ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်
Vol. 62 Ch. 865
ခုနစ်ရက်ကြာသွားသည်။ လင်းယွင်ကျစ်နှင့် အဘိုးကြီးနှစ်ယောက်သည် တဖြေးဖြေး အရှိန်လျှော့လိုက်ကြပြီး အာရုံစူးစိုက်နေသော မျက်နှာအမူအရာများ ရှိကြလေ၏။ သူတို့သည် ဤခရီးကို အကြိမ်များစွာ လာခဲ့ဖူးကြပြီး အကြိမ်တိုင်း အသိနှင့်သတိ အမြဲကပ်ခဲ့ကြရသည်။ ဤနေရာကား တွေ့ကရာနေရာတစ်နေရာမဟုတ်ဘဲ အင်မော်တယ်အပျက်အစီးများနယ် ဖြစ်သည်။ ခြေလှမ်းတိုင်းက အန္တရာယ်ဖြင့် ပြည့်မနေခဲ့သော်လည်း သူတို့ကို ကြီးမားသောအန္တရာယ်ကို ခံစားရစေသည့် ကြောက်မက်ဖွယ်အရာများ ရှိနေသေး၏။
ခြေတစ်လှမ်း မှားလိုက်သည်နှင့် ဤနေရာတွင် သဂြိုဟ်ခံရလိမ့်မည်။ ထိုမျှသာမက နတ်မီးလျှံစမ်းသပ်ပွဲဖြစ်သည့်အတွက် မတော်တဆဖြစ်လျှင် သူတို့သာ ကိစ္စချောသွားမည်မဟုတ်၊ အင်္ကျီလက်စများတွင် သယ်လာသည့် လူအကုန်လုံးလည်း သူတို့နှင့်အတူ သေရလိမ့်မည်။
ထိုသို့ဖြစ်ပျက်လျှင် ၎င်းက နဝမတောင်နှင့်ပင်လယ်တစ်ခုလုံးအတွက် ကြီးမားသောထိုးနှက်ချက်ကြီး ဖြစ်ပေမည်။
လင်းယွင်ကျစ်နှင့်ကျန်နှစ်ယောက်သည် နိမိတ်ဖတ်ခြင်းဆောင်ရွက်ဖို့ တခဏ ရပ်လိုက်ကြ၏။ ထို့နောက် သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်က မှတ်ချက်ပြုသည်။ "ဂိုဏ်းကြီးတွေက ရွေးချယ်ခံတွေရဲ့အသက်က ကျန်တဲ့အသက်အားလုံးထက် တကယ်ပဲ တန်ဖိုးရှိတာလား"
လင်းယွင်ကျစ်က ခေါင်းခါ၍ ဖြေဖို့ ငြင်းဆန်သည်။ သူတို့သုံးယောက် နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်များကို ကိုယ်တိုင်ကိုယ်ကျ သယ်ဆောင်လာနေရသည့်အချိန် ဂိုဏ်းကြီးများမှ ရွေးချယ်ခံများသည် သူတို့ ရှေးဟောင်းတာအိုသစ်ပင်သို့ ရောက်လာမည့်အချိန်ကိုသာ စောင့်ဖို့ လိုအပ်၏။ သူတို့အတွက် တိုက်ရိုက်သွားနိုင်ဖို့ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခု အသင့်ရှိလေသည်။
နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှာ အသက်ဆယ်ရှိုက်ကြာသာ အသက်ဝင်နေမည်ဖြစ်သည့်အပြင် လူတစ်ရာခန့်ကိုသာ ပို့ဆောင်ပေးနိုင်သည်။ သို့ထိတိုင် အရင်းအမြစ်အမြောက်အမြားသုံးဖို့ လိုအပ်ပေမည်။
ရွေးချယ်ခံများ သွားရမည့်နေရာသို့ ဘေးမသီရန်မခ ရောက်ဖို့အတွက် ထိုအဖိုးအခကို ဂိုဏ်းအသီးသီးမှ မျှဝေခံမှာ ဖြစ်သည်။
"ဝင်ပေါက်ပေါ်လာဖို့ ဆယ်နာရီကျန်သေးတယ်" စိတ်ဝိညာဉ်ခွဲထွက်ခြင်းပြိုင်ပွဲဝင်များကို သယ်ဆောင်လာသည့် အဘိုးကြီးက ပြောသည်။ "ခဏလောက် နားကြရအောင်" ထိုသို့ပြောရင်း သူသည် တင်ပျဉ်ခွေထိုင်လိုက်၏။
စောစောက စောဒကတက်ခဲ့သော တစ်ယောက်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို သယ်ဆောင်လာခဲ့သည့် အဘိုးကြီးဖြစ်သည်။ သူက အေးစက်စက် နှာမှုတ်၍ အဝေးကို ကြည့်လိုက်သည်။
"ပြိုင်ပွဲဝင်တွေကို ထုတ်ပြီး ဟိုနားသည်နား ကြည့်ခွင့်ပေးကြစို့လား" လင်းယွင်ကျစ်က ပြောသည်။ "ဒီဆယ်နာရီက စိတ်ချရမှာပါ" သူသည် အင်္ကျီလက်စကို ခါလိုက်ရာ မန်ဟိုအပါအဝင် တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူတစ်ထောင် ချက်ချင်း ထွက်လာသည်။ သူတို့ထဲက အတော်များများမှာ ပတ်ဝန်းကျင်ကို ကိုယ်တိုင်မြင်တွေ့ရလျှင် ပင့်သက်ရှိုက်မိသွားကြ၏။ စိတ်အစဉ်တို့ ချာချာလည်သွားသော်လည်း ဘယ်သူမှ စကားတစ်လုံးမပြောပေ။
အချိန်အနည်းငယ်ကြာသော် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များလည်း အဖွဲ့လိုက် ထွက်လာကြသည်။ သူတို့သည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ကြပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သံများအား နေရာအနှံ့အပြားမှ ကြားရနိုင်၏။
"ဘာကိုမှ အလျင်စလိုမလုပ်နဲ့၊ ဝေးဝေးလံလံ မသွားကြနဲ့" လင်းယွင်ကျစ်၏အသံက ပဲ့တင်ထပ်လာသည်။ "ငါတို့ အခု အင်မော်တယ်အပျက်အစီးများနယ်အစစ်ကို ရောက်နေကြတာ။ ဟိုဟိုသည်သည် ပုန်းလျှိုးကွယ်အောင်းနေတဲ့ အန္တရာယ်တွေအများကြီးရှိတယ်။ မင်းတို့ ကျင့်ကြံခြင်းအခြေခံအဆင့်အရဆိုရင် ဒီလိုနေရာမျိုးကို ဘယ်တော့မှ လာနိုင်မှာမဟုတ်ဘူး။ အခု ရောက်လာပြီဆိုမှတော့ ဘယ်လိုပုံစံရှိလဲ ခံစားကြည့်ကြချည်။ မင်းတို့ရဲ့ ဆုလာဘ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်လိုက်ပေါ့ကွာ"
မန်ဟိုက ဟိုဟိုသည်သည်ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ မြူများက သူတို့ကို ပတ်ပတ်လည်မှ ဝန်းရံထားသည်။ တချို့နေရာတွင် မြူပါးသည်၊ တချို့နေရာတွင် မြူထူသည်။ ဧရိယာများစွာက ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေ၏။ အချို့ဧရိယာများကိုမူ အင်အားကြီးသောလူများသာ ဝင်ရောက်နိုင်ကြောင်း သိသာသည်။
သူတို့ နားနေသော ဧရိယာမှာ အားလုံးအထဲ ဖိအားအနည်းဆုံးဖြစ်သည်။ ထို့အပြင် အဘိုးကြီးသုံးယောက်သည် တန်ပြန်တွန်းထုတ်ပေးနေသဖြင့် ဖိအားမှာ အနည်ဆုံးတစ်ဝက်ခန့် လျော့ကျနေ၏။ အဘိုးကြီးသုံးယောက်မှ စွမ်းအားများစွာကို လျှော့ချပေးနေသည့်တိုင် ပြိုင်ပွဲဝင်များစွာအတွက် တောင့်ခံဖို့ ခက်ခဲနေသေးသည်။
အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူအများစုမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေကြသည်။ အနည်းစုက ဖိအားကို တွန်းလှန်ရာတွင် အာရုံအပြည့်အဝမစိုက်ဘဲ ပတ်ဝန်းကျင်ကို လေ့လာနေသည်။ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူများအနက် တစ်ဝက်ခန့်သည် တရားထိုင်လျက်ရှိကာ ကျန်ရှိသူများက ပတ်ဝန်းကျင်တွင် လျှောက်သွားနေကြ၏။
မန်ဟိုက မီတာသုံးရာအကွာအဝေးသို့ ရောက်သည်အထိ လျှောက်သွားလေသည်။ ထိုနေရာတွင် သူက ရပ်လိုက်သည်။ ရှေ့ဆက်သွားလျှင် ဖိအားသည် ကြောက်စရာကောင်းလောက်အောင် ဗြုန်းစားကြီး ပြင်းထန်လာလိမ့်မည်ဟု သူ ခံစားရ၏။ သူက ထိုနေရာတွင် တိတ်ဆိတ်စွာ တဒင်္ဂ ရပ်နေပြီးနောက် သိုလှောင်အိတ်ကို ပုတ်၍ ဓားပျံတစ်လက် ထုတ်လိုက်သည်။ ဓားကို မီတာသုံးရာအမှတ်အား ကျော်သည့်တိုင်အောင် ဖြေးဖြေးချင်း ဆန့်ထုတ်ကြည့်လိုက်သောအခါ တထက်ထက် အက်သံများ ကြားလိုက်ရသည်။ ဓားတစ်လျှောက်လုံး အက်ရာများ ပျံနှံ့လာပြီး အသက်ရှိုက်စာအနည်းငယ်အတွင်း ၎င်းကား ပြာကျသွားတော့၏။
"အသက်ငါးရှိုက်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးသည်။ စောစောက သူ အသုံးပြုခဲ့သော ဓားပျံမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရတနာ ဖြစ်သည့်တိုင် ဤနေရာတွင် အသက်ငါးရှိုက်မျှသာ ခံလိုက်ချေသည်။
မန်ဟိုက ခေါင်းခါရင်း မီတာသုံးရာအမှတ်မှ နောက်ဆုတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် အသံတစ်သံသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။
"လာ .... လာ ...."
သူက တုံ့ခနဲ ရပ်လိုက်ပြီး မျက်လုံးများ စူးရှတောက်ပလာတော့သည်။ အင်မော်တယ်အပျက်အစီးများနယ်သို့ လှမ်းကြည့်လိုက်သည့်အခါ အသံက သူ၏စိတ်ထဲတွင် ဆက်လက်ပဲ့တင်ထပ်နေ၏။ သူ့အနောက်ရှိ လူများကို လှည့်ကြည့်လိုက်သော်လည်း လင်းယွင်ကျစ်နှင့် အခြားနှစ်ယောက်ပင်လျှင် သူကြားနေသောအသံကို မကြားသယောင်ပင်။ ကြည့်ရသရွေ့ သူတစ်ယောက်တည်းသာ ကြားနေရပုံပေါ်သည်။
အသံပဲ့တင်ထပ်နေသည့် တစ်ချိန်တည်းမှာပင် သူ၏သိုလှောင်အိတ်ထဲရှိ ရှေးဟောင်းမိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှာ ရုတ်တရက် တဖျပ်ဖျပ် လက်လာ၏။
မိစ္ဆာချုပ်နှောင်ကျောက်စိမ်း ငုပ်လျှိုးငြိမ်သက်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုတွင် ၎င်းကား ပြန်လည်တောက်ပနေလေပြီ။ သို့ရာတွင် ယခင်နှင့်မတူ၊ စကားပြောခြင်းမရှိပေ။
စောစောက အသံက စကားဆက်ပြောသည်။
"မိစ္ဆာချုပ်နှောင်သူအဖွဲ့ .... ဒီကိုလာ... ငါ့ဆီလာ..." အသံ စကားပြောနေစဉ် မန်ဟို့အရှေ့ရှိ မြူထုသည် အားနည်းပြီး ပြောင်းလဲနေသယောင်ပင်.... လမ်းတစ်လမ်း ပေါ်လာခဲ့ချေပြီ။
မန်ဟိုမှာ လမ်းကို ကြည့်ရင်း စိတ်နှလုံးတုန်ရီသွားသည်။ သူက ရှေ့လျှောက်မသွားဘဲ နောက်ဆုတ်သွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်က သူ့ကို အဆင့်တူများ၏ ထိပ်ဆုံးတွင် ရောက်နေစေကြောင်း သူ သိသည်။ သို့သော် တောင်ပင်လယ်လောကတစ်ခုလုံးအား ထည့်တွက်လျှင် သူ့မှာ အလွန်သေးဖွဲသော စိတ်ဝိညာဉ်နယ်ပယ်အဆင့်တွင်သာ ရှိ၏။
ဤလမ်းသည် ကံကြမ္မာကောင်းဆီသို့ ဦးတည်ကောင်းဦးတည်နိုင်သော်လည်း ထိုကံကြမ္မာကောင်းကပင် သေဆုံးခြင်းကို ကောင်းကောင်း ဦးတည်သွားစေနိုင်သည်။
သူ နောက်ဆုတ်လိုက်သည့်အခိုက်အတန့်တွင် အသံက ပို၍လောလာ၏။
"မိစ္ဆာချုပ်နှောင်သူအဖွဲ့ .... ငါလည်း အဖွဲ့ဝင်ပဲ။ လာ ငါ့ဆီလာ မင်းကို ကံကြမ္မာကောင်းပေးမယ် ... မိုးကောင်းကင်ကို တက်လှမ်းပြီး တဟုန်ထိုး တိုးတက်သွားစေနိုင်တဲ့ ကံတရားကို ငါ ချီးမြှင့်ပေးမယ်။ မင်း အင်မော်တယ်တစ်ဦး တိုက်ရိုက်ဖြစ်လာနိုင်တယ်"
အသံ သူ့ကို သွေးဆောင်နေသည့်အမျှ မန်ဟိုက နောက်ဆုတ်ဆုတ်သွားသည်။ မီတာသုံးဆယ်ခန့် ဆုတ်ပြီးသည့်အခါ အံ့ဖွယ်စွမ်းအားကြီးတစ်ခု မန်ဟို့ဆီသို့ တည့်တည့်ဦးတည်ရင်း ချဉ်းကပ်လာနေသည့်အလား သူ့အရှေ့ရှိ မြူများမှာ ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်လာသည်။
သူ့မှာ မျက်နှာပျက်သွားပြီး တဟုန်ထိုး ဆုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် လင်းယွင်ကျစ်နှင့် အခြားနှစ်ယောက်သည် တစ်ခုခု ဖြစ်နေသည်ကို အာရုံရလိုက်ပုံပင်။ သုံးယောက်သား မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားရင်း နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်အားလုံးကို လက်စထဲ ပြန်ဆွဲခေါ်၍ တစ်ပြိုင်တည်းမှာပင် မန်ဟို့ဘေးသို့ ချက်ချင်း ရောက်လာကြသည်။ ဤအချိန်တွင် ဝရုန်းသုန်းကားဖြစ်နေသော မြူများက ပုံရိပ်တစ်ခုကို ဖော်ပြနေခဲ့လေပြီ။
၎င်းသည် ပုပ်သိုးဆွေးမြည့်နေသောအခြေအနေနှင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူ့ခေါင်းမှာ တစ်ဝက်ပျက်စီးနေပြီး အဝတ်အစားများလည်း စုတ်ပြတ်နေသည်။ ရှေးကျပြီး ပုပ်သိုးသိုး အရှိန်အဝါတစ်ခုက သူ့ထံမှ ထွက်နေပြီး ဝဲကဲ့သို့ လည်နေသော မြူများက သူ့ကို ဝန်းရံလျက်ရှိသည်။ သူသည် လက်ထဲတွင် စုတ်ပြဲနေသော အောင်လံတစ်ခုကို ကိုင်ထားရင်း တစ်လုံးတည်း ကျန်တော့သော မျက်လုံးတစ်ဖက်ဖြင့် လင်းယွင်ကျစ်နှင့်အခြားသူများကို အသက်မပါသလို ကြည့်နေ၏။
လင်းယွင်ကျစ်နှင့်ကျန်နှစ်ယောက်က ထိုလူ့ကို အလွန်အန္တရာယ်များသော ရန်သူကြီးတစ်ယောက်သဖွယ် ကြည့်နေကြသည်။ သူတို့၏စွမ်းအင်များသည် တဟုန်းဟုန်း တောက်နေပြီး မှော်သိုင်းအလင်းရောင်များက သူတို့ကို လှည့်ပတ်လျက်ရှိသည်။
"စီနီယာ၊ အသင်က သေဆုံးပြီးသွားပြီ" လင်းယွင်ကျစ်က ပြောသည်။ "ဖြစ်ပြီးပျက်တာ ဓမ္မတာပါပဲ။ ကျွန်တော်တို့ ဂျူနီယာမျိုးဆက်တွေက အသက်ရှင်နေသူတွေ ဖြစ်ပြီး ဒီကို ဖြတ်ရုံလေး ဖြတ်သွားနေကြတာပါ။ အသင် အနားယူနေတာအတွက် အနှောင့်အယှက် ဖြစ်သွားရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ စီနီယာ၊ လာခဲ့တဲ့နေရာသို့ စိတ်ချလက်ချ ပြန်ပါတော့"
ခေါင်းတစ်ပိုင်းပြတ်ပုံရိပ်က ညာလက်ကို ဖြေးညှင်းစွာ မြှောက်၍ ပုပ်သိုးနေသော လက်ချောင်းတစ်ချောင်းအား မန်ဟို့ထံသို့ ညွှန်လိုက်သည်။
"ငါ ... သူ့ကို .... လိုချင်တယ်...."
လင်းယွင်ကျစ် မျက်နှာပျက်သွားပြီ ကျန်နှစ်ယောက်လည်း ထိုနည်းတူပင်။
မန်ဟိုက အသက်ပြင်းပြင်းရှူရင်း အဘိုးကြီးသုံးယောက်၏အနောက် မရောက်မချင်း ဆုတ်သွားသည်။ သူ့မှာ ပုံရိပ်ကို ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်လာ၏။ ဤအခိုက်အတန့်တွင် ခေါင်းတစ်ပိုင်းပြတ်လူ၏ခါးတွင် ... ဓားတစ်လက် စိုက်ဝင်နေကြောင်း သူ သတိထားမိလိုက်လေသည်။
ဓားသည် မည်းနက်နေပြီး ချမ်းစိမ့်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ သို့သော် ဓားတွင် မိစ္ဆာချုပ်နှောင်စွမ်းအားရှိကြောင်းလည်း မန်ဟို ပြောနိုင်သည်။ သူ့အတွက် ၎င်းကား မိစ္ဆာချုပ်နှောင်မန္တန်တစ်ခု၏ စွမ်းအားဖြစ်ကြောင်း သဘောပေါက်သွားဖို့ သိပ်မကြာလိုက်ပေ။
ဤအခိုက်အတန့်တွင် သူ၏သိုလှောင်အိတ်ထဲရှိ ရှေးဟောင်းမိစ္ဆာချုပ်နှောင်ကျောက်စိမ်းက ရှေးဆန်သောအသံကြီးဖြင့် စကားပြောလိုက်သည်။
"ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်"
လင်းယွင်ကျစ်က သိုလှောင်အိတ်အပေါ်သို့ ညာလက်ကို တင်လိုက်သည်။ "စီနီယာ" သူက ပြော၏။ "ကျေးဇူးပြုပြီး ကျွန်တော်တို့အပေါ် ဖိအားပေးပါနဲ့"
ခေါင်းတစ်ပိုင်းပြတ်လူက သူ့ကို ဆတ်ခနဲ လှည့်ကြည့်ပြီး တစ်လုံးတည်းကျန်သော မျက်လုံးထဲမှ မီးများတောက်လာသည်။ သူသည် ရုတ်တရက် ရှေ့ပြေးတက်လာ၏။ သူ့ကို ဝန်းရံလျက် ရှိသော မြူများတွင် မချိတင်ကဲ အော်နေသည့် အငြိုးဝိညာဉ်များ မရေမတွက်နိုင်အောင် ပါရှိနေသည့်အလားပင်။ သူက အောင်လံကို လွဲရမ်းလိုက်ရာ မြူများက အဘိုးကြီးသုံးယောက်ထံသို့ တဝေါဝေါ ထွက်သွားသည်။
လင်းယွင်ကျစ်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက မာန်သွင်းဟိန်းဟောက်ရင်း သိုလှောင်အိတ်ထဲမှ အဆောင်စက္ကူတစ်ရွက်အား တုံ့ဆိုင်းခြင်းမရှိ ထုတ်လိုက်၏။
၎င်းသည် အဆုံးမဲ့ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသော ရှေးအဆောင်စက္ကူတစ်ရွက် ဖြစ်သည်။ ၎င်းကား နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့ပုံပင်။ ၎င်းအပေါ်တွင် ရေးဆွဲထားသည်မှာတော့ ပြုံးနေသော သာမန်မျက်နှာတစ်ခုသာ။ သို့သော် ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းတစ်ပိုင်းပြတ်လူမှာ အနားတိုးကပ်မလာရဲတော့သည့်အလား တုံ့ခနဲ ရပ်သွားပြီး မြူများပင် ရပ်သွားရ၏။
လင်းယွင်ကျစ်က အသက်ပြင်းပြင်းရှူ၍ မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လက်ညှိုးထိုးလိုက်သည်။ အဆောင်စက္ကူမှာ ချက်ချင်း လေလယ်သို့ မြောက်တက်သွားသည်။ တစ်ချိန်တည်းမှာပင် လင်းယွင်ကျစ်သည် မန်ဟို့ကို ဆွဲကာ အမြန်ဆုံး နောက်ဆုတ်လိုက်၏။ ကျန်အဘိုးကြီးနှစ်ယောက်လည်း အဆောင်စက္ကူကို လေလယ် ၌ ပျံဝဲလျက် ကျန်ရစ်စေခဲ့ရင်း နောက်ဆုတ်သွားသည်။
"ငါတို့ ဒီမှာ သေရွာပြန်တစ်ကောင်နဲ့ ပက်ပင်းတိုးတာ ယုံတောင်မယုံနိုင်ဘူး။ အဲဒီအဆောင်စက္ကူက အဲ့ဒီကောင်ကို နာရီနှစ်ဆယ် ထိန်းပေးထားနိုင်လိမ့်မယ်" လင်းယွင်ကျစ်က မျက်မှောင်ကြုတ်၍ မန်ဟို့ကို လှမ်းကြည့်သည်။ “မင်း ဘယ်နှယ့်ကြောင့် သူ့ကို ဆွဲဆောင်ခဲ့မိတာတုန်း”
မန်ဟိုမှာ ဘာပြောရမှန်းမသိသဖြင့် ခပ်ယဲ့ယဲ့သာ ပြုံးလိုက်သည်။
"သူနဲ့ ဘာမှမဆိုင်လောက်ဘူး" စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများကို သယ်ဆောင်လာသည့် အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့မှ အဘိုးကြီးက ပြောသည်။ "ဒီက သေရွာပြန်တွေက သူတို့ကို အသက်ပြန်သွင်းပေးဖို့ ကူညီပေးနိုင်မယ်ထင်တဲ့ လူတွေကို ရှာနေကြတာပဲလေ။ ငါတို့အရင်က ဆုံဖူးတာပဲ မဟုတ်ဘူးလား"
မန်ဟိုက တခဏ တွန့်ဆုတ်နေပြီးနောက် မေးလိုက်သည်။ "စီနီယာတို့ ...သေရွာပြန်ဆိုတာ ဘာလဲဟင်"
"ရှေးကျင့်ကြံသူတချို့က သေတဲ့အချိန်မှာ မကျေမချမ်းဖြစ်နေတဲ့ စိတ်ဆန္ဒမျှင်တွေကို ထားခဲ့တတ်ကြတယ်။ အဲဒီအမျှင်တွေက တောင်ပင်လယ်လောကရဲ့ သဘာဝနိယာမတွေအပြင်မှာ တည်ရှိတာပြီး အသက်ပြန်ရှင်နိုင်ဖို့ အဆက်မပြတ် ကြိုးစားကြတယ်။ အဲဒါတွေကို သေရွာပြန်လို့ ခေါ်တာပဲ"
မန်ဟိုက ခေါင်းညိတ်၍ ခေါင်းတစ်ပိုင်းပြတ်လူကို ပြန်ကြည့်လိုက်သည်။ သူသည် ဓားကို သွားဆွဲထုတ်ကြည့်ချင်သော်လည်း မဖြစ်နိုင်မှန်းသိ၏။ သူ့မှာ စိတ်ထဲတွင် နောင်တများဖြင့် သက်ပြင်းချနေတော့သည်။
မကြာမီ ဆယ်နာရီကုန်သွားခဲ့ပြီး ပတ်ပတ်လည်ရှိ မြူများ တဖွေးဖွေး လှုပ်လာသည်။ မန်ဟိုသည် လင်းယွင်ကျစ်၏ လက်စထဲ ပြန်ရောက်နေသည့်တိုင် အပြင်လောကကို မြင်နေရသေး၏။ အံ့ဩဖွယ်ကောင်းစွာနှင့် အဝေးတွင် ... ဖော်ပြ၍မရလောက်အောင် ကြီးမားသော အလောင်းကြီးတစ်လောင်းရှိလေသည်။
၎င်းသည် အဆမတန် ကြီးမားလှသဖြင့် မန်ဟိုမှာ ပင့်သက်ရှိုက်လိုက်မိ၏။ ၎င်းကား ဂြိုဟ်တစ်လုံးထက်ပင် ကြီးမားပြီး အဆုံးမရှိသယောင်ပင်။ ၎င်း၏ကျင့်ကြံသူတစ်ယောက် သွားရပ်လျှင် ပုရွက်ဆိတ်လေးတစ်ကောင်ထက် ပိုမည်မဟုတ်ပေ။
အလောင်းကြီးကား ကုန်းမြေထုကြီးအလား အာကာသဟင်းလင်းပြင်၏အလယ်တွင် ပျံဝဲနေသည်။
လင်းယွင်ကျစ်နှင့် ကျန်အဘိုးကြီးနှစ်ယောက်က ပျံသန်းနေစဉ် သူတို့၏ခန္ဓာကိုယ်များကို မီးခိုးရောင်တောက်လာစေသည့် မှော်သင်္ကေတတစ်ခုစီကို ထုတ်လိုက်ကြ၏။ သူတို့က ဧရာမအလောင်းကြီးထံသို့ တဟုန်ထိုး ထွက်သွားကြပြီး မျက်စိတစ်မှိတ်အတွင်း ၎င်းကို ထိကာ ရှေ့သို့ ထွက်သွားကြလေသည်။
မန်ဟို ပါးစပ်အဟောင်းသားနှင့် ကြည့်နေစဉ်တစ်လျှောက်လုံး လင်းယွင်ကျစ်နှင့် ကျန်နှစ်ယောက်သည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တစ်လလုံး ဆက်သွားနေခဲ့၏။ သို့ထိတိုင် သူတို့မှာ အလောင်းကြီး၏တစ်ဝက်ကိုပင် မဖြတ်ရသေးပေး။ နောက်ဆုံးတော့ အရှေ့၌ သစ်ပင်ကြီးတစ်ပင် ပေါ်လာသည်။
၎င်းသည် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ဖြစ်၏။
ကြည့်ရသရွေ့ သစ်ပင်ကြီးမှာ အလောင်းကြီး၏ အသွေးအသားတို့ကို အစာအဖြစ် အသုံးပြုရင်း အလောင်းအတွင်းမှ ပေါက်နေသည့်အလားပင်။
ပင်စည်သည် လေထဲအထိ ဆန့်တန်း မြင့်တက်လျက်ရှိပြီး တစ်နေရာရောက်သော် အကိုင်းနှစ်ကိုင်းက ဆန့်ကျင်ဘက် ကွဲထွက်နေရာ ၎င်းအား ဧရာမခက်ရင်းကြီးနှင့် တူနေစေ၏။
တစ်ရွက်လျှင် မီတာသုံးရာတိတိ ကျယ်ပြန့်သော သစ်ရွက်ပေါင်းများစွာက သစ်ပင်ကြီးကို အုပ်စိုးနေသည်။ သစ်ရွက်များသည် အောက်စိုက်မနေဘဲ စင်မြင့်များသဖွယ် ညီညာပြန့်ပြူးနေ၏။
"ရောက်ပြီ" လင်းယွင်ကျစ်က ပြောသည်။ သူနှင့်ကျန်နှစ်ယောက်က ရပ်၍ လက်များကို ဝှေ့ယမ်းကာ သူတို့၏အင်္ကျီလက်စထဲရှိ ပြိုင်ပွဲဝင်များအား ပျံထွက်လာစေပြီး သစ်ရွက်များအပေါ်၌ သက်ဆင်းစေလိုက်သည်။
***