← Chapters

ခိုင်မာသော နှလုံးသား ၊ မယိုင်လဲသော တာအို

Vol. 62 Ch. 860

ခိုင်မာသော နှလုံးသား ၊ မယိုင်လဲသော တာအို

Vol. 62 Ch. 860

သေရခြင်းက လူများကို ကြောက်လန့်ချောက်ချား‌စေသည်။ အကြိမ်တစ်ရာ သေရခြင်းက ထုံထိုင်းသွားစေမည်။ အကြိမ်တစ်ထောင် သေရခြင်းက ကြောင်သွားစေနိုင်သည်။ အကြိမ်တစ်သောင်းသေရလျှင်တော့ ...

ထိုအခြင်းအရာက တစ်စုံတစ်ယောက်အား လူပင် မဟုတ်တော့သည့်အလား ခံစားရစေလိမ့်မည်။

အဆိုပါအတွေ့အကြုံက နာကျင်မှုကို မွေးဖွားပေးသည်။ အဆုံးသတ်ပါတော့ဟုသာ ဆုတောင်းနိုင်တော့သည့် နာကျင်မှုမျိုး။ လူတိုင်း၏ နှလုံးသားထဲအထိ စိုးမိုးလာသော နာကျင်မှုမျိုး။ နှလုံးသားတစ်ခုလုံး ကြီးစွာသော ဝေဒနာတို့ဖြင့် ပြည့်နှက်နေသည့်အတွက် တာအိုပင်လျှင် ပျောက်ဆုံးတော့မည့်ဆဲဆဲ ဖြစ်နေသော နာကျင်မှုမျိုး။

ဤနတ်မီးလျှံစမ်းသပ်ပွဲသည် သူတို့၏ စိတ်ဆန္ဒများကို အဖန်တလဲလဲ‌ ဖြေးဖြေးချင်း ကြိတ်ချေပစ်နေသော ကြိတ်စက်ကြီးနှင့် တူသည်။

တန်ပြန်တိုက်ခိုက်ဖို့ လက်လျှော့လိုက်သူများ တစတစ များပြားလာသည်။ အကြိမ်တစ်သောင်း ပြန်တိုက်ခိုက်လည်း မထူးမှတော့ ဆက်လက်သည်းခံကြိုးပမ်းနိုင်‌နေမည့်သူ ဘယ်လောက်များ ရှိနိုင်တော့မည်နည်း...

မန်ဟိုကတော့ ဇွဲမလျှော့။ သူသည် နိုးလာတိုင်း သူ့ကို တိုက်ခိုက်နေသော သားရဲများအား ဆက်တိုက်တိုက်ခိုက်သတ်ဖြတ်၏။

အချိန်များကုန်လွန်လာသည်နှင့်အမျှ မန်ဟိုသည် ဆုံးဖြတ်ချက်အမျိုးမျိုးချလိုက်ကြသော ကျင့်ကြံသူများကို မြင်လာရ၏။ တချို့က ထွက်ပြေးဖို့ ကြိုးစားသည်။ တချို့က ဘီလူးကြီးကို တိုက်ခိုက်ရန် ရွေးချယ်သည်။ တချို့က သတ်သေသွားကြသည်။

အခြားကျင့်ကြံသူများကို တိုက်ခိုက်ကြသူတချို့ပင် ရှိသည်။

သူတို့ မည်သို့ပင် လုပ်စေကာမူ မန်ဟိုသည် သတိပြန်လည်လာတိုင်း ထိုလူတစ်ယောက်မှ မလျော့ဘဲ သံကြိုးများပေါ်ရှိ မူလနေရာများတွင် မူလအတိုင်း ရှိနေသည်ကို မြင်လိုက်ရ၏။

နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်များမှာ မှန်သားပြင်များကို ကြည့်ပြီး စိတ်နှလုံးချောက်ချားနေကြသည်။ စောင့်ကြည့်နေသူများမှာ အရှေ့အဆင့်ရှစ်ဆင့်ကြောင့် တုန်လှုပ်ခဲ့သည်ဟု ပြောလျှင် ဤအဆင့်က သူတို့ကို သွက်သွက်ခါသွားစေသည်ဟု ဆိုရမည်။

ယခုမတိုင်ခင်အထိ သူတို့သည် ပြိုင်ပွဲဝင်များကို မနာလိုခဲ့ကြပြီး သူတို့နှင့်နေရာလဲနိုင်ပါစေရန် ဆုတောင်းရင်း သက်ပြင်းချနေခဲ့ကြ၏။ သို့သော် ယခု နောက်ဆုံးအဆင့်နှစ်ဆင့်တွင် ဖြစ်ပျက်နေသောအရာကို မြင်လျှင် သူတို့မှာ ပါးစပ်ပိတ်၍သာ ကြည့်နေနိုင်တော့သည်။

ကျင့်ကြံသူများ အကြိမ်အရေအတွက်မည်မျှ သေဆုံးနေကြသည်လဲဆိုရာတွင်တော့ ဘယ်သူမှ မသိကြပေ။

"ဒါ ဘယ်လိုစမ်းသပ်မှုကြီးလဲဟေ။ ထပ်တလဲလဲ သေနေရတာက သူတို့ရဲ့တာအို၊ သူတို့ရဲ့ နှလုံးသားနဲ့ ဘယ်လိုပတ်သက်တာလဲ"

"ဒီနောက်ဆုံးအဆင့်နှစ်ဆင့်က ငရဲပဲ" ဤအခိုက်အတန့်တွင် ပရိသတ်များမှာ အသက်ရှူသံများ မြန်နေကြေလေသည်။

"လူတွေအကုန်လုံး နည်းလမ်းပေါင်းစုံ သုံးနေကြတာ မြင်တယ်မလား။ ဖြစ်နိုင်မယ့် နည်းလမ်းပေါင်းစုံကိုလည်း ကြိုးစားခဲ့ကြပြီးပြီ။ ဒါမဲ့ အဆုံးသတ်မှာတော့ ဒုံရင်းက ဒုံရင်းပဲလေ"

"ဒီစမ်းသပ်ချက်ကို ဘယ်လိုကျော်နိုင်မလဲ။ ဖန်မုတော့ ဘယ်လိုနည်းနဲ့မှ ပထမနေရာ မရနိုင်တော့မှာပဲ စိုးရိမ်တယ်"

‌ခေါင်းဆောင်ကြီးများက မှန်သားပြင်များကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသဖြင့် ကြယ်တာရာကောင်းကင်နန်းတော်တွင် တိတ်ဆိတ်မှုက မင်းမူနေတော့သည်။

ဤသို့ဖြင့် သေလိုက်၊ ရှင်လိုက်နှင့် မပြီးမဆုံးနိုင်အောင် သံသရာလည်နေလေသည်။

မန်ဟိုကား တစ်လျှောက်လုံး တိတ်ဆိတ်ပြီး တည်ငြိမ်လျက်ရှိ၏။ သူသည် သူ့အနားပတ်ဝန်းကျင်ရှိ လူများနည်းတူ ထွက်‌ပြေးခြင်းလည်း မပြုသလို၊ တိုက်ခိုက်လိုစိတ်လည်း ကုန်ခမ်းသွားခြင်း မရှိပေ။ အစမှ အဆုံးအထိ သူက သတိပြန်လည်လာလျှင်ချင်း စတင်တိုက်ခိုက်မည်ဖြစ်၏။

သို့သော် သူ၏သေဆုံးမှုမှာ မြန်သထက် မြန်လာသည်။ အဘယ်ကြောင့်ဆိုသော် အတော်များများက တွန်းလှန်တိုက်ခိုက်ခြင်းမရှိကြတော့၍ပင်။ သံကြိုးများ အလွှဲခံလိုက်ရသည့်အခါ သူတို့သည် မျက်လုံးများ ပိတ်၍ သေဖို့ကိုသာ စောင့်နေပေလိမ့်မည်။

တဖြေးဖြေး မန်ဟိုကဲ့သို့ မဆုတ်မနစ် တိုက်ခိုက်နေသူများ လျော့နည်းလာသည်။ ယခုတွင် စတင်တိုက်ခိုက်ခဲ့ကြသူ ထောင်‌သောင်းချီအနက် တစ်ထောင်ခန့်သာ ကျန်တော့လေသည်။ ရုတ်တရက် လင်းယွင်ကျစ်၏အသံက ကမ္ဘာထဲတွင် ပဲ့တင်ထပ်လာ၏။

" 'လက်လျှော့ပါတယ်' လို့ပြောရင် ထွက်သွားနိုင်တယ်"

ဤစကားလုံးများ ဟိန်းထွက်လာသည့်အခိုက်အတန့်တွင် ထပ်တလဲလဲ သေ‌ရခြင်းကြောင့် ထုံထိုင်းနေပြီး နောက်တစ်ကြိမ် သေတော့မည့်ဆဲဆဲ ဖြစ်နေသည့် မရေမတွက်နိုင်သောကျင့်ကြံသူများအနက်မှ တစ်ယောက်က ကတုန်ကယင် ပြောသည်။

"လက်... လက်လျှော့ပါတယ်...." သူသည် ထိုစကားလုံးများ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာထဲမှ ပျောက်ကွယ်သွားတော့၏။

သူ့အနောက်တွင် အသံတစ်သံပြီးတစ်သံ ထွက်လာကာ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။

စိတ်ပျက်လက်မှိုင်‌ကျမနေလျှင် လူတစ်ယောက်သည် မျှော်လင့်ချက်ရောင်ခြည်ကို မြင်ရပါစေ၊ သိပ်အဖက်လုပ်နေမည်မဟုတ်ပေ။ အထူးသဖြင့် ခိုင်မာသော နှလုံးသားနှင့် မယိုင်လဲသော တာအိုရှိလျှင် ဖြစ်သည်။

သို့သော် .... ဒုက္ခပတ်လည်ဝိုင်းနေသည့် တစ်စုံတစ်ယောက်ကို သည်းခံနိုင်သောအတိုင်းအတာကုန်သည်အထိ နှိပ်စက်ပါလျှင် အသက်ရှူချောင်စေမည့် အခွင့်အရေးလေးမြူမှုန်မျှ ရုတ်တရက် ပေးလိုက်ရုံနှင့် အများစုမှာ ထိုအခွင့်အရေးကို ဖမ်းဆုပ်ရန် ဆုံ့ဆိုင်းနေမည်မဟုတ်ပေ။

ပို၍များပြားသောလူများ လက်လျှော့ရန် ရွေးချယ်သွားကြသည်။ သို့သော် ‌မတိုက်ခိုက်ဘဲ ရပ်နေခဲ့သော်လည်း ရုတ်တရက် စွမ်းအင်များဖြင့် ပြည့်ဝလာပြီး သားရဲများကို စတင်တိုက်ခိုက်ကြသော အခြားသူများလည်း ရှိ၏။

အချိန်များ ကုန်ဆုံးသွားသည်။ သူတို့သည် ထပ်တလဲလဲ သေနေကြပြီး ထိုသို့သေဆုံးနေကြစဉ် 'လက်လျှော့ပါတယ်' ဆိုသော စကားလုံးများက ကျင့်ကြံသူအားလုံး၏နှလုံးသားထဲတွင် ပုန်းလျှိုးနေသော အတွင်းနတ်ဆိုးတစ်ကောင်လို ဖြစ်လာသည်။

ရှင်းရှင်း ပြောရလျှင် စကားလုံးလေးနည်းနည်းပါးပါး ပြောလိုက်ရုံသာဖြစ်ပြီး မပြီးမဆုံးနိုင်သော နှိပ်စက်မှုတို့ အဆုံးသတ်သွားလိမ့်မည်။ ထို့နောက် သူတို့ လွတ်မြောက်သွားမည်ဖြစ်သည်။

"ဘယ်လောက်ရက်စက်လှတဲ့ စစ်ဆေးချက်လဲ" နန်းတော်ထဲရှိ ခေါင်းဆောင်ကြီးတစ်ဦးက ပြောသည်။

"ရှေးခေတ်ကနေ ယနေ့ထက်ထိ ဒီအဆင့်အတွက် အောင်မှတ်က အကြိမ် ၃၀၀၀၀ သေဆုံးခြင်းဖြစ်ခဲ့တယ်"

"အကြိမ် ၅၀၀၀၀ အမှတ်ဆို အဲဒီပြိုင်ပွဲဝင်က ရွေးချယ်ခံဖြစ်ပြီပဲ"

"ဒီနေ့ထက်ထိ ဘယ်သူမှ ၇၉၁၁၃ ထက် မကျော်ဖူးဘူး။ အဲဒါက ဆရာဖန်း စံချိန်တင်ခဲ့တဲ့အမှတ်"

"ဒါဆို သူလည်း ဒီအပိုင်းမှာ ဝင်ပြိုင်ခဲ့တယ်ပေါ့။ ‌မျှော်လင့်ချက်မရှိတဲ့အခြေအနေသာ မဟုတ်ရင် အတော်များများအနေနဲ့ အံတင်းတင်းကြိတ်ပြီး ဆက်‌တောင့်ခံနိုင်‌လောက်တယ်။ ဒါပေမဲ့ မျှော်လင့်ချက်က အရှေ့တည့်တည့်မှာဆိုတော့ ၊ လက်ကလေးလှမ်းလိုက်ရုံနဲ့ ဖမ်းဆုပ်နိုင်တယ်ဆိုတော့ ဘယ်လောက်များများက သည်းခံနိုင်တော့မလဲ"

"နဝမအဆင့်က နှလုံးသားကို စမ်းသပ်ပြီး ဒသမအဆင့်က တာအိုကို အကဲဖြတ်တယ်။ အဲဒီအဆင့်နှစ်ဆင့်က လူတစ်ယောက်ရဲ့ နှလုံးသား ဘယ်လောက်ခိုင်မာပြီး တာအို ဘယ်လောက် မယိုင်လဲသလဲ စစ်ဆေးတာပဲ"

"သူတို့ ကြာကြာတောင့်ခံလေလေ၊‌ ကြောက်စရာကောင်းလာလေလေပဲ" နန်းတော်ထက်၌ ဆွေးနွေးနေသော ခေါင်းဆောင်ကြီးများအပြင် အပြင်ဘက် နဝမတောင်နှင့်ပင်လယ်တွင် နောက်ဆုံးအဆင့်နှစ်ဆင့်၏ သဘောတရားနှင့်ပတ်သက်၍ သဲလွန်စများ တွေ့ရှိသွားကြသူများ ရှိ၏။

"ဆရာဖန်း ဒီနောက်ဆုံးအဆင့်နှစ်ဆင့်ကို ရောက်ခဲ့တုန်က အကြိမ် ၇၉၀၀၀ ကျော် သေခဲ့တယ်လို့ ကြားဖူးတယ်။ သူက လက်မလျှော့ဘဲ တောင့်ခံနိုင်ခဲ့တဲ့ နောက်ဆုံးတစ်ယောက်တဲ့လေ"

အပြင်လောကမှာ ဆူညံနေသော်လည်း သူတို့၏စကားသံများက မန်ဟို ဆက်လက်၍သည်းခံကြိုးပမ်းနေသော ကမ္ဘာထဲသို့ မထိုးဖောက်လာနိုင်ပေ။ မန်ဟို့စိတ်ထဲတွင် အသံနှစ်သံ စကားပြောနေသည်။ တစ်သံက သူ့ကို လက်လျှော့ဖို့ တိုက်တွန်းနေပြီး တစ်သံက ဆက်၍တောင့်ခံထားဖို့ ဖျောင်းဖျနေ၏။

အကြိမ်တိုင်း သူ့မှာ ဝေဒနာကြီးစွာ ခံစားရပြီး ကြောင်တောင်တောင်နှင့် ပြန်နိုးလာမည်။ နှိပ်စက်မှုကား ဆုံးခန်းတိုင်သည်မရှိပေ။ ကျန်ခဲ့သည့် ကျင့်ကြံသူအရေအတွက်မှာ လျော့သထက် လျော့လာသည်။

'လက်လျှော့တယ်' ဆိုသော စကားလုံးများက စိတ်နတ်ဆိုးတစ်ကောင်၏ စကားသံသဖွယ် ပဲ့တင်ထပ်နေသည်။ ၎င်းက ကျန်ရှိသောကျင့်ကြံသူများအနက်မှ ပို၍များပြားသည့်ပမာဏကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်စေသည်။

အချိန်များ ကုန်လွန်သွားသည်။ ကျန်ခဲ့သည့် ကျင့်ကြံသူအရေအတွက်မှာ နည်းသထက် နည်းလာသည်။ မကြာမီ ရာဂဏန်းမျှသာ ရှိတော့လေသည်။ သုံးရက်ကြာသော် တစ်ရာသာ ကျန်တော့၏။ နောက်သုံးရက်ကြာသောအခါ ကိုးယောက်သာ ရှိတော့သည်။

ထိုကိုးယောက်အနက် သုံးယောက်က တောင့်ခံနေသေးသော်လည်း မတိုက်ခိုက်တော့ပေ။ ၎င်းသည် မရိုး‌သားသောနည်းလမ်းတစ်ခု ဖြစ်ပြီး ပထမတော့ ဝေဒနာကို လျော့နည်းစေပုံပေါ်သော်လည်း တကယ်တမ်း ပို၍ပင် နာကျင်ခံစားရစေ၏။

ကျန်ခြောက်ယောက်တွင် မန်ဟို ပါဝင်သည်။ သူကား နိုးလာတိုင်း တိုက်ခိုက်လေသည်။

သူ့မှာ အကြိမ်မည်မျှသေခဲ့ပြီးပြီလဲ မသိတော့ပေ။ သူ၏မျက်လုံးများသည် သွေးချင်းနီနေပြီး မည်သည့်နေရာကို ကြည့်ကြည့်၊ သွေးတို့ကိုသာ မြင်ရ၏။ နောက်သုံးရက်ကြာသွားပြီး မတိုက်ခိုက်ဘဲ အသေအသာခံနေသော သုံးယောက်မှာ နောက်ဆုံးတော့ ဆက်၍မတောင့်ခံနိုင်တော့ဘဲ လက်လျှော့လိုက်ကြတော့သည်။

မန်ဟိုမှလွဲ၍၊ ဆက်လက်တိုက်ခိုက်နေသော ကျန်ငါးယောက်တွင် လေးယောက် ထွက်သွား၏။

ယခုတော့ နှစ်ယောက်သာ ကျန်တော့သည်။ တစ်ယောက်က မန်ဟို.... နောက်တစ်ယောက်က ချန်ဖန်း။

ချန်ဖန်းသည် သတိပြန်ရလာတိုင်း သတ်ပွဲကြီး၏အလယ်တွင် အထူးအခြေအနေတစ်ခုကို ရရှိရန် မျှော်လင့်နေသည့်အလား ရက်ရက်စက်စက် တိုက်ခိုက်တတ်၏။

အပြင်ဘက် နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်းမှာ အံ့အားသင့်နေကြတော့သည်။ ကြယ်တာရာကောင်းကင်နန်းတော်တွင် ခေါင်းဆောင်ကြီးများက အသက်ပင်မရှူနိုင်ဘဲ ချန်ဖန်းကို စောင့်ကြည့်နေကြလေသည်။

ချန်ဖန်းတွင် အရှေ့အဆင့်များ၌ ထူးချွန်ပြောင်ခဲ့သော အခိုက်အတန့်များ ရှိခဲ့သော်လည်း နတ်ဘုရားစွမ်းရည်ဖန်တီးခဲ့စဉ်က အာရုံစိုက်ခြင်း သိပ်မခံခဲ့ရပေ။ ယခု ဤနောက်ဆုံးအဆင့်နှစ်ဆင့်တွင် သူကား ဗြုန်းခနဲ ထင်ပေါ်လာခဲ့ချေပြီ။

"အဲဒီလိုနှလုံးသား၊ အဲဒီလိုတာအိုနဲ့ ဒီလူငယ်လေးမှာ အံ့ဖွယ်ကံကြမ္မာကောင်း‌ရှိနေတာပဲ"

"သူ့အနေနဲ့ အချိန်မရွေး လက်လျှော့လိုက်နိုင်ပေမယ့် ဒီအထိ သည်းခံလာခဲ့တယ်။ သူက အကြိမ် ၇၀၀၀၀ တောင် သေဆုံးခဲ့ပြီးပြီပဲ"

"သူ့ကြည့်ရတာ နည်းနည်းကြာကြာ တောင့်ခံနိုင်ဦးမယ့်ပုံရတယ်။ ဒီအဆင့်မှာ အခက်ခဲဆုံးက လူတစ်ယောက်ပဲ ကျန်တော့တဲ့အချိန်ပဲ။ ပြောရရင် ပထမနေရာရတာ သေချာပြီဆိုပြီး နှလုံးသားက နူးညံ့သွားတော့ ဆက်သွားဖို့ ခက်သွားတာ။ ဆရာဖန်းတောင်မှ လက်မလျှော့ခင် အကြိမ်တစ်သောင်းကျော်တောင် မခံလိုက်ဘူး"

တစ်ရက်ကြာသော် ချန်ဖန်းမှာ တုန်ရီလာပြီးနောက်ဆုံး ‌လက်လျှော့ရန် ရွေးချယ်လိုက်၏။ သူကား အကြိမ် ၇၀၀၀၀ ကျော် သေဆုံးခြင်းကို တောင့်ခံ့ခဲ့ရာ ထိုနှစ်တုန်းက ဆရာဖန်း၏လုပ်ဆောင်မှုနှင့်ယှဥ်လျှင် ဒုတိယသာ လိုက်လေသည်။ သူသည် ယခုတွင် အတော်များများ၏ အာရုံစိုက်ရာ ဖြစ်နေပြီး သူ့ကို စည်းရုံးဖို့ ပြင်ဆင်နေကြသည့် ဂိုဏ်းများလည်း အလွန်များပြားလာ၏။

ဤအခိုက်အတန့်၊ ဤရင်သပ်ရှုမောဖွယ် နတ်မီးလျှံစမ်းသပ်ပွဲတွင် လူတိုင်းကား နောက်ဆုံးကျန်ခဲ့သည့် တစ်ဦးတည်းသော ပြိုင်ပွဲဝင် .... မန်ဟို့ကို ကြည့်နေကြလေပြီ။

"သူက ပထမအဆင့်နှစ်ဆင့်မှာ ပထမနေရာရခဲ့တယ်။ အလယ်အဆင့်သုံးဆင့်မှာ ပထမနေရာရခဲ့တဲ့သူထက် ထင်ပေါ်ခဲ့တယ်။ နောက်အဆင့်သုံးဆင့်မှာလည်း ပထမနေရာထပ်ရပြန်တယ်။ အခု နောက်ဆုံးအဆင့်နှစ်ဆင့်မှာလည်း .... ထပ်ပြီး .... ပထမဖြစ်ပြန်ပြီ"

"သူဟာ မုချ ထွန်းတောက်ကျော်ကြားလာမယ့် ပုဂ္ဂိုလ်ပေပဲ။ ဘယ်သူမှ သူ့လမ်းကို မပိတ်နိုင်ဘူး။ အသတ်မခံရသရွေ့ သူက နဝမတောင်ပင်လယ်မှာ မလွဲဧကန် ထင်ရှားလာလိမ့်မယ်"

"တကယ်ပါ အနာဂတ်ရဲ့ ပါရာဂွန်တစ်ဦးကို ကြည့်နေရတဲ့အတိုင်းပဲ..." အပြင်ဘက် နဝမတောင်နှင့်ပင်လယ်မှ နတ်မီးလျှံစမ်းသပ်ပွဲကို စောင့်ကြည့်နေသော ကျင့်ကြံသူအားလုံးမှာ သူတို့၏စိတ်များ ချာချာလည်နေသည်ကို ခံစားနေရတော့သည်။

အထူးသဖြင့် ယခု နောက်ဆုံးအဆင့်နှစ်ဆင့်ကို မြင်တွေ့ပြီးနောက် မန်ဟို့နေရာတွင်သာဆိုလျှင် သူတို့အားလုံး သူလုပ်နေသလို လုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း ဝန်ခံရပေမည်။

မန်ဟိုက ဆက်လက်တောင့်ခံနေတုန်းပင်။ တစ်ယောက်တည်းသာ ကျန်တော့ကြောင်း သိသည့်တိုင် လက်မလျှော့သေးပေ။ အကြင်နာမဲ့ရက်စက်သော အပြုံးတစ်စက သူ၏မျက်နှာကို စိုးမိုးနေပြီး သတိပြန်ရလာတိုင်း သူသည် မရေမတွက်နိုင်သော သားရဲများကို‌ တိုက်ခိုက်ရန် ပြေးတက်သွားမည်ဖြစ်၏။ သူကား ဤသတ်ပွဲကြီး၏အလယ်တွင် သူ၏နှလုံးသားနှင့် သူ၏တာအိုကို လေ့ကျင့်ပေးနေချေသည်။

"ငါ့တာအိုက လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ အဆုံးမဲ့ဘဝခရီးလမ်းတစ်လမ်း။ အခု ဒီသံကြိုးတွေနဲ့ တုပ်နှောင်ခံထားရတာက လွတ်လပ်မှုကနေ အဝေးဆုံးအရာပဲ

"ငါ့နှလုံးသားက အချုပ်အနှောင်မရှိဘူး။ မိုးနဲ့မြေ ပြိုကျသွားရင်တောင်မှ ငါ့နှလုံးသားဟာ မပျက်စီးဘဲ တည်ရှိနေမှာ။ သက်ရှိသတ္တဝါတွေအားလုံး အိုမင်းလာရင်တောင်မှ ငါ့နှလုံးသားက ညှိုးနွမ်းသွားမှာမဟုတ်ဘူး။ ဒါပေမဲ့ အခု တွန့်ဆုတ်နေတယ်

"ငါ့တာအိုက လွတ်လပ်မနေပေမယ့် လွတ်လပ်မှုကို ငါ တောင့်တတယ်။ ငါ့နှလုံးသားက တွန့်ဆုတ်နေပေမယ့် တွန့်ဆုတ်မှုရဲ့အလွန်ကို ကျော်လွှားလိုတယ်

"ဒီနတ်မီးလျှံစမ်းသပ်ပွဲက ငါ့ကို စစ်ဆေးနေတာ။ ငါ အဲဒါကို သုံးပြီး ငါ့တာအိုကို မွမ်းမံမယ်။ ငါဟာ အချုပ်ခံထားရတဲ့ပုံပေါ်ပေမယ့် တကယ်တမ်း ဒါတွေဟာ သံကြိုးတွေထက် မပိုဘူး။ ငါ့ကို ချုပ်နှောင်လို့မရဘူး ၊ ငါ့တာအိုကိုပဲ မွမ်းမံပေးနိုင်တယ်

"ငါ့နှလုံးသားနဲ့ပတ်သက်ပြီးကတော့ မတွန့်ဆုတ်စေချင်ရင် ‌ငါ တောင့်ခံဖို့ လိုတယ်.... ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ နာကျင်မှုအစား ပျော်ရွှင်မှုကို ခံစားလာရတဲ့ အခိုက်အတန့်အထိ တောင့်ခံရမယ်

"ငါ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် အမှန်တကယ် လွတ်လပ်သွားပြီး ငါ့နှလုံးသားက မယုံနိုင်လောက်အောင် သန်မာလာလိမ့်မယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တိုက်ကွက်တစ်ကွက် ပစ်လွှတ်လိုက်သည်။

၇၃၀၀၀၊ ၇၆၀၀၀ ၊ ၇၉၀၀၀ ....

၈၀၀၀၀ !

မန်ဟို အကြိမ် (၈၀၀၀၀) မြောက် ‌သေဆုံးသွားသောအခါ အပြင်လောကရှိ ပရိသတ်များမှာ ပွက်လောရိုက်သွားပြီး ကြယ်တာရာကောင်းကင်ထက်ရှိ ခေါင်းဆောင်ကြီးများမှာ မန်ဟို အံ့ဖွယ်အရာများကို လုပ်ပြတတ်ပုံနှင့်ပတ်သက်၍ ကျင့်သား‌ရနေပြီဖြစ်သော်လည်း က္ကန္ဒြေမဆည်နိုင်အောင် တုန်လှုပ်မသွားဘဲ မနေပေ။

"သူက ဆရာဖန်းထက် သာသွားပြီ"

"ငါ အခုလေးတင် ပေါင်းကြည့်တာ သေတာ အကြိမ် (၈၀၀၀၀) ရှိသွားပြီ။ အဲဒါက သူ့ကို ရှေးခေတ်က ယနေ့ထက်ထိ လူတွေအားလုံးအနက် ပထမနေရာသွားစေပြီပဲ"

"ဖန်မု၊ ဖန်မု။ ဒီနာမည်ဟာ သေချာပေါက် မိုးကောင်းကင်ကို‌ တုန်လှုပ်သွားစေလိမ့်မယ်"

လူအုပ်ကြီး အုံးအုံးကြွက်ကြွက် ဖြစ်နေသည့်အချိန် မန်ဟိုကား သည်းခံကြိုးပမ်းနေဆဲရှိသည်။ အပြုံးတစ်စအား သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်ပြီး သူကား အလွန်တရာပျော်ရွှင်နေသယောင်ပင်။ သေရခြင်း‌ကြောင့်သော်လည်းကောင်း၊ သတ်ဖြတ်ရခြင်းကြောင့်သော်လည်းကောင်း ပျော်ရွှင်‌နေခြင်းမဟုတ်။ သူတို့ကိုယ်ပိုင်တာအိုကြောင့် ပျော်ရွှင်မှုပင်။ သူ၏နှလုံးသားမှာ ယခုတွင် ပို၍ပင် ခိုင်မာလာလေပြီ။

သူ့နှလုံးသားနှင့် တာအိုအတွက် ... သေဆုံးရခြင်းကား ဓားသွေးကျောက်ထက် မပိုတော့ပေ။

ရက်အနည်းငယ်ကြာသော် သူသည် အကြိမ် (၉၀၀၀၀) မြောက် သေဆုံးပြီးသွား၏။

နောက်ထပ်ရက်ပိုင်းမျှကြာသော် .... အကြိမ် (၁၀၀၀၀၀) ပြည့်သွားချေပြီ။

ထိုအကြိမ်တစ်သောင်းသေဆုံးခြင်းက လောကတစ်ဝန်း ဆူညံပွက်လောရိုက်သွားစေသည်။ ထို့နောက် မန်ဟို မျက်လုံးဖွင့်လိုက်သောအခါ ကောင်းကင်တွင် ရောင်စုံအလင်းများ ပြိုးပြိုးပြက်ပြက် လက်သွားပြီး လေတစ်ချက်က ဝေါခနဲ တိုက်ခတ်သွား၏။ ဘီလူးကြီးသည် ဖြေးညှင်းစွာ ဒူးတစ်‌ဖက်ထောက်၍ တင်းပုတ်ကြီးအား တရိုတသေ မြှောက်လိုက်သည်။ ကောင်းကင်အက်ကြောင်းထဲမှ ပြုံတိုးထွက်လာခဲ့သည့် မရေမတွက်နိုင်သော သားရဲအားလုံး မြေကြီးပေါ် ဆင်းသက်ကာ ဒူးထောက်လိုက်ကြသည်။

သူတို့ကား အရိုအသေပေး ရှိခိုးနေကြသယောင်ပင်။

ဤအဆင့်ကား အောင်မြင်သွားပြီဖြစ်၏။

***

All Chapters