အင်မော်တယ်အပျက်အစီးများနယ်အစစ်
Vol. 62 Ch. 864
"ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား" မန်ဟိုက မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်ပနေလျက် ဟိန်းဟောက်လိုက်သည်။ သူသည် ညာခြေကို မြှောက်၍ သက်လတ်ပိုင်းလူအား ပြင်းပြင်းထန်ထန် ကန်ချလိုက်၏။ တဂျွတ်ဂျွတ် အက်များ ကြားလိုက်ရပြီး ထိုလူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ အရိုးများ ကြေသွားသဖြင့် သက်လတ်ပိုင်းလူမှာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ထိုအခိုက်အတန့်တွင် မန်ဟို၏မျက်နှာအပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုပေါ်လာပြီး သူက အောက်သို့ လက်သီးထိုးချလိုက်တော့သည်။
အုန်းခနဲ မြည်သွားသည်။ မန်ဟိုက အညှာအတာမရှိ တိုက်ခိုက်နေရာ သက်လတ်ပိုင်းလူ၏ စူးစူးဝါးဝါး အော်သံများမှာ ဆူညံ့နေတော့သည်။ သူ့မှာ ယခုတွင် ဖူးယောင်ကျိုးကြေပြီး သွေးသံရဲရဲနှင့် အဆုံးစွန်အထိ သနားဖွယ်ကောင်းနေလေ၏။
"နားလည်မှုလွဲတာပါ တာအိုရောင်းရင်းဖန်။ ဒါ နားလည်မှုလွဲရုံလေးပါ"
"လိ့ကို နားလည်မှုလွဲတာလား" မန်ဟိုက လေပေါ် ခုန်တက်ပြီးနောက် ထိုလူ၏မျက်နှာကို ရက်ရက်စက်စက် နင်းချလိုက်သည်။ သွေးပျက်မတတ် အသံနက်ကြီး ကြားလိုက်ရ၏။ သက်လတ်ပိုင်းလူမှာ ယခုတွင် မန်ဟို၏ ကန်ကျောက်ခြင်းခံနေရသဖြင့် လက်နှစ်ဖက်ထဲ ခေါင်းဖွက်ရင်း သွေးအလိမ်းလိမ်း ဖြစ်နေတော့သည်။
"ဝယ်ချင်လား ၊ မဝယ်ချင်ဘူးလား။ ဘယ်လိုလိုနေ မင်း ဝယ်ကို ဝယ်ရမယ်" မန်ဟိုက ဆံပင်မှဆွဲ၍ ထိုလူ့ခေါင်းကို မြှောက်ရင်း မြေကြီးနှင့် တိုက်ချလိုက်သည်။
ထိုလူ အော်ပင်မအော်နိုင်ခင် မန်ဟိုက ညာခြေကို မြှောက်ကာ အားအားပါပါ ကန့်ထည့်လိုက်၏။ သက်လတ်ပိုင်းလူ၏ ခြေထောက်မှာ ဂျွတ်ခနဲ ကျိုးသွားတော့သည်။
ဤကဲ့သို့ သောင်းကျန်းနေသော မြင်ကွင်းနှင့် မန်ဟို၏မျက်နှာအမူအရာ လျင်မြန်စွာ ပြောင်းလဲသွားမှုက ပတ်ဝန်းကျင်ရှိ လူတိုင်းအား ပါးစပ်အဟောင်းဖြစ်လျက် ငေးကြည့်နေမိစေသည်။
နဝမတောင်ပင်လယ်ရှိ ပရိသတ်များမှာလည်း ပင့်သက်ရှိုက်နေကြပြီး ဝဲမှန်သားပြင်များအပေါ်တွင် ဖြစ်ပျက်နေသောအရာများကို ကြောင်စီစီ ကြည့်နေကြလေသည်။ မန်ဟို၏ရက်စက်ကြမ်းတမ်းမှုက သူတို့ကို လုံးလုံးလျားလျား ချောက်ချားသွားစေတော့သည်။
"ဒီလူက သေချာပေါက် ရန်သွားမစသင့်တဲ့ လူတစ်ယောက်ပဲ"
"ဘယ်လောက်ကြမ်းတမ်းတဲ့ စရိုက်လဲ။ သူ့လိုလူမျိုးက ဒေါသထွက်အောင် မလုပ်မိဖို့ ရှောင်ရမယ့်လူပဲ"
"အဲဒီလို စာပေသမားအရှိန်အဝါနဲ့ ကျင့်ကြံသူတစ်ယောက်က ဒီလိုစိတ်ကြီးတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး"
ဂိုဏ်းအသီးသီးမှ ရွေးချယ်ခံများလည်း အံ့ဩနေကြသည်။ တချို့က အခြားသူများထက်ပင်ပို၍ အံ့ဩနေသေး၏။ ဥပမာ စွန်းဟိုက်ဆိုလျှင် အသက်ပြင်းပြင်းရှူရင်း မျက်လုံးကြီးပြူးလျက် ကြည့်နေလေသည်။ သူ့မှာ ဖန်မု သက်လတ်ပိုင်းလူ၏ ဆံပင်ကို ဆွဲလိုက်သည်ကို ငေးကြောင်ကြောင် ကြည့်ပြီးနောက် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ သူသည် သူ့တစ်ဘဝလုံး ဘယ်တော့မှ မမေ့နိုင်မည့် ကိုယ်တွေ့ဖြစ်ရပ်၊ မျက်နှာမပြရဲလောက်အောင် အရှက်ကွဲခဲ့ရသော မှတ်ဉာဏ်တစ်ခုကို ရုတ်တရက် မှတ်မိလိုက်၏။
"ဒါက ... တော်တော့်လေး ရင်းနှီးသလိုလို ရှိပေမယ့် ... သူတော့ မဟုတ်လောက်ဘူးမလား" စွန်းဟိုက်မှာ တခဏ တွန့်ဆုတ်နေသည်။ ထိုတစ်ယောက်အား ပြန်သတိရလိုက်ပြီးနောက်တွင် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေတော့သည်။ ထိုမတော်တဆမှုတစ်ခုလုံးမှာ အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်လာခဲ့၏။ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းသို့ ပြန်ရောက်လာပြီးနောက်ပိုင်း သူ့မှာ ကြောက်စရာမှတ်ဉာဏ်များကြောင့် တရားထိုင်နေရင်းပင် လန့်လန့်နိုးခဲ့ရလေသည်။ ထိုမျှသာမက သူသည် ဆံပင်များ ရိတ်ပစ်လိုက်၍ ယခုတွင် ကတုံးဖြစ်နေချေပြီ။
ကြယ်တာရာကောင်းကင်နန်းတော်ထက်တွင် ခေါင်းဆောင်ကြီးများသည် မန်ဟို သက်လတ်ပိုင်းလူအား မညှာမတာ ဆော်ပလော်တီးနေသည်ကို မျက်လုံးကြီးများပြူးလျက် တအံ့တဩ ကြည်နေကြ၏။ စစချင်း သူတို့မှာ က္ကန္ဒြေပင် မဆည်နိုင်အောင် အံ့အားသင့်သွားခဲ့သော်လည်း သဘောကျစွာ ရယ်လာကြ၏။
"ဒီဖန်မုရဲ့ စရိုက်ကတော့ တကယ် သဘောကျစရာပဲ"
"သူက နည်းနည်းလေး ကလန်ကဆန်လုပ်တာနဲ့ ကလဲ့စားပြန်ချေတဲ့အပြင် ဘယ်လိုနည်းနဲ့မှ အရှုံးမခံဘူး။ အင်း အမှန်ပြောရရင် ပြဿနာစရှာခဲ့တာ တစ်ဖက်လူကိုး"
တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်တွင် လင်းယွင်ကျစ်သည် ရယ်ပြီး ဖြစ်ပျက်နေသည့်အရာအား မမြင်ချင်ယောင်ဆောင်ရင်း ခေါင်းခါရမ်းလိုက်၏။
သက်လတ်ပိုင်းလူမှာ သွေးအလိမ်းလိမ်း ပေကျံနေပြီး စူးစူးဝါးဝါးအော်ကာ ပြန်တိုက်ခိုက်ဖို့လည်း ကြိုးစားနေသည်။ သို့သော် သူ ရုန်းလေလေ၊ မန်ဟိုက သူ့ကို ပိုနာနာရိုက်လေလေ ဖြစ်သည်။ နောက်အရိုးတစ်ချောင်း ထပ်ကျိုးသွားသဖြင့် ကျိုးအက်သံများ ကြားလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲတစ်ယောက်ပြီးတစ်ယောက်မှာ ဘုရားတလိုက်ကြပြီး မန်ဟို့ကို အလွန်အမင်းကြောက်နေသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။ သူတို့မှာ မန်ဟို့ကို ကြောက်လွန်း၍ ဦးရေပြားများပင် ထုံကျင်လာရ၏။
"ဒီလူက တကယ့်ကို လူကောင်းအတိုင်းပါ။ ဘယ်လိုလုပ် ဒီလောက်ရက်စက်နိုင်ရတာလဲ"
"သူ့ကို ရန်စလို့ မဖြစ်ဘူး ။ ဘယ်လိုနည်းနဲ့မှ ရန်စလို့မဖြစ်ဘူး"
မန်ဟို၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် တလက်လက် တောက်ပနေပြီး သူက ညာလက်ချောင်းနှစ်ချောင်းဖြင့် သက်လတ်ပိုင်းလူ၏ မျက်လုံးများကို ထိုးဖောက်ရန် ရွယ်လိုက်သည်။
သက်လတ်ပိုင်းလူမှာ ငယ်သံပါအောင် အော်ပြီး အဆောတလျင် ပြောသည်။ "ဝယ်မယ်။ ဝယ်ပါ့မယ်"
စကားလုံးများက သဘာဝတရား၏ တေးသီချင်းလေးတစ်ပုဒ်သဖွယ် မန်ဟို့နားထဲ ဝင်ရောက်လာသည်။ သူ၏ညာလက်က တုံ့ခနဲ ရပ်သွားပြီး သူ၏မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သောအမူအရာတွင် ရှက်ကိုးရှက်ကန်းဖြစ်နေပြီး အတော်လေး အားနာနေသောအမူအရာတစ်ခုက အစားထိုးဝင်ရောက်လာ၏။
သူက လည်ချောင်းရှင်းပြီးနောက် ပြောသည်။ "အီးရား ကြည့်ပါဦး။ စောစောက ပြောရောပေါ့"
သူက အလျင်အမြန် ဆောင့်ကြောင့်ထိုင်၍ သူ့ကို ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြည့်ရင်း တုန်ရီနေသော သက်လတ်ပိုင်းလူအား ဖြေးဖြေးချင်း ကူထူပေးလိုက်သည်။
"ကူထူပေးစရာမလိုပါဘူး တကယ်..." ကူထူပေးခံရနေသော ရိုးရိုးရှင်းရှင်းအပြုအမူက သက်လတ်ပိုင်းလူကို ယခင်ထက်ပင် ကြောက်လန့်သွားစေသဖြင့် သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီလာတော့သည်။ သို့သော် စကားပြော၍မဆုံးသေးမီ မန်ဟိုက သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သဖြင့် သူ့မှာ ထပ်မပြောရဲတော့ပေ။
"ဒီဆေးပုလင်းမှာ စိတ်အားဖြည့်ဆေးလုံးတွေ အပြည့်ပါတယ်" မန်ဟိုက ပြောသည်။ "ပို့ခအပါအဝင် ဆေးလုံးတစ်လုံးကို ဝိညာဉ်ကျောက်တုံးနှစ်သိန်းကျတယ်။ ဆေးလုံးက စုစုပေါင်း ဆယ်ငါးလုံးရှိတယ်ဆိုတော့ စုစုပေါင်း ဝိညာဉ်ကျောက်တုံးသိန်း (၃၀) " သူသည် ဆေးပုလင်းအား ထိုလူ၏ လက်ထဲ ထည့်ပေးပြီးနောက် မျှော်လင့်နေသော မျက်လုံးများဖြင့် ရွှန်းရွှန်းစားစား ကြည့်လေ၏။
"ဟုတ်ပြီ။ ဝယ်ပါ့မယ်...." သက်လတ်ပိုင်းလူက ချက်ချင်း ဝိညာဉ်ကျောက်တုံးတစ်ပုံတစ်ခေါင်း ထုတ်လိုက်သည်။
မန်ဟိုမှာ ထိုလူ၏သိုလှောင်အိတ်ထဲ၌ ဝိညာဉ်ကျောက်တုံးများစွာ ကျန်သေးသည်ကို မြင်လျှင် မျက်လုံးများ တောက်ပသွား၏။ ထိုလူ့တွင် ဆေးလုံးများ ဝယ်ပြီးသည့် နောက်တွင်ပင် အတော်များများ ကျန်နေသေးကြောင်း သိသာသည်။ မန်ဟိုမှာ သူ၏ သိုလှောင်အိတ်ထဲတွင် စိတ်အားဖြည့်ဆေးပုလင်းတစ်ပုလင်းသာ ကျန်တော့သည့်အဖြစ်ကို ကျိန်ဆဲမိလိုက်၏။
"ဒီမှာ မင်းက ငါ့ရဲ့ ဖောက်သည်ဆိုတော့ မင်းရဲ့ဘေးကင်းလုံခြုံမှုအတွက် ငါ့မှာ တာဝန်ရှိတယ်" မန်ဟိုက တည်ကြည်လေးနက်စွာ ပြောသည်။ "မင်းကို ဘယ်သူအနိုင်ကျင့်လဲ ငါ့ကိုပြော ဟုတ်ပြီလား။ ဒါမှမဟုတ် ... ထားတော့ စိတ်ထဲမထားနဲ့တော့။ အဲ့ဒါက အရေးမကြီးဘူး။ အရေးကြီးတာက မင်း အခု ဒဏ်ရာရထားတယ်လေ။ နောက်နှစ်ရက်နေရင် စတော့မယ့် ပြိုင်ကွင်းတိုက်ပွဲတွေမှာလည်း ဝင်ပြိုင်ရဦးမှာမလား။ ဒါမဲ့ မပူပါနဲ့။ တာအိုရောင်ရင်း ၊ ငါ့မှာ ဆေးလုံးတွေ ထပ်ရှိသေးတယ်
"ဒါတွေက ထိပ်တန်းအဆင့် အနာကျက်ဆေးလုံးတွေပဲ။ တစ်လုံးမှ နှစ်သိန်းပဲပေး။ မပူနဲ့ ငါက ဖောက်သည်တွေအပေါ် ရိုးသားပြီး မျှတပါတယ်" မန်ဟိုသည် ဆေးပုလင်းခုနစ်ပုလင်း၊ ရှစ်ပုလင်းအား ထုတ်ကာ သက်လတ်ပိုင်းလူကို ပေးလိုက်၏။
သက်လတ်ပိုင်းလူမှာ တအံ့တဩ စိုက်ကြည့်နေသည်။ သူ့မှာ ယခုတွင် အမှန်တကယ် အော်ငိုချင်နေတော့သည်။ တခဏကြာသော် သူက မဝယ်ဘဲနေရန် စဉ်းစားလိုက်သော်လည်း မန်ဟို၏ ရှက်ကိုးရှက်ကန်းအပြုံးကို မြင်လျှင် ထိန်းမနိုင်သိမ်းမရအောင် တုန်ရီလာတော့သည်။ သူမှာ အံတင်းတင်းကြိတ်ရင်း ဆေးလုံးတစ်လုံးမကျန် ဝယ်လိုက်ရ၏။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ထိုလူ၏သိုလှောင်အိတ်ကို စိုက်ကြည့်ရင်း မျက်လုံးများ တောက်ပလာသည်။ သူက ချောင်းဟန့်ကာ ပြောသည်။ "တာအိုရောင်ရင်း၊ မင်းရဲ့ဒဏ်ရာတွေကို ကြည့်ရတာ ဒီဆေးလုံးနဲ့တင် မလုံလောက်ဘူးထင်တယ်။ မင်းရဲ့ အနုသုခုမနတ်ခန္ဓာတောင် ထိခိုက်ထားတဲ့ပုံပဲ"
"ဟမ်" သက်လတ်ပိုင်းလူမှာ ခေါင်းနပန်းကြီးနေချေပြီ။ သူ၏အနုသုခုမနတ်ခန္ဓာမှာ ယခုအချိန်အထိတော့ မထိခိုက်သေးသော်လည်း မန်ဟို့အကြည့်ကို မြင်သည့်အခါ ထိခိုက်နိုင်ခြေရှိကြောင်း သိလိုက်၏။
သက်လတ်ပိုင်းလူမှာ ဆောက်တည်ရာမဲ့စွာဖြင့် မျက်နှာကြီးဆူပုပ်နေပြီး သူ့ရင်ထဲတွင် နောင်တများ ပြည့်နေတော့သည်။ သူ့လက်ဝယ်ရှိ ဝိညာဉ်ကျောက်တုံးများ လုံးပါးပါးစပြုနေလေပြီ။ ၎င်းတို့မှာ သူ၏ဂိုဏ်းမှ သူ့ကို ချီးမြှင့်ခဲ့သော ဆုလာဘ်များဖြစ်သည့်အပြင် သူ၏ဘဝတစ်သက်တာ စုဆောင်းမှုများလည်း ဖြစ်သည်။
"တာအိုရောင်ရင်းဖန်၊ ကျွန်တော့်ကို လွှတ်ပေးပါတော့နော် ဟုတ်ပြီလား" သူက တောင်းပန်သည်။ "ကျွန်တော့်အမှားပါ...." မှန်ပါသည်၊ စိတ်ထဲတွင်တော့ သူ၏အမုန်းတို့မှာ လောင်မြိုက်နေပြီး မန်ဟို့ကို တစစီ ဆွဲဖြဲပစ်ချင်နေလေသည်။
မန်ဟိုက ပြုံးနေသော်လည်း သူ စကားပြောလိုက်စဉ် သူ၏မျက်လုံးများကား အေးစက်လျက်ရှိသည်။ "မင်းသိလား၊ ငါ ပထမဆုံး သတ်ခဲ့တဲ့ လူရဲ့မျိုးရိုးကလည်း ကျောက်မျိုးရိုးပဲ"
သက်လတ်ပိုင်းလူမှာ တုန်ရီသွားပြီး တစ်ကိုယ်လုံး ရေခဲရေနှင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက အံကြိတ်၍ ဝိညာဉ်ကျောက်တုံးအနည်းငယ်ထုတ်ကာ မန်ဟို၏ဆေးလုံးအသစ်များကို ဝယ်လိုက်လေသည်။ ယခုတော့ သူ၏ သိုလှောင်အိတ်မှာ ပြောင်တလင်းခါသွားချေပြီ။
မန်ဟိုက ကျေကျေနပ်နပ် ခေါင်းညိတ်ပြီးနောက် သက်လတ်ပိုင်းလူ၏ ပခုံးကို ပုတ်လိုက်သည်။
"တခြားလိုအပ်တာရှိရင် လှမ်းခေါ်လိုက်နော်"
သက်လတ်ပိုင်းလူမှာ ကတုန်ကယင်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
မန်ဟိုက လှည့်၍ ဟင်းလင်းပြင်ထဲ ထွက်လိုက်သည်။ ဤတစ်ခေါက်တွင် ပထမဆုံးနေရာရှိ သူ၏ပလ္လင်သို့ ရောက်ရန် နာရီဝက်ခန့်သာ ကြာလိုက်လေသည်။ တစ်လမ်းလုံး နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်များမှာ မျက်လုံးများ၌ ကြောက်ရွံမှုတို့ အပြည့်ဖြင့် လက်နှစ်ဖက်ယှက်၍ အရိုအသေပေးရင်း သူ့အတွက် လမ်းဖယ်ပေးကြလေသည်။
ပထမပလ္လင်ပေါ် ပြန်ရောက်သော် မန်ဟိုသည် တင်ပျဉ်ခွေထိုင်ပြီးနောက် သူရရှိခဲ့သော အရာအားလုံးကို စစ်ဆေးနေတော့၏။ သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံးအပုံကြီးကို ကြည့်ပြီးနောက်မှ သူ့မှာ ဤခရီးကား အလကားမဖြစ်ဟု ခံစားလိုက်ရလေသည်။
"စစ်သည်တော်စံအိမ်က ကပ်စေးနည်းတာ ဆိုးလွန်းတယ်" သူက တွေးလိုက်သည်။ "မှော်ပစ္စည်းနည်းနည်းလေးပဲ ယူခဲ့တာကို။ ကြမ်းခင်းတွေနဲ့ စင်တွေကိုတောင် မယူခဲ့ရဘူး။ ကြွေပြားတွေဆို ပြောမနေနဲ့တော့
"အင်မော်တယ်လျှောက်လှမ်းခြင်းတံတားမှာတုန်းကဆိုရင် ကြမ်းခင်းတွေပါ ခွာလို့ရခဲ့တာ" သူသည် စစ်သည်တော်စံအိမ် မည်မျှကပ်စေးနည်းသလဲ တွေးရင်း မုန်းလာတော့သည်။ ကပ်စေးနည်းသောလူများထက် သူ မုန်းသည့်အရာမရှိပေ။
"ကဲပါ ဘယ်လိုပဲဖြစ်ဖြစ်၊ အကျိုးအမြတ်သေးသေးလေးတွေ ပေါင်းရင်း အချီကြီးပွနိုင်တာပဲလေ။ ငါ ဒီအတိုင်း ဆက်သွားနိုင်ရင် တစ်နေ့ကျ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းလုံးမှာ အချမ်းသာဆုံး ဖြစ်လာလိမ့်မယ်" သူသည် သူ၏ မဟာရည်မှန်းချက်ကြီးကို စိတ်ကူးပုံဖော်ရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ အကြောင်းတစ်စုံတရာကြောင့် သူ၏အိပ်မက်များ ပြည့်ဝဖို့ ခြေတစ်လှမ်းနီးလာပြီဖြစ်ကြောင်း သူ ခံစားနေရလေသည်။
"ရှုချင်ကို ရှာတွေ့ရင် ငါတို့နှစ်ယောက် အမြဲ ချမ်းချမ်းသာသာ နေသွားနိုင်လိမ့်မယ်" သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်တော့သည်။
အချိန်များ ကုန်လွန်သွားပြီး မကြာမီ အနားယူချိန်ကာလ ပြီးဆုံးသွား၏။ နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်များသည် မျက်လုံးများ ဖွင့်လိုက်ကြပြီး စူးရှတောက်ပနေဿာ အကြည့်များအား မြင်ရနိုင်၏။ မန်ဟိုရှိနေသည့်အတွက် အများစုမှာ ပထမနေရာကို မမှန်းတော့ဘဲ ထိပ်ဆုံး (၈) ယောက်ထဲ ပါဖို့ရန်သာ မျှော်လင့်နေကြတော့သည်။
လင်းယွင်ကျစ်သည် ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး လူအုပ်ကြီးကို လှမ်းကြည့်၏။
"ပြိုင်ကွင်းတိုက်ပွဲတွေကို အင်မော်တယ်အပျက်အစီးနယ်ရဲ့ ရှေးဟောင်းတာအိုသစ်ပင်ပေါ်မှာ ကျင်းပမှာဖြစ်တယ်။ မင်းတို့အားလုံး တစ်ခုကို မမေ့အောင် မှတ်ထားကြ။ တာအိုသစ်ပင်ရဲ့ တည်နေရာက အင်မော်တယ်အပျက်အစီးနယ်ရဲ့ အတွင်းပိုင်းထဲမှာ မဟုတ်ပေမယ့် အင်မတန် အန္တရာယ်များတဲ့ နေရာတစ်နေရာဖြစ်နေသေးတယ်။ မင်းတို့တိုက်ခိုက်နေတဲ့အချိန် သစ်ပင်၏အပြင်မှာ ဘာမဆို ဖြစ်နိုင်တယ်။ မှတ်ထား ..... ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရှေးဟောင်းသစ်ပင်ကနေ ထွက်သွားလို့မဖြစ်ဘူး
"သစ်ပင်ထဲမှာ နေမှပဲ မင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်တယ်။ သစ်ပင်ရဲ့အပြင်ကို ထွက်လိုက်တာနဲ့ .... မင်းတို့ သေမလား ရှင်မလား မပြောနိုင်ဘူး" လင်းယွင်ကျစ်သည် ပြိုင်ပွဲဝင်များကို တည်ကြည်လေးနက်စွာ ကြည့်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် အနီရောင်အလင်းက လင်းထိန်လာပြီး ဟင်းလင်းပြင်မှာ တုန်ခါလာ၏။ မန်ဟိုအပါအဝင် လူတိုင်း ပျံတက်သွားသဖြင့် လှိုင်းများ ဖြာထွက်လာသည်။ လင်းယွင်ကျစ်ကား ရုတ်တရက် အဆမတန်ကြီးမားလာပြီး အင်္ကျီလက်စကို ဝှေ့ယမ်းကာ လူတိုင်းအား ၎င်းအထဲသို့ ပျံဝင်လာစေလိုက်သည်။
ဤမြင်ကွင်းက မန်ဟို့ကို ရင်တဒိန်းဒိန်း ခုန်လာစေ၏။
"ဘယ်လောက်ထူးကဲတဲ့ နတ်ဘုရားစွမ်းရည်လဲ" သူက ဟောဟဲလှိုက်လျက် တွေးလိုက်သည်။ နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်အားလုံးမှာ လင်းယွင်ကျစ်၏ လက်စထဲ အထည့်ခံရပြီးနောက် အပြင်လောက၏ပုံရိပ်များ တရွှီးရွှီး ပြေးနေသည်ကို ကြည့်ပြီး လင်းယွင်ကျစ် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားနေကြောင်း သိလိုက်ကြ၏။
အပြင်လောကရှိ ပရိသတ်များ စောင့်ကြည့်နေစဉ် အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းများအပေါ်တွင်လည်း ထိုနည်းတူမြင်ကွင်းများ ဖြစ်ပေါ်နေသည်။ ထိုနေရာနှစ်ခုအပေါ်ရှိ အဘိုးကြီးနှစ်ယောက်လည်း ပျံတက်လိုက်ကြပြီး မကြာမီ လင်းယွင်ကျစ်နှင့်ဆုံကာ အတူတကွ အဝေးသို့ ပျံထွက်သွားလေ၏။
သူတို့ ခရီးနှင်လာရာ လမ်းတစ်လျှောက်တွင် မြူများ ဖုံးနေပြီး ရံဖန်ရံခါ ငိုကြွေးသံများ၊ အော်သံများအပြင် ကြောက်မက်ဖွယ်ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေသည်ကို ကြားရနိုင်၏။ တဖြေးဖြေး မြူများအကြား မျောနေသော ဧရာမခေါင်းကြီးတစ်ခေါင်း ပေါ်လာသည်။ သွေးများက ၎င်း၏မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျနေပြီး ၎င်း၏မျက်လုံးများကို လှိုက်စားနေသော ဧရာမကင်းခြေများကြီးတစ်ကောင်အား မြင်ရနိုင်လေသည်။
အပြင်ရှိ လူအုပ်ကြီးများမှာ ဤအရာများကို မြင်လျှင် ပင့်သက်ရှိုက်သွားကြပြီး ဝဲမှန်သားပြင်များကို အထိတ်တလန့် ကြည့်ကုန်ကြ၏
"အင်မော်တယ်အပျက်အစီးတွေ။ အဲ့ဒါတွေက တကယ့်အင်မော်တယ်အပျက်အစီးတွေပဲ"
"အဲ့ဧရာမခေါင်းကြီးက အနည်းဆုံး မီတာတစ်သောင်းမြင့်လောက်တယ်"
လင်းယွင်ကျစ်၏ လက်စထဲတွင် မန်ဟိုသည် အပြင်၌ ဖြစ်ပျက်နေသော အရာအားလုံးကို မြင်နေရ၏။ ဧရာမခေါင်းကြီးကိုလည်း မြင်ရပြီး သူတို့ ၎င်းအနားမှ ဖြတ်လာစဉ် သူ့မှာ မတုန်လှုပ်မိဘဲ မနေပေ။
အချိန်များ ထပ်မံကုန်ဆုံးသွားသည်။ မြူများမှာ ပိုမိုထူထဲလာပြီး ငိုသံများမှာ အဆုံးမရှိ ပဲ့တင်ထပ်နေတော့သည်။ နောက်ဆုံးတွင် အရှေ့၌ ရှေ့နောက်ယိမ်းနေသော ဧရာမနွယ်ပင်ကြီးတစ်ပင် ပေါ်လာ၏။ ချောက်ချားဖွယ်ကောင်းစွာနှင့် မရေမတွက်နိုင်သော အလောင်းများကား နွယ်များတွင် ကပ်လျက်ရှိလေသည်။ သူတို့မှာ အိုမင်းရွတ်တွပြီး အကြောဆွဲနေကြသည့်တိုင် မှော်ပစ္စည်းများနှင့် ရတနာများအား ပိုင်ဆိုင်ထားသေး၏။
ဤပစ္စည်းများ ယနေ့ထက်ထိတိုင်အောင် တည်ရှိနေဆဲဖြစ်သည့်အချက်ကို ထည့်တွက်လျှင် ... ဤနွယ်ပင်ကြီးကား လက်ဖျားခါလောက်အောင် အင်အားကြီးမားပြီး မည်သည့်ကျူးကျော်မှုကိုမှ သည်းခံမည်မဟုတ်ကြောင်း သက်သေထူနေချေသည်။
ရက်အနည်းငယ်ကြာသွားပြီး ထိုအတောအတွင်း မန်ဟိုသည် ထူးထူးဆန်းဆန်းအရာများ မရေမတွက်နိုင်အောင် မြင်ခဲ့ရ၏။ ဂြိုဟ်တစ်လုံးအရွယ် အမွှေးလုံးကြီးတစ်လုံးကို သူ မြင်ခဲ့ရသည်။ သွေးတို့စီးကျနေသော ဧရာမမျက်လုံးကြီးတစ်လုံးကိုလည်း တွေ့ခဲ့ရသည်။ တွေဝေငေးကြောင်နေသော မျက်နှာအမူအရာများဖြင့် အာကာသဟင်းလင်းပြင်ကို ဖြတ်လျက် တရွေ့ရွေ့ လမ်းလျှောက်နေသော အဝတ်အစုတ်အပြတ်များနှင့် ကျင့်ကြံသူတပ်ဖွဲ့ကိုလည်း မြင်ခဲ့ရ၏။
ထိုကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီမှာ မန်ဟို့အား အသက်ပင်ရှူရခက်စေသည်အထိ အစွမ်းထက်လေသည်။
သို့သော် အားလုံးအထဲ တုန်လှုပ်စရာအကောင်းဆုံးမှာ ... မြူများဖြတ်၍ ဖြေးညင်းစွာ ရွေ့လျားနေသော သင်္ဘောတစ်စင်းကို မန်ဟို မြင်လိုက်သည့်အချိန်ဖြစ်သည်။ မန်ဟိုမှာ ဤသင်္ဘောကြီးနှင့် ရင်းနှီးသဖြင့် မြင်လိုက်လျှင်ချင်း စိတ်နှလုံးတုန်ရီသွားတော့သည်။ ဤသည်ကား နဂါးငွေ့တန်းပင်လယ်မှာတုန်းက သူမြင်ခဲ့ရသော သင်္ဘောကြီးပင်။ ထိုစဉ်ကတိုင်း အဘိုးကြီးတစ်ဦးသည် သင်္ဘောဦးတွင် ထိုင်မြဲထိုင်လျက်ရှိ၏။
***