးအပိုင်းက .... ပြိုင်ကွင်းတိုက်ပွဲတွေပဲ"

"ငါသာ သူဆိုရင် နောက်ဆုံးအဆင့်နှစ်ဆင့်မှာ ဝင်ပြိုင်မယ်။ ပြိုင်ကွင်းတိုက်ပွဲတော့ ဝင်မပြိုင်ဘူး။ ထိပ်သီးဂိုဏ်းတွေက ရွေးချယ်ခံတွေလည်း အဲဒီမှာ ဝင်ပြိုင်ခွင့်ရှိတယ်မဟုတ်လား။ သူတို့က စစ်ဆေးတဲ့အဆင့်တွေမှာ ဝင်ပြိုင်စရာမလိုလောက်အောင် အရည်အချင်းပြည့်ဝကြတော့လဲ ရှေးဟောင်းလမ်းပေါ်မှာ မလျှောက်ကြတာပဲ။ သူတို့က ပြိုင်ကွင်းတိုက်ပွဲတွေကို တိုက်ရိုက်သွားနိုင်တယ်

"ဒီဖန်မုက သန်မာကောင်း သန်မာလောက်ပေမယ့် အဲဒီရွေးချယ်ခံတွေနဲ့ ယှဉ်နိုင်မလားဆိုတာ‌ကတော့ သံသယဖြစ်စရာပဲ"

"ဟုတ်ပ ဆိုးလွန်း‌တယ်နော့။ တာအိုဆရာအစည်းအရုံးသုံးခုကနေ ကျင်းပခဲ့တဲ့ ခေတ်အဆက်ဆက်နတ်မီးလျှံစမ်းသပ်ပွဲတွေမှာ ပြိုင်ကွင်းတိုက်ပွဲတွေက စိတ်ဝင်စားစရာအကောင်းဆုံးပဲ။ ဆုလာဘ်တွေက လက်ဖျားခါစရာကောင်းတာကိုး" ‌

‌အပြင်၌ ဆွေးနွေးသံများ ဆူညံနေစဉ် နဝမအဆင့်ကား ရှေးဟောင်းလမ်းသုံးလမ်းအပေါ်တွင် စတင်နေလေပြီ။

နတ်မီးလျှံစမ်းသပ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေဆဲဖြစ်သော အရေအတွက်မှာ သိသိသာသာ လျော့ကျသွားခဲ့၏။ အရှေ့အဆင့်(၈)ဆင့်တွင် လူများ ဆက်တိုက်ထုတ်ပယ်ခံခဲ့ရလေသည်။ ထို့အပြင် ဂိုဏ်းများမှ ရွေးချယ်ခံခဲ့ရပြီး ခေါ်ဆောင်သွားခံရသဖြင့် နောက်ဆုံးအဆင့်နှစ်ဆင့်နှင့် ပြိုင်ကွင်းတိုက်ပွဲများတွင် ဝင်ပြိုင်တော့မည်မဟုတ်သော ဖက်တီးကဲ့သို့ လူများလည်း ရှိသေး၏။

လင်းယွင်ကျစ်က တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်၌ ရုတ်တရက် ရုပ်လုံးပေါ်လာသည်။

"နောက်ဆုံးအဆင့်က နှလုံးသားနဲ့ တာအိုကို စစ်ဆေးမှာ" သူက ပြောသည်။ သူသည် အသိအမှတ်ပြုနေသော အပြုံးတစဖြင့် မန်ဟို့ကို လှမ်းကြည့်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ဤအခြင်းအရာက လူတိုင်းကို နေရာထပ်ပြောင်းသွားစေ၏။ မန်ဟိုကတော့ ထပ်မံ၍ ခေါင်းဆောင်နေရာတွင်သာ။

"နဝမအဆင့်က နှလုံးသားကို သန့်စင်ပေးတယ်။ ဒသမအဆင့်က တာအိုကို အကဲဖြတ်တယ်

"ဒီအဆင့်နှစ်ဆင့်ပြီးရင် အနုသုခုမရုပ်ခန္ဓာအဆင့်ပြိုင်ပွဲဝင်ခုနစ်ထောင်၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပြိုင်ပွဲဝင်နှစ်ထောင်နဲ့ တာအိုရှာဖွေခြင်းအဆင့်ပြိုင်ပွဲဝင်တစ်ထောင်ဟာ ပြိုင်ကွင်းတိုက်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရမယ်

"မင်းတို့တွေကို ငါ အသိပေးချင်တာ တစ်ခုရှိတယ်။ ပြိုင်ကွင်းတိုက်ပွဲတွေမှာ ဆုလာဘ်တွေ အများကြီးရနိုင်တယ်။ ဒါပေမဲ့ မင်းတို့ပြိုင်ဘက်တွေက နတ်မီးလျှံစမ်းသပ်ပွဲက ‌ပြိုင်ပွဲဝင်တွေပဲ မဟုတ်တော့ဘူး။ မင်းတို့အနေနဲ့ ဂိုဏ်းအသီးသီးက ရွေးချယ်ခံတွေအပြင် တာအိုအစည်းအရုံးသုံးခုက ဂိုဏ်းသားတွေနဲ့လည်း ပြိုင်ရမှာ

"ဒါက မမျှတကောင်း မမျှတနိုင်ပေမယ့် လောကကြီးရဲ့ သဘောတရားက အဲဒီအတိုင်းပေပဲ။ အမှန်တကယ် အစွမ်းထက်သူက တခြားသူတွေထက် သေချာပေါက် သာလိမ့်မယ်" လင်းယွင်ကျစ်သည် လက်ကို ဝှေ့ယမ်းလိုက်ပြန်ပြီး ပလ္လင်များမှာ နောက်တစ်ဖန် ဝေဝါးလာပြန်၏။

နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးများသည် နောက်ဆုံးအဆင့်နှစ်ဆင့်ကို မျှော်လင့်စောင့်စားရင်း မှန်သားပြင်များကို ရွှန်းရွှန်းစားစား ကြည့်နေကြ‌ချေသည်။ ကြယ်တာရာကောင်းကင်နန်းတော်တွင် ခေါင်းဆောင်ကြီးများလည်း တွေးတွေးဆဆ စိုက်ကြည့်နေကြ၏။ တစ်ယောက်မှ တာအိုဆရာအစည်းအရုံးသုံးခုကို မေးခွန်းတစ်စုံတရာ မမေးဘဲ ‌နတ်မီးလျှံစမ်းသပ်ပွဲအတွင်း၌ သူတို့သတိပြုမိထားသော ပြိုင်ပွဲဝင်များအပေါ်တွင် အာရုံစိုက်နေကြသည်။

တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးများက တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာများဖြင့် အရှေ့တွင် ထိုင်နေကြသည်။ အမှန်တွင် သူတို့ မည်မျှစိတ်လှုပ်ရှားနေသလဲ သူတို့ကိုယ်တိုင်သာ သိ‌ကြ၏။

ထိုစဉ် အပြင်လောက‌တွင်တော့ ဆွေးနွေးစကားပြောသံများ ဆက်လက်ဆူညံနေဆဲသာ။

"နဝမအဆင့်က နှလုံးသားအပြင် ပြိုင်ပွဲဝင်တွေအနေနဲ့ သူတို့ရဲ့နှလုံးသားထဲက နတ်ဆိုးကို အနိုင်ရနိုင်လား၊ မရနိုင်ဘူးလား စစ်ဆေးမှာဖြစ်တယ်"

"အဲဒီအဆင့်က စိတ်စွမ်းအားနဲ့ အနည်းအကျဉ်း ပတ်သက်ပေမယ့် အများကြီးမဟုတ်ဘူး။ နှလုံးသားထဲက နတ်ဆိုးကို အနိုင်ယူဖို့ သော့ချက်က စိတ်စွမ်းအားသက်သက်မဟုတ်ဘဲ တာအိုနှလုံးသားရဲ့သံသယကင်းမဲ့မှုပဲ။ ဒါကြောင့် နဝမအဆင့်နဲ့ ဒသမအဆင့်ကို အတူယှဉ်တွဲထားတာ"

"ဖန်မုက ဒီအဆင့်မှာ ဆက်ပြီး အာရုံစိုက်ခံဦးမလား သိချင်မိတယ်။ သူသာ အခုလိုပဲ ပထမနေရာရနေရင် သူ့ထင်ပေါ်ကျော်ကြားမှုက လုံးဝခိုင်မာသွားပြီ။ သူက အဆင့်တစ်ဆင့်စီမှာ ကျန်တဲ့လူထောင်ပေါင်းများစွာကို ဖိနှိပ်ကျော်လွှားနိုင်ခဲ့တာ မဟုတ်လား"

"အင်း ... အဲ့ဒါက အရေးတော့မကြီးဘူးကွ။ သူက အရှေ့အဆင့်တွေမှာ ပထမရကောင်း ရခဲ့ပေမယ့် အခု နောက်ဆုံးအဆင့်နှစ်ဆင့်မှာ သေချာပေါက် ပင်ပန်းနေလောက်ပြီ။ သူ့အတွက် အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်"

ဆွေးနွေးသံများ ဆက်လက်၍ ကျွတ်ကျွတ်ညံနေစဉ် ရှေးဟောင်းလမ်းများအပေါ်က နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်များမှာ အထူးကမ္ဘာတစ်ခုထံသို့ ခေါ်ဆောင်ခံနေကြရသဖြင့် တစတစ ဝေဝါးလာကြလေသည်။ ဤကမ္ဘာသည် သူတို့ ရောက်ရှိခဲ့ဖူးသော အခြားကမ္ဘာများနှင့် ကွာခြား၏ ။

မန်ဟို မျက်လုံးဖွင့်လိုက်သောအခါ မြင်လိုက်ရသည်ကား..... ငရဲငယ်တစ်ဘုံ။

မီးတောက်များက တစ်ကမ္ဘာလုံးပြည့်နေသည်။ ကောင်းကင်ပင်လျှင် မီးလောင်နေပြီး မီးတောက်မနေသော မြေကြီးများဆိုလျှင် အသက်ရှိသောလက္ခဏာများ ဆိတ်သုဉ်းလျက် ခြောက်ကပ်၍ ပက်ကြားအက်နေသည်။

ထိုမျှသာမက မန်ဟိုမှာ သံကြိုးတကြိုးဖြင့် ချိတ်ဆွဲခံထားရကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်သည်။ သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ လူပေါင်းများစွာကို ချုပ်နှောင်ထားသည့် သံကြိုးများအား နေရာအနှံ့မြင်လိုက်ရ၏။

ထိုလူများအကြားတွင် အနုသုခုမရုပ်ခန္ဓာအဆင့်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများအပြင် မန်ဟို့နည်းတူ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်တချို့အား မြင်ရနိုင်သည်။ မန်ဟိုသည် မျက်နှာဖုံးနှင့်လူငယ်သာမက ချန်ဖန်းကိုလည်း တွေ့လိုက်ရ၏။

"ဘာတွေ ...ဘာတွေ ဖြစ်နေတာလဲ" နှလုံးသားနှင့်တာအိုကို စစ်ဆေးမည့် ဤကမ္ဘာသို့ မလာစဉ်တုန်းက သူ့မှာ ယုံကြည်ချက်တို့ ပြည့်ဝနေခဲ့လေသည်။ သူကား အားလုံး၏ အာရုံစိုက်ရာအဖြစ် အရှေ့မှအဆင့်အကုန်လုံးကို အောင်မြင်ခဲ့သည်မဟုတ်ပါလော။

သို့သော် ယခု သူသည် ဤထူးခြားသော ကမ္ဘာကို ကြည့်လိုက်ရာတွင် အကြောင်းတစ်စုံတရာကြောင့် မွန်းကြပ်ဖွယ်အန္တရာယ်အာရုံကို ခံစားရလိုက်၏။

သူတစ်ယောက်တည်းသာ သတိလည်လာခြင်းမဟုတ်။ သူ၏ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်ရာခန့်လည်း စိတ်နှင့်ကိုယ်ကပ်သွားကြသည်။ သူတို့သည် လက်ရှိရောက်နေသော အခြေအနေကို သဘောပေါက်လျှင် အလန့်တကြား အော်ကုန်ကြ၏။

"ဒါ ဘာနေရာကြီးလဲ။ နောက်ဆုံးအဆင့်နှစ်ဆင့်က ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ"

"ငါတို့အကုန်လုံးကို .... တစ်ပြိုင်တည်း စစ်ဆေးလိမ့်မယ်လို့ ထင်တောင်မထားဘူး"

မန်ဟိုသည် သံကြိုးများမှ ရုန်းကြည့်သော်လည်း တစ်လက်မလေးပင် မလှုပ်နိုင်ကြောင်း တွေ့လိုက်ရသဖြင့် အသက်ရှူသံများ မြန်လာတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံအသုံးပြုနိုင်စွမ်းမှာလည်း ဖိနှိပ်ခံထားရရာ သူ့မှာ သာမန်တာအိုရှာဖွေခြင်းအဆင့်စွမ်းအားကို အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ပို၍တုန်လှုပ်စရာကောင်းသည်မှာ သူ့ကို ချုပ်ထားသည့် သံကြိုးများ ရှေ့နောက်ယိမ်းနေသည်ကို ခံစားနေရခြင်းပင်။ ထို့အပြင် အဝေးသို့ လှမ်းကြည့်လိုက်သောအခါတွင်လည်း မြင်လိုက်ရသောအရာက သူ့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ အမှန်တွင် ထိုမြင်ကွင်းကို မြင်လျှင် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြပြီး ကြောက်လန့်တကြား အော်လိုက်ကြသော လူတချို့ပင် ရှိ၏။

ကျင့်ကြံသူအားလုံးကို တုပ်နှောင်ထားသည့် သံကြိုးများ၏အဆုံး၌ ဧရာမတင်းပုတ်ကြီးတစ်ခုရှိနေသည်။ ထိုတင်းပုတ်ကြီးမှာ ဘီလူးကြီးတစ်ကောင်၏ ပခုံးအပေါ်တွင် လွှဲခြင်း ခံနေ၏။ ထိုအခြင်းအရာအားလုံးကို မန်ဟို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

ဘီလူးကြီးသည် ဧရာမအကြီးကြီးဖြစ်ပြီး အပေါ်ပိုင်းအဝတ်ဗလာနှင့်ပင်။ သူကား တိရိစ္ဆာန်သားရေကို ဝတ်ဆင်ထားပြီး သူ၏အရေပြားမှာ ခရမ်းရောင်ဖန့်ဖန့်သမ်းလျက် မည်းနက်နေသည်။ သူက သံကြိုးများကို ရှေ့နောက်လွှဲရင်း ပြေးတက်လာရာ သံကြိုးများနှင့် ချိတ်ဆက်နေသူအားလုံးမှာ တစ်လောကလုံး ချာချာလည်နေသည့်အလား ခံစားနေရတော့သည်။

အပြင်လောက နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးများမှာလည်း အလားတူ တုန်လှုပ်ချောက်ချားနေကြသည်။ သူတို့သည် ဝဲမှန်သားပြင်များနှင့် ပေါ်လာခဲ့သော ဘီလူးကြီးကို ကြည့်‌နေကြ၏။

"ဒီတော့ နောက်ဆုံးအဆင့်နှစ်ဆင့်က ဒီအတိုင်းကိုး"

"ဒါ ဘယ်လိုစမ်းသပ်မှုကြီးလဲဟေ"

ဤအခိုက်အတန့်တွင် မန်ဟိုနှင့်အခြားသူများ ရှိနေသော ကမ္ဘာ၏ကောင်းကင်ထက်တွင် အက်ကြောင်းကြီးတစ်ကြောင်း ပေါ်လာသည်။ ထိုအက်ကြောင်းထဲမှ အရိပ်ပေါင်းရာထောင်ချီ ထွက်လာကြ၏။

ဤအရိပ်များသည် ကျင့်ကြံသူများမဟုတ်ဘဲ တောင်ပံပါသားရဲကြီးများ ဖြစ်လေသည်။ ၎င်းတို့၏ပုံပန်းသွင်ပြင်များသည် ခက်ထန်ကြမ်းကြုတ်ပြီး ၎င်းတို့က ကျင့်ကြံသူများထံသို့ ချက်ချင်း ပျံသန်းလာသဖြင့် ကြောက်စရာလေပြင်းကြီးတစ်ချက် တိုက်ခတ်လာ၏။

ဤအခိုက်အတန့်တွင် ဘီလူးကြီးက ပြေးနေခြင်းအား တုံ့ခနဲ ရပ်ပြီးနောက် တင်းပုတ်ကြီးကို လွှဲလိုက်ရာ ၎င်း၏အဆုံးနှင့် ချိတ်နေသော သံကြိုးများကိုလည်း တစ်ခါတည်း ပါသွားသည်။ ကျင့်ကြံသူအားလုံးမှာ ကျောက်သားနံရံကြီးနှင့် ဝင်တိုက်သွားသည့်အလား ပြင်းထန်သောလေအဟုန်ဖြင့် ဆောင့်တိုက်ခံလိုက်ရ၏။ သူတို့ကား လာနေသော ‌တောင်ပံပါသားရဲကြီးများထံ တန်းတန်းမတ်မတ် ပျံထွက်သွားရလေပြီ။

သားရဲကြီးများ၏မျက်လုံးများမှာ နီရဲနေပြီး အငမ်းမရစားချင်နေသော အပြုံးများအား သူတို့၏မျက်နှာများအပေါ်တွင် မြင်ရနိုင်သည်။ သူတို့က ကျင့်ကြံသူများအား ချက်ချင်း ခုန်အုပ်ပြီး မျက်စိတစ်မှိတ်အတွင်း မချိတင်ကဲအော်သံများအား ကြားလိုက်ရလေသည်။ ပထမတစ်ချက်တည်းနှင့် လူပေါင်းများစွာမှာ သားရဲများ၏ အရှင်လတ်လတ် ဝါးမြိုခြင်း ခံလိုက်ကြရ၏။

သွေးစက်တို့က မိုးပေါက်များသဖွယ် ရွာကျလာရာ အောက်ရှိ မီးပင်လယ်အား ခပ်ညစ်ညစ်ဖြစ်ကာ မှေးမှိန်သွားစေသည်။

သံကြိုးများကြောင့် တစ်ကိုယ်လုံး အထိန်းအကွပ်မရှိ လွှဲရမ်းခံနေရစဉ် မန်ဟို၏မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်သော အလင်းစတစ်စပေါ်လာသည်။ သူသည် တိုက်ခိုက်နိုင်ဆဲဖြစ်၍ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်၏။ လက်ကိုလည်း လက်သည်းလက်သဖွယ် လုပ်လိုက်ပြီး လက်သည်းရာကောက်ကြောင်းများက လာနေသောသားရဲကြီး၏ခေါင်းကို ဝင်တိုက်လိုက်သည်။

ဝုန်းခနဲ ပေါက်ကွဲသံတစ်သံ ကြားလိုက်ရပြီး သားရဲကြီးမှာ စူးစူးဝါးဝါး အော်လိုက်ရ၏။ ခေါင်းကြီး ပေါက်ကွဲသွားသော်လည်း ၎င်း၏ခေါင်းပြတ်ကိုယ်လုံးကြီး ဗိုင်းခနဲ လဲကျသွားသည့်အခိုက်အတန့်မှာပင် အနောက်၌ သားရဲသုံးလေးကောင် ပေါ်လာသည်။

မန်ဟိုက လေပွေသဖွယ် တိုက်ခိုက်နေသေဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ ကြားရနိုင်လေသည်။ သူကား သူ၏အကြင်နာမဲ့ရက်စက်တတ်သော အကျင့်စရိုက်ကို ဖုံးကွယ်မနေတော့ပေ။ သူ၏တိုက်ကွက်များက‌ သွေးများ လွင့်စင်ထွက်သွားစေပြီး သူ့မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒမှာ ပို၍တောက်ပလာတော့သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက်တွင် သားရဲအကောင်သုံးဆယ်ကျော်ကား သူ၏တိုက်ကွက်များအောက်၌ သေဆုံးသွားခဲ့ကြ၏။

မန်ဟို့လို ကြမ်းကြမ်းတမ်းတမ်း သဲကြီးမဲကြီး တိုက်ခိုက်နေသော ကျင့်ကြံသူများစွာ ရှိသည်။ တဖြေးဖြေး သူတို့ထဲမှ သေဆုံးသူများပြားလာ၏။ ကျန်ရစ်ခဲ့သော လူနည်းစုမှာ ပို၍များပြားလာ‌သော သားရဲအရေအတွက်ကို ရင်ဆိုင်နေရလေသည်။

ထိုမျှသာမက တချို့သားရဲများမှာ တာအိုရှာဖွေခြင်းအဆင့်စွမ်းအားနှင့်ညီမျှ၏။ တစ်နာရီအတွင်း အတုအယောင်အင်မော်တယ်သားရဲများ ရောက်ချလာပြီး မန်ဟို့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။ နှစ်ရာကြာသော် လူတစ်ရာပင် မပြည့်တော့ပေ။ သူတို့မှာ အဘက်ဘက်မှ အဝိုင်းခံထားရ၍ လျင်မြန်စွာ အရေးနိမ့်လာတော့၏။

မန်ဟိုမှာ ခန္ဓာကိုယ်ပေါက်ကွဲပြီး ခေါင်းအား သားရဲတစ်ကောင်စားခြင်း မခံရခင် အသက်ဆယ့်ရှိုက်စာမျှ တောင့်ခံနိုင်လိုက်သည်။ မသေခင်နောက်ဆုံးအခိုက်အတန့်တွင် သူသည် သူတစ်ယောက်တည်း ကျန်ခဲ့သည်အထိ တောင့်ခံနိုင်ခဲ့ကြောင်း မြင်လိုက်ရ၏။

အရာအားလုံး အမှောင်ဖုံးသွားသည်။

မျက်လုံးများ ရှင်းလင်းပြတ်သားလာသောအခါ မန်ဟိုမှာ မီးတောက်နေသော ကောင်းကင်၊ လွှဲရမ်းနေသော သံကြိုးများဖြင့် မီးကမ္ဘာတစ်ကမ္ဘာထဲ ရောက်နေကြောင်း တွေ့လိုက်၏။ မြင်နေရသမျှအရာအားလုံးကား စောစောကအတိုင်းပင်။ အခြားသူများလည်း နိုးလာကြပြီး ဘေးဘီဝဲယာကို အထိတ်တလန့် ကြည့်လိုက်ကြသည်။

မန်ဟိုမှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီးနောက် ခေါင်းနပန်းကြီးလာသည်။ ကြည့်ရသရွေ့ မည်သည့်အရာမှ ပြောင်းလဲသွားပုံမရပေ။ ဘီလူးကြီးသည် ပြေးနေဆဲဖြစ်ပြီး စောစောက သေသွားခဲ့သူများလည်း ယခုပြန်ရှင်နေကြသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ကောင်းကင်တွင် အက်ကြောင်းကြီးတစ်ကြောင်း ပွင့်လာပြီး သားရဲတစ်ပြုံကြီး ထိုးဆင်းလာကြသည်။ သူတို့မှာ အသက်ပြန်သွင်းခံလိုက်ရသည့်အလားပင်။ ထပ်မံ၍ ဘီလူးကြီးသည် ဟိန်းဟောက်ပြီး တင်းပုတ်ကြီးကို လွှဲလိုက်သည်။ သံကြိုးများနှင့် ဆက်နေသော မန်ဟိုနှင့်အခြားသူများအားလုံး ထပ်မံတိုက်ခိုက်ရန်ပြန်သည်။

မန်ဟိုသည် သူ့ကို တိုက်ခိုက်ရန် လာသော သားရဲများမှာ စောစောက သားရဲများနှင့်အတူတူ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

နှစ်နာရီကြာသော် မန်ဟို သေသွားသည်။ သူ မျက်လုံးဖွင့်လျှင် သံကြိုးများကား ယိမ်းနေဆဲပင် ....

တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ်.... မန်ဟိုမှာ အချိန်ကို မေ့သွားပြီး သူ ဘယ်နှကြိမ်သေခဲ့ပြီးပြီလဲ သတိမရတာ့ပေ။ မကြာမီ သူ၏ပတ်ဝန်းကျင်ရှိ လူများသည် ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ ထုံလာကြ၏။ သူတို့က လွှဲရမ်းခံလိုက်ရသည်နှင့်တစ်ပြိုင်နက် သေဖို့သာ ရွေးချယ်သွားကြပြီး သံသရာလည်ကြပြန်သည်။

မန်ဟို့မျက်နှာပေါ်တွင် မချင့်မရဲဖြစ်နေသော အမူအရာတစ်ခု တဖြေးဖြေး ပေါ်လာသည်။ ဤနေရာမှ ထွက်လမ်းမရှိပေ။ ဤသည်မှာ နတ်မီးလျှံစမ်းသပ်ပွဲဖြစ်သော်လည်း အသက်ရှင်နိုင်သည့် အခွင့်အရေးမရှိသယောင်ပင်။

သေလိုက် ၊ ရှင်လိုက် ၊ သေလိုက် ၊ ရှင်လိုက် ...

တချို့က သွေးရူးသွေးတန်း အော်ကြသည်။ သို့သော် ဘာမှမထူးခြားသွား။ တချို့က အောင်မြင်နိုင်မည့် နည်းလမ်းပေါင်းစုံအား တိတ်ဆိတ်စွာ စဉ်းစားနေကြသော်လည်း မည်သည့်ပရိယာယ်၊ မည်သည့်လှည့်ကွက်ဖြစ်စေ အချည်းနှီးသာ။

မန်ဟို စောင့်ကြည့်နေစဉ် တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည် အမည်မသိနည်းလမ်းတစ်ခုကို သုံး၍ သားရဲတစ်ကောင်အား ဝင်ပူးကာ ထွက်ပြေးသွားသည်။ မကြာမီ သူသည် လွတ်မြောက်သွားသည့်အလား ပျောက်ကွယ်သွား၏။

သို့သော် မန်ဟို နောက်တစ်ခေါက် ပြန်ရှင်လာသောအခါ ထိုလူမှာ ယခင်အတိုင်း သံကြိုးပေါ်တွင် ချိတ်ဆွဲခံထားရဆဲဖြစ်နေသည်။

ဖြစ်ပျက်ခဲ့သောအရာနှင့် ပတ်သက်၍မူ ထိုလူက ရှင်းပြခြင်းမရှိပေ။

***

All Chapters