ဂျူနီယာသွေးအင်မော်တယ်
Vol. 62 Ch. 868
"သေချင်နေလား" လူထွားကြီးက ကောက်ကျစ်စွာ ပြုံးရင်း ပြောသည်။ သူသည် မန်ဟို၏ လက်သီးတစ်ချက်တည်းနှင့် အနိုင်ယူသည့် အစီအစဉ်ကို သဘောမကျကြောင်း သိသာ၏။ သူက စိတ်ထဲတွင် အထင်အမြင်သေးလျက် သူ၏တိုက်ကွက်အတွင်းသို့ စွမ်းအားထည့်ပြီး ၎င်း၏စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်း တိုးသွားစေမည့် သူ့ဂိုဏ်းမှ တားမြစ်သိုင်းကွက်တစ်ကွက်ကို ထုတ်လွှတ်လိုက်သည်။
သူသည် နိုင်ရုံတင် နိုင်ချင်ခြင်းမဟုတ်။ ပြိုင်ဘက်ကို သတ်ချင်၏။ နဝမပင်လယ်နတ်လောက၏ သီးသန့်ဂိုဏ်းသားအလောင်းအလျာဖြစ်သည့် ပထမနေရာပြိုင်ပွဲဝင်၏ဘဝကို အဆုံးသတ်ပေးရတော့မည်ကို တွေးရင်း သူကား အလွန်စိတ်လှုပ်ရှားနေပုံရလေသည်။
ပြိုင်ကွင်းတိုက်ပွဲတွင် သတ်ဖြတ်ခြင်းအား မည်သူမှ အဓွန့်တက်၍မရသဖြင့် ဂယက်များလည်း မထနိုင်ပေ။ သူ၏ဂိုဏ်းက သူ့ကို မြှောက်စားပြီး ပို၍ပင်အရေးကြီးသည်ကား သူ့ကို ကာကွယ်ပေးမှာ ဖြစ်သည်။
သူ့ မျက်စိရှေ့တည့်တည့်တွင် မြင်နေရသောအရာမှာ နည်းနည်းလေး အားစိုက်ထုတ်ရုံနှင့် တဟုန်ထိုး အမြင့်ရောက်သွားစေနိုင်မည့် အခွင့်အရေးတစ်ခုပင်။
"သေစမ်း" သူသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ မျက်လုံးများတွင် တဟုန်းဟုန်း တောက်ပနေလျက် ဟိန်းဟောက်လိုက်၏။ ပင်လယ်ခုနစ်စင်းနဂါး၌ ရုတ်တရက် မန်ဟို့ကို လှမ်းဟပ်လိုက်သော နောက်ခေါင်းတစ်လုံး ပေါက်လာလေသည်။
ဤအခိုက်အတန့်တွင် မန်ဟို၏လက်သီးက နဂါးနှင့် မိတ်ဆက်သွားသည်။
လက်သီးလေးတစ်ချက်သာ ဖြစ်သော်လည်း ထိုလက်သီးချက်က နဂါးကို အုန်းခနဲ ပြေးဝင်တိုက်လိုက်၏။ ၎င်းတစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် ပထမခေါင်းမှာ ဇက်ကျိုးပြီး ပေါက်ကွဲသွားတော့သည်။ ဒုတိယခေါင်းလည်း ပေါက်ကွဲသွားပြီးနောက် ဖြေးဖြေးချင်း ၎င်း၏ကိုယ်လုံးကြီးလည်း ပျက်စီးလာသည်။
ပင်လယ်ခုနစ်စင်းသည် ဂျိန်းခနဲ တိုတိုတောင်းတောင်း ထစ်ချုန်းပြီး ပြိုကွဲကာ အစကကည်းက မရှိခဲ့သည့်အလား မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့၏။ ဤအခိုက်အတန့်တွင် မန်ဟို၏လက်သီးချက်က လူထွားကြီး၏ရင်ဘတ်အပေါ် ကျရောက်လာသည်။
လူထွားကြီးမှာ မျက်လုံးကြီးပြူးလျက် မန်ဟို့ကို ကြည့်ပြီးနောက် မျက်နှာကြီးရှုံ့မဲ့သွားသည်။ မန်ဟိုက တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် လက်ကို ပြန်ရုတ်ကာ ပြိုင်ကွင်း၏ အစွန်းနားသို့ လမ်းလျှောက်သွားလေသည်။
သူ ချာခနဲ လှည့်သွားသည့်အခိုက်အတန့်တွင် လူထွားကြီး၏ပါးစပ်မှ သွေးများပန်းထွက်လာသည်။ လက်သီးအားဖြင့် ဝင်ဆောင့်ခံခဲ့ရသော သူ၏ရင်ဘတ်နေရာမှ အစပြု၍ အကွဲကြောင်းများ ပျံ့နှံ့လာပြီး ၎င်းတို့က မျက်တောင်တစ်ခတ်အတွင်း သူ့ကို လွှမ်းခြုံသွားခဲ့လေပြီ။ မယုံနိုင်သောအမူအရာအား သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်ပြီး သူက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။ သို့ရာတွင် မည်သည့်စကားလုံးမှ ထွက်မလာခင် သူ့မှာ ပေါက်ကွဲသွားတော့သည်။
သွေးများ၊ အသားတုံးများ လွင့်စင်ပြန့်ကြဲသွားစဉ် မန်ဟိုက ပြိုင်ကွင်း၏ အစွန်းနားသို့ ရောက်သွားခဲ့ပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ တစ်ချိန်လုံး တည်ငြိမ်အေးဆေးသော အမူအရာကိုသာ သူ့မျက်နှာအပေါ်၌ မြင်ရနိုင်လေသည်။ သူက ပါးမှ သွေးစက်တစ်စက်ကို သုတ်၍ မျက်လုံးများ ပိတ်လိုက်သည်။
နဝမတောင်ပင်လယ်ရှိ ပရိသတ်ထုကြီးမှာ မန်ဟို့ကို ကြောက်လန့်တုန်လှုပ်စွာ ကြည့်ရင်း အာမေဍိတ်သံများထွက်လာကြသည်။
"အဲ့ဒါ ... လက်သီးတစ်ချက်တည်းပဲမလား"
"မြတ်စွာဘုရား။ ဒီဖန်မုက ဘယ်လောက်တောင် အစွမ်းထက်တာတုန်း။ ပင်လယ်ခုနစ်စင်းဂိုဏ်းက အဲဒီရွေးချယ်ခံက အတုအယောင်အင်မော်တယ်တစ်ဦးနဲ့တောင် ယှဉ်နိုင်တာကို လက်သီးတစ်ချက်တည်းနဲ့ ပေါက်ကွဲသွားရတယ်တဲ့လား။ ဖန်မုက အခုထက်ထိ နှစ်ကြိမ်တောင် မထိုးရသေးဘူးနော်"
"ပြိုင်ပွဲလေးပွဲ။ တစ်ပွဲကို တစ်ကြိမ်စီပဲ ထိုးခဲ့ရသေးတယ်။ ဖန်မုက အစွမ်းထက်လွန်းနေတယ်ဟေး"
"သူက လက်သီးချက်လေးချက်တည်းနဲ့ ထိပ်ဆုံးတစ်ရာထဲ ပါနေပြီ"
ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများ၏ မျက်လုံးများပင်လျှင် ဝိုင်းစက်ပြူးကျယ်နေ၏။
မန်ဟိုကား ဂိုဏ်းအသီးသီးမှ ရွေးချယ်ခံအားလုံး၏ အာရုံစိုက်ရာ ဖြစ်လာပြီး ယခုတွင် အများစုက သူ့ကို အဓိကပြိုင်ဘက်အဖြစ် မြင်နေကြလေပြီ။ ကျောက်ရီဖန်းပင်လျှင် ပင်လယ်ခုနစ်စင်းဂိုဏ်း၏ ရွေးချယ်ခံကို လက်သီးတစ်ချက်တည်းနှင့် အနိုင်ယူနိုင်မည်လား စဉ်းစားနေသည်။ မှန်ပါသည်၊ ဓားသုံးလျှင်တော့ အနိုင်ယူလိမ့်မည်ဟု သူ ယုံကြည်ချက်ရှိ၏။
လေးကြော့မြောက် ပြိုင်ကွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် တဝုန်းဝုန်း မြည်သံများ ပဲ့တင်ထပ်နေသည်။ မျက်စိကျဖွယ် နောက်ပြိုင်ပွဲတစ်ပွဲရှိ၏။ အမှန်တွင် မန်ဟို၏ပြိုင်ပွဲ ပြီးဆုံးသွားသော် အပြင်ဘက် နဝမတောင်ပင်လယ်မှ ပရိသတ်များ၏ မျက်လုံးများစွာမှာ ၎င်းကို လှမ်းကြည့်နေကြလေသည်။
ထိုတိုက်ပွဲသည် အထွတ်အမြတ်မြေ၊ နေသူရိန်တောင်မှ ဂိုဏ်းသား၊ ထင်ပေါ်ကျော်ကြားသော ထိုက်ယန်ကျစ်၏ တိုက်ပွဲဖြစ်၏။
ထိုက်ယန်ကျစ်၏တစ်ကိုယ်လုံးမှာ စူးရှတောက်ပနေရာ သူ့အား နေတစ်စင်းပမာ ဖြစ်နေစေသည်။ သူ၏ပြိုင်ဘက်ကတော့ မန်ဟို အစောပိုင်းက သတိထားမိခဲ့ပြီး အထူးအာရုံစိုက်နေသော ကောင်လေးတစ်ဦးပင်။
မန်ဟို ပြောနိုင်သည်အရ ထိုကောင်လေးတွင် အနည်းဆုံး အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားသုံးဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားလေသည်။
တိုက်ပွဲစစချင်းတုန်းက စောင့်ကြည့်နေကြသူအများစုမှာ ထိုက်ယန်ကျစ် အနိုင်ရလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ထင်ထားသည်နှင့်တခြားစီ၊ သူကား ရှုံးနိမ့်သွား၏။
ထိုမျှသာမက ၎င်းမှာ အပြတ်အသတ် ရှုံးနိမ့်ခြင်းဖြစ်သည်။ သူသာ 'အရှုံးပေးတယ်' ဟု မအော်လိုက်လျှင် အသက်နှင့်ကိုယ် အိုးစားကွဲသွားလောက်ချေပြီ။ ကောင်လေး၏ မှော်သိုင်းက သွေးအလင်းရောင်တစ်ရောင်အား ဖြန့်ကျက်လိုက်ပြီး သွေးအား အငမ်းမရ ဆာလောင်နေပုံပင်။ ထိုမြင်ကွင်းက လူအုပ်ကြီးအား အုတ်အော်သောင်းနင်း ဖြစ်သွားစေပြီး ပြိုင်ကွင်းများထဲရှိ ကျင့်ကြံသူအမြောက်အမြားမှာ တုန်လှုပ်သွားကြရ၏။
"ဂျူနီယာသွေးအင်မော်တယ်။ အဲဒါက နတ်မီးလျှံစမ်းသပ်ပွဲမှာ ထင်ရှားလာတဲ့ နာမည်တွေထဲက တစ်ခုပဲ"
"သူက ထိုက်ယန်ကျစ်ကို တကယ်ကြီး အနိုင်ယူလိုက်တာလား"
"သူကတော့ ထိပ်ဆုံးကို ရောက်တော့မှာပဲ"
အပြင်ရှိ ပရိသတ်ထုကြီး ဆွေးနွေးနေကြစဉ် မန်ဟိုက လူငယ်ကို လှမ်းကြည့်လိုက်ရာ လူငယ်သည် သူ့ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ပြန်ကြည့်နေကြောင်း တွေ့လိုက်ရ၏။
နှစ်နာရီကြာသော် လေးခုမြောက်အကြော့ ပြီးဆုံးသွားသည်။ ယခုတွင် ပြိုင်ပွဲ၌ လူခြောက်ဆယ်မျှသာ ကျန်တော့လေသည်။ နောက်တစ်ကြော့ကား ... ထိပ်ဆုံး ၃၂ ယောက်ကို အဆုံးအဖြတ်ပေးမှာ ဖြစ်၏။
လူတစ်ထောင်ကျော်ထဲမှ ၃၂ ယောက်သာ ရှေ့ဆက်သွားနိုင်ပေမည်။ ထိုအရေအတွက်ကြားမှ တစ်စုံတစ်ယောက်သာ ကြက်ကန်းဆန်အိုးတိုး၍ အစွမ်းပိုထက်သောလူကို အနိုင်ယူနိုင်ခဲ့လျှင် ထိုကံကောင်းမှုကို သူတို့၏စွမ်းအားအဖြစ် မှတ်ယူနိုင်လေသည်။
"ထိပ်ဆုံး ၃၂ ယောက်ကို အဆုံးအဖြတ်ပေးတော့မယ်"
"ဂိုဏ်းကြီးတွေက ထိပ်တန်းရွေးချယ်ခံတချို့တောင် အရှေ့တိုက်ပွဲတွေမှာ အနိုင်ယူခံခဲ့ရတယ်။ ဘယ်သူတွေ ထိပ်ဆုံး ၃၂ ယောက်ထဲ ပါမလဲ သိချင်လိုက်တာ"
အပြင်ရှိ ပရိသတ်များ ဆူညံနေစဉ် လင်းယွင်ကျစ်သည် ရှေးဟောင်းတာအိုသစ်ပင်ကြီး၏ အောက်တွင် ရပ်၍ ကျန်ရှိခဲ့သော ပြိုင်ပွဲဝင်ခြောက်ဆယ်ကျော်ကို လှမ်းကြည့်လိုက်သည်။
"တာအိုရှာဖွေခြင်းအဆင့် ပြိုင်ကွင်းတိုက်ပွဲမှာ" သူက ကြေညာသည်။ "အစွမ်းထက်ဆုံးလူတွေပဲ ထိပ်ဆုံး ၃၂ ယောက်ထဲ ပါလိမ့်မယ်။ ကံဆိုးတာက လူသုံးယောက်ပိုနေတော့ ပြိုင်ပွဲက မညီမျှဘူး ဖြစ်နေတယ်။ ဒါကြောင့် မင်းတို့ထဲက တချို့အနေနဲ့ ထိပ်ဆုံး ၃၂ ယောက်ထဲ ပါဖို့ တစ်ပွဲထက်ပိုပြီး တိုက်ရလိ့မ်မယ်။ ဘယ်သူတွေ ဖြစ်မလဲဆိုတာတော့ မိုးကောင်းကင်ပဲ သိနိုင်တယ်။ တာအိုသစ်ပင်ရဲ့ နေရာရွှေ့ပြောင်းခြင်းအပေါ်လည်း မူတည်တယ်
"အနားယူဖို့ အချိန်လေးနာရီရမယ်။ အဲ့ဒါပြီးရင် ထိပ်ဆုံး ၃၂ ယောက်ကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲတွေ စမယ်"
ထိုလေးနာရီအတွင်း မန်ဟိုသည် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ လူပေါင်းများစွာ သူ့ကို အကဲခတ်နေကြကြောင်း ခံစားရသော်လည်း သူက မျက်လုံးမဖွင့်ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်အရဆိုလျှင် ပြိုင်ကွင်းတိုက်ပွဲများအတွင်းရှိ ပြိုင်ပွဲဝင်အားလုံး၏ ထိပ်ဆုံးတွင်ဖြစ်ကြောင်း သိသာသည်။ အင်မော်တယ်ကျောက်စိမ်းများနှင့် အဖိုးထိုက်ရတနာများကြောင့်သာမဟုတ်လျှင် သူကား ဘယ်တော့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မည်မဟုတ်ပေ။
သို့သော် ယခုတော့ ဤနေရာသို့ ရောက်နေပြီဖြစ်ပြီး သူ့ကို စိတ်ဝင်စားမိစေသောလူ မရှိသလောက် နည်းပါးလေသည်။ ကံဆိုးသည်ကား သူ့အနေဖြင့် သူတို့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရပေဦးမည်။
လေးနာရီကြာသော် တောက်ပနေသော အလင်းရောင်က တာအိုသစ်ပင်၏ သစ်ရွက်များကို ဖုံးလွှမ်းရင်း မန်ဟိုနှင့် ကျန်ပြိုင်ပွဲဝင်များအား နောက်တစ်ထပ်သို့ နေရာရွှေ့ပြောင်းပေးလိုက်သည်။ မန်ဟို့အရှေ့၌ တောက်ပနေသော အလင်းရောင်ထဲမှ မိန်းကလေးတစ်ဦး ထွက်လာ၏။
သူမသည် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အဖြူရောင်မျက်နှာဖုံး တပ်ထားသည်။ ဤသည်မှာ သွေးသစ်ခွဘုရားကျောင်းမှ ရွေးချယ်ခံဖြစ်ပြီး သူမက မန်ဟို့ကို မြင်လျှင်ချင်း တုံ့ခနဲ ရပ်လိုက်သည်။ သို့သော် သူမအတွက် တိုက်ခိုက်လိုသော စိတ်စွမ်းအားကို ထုတ်ဖော်ရန် တခဏသာ ကြာလိုက်၏။
စိတ်ဆန္ဒ၏ပြင်းအားက မန်ဟို၏မျက်လုံးများကို ကြမ်းကြုတ်စွာ တောက်ပလာစေသည်။
"တာအိုရောင်ရင်းဖန်" သူမ၏စကားသံလေးက မျက်နှာဖုံး၏နောက်ကွယ်မှ အေးတိအေးစက် ပဲ့တင်ထပ်လာသည်။ "ကျေးဇူးပြုပြီး တိုက်နည်းခိုက်နည်းလေး သင်ပြပေးပါ" သူမသည် စကားပြောလိုက်သည့်အချိန်မှာပင် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ သွေးသစ်ခွတစ်ပွင့်အား သူမ၏အရှေ့တွင် ပေါ်လာစေ၏။ ပန်းက ရှေ့နောက် ယိမ်းရင်း လျင်မြန်စွာ တောက်ပလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ဂျိန်းခနဲ မီတာသုံးဆယ်အရွယ်အထိ ကြီးထွားလာခဲ့လေပြီ။
၎င်းတွင် တုတ်ခိုင်သော ပင်စည်၊ သွေးရောင်လွှမ်းသော ပွင့်ချပ်များ ရှိပြီး လွှမ်းမိုးခြယ်လှယ်နေသလို ၊ အသက်ရှူမှားဖွယ်ကောင်းပေ၏။ တစ်ချိန်တည်းမှာပင် ပန်းသည် မန်ဟို့ထံသို့ အကိုင်းအခက်များကို ပို့လွှတ်ရင်း တွန့်လိမ်ကောက်ကွေးလာသည်။
မန်ဟိုက လက်သီးဆုပ်၍ ရှေ့တစ်လှမ်းတက်ပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဤအခိုက်အတန့်တွင် အပြင်လောကရှိ လူတိုင်း ကြည့်နေကြစဥ် လေပွေကြီးတစ်ခု ပေါ်လာသည်။ တဝေါဝေါ မြည်သံများ ဆူညံလာပြီး လေထုသည် တုန်ခါလာကာ အရာအားလုံး ပြင်းပြင်းထန်ထန် လှုပ်ရမ်းလာတော့၏။
လာနေသော သွေးသစ်ခွကိုင်းများမှာ တွန့်လိမ်ပြီး ပြတ်တောက်သွားလေသည်။ သို့သော် ထိုအခိုက်အတန့်တွင် သွေးသစ်ခွ၏ ပွင့်ချပ်များက ကားထွက်လာပြီး ပွင့်လန်းလာသည်။ ၎င်းအထဲမှ ထွက်လာသော သွေးစက်တစ်စက်က မိန်းကလေး၏ မျက်နှာဖုံးအပေါ် ကျသွား၏။ ထို့နောက် မိန်းကလေးသည် ပြင်းထန်သောအရှိန်အဝါကို ထုတ်လွှတ်ရင်း မန်ဟို့ဆီ ပြေးတက်လာသည်။
မန်ဟိုက နောက်လည်းမဆုတ်၊ ရှေ့လည်း မတက်ဘဲ ရပ်နေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် ဒုတိယလက်သီးအား ပစ်သွင်းလိုက်၏။
ဒုတိယလက်သီးချက်က လေထုကို လှိုင်းထသွားစေပြီး ကြီးမားသော အားကြီးတစ်ရပ်က မိန်းကလေးကို ရိုက်ခတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူမမှာ နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်လွှတ်ရန် ပြင်လိုက်စဉ် ပြင်းထန်သော ဖိအားတစ်ခုက သူမ၏ ကျင့်ကြံခြင်းအခြေခံအပေါ် သက်ရောက်လာ၏။ မျက်စိတစ်မှိတ်အတွင်း သူမမှာ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်နိုင်စွမ်းမရှိတော့သဖြင့် အလွန်အမင်း အံ့အားသင့်သွားရသည်သာမက သူမကို ဝင်ဆောင့်တိုက်လိုက်သည့် လက်သီးချက်ကိုလည်း မရှောင်နိုင်တော့ပေ။
အုန်းခနဲ အသံအကျယ်ကြီး ကြားလိုက်ရသည်။ မျက်နှာဖုံးနောက်တွင် မိန်းကလေး၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူမမှာ နောက်သို့ မီတာသုံးဆယ်တိတိ ဆုတ်ပြီးနောက်မှ ဟောဟဲလှိုက်လျက် မန်ဟို့ကို မော့ကြည့်လိုက်နိုင်သည်။
"မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး" မန်ဟိုက အေးစက်စက် ပြောသည်။
မိန်းကလေးက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ခါးသက်သက် ရယ်ကာ ခေါင်းညိတ်လိုက်၏ ။
"အရှုံးပေးတယ်" သူမက ပြောပြီးနောက် ပျောက်ကွယ်သွားသည်။ သူမ ပြန်ပေါ်လာသောအခါ သူမကား သစ်ရွက်ပထမအထပ်သို့ ပြန်ရောက်နေချေပြီ။
မန်ဟိုသည် ထပ်၍ နိုင်သွားပြန်သော်လည်း ပရိသတ်ထုကြီး မတုံ့ပြန်နိုင်ခင် သစ်ရွက်ပေါ်၌ တောက်ပသောအလင်းရောင်က ထပ်မံပေါ်လာပြီး .... နောက်တစ်ယောက် ထွက်လာသည်။
၎င်းသည် ထိုက်ယန်ကျစ်ကို အနိုင်ယူခဲ့သော ဂျူနီယာသွေးအင်မော်တယ်ဆိုသည့် ကောင်လေးဖြစ်၏။
သူ၏ပေါ်ပေါက်လာမှုက လူအုပ်ကြီးကို ချက်ချင်း ပွက်လောရိုက်သွားစေသည်။
"ဖန်မုက နှစ်ကြိမ်တိုက်ရတဲ့ လူတွေထဲက တစ်ယောက်ပဲ"
"ပြိုင်ပွဲသုံးယောက် ပိုနေတာဆိုတော့ တချို့က ထိပ်ဆုံး ၃၂ ယောက်ထဲ ဝင်ဖို့ တစ်ကြိမ်ထက်ပိုပြီး တိုက်ခိုက်ရလိမ့်မယ်။ ဖန်မုက အဲဒီလူတွေထဲ ပါလိမ့်မယ်လို့ ထင်တောင်မထားဘူး"
"ဒါ သေချာပေါက် အကြိတ်အနယ် တိုက်ပွဲတစ်ပွဲ ဖြစ်တော့မှာပဲ။ ဖန်မုနဲ့ ဂျူနီယာသွေးအင်မော်တယ်တဲ့လေ။ ဘယ်သူက အစွမ်းအထက်ဆုံး သိချင်နေပြီ"
ဂျူနီယာသွေးအင်မော်တယ်က ဖြေးညင်းစွာ ထွက်လာပြီး မန်ဟိုကို မြင်လျှင် အကျည်းတန်စွာ ပြုံးလိုက်၏။ အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် တောက်ပလာသည်။
"နောက်ဆုံးတော့ တွေ့ကြပြီပေါ့" သူက နှုတ်ခမ်းသပ်ရင်း ဩရှရှ အသံတစ်သံဖြင့် ပြောသည်။ မန်ဟို့ကို စိုက်ကြည့်နေစဉ် ထိတ်လန့်ဖွယ် အနီရောင်အလင်းအား သူ၏မျက်လုံးများတွင် မြင်ရနိုင်၏။
မန်ဟိုက ကောင်လေးကို လှမ်းကြည့်သည်။ ထိုကောင်လေးသည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တတ်ပြီး ထိုက်ယန်ကျစ်မှအပ သူ၏ပြိုင်ဘက်အားလုံးကို သွေးအကျိအချွဲများ ဖြစ်စေခဲ့ကြောင်း သူ သိ၏။
ကောင်လေးကား နတ်မီးလျှံစမ်းသပ်ပွဲ၏ အရှေ့ဆယ်ဆင့်တွင် မထင်ပေါ်ခဲ့ပေ။ သူက ထိပ်ဆုံး အယောက်တစ်ထောင်တွင် ကပ်သီ၍သာ ပါခဲ့ခြင်းဖြစ်ရာ အစွမ်းအစများကို ဖုံးကွယ်ထားခဲ့ကြောင်း သိသာသည်။
မန်ဟို၏အမူအရာမှာ တည်ငြိမ်အေးဆေးလျက်သာ ရှိပြီး သူက ဘာမှမပြောဘဲ ကောင်လေးကို မထူးခြားနားစွာ ကြည့်နေ၏။
သူတို့အကြည့်ချင်းဆုံသောအခါ နတ်ဘုရားအာရုံအချင်းချင်း ဝင်တိုက်သွားသဖြင့် နှစ်ယောက်လုံး၏စိတ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။ ကောင်လေး၏မျက်လုံးများတွင် အံ့ဩခြင်းတို့ ဖြတ်ပြေးသွား၏။ သူ၏ပြိုင်ဘက်မှာ အစွမ်းထက်ကြောင်း သိလိုက်ရသော်လည်း သူကား သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေဆဲပင်။ သူသည် နတ်ဘုရားအာရုံများကြောင့် ထစ်ချုန်းသွားသည်ကို အခွင့်ကောင်းယူကာ မုဒြာလက်ကွက်တစ်ကွက် ဖော်ရန် ညာလက်ကို မြှောက်ရင်း မန်ဟို့ဆီ ပြေးတက်သွား၏။ သွေးအလင်းရောင် လင်းလက်လာပြီး မျက်စိတစ်မှိတ်အတွင်း သွေးရောင်ဘူးသီးခြောက်တစ်လုံးက ချာချာလည်ရင်း ပေါ်လာကာ လေကိုခွင်း၍ မန်ဟို့ဆီ ပြေးဝင်သွားလေသည်။
မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် ရှေ့တစ်လှမ်းတက်လိုက်သည်။ ထိုအခိုက်အတန့်တွင် ပြိုင်ကွင်းသစ်ရွက်တစ်ရွက်လုံး တုန်ခါလာလေသည်။
"ငါ့ရဲ့ ဒီနတ်ဘုရားစွမ်းရည်က မင်းခန္ဓာကိုယ်ထဲက သွေးတွေအကုန်လုံးကို ဆူပွက်လာစေပြီး သွေးပုပ်အကျိအချွဲအဖြစ် ပြောင်းပေးလိမ့်မယ်" ဂျူနီယာသွေးအင်မော်တယ်၏အသံမှာ စူးနေ၏။ မျက်တစ်ခတ်အတွင်း သွေးရောင်ဘူးသီးခြောက်သည် ၎င်း၏အတွင်းသို့ မန်ဟို့ကို စုပ်ယူနေသည့်အလား ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်စပြုလာသည်။
မန်ဟိုသည် အေးစက်စက် နှာမှုတ်လိုက်၏။ သူက မည်သည့်လက်သီးချက်မှ မပစ်သွင်းပေ။ ဤဂျူနီယာသွေးအင်မော်တယ်တွင် ဆန်းပြားသောကျင့်ကြံခြင်းအခြေခံတစ်ခုရှိ၍ မန်ဟိုသည် သူ့ကို ပေါ့ပေါ့တန်တန် သဘောမထားပေ။ သူ့ပတ်ပတ်လည်ရှိ လေသည် ရှေ့သို့ ဝုန်းဒိုင်းကြဲ ထွက်သွားသော လေဆင်နှာမောင်းတစ်လုံး အသွင်ပြောင်းသွား၏။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်က အနက်ရောင်လင်းတကြီးတစ်ကောင်ဖြစ်လာကာ တောင်ပံ တဖတ်ဖတ် ခတ်လျက် ဆွဲအားကို ခွင်း၍ ပျံသန်းသွားပြီးနောက် ကောင်လေး၏ အရှေ့တည့်တည့်တွင် ပေါ်လာ၍ ကျောက်ဆောင်များ၊ သတ္တုများကို ချေမွပစ်နိုင်လောက်အောင် ချွန်ထက်သော ခြေသည်းများဖြင့် ပိုင်းချလိုက်သည်။