နတ်မင်းတစ်ပါး
Vol. 62 Ch. 866
နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးများသည် ဝဲမှန်သားပြင်များကို ကြည့်နေကြပြီး လင်းယွင်ကျစ်နှင့် အခြားသူများ မြင်တွေ့နေရသမျှ အရာအားလုံးကို မြင်နေကြရ၏။
ထိုအထဲတွင် ပုပ်သိုးနေသော ခေါင်းတစ်ပိုင်းပြတ်လူအပြင် မြူများအတွင်း၌ ကွယ်လျှိုးနေသော အခြားအရာအားလုံးလည်း ပါဝင်သည်။
နဝမတောင်ပင်လယ်၏ ကျင့်ကြံသူများထံမှ ပင့်သက်ရှိုက်သံများစွာ ကြားရနိုင်သည်။ အများစုမှာ အင်မော်တယ်အပျက်အစီးများနယ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ အရှေ့စမ်းသပ်ပွဲများတွင် အပြင်လူများမှာ ဤအရာများကို ကြည့်ခွင့်မရခဲ့သော်လည်း ဤတစ်ခေါက်ကတော့ မတူပေ။ ဆုလာဘ်များသည် ခမ်းနားကြီးကျယ်ရုံသာမက လူတိုင်းမှာ အင်မော်တယ်အပျက်အစီးများကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ကြရလေပြီ။
၎င်းသည် သေးငယ်သောအစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သော်လည်း မရေမတွက်နိုင်သောကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်သေး၏။
ဧရာမအလောင်းကြီးကို မြင်လျှင် အထိတ်တလန့်အော်သံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်လာသည်။ ထို့နောက် ရှေးဟောင်းတာအိုသစ်ပင်ကြီး ပေါ်လာရာ ပို၍ပင်များပြားသော အံ့ဩတကြီး ရေရွတ်သံများကို ကြားရနိုင်သည်။
"အဲဒါကြီးက တကယ်ပဲ ...အလောင်းကြီးပေါ်မှာ ပေါက်နေတာလား"
"အဲဒါ ရှေးဟောင်းတာအိုသစ်ပင်တဲ့လား။ ဘာကြီးတုန်း။ ဘာလို့ တာအိုသစ်ပင်လို့ ခေါ်တာလဲ"
"အဲဒီအလောင်းကြီးကို ကြည့်စမ်းပါဦး၊ မြတ်စွာဘုရား .... အဲလောက်ကြီးတဲ့အရာကြီးတွေ တည်ရှိလိမ့်မယ်လို့ တွေးတောင် မတွေးနိုင်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒါကြီးသာ မသေသေးရင် .... ဘယ်သူက တိုက်ခိုက်နိုင်မှာတုန်း ။ တကယ်ပဲ... အလောင်းကြီးဟ"
ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများ၏မျက်နှာများမှာ တည်ငြိမ်နေလေသည်။ သူတို့အားလုံးကား အင်မော်တယ်အပျက်အစီးများနှင့် ရင်းနှီး၏။
သို့သော် သူတို့အားလုံးသည် မည်သည့်ရည်ရွယ်ချက်ကြောင့် တာအိုဆရာအစည်းအရုံးသုံးခုက အပြင်ရှိလူတိုင်းကို မြင်ခွင့်ပေးထားသည်လဲ သိချင်နေကြလေသည်။
အလောင်းကြီးတစ်လောင်း။ ရှေးဟောင်းသစ်ပင်တစ်ပင်။
"သစ်ရွက်တွေက ပြိုင်ကွင်းတွေပဲ" လင်းယွင်းကျစ်က ပြောသည်။ "ဘယ်ဘက်က သစ်ရွက်တွေက အနုသုခုမရုပ်ခန္ဓာအဆင့်ကွင်းပြင်။ ညာဘက်က သစ်ရွက်တွေက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကွင်းပြင်။ အလယ် ပင်မပင်စည်ကတော့ တာအိုရှာဖွေခြင်းအဆင့်အတွက်ပဲ" သူ၏စကားလုံးများ ပဲ့တင်ထပ်နေစဉ် မန်ဟိုသည် အောက်ဆုံးအထပ်ရှိ ပင်မပင်စည်၏ သစ်ရွက်တစ်ရွက်အပေါ်၌ ရပ်နေသည်။
ကျန်တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူအားလုံးလည်း အောက်ခြေအထပ်သစ်ရွက်များပေါ်၌ ရှိကြသည်။ သူတို့မော့ကြည့်လိုက်လျှင် ထိုးထွက်နေသော အကိုင်းအခက်များကို အထပ်လိုက် နေရာချထားကြောင်း မြင်ရနိုင်သည်။ အမြင့်ဆုံးကား ဆယ်ထပ်ကွာ၏။
မြင့်လေလေ၊ သစ်ရွက်များ နည်းလာလေလေ ဖြစ်ပြီး အမြင့်ဆုံးတွင်တော့ ရွှေရောင်သစ်ရွက်တစ်ရွက်တည်း ရှိနေရာ လုံးလုံးလျားလျား မျက်စိဖမ်းစားနေတော့သည်။
ဘယ်နှင့်ညာရှိ ကွင်းပြင်များမှာလည်း အထပ်လိုက်နေရာချထားသော်ငြား တန်းတန်းတက်သွားမည့်အစား ဘေးသို့ ဝိုက်သွားသည်။ သို့သော် ၎င်းတို့လည်း အလားတူစွာပဲ အဆုံးသို့ရောက်လေလေ၊ သစ်ရွက်များ ကြဲလာလေလေဖြစ်ကာ နှစ်ခုလုံး၏ အဆုံးသတ်တွင် ရွှေရောင်သစ်ရွက်တစ်ရွက်စီ ရှိ၏။
ရွှေရောင်သစ်ရွက်သုံးရွက်။ ၎င်းတို့က တာအိုသစ်ပင်၏ အထွတ်အထိပ်များဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲများ တိုက်ခိုက်မည့်နေရာများ ဖြစ်သည်။
လင်းယွင်ကျစ်သည် ရှင်းပြပြီးသည့်အချိန်မှာပင် မုဒြာလက်ကွက်များ ဖော်၍ မှော်ပစ္စည်းများထုတ်ကာ သစ်ပင်အောက်ရှိ ဧရာမအလောင်းကြီးအပေါ်တွင် နေရာရွှေ့ပြောင်းခြင်းမုခ်ဝများ ခင်းလိုက်ကြ၏။
နေရာရွှေ့ပြောင်းခြင်းမုခ်ဝများ ရုပ်လုံးပေါ်လာသော် အဘိုးကြီးသုံးယောက်က မုဒြာလက်ဟန်များလုပ်၍ လက်ညှိုးထိုးလိုက်ရာ အဆုံးမဲ့အလင်းရောင်များ တောက်ပလာသည်။ အပြင်ဘက်နဝမတောင်နှင့်ပင်လယ်ရှိ ဂိုဏ်းများတွင် နေရာရွှေ့ပြောင်းခြင်းမုခ်ဝများမှ အလင်းရောင်ထွက်လာလျှင်ချင်း ကျောက်ရီဖန်း၊ ထိုက်ယန်ကျစ်၊ ဖန်းတုံးအာနှင့် အခြားရွေးချယ်ခံများအားလုံး သူတို့၏တည်နေရာများရှိ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများသို့ ဝင်ရောက်လိုက်ကြသည်။ အလင်းများ ပြိုးပြိုးပြက်ပြက် လက်သွားပြီး သူတို့ ပျောက်ကွယ်သွားကြ၏။
ပြန်ပေါ်လာသောအခါ သူတို့ကား အင်မော်တယ်အပျက်အစီးများနယ်ရှိ ဧရာမအလောင်းကြီး၏အပေါ်တွင် ရပ်နေကြလေပြီ။
ဂိုဏ်းအသီးသီးမှ လူပေါင်းတစ်ရာခန့် ရောက်လာဖို့ အသက်ဆယ်ရှိုက်စာမျှသာ ကြာလိုက်သည်။ ထို့နောက် နေရာရွှေ့ပြောင်းခြင်းမုခ်ဝများသည် အက်ကွဲကြေမွ၍ ပျောက်ကွယ်သွားကြတော့၏။
ဖန်းတုံးအာနှင့် အခြားသူများက ထွက်လာစဉ် ဘေးဘီဝဲယာကို စိတ်နှလုံးတုန်ရီစွာဖြင့် ကြည့်လိုက်ကြသည်။ ကြည့်ရသရွေ့ သူတို့လည်း ဤနေရာသို့ ပထမဆုံး ရောက်လာခြင်းဖြစ်သယောင်ပင်။
မန်ဟိုသည် လက်ရှိရပ်နေသော သစ်ရွက်၏အပေါ်မှနေ၍ ဖန်းတုံးအာ၊ ထိုက်ယန်ကျစ်နှင့် စွန်းဟိုက်အပြင် အခြားသူများကို မြင်လိုက်ရ၏။ သူ၏မျက်လုံးများ တောက်ပသွားပြီး အပြုံးတစ်ခု သူ့မျက်နှာအပေါ်တွင် ပေါ်လာသည်။
လင်းယွင်ကျစ်က အင်္ကျီလက်စကို ခါလိုက်ရာ ရွေးချယ်ခံတစ်ရာခန့်အား ကျင့်ကြံခြင်းအခြေခံအဆင့်အလိုက် သစ်ရွက်များဆီသို့ ပျံသန်းသွားစေသည်။
မကြာမီ ဖန်းတုံးအာနှင့် အခြားသူများသည် သစ်ပင်၏ အောက်ဆုံးအထပ်ရှိ သစ်ရွက်များအပေါ်တွင် ရပ်နေကြလေပြီ။ ဖန်းတုံးအာမှာမူ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမအနောက်တွင် ဝဲကဲ့သို့ လည်နေသော အဖြူရောင်မြူလုံးတစ်လုံး ရှိသည်။ ၎င်းကား လွန်စွာသိပ်သည်းနေသဖြင့် အထဲရှိအရာကို သဲသဲကွဲကွဲ မမြင်ရပေ။
သူမရပ်နေသော သစ်ရွက်မှ မန်ဟိုနှင့် သိပ်မလှမ်း၍ သူ့မှာ သူမကို လှမ်းမကြည့်မိဘဲ မနေလိုက်ပေ။ သူ၏မျက်လုံးများက အထူးသဖြင့် သူမအနောက်ရှိ အဖြူရောင်မြူလုံးကို စိတ်ဝင်စားနေသည်။
ဖန်းတုံးအာက သူ သူမအား ကြည့်နေသည်ကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူမသည် မကြာမီ သူတို့နှစ်ယောက် တစ်ဂိုဏ်းတည်းသားများ ဖြစ်တော့မည်ကို သိထား၍ ဒေါသကို မြိုသိပ်ပြီး သူ့ကို မျက်စောင်းထိုးရုံသာ ထိုးလိုက်၏။
မန်ဟိုက အလျင်အမြန် အကြည့်လွှဲရင်း ထိုက်ယန်ကျစ်ကို ကြည့်ကာ လီလင်းအာဆီ မျက်လုံးများရောက်သွားသည်။ သူ့မှာ လီလင်းအာကို မြင်လျှင် သူ နှစ်ကြိမ် ချခဲ့၍ ရွဲ့စောင်းသွားခဲ့သော သူမတင်ပါးနှစ်မြွှာကို အလိုလို အကဲမခတ်မိဘဲ မနေလိုက်ပေ။
လီလင်းအာက သူ့ကို အေးတိအေးစက် ကြည့်ပြီး အဖက်မလုပ်ပေ။ မန်ဟိုက အတော်လေး ကျေနပ်နေရင်း ဘေးဘီဝဲယာကို ကြည့်လိုက်ရာ သူ့ကို ကြည့်နေသော လူငယ်တစ်ယောက်ကို သတိထားမိသွား၏။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသောအခါ လူငယ်မှာ တုန်ရီသွားလေသည်။ သူက ... စွန်းဟိုက်ပင်။
စွန်းဟိုက်သည် မန်ဟို့ကို မမှတ်မိသော်လည်း အကြောင်းတစ်စုံတရာကြောင့် မန်ဟို သူ့ကို ကြည့်လိုက်သောအခါ ၎င်းက သူ့ကို ပင့်သက်ရှိုက်မိသွားစေပြီး ခြေဖျားလက်ဖျားတို့ အေးစက်လာစေသည်။
စစချင်း မန်ဟိုမှာ ကတုံးပြောင်နှင့်လူငယ်က ဘယ်သူလဲ မသိပေ။ သို့သော် တခဏကြာသော် သူ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။
"သူ့ဆံပင်တွေ ဘာဖြစ်သွားတာလဲ" သူက တွေးသည်။ "အဲဒီတုန်းက ငါ နည်းနည်းပါးပါး ချန်ပေးခဲ့တယ်မဟုတ်ဘူးလား" မန်ဟိုတစ်ယောက်သာ ရွေးချယ်ခံများကို အကဲခတ်နေခြင်းမဟုတ်။ နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်များစွာလည်း သူတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြသည်။
များမကြာခင် လင်းယွင်ကျစ်၏ အသံအား ထပ်မံကြားလိုက်ရသည်။
"အနုသုခုမရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနဲ့ တာအိုရှာဖွေခြင်းအဆင့် ပြိုင်ကွင်းတိုက်ပွဲတွေကို သပ်သပ်စီခွဲထားပြီး သီးခြားစီ ကျင်းပမှာ ဖြစ်တယ်။ မင်းတို့ အခုရပ်နေတဲ့ ရှေးဟောင်းတာအိုသစ်ပင်မှာ နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ချက်တစ်ခု ပါတယ်။ အဲ့ဒါက လူနှစ်ယောက်ကို တိုက်ခိုက်ဖို့ သစ်ရွက်တစ်ရွက်အပေါ် နေရာရွှေ့ပြောင်းပေးရုံတင်မကဘဲ အနိုင်ရသူကိုလည်း နောက်တစ်ထပ်ဆီ ရွှေ့ပြောင်းပေးလိမ့်မယ်
"ပြိုင်ပွဲတွေကို နောက်ဆုံးတိုက်ပွဲရောက်တဲ့အထိ အဲဒီအတိုင်း ကျင်းပသွားမယ်
"ပြိုင်ကွင်းတိုက်ပွဲတွေမှာ သေခြင်းရှင်ခြင်းကို ကံတရားကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်။ ရှုံးရင် ပြိုင်ပွဲကနေ အထုတ်ခံရမယ်။ 'အရှုံးပေးတယ်' လို့ ပြောလိုက်တာကလည်းမင်းတို့ကို ပြိုင်ပွဲကနေ ဖယ်ရှားပေးလိမ့်မယ်
"မှတ်ထားကြ။ ငါတို့ အခုရောက်နေတာ အင်မော်တယ်အပျက်အစီးများနယ်ပဲ။ အန္တရာယ်တွေက နေရာတိုင်းမှာ ပုန်းအောင်းနေတယ်။ အပြင်ကနေ မင်းတို့ကို မျှားခေါ်နေတာမျိုး၊ စိတ်ထွေပြားစေတာမျိုး ဖြစ်စေတဲ့ ထူးဆန်းတာတစ်ခုခု ဖြစ်နေရင်တောင်မှ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သစ်ရွက်တွေကနေ ထွက်မသွားကြနဲ့
"သစ်ရွက်တွေပေါ်မှာ မင်းတို့ အန္တရာယ်ကင်းတယ်။ ဒါမဲ့ ထွက်သွားရင်တော့ ... မင်းတို့ အသက်ရှင်ရက် ပြန်လာနိုင်မလား ပြောရခက်တယ်
"အခု ပြိုင်ကွင်းတိုက်ပွဲတွေ စကြတော့"
စကားလုံးများ လင်းယွင်ကျစ်၏ ပါးစပ်မှ ထွက်သွားသည့်အခိုက်အတန့်မှာပင် မန်ဟိုက ရုတ်တရက် အကျယ်ကြီး လှမ်းခေါ်လိုက်သည်။
"ခေါင်းဆောင်ကြီး ခဏနေပါဦး"
သူ၏အသံသည် ပဲ့တင်ထပ်လာရာ သူ့ပတ်ဝန်းကျင်ရှိ လူများစွာ၏ အာရုံကို ဆွဲဆောင်လိုက်၏။ လင်းယွင်ကျစ်က မျက်မှောင်ကြုတ်သွားပြီး မန်ဟို့ကို လှမ်းကြည့်သည်။ ပထမတွင် သူသည် မကြားချင်ယောင်ဆောင်ဖို့ စဉ်းစားလိုက်သော်လည်း ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ပေးအပ်ခဲ့စဉ်တုန်းက မန်ဟို့မျက်နှာကို မြင်ယောင်ပြီး ကရုဏာသက်သွား၏။
"အေး ဘာလဲ"
"ခေါင်းဆောင်ကြီး ကျွန်တော်သိချင်တာ ရှိလို့ပါ။ အဲဒီအောက်က ဧရာမအလောင်းကြီးက ကျင့်ကြံသူလားဗျ" တကယ်တမ်း မန်ဟိုတစ်ယောက်သာ ဤမေးခွန်း၏အဖြေကို သိချင်နေခြင်းမဟုတ်။ ပြိုင်ပွဲအကုန်လုံး သိချင်နေကြခြင်းဖြစ်သည်။ အသစ်ရောက်ရှိလာခဲ့သော ရွေးချယ်ခံများမှာမူ တိတ်ဆိတ်နေကြ၏။ သူတို့ကား အပြင်တွင် ရှိနေစဉ်တုန်းက မေးထားကြပြီး ဖြစ်လေသည်။
လင်းယွင်ကျစ်က ခဏ တိတ်ဆိတ်သွားသည်။ အမှန်တွင် သူ့အနေဖြင့် ထိုကဲ့သို့ မေးခွန်းတစ်ခုအား ဖြေပိုင်ခွင့်မရှိပေ။ သူက ကျန်နှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး အကုန်လုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ကျောက်စိမ်းပြားများ ထုတ်၍ ဂိုဏ်းဌာနချုပ်များကို ဆက်သွယ်ကာ ဖြေခွင့်ရှိမရှိ မေးမြန်းလိုက်ကြ၏။
တခဏကြာသော် လင်းယွင်ကျစ်က ကျောက်စိမ်းပြားကို သိမ်း၍ မန်ဟို့ကို ပြန်မော့ကြည့်သည်။
"ဒါက ပရမတ္တနတ်မင်းတစ်ပါးပဲ"
ထိုစကားလုံးများကို ပြောပြီးနောက် လင်းယွင်ကျစ်က မည်သူ၏တုံ့ပြန်ချက်ကိုမှ မစောင့်ဘဲ ချက်ချင်း ထပ်ကြေညာလိုက်သည်။ "ပြိုင်ကွင်းတိုက်ပွဲတွေ စစေ"
မန်ဟိုမှာ စိတ်နှလုံးတုန်ရီသွားပြီး ယခုလေးတင် ရရှိလိုက်သော အဖြေကြောင့် အသက်ပြင်းပြင်း မရှူသွင်းမိဘဲ မနေပေ။ နတ်မင်းတစ်ပါးတဲ့လော ....
တကယ်တမ်း နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်အကုန်လုံး စိတ်နှလုံး တုန်ရီသွားကြခြင်းဖြစ်သည်။ သို့သော် ဤသို့ ဖြစ်ပျက်နေသည့်အချိန်မှာပင် သူတို့အရှေ့ရှိ ကမ္ဘာမှာ တွန့်လိမ်ပုံပျက်သွား၏။ အကုန်လုံး ဝေဝါးလာကြကာ မျက်စိတစ်မှိတ်အတွင်း လူတိုင်းသည် ထင်ရှားပြတ်သားလာပြီး သစ်ရွက်များ၏ နောက်အထပ်တစ်ထပ်သို့ ရောက်သွားကြလေပြီ။
သို့သော် သစ်ရွက်ပေါ်တွင် တစ်ယောက်တည်း ရှိနေမည့်အစား တစ်ယောက်ချင်းစီသည် ပြိုင်ဘက်တစ်ယောက်စီနှင့် မျက်နှာချင်းဆိုင်နေကြ၏။
မန်ဟိုသည် စွမ်းအင်များ တဟုန်းဟုန်း တောက်လောင်နေသည့် လူငယ်တစ်ယောက်ကို မျက်နှာချင်းဆိုင်နေရကြောင်း တွေ့လိုက်ရသည်။ သို့သော် အရာအားလုံး ထင်ရှားပြတ်သားလာသည်နှင့်တစ်ပြိုင်နက် မန်ဟိုမှာ မျက်မှောင်ကြုတ်သွားတော့သည်။
ထိုလူသည် အပြင်ဂိုဏ်းများမှ ရွေးချယ်ခံတစ်ယောက်မဟုတ်ဘဲ နတ်မီးလျှံစမ်းသပ်ပွဲမှ ပြိုင်ပွဲ၀င်တစ်ယောက်ဖြစ်သည်။ ထိုမျှသာမက သူသည် စောစောက မန်ဟို နှိပ်စက်ခဲ့သည့်လူနှင့် ပလ္လင်တစ်ခုတည်းပေါ်ကလူ ဖြစ်လေသည်။ သူက မတော်တဆမှုတစ်ခုလုံးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူဖြစ်၏။
ထိုလူမှာ စိတ်ထဲတွင် ဒွိဟဖြစ်နေသော်လည်း သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်စွာ တောက်ပလာသည်။ သူက မာန်သွင်းဟိန်းဟောက်လိုက်ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝ ထုတ်လွှတ်ကာ မန်ဟို့ထံ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားတော့သည်။
မန်ဟို့မျက်နှာထားကား လူငယ်ချဉ်းကပ်လာစဉ် တည်ငြိမ်လျက်သာရှိသည်။ သူက ညာလက်ကို မြှောက်၍ လေကို ထိုးခွင်းလိုက်ပြီးနောက် ပြိုင်ကွင်း၏ အစွန်းသို့ လမ်းလျှောက်သွားတော့သည်။
သူ လှည့်သွားသည့် အခိုက်အတန့်တွင် အုန်းခနဲ အသံကြားလိုက်ရပြီး လူငယ်၍ ပါးစပ်မှ သွေးများပန်းထွက်သွား၏။ သူသည် ကြယ်တံခွန်ကြီးတစ်စင်းလို ချဉ်းကပ်လာနေခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ အလင်းရောင်မှာ မှေးမှိန်သွားပြီး သူ့မှာ မီတာသုံးဆယ်ခန့် နောက်ဆုတ်လိုက်ရကာ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြန်၏။ သူ၏ အမူအရာမှာ စိတ်ဆင်းရဲစရာကောင်းနေပြီး သူ၏ မျက်နှာမှာ ဖြူဆုပ်နေလေသည်။
မန်ဟိုက သက်ညှာပေးခဲ့ခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။ စောစောက တိုက်ကွက်မှာ သူ၏အရှေ့ရှိ လေထုကိုသာ ရည်ရွယ်ခဲ့ခြင်းဖြစ်၍ သူ၏ ခန္ဓာကိုယ်အပေါ်သာ အမှန်တကယ် ကျရောက်ခဲ့လျှင်တော့ ယခုလို နောက်ဆုတ်လိုက်ရပြီး အတန်ငယ် ထိခိုက်ရုံလေးနှင့် လွတ်မြောက်သွားမည်မဟုတ်ပေ။
သူက အသက်ပြင်းပြင်း ရှုသွင်းပြီးနောက် မန်ဟိုကို ကြည့်ကာ လက်နှစ်ဖက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
" အရှုံးပေးပါတယ် " သူက ခါးသီးနေသော အသံဖြင့်ပြောသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ပျောက်ကွယ်သွားတော့သည်။
သူ ပြန်ပေါ်လာသောအခါ သစ်ရွက်များ၏ ပထမအထပ်ကို ပြန်ရောက်နေရာ ထုတ်ပယ်ခံလိုက်ရကြောင်း ညွှန်ပြနေလေသည်။ မန်ဟိုကမူ ပြိုင်ကွင်း၏ အဆုံးတွင် တင်ပျဉ်ခွေထိုင်ကာ တခြားပြိုင်ပွဲများကို လှမ်းကြည့်နေ၏။
သူသည် သူ့ကိုယ်သူ အတော်လေး ကျေနပ်သော်လည်း န၀မတောင်နှင့်ပင်လယ်မှ ပြိုင်ပွဲများကို စောင့်ကြည့်နေသော ကျင့်ကြံသူများမှာ မန်ဟို၏ စွမ်းအားကြောင့် လုံး၀ တုန်လှုပ်သွားကြလေသည်။
"လေထုကို လက်သီးတစ်ချက်တည်းနဲ့….. ပြီးတော့ သူက တာအိုရှာဖွေခြင်း အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက်ကို တကယ်ကြီး ထိခိုက်သွားစေခဲ့တာ”
”ဒီဖန်မုက ဘာမှော်သိုင်းကိုမှ မသုံးရသေးဘူး။ သူ့ရဲ့ အပြင်အားကိုယ်ခွန်အားကိုပဲ အားကိုးထားတာ”
”သူ အဲ့ဒီပလ္လင်တွေက ဖိအားကို ခံနိုင်ခဲ့တာ အံ့ဩစရာမရှိဘူး။ ဒီလို အပြင်အားကိုယ်ခွန်အားမျိုးက အတိုင်းထက်အလွန် ရှားပါးလှပေတယ် "
ပြိုင်ကွင်းတိုက်ပွဲများ၏ ပထမအကြော့မှာ ကျောက်ရီဖန်းနှင့် တခြားရွေးချယ်ခံများအတွက် ကလေးကစားစရာသာ ဖြစ်လေသည်။ သူတို့အတွက် အနိုင်ရရှိဖို့ အသက်ဆယ်ရှိုက်ပင် မကြာလိုက်ချေ။
မန်ဟိုက တိုက်ပွဲများကို ကြည့်ပြီး အာရုံစိုက်ဖို့ ထိုက်တန်သည့် ရွေးချယ်ခံများအပြင် တခြားလူဆယ်ယောက်ကို သတိထားမိလိုက်၏။ သူတို့ထဲမှ တစ်ယောက်က မျက်နှာဖုံးနှင့်လူငယ် လီရန်ဖြစ်သည်။ နောက်တစ်ယောက်က ခြင်အုပ်ကျင့်ကြံသူဖြစ်ပြီး တတိယမြောက်ကတော့ နတ်မီးလျှံစမ်းသပ်ပွဲ ပြိုင်ပွဲ၀င်တစ်ဦးဖြစ်သည့် ကောင်လေးတစ်ယောက်ပင်။ သူက ဘယ်တော့မှ စကားမပြောသော်လည်း တာအိုရှာဖွေခြင်းအဆင့်ပြိုင်ပွဲဝင်တစ်ထောင်အဖွဲ့ထဲ ၀င်ရောက်နိုင်ခဲ့သည်ဆိုကတည်းက သူ့တွင် ထူးခြားသော စွမ်းရည်များ ရှိကြောင်းသိသာ၏။
ပထမအကြော့တွင် သူက သူ၏ ပြိုင်ဘက်အား ချက်ချင်း သွေးအကျိအချွဲများ ဖြစ်သွားစေသည်အထိ ရက်ရက်စက်စက် တိုက်ခိုက်လိုက်သည်။
လေးယောက်မြောက်မှာတော့ အဆက်မပြတ် တုန်ရီနေပြီး တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေသော အဘိုးကြီးတစ်ယောက် ဖြစ်၏။ သူ၏ ပထမဆုံးပြိုင်ဘက်မှာ ပင်လယ်ခုနစ်စင်းဂိုဏ်းမှာ ရွေးချယ်ခံတစ်ယောက်ဖြစ်၏။ ထိုရွေးချယ်ခံမှာ ပွစိပွစိပြောနေသော အဘိုးကြီး၏ ရှေ့တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရူးသွားပုံရပြီး သစ်ရွက်၏ အပြင်သို့ ထွက်ဖို့ ကြိုးစား၏။ လင်းယွင်ကျစ် သူ့ကို ချက်ချင်း ကယ်လိုက်သည့် အချက်ကြောင့်သာမဟုတ်လျှင် သူ့မှာ အန္တရာယ်အကြီးအကျယ် ရောက်သွားပေလိမ့်မည်။
လေးယောက်အနက် မန်ဟို့ကို အတုန်လှုပ်စေဆုံးမှာ ပွစိပွစိပြောနေသော အဘိုးကြီးမဟုတ်သလို ၊ လီရန်လည်း မဟုတ်ဘဲ စကားမပြောသောလူငယ်ဖြစ်၏။
"သူ့မှာ အစစ်အမှန်အင်မော်တယ်တစ်ဦးရဲ့စွမ်းအား အနည်းဆုံးသုံးဆယ်ရာခိုင်နှုန်း ရှိတယ်" မန်ဟိုက ကောင်လေးကို အကဲခတ်ရင်း တွေးသည်။ မန်ဟို သူ့ကို ကြည့်နေသည့်အခိုက်အတန့်မှာပင် ကောင်လေးက ခေါင်းလှည့်ပြီး ပြန်ကြည့်၏။ သူတို့ အကြည့်များက ကြားရှိ ပြိုင်ကွင်းများကို ဖြတ်၍ ဆုံသွားပြီးနောက် ကောင်လေး၏နှုတ်ခမ်းကား ရက်စက်သော အပြုံးတစ်ခုအဖြစ် တွန့်ချိုးသွားတော့သည်။
***