← Chapters

ထိပ်ဆုံး ၃၂ ယောက်

Vol. 62 Ch. 869

ထိပ်ဆုံး ၃၂ ယောက်

Vol. 62 Ch. 869

ကောင်လေး၏မျက်နှာထားမှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက လာနေသော လင်းတကြီးအား ဟိန်းဟောက်လိုက်သဖြင့် သွေးကြောပြာကြီးများ သူ၏နဖူးထက်တွင် ဖောင်းကြွလာသည်။ လေထုကို ကြေမွသွားစေနိုင်သော အသံလှိုင်းများ ဖြာထွက်လာ၏။ ကောင်လေးက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် လက်နှစ်ဖက်လုံးကို မြှောက်လိုက်ရာ သွေးပင်လယ်တစ်စင်း ပေါ်လာပြီး မန်ဟိုထံ စီးဆင်းသွားသည်။

သူတို့နှစ်ယောက် လေလယ်တွင် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေသဖြင့် ထစ်ချုန်းသံများ မြည်သည်းလျက်ရှိသည်။ တစ်နေရာတွင် ကောင်လေးက စူးစူးဝါးဝါး အော်လိုက်သဖြင့် သွေးပင်လယ်မှာ မန်ဟို့ကို စုပ်ယူဖို့ ကြိုးစားနေသော သွေးရောင်ဝဲကြီးတစ်ခု ဖြစ်လာ၏။

မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ကာ မရေမတွက်နိုင်သော တောင်များအား ပေါ်လာစေပြီးနောက် တောင်တန်းတစ်တန်းအဖြစ် ချိတ်ဆက်သွားစေသည်။ သို့သော် အနက်ရောင်ငှက်မွှေး၏ ကျေးဇူးကြောင့် ထိုတောင်တန်းမှာ သွေးရောင်ဝဲကို တန်ပြန်တိုက်ခိုက်လိုက်သော မြစ်ကြီးတစ်စင်းနှင့် တူနေ၏။ ဝဲမှာ မြက်ခြောက်များလို စိစိညက်ညက် ကြေသွားသည့်အခါ လင်းတကြီးအသွင်မန်ဟိုက ကောင်လေး၏ရင်ဘတ်ထံသို့ ခြေသည်းများကို ဆန့်တန်းရင်း လေကို ခွင်းလာသည်။

ဘုန်း

ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ပေါက်သွားသဖြင့် ကောင်လေး၏ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သူသည် ချက်ချင်း နောက်ဆုတ်ရင်း လျှာကို ကိုက်၍ သွေးတချို့ ထွေးထုတ်လိုက်ရာ ‌၎င်းတို့က လေလယ်တွင် တွန့်လိမ်ရှုံ့တွသွားရင်း သွေးစက်ဆယ်စက် ဖြစ်လာသည်။ သွေးစက်တစ်စက်စီသည် အရာအားလုံးကို လွှမ်းခြုံသွားသော သွေးပင်လယ်ဆယ်စင်းအဖြစ် လျင်မြန်စွာ ပြန့်ကားစပြုလာ၏။

"‌ပင်လယ်ဆယ်စင်း၊ သွေးလူသတ်သမား" ကောင်လေးက ဟိန်းဟောက်လိုက်သည်။ မန်ဟိုမှာတော့ တည်ငြိမ်အေးဆေးလျက်သာ ရှိပြီး နောက်မဆုတ်ပေ။ ထိုအစား သူသည် အနိုင်ယူ၍မရနိုင်သော အရှိန်အဝါတစ်ခုအား ထုတ်ဖော်လျက် ရှေ့တက်သွား၏။ ပြီးလျှင် သွေးပင်လယ်ဆယ်စင်းကို မျက်နှာချင်းဆိုင်ကာ လက်သီးဆုပ်၍ လေထုအား ထိုးချလိုက်သည်။ ထို့နောက် ‌ထပ်ထိုးလိုက်ပြန်သည်။

လက်သီးချက်လေးနှစ်ချက်မှာ ဟုန်းဟုန်းတောက်နေသော သွေးပင်လယ်ဆယ်စင်းကို တိုက်ခိုက်နိုင်ပုံမရပေ။ သို့သော် ကောင်လေးသည် လက်သီးချက်နှစ်ချက်နှင့်ပတ်သက်၍ တစ်ခုခု မူမမှန်ကြောင်း သဘောပေါက်လိုက်သော်လည်း မည်သည့်အရာမှန်း မသေချာသဖြင့် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွား၏။

မျက်စိတစ်မှိတ်အတွင်း ၊ သူ မတုံ့ပြန်နိုင်ခင် မန်ဟိုက စုစုပေါင်းကိုးကြိမ် ထိုးနှက်ခဲ့ပြီးလေပြီ။ သူကား သူ့ပတ်ပတ်လည်ရှိ သွေးပင်လယ်များကို အဖက်မလုပ်ဘဲ ရှေ့တည့်တည့်သို့ ပစ်သွင်းနေခြင်းဖြစ်သည်။

လက်သီးချက်ကိုးချက်၊ တစ်ချက်စီသည် အရှေ့တစ်ချက်ထက် တုန်လှုပ်ဖွယ်အတိပင်။

ဤသည်ကား ..... ကောင်းကင်ဘုံကိုးဆင့်ပျက်စီးခြင်းလက်သီးပင်။

ကိုးချက်မြောက် လက်သီးထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်လေး၏မျက်နှာပျက်သွားသည်။ သူသည် သူငယ်အိမ်များ ကျုံ့လျက် အမြန်ဆုံး နောက်ဆုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် အလွန်အားကောင်းလှသဖြင့် ပြိုင်ကွင်းတိုက်ပွဲများ၏ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပင် ကြားလိုက်ရပြီး အံ့ဩတုန်လှုပ်သွားရသည်အထိ ကြီးမားသော ပေါက်ကွဲမှုကြီး ပဲ့တင်ထပ်လာသည်။

လက်သီးချက်ကိုးချက်၏ ရလဒ်အနေဖြင့် ဝဲကြီးတစ်ဝဲ ဖြစ်ပေါ်လာသည်။ သွေးပင်လယ်များမှာ ဝဲကြီး၏စုပ်ယူခြင်းခံရုံမှတစ်ပါး တခြားမတတ်နိုင်ကြပေ။ မန်ဟိုကမူ ဝဲ၏ဘေးတွင် ရပ်လျက် ကောင်လေး ထွက်ပြေးသွားသည်ကို တည်ငြိမ်အေးဆေးစွာ ကြည့်သည်။ ထို့နောက် သူသည် လက်ကို မြှောက်၍ ဖမ်းဆုပ်လိုက်သောအသွင်ဖြင့် ဆန့်ထုတ်လိုက်၏။

ကြယ်ခူးသိုင်း

ဘုန်း

သွေးများ ‌ကောင်လေး၏ပါးစပ်မှ ပန်းထွက်သွားလေသည်။ သူမှာ ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရတော့ဘဲ မန်ဟို့ထံသို့ ပြန်ဆွဲခေါ်ခြင်းခံလိုက်ရသဖြင့် အံ့အားသင့်နေသော အမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းနေ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် မန်ဟို၏အရှေ့တည့်တည့်သို့ ရောက်သွားခဲ့ပြီး မန်ဟို့မျက်လုံးများထဲရှိ သွေးအေးသောအကြည့်ကိုပင် မြင်ရသည်အထိ နီးကပ်သွား၏။

"သေချင်နေတာပဲ" ကောင်လေးက မျက်လုံးတို့ ရဲတွတ်နေလျက် ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် သူ၏အရေပြားသည် ကြက်သွေးရောင်သမ်းလာပြီး အနက်ရောင်မြူများက သူ၏ခေါင်းထိပ်မှ လွင့်လူတက်လာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမပုံရိပ်ကြီးတစ်ခု သူ၏အပေါ်တွင် ဖြစ်တည်လာလေသည်။

၎င်းကား ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေသည့် အကြေးခွံအပြည့်ဖြင့် ဧရာမမျှော့ကြီးတစ်ကောင်ဖြစ်သည်။ နဝမတောင်ပင်လယ်၏ ကျင့်ကြံသူများမှာ ၎င်းကို မြင်လျှင် တုန်လှုပ်ချောက်ချားကုန်ကြ၏။

"သွေးမျှော့မဟာမှော်သိုင်း"

"အဲဒါ တားမြစ်မှော်သိုင်းပဲ။ အဲဒီကောင်လေးက တကယ်ပဲ တားမြစ်ထားတဲ့ မှော်သိုင်းကို သုံးနေတာလား"

ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများက ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

"အဲဒီကောင်လေးက တစ်ချိန်လုံး လူမသိသူမသိ နေနေခဲ့တာပဲ။ အဲဒီလို ကြောက်စရာမှော်သိုင်းတစ်ခုကို ကျင့်ကြံနိုင်မှတော့ ထိုက်ယန်ကျစ်ကို အနိုင်ယူနိုင်တာ အံ့ဩစရာမရှိဘူး"

"ဒါပေမဲ့ သွေးမျှော့သူတော်စင်က ဟိုးလွန်ခဲ့တဲ့နှစ်တုန်းက တာအိုဆရာအစည်းအရုံးသုံးခုရဲ့ ကွပ်မျက်ခံခဲ့ရတာလေ။ သူရဲ့နတ်ဘုရားကိုယ်ပွားတွေ အသက်ရှင်လွတ်မြောက်သွားခဲ့ရင်တောင်မှ ဒီလိုမျိုးလုပ်နိုင်မှာမဟုတ်ဘူး။ ဒီကောင်လေးက ကြည့်ရတာ ကိုယ်ပွားတစ်ခုကို ရသွားတာပဲဖြစ်မယ်။ သွေးမျှော့မဟာမှော်သိုင်းရဲ့ ပုံစံ (၁) ပဲရှိသေးပေမယ့် ဖန်မုတော့ ဒုက္ခအကြီးအကျယ်ရောက်ပြီ"

"ဒဏ္ဍာရီတွေအရ ဒီမှော်သိုင်းကို ချုပ်နှောင်နိုင်တဲ့ တစ်ခုတည်းသောအရာက သွေးမိစ္ဆာတာအိုတဲ့။ မဟုတ်ရင် လက်ဖျားခါလောက်အောင် ကျင့်ကြံခြင်းအခြေခံအစွမ်းထက်နေမှ"

ပြိုင်ကွင်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုအား ကောင်လေး၏မျက်နှာပေါ်တွင် မြင်ရနိုင်၏။ ဤသည်မှာ ထိပ်ဆုံး (၄) ယောက်ထဲမှ တစ်ယောက်အတွက် ရည်ရွယ်ထားခဲ့သည့် သူ၏ဝှက်ဖဲတစ်ချပ်ဖြစ်သည်။ သို့သော် ယခု သူ့မှာ ချောင်ပိတ်ခံထားရ၍ တခြားရွေးချယ်စရာမရှိတော့ပေ။ သူ၏ မန်ဟို့အပေါ် သတ်ဖြတ်လိုစိတ်မှာ ပို၍ပင် ကြီးထွားလာသည်။

"မင်းကို သတ်ရတာ ငါ့ မဟာမှော်သိုင်းအတွက် အလကားမဖြစ်ဘူး" ကောင်လေးက ကောက်ကျစ်သောအပြုံးတစ်ခုဖြင့် ပြောသည်။ "မင်းရဲ့ ဂုဏ်သတင်းကို ထည့်တွက်ရင် မင်းကို သတ်ပြီးလို့ကတော့ ငါ နာမည်ကြီးပြီပဲ" ဧရာမပုံရိပ်ယောင်သွေးမျှော့ကြီးက ပါးစပ်ဟ၍ ချွန်ထက်နေသော သွားများကို ဖြဲကာ မန်ဟို့ထံ ခုန်အုပ်လိုက်သည်။

မန်ဟိုက မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။ ဤမျှော့သည် သူ၏သွေးများကို မငြိမ်မသက်ဖြစ်စေပြီး သူ့ကိုယ်ထံမှ အချိန်မရွေး ထိုးထွက်သွားတော့မည့်အလား ခံစားရစေသည်။ သူသည် အေးစက်စက် နှာမှုတ်လိုက်ရာ သူ၏ဓမ္မဆင်းတုက သူ့အနောက် ဂျိန်းခနဲ ပေါ်လာ၏။

အနက်ရောင်ငှက်မွှေး၏ အသွင်ပြောင်းစွမ်းအားကြောင့် ဓမ္မဆင်းတုမှာ ယခုတွင် ဖန်မုနှင့် တစ်ပုံစံတည်း တူလေသည်။ ၎င်းသည် မီတာသုံးရာမြင့်ပြီး အဆုံးမဲ့မှော်အလင်းရောင်အား ထုတ်လွှတ်နေ၏။ ၎င်းက ပေါ်လာလျှင်ချင်း ရှေ့တက်ကာ ဧရာမမျှော့ကြီးကို ထိုးချလိုက်သည်။

အုန်းခနဲ ကြားလိုက်ရပြီး ကောင်လေး၏ မျက်နှာပျက်ယွင်းသွားသည်။ သူ လွင့်ထွက်သွားစဉ် သွေးများက သူ့တစ်ကိုယ်လုံး စိုရွှဲသွားတော့သည်။ ဧရာမပုံရိပ်ယောင်မျှော့ကြီးမှာ တုန်ရီသွားပြီး အပိုင်းပိုင်းပြတ်ထွက်တော့မတတ် ဖြစ်သွား၏။

"အလျှော့မပေးနိုင်ဘူး။ ဖန်မု သေစမ်း" ကောင်လေးက ကြုံးဝါးလိုက်ရာ မရေမတွက်နိုင်သော စုတ်ပြဲဒဏ်ရာများ သူ့တစ်ကိုယ်လုံးတွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မျှော့ကြီး၏ပုံရိပ်သည် ကောင်လေးထံ ပြေးဝင်၍ တစ်သားတည်းဖြစ်သွားသော အပိုင်းအစများအဖြစ် ပြိုကွဲသွား၏။ နောက်အခိုက်အတန့်တွင် ကောင်လေးကား ဗြုန်းစားကြီး ပေါက်ကွဲသွားလေသည်။

ပေါက်ကွဲသွားသော အခိုက်အတန့်၌ ကောင်လေး၏ အသွေးအသားတို့သည် မရေမတွက်နိုင်သော သွေးရောင်မျှော့များအသွင်ပြောင်းသွား၏။ ၎င်းတို့က ဝှီးခနဲ မန်ဟို့ထံ ပြေးဝင်လာကြသည်။ မျှော့များအပြင် သွေးမြူတိမ်တစ်ခုက အရပ်လေးမျက်နှာသို့ ပြန့်ကားလာရာ စောင့်ကြည့်သူများမှာ မည်သည်တို့ ဖြစ်ပျက်နေသလဲ သဲသဲကွဲကွဲ မမြင်ရတော့ပေ။

ဤဖြစ်ရပ်က အပြင်လောကမှ စောင့်ကြည့်နေသူများအကြား အံ့ဩခြင်းကြီးစွာ ဖြစ်သွားစေသည်။ ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများပင်လျှင် အံ့အားသင့်သွားကြ၏။

"ပုံစံ (၂)"

"ဒီကောင်လေးက သွေးမျှော့မဟာမှော်သိုင်းကို ပုံစံ (၂) အထိ တောက်လျှောက် ကျင့်ကြံထားလိမ့်မယ်လို့ ထင်တောင်မထားဘူး"

ကြယ်တာရာကောင်းကင်နန်းတော်ထဲရှိ ခေါင်းဆောင်ကြီးများပင်လျှင် သွေးနီမြူထဲ၌ ဖြစ်ပျက်နေသောအရာကို မမြင်ရပေ။ တခြားနေရာတွင်ဆိုပါက မည်သည့်အရာမှ သူတို့၏နတ်ဘုရားအာရုံများကို ကာဆီးနိုင်မည်မဟုတ်။ သို့သော် ဤသည်မှာ အင်မော်တယ်အပျက်အစီးများနယ်ဖြစ်သည့်အတွက် သူတို့သည် နတ်ဘုရားအာရုံဖြင့်မဟုတ်ဘဲ မျက်လုံးဖြင့်သာ ကြည့်ရှုနိုင်လေသည်။

လင်းယွင်ကျစ်နှင့် ကျန်အဘိုးကြီးနှစ်ယောက်ပင် ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်။ သူတို့သည် မန်ဟို ရောက်ရှိသော အန္တရာယ်ကို စဉ်းစားရင်း မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားကြ၏။

အပြင်လောကမှာတော့ ဆူညံပွက်လောရိုက်နေသည်။

"ဖန်မု တကယ်ပဲ သေတော့မှာလား"

အပြင်လောကမှ လူများ မမြင်ရသည်မှာ သွေးမြူတိမ်၏အလယ်တွင် တစ်ကိုယ်လုံးသွေးရောင်တောက်လျက် လာနေသော သွေးမျှော့တစ်ထောင်ကျော်ကို အေးစက်စက် ကြည့်နေသည့် မန်ဟို့ကိုပင်။ မျှော့များမှာ ယခုတွင် ကြောက်လန့်တုန်ရီနေကြ၏။

ကောင်လေး၏ ချောက်ချားနေသော နတ်ဘုရားအာရုံမှာ မျှော့များမှ ထွက်လာသည်။

"သွေး... သွေးမိစ္ဆာမဟာမှော်သိုင်း။ ချမ်းသာပေးပါ၊ တာအိုရောင်ရင်းဖန်။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ...."

မန်ဟိုက သူ့ကို အဖက်မလုပ်ပေ။ သူသည် သူ၏နတ်ဘုရားအာရုံကို မျှော့များအား လွှမ်းခြုံသွားစေပြီးနောက် စိတ်ဆန္ဒအနည်းငယ် ထုတ်လွှတ်လိုက်၏။ မျှော့များကား တစ်ကောင်ပြီးတစ်ကောင် တဖောင်းဖောင်း ပေါက်ကွဲကုန်ကြလေသည်။ ၎င်းတို့ကား လေယူရာ လွင့်မျောသွားသော ပြာများထက် မပိုပေ။

သွေးမြူများ လွင့်ပါးပျောက်ကွယ်သွားသည့်အခါ မန်ဟိုက ပြိုင်ကွင်း၏ အစွန်းနားသို့ တည်ငြိမ်စွာ လမ်းလျှောက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်၏။

အပြင်လောကမှာတော့ အုတ်အုတ်ကျက်ကျက် ဖြစ်နေချေပြီ။

"ကောင်လေးရဲ့ မဟာမှော်သိုင်းက တကယ်ကြီး ရှုံးသွားတာလား"

"စောနကတင်ပဲ မျှော့အကောင်တစ်ကောင်ကျော်နေတာလေ။ ပြီးတော့ သွေးမြူတွေက အကုန်လုံးကို ဖုံးလွှမ်းလာလို့ ငါ‌တို့ ဘာမှမမြင်ခဲ့ရဘူး။ ဖန်မုက ဘယ်လိုလုပ်ပြီး အနိုင်ရသွားတာတုန်း"

"ဂျူနီယာသွေးအင်မော်တယ်က ထိုက်ယန်ကျစ်ကို အနိုင်ယူခဲ့ပြီး ဖန်မုက ဂျူနီယာသွေးအင်မော်တယ်ကို အနိုင်ယူလိုက်တယ် .... ဖန်မုက တကယ်အနိုင်ယူလို့မရဘူးပဲ"

အပြင်ရှိလူအုပ်ကြီးများမှာ ပင့်သက်ရှိုက်မောနေကြပြီး နန်းတော်ထဲရှိ ခေါင်းဆောင်ကြီးများမှာတော့ မျက်မှောင်ကြုတ်နေကြသည်။ သူတို့သည် မန်ဟို့ကို အတွေးနက်နေသော အမူအရာများဖြင့် ကြည့်နေကြ၏။

သူတို့အနေဖြင့် သွေးမြူအတွင်း၌ ဖြစ်ပျက်ခဲ့သော အရာကို ထိုးဖောက်မမြင်နိုင်ခဲ့သော်လည်း သွေးမျှော့်မဟာမှော်သိုင်း၏ ပုံစံ (၂) မှာ အလွန်ရင်ဆိုင်ရခက်ကြောင်း သိလေသည်။ ၎င်း တမုဟုတ်ချင်း အနိုင်ယူခံလိုက်ရသည့်အချက်က သူတို့ကိုပင် သို့လောသို့လော ဖြစ်သွားစေသည်။

လူတိုင်း ဤအကြောင်း တွေးနေကြစဉ် အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့မှ အဘိုးကြီးက ပြောသည်။

"ကောင်လေးရဲ့ ပုံစံ (၂) က မတည်ငြိမ်လို့ သူ့ကိုယ်သူ မတော်တဆ ဖောက်ခွဲလိုက်မိတာ ဖြစ်နိုင်တယ်" သူ၏အသံသည် တစ်လုံးချင်း ပဲ့တင်ထပ်လာ၏။

ဤအဖြေတစ်ခုတည်းကသာ ယုတ္တိရှိသည်။ သွေးမျှော့မဟာမှော်သိုင်း၏ ပုံစံ (၂) မှာ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ဖို့ အင်မတန် ခက်ခဲသည်မဟုတ်ပါလော။

ပြိုင်ကွင်းထဲတွင် မန်ဟိုသည် အေးအေးလူလူ ထိုင်နေ၏။ စောစောက သူနှင့်ကောင်လေး၏ တိုက်ပွဲမှာ အခြားပြိုင်ပွဲဝင်များအကြား အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ အထူးသဖြင့် ရွေးချယ်ခံများပင်။ ကောင်လေးက စောစောကတင် ထိုက်ယန်ကျစ်ကို အနိုင်ယူခဲ့ပြီး မန်ဟိုက သူ့ကို သတ်လိုက်ရာ ပို၍များပြားသော အာရုံများအား ဆွဲဆောင်လိုက်တော့သည်။

ရွေးချယ်ခံများမှာ သွေးမျှော့မဟာမှော်သိုင်းကို မြင်တွေ့ရရုံနှင့်တင် အတော်လေး တုန်လှုပ်ခဲ့ကြရ၏။ ထို့နောက်ပိုင်း ဖြစ်ပျက်သွားခဲ့သောအရာက သူတို့ကို မေးခွန်းများစွာဖြင့် ကျန်ရစ်စေခဲ့သည်။

ကျောက်ရီဖန်း၏ မျက်လုံးများ တောက်ပသွားပြီး မန်ဟို့ကို လှမ်းကြည့်နေစဉ် သူ၏တိုက်ခိုက်လိုစိတ်မှာ ပို၍အားကောင်းလာသည်။ သူက ဘာမှမပြောသော်လည်း သူ၏မျက်လုံးများ တလက်လက် တောက်ပလာမှုမှာ ပိုမိုပြင်းထန်လာ၏။

ဖန်းတုံးအာက မျက်မှောင်ကြုတ်နေသည်။ တစ်ဖက်တွင် သူမသည် မန်ဟိုအား ထူးဆန်းစွာနှင့် အမြင်ကပ်နေသော်လည်း အခြားတစ်ဖက်တွင် သူက သူမနှင့်အဆင့်တူကြောင်း ဝန်ခံရပေမည်။

လီလင်းအာနှင့် စွန်းဟိုက်လည်း သူ့ကို လှမ်းကြည့်လိုက်ကြသည်။ လီလင်းအာနှင့်ယှဉ်လျှင် စွန်းဟိုက်၏ခံစားချက်များမှာ များစွာပြင်းထန်၏။ သူ့အတွက် မန်ဟို့ကို ကြည့်နေခြင်းက ‌တောင်ကောင်းကင်ဂြိုဟ်ပေါ်က သူ၏အိပ်မက်ဆိုးများကို ပြန်အမှတ်ရစေလေသည်။

အခြားပြိုင်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ယခုတွင် မန်ဟို့တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်၍ အများ၏အာရုံစိုက်ခြင်းခံနေရသည့် အကြိတ်အနယ်တိုက်ပွဲနောက်တစ်ပွဲ ရှိသည်။ ၎င်းက မျက်နှာဖုံးလူငယ်လီရန် နှင့် မီးနတ်ဆိုးအရိုးများမြေမှ ငဖောင်ရိုးလူငယ်တို့၏ တိုက်ပွဲဖြစ်သည်။

လူငယ်က အင်အားကြီးမားသော မီးပင်လယ်တစ်စင်းဖြင့် တိုက်ခိုက်နေပြီး မီးများက သူ၏မျက်လုံးများတွင် ဟုန်းဟုန်းတောက်နေ၏။ လီရန်အတွက်မူ တိုက်ပွဲသည် သူ၏မျက်နှာဖုံးကို ချွတ်၍ အမာရွတ်တစ်ခု ဖုံးနေသော မျက်နှာနှင့် တိုက်ခိုက်လိုစိတ်တို့ တောက်ပနေသော မျက်လုံးများကို ဖော်ပြလိုက်ရသည့်အတိုင်းအတာအထိ ရောက်ရှိသွား၏။ သူတို့နှစ်ယောက် အံ့ဖွယ်တိုက်ကွက်များကို ထုတ်လွှတ်နေစဉ် လီရန်မှာ အားအင်ကုန်ခမ်းလာသည်။ သို့သော် မီးနတ်ဆိုးအရိုးများမြေမှ ရွေးချယ်ခံလည်း ဒဏ်ရာအပြင်းအထန် ရထားလေသည်။

လီရန်ရှုံးနိမ့်သွားမှုကြောင့် မန်ဟိုသည် သူ မည်မျှ‌အစွမ်းထက်သလဲ ကောင်းကောင်းနားလည်သွား၏။

နဝမတောင်ပင်လယ်ရှိ လူအုပ်ကြီးမှာ သက်ပြင်းချနေကြသည်။

"ဘယ်လောက်နှမြောစရာကောင်းလဲ။ လီရန်က ထိပ်ဆုံး ၃၂ ယောက်ထဲ ပါလောက်တဲ့အထိ အစွမ်းမထက်ပုံပဲ။ ဒါမဲ့ ဒီတိုက်ပွဲက မီးနတ်ဆိုးအရိုးများမြေက ချန်ဟိုနဲ့ တိုက်ခိုက်ရတဲ့အပြင် ချန်ဟိုက အံ့ဖွယ်လေ။ လီရန်က ရှုံးသွားတာတောင်မှ ချန်ဟိုကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်လိုက်နိုင်သေးတယ်"

"ကံဆိုးတာကိုပဲ အပြစ်ဖို့ရမယ်။ အနည်းဆုံးတော့ သူ့အနေနဲ့ ရှုံးတာကို ဂုဏ်ယူသင့်တယ်"

"နတ်မီးလျှံစမ်းသပ်ပွဲက ပြိုင်ပွဲဝင်ဘယ်နှယောက်လောက် အဆုံးသတ်မှာ ကျန်ခဲ့မလဲ မသိဘူး။ အနုသုခုမရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနဲ့ တာအိုရှာဖွေခြင်းအဆင့်အတွက် ပထမနေရာတွေက သူတို့အပိုင်ပဲဖြစ်မလား။ ရွေးချယ်ခံတွေရဲ့ အပိုင်ပဲဖြစ်မလား"

ကြယ်တာရာများအကြားက နန်းတော်ထဲတွင် ခေါင်းဆောင်ကြီးများသည် ဖြစ်ပျက်နေသော တိုက်ပွဲအမျိုးမျိုးကို တွေးတွေးဆဆ ကြည့်နေကြသော်လည်း သူတို့၏အမူအရာများက သူတို့ မည်သည်ကိုတွေးနေသည်လဲ ဖော်ပြခြင်းမရှိပေ။

ဆန့်ကျင်ဘက်တွင်တော့ အပြင်လောက၌ မည်သူ ထိပ်ဆုံး (၈) ယောက်ထဲ ဝင်မည်လဲ လောင်းကြေးထပ်နေကြလေပြီ။

မကြာမီ ပြိုင်ပွဲ၏ ဤအကြော့ ပြီးဆုံးသွားသည်။ အပိုသုံးယောက်နှင့်အတူ ပြိုင်ပွဲဝင်တစ်ဝက် ထုတ်ခံလိုက်ရရာ ပြိုင်ပွဲဝင် (၃၂) ဦးသာ ကျန်‌ခဲ့တော့သည်။

ဤ (၃၂) ဦးကား လက်ဖျားခါလောက်အောင် အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်လေ၏။

***

All Chapters