← Chapters

မကောင်းဆိုးဝါးများ ရောက်လာခြင်း

Vol. 62 Ch. 870

မကောင်းဆိုးဝါးများ ရောက်လာခြင်း

Vol. 62 Ch. 870

"နောက်ရက် အနားယူပြီး ကိုယ့်ကိုကိုယ် ကုသကြချည်" လင်းယွင်ကျစ်က ‌ပြောသည်။ "ပြီးရင် ထိပ်ဆုံး (၁၆) ယောက် ရွေးချယ်ရလိမ့်မယ်" မန်ဟိုနှင့် ထိပ်ဆုံး (၃၂‌) ယောက်ထဲရှိ ကျန်ရှိသူများသည် ယခုတွင် ရှေးဟောင်းတာအိုသစ်ပင်ကြီး၏ ပင်မပင်စည်၏ ထိပ်ဆုံးနှင့် နီးကပ်လာနေကြလေပြီ။ လောလောဆယ်တွင် သူတို့မှာ ထိပ်ဆုံး (၁၆) ယောက် ထဲ ဝင်ရောက်နိုင်မည့် တိုက်ပွဲများအတွက် ပြင်ဆင်ရင်း အနားယူနေကြချေသည်။

ယခုတွင် အနုသုခုမရုပ်ခန္ဓာအဆင့်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်များအတွက် ထိပ်ဆုံး (၃၂) ယောက် ရွေးချယ်မည့် တိုက်ပွဲများ စတင်နေခဲ့ပြီဖြစ်သည်။ မန်ဟိုသည် လက်ရှိအမြင့်မှနေ၍ အောက်က အနုသုခုမရုပ်ခန္ဓာပြိုင်ကွင်းတိုက်ပွဲများအတွင်းရှိ ချန်ဖန်းကို မြင်လိုက်ရ၏။

ချန်ဖန်းက လောလောဆယ်တွင် သူ့ကဲ့သို့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နေသည်။ ထိပ်ဆုံး (၃၂) ယောက်ထဲ ဝင်ရောက်နိုင်ဖို့ကား အတိုင်းထက်အလွန် ခက်ခဲချေသည်။

မည်သို့ဆိုစေ၊ ချန်ဖန်းကား ဇွဲမလျှော့။ သူ၏ဓားချက်များည် မှိုင်းညှို့သောအငွေ့အသက်များနှင့်အတူ သွက်လက်လာရာ ပြိုင်ဘက်ကို တုန်လှုပ်နေစေ၏။

ဂိုဏ်းအမြောက်အမြား ချန်ဖန်းကို မျက်စိကျနေသည်မှာလည်း ကြာပြီဖြစ်သည်။ သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်တွင်သာ ရှိသေးသည့်တိုင် သူ့ဓားတွင် နယ်မြေတစ်ခုပါရှိနေ၏။ ထိုကဲ့သို့ လူတစ်ယောက်သည် နောင်အနာဂတ်တွင် အံ့ဖွယ်သရဲ အောင်မြင်မှုများကို ဧကန် သိမ်းပိုက်နိုင်ပေလိမ့်မည်။

ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းအနက်မှ ယီးကျန့်ဂိုဏ်းနှင့် ဆက်စပ်နေသော အဖော်မဲ့ဓားစံအိမ်သည် အထူးသဖြင့် ချန်ဖန်းကို စိတ်ဝင်စားနေ၏။ သူတို့က သူ့ကို ပထမဆုံး သတိပြုမိသူများ ဖြစ်ချေသည်။

နေ့တာသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက်ဆုံး ချန်ဖန်းမှာ ထိပ်ဆုံး (၃၂) ယောက်ထဲ ဝင်ရောက်သွားတော့သည်။

မန်ဟိုကမူ ထိပ်ဆုံး (၁၆) ယောက်ထဲမှ တစ်နေရာရဖို့ စတင်တိုက်ခိုက်သည်။

တိုက်ပွဲစသည်နှင့် တောက်ပသောအလင်းရောင်က ဖြာထွက်လာပြီး သူတို့သည် သစ်ပင်၏ထိပ်ဆုံးနှင့် ပို၍နီးကပ်သွားကြ၏။ မန်ဟို၏ပြိုင်ဘက်မှာတော့ ရွေးချယ်ခံနောက်တစ်ယောက်ပင်။

၎င်းက အရောင်ငါးရောင်ရောထားသော ဝတ်ရုံအား ဝတ်ဆင်ထားသည့် ငါးရောင်စဉ်ဂိုဏ်းမှ မိန်းကလေးဖြစ်သည်။ မန်ဟိုသည် အရှေ့တိုက်ပွဲများတွင် သူမကို အာရုံစိုက်နေခဲ့၍ သူမက ဓာတ်ငါးပါးမှော်ကျင့်စဉ်အရာ၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြောင်း သိထား၏။

ဤမိန်းကလေးမှာ မန်ဟို့ထက်ပင် သတိရှိသည်။ သူမသည် ပြိုင်ဘက်ဖြစ်သူကို မြင်လျှင် ရင်ဒိန်းခနဲ ခုန်သွားလေ၏။ ဤပြိုင်ကွင်းတိုက်ပွဲများတွင် သူမ အမှန်တကယ် ကြောက်သည့်လူလက်တစ်ဆုပ်မျှသာ ရှိပြီး မန်ဟိုက တစ်ယောက်အပါအဝင် ဖြစ်သည်။

သူမနှင့် မန်ဟို တစ်ယောက်ကို တစ်ယောက် လက်ယှက်အရိုအသေပေးပြီးနောက် မိန်းကလေးက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ရင်း ဦးစွာ လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့်မြေကြီးဓာတ်ငါးပါးလုံး ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဧရာမပင်လယ်ကြီးတစ်စင်း၊ စစ်သင်္ဘောကြီးတစ်စင်း၊ အလျှံတညီးညီး နေတစ်စင်းနှင့် ရွှေဓားတစ်လက်အား ကိုင်စွဲထားသော ရွှံ့ဘီလူးကြီးတစ်ကောင်အသွင်ဆောင်ကာ မန်ဟို့ဆီ ပြေးဝင်လာကြ၏။

မန်ဟို၏မျက်လုံးများက မျှော်လင့်ထားပြီးဖြစ်သောအလင်းရောင်ဖြင့် တောက်ပသွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ရေအရုပ်ဖြစ်သော ခရမ်းပင်လယ်တစ်စင်းအား ကျ‌ဆင်းလာစေသည်။ ထို့နောက် သူ၏ သတ္တုအရုပ်၊ ရွှေကျီးကန်း။ ပြီးလျှင် သူ၏သစ်သား၊ မီး နှင့် မြေအရုပ်များ။ အံ့ဩဖွယ်ကောင်းစွာနှင့် ဓာတ်ငါးပါးက ဓာတ်ငါးပါးကို ဝင်တိုက်လိုက်သည်။

ဝင်တိုက်မှုက အရောင်များကို ပြိုးပြိုးပြက်ပြက် လက်သွားစေပြီး ထစ်ချုန်းသံကြီး မြည်ဟည်းသွားစေသည်။ အပြင်လောကရှိ ပရိသတ်များမှာ မျက်တောင်ပင်မခတ်ဘဲ စိုက်ကြည့်နေကြ၏။

ပြိုင်ကွင်းထဲရှိ လေလယ်တွင် မန်ဟိုနှင့် မိန်းကလေးမှာ သူတစ်ပြန်၊ ကိုယ်တစ်ပြန် တိုက်ခိုက်နေကြသည်။ သတ္တု ၊ သစ်သား ၊ ရေ ၊ မီး၊ မြေ ဓာတ်ငါးပါးလုံးမှာ တဝုန်းဝုန်း ပေါက်ကွဲသံများ၏အလယ်တွင် ထုတ်လွှတ်ခံနေရသည်။ အချိန်တိုလေးအတွင်း သူတို့သည် တိုက်ကွက်ပေါင်းများစွာ ဖလှယ်ပြီးသွားကြသော်လည်း တစ်လျှောက်လုံး မန်ဟိုက အစွမ်းကုန်မထုတ်ခဲ့ပေ။ ဓာတ်ငါးပါးတည်းနှင့်သာ မိန်းကလေးကို တိုက်ခိုက်နေခြင်းဖြစ်၏။

သူက သူ၏ ဓာတ်ငါးပါးမှော်သိုင်းကို အားကောင်းစေဖို့ ဤတိုက်ပွဲကို အသုံးချနေလေသည်။ မိန်းကလေးသည် ဓာတ်ငါးပါးကို ကိုယ်တွယ်ရာ၌ မန်ဟို့ထက်ပင် ပို၍ကျွမ်းကျင်‌သည်ကို ထည့်တွက်ပါလျှင် ကြည့်နေကြသူများအတွက် ဤတိုက်ပွဲကား ငါးရောင်စဉ်ဂိုဏ်းသားနှစ်ယောက် တိုက်ခိုက်နေကဲ့သို့သော ခံစားချက်မျိုး ရစေသည်။

အမှန်တွင် ထိုဂိုဏ်းမှ ဂိုဏ်းသားများပင်လျှင် တွေဝေနေကြပြီး ဖြစ်ပျက်နေသော တိုက်ပွဲကို အံ့ဩတကြီး ကြည့်နေကြသည်။

"ဖန်မုက ဓာတ်ငါးပါးသိုင်းကိုလည်း တကယ် ကျွမ်းတယ်ဟ"

"ဒါ တကယ် မယုံနိုင်စရာပဲ။ လူတော်တော်များများ ဓာတ်ငါးပါးသိုင်းကို အတိုင်းအတာတစ်ခုအထိ သုံးနိုင်ပေမယ့် ဘယ်သူမှ ငါးရောင်စဉ်ဂိုဏ်းနဲ့ မယှဉ်နိုင်ဘူး။ ဒါတောင် ဖန်မုက ဟန်မေ့နဲ့ လက်ရည်တူတယ်တဲ့လား"

လူ (၃၂) ယောက် တိုက်ခိုက်နေသော ပြိုင်ကွင်း (၁၆) ကွင်း ရှိသည်။ တစ်ယောက်မှ ယခုထက်ထိ အနိုင်မရသေးပေ။ ဤအခိုက်အတန့်တွင် အင်မော်တယ်အပျက်အစီးများနယ်အတွင်းမှ အနက်ရောင်လေတစ်ချက် တိုက်ခိုက်လာသည်။ ရှေးဟောင်းတာအိုသစ်ပင်အောက်ရှိ ဧရာမအလောင်းကြီးပင်လျှင် ၎င်း၏ရောက်ရှိလာမှုကို မဟန့်တားနိုင်ပေ။ လေက သောင်းကျန်းတိုက်ခတ်ရင်း သစ်ပင်ကြီး၏အပေါ်တည့်တည့်တွင် ပေါ်လာသည်။ အနက်ရောင်လေထဲတွင် ‌အောက်၌ တိုက်ခိုက်နေသူများအား ငုံ့ကြည့်နေသော အဖြူရောင်မျက်လုံးတစ်စုံအား မြင်ရနိုင်၏။

အနက်ရောင်လေ ပေါ်လာသည့်အခိုက်အတန့်တွင် လင်းယွင်ကျစ်နှင့် ကျန်အဘိုးကြီးနှစ်ယောက်၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။ သူတို့တင်သာမဟုတ်၊ အပြင်ဘက် နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးလည်း အံ့အားသင့်နေလေသည်။

အားလုံးအထဲ အစိုးရိမ်ဆုံးသူများမှာတော့ ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများပင်။ သူတို့အားလုံး ထရပ်လိုက်ကြသည်။ တာအိုအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးများပင်လျှင် အနက်ရောင်လေ၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြ၏။

"ရှေးဟောင်းတာအိုသစ်ပင်ကို ပါရာဂွန်တွေကိုယ်တိုင် စိုက်ပျိုးခဲ့တာမလို့ ပါရာဂွန်စိတ်ဆန္ဒအနည်းငယ်ပါဝင်တယ်" နဝမပင်လယ်နတ်လောကမှ ခေါင်းဆောင်ကြီးက ပြောသည်။ "သစ်ပင်ပေါ်မှာ နေနေသရွေ့ ဘေးကင်းလိမ့်မှာပါ"

ယခုတွင် တာအိုသစ်ပင်အပေါ်ရှိ တိုက်ခိုက်နေသူများအားလုံး အနက်ရောင်လေကို မြင်သွားခဲ့ကြပြီး မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။ လင်းယွင်ကျစ်နှင့် ကျန်အဘိုးကြီးနှစ်ယောက်က အသက်ပြင်းပြင်းရှူသွင်းပြီးနောက် လင်းယွင်ကျင်၏အသံ ဟိန်းထွက်လာသည်။

‌"တစ်ယောက်မှ သစ်ရွက်တွေရဲ့အပြင်ကို မထွက်ကြနဲ့။ သစ်ရွက်ပေါ်မှာ နေနေသရွေ့ မင်းတို့ အန္တရာယ်ကင်းတယ်"

လင်းယွင်ကျစ်၏အသံကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် ခပ်လှမ်းလှမ်းမှ အော်သံကြီး စူးခနဲ ထွက်လာသည်။ အသံမှာ အလွန်စူးလွန်းသဖြင့် သံမဏိကိုပင် ဖြတ်တောက်ပြီး ကျောက်တုံးများကို ခွဲခြမ်းပစ်နိုင်သည့်အလားပင်။ ၎င်းသည် ပဲ့တင်ထပ်လာသည့်အခါ သစ်ပင်ပေါ်ရှိ လူများမှာ နားထဲ စူးသွားရုံမျှအပ တခြားဘာအန္တရာယ်မှ မဖြစ်လိုက်ပေ။ သို့သော် လင်းယွင်ကျစ်နှင့် ကျန်အဘိုးကြီးနှစ်ယောက်မှာ သွေးအန်လိုက်ရပြီး မျက်စိမျက်နှာပျက်လျက် သစ်ပင်နှင့်နီးရာသို့ အလျင်အမြန် ဆုတ်လာကြရသည်။

ထိုအခိုက်အတန့်မှာပင် အပေါ်မှ ဧရာမမျက်လုံးကြီးတစ်လုံး ကျလာသည်။ ၎င်းသည် နေရာလပ်မကျန် နီစွေးနေပြီး နီးကပ်လာစဉ် မျက်လုံးကြီးက အလိုလို ဆန့်ထွက်လာပြီး တဝီးဝီး လည်လာ၏။ ရုတ်တရက် ကျောချမ်းဖွယ်အသံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။

"ဘယ်သူလဲ။ ဘယ်သူ ငါ့မျက်လုံးကို ဖောက်ထုတ်လိုက်တာလဲ

"ငါ့ ညာမျက်လုံး။ ဒီကို ပြန်လာခဲ့ လာ....."

အသံကြီး ပဲ့တင်ထပ်နေစဉ် တာအိုသစ်ပင်အပေါ်ရှိ လူများမှာ သွေးအန်လိုက်ရသည်။ ကံကောင်းထောက်မစွာနှင့် တောက်ပသောအလင်းရောင်တစ်ရောင်က တာအိုသစ်ပင်မှ ဖြာထွက်လာသည့်အတွက် ဒဏ်ရာများရရုံမှလွဲ၍ သေဆုံးမှုတစ်စုံတစ်ရာမဖြစ်လိုက်ပေ။

အနက်ရောင်လေနှင့် မျက်လုံးကြီးသည် တာအိုသစ်ပင်ကို ကြောက်နေသည့်အလား ၎င်း၏အပြင်တွင်သာ ရစ်ဝဲနေခြင်းဖြစ်၏။ သို့သော် တခဏကြာသော် အနက်ရောင်လေမှာ စိတ်မရှည်တော့သယောင်ပင်။ ဂီးခနဲ အော်သံကြီးနှင့်အတူ ပုပ်သိုးပျက်ဆီးနေသော ဧရာမသိမ်းငှက်ကြီးတစ်ကောင်က အနက်ရောင်လေထဲမှ ပျံထွက်လာသည်။ ၎င်းသည် မယုံနိုင်လောက်အောင် ကြီးမားပြီး ပျံထွက်လာနေစဉ် ၎င်း၏ချွန်ထက်သော ခြေသည်းများက တာအိုသစ်ပင်ကို ပိုင်းချလိုက်သည်။

၎င်း အနားကပ်မလာနိုင်ခင် တောက်ပသောအလင်းရောင်က တာအိုသစ်ပင်မှ ဖြာထွက်လာရာ သိမ်းငှက်ကြီးသည် မချိတင်ကဲ အော်၍ နောက်ဆုတ်လိုက်ရ၏။

သို့သော် ၎င်းကား ထွက်မသွား။ ထိုအစား အားကောင်းသော သေခြင်းအရှိန်အဝါနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ မျက်လုံးထဲတွင် တောက်ပနေလျက် တာအိုသစ်ပင်၏အပြင်၌ ယောင်ပေပေ ဆက်လုပ်နေသည်။

မန်ဟိုကတော့ အံ့ဩနေသော်လည်း ထိုကိစ္စအပေါ် အာရုံသိပ်မရှိပေ။ သို့သော် သူ မိန်းကလေးနှင့် ပြန်တိုက်ခိုက်တော့မည့်ဆဲဆဲ ‌အဝေးမှ ပုံရိပ်နောက်တစ်ခု ချဉ်းကပ်လာသည်။

၎င်းသည် အနက်ရောင်မြူများ ရစ်သိုင်းလျက်ရှိသော ခန္ဓာကိုယ်နှင့် ‌ခေါင်းတစ်ပိုင်းပြတ်လူတစ်ယောက် ဖြစ်၏။ သူက လက်တွင် အောင်လံတစ်ခုကို ကိုင်ထားပြီး ဓားတစ်လက်က သူ၏ခါးထဲ စိုက်ဝင်နေသည်။ သူ၏ခေါင်းအား တစ်ပိုင်းပြတ်နေစေသော အကျည်းတန်ဒဏ်ရာကြီးမှာ အသက်ရှင်နေတုန်းက ရခဲ့သည့်အရာဖြစ်ဟန်မတူဘဲ အသေကောင်ဘဝရောက်ပြီးနောက်မှ သတ္တဝါတစ်ကောင်ကောင်၏ ကိုက်ဖြတ်ခြင်းခံခဲ့ရပုံပင်။ သူ့ကို အမှန်တကယ် သတ်‌ခဲ့သော ထိုးနှက်ချက်က ခါးတွင် စိုက်နေသည့် ဓားမှ ဖြစ်တန်ရာသည်။

သူ တရွေ့ရွေ့ ချဉ်းကပ်လာနေစဉ် သူ၏တစ်လုံးတည်း ကျန်ရှိတော့သော မျက်လုံးက လူအုပ်ကြီးကို ဖြတ်သန်းသွားပြီးနောက်ဆုံး မန်ဟို့အပေါ် ကျရောက်လာသည်။ ထို့နောက် သူကား မန်ဟို့ဆီ တန်းတန်းမတ်မတ် ဦးတည်သွားတော့၏။

လင်းယွင်ကျစ်နှင့် အခြားသူများမှာ ထိုလူ့ကို မြင်လျှင် မျက်နှာပျက်သွားကြသည်။ မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားလေသည်။

ဤအခိုက်အတန့်တွင် ငါးရောင်စဉ်ဂိုဏ်းမှ မိန်းကလေးက ရုတ်တရက် မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ သူ့ကို တိုက်ခိုက်လိုက်သည်။ သူမ၏ ငါးရောင်စဉ်‌သိုင်းက ငါးရောင်ခြယ်အလင်းရောင်ကို ကွန့်မြူးသွားစေပြီး ငါးရောင်စဉ်ချုပ်နှောင်အမှတ်အသားတစ်ခုအား လျင်မြန်စွာ လည်စေလျက် မန်ဟို့ထံ ပြေးဝင်သွားစေသည်။

မန်ဟို မျက်‌မှောင်ကြုတ်သွားသည်။ သူသည် တိုက်ခိုက်ရန် စိတ်မဝင်စားတော့သဖြင့် ညာလက်ဖြင့် ထိုးချလိုက်ကာ တစ်ဆက်တည်းမှာပင် သူ၏ဓမ္မဆင်းတုအား ပေါ်လာစေ၏။ ပြင်းထန်သောစွမ်းအင်တို့ တဖွေးဖွေးလှုပ်လျက် ဖြာထွက်လာပြီး ငါးရောင်စဉ်ချုပ်နှောင်အမှတ်အသားကား ခွမ်းခနဲ ကြေမွသွားတော့သည်။

ဤအခိုက်အတန့်တွင် ခေါင်းတစ်ပိုင်းပြတ်လူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲရှိ အောင်လံသည် ပြန့်လာ၏။ အနက်ရောင်မြူများ တထောင်းထောင်း ထလာပြီး ဝဲကြီးတစ်ခုအသွင်ပြောင်းသွားသည်။ တစ်ချိန်တည်းမှာပင် သူက မန်ဟို့ကို လက်ညှိုးထိုးလိုက်၏။

"လာ ... လာ ... လာ ...." သူ၏အသံကြီးသည် ရှေးခေတ်မှ အရင်းခံသည့်အလား ရှေးဆန်နေသည်။ အသံကြီး ပဲ့တင်ထပ်လာသည့်အခါ ကြီးမားသောဆွဲအားကြီးတစ်ခု ဖြစ်ပေါ်လာပြီး မန်ဟိုရှိနေသော သစ်ရွက်ကို လွှမ်းခြုံသွားသည်။ မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူသည် သစ်ရွက်၏မျက်နှာပြင်အပေါ် ချက်ချင်း ဆင်းလိုက်၏။ သို့သော် ‌ငါးရောင်စဉ်ဂိုဏ်းမှ မိန်းကလေးမှာ ပင့်မြှောက်ခံလိုက်ရသဖြင့် မျက်နှာပျက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူမမှာ...သစ်ရွက်၏အပြင်သို့ ပျံထွက်သွားတော့မည့်အလားပင်။

လူတိုင်း ဤအဖြစ်အပျက်ကို မြင်လိုက်ကြသော်လည်း မည်သူမှ သူမကို မကူညီနိုင်ပေ။ လင်းယွင်ကျစ်နှင့် အခြားသူများမှာ မျက်လုံးအပြူးသားနှင့် ကြည့်နေကြသော်လည်း ဘာမှမတတ်နိုင်ဖြစ်နေ၏။

နဝမတောင်ပင်လယ်မှ ကြည့်ရှူနေသော လူအုပ်ကြီးလည်း မျက်လုံးပြူးသွားပြီး ပင့်သက်ရှိုက်သံများအား ကြားရနိုင်သည်။

ကြယ်တာရာကောင်းကင်နန်းတော်ထက်တွင် ငါးရောင်စဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်သခင်မမှာ အလွန်အမင်း စိုးရိမ်ပူပန်နေသော ပုံစံရှိ၏။ ပြိုင်ကွင်းတိုက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အဆိုပါမိန်းကလေးမှာ ဂိုဏ်း၏ ရွေးချယ်ခံတစ်ယောက်မဟုတ်ဘဲ သူမ၏တိုက်ရိုက်သွေးဆက်များထဲမှ တစ်ယောက်ဖြစ်သည်။

"ကယ်ပါဦး" မိန်းကလေးက အလောတကြီး အော်သည်။ သူမသည် ယခုတွင် သစ်ရွက်၏အစပ်နား ရောက်နေပြီး အပြင်သို့ စုပ်ယူ‌ခံရတော့ပေမည်။ အနက်ရောင်လေထဲရှိ ကြောက်မက်ဖွယ်သိမ်းငှက်ကြီးက ၎င်း၏ ပျက်စီးနေသောပါးစပ်ကြီးကို ဖြဲထားသည်ကို သူမ မြင်နေရသည်။ ဆန့်ထွက်နေသော အကြောများဖြင့် မျက်လုံးကြီးကိုလည်း မြင်နေရ၏။

မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး သူက ရုတ်တရက် မိန်းကလေးထံသို့ လက်ကို ဆန့်ထုတ်ကာ ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်လိုက်သည်။ ကြယ်ခူးသိုင်းက သူမကို ဆုပ်ကိုင်ပြီး ပြန်ဆွဲလိုက်‌လေသည်။ သို့သော် ဆွဲအားက အလွန်ပြင်းထန်၍ မန်ဟိုမှာ သူမကို အရှိန်အနည်းငယ် လျော့သွားစေရုံသာ တတ်နိုင်၏။

"မြန်မြန် အရှုံးပေးလိုက်" သူက လှမ်းအော်လိုက်သည်။

မိန်းကလေးမှာ ရုတ်တရက် စိတ်နှင့်ကိုယ် ပြန်ကပ်သွားပုံရပြီး ကပျာကယာ အော်လိုက်သည်။ "အရှုံးပေးတယ်"

ထိုစကားလုံးများ သူမ၏ပါးစပ်မှ ထွက်သွားပြီး သူမ အပြင်သို့ စုပ်ယူခံရတော့မည့် ဆဲဆဲမှာပင် တောက်ပသောအလင်းရောင်က သူမကို ဝန်းရံသွားကာ သူမသည် ပျောက်ကွယ်သွားတော့၏။ ပြန်ပေါ်လာသောအခါ သူမမှာ ကြောက်လန့်တုန်ရီနေလျက် မျက်နှာဖြူဖပ်ဖြူလျော်နှင့် သစ်ရွက်ပထမအထပ်သို့ ပြန်ရောက်သွားလေသည်။ သူမသည် အတိုင်းထက်အလွန် ကျေးဇူးတင်နေသော အမူအရာဖြင့် မန်ဟို့ကို မော့ကြည့်လိုက်၏။

မန်ဟိုမှာ ဟင်းခနဲ သက်ပြင်းချပြီးနောက် ‌တာအိုသစ်ပင်၏အပြင်ရှိ ခေါင်းတစ်ပိုင်းပြတ်လူကို အေးစက်စက် ကြည့်ရင်း တင်ပျဉ်ခွေထိုင်ချလိုက်သည်။

စောင့်ကြည့်နေခဲ့သော လူတိုင်းမှာလည်း ထိုအခါမှ ဟင်းချနိုင်တော့သည်။ လင်းယွင်ကျစ်သည် ပို၍ပင်လေးစား‌သွားသောပုံစံဖြင့် မန်ဟို့ကို လှမ်းကြည့်သည်။ သူပင်လျှင် အန္တရာယ်ကြား၌ 'အရှုံးပေးတယ်' ဟူသော စကားကို သုံးဖို့ မစဉ်းစားတတ်ခဲ့ပေ။

နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်းမှာ ဖြစ်ပျက်သွားခဲ့သော အရာအားလုံးကြောင့် အကြီးအကျယ် အံ့အားသင့်နေကြသည်။ အထူးသဖြင့် မန်ဟို မည်မျှမြန်မြန်တုံ့ပြန်ခဲ့သလဲ ဆိုသော အချက်ကြောင့်ပင်။ သူတို့အတွက် ၎င်းသည် ဖြတ်ထိုးဉာဏ်ကောင်းပြီး ကြုံဖန်တတ်မှု၏ သက်သေပင်။

"ဟုတ်သားပဲ။ အရှုံးပေးလိုက်ရုံနဲ့ နေရာရွှေ့ပြောင်းခံရမှာ။ တခဏ ကြာလိုက်ပေမယ့် သေချာပေါက် အရိုးရှင်းဆုံးနည်းလမ်းပဲ။ ဘယ်လိုပြီး ငါ မတွေးမိပါလိမ့်"

"ဒီဖန်မုက ဒီလိုအခြေအနေတစ်ရပ်မှ အဲဒီလိုအကြံမျိုး တွေးနိုင်တာ အင်မတန် ဖြတ်ထိုးဉာဏ်ကောင်းတယ်လို့ ဆိုရမယ်"

ကြယ်တာရာကောင်းကင်ထက်တွင် ငါးရောင်စဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်သခင်မမှာ အသက်ပြင်းပြင်း ရှူပြီးနောက် ဝဲမှန်သားပြင်ထက်ရှိ မန်ဟို့ကို ကြည့်လိုက်သည်။ သူမ၏အမူအရာမှာ ကျေးဇူးအထူးတင်နေသော ပုံစံဖြစ်၏။ သူမသည် သူတစ်ပါးအပေါ် ကျေးဇူးအကြွေးတင်ခံတတ်သော လူစားမျိုးမဟုတ်သဖြင့် ဤသည်က နောင်တစ်ချိန် သူ့ကို သေချာပေါက် ပြန်ဆပ်ရမာ့် ကျေးဇူးတရားတစ်ခု ဖြစ်လာသည်။

"ပြိုင်ကွင်းတိုက်ပွဲတွေ အခု ပြန်စမယ်" လင်းယွင်ကျစ်က တာအိုသစ်ပင်၏အောက်မှ လှမ်းပြောသည်။ "မင်းတို့အားလုံး မှတ်ထားကြ‌၊ ပြိုင်ကွင်းရဲ့အပြင်ကို ယောင်လို့တောင် မလှမ်းမိစေနဲ့။ စောစောလို အခြေအနေ ဖြစ်လာခဲ့ရင် သေရတာထက် အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်" လင်းယွင်ကျစ်က သက်ပြင်းချလိုက်သည်။ မည်သည့်အတွက်ကြောင့် တာအိုအစည်းအရုံးသုံးခုမှ ဤနေရာကို ပြိုင်ကွင်းတိုက်ပွဲများ ကျင်းပရန် ရွေးချယ်ခဲ့သလဲ သူ သိထားသော်လည်း ပတ်ဝန်းကျင်မှာ စိတ်ဝိညာဉ်နယ်ပယ်အဆင့်ကျင့်ကြံသူများ မရှိသင့်သည်အထိ အန္တရာယ်များပေသည်။

***

All Chapters