← Chapters

လက်သီးတစ်ချက်

Vol. 62 Ch. 867

လက်သီးတစ်ချက်

Vol. 62 Ch. 867

ထိုလေးယောက်အပြင် တောင်ကောင်းကင်ဂြိုဟ်သို့ လာခဲ့သော ရွေးချယ်ခံများအကြား၌ မန်ဟို မမြင်ခဲ့ဖူးသော ရွေးချယ်ခံခြောက်ယောက်ရှိသည်။ လေးယောက်က အမျိုးသားဖြစ်ပြီး နှစ်ယောက်က အမျိုးသမီးဖြစ်၏။ အမျိုးသမီးတစ်ယောက်က အဖြူရောင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။ သူမ တိုက်ခိုက်လိုက်တိုင်း သွေးသစ်ခွတစ်ပွင့် သူမပတ်လည်တွင် ပွင့်လန်းလာတတ်ရာ သူမသည် သွေးသစ်ခွဘုရားကျောင်းမှဖြစ်ကြောင်း ညွှန်ပြနေ၏။

ကျန်အမျိုးသမီးက ငါးရောင်ခြယ်ဂါဝန်ကို ဝတ်ဆင်ထားပြီး သိပ်အလှကြီးမဟုတ်ပေ။ သူမသည် အံ့ဖွယ်ငါးရောင်ခြယ်မှော်သိုင်းဖြင့် တိုက်ခတ်တတ်ပြီး မန်ဟိုမှာ ဓာတ်ငါးပါးအနုသုခုမရုပ်ခန္ဓာကို ဖန်တီးခဲ့ဖူးသည့်တိုင် ဤအမျိုးသမီး၏ ဓာတ်ငါးပါးအသိက သူ့ထက်သာကြောင်း ခံစား‌ရလေသည်။ သူမကား ငါးရောင်စဉ်ဂိုဏ်းမှ ဖြစ်၏။

ကျန်ကျင့်ကြံသူအမျိုးသား‌လေးယောက်မှာတော့ လူငယ်လူရွယ်များပင်။ သူတို့ထဲမှ တစ်ယောက်သည် ပြိုင်ဘက်ကို ကိုယ်တိုင်မတိုက်ခိုက်ဘဲ ခေါင်းတလားတစ်လုံးကို ဆင့်ခေါ်ကာ အထဲမှ အလောင်းတစ်လောင်း ထွက်လာစေ၏။ အလောင်းက လူငယ်၏ပြိုင်ဘက်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။ သူသည် အထွတ်အမြတ်မြေငါးမြေ၏ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ ဖြစ်၏။

ဒုတိယလူငယ်မှာတော့ မီးတောက်နေသော မျက်လုံးများဖြင့် ငဖောင်ရိုးတစ်ယောက်ပင်။ အထက်ပါလူငယ်နည်းတူ သူသည် ကိုယ်တိုင်မတိုက်ခိုက်ဘဲ ပြိုင်ဘက်ကို စိုက်ကြည့်ရုံသာ စိုက်ကြည့်လိုက်၏။ ပြိုင်ဘက်ဖြစ်သူမှာ ချက်ချင်း မီးလောင်ပြာကျသွားရလေသည်။

တတိယလူငယ်သည် ချောမောပြီး အံ့ဩဖွယ်ကောင်းစွာနှင့် နဖူးပေါ်တွင် တတိယမျက်လုံးတစ်လုံးရှိသည်။ ၎င်းက ဓမ္မမျက်လုံးတစ်လုံးဖြစ်ကြောင်း သိသာပြီး တစ်ချိန်လုံး ပိတ်လျက်သာရှိ၏။ လူငယ်က မဆိုစလောက် ပြုံး‌နေပြီး တိုက်ခိုက်နိုင်စွမ်းတစ်စက်မှ မရှိသကဲ့သို့ အန္တရာယ်မများပုံပေါ်သည်။ ထို့အပြင် သူ၏ပြိုင်ဘက်ကလည်း မတိုက်ခိုက်ပေ။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စကားအနည်းငယ် ကူးပြောင်းပေးပို့ကြပြီးနောက် ပြိုင်ဘက်မှာ လူငယ်ကို ရိုသေကိုင်းရှိုင်းသော အမူအရာဖြင့် ကြည့်ရင်း ဒူးတစ်ဖက်ထောက်ကာ အရှုံးပေးလိုက်တော့သည်။

ဤလူငယ်ကား အမွှေးနံ့သာအစည်းအရုံးမှ ဖြစ်ချေ၏။

နောက်ဆုံးတစ်ယောက်မှာတော့ ခွန်လွန်အစည်းအရုံးမှ လူထွားကြီးတစ်ဦးဖြစ်သည်။ သူသည် သန်မာသော အပြင်အားကိုယ်ဖြင့် တောင့်တင်း၏။ သူက တောင်ကြီးတစ်လုံးသဖွယ် မတ်မတ်ရပ်လျက် ပြိုင်ပွဲကို စတင်လေသည်။ သူ၏ပြိင်ဘက် တိုက်ခိုက်သောအခါ သူက လက်ချောင်း‌တစ်ချောင်း ဝှေ့ယမ်း၍ တောင်ကြီးတစ်လုံးအား ကျလာစေကာ ပြိုင်ဘက်ကို ဖိနှိပ်ပြီး ချက်ချင်း အနိုင်ယူလိုက်သည်။ သို့သော် သူသည် ပြိုင်ဘက်ကို မသတ်ပေ။

မန်ဟိုမှာ ထိုအခြင်းအရာကို မြင်သောအခါ သူ၏မျက်လုံးများသည် ရုတ်တရက် တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပလာတော့၏။

ပြိုင်ကွင်းတိုက်ပွဲ ပထမအကြော့၏ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေစဉ် အပြင်ဘက် နဝမတောင်ပင်လယ်ရှိ ပရိသတ်များသည် ဝဲသုံးခုထဲရှိ မှန်သားပြင်များကို စိတ်ဝင်တစား ကြည့်နေကြ၏။ ထိုမှန်သားပြင်တစ်ခုစီမှာ ပြိုင်ကွင်းတစ်ကွင်းစီကို ဖော်ပြရင်း သေးငယ်သောအပိုင်းများစွာ ပိုင်းခြားခံထားရသည်။

ကြယ်တာရာကောင်းကင်နန်းတော်ထက်တွင် ခေါင်းဆောင်ကြီးများသည် ဖြစ်ပျက်နေသောအရာများကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြပြီး အထူးသဖြင့် သူတို့၏ဂိုဏ်းများမှ ရွေးချယ်ခံများကို အာရုံစိုက်နေကြ၏။ အခြားဂိုဏ်းများမှ ရွေးချယ်ခံများကိုလည်း အကဲမခတ်ဘဲ မနေကြပေ။ ရွေးချယ်ခံအများစုသည် လက်ဖျားခါလောက်အောင်တော့ အစွမ်းမထက်ပါသော်လည်း အနာဂတ်၌ ထွန်းလင်းတောက်ပလာမည့်ကြယ်ပွင့်များ ဖြစ်ကြပေသည်။

မမျှော်လင့်ထားဘဲ သေဆုံးသွားခြင်းမရှိသရွေ့ ရင့်ကျက်လာနိုင်ပြီး ပို၍အစွမ်းထက်လာနိုင်ကာ သက်ဆိုင်ရာဂိုဏ်းများ၏ ဂုဏ်သရေကို ဆောင်ကြဉ်း၍ အာဏာစက်အား ပိုမိုသက်ရောက်စေနိုင်လိမ့်မည်။

"ဒီမျိုးဆက်က အစစ်အမှန်အင်မော်တယ်ဖြစ်လာစေမယ့် ကံတရားနဲ့ ကြုံကြိုက်ကြတယ်။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ နှစ်တစ်ထောင်ကြာတိုင်း အစစ်အ‌မှန်အင်မော်တယ်ကံတရား သက်ဆင်းလာပြီး ရွေးချယ်ခံမျိုးဆက်တစ်ဆက်လုံးဟာ အမြဲတမ်း ထွန်းပြောင်လာတတ်တယ်"

လူတိုင်းသည် မျှော်လင့်ချက်များ ရင်ဝယ်ပြည့်နှက်နေလျက် တိုက်ပွဲများကို ရှုစားနေကြ၏။

သစ်ရွက်ပြိုင်ကွင်းအပေါ်တွင်တော့ မန်ဟိုကား အေးအေးဆေးဆေး တင်ပျဉ်ခွေထိုင်လျက်ရှိ၏။ သူသည် အခြားပြိုင်ကွင်းများကို ကြည့်ရင်း သူ့ကို ပြန်ကြည့်နေသော လူပေါင်းများစွာကို မြင်လိုက်ရလေသည်။

ဟိုဟိုသည်သည် ခေတ္တမျှ ကြည့်ပြီးနောက် မန်ဟိုက အနုသုခုမရုပ်ခန္ဓာအဆင့်တိုက်ပွဲများကို တစ်ချက်ကြည့်ရန် စဉ်းစားလိုက်သည်။ သို့သော် ကံဆိုးစွာနှင့် လောလောဆယ်တွင် အခြား‌ဧရိယာနှစ်ခု၌ ဖြစ်ပျက်နေသော တိုက်ပွဲများကို မမြင်ရပေ။ နောက်ဆုံးတော့ သူက မျက်လုံးများပိတ်၍ အချိန်ကုန်သွားသည်ကိုသာ စောင့်နေလိုက်၏။

အနုသုခုမရုပ်ခန္ဓာအဆင့်ကွင်းပြင်‌အပေါ်တွင် ချန်ဖန်း၏အမူအရာမှာ ထုံးစံအတိုင်း မှိုင်းညို့လျက်ရှိသည်။ သူ၏တိုက်ကွက်များက ပုံမှန်သာ ထင်ရသော်လည်း သူ၏ခံစားချက်က ပြိုင်ဘက်အပေါ် သက်ရောက်နေရာ ပြိုင်ဘက်ဖြစ်သူမှာ ကျင့်ကြံခြင်းအခြေခံစွမ်းအားတစ်ဝက်ဖြင့်သာ တိုက်ခိုက်နိုင်လေသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကွင်းပြင်အပေါ်တွင် တိုက်ခိုက်မှုများကား အလားတူ ပြင်းထန်လျက်ရှိ၏။

တာအိုရှာဖွေခြင်းအဆင့်အတွက် ပြိုင်ကွင်းတိုက်ပွဲပထမအကြော့မှာ စုစုပေါင်း နှစ်နာရီကြာသော် ပထမဆုံး ပြီးဆုံးသွားလေသည်။ ပြိုင်ပွဲဝင်တစ်ဝက်မှာ ထုတ်ခံလိုက်ရပြီး ကျန်တစ်ဝက်က ဒုတိယအထပ်ရှိ သူတို့၏သစ်ရွက်များအပေါ်တွင် မျက်လုံးများ ဝင်းလက်တောက်ပနေလျက် ရပ်နေကြသည်။ သူတို့ခြေထောက်အောက်ရှိ သစ်ရွက်များက တောက်ပလာပြီး လူတိုင်းကို လွှမ်းခြုံကာ သစ်ရွက်များ၏ တတိယအထပ်သို့ နေရာရွှေ့ပြောင်းပေးလိုက်၏။

မန်ဟိုသည် တောက်ပနေသော အလင်းရောင်၏အလယ်တွင် ပြန်ပေါ်လာသောအခါ မည်းညစ်ညစ် အကွက်များ ဖုံးနေသည့် မျက်နှာနှင့် အဘိုးကြီးတစ်ယောက်ကို မျက်နှာချင်းဆိုင်နေကြောင်း တွေ့လိုက်ရ၏။ ချက်ချင်းပင် အသတ်အဖြတ်အရှိန်အဝါတစ်ခုက အံ့ဖွယ်စွမ်းအင်နှင့်အတူ ပေါ်ထွက်လာသည်။ ထိုလူသည် လက်တွင် ကြိမ်လုံးတစ်ချောင်းကို ကိုင်ထားပြီး အရှေ့လျှောက်လာစဉ် သူ မျက်နှာချင်းဆိုင်နေသည်မှာ မန်ဟိုဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်ပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။

"ဖန်မု" သူ့မှာ ရင်ထဲ မွန်းကြပ်လာရင်း တွေးလိုက်သည်။ သူသည် ဒုတိယအကြော့တွင် ဖန်မုနှင့်မှ ပက်ပင်းတိုးလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ "သူ့ရဲ့အပြင်အားကိုယ်က မယုံနိုင်လောက်အောင် သန်မာပြီး သူ့နတ်ဘုရားအာရုံက အံ့ဖွယ်ထူးကဲတယ်။ နက်ရှိုင်းတဲ့ ကျင့်ကြံခြင်းအခြေခံရှိတဲ့အပြင် တိုက်ခိုက်တဲ့အရာမှာ အညှာအတာမရှိဘူး... သေစမ်း ဘာကြောင့် သူနဲ့မှ တိုးတာလဲကွာ။ ဒါပေမယ့် လုံးလုံး အနိုင်မရနိုင်တာတော့ မဟုတ်ဘူး။ ငါက သူ့ထက် အမြန်နှုန်းအရ သာတယ်"

အဘိုးကြီးသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ဝါးသွားပြီးနောက် ရုတ်တရက် ကိုယ်ပွားကိုးခုပေါ်လာသည်။

ကိုယ်ပွားကိုးခုက မတူညီသောလားရာဘက်တစ်ခုစီမှ မန်ဟို့ထံ ချဉ်းကပ်လာသည်။

မန်ဟိုသည် လာနေသောပုံရိပ်များကို အေးစက်စွာ ကြည့်ရင်း ရပ်နေ၏။ သူက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ညာလက်ကို မြှောက်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။ လက်သီး မြေကြီးပေါ် ကျလျှင်ချင်း သူသည် ချာခနဲ လှည့်ပြီး ပထမတိုက်ပွဲတုန်းကအတိုင်း ပြိုင်ကွင်း၏အစွန်းနားသို့ လျှောက်သွား၏။

သူ့အနောက်တွင် ကြီးမားသော ပေါက်ကွဲမှုကြီးများ မြည်ဟည်းလာသည်။ သူ၏လက်သီးချက်တစ်ချက်က တဝေါ‌ဝေါ မြည်လျက် ပြင်းထန်သော ဆွဲအားကို ထုတ်လွှတ်နေသည့် ဧရာမဝဲကြီးတစ်ခုအား ပေါ်လာစေသည်။ ကိုယ်ပွားကိုးခုလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး အဘိုးကြီး၏ကိုယ်အစစ်က သွေးအန်လိုက်ရသည်။ သူ့မှာ အလွန်အမင်း မယုံနိုင်ဖြစ်နေသော မျက်နှာထားဖြင့် အရှုံးပေးကြောင်း ကပျာကယာ အော်လိုက်လေသည်။

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ပျောက်ကွယ်ကာ သစ်ရွက်များ၏ ပထမအထပ်တွင် ပြန်ပေါ်လာသည်။ သူ့မှာ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် မန်ဟိုက ပြိုင်ကွင်း၏အစပ်နားသို့ ရောက်သွားခဲ့ပြီး တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများပိတ်လိုက်သည်။

အပြင်လောကရှိ လူတော်တော်များများမှာ မန်ဟို့ကို အာရုံစိုက်နေကြပြီး အံ့အားသင့်နေကြ၏။

"ထပ်ပြီး လက်သီးတစ်ချက်တည်းနဲ့။ အဘိုးကြီးရဲ့ ကျင့်ကြံခြင်းအခြေခံက စောနက လူထက် အများကြီးမြင့်တာက လွဲလို့ ပထမအကြော့အတိုင်းပဲ"

"ဒီဖန်မုရဲ့ အပြင်အားကိုယ်က လေဟာနယ်ကို ဖန်တီးနိုင်တဲ့အထိ အစွမ်းထက်လိုက်တာ။ သူ့အမြန်နှုန်းက အဲဒီလောက်ကြီးမဟုတ်ပေမယ့် မြန်ဖို့မလိုတဲ့အထိ အစွမ်းထက်နေတာ။ ဘယ်သူများ အဲဒီလက်သီးချက်ကို ပြန်တိုက်ခိုက်နိုင်မလဲ မသိဘူး"

"သူအနေနဲ့ သေချာပေါက် ထိပ်ဆုံး (၁၆) ယောက်ထဲ ဝင်လိမ့်မယ်။ သူ ရွေးချယ်တစ်ယောက်ယောက်နဲ့ တိုက်ခိုက်တာ မြင်ရဖို့ မစောင့်နိုင်တော့ဘူး"

အပြင်လောကကမှာ ပွက်လောရိုက်နေတော့သည်။ ပြိုင်ကွင်းတိုက်ပွဲ၏ ဒုတိယအကြော့ပြီးဆုံးရန် သိပ်မကြာလိုက်ပြီး တတိယအကြော့ စတင်သည်။ မန်ဟိုက သစ်ရွက်နောက်တစ်ထပ်တွင် ပေါ်လာကာ သူ့အရှေ့ရှိ တောက်ပနေသော အလင်းရောင်ကို ကြည့်ရင်း ပြိုင်ဘက် ထွက်လာမည်ကို စောင့်နေ၏။

ဤလူကား ရွေးချယ်ခံမဟုတ်။ ထိုအစား ခြင်အုပ်နှင့် လူငယ်ဖြစ်သည်။ လူငယ်သည် မန်ဟို့ကို မြင်လျှင် အရှေ့နှစ်ယောက်လို ပျာယာခတ်သွားမည့်အစား မျက်လုံးများ၌ တိုက်ခိုက်လိုစိတ်တို့ တောက်ပလာ၏။

"ဖန်မု" သူက ပြောသည်။ "မင်းနဲ့ တိုက်ခိုက်ရမှာ ဝမ်းသာမိတယ်။ နောက်ဆုံးတော့ မင်း ဘယ်လောက်အစွမ်းထက်လဲ ကြည့်နိုင်ပြီ"

မန်ဟို၏မျက်နှာထားကား ထုံးစံအတိုင်း ခံစားချက်မဲ့လျက်သာ။ သူ ဤတစ်ချိန်လုံး အာရုံစိုက်နေခဲ့သည်မှာ လူငယ်မဟုတ်ဘဲ သူ၏ခြင်များဖြစ်သည်။

လူငယ်က စကားပြော၍ပင် မဆုံးသေးမီ လက်ကို ဝှေ့ယမ်းကာ ကြောက်စရာခြင်အုပ်လိုက်ကြီးအား ပေါ်လာစေသည်။ အကြီးဆုံးမှာ တစ်မီတာ (သုံးပေ) ရှည်ပြီး အတော်များများက လက်သီးဆုပ်အရွယ်ရှိသည်။ ၎င်းတို့က တိမ်တိုက်ကြီးသဖွယ် ဖြန့်ကျက်ကာ မန်ဟို့ထံ ပြေးဝင်လာကြ၏။

သူတို့အနားရောက်လာစဉ် တဝီဝီအသံများအား ကြားရနိုင်သည်။ မန်ဟိုက လက်သီးဆုပ်၍ ထိုးသွင်းလိုက်သည်။

အရှေ့ပြိုင်ပွဲများနည်းတူ လက်သီးတစ်ချက်တည်းသာ။ အုန်းခနဲ မြည်ဟည်းသွားပြီး လှိုင်းဂယက်များ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက လှည့်၍ ပြိုင်ကွင်း၏အစွန်းနားသို့ လမ်းလျှောက်သွားသည်။

သူ့အနောက်တွင် တုန်လှုပ်ဖွယ်လှိုင်းဂယက်ကြီးများက ခြင်များကို ဝင်တိုက်ကာ တစစီ ပြတ်ထွက်သွားစေသည်။ လူငယ်မှာ ထိန်းမနိုင်သိမ်းမရလောက်အောင် တစ်ကိုယ်လုံး တုန်ရီလျက် နောက်လွင့်သွား၏။ သွေးများ သူ၏ပါးစပ်မှ ပန်းထွက်လာပြီး သူ၏အမူအရာမှာတော့ အံ့ဩခြင်းကြီးစွာ ဖြစ်နေသောပုံစံပင်။ သူ့မှာ မတိုက်ခိုက်နိုင်ခဲ့သည့်အပြင် ကျင့်ကြံခြင်းအခြေခံပင် ဖိနှိပ်ခံလိုက်ရပြီး အတွင်းအင်္ဂါများ လူးလွန့်နေသည့်အလား ခံစားလိုက်ရ၏။

သေရေးရှင်ရေးအခိုက်အတန့်တွင် လူငယ်မှာ အသံပင် တုန်ရီနေလျက် အော်လိုက်သည်။ "အရှုံးပေး.... အရှုံးပေးတယ်"

သူသည် မကြောက်စဖူး ကြောက်နေသောပုံစံဖြင့် မန်ဟို့ကို လှမ်းကြည့်လိုက်၏။ မန်ဟို အစွမ်းထက်ကြောင်း သူ သိထားပြီးဖြစ်သော်လည်း ဤမျှအစွမ်းထက်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

မျက်စိရှေ့၌ ဖြစ်ပျက်သွားခဲ့သော ဤမြင်ကွင်းက အပြင်လောကရှိ ပရိသတ်ကြီးကို ကြက်သေသေသွားစေသည်။ ပထမအကြော့၊ လက်သီးတစ်ချက်။ ဒုတိယအကြော့လည်း လက်သီးတစ်ချက်။ တတိယအကြော့လည်း အစွမ်းထက်‌သော ပြိုင်ဘက်တစ်ဦးကို လက်သီးတစ်ချက်တည်းနှင့် ရင်ဆိုင်သွားသည်။

"သူက ဘယ်.... ဘယ်လောက်တောင် အစွမ်းထက်တာတုန်း"

"ပထမနေရာနဲ့ ထိုက်တန်လိုက်တာ။ အဲဒီလို စွမ်းအား၊ အဲဒီလိုယုံကြည်ချက်မျိုးနဲ့ သူက တကယ် အနိုင်ယူလို့မရနိုင်တဲ့ ပုဂ္ဂိုလ်ပေပဲ",

"ဂိုဏ်းကြီးတွေက ရွေးချယ်ခံတွေပဲ သူ့ကို တိုက်ခိုက်နိုင်မယ်ထင်တယ်"

"ဘယ်သူက သူ့ကို လက်သီးချက်နှစ်ချက် သုံးရအောင် ဖိအားပေးနိုင်လောက်မလဲ"

"ကြည့်ရတာ တုန်ခါမှော်လှိုင်းကို သုံးနေတာပဲ ဖြစ်ရမယ်။ ဒီဖန်မုက ငယ်ငယ်လေးရှိသေးတာတောင် တုန်ခါမှော်သိုင်းကို ကျွန်းကျင်နေပြီတဲ့လား"

"အဲဒါ အပြင်အားကိုယ်ခွန်အား အတိုင်းအတာတစ်ခုအထိ ရောက်မှ ကျင့်ကြံနိုင်တဲ့ အပြင်အားကိုယ်ကျင့်စဉ်တစ်ခုပဲ။ စိတ်ဝိညာဉ်နယ်ပယ်အဆင့်မှာ အင်မတန် အစွမ်းထက်တယ်။ တကယ်တမ်း အင်မော်တယ်နယ်ပယ်မှာတောင်မှ အဲဒီကျင့်စဉ်ကို ကျင့်ကြံနိုင်တဲ့လူ လက်တစ်ဆုပ်ပဲ ရှိတာ"

မန်ဟို၏တင်ဆက်မှုမှာ မြန်ပြီး စိတ်ဝင်စားစရာကောင်းသည့်အတွက် သူ့အား ပြိင်ကွင်းများကို စောင့်ကြည့်နေသူများ၏ အာရုံစိုက်ရာ ဖြစ်လာစေသည်။ ပြိုင်ကွင်းတိုက်ပွဲများ၌ ပါဝင်နေသော ရွေးချယ်ခံများမှာမူ သူတို့လည်း မန်ဟိုကို သတိထားနေကြ၏။ သူတို့၏ပြိုင်ပွဲများလည်း လျင်မြန်စွာ ပြီးဆုံး‌ကြသည့်တိုင် မန်ဟိုကဲ့သို့ အလွယ်တကူ မဟုတ်ပေ။

"ဟမ့် ကံကောင်းတာပါကွာ။ အားနည်းတဲ့ပြိုင်ဘက်တွေနဲ့မှ တိုးနေလို့။ ငါတို့လို ရှိန်စရာကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရရင် သူ့အတွက် ဘယ်နည်းနဲ့ လွယ်ကူမှာ မဟုတ်ဘူး"

"‌အထပ်မြင့်မြင့်ရောက်လေ၊ ပြိုင်ဘက်တွေက ပိုအစွမ်းထက်လာလေလေပဲ။ သူ ဘယ်နှကြော့ခံမလဲ ကြည့်ရသေးတာပေါ့"

တတိယအကြော့ အဆုံးသတ်၍ လေးကြော့မြောက် စတင်သည့်အခါ ဤကဲ့သို့စကားသံများအား ကြားရနိုင်သည်။ ယခုတွင် ကျင့်ကြံသူအများစု အထုတ်ခံလိုက်ကြရ၍ တစ်ရာခန့်သာ ကျန်တော့လေသည်။

တစ်ဦးတစ်ယောက်ချင်းစီသည် ... လက်ဖျားခါလောက်အောင် အစွမ်းထက်၏။

မန်ဟို ငါးထပ်မြောက်သစ်ရွက်အပေါ်တွင် ရပ်နေစဉ် တောက်ပနေသောအလင်းများ၏အလယ်၌ ပြိုင်ဘက်နောက်တစ်ယောက် ပေါ်လာသည်။ ၎င်းသည် ရှည်လျားသော ဝတ်ရုံနှင့် လူထွားကြီးတစ်ဦးဖြစ်၏။ သူ ရုပ်လုံးပေါ်လာသည့်အခါ ဂယက်များ ဖြာထွက်လာသည်။ ဤသည်မှာ ခွန်လွန်အစည်းအရုံးမှ အစွမ်းထက်ပညာရှင်တော့ မဟုတ်သော်လည်း မည်သို့ဆိုစေ ရွေးချယ်ခံတစ်ဦးတော့ ဖြစ်နေသေး၏။

သူက ပင်လယ်ခုနစ်စင်းဂိုဏ်းမှ လာချေသည်။

အရှေ့အကြော့တစ်ကြော့စီတိုင်းတွင် သူသည် ပြိုင်ဘက်ဖြစ်သူကို တစစီ စုတ်ဖြဲပစ်ခဲ့၍ အကုန်လုံး သေဆုံးခဲ့ကြရလေသည်။ ပြိုင်ကွင်းထဲသို့ လျှောက်လာသောအခါ ရက်စက်သောအပြုံးတစ်စအား သူ၏မျက်နှာပေါ်တွင် မြင်ရနိုင်ပြီး သူ၏မျက်လုံးများသည် ကြမ်းကြုတ်သောအလင်းရောင်ဖြင့် တောက်ပနေ၏။

"ဖန်မု ... " သူက ပြောသည်။ "နောက်ဆုံးတော့ တွေ့ရပြီပေါ့။ မင်းက အရင်အကြော့တွေမှာ မင်း ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေက အားနည်းတဲ့ကောင်တွေ ဖြစ်နေတာလေးကြောင့်နဲ့ တော်တော်လေး ကြွားလုံးထုတ်နေခဲ့တာကွာ

"ဒီတစ်ကြိမ်တော့ ၊ မင်းလို သင်းကွဲကျင့်ကြံသူတစ်ယောက်နဲ့ ငါတို့လို ရွေးချယ်ခံတွေက ဘယ်လောက်တောင်ခြားနားလဲဆိုတာ မင်းနားလည်အောင် ကူညီပေးမယ်။ အဲ့ဒါ ခြားနားချက်ကြောင့် ... မင်း စိတ်ပျက်လက်မှိုင်ကျသွားရလိမ့်မယ်" ထိုလူသည် တဟားဟား အော်ရယ်လိုက်ပြီး စိတ်လိုက်မာန်ပါလုပ်တတ်သောပုံစံ ဖမ်းထား၏။ အမှန်တွင် သူကား အလွန်သတိထားနေပြီး သူ၏ဉာဏ်နီဉာဏ်နက်များအား လူမရိပ်မိအောင် ဂရုစိုက်နေခြင်းဖြစ်‌လေသည်။ သူက ပြောပြောဆိုဆိုနှင့် ရှေ့သို့ ပြေးတက်သွားကာ ပုံရိပ်ယောင်ပင်လယ်တစ်စင်းက သူ၏ပတ်ပတ်လည်တွင် ပေါ်လာသည်။ တစ်ဆက်တည်းဆိုသလို ပင်လယ်နဂါးကြီးတစ်ကောင် ပေါ်လာပြီး ဟိန်းဟောက်၍ မန်ဟို့ဆီ ပြေးဝင်သွား၏။

ဤအခိုက်အတန့်တွင် အပြင်ဘက်နဝမတောင်ပင်လယ်ရှိ ပရိသတ်များစွာသည် ပြိုင်ကွင်းထဲရှိ မန်ဟိုကို ကြည့်နေကြလေ၏။ မန်ဟို့ကို တိုက်ခိုက်နေသော ပင်လယ်ခုနစ်စင်းဂိုဏ်းမှ ရွေးချယ်ခံကို မြင်လျှင် အတော်များများက သက်ပြင်းချလိုက်ကြသည်။

"ဖန်မုတော့ အရင်အခေါက်တွေလို လက်သီးတစ်ချက်တည်းနဲ့ အစွမ်းပြနိုင်မှာ မဟုတ်တော့ဘူး"

"ဟမ့်။ အားနည်းတဲ့ကောင်တွေကို အနိုင်ယူရင်း အပေါ်တက်သွားတာက အစွမ်းထက်တဲ့ပုံပေါ်စေတာလေ။ ဒါမဲ့ အခု ရွေးချယ်ခံတစ်ယောက်နဲ့ ရင်ဆိုင်နေရပြီ‌ဆိုတော့ သူတော့ စိတ်အေးထားနိုင်မှာမဟုတ်တော့ဘူး။ အနိုင်ရရင်တောင်မှ ဒီတိုက်ပွဲက ကျားနဲ့နဂါးကြားက တိုက်ပွဲလို ပြင်းထန်မှာ သေချာတယ်"

"ပင်လယ်ခုနစ်စင်းဂိုဏ်းရဲ့ ယွင်ထျန်းဟဲ့မှာ ဆန်းပြားတဲ့စွမ်းအင်တစ်ခု ရှိတယ်လို့ ကြားဖူးတယ်။ အဲဒီစွမ်းအင်ကို ကျင့်ကြံခြင်းအခြေခံနဲ ပေါင်းစည်းလိုက်ရင် သူ့အနေနဲ့ အတုအယောင်အင်မော်တယ်တစ်ဦးကို အေးဆေးတိုက်လို့ရတယ်တဲ့လေ"

အပြင်လောကမှ စကားသံများအား ပြိုင်ကွင်းများတွင် မကြားရနိုင်ပေ။ တစ်ချိန်တည်းမှာပင် ပင်လယ်ခုနစ်စင်းဂိုဏ်းမှ လူထွားကြီးက မာန်သွင်းဟိန်းဟောက်ရင်း မန်ဟို့ထံ ချဉ်းကပ်လာသည်။ မန်ဟိုက ပုံမှန်အတိုင်း ‌တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် လက်သီးတစ်ချက်တည်းသာ ပစ်သွင်းလိုက်လေသည်။

***

All Chapters