← Chapters

ပထမနေရာ

Vol. 62 Ch. 861

ပထမနေရာ

Vol. 62 Ch. 861

"ဘယ်လောက် ထူးချွန်တဲ့ ရွေးချယ်ခံလဲ” ယခုအချိန်တွင် ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးအားလုံး လေးနက်သော မျက်နှာအမူအရာများဖြင့် ထရပ်ခဲ့ကြလေပြီ။ သူတို့သည် ဘီလူးကြီးနှင့် သားရဲအကုန်လုံး မန်ဟို့ကို အရိုအသေပေးနေကြသည့် ဝဲမှန်သားပြင်များအား ကြည့်နေကြ၏။

ဂိုဏ်းအားလုံးက မန်ဟို့ကို ဂိုဏ်းသားအဖြစ် ရွေးချယ်ချင်သော်လည်း တာအိုဆရာအစည်းအရုံး၏ န၀မပင်လယ်နတ်လောကက လှုပ်ရှားပြီးခဲ့ပြီဖြစ်ရာ သူတို့အတွက် ရွေးချယ်စရာမရှိတော့ပေ။

ကျန်အဖွဲ့အစည်းများသာ ထိုကဲ့သို့ အခြေအနေတွင် ရောက်ရှိနေခြင်းမဟုတ်။ အထွတ်အမြတ်နယ်မြေငါးခုလည်း ထိုအတိုင်းသာဖြစ်၏။

"ဒီဖန်မုက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမှ ထွက်ပေါ်လာနိုင်တဲ့ ရွေးချယ်ခံတစ်ယောက်ပဲ”

“န၀မပင်လယ်နတ်လောကအတွက် ဂုဏ်ယူမိပါတယ်။ ဖန်မုက သေချာပေါက် နတ်လောကမှာ ထူးချွန်ပြောင်မြောက်တဲ့ ပင်ကိုယ်စွမ်းရည်တွေကို ပြသလိမ့်မှာပါ" ခေါင်းဆောင်ကြီးအသီးသီးမှ ထိုစကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် န၀မပင်လယ်နတ်လောကမှ အဘိုးကြီးက ၀မ်းသာအားရ ရယ်လိုက်သည်။ သူ၏အမူအရာမှာ အတိုင်းထက်အလွန် ကျေနပ်နေသော ပုံစံရှိ၏။

ယခုတွင် ဖန်မုကား ဤနတ်မီးလျှံစမ်းသပ်ပွဲတွင် ပထမနေရာရသွားသည်မှာ ထင်ရှားနေလေပြီ။

မှန်ပါသည်။ အပြင်ဘက်န၀မတောင်ပင်လယ်ရှိ လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်းဖြစ်နေ၏။ နောက်ဆုံးအဆင့်နှစ်ဆင့်ဖြစ်သည့် နှလုံးသားနှင့် တာအိုကို စမ်းသပ်သည့်အဆင့်နှင့် ပတ်သက်လျှင် မန်ဟိုကား တစ်ဆင့်လုံးကို အောင်သွားသည့် ပထမဦးဆုံးလူဖြစ်ပေ၏။ ဆရာဖန်းပင် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပေ။

မန်ဟိုကား လူတိုင်း၏ အာရုံကို အပြည့်အ၀ ရရှိခဲ့လေပြီ။

" သူက ပထမနေရာဖြစ်ဖို့ ထိုက်တန်ပါပေတယ်”

“သူ့နာမည်က မကြာခင် န၀မတောင်နဲ့ပင်လယ်တစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မယ်။ သူက ရွေးချယ်ခံတွေ အားလုံးကြားက နံပါတ်တစ် ဖြစ်လာလိမ့်မယ်။ သူ န၀မပင်လယ်နတ်လောကကို ၀င်ရောက်လိုက်တာနဲ့တစ်ပြိုင်နက် အဲဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်သွားမယ်ဆိုရင် သူက သေချာပေါက် နတ်သားတော်တစ်ပါး ဖြစ်လာလိမ့်မယ်။ သူနဲ့ ဖန်းတုံးအာသာ ပေါင်းဖက်လိုက်လို့ကတော့ သေချာပေါက်ကို ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာတော့မှာပဲ”

“မင်းတို့တွေ သတိမထားမိဘူးမလား။ နောက်ဆုံးအကြိမ်နှစ်သောင်း သေဆုံးနေတဲ့အတောအတွင်းမှာ ဖန်မုက ပြုံးနေတာက လူတိုင်း ခံစားနေရတဲ့ နာကျင်မှုနဲ့ယှဥ်ရင် ပိုလို့တောင် ကြောက်စရာကောင်းသေးတယ်"

ဆွေးနွေးသံများ န၀မတောင်နှင့် ပင်လယ်တစ်လျှောက် ပဲ့တင်ထပ်နေစဉ် မှီခိုရာဂိုဏ်းချုပ်သည် အတိုင်းထက်အလွန် ကျေနပ်နေသောပုံစံဖြင့် ကြယ်တာရာကောင်းကင်တွင် ရှိနေ၏။ ထို့နောက် သူက ရုတ်တရက် တုန်ရီသွားတော့သည်။

"သေစမ်း ငါတွေးနေတာ လွဲနေပြီ။ အဲဒီခွေးသူတောင်းစားလေး သေသေရှင်ရှင် ငါနဲ့ ဘာပတ်သက်လို့တုန်း။ သူအခုလို နာမည်ကြီးလာတာ ငါဂိုဏ်းချုပ်နဲ့ ဘာမှမဆိုင်ဘူးလေ။ ငါတို့က ရန်သူတွေလေ။ ငါ ချီးထဲမှပဲ သေလိုက်ပါတော့။ လွဲနေပြီ "

ကြယ်တာရာကောင်းကင်၏ တစ်နေရာတွင် ဒသမ၀မ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် ဆံပင်များ ဖွာလန်ကြဲ၍ မျက်လုံးများကျဉ်းမြောင်းနေလျက် အဝေးကို ငေးကြည့်နေ၏။

"အစွမ်းထက်တယ်…. ငါမှတ်မိတာထက် အစွမ်းပိုထက်တယ်" သူက ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ၀မ်တန်ဖေး၏ စိတ်ဝိညာဉ်က လင်းခနဲ လက်သွား၏။ "မန်ဟို ငါတို့ ပြန်တွေ့ရမယ့် အချိန်ကို မစောင့်နိုင်တော့ဘူး" ထိုသို့ ပြောပြီး သူက အဝေးသို့ လှည့်၍ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။

ခွန်လွန်အစည်းအရုံးတွင် ဆေးလုံးမိစ္ဆာနှင့် ချူယွီယန်သည် ရင်တုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြ၏။ နတ်မီးလျှံရွေးချယ်စမ်းသပ်ပွဲတွင် ဖြစ်ပွားခဲ့သည့်အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ပြီးနောက်တွင် သူတို့မှာ ဖန်မုက မန်ဟိုဖြစ်ကြောင်းသာ ကြိုမသိထားခဲ့လျှင် ထိုနှစ်ယောက်ကြားရှိ ပတ်သက်မှုကို ဘယ်တော့မှ စဉ်းစားနိုင်လိမ့်မည် မဟုတ်ပေ။

ဖန်မုကား အမှန်တကယ်ပင် အားလုံး၏ အာရုံစိုက်ခြင်း ခံနေရ၏။

”တောင်ကောင်းကင်ဟာ သေးငယ်လွန်းတယ် " ချူယွီယန်က အစွဲအလမ်းကြီးသော မျက်၀န်းများဖြင့် ရေရွတ်လိုက်၏။ " နင် အဲ့ဒီမှာ ချုပ်တည်းထားခဲ့ရတာကိုး။ နင့်ရဲ့ ကမ္ဘာဟာ ကြယ်တွေကြားမှာ တည်ရှိနေတာပဲ"

တောင်ကင်းကင်ဂြိုလ်၊ အရှေ့ဘက်နယ်မြေ ဖန်မျိုးနွယ်စုတွင် မန်ဟို၏ မိဘနှစ်ပါးသည် ပြုံးလျက် ဝဲမှန်သားပြင်များကို ကြည့်နေကြ၏။ မှန်ပါသည်။ ထိုအပြုံးများထဲတွင် စိတ်မောနေသော ခံစားချက်များအား ဖုံးကွယ်ထားလေသည်။

"ဟိုအာက ကျွန်မတို့ကို တကယ်ပဲ ထားခဲ့တော့မယ်" သူ့အမေက အသံတိုးတိုးလေးဖြင့် ပြောသည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူ့အဖေက နူးညံ့ပျော့ပျောင်းစွာ ပြော၏။ "တောင်ကောင်းကင်ဂြိုလ်က သားအတွက် သေးငယ်လွန်းတယ်။ ပြီးတော့ သားရဲ့ တိုးတက်မှုကို ချုပ်ချယ်နေတာလေ။ သားမှာ တောင်ကောင်းကင်ဂြိုလ်ကနေ အနှေးနဲ့အမြန် ထွက်သွားရမယ့် ကံပါပြီးသားပဲ။ ဒီနတ်မီးလျှံစမ်းသပ်ပွဲပြီးသွားတာနဲ့ ကိုယ် သူ့ကို အချိန်ကြာကြာ ဆွဲမထားတော့ဘူး"

" ဒါပေမယ့် သားက ကလေးပဲ ရှိသေးတာလေ" သူမက ခါးသီးစွာ ပြန်ဖြေသည်။

"သားက အရွယ်ရောက်နေပါပြီ။ အခုအချိန်မှာ သူ့ကို ပျံသန်းခွင့်မပေးရင် အကန့်အသတ်မရှိတဲ့ စကြ၀ဠာကြီးကို သား ဘယ်လိုလုပ် သိတော့မှာလဲ"

ထိုစဉ် အနောက်ပျော်ရွှင်ဂြိုလ်ပေါ်၌ ကျောက်ရီဖန်းသည် သူ့ဓားကို ပွတ်သပ်နေပြီး တိုက်ခိုက်လိုစိတ်တို့က သူ၏ မျက်လုံးများတွင် တောက်ပနေ၏။ ထို့နောက် ကောင်းကင်ထက်ရှိ ဝဲမှန်သားပြင်မှ အကြည့်လွှဲလိုက်သည်။

"အဲ့ဒီက ငါနဲ့ မျိုးဆက်တူတဲ့ လူတွေကို အထင်သေးလို့မဖြစ်ဘူး။ တောင်ကောင်းကင်ဂြိုလ်မှာတုန်းကလည်း မန်ဟိုလိုလူမျိုး ရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ဒါပေမယ့် အခု ဒီဖန်မုက ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ ပေါ်လာပြန်ပြီ" တိုက်ခိုက်လိုစိတ်တို့သည် သူ့မျက်လုံးများတွင် ဟုန်းဟုန်းတောက်နေ၏။

"မင်း ပြိုင်ကွင်းတိုက်ပွဲတွေမှာ ၀င်ပြိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ် " ကျောက်ရီဖန်းက အသက်ပြင်းပြင်း ရှုသွင်း၍ ပြောပြီးနောက် မျက်လုံးများ ပိတ်လိုက်သည်။ မှန်ပါသည်။ သူသည် ပြိုင်ကွင်းတိုက်ပွဲ၌ ဝင်ပြိုင်မည် ဖြစ်ပြီး မြင့်မြတ်သောရေစီးဓားဂူ၏ ဂိုဏ်းသားများကို ဦးဆောင်မည့်သူဖြစ်၏။

အနုသုခုမရုပ်ခန္ဓာအဆင့်၊ စိတ်ဝိညာဉ် ခွဲထွက်ခြင်းအဆင့်နှင့် တာအိုရှာဖွေခြင်းအဆင့်တို့မှ ကျင့်ကြံသူတစ်ယောက်စီသာ ပြိုင်ကွင်းတိုက်ပွဲတွင် လာရောက်ယှဉ်ပြိုင်ခွင့် ရှိလေမည်။ ထို့နောက် သူတို့သည် တာအိုဆရာအစည်းအရုံးသုံးခု၏ ဂိုဏ်းသားများအဖြစ် ရွေးချယ်ခံရမည်ဖြစ်ပြီး သီးသန့်ဂိုဏ်းသားများ ဖြစ်လာလိမ့်မည်။

မှန်ပါသည်။ ပြိုင်ပွဲအား ကန့်သတ်ထားသည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်တွင် တာအိုဆရာအစည်းအရုံးသုံးခုမှ ဂိုဏ်းသားများ ၀င်ပြိုင်၍ ပထမနေရာရခဲ့လျှင်တော့ သူတို့လည်းပဲ သီးသန့်ဂိုဏ်းသားဖြစ်လာရမှာ ဖြစ်သည်။

တချို့ဂိုဏ်းများကမူ တာအိုဆရာအစည်းအရုံးတစ်ခုကို ၀င်ရောက်ဖို့ အခွင့်အရေးအတွက် မဟုတ်ဘဲ ပြိုင်ကွင်းတိုက်ပွဲများ၌ ကမ်းလှမ်းမည့် မယုံကြည်နိုင်ဖွယ် ဆုလာဘ်များအတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဖန်းတုံးအာသည် န၀မပင်လယ်နတ်လောကတွင် မျက်လုံးများပိတ်လျက် တင်ပျဉ်ခွေထိုင်နေ၏။ သူမအသားအရေလေးမှာ ဖျော့တော့နေပြီး ထိုအတွင်း၌ ကံကြွေးအရိပ်အယောင်များကို မြင်ရနိုင်လေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် သူမသည် ရိုးတွင်းခြင်ဆီထဲမှပင် မုန်းသော မန်ဟို့အကြောင်းကို မတွေးဘဲမနေနိုင် ဖြစ်နေ၏။

သူမ၏ အနောက်တွင် ထုံးစံအတိုင်း အမျိုးသမီးအလောင်းကြီးရှိသည်။ သူမဆရာက အလောင်းကို မြင်သောအခါ ကူဖယ်ပေးဖို့ မကြိုးစားခဲ့ပေ။ ထိုအစား သူက ၎င်းသည် သူမအတွက် ကံကြမ္မာကောင်းဟူ၍ ပြောခဲ့သည်။

သို့သော် ဖန်းတုံးအာမှာ ယခုလိုမျိုး ကံကြမ္မာကောင်းကိုတော့ လိုချင်စိတ်မရှိပေ။

"ဒီဖန်မုကို ကြည့်ရုံနဲ့ ငါ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ " ဖန်းတုံးအာက တင့်တယ်ကျော့ရှင်းသော မျက်ခုံးလေးနှစ်ဖက်ကို ကျုံ့ကာဖြင့် ဝဲမှန်သားပြင်ကို မော့ကြည့်ရင်း ပြောသည်။ သူမသည် ပြိုင်ကွင်းတိုက်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် နောက်ရွေးချယ်ခံတစ်ယောက်ဖြစ်၏။

အနောက်ကျူပင်ဂြိုလ်ပေါ်တွင် လီလင်းအာသည် မျိုးနွယ်စု၏ တာအို၀တ်ပြုရာမြေ၌ တင်ပျဉ်ခွေထိုင်နေစဉ် မထူးခြားနားသော အမူအရာရှိ၏။ သူမအရှေ့တွင် ထိုင်နေသည်ကား ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သူမ ဟောကြားနေသည်ကို နားထောင်နေသော လီမျိုးနွယ်၀င်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဤမျိုးနွယ်၀င်များအတွက် လီလင်းအာသည် ကိုယ်ကျိုးမငှဲ့တတ်သည့် ဖြူစင်ပြီး သီးသန့်ဆန်သော နတ်ဘုရားမလေးတစ်ပါးနှင့်တူ၏။

ရံဖန်ရံခါ အပေါ်ရှိ ဝဲများက လီမျိုးနွယ်ဝင်များ၏ အာရုံကို စွဲဆောင်တတ်ပြီး လီလင်းအာပင်လျှင် တစ်ခါတလေ လှမ်းကြည့်မိတတ်၏။

မျိုးနွယ်ဝင်များမှ သူမအား ပြိုင်ကွင်းတိုက်ပွဲတွင် ၀င်ပြိုင်မည်လား မေးလျှင်….

" အေး ငါပြိုင်မှာ " သူမက အေးစက်စက်ပြန်ဖြေသည်။

ထိုက်ယန်ကျစ်နှင့်အတူ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်း၏ စွန်းဟိုက်လည်း တိုက်ပွဲတွင် ၀င်ပြိုင်မည်ဖြစ်သည်။ ဂိုဏ်းများ၊ မျိုးနွယ်စုများ အားလုံးနီးပါးက သူတို့၏ ရွေးချယ်ခံများကို ပြိုင်ကွင်းတိုက်ပွဲများတွင် ၀င်ပြိုင်ရန် စေလွှတ်ခဲ့ကြ၏။

တစ်ချို့က မန်ဟိုသိသူများ ဖြစ်ပြီး တော်တော်များများမှာတော့ တောင်ကောင်းကင်ဂြိုလ်ကို ရောက်မလာခဲ့ဖူးသော ရွေးချယ်ခံများ ဖြစ်ကြ၏။

အပြင်လောကတွင် လူတိုင်းသည် ပြိုင်ကွင်းတိုက်ပွဲများအတွက် ပြင်ဆင်နေကြ၏။ မန်ဟို့အတွက်မူ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးသည် အစိတ်စိတ်အမွမွ ဖြစ်သွားသည်။ ပြန်ပေါ်လာအခါ သူသည် တာအိုရှာဖွေခြင်းအဆင့် ရှေးဟောင်းလမ်းပေါ်၌ ပထမနေရာတွင် ဖြစ်လေသည်။

သူ့အနောက်တွင် နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်များရှိကြသည်။ သူတို့က မန်ဟို့ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်နေကြ၏။ မျက်နှာဖုံးလူငယ်အပြင် ခြေအုပ်ကြီးနှင့်ကျင့်ကြံသူပင် ပါ၀င်လေသည်။

မန်ဟိုကား အခြားပြိုင်ပွဲ၀င်များကို အနိုင်ယူဖို့အတွက် သူ့အစွမ်းအစသူ အသုံးပြုခဲ့လေသည်။

လင်းယွင်ကျစ်သည် လေလယ်တွင် ရုပ်လုံးပေါ်လာ၏။ သူက လူအုပ်ကြီးကို တစ်ခဏ ကြည့်ရင်း ပျံဝဲနေပြီးနောက် စကားပြောလေသည်။

"စစ်ဆေးမှုအဆင့်ဆယ်ဆင့် ပြီးဆုံးသွားပြီ " သူက အေးတိအေးစက်ပြောသည်။ “တာအိုရှာဖွေခြင်း ရှေးဟောင်းလမ်းပေါ်က တာ၀န်ရှိသူအနေနဲ့ လူတစ်ထောင်ကို ဆက်ပြိုင်ဖို့အတွက် ငါ ရွေးချယ်မယ်" ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ကာ တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံသူထောင်ပေါင်းများစွာအား ချက်ချင်း ပျောက်ကွယ်သွားစေပြီး သူတို့၏ မူလနေရာများသို့ နေရာရွေ့ပြောင်းခံလိုက်ရစေသည်။

လူတစ်ထောင်သာ ကျန်ခဲ့၏။

"မင်းတို့အားလုံးက စစ်ဆေးမှုအဆင့်ကို ကျော်ဖြတ်ပြီးသွားပြီ။ ပြိုင်ကွင်းတိုက်ပွဲတွေမှာ ၀င်ပြိုင်မလား မပြိုင်ဘူးလား ဆုံးဖြတ်ရလိ့မ်မယ်

"ပြိုင်ကွင်းတိုက်ပွဲတွေမှာ ထိပ်ဆုံး (၁၀၀) ကို ၀င်ရောက်နိုင်တဲ့ ဘယ်သူမဆို အင်မော်တယ်ကျောက်စိမ်းအတုံး (၁၀၀၀) ဆုလာဘ်အဖြစ် ချီးမြှင့်ခံရလိမ့်မယ်။ မင်းတို့ထဲက တချို့တွေက အင်မော်တယ်ကျောက်စိမ်းတွေနဲ့ ကောင်းကောင်း မရင်းနှီးနိုင်လောက်ဘူး။ အဲ့ကျောက်စိမ်းတွေက ဘာလဲဆိုရင် အင်မော်တယ်နယ်ပယ်ကို ရောက်တဲ့အခါ ကျင့်ကြံဖို့ သုံးလို့ရတာတွေပဲ။ သူတို့က န၀မတောင်ပင်လယ်မှာ ရှားတယ်။ အင်မော်တယ်ကျောက်စိမ်းအတုံး (၁၀၀၀) က ဝိညာဉ်ကျောက်တုံးသိန်းတစ်ရာနဲ့ ညီမျှတယ်" မူလက မန်ဟိုသည် ဤပြိုင်ကွင်းတိုက်ပွဲများတွင် ၀င်ပြိုင်ရန် သိပ်စိတ်မဝင်စားခဲ့ပေ။ သို့သော် ဤအခြင်းအရာကို ကြားလျှင် သူ၏ မျက်လုံးများသည် ဝိုင်းစက်ပြူးကျယ်လာပြီး ရွှန်းလဲ့တောက်ပလာတော့၏။

"ဝိညာဥ်ကျောက်တုံးသိန်းတစ်ရာ…." သူက ဟောဟဲလိုက်လျက် တွေးသည်။ "တာအိုအစည်းအရုံးသုံးခုက သောက်ကျိုးနည်းကို ချမ်းသာတာပဲ။ ထိပ်ဆုံး (၁၀၀) မှာပါတာနဲ့ ဝိညာဉ်ကျောက်တုံးသိန်းတစ်ရာ ရမယ်တဲ့လား "မန်ဟိုမှာ အတန်ငယ် စိတ်လှုပ်ရှားလာတော့သည်။

"ထိပ်ဆုံး (၅၀) မှာပါရင် ဆုလာဘ်က အင်မော်တယ်ကျောက်စိမ်းအတုံး (၅၀၀၀) " လင်းယွင်ကျစ်က ဆက်၍ပြောသည်။ သူ၏ အသံမှာ ပဲ့တင်ထပ်နေပြီး မန်ဟိုမှာ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ ကျန်ရှိသော ပြိုင်ပွဲ၀င်များမှာလည်း စိတ်အားထက်သန်စွာဖြင့် အသက်ရှုမြန်လာကြသည်။

" ထိပ်ဆုံး (၈) ယောက်ထဲမှာပါရင် ဆုလာဘ်က အင်မော်တယ်ကျောက်စိမ်းအတုံး (၁၀၀၀၀)"

မန်ဟို့စိတ်မှာ ထစ်ချုန်းသံကြီးဖြင့် ပြည့်နှက်သွားပြီး သူသည် အင်မော်တယ်ကျောက်စိမ်းအတုံး ၁၀၀၀၀+၅၀၀၀+၁၀၀၀က ဝိညာဉ်ကျောက်တုံးမည်မျှနှင့် ထပ်တူကျမည်လဲ စိတ်တွက် တွက်ချက်နေတော့သည်။ တွက်ချက်ပြီးနောက် သူ၏ မျက်လုံးများသည် အင်မတန်မှ စူးရှတောက်ပလာတော့၏။

"ထိပ်ဆုံး (၄) ယောက်ထဲ ၀င်မယ်ဆိုရင် ဆုလာဘ်ကတော့ အင်မော်တယ်လမ်းပြနွယ်ပင်တစ်ပင်" လင်းယွင်ကျစ်က ဆက်ပြောလိုက်ရာ ပြိုင်ပွဲ၀င်တစ်ထောင်မှာ မယုံနိုင်စွာ အော်ဟစ်လာကြတော့သည်။ မန်ဟိုက သိပ်ဂရုစိုက်ပုံမရသော်လည်း သူ့ပတ်ပတ်လည်ရှိ အခြားသူများ၏ မျက်လုံးများမှာတော့ ချက်ချင်း သွေးချင်းနီသွားတော့သည်။

လူအများစုအတွက် အင်မော်တယ်ကျောက်စိမ်းများသည် ဥစ္စာဓနတစ်ခုသာဖြစ်ပြီး ကျင့်ကြံရာတွင် သုံးနိုင်သော်လည်း အင်မော်တယ်နယ်ပယ်မဟုတ်လျှင် အသုံးမဝင်ချေ။ သို့သော် အင်မော်တယ်လမ်းပြနွယ်ပင်တစ်ပင်ကတော့ လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပြီး အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်လှမ်းစေနိုင်၏။

အထူးသဖြင့် မကြာသေးမီက တောင်ကောင်းကင်ဂြိုလ်ပေါ်တွင် အစစ်အမှန်အင်မော်တယ်တစ်ဦး ပေါ်ထွန်းလာခဲ့သည့်အချက်ကြောင့် အလွန်အရေးပါလေ၏။ လာမည့်နှစ်ထောင်ပေါင်းများစွာအတွင်း အင်မော်တယ်လမ်းပြနွယ်များသည် မန်ဟိုမှလွဲ၍ အခြားလူများအတွက် အဖိုးထိုက်ရတနာများ ဖြစ်လာသည်။

၎င်းတို့က ကံတရားကို ပြောင်းလဲပေးနိုင်ပြီး အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်သည်မဟုတ်ပါလော။

ကျန်ရှေးဟောင်းလမ်းနှစ်လမ်းပေါ်တွင် ကမ်းလှမ်းသည့် ဆုလာဘ်များက မတူကွဲပြား၏။ သို့သော်လည်း သူတို့ရောက်ရှိနေသော အဆင့်များအရ ကမ်းလှမ်းသည့် ဆုလာဘ်များမှာ သူတို့၏ သွေးများကို ဆူပွက်သွားစေရန် လုံလောက်ကြောင်း ကျင့်ကြံသူများ သိကြလေသည်။ သူတို့သာမဟုတ်။ န၀မတောင်နှင့် ပင်လယ်ရှိ လူအုပ်ကြီးလည်း ရှေးဟောင်းလမ်းသုံးလမ်းပေါ်တွင် ပေးအပ်မည့် ဆုလာဘ်များကို ကြားလျှင် မျက်လုံးများ သွေးချင်းနီသွားကြပြီး အသက်ရှုသံများ မြန်လာကြတော့သည်။ လိုအပ်သော အရည်အချင်းများ မရှိသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့လည်း တိုက်ခိုက်ရာတွင် ၀င်ပြိုင်ဖို့အတွက် ရောက်လာကြမည်ဖြစ်သည်။

အထူးသဖြင့် ဝာာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်က ဆုလာဘ်တစ်ခုမှာ အင်မော်တယ်လမ်းပြနွယ်များ ဖြစ်နေကြောင်း ကြားလိုက်ရသည့် အခါတွင်ပင်။

"ဆုလာဘ်က အင်မော်တယ်လမ်းပြနွယ်ဖြစ်နေတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး"

"သေစမ်း အဲ့လိုမှန်းသိခဲ့ရင် ၀င်ပြိုင်ခဲ့ပါတယ်။ နောက်နှစ်ထောင်ပေါင်းများစွာအတွင်းမှာ အင်မော်တယ်လမ်းပြနွယ်ရတဲ့ ဘယ်သူမဆို အစစ်အမှန်အင်မော်တယ် ဖြစ်လာနိုင်ချေ အများကြီးရှိတယ်"

"အစစ်အမှန်အင်မော်တယ်ဘ၀။ အင်မော်တယ်လမ်းပြနွယ်ပင်သုံးတာက ကံတရားကို သိမ်းပိုက်တာနဲ့ ယှဉ်လို့မရပေမယ့် ကြယ်တွေကြားမှာ ဘယ်လိုနည်းနဲ့ အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာပါစေ အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်နေသေးတာပဲလေ"

လင်းယွင်ကျစ်က အကုန်လုံး၏ အံ့ဩနေသော အမူအရာများကို ကျေနပ်နေသော အမူအရာဖြင့် လှမ်းကြည့်သည်။ သို့သော် သူသည် မန်ဟို့ကို မြင်သောအခါ မန်ဟိုမှာ အခြားသူများနည်းတူ တက်ကြွနေပုံပေါ်သော်လည်း ၀တ်ကြေတန်းကြေသာ ဖြစ်ကြောင်း ပြောနိုင်သွား၏။ တစ်ခဏကြာသော် လင်းယွင်ကျစ်က စကားထပ်ပြောလိုက်ပြန်သည်။

"ဖန်မု၊ မင်းက န၀မပင်လယ်နတ်လောကရဲ့ သီးသန့်ဂိုဏ်းသားဆိုပေမယ့် ဂိုဏ်းတာ၀န် လုံလုံလောက်လောက် မထမ်းဆောင်ပေးနိုင်ရင် အနာဂတ်မှာ အင်မော်တယ်လမ်းပြနွယ် ချီးမြှင့်ခံရမှာ မဟုတ်ဘူးနော်။ မင်း တစ်ခုရချင်ရင် ဒီအခွင့်အရေးကို ဖမ်းဆုပ်ရမယ် "

မန်ဟိုက ကပျာကယာ ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် မေးသည်။ "အင်မော်တယ်လမ်းပြနွယ်တစ်ပင်ကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်တန်လဲဗျ "

လင်းယွင်ကျစ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"အဖိုးမဖြတ်နိုင်ဘူး " သူက ပြန်ပြောသည်။ "မင်း လေလံတင်မယ်ဆိုရင် အင်မော်တယ်ကျောက်စိမ်း သန်းနဲ့ချီ ရနိုင်တယ် "

မန်ဟိုမှာ ဤအခြင်းအရာကို ကြားသောအခါ ချာချာလည်သွားပြီး တုန်ရီလာတော့သည်။ ချက်ချင်းပင် သူ၏ မျက်လုံးများ သွေးချင်းနီသွားပြီး သူ၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်လာတော့သည်။

မန်ဟို့ကို ဤသို့ မြင်ရခြင်းက လင်းယွင်ကျစ်အား ချောင်းဟန့်မိလိုက်စေသည်။ သူသည် တဖြည်းဖြည်း မန်ဟို၏ ပင်ကိုယ်စရိုက်ကို နားလည်လာ၏။

"ပထမရတဲ့ဘယ်သူမဆို" လင်းယွင်ကျစ်က ဟန်ပါပါ မာန်ပါပါဖြင့် ပြောသည်။

"မဟာပါရာဂွန်သုံးပါးကနေ လက်ဆင့်ကမ်းပေးတဲ့ သွေးစက်တစ်စက်ကို ရရှိမယ် "

သူ့အသံကို တုံ့ပြန်သည့်အနေဖြင့် တိတ်ဆိတ်မှုက ဆည်းကြိုနေသည်။ သို့သော် အချို့လူများမှာ တုန်ရီလာကြပြီး မယုံနိုင်သော အမူအရာများက သူတို့၏ မျက်နှာများကို လွှမ်းခြုံသွားကြသည်။ ထိုမယုံကြည်နိုင်မှုတို့ကား အင်မော်တယ်လမ်းပြနွယ်များအကြောင်း ပြောတုန်းကထက်ပင် သာလွန်၏။ အပြင်လောကမှာလည်း တိတ်ဆိတ်သွားသော်လည်း တစ်ခဏကြာသော် ပွက်လောရိုက်သွားတော့သည်။

"မဟာပါရာဂွန်သုံးပါးဆီက သွေးစက်။ ဘုရားရေ အဲဒီဟာမှာ မဟာပါရာဂွန်သုံးပါးရဲ့တာအို ပါ၀င်နေမှာ"

"မဟာပါရာဂွန်သုံးပါး ။ ဒဏ္ဍာရီအရ သူတို့ရ ရှေးခေတ်ရဲ့ အစွမ်းထက် ပညာရှင်တွေလေ။ သူတို့က တကယ်ပဲ သွေးစက်တစ်စက်ကို ချန်ထားခဲ့တာလား"

"အဲ့ဒါ အမှန်ပဲလား "

ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများပင်လျှင် ၎င်းကို ယုံရခက် ဖြစ်နေ၏။ သူတို့သည် အသက်ပြင်းပြင်းရှုလျက် တုန်လှုပ်သွားသော အမူအရာများကို မျက်နှာပေါ်တွင် ရေးထိုးလျက် ထရပ်လိုက်ကြသည်။

မန်ဟိုတစ်‌ယောက်သာလျှင် တုံ့ပြန်မှုများများစားစား မရှိပေ။ သို့သော် သူ့ကို တိုက်ရိုက် ရည်ရွယ်သော လင်းယွင်ကျစ်၏ နောက်ထပ်စကားလုံးများက မန်ဟို့ကို ဒိန်းခနဲ ရင်ခုန်သွားစေသည်။

"ဖန်မု၊ မင်း ပါရာဂွန်ရဲ့ သွေးစက်ကို လေလံတင်လိုက်ရင် န၀မတောင်မှာ အဲ့ဟာကို ၀ယ်နိုင်မယ့်လူကို ရှာတွေ့ဖို့ထက် ဖီးနစ်ငှက်နဲ့ ချီလင်ချိုတွေကို ရှာရတာဖြင့် ပိုလွယ်လိမ့်မယ် "

***

All Chapters