← Chapters

သူမ ပေါ်လာပြီ

Vol. 63 Ch. 872

သူမ ပေါ်လာပြီ

Vol. 63 Ch. 872

မန်ဟိုက သစ်ကိုင်းခြောက်များကို နင်းခြေနေသည့်အလား လျှောက်လှမ်းလာသည်။ ချန်ဟိုမှာတော့ ဆက်တိုက် နောက်ဆုတ်နေရသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့အကြား လျှပ်စီးလိုတိုက်ကွက်များ ဖလှယ်ပြီးသွားကြ၏။ ချန်ဟိုသည် အဆက်မပြတ် သွေးအန်နေရပြီး သူ၏စွမ်းအင်မှာ လျင်မြန်စွာ ကုန်ခမ်းလာနေသည်။ အဆုံးသတ်တွင် သူက ပြိုင်ကွင်း၏မျက်နှာပြင်အပေါ်သို့ ဝင်တိုက်သွားတော့သည်။ သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံနေသော မီးတောက်များ ငြိမ်းသွားပြီး သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။ သူ့မှာ ကုန်းရုန်းထပြီးနောက်‌တွင် သူ့လည်မျိုကို ရွယ်ထားသော လှံရှည်တစ်လက်ကို ‌မြင်လိုက်ရ၏။

၎င်းကား စစ်သည်တော်စံအိမ်ထဲမှ မန်ဟို ရရှိခဲ့သော ၊ လောကသစ်ပင်သားမှ ထုဆစ်ထားသည့် လှံရိုး၊ ချွန်ထက်သည့် အရိုးလှံခေါင်းဖြင့် လှံမှလွဲ၍ တခြားမဟုတ်ပေ။ သို့သော် အနက်ရောင်ငှက်မွှေး၏ ကျေးဇူးကြောင့် ၎င်းမှာ မည်သူမျှ သတိမထားမိလောက်အောင် တခြားစီဖြစ်နေသည်။

ချန်ဟိုမှာ လှံခေါင်းမှ လာနေသော အသတ်အဖြတ်အရှိန်အဝါကို အာရုံရလိုက်သဖြင့် တုန်ရီသွားကာ တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သွားသည်။ ထို့နောက် တိုက်ပွဲစကတည်းက ဤအခိုက်အတန့်အထိ မျက်လုံးများ အေးစက်နေခဲ့သော မန်ဟိုက ချန်ဟို တစ်ခုခုပြောမည်ကို စောင့်နေသည့်အလားပင်။ ချန်ဟိုသာ တစ်ခုခု မပြောလျှင် ... လှံကား သူ၏လည်မျိုကို ထုတ်ချင်းဖောက် စိုက်ဝင်တော့ပေမည်။

မန်ဟိုက ဘာမှမပြောပေ။ သူသည် ချန်ဟိုကို အေးအေးဆေးဆေးသာ ကြည့်နေ၏။

အပြင်ဘက် နဝမတောင်နှင့်ပင်လယ်တွင် ကျင့်ကြံသူများသည် ပြိုင်ပွဲကို ရင်တဒိန်းဒိန်းခုန်လျက် စောင့်ကြည့်နေကြသည်။ သူတို့မှာ ယခင်တုန်းက ဖန်မုဆိုသော နာမည်ကို တစ်ခါမှ မကြားခဲ့ဖူးသော်လည်း ယခုတွင် သူက သူတို့ကို တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲဖြင့် အံ့အားသင့်စေ‌ခဲ့ကာ မည်သည့်ပြိုင်ပွဲဝင်မဆိုထက် အစွမ်းထက်ကြောင်း သက်သေပြနေသည်။

"သူအနေနဲ့ သေချာပေါက် ပထမနေရာရနိုင်တယ်...."

"ဘုရားရေ၊ သူက နတ်မီးလျှံစမ်းသပ်ပွဲမှာ ပထမနေရာရပြီးသားလေ။ ပြိုင်ကွင်းတိုက်ပွဲတွေမှာသာ ပထမထပ်ရလို့ကတော့ သူ .... သူ .... "

"ဒါ ပြိုင်ဘက်ကင်းလောက်အောင် ရင်သပ်ရှုမောစရာကြီးဟ။ နှစ်တွေတစ်လျှောက်လုံး ဒီလိုလူမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"

"သူက ဘယ်သူပါလိမ့်။ သူ့လိုလူမျိုးကို တစ်ယောက်မှ မသိဘဲတော့ မနေနိုင်ပါဘူး"

ပရိသတ်များ ဆူညံပွက်လောရိုက်နေစဉ် ဒသမဝမ်ခေါင်းဆောင်ကြီးသည် ကြယ်တာရာကောင်းကင်ထက်တွင် ပျံ‌ဝဲနေ၏။ သူ၏မျက်လုံးများက တလက်လက် တောက်ပနေပြီး အင်မော်တယ်ချီက သူ ပြန်မရုတ်သိမ်းလိုက်ခင် အချိန်ကြာသည်အထိ သူ့ကို ဝန်းရံရစ်သိုင်းနေလေသည်။ တိုက်ခိုက်လိုစိတ်သည် သူ၏မျက်လုံးထဲတွင် အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေ၏။

"မန်ဟို ..."

အရှေ့အောင်ပွဲဂြိုဟ်အနားတွင် မှီခိုရာဂိုဏ်းချုပ်သည် ငါးခူပြုံးကြီးပြုံးလိုက်၊ အံကြိတ်လိုက်နှင့် ဖြစ်လျက်ရှိ၏။ သူ့မှာ မန်ဟိုနှင့်ပတ်သက်၍ ခံစားချက်များ အလွန်ရှုပ်ထွေးနေလေသည်။

‌လူတိုင်း စောင့်ကြည့်နေစဉ် ချန်ဟိုသည် ပြိုင်ကွင်းထဲ၌ တိတ်ဆိတ်စွာ ရှိနေ၏။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ မန်ဟို့ကို မော့ကြည့်လိုက်သည်။

"မင်း ကျင့်ကြံခြင်းအခြေခံစွမ်းအား ဘယ်နှရာခိုင်နှုန်းသုံးခဲ့တာလဲ" သူက ရုတ်တရက် မေးသည်။

"အဲဒါ တကယ်ပဲ အရေးကြီးလား" မန်ဟိုက အေးတိအေးစက် ပြန်ဖြေ၏။

"ငါ့အတွက်တော့ အရေးကြီးတယ်" ချန်ဟိုက အသံမာမာ ပြန်ပြောသည်။

"ငါ့အတွက်တော့ အရေးမကြီးဘူး" မန်ဟိုက စိတ်မရှည်တော့သည့်အလား ချန်ဟိုကို အေးစက်စွာ စိုက်ကြည့်ရင်း ခေါင်းခါရမ်းလိုက်သည်။

ချန်ဟို၏တုန်ရီနေသော နှလုံးသားမှာ အေးခဲသွားသည်။ ထို့နောက် သူသည် အပြင်၌ ရပ်ကြည့်ခဲ့စဉ်တုန်းက သတိထားမိခဲ့သည့် ဖန်မု၏ ထူးထူးဆန်းဆန်းအပြုအမူများကို ပြန်တွေးမိလိုက်၏။ ချက်ချင်းပင် သူက ဝတ်ရုံထဲမှ သိုလှောင်အိတ်တစ်လုံး ထုတ်လိုက်သည်။

"ဒီမှာ ဝိညာဉ်ကျောက်တုံး သိန်း (၃၀) ပါတယ်။ ဒီနေ့ ငါ သိပ်များများစားစား ယူမလာခဲ့ပေမယ့် မင်း ငါ့ကို ဖြေပေးတာနဲ့ ယူလို့ရတယ်"

စောစောတုန်းက မန်ဟို၏အမူအရာမှာ ‌သွေးအေးလူသတ်သမား‌တစ်ယောက်သဖွယ် ခံစားချက်မဲ့ပြီး အေးစက်နေခဲ့သည်။ သို့သော် ယခုအခါ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ‌ခပ်ရေးရေးအပြုံးတစ်စအား သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်၏။ ၎င်းက အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့သဖြင့် ချန်ဟိုခမျာ ပါးစပ်အဟောင်းသားနှင့်သာ ‌ငေးကြည့်မိတော့သည်။

မန်ဟိုက သိုလှောင်အိတ်ကို သွက်သွက်လက်လက် ဆွဲယူ၍ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ နောက်ဆုံးတော့ သူ၏မျက်နှာမှာ ‌ပီတိဖြာလျက် ဝင်းပသွား‌လေသည်။

"အစ်ကိုချန်ကလည်းဗျာ၊ ဒါတွေ မလိုပါဘူး တကယ်" သူက နှုတ်ခမ်းသပ်ရင်း ပြောသည်။ "မေး‌ခွန်းလေးတစ်ခုပဲဟာ နော့ မဟုတ်ဘူးလား။ ဘာကြောင့် ဝိညာဉ်ကျောက်တုံးတွေအများကြီး ထုတ်မှာလဲ။ ကောင်းပြီ ကောင်းပြီ။ ငြင်းလိုက်ရင် အစ်ကိုချန်ကို ရိုင်းပျရာ ကျလိမ့်မယ်။ အဲဒီလိုဆိုမှတော့ ယူပြီး ဖြေရုံပဲ ရှိတော့တယ် ထင်ပါရဲ့" သူ၏လက်ရှိအမူအရာမှာ စောစောကနှင့် တခြားစီပင်။ ချန်ဟိုမှာ မန်ဟို့လက်ရှိပုံစံ မည်မျှလျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်လဲ ကြည့်၍ အံ့ဩခြင်းကြီးစွာ ဖြစ်နေတော့သည်။

"အခြားသူတွေအတွက် ပြဿနာကို ဖြေရှင်းပေးဖို့ ငွေယူရတာနော် ... အစ်ကိုချန် ... စော‌စောက ကျုပ် သုံးနေတာ ...

"ခုနစ်ဆယ်ရာခိုင်နှုန်းစွမ်းအားပဲ" ဤနောက်ဆုံးစကားလုံးများကို ချန်ဟို၏စိတ်ထဲသို့ တိုက်ရိုက် ပေးပို့လိုက်ခြင်းဖြစ်သည်။ မှန်ပါသည်၊ သူ မည်မျှ အမှန်တကယ် အသုံးပြုခဲ့သည်ဆိုရာတွင်မူ အမှန်အတိုင်း ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်ပေ။

ချန်ဟိုက နှုတ်ဆိတ်စွာ ထရပ်လိုက်သည်။ သူ့အနေဖြင့် မန်ဟို့ကို မယုံချင်သော်လည်း အဖြေက သူ၏ခန့်မှန်းချက်နှင့် အတူတူလောက်သွားကျလေသည်။ သူသည် မန်ဟို့ကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်ပြီးနောက်ဆုံး 'အရှုံးပေးတယ်' ဟု ပြောလိုက်၏။

ချက်ချင်းပင် သူသည် မှေးမှိန်ပျောက်ကွယ်သွားပြီး သစ်ရွက်ပထမအထပ်တွင် ပြန်ပေါ်လာသည်။

မန်ဟိုမှာ အင်မတန် ဘဝင်ခိုက်နေသည်။ သူ့မှာ တိုက်ခိုက်နေရင်းတန်းလန်း ဝိညာဉ်ကျောက်တုံးတချို့ ရရှိလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ ရုတ်တရက် သူက အတွေးထဲ နစ်မြောလျက် ခေါင်းမော့လိုက်ပြီးနောက် မျက်နှာအပေါ်တွင် စိတ်ပျက်သွားသောအမူအရာတစ်ခု ပေါ်လာသည်။

"ငါ ဘယ်လိုလုပ်ပြီး ပိုက်ဆံရှာဖို့ မေ့သွားတာပါလိမ့်။ ဒါကို စောစောသာ ကြိုတွေးမိခဲ့ရင် အရှေ့တိုက်ပွဲတွေမှာ ကံကြမ္မာကောင်းနည်းနည်းပါးပါး ရှာလို့ရရင် ရခဲ့မှာ"

ထိပ်ဆုံး (၈) ယောက်အား အဆုံးအဖြတ်ပေးမည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မန်ဟိုက တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူသည် ပတ်ပတ်လည်ရှိ တိုက်ပွဲများကို လှည့်ပတ်ကြည့်ပြီးနောက် အနုသုခုမရုပ်ခန္ဓာကွင်းပြင်ပေါ်ရှိ ချန်ဖန်းကို ငုံ့ကြည့်လိုက်သည်။

အုနုသုခုမရုပ်ခန္ဓာပြိုင်ကွင်းတိုက်ပွဲမှာလည်း ထိပ်ဆုံး (၈) ယောက်ကို ရွေးချယ်နေသည့်ခုလတ်ဖြစ်သည်။ ချန်ဖန်းမှာ သွေးတို့ စိုရွဲနေလျက် မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်နေသည်။ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာအား သူမ၏မျက်နှာအပေါ်တွင် မြင်ရနိုင်၏။ ဤအခိုက်အတန့်အထိ ချန်ဖန်း၏တိုက်ကွက်များမှ ထုတ်လွှတ်နေသော မှိုင်းညှို့ဝမ်းနည်းဖွယ် စိတ်ဆန္ဒက မိန်းကလေးကို စိတ်ကျဉ်းကြပ်နေစေခဲ့သည်။

သို့သော် ဤမိန်းကလေးသည် နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်များအနက်မှ တစ်ယောက်မဟုတ်။ သူမက အဖော်မဲ့ဓားစံအိမ်မှ အနုသုခုမရုပ်ခန္ဓာအဆင့်ရွေးချယ်ခံဖြစ်သည့်အပြင် ထိပ်ဆုံး (၄) ယောက်ထဲ ဝင်နိုင်သည်အထိ အစွမ်းထက်၏။ လောလောဆယ်တွင် သူမနှင့် ချန်ဖန်းက သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေကြလေသည်။

မန်ဟိုက တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်အရ ချန်ဖန်းမှာ ဤတိုက်ပွဲမှ မတက်နိုင်တော့ကြောင်း သူ ပြောနိုင်လေသည်။

အချိန်အနည်းငယ်ကြာသော် ချန်ဖန်းသည် ရှုံးသွား၍ ထိပ်ဆုံး (၈) ယောက်ထဲ မပါနိုင်တော့ပေ။ သူက ခန္ဓာကိုယ်ပျောက်ကွယ်နေစဉ် မိန်းကလေးကို တိတ်ဆိတ်စွာ လက်ယှက်အရိုအသေပေးပြီးနောက် အောက်၌ ပြန်ပေါ်လာသည်။

မန်ဟိုက သက်ပြင်းချလိုက်သည်။ သူသည် ယခင်တုန်းက ချန်ဖန်း၏ နှလုံးသားထဲရှိ နက်ရှိုင်းသော ခါးသီးမှုကို အာရုံရခဲ့သော်လည်း ရှုချင်နှင့် ခွဲခွာခဲ့ရပြီးနောက်တွင်မှ မည်သည့်အတွက်ကြောင့် ချန်ဖန်း အလွန်အမင်း စိတ်ဓာတ်ကျနေသည်လဲ နားလည်ခဲ့ရ၏။

အချိန်များ ကုန်လွန်သွားပြီး ထစ်ချုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ တဖြေးဖြေး ပြိုင်ကွင်းအမျိုးမျိုးတွင် အနိုင်အရှုံးပေါ်လာ၏။ သို့သော် ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော ပုံရိပ်များ တာအိုသစ်ပင်၏အပြင်တွင် ပေါ်စပြုလာသည်။ ၎င်းတို့က အပြင်၌ ပျံဝဲရင်း တာအိုသစ်ပင်ပေါ်ရှိ ပြိုင်ကွင်းတိုက်ပွဲများကို ငေးကြည့်နေကြသည်။

ဤပုံရိပ်တစ်ခုချင်းစီက မည်သူ့ကိုမဆို တုန်ရီသွားစေမည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ လင်းယွင်ကျစ်နှင့် ကျန်အဘိုးကြီးနှစ်ယောက်မှာ စိုးရိမ်စပြုလာကြသည်။

ထိပ်ဆုံး (၈) ယောက် အဆုံးအဖြတ်ပေးတိုက်ပွဲများ နိဂုံးချုပ်ပြီးသည့်အခါ တာအိုသစ်ပင်၏အပြင်၌ ကြောက်စရာပုံရိပ်များ မရေမတွက်နိုင်အောင် ရှိနေလေပြီ။ သူတို့ထဲမှ တစ်ယောက်ကား လူခန္ဓာ၊ မြွေအမြီးနှင့် သတ္တဝါတစ်ကောင်ဖြစ်သည်။ အဆိုပါသတ္တဝါက လေလယ်တွင် ရုပ်လုံးပေါ်လာပြီးနောက် သွေးဆာနေသော မျက်လုံးများဖြင့် တာအိုသစ်ပင်ကို အေးတိအေးစက် လှမ်းကြည့်လိုက်၏။

အကြည့်အားလုံးကို ဆွဲဆောင်လိုက်သော နောက်ထပ်‌ အံ့ဖွယ်အရာကြီးတစ်ခု ရှိသေးသည်။ ၎င်းက သက်ရှိသတ္တဝါတစ်ကောင်မဟုတ်ဘဲ ဧရာမပုဆိန်ကြီးတစ်လက်ဖြစ်၏။ ပုဆိန်ကြီး၏ခေါင်းတွင် တောင်တန်းမြစ်ချောင်းပုံသဏ္ဌာန်များ ရေးဆွဲထားပြီး သံချေးတက်နေသယောင်ပင်။ စစ်ပုဆိန်ကြီးက မည်သည့်အသံမှ မထွက်ဘဲ ရုပ်လုံးပေါ်လာပြီး ၎င်းပေါ်လာသည့်အခါ ၎င်းအနားရှိ ကျန်ဖြစ်တည်မှုအများစုမှာ ချက်ချင်း ရှောင်ဖယ်သွားကြလေသည်။

ဤစစ်ပုဆိန်က နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးများကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများမှအပ စစ်ပုဆိန်သည် မည်သည့်အရာကို ကိုယ်စားပြုသလဲ အမှန်တကယ် သိရှိသူ မရှိသလောက် ရှားပေ၏။

တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးလုံး ထရပ်လိုက်ကြသည်။ သူတို့၏အမူအရာများသည် လေးနက်တည်ကြည်နေပြီး သူတို့၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုအား မြင်ရနိုင်၏။

ကျန်မျိုးနွယ်စုမှ ခေါင်းဆောင်ကြီးများလည်း ‌လေးနက်သောအမူအရာများဖြင့် ထရပ်လိုက်ကြသည်။ အင်မော်တယ်အပျက်အစီးများနယ်တွင် ပြိုင်ကွင်းတိုက်ပွဲများ ကျင်းပဖို့ သူတို့ ‌သဘောတူခဲ့သော အဓိကအကြောင်းရင်းတစ်ခုမှာ တာအိုဆရာအစည်းအရုံးသုံးခုနှင့် ကြိုတင်ချထားသော အစီအစဉ်ကြောင့် ဖြစ်သည်။

ထိုအစီအစဉ်သာ အောင်မြင်လျှင် ဂိုဏ်းအားလုံး အမြတ်ထွက်ပေမည်။

"ဒီတော့ ... သူမ ပေါ်လာမှာလား..." ခွန်လွန်အစည်းအရုံးမှ အဘိုးကြီးက မေးသည်။ 'သူမ' ဆိုသော စကားလုံးကို ပြောလိုက်စဉ် သူ၏အသံမှာ အနည်းငယ် အဖျားခတ်သွားသည်။

"ပေါ်လာနိုင်သလို၊ ပေါ်မလာမှာလည်း ဖြစ်နိုင်တယ်" မြင့်မြတ်သော‌ ရေစီးဓားဂူမှ ခေါင်းဆောင်ကြီးက ပြောသည်။ "ဘယ်လိုနေနေ အခွင့်အရေးတစ်ခုတော့ ရှိတယ်"

တာအိုရှာဖွေခြင်းပြိုင်ကွင်းတိုက်ပွဲများ၏ တည်နေရာတွင် ထိပ်ဆုံး (၈) ယောက်အား ရွေးချယ်ခဲ့ပြီးလေပြီ။ သူတို့သည် အားလုံး၏ရှေ့မှောက်၌ စိမ်းနုရောင်သစ်ရွက်တစ်ရွက်စီတွင် ရပ်နေကြ၏။

ထိုရှစ်ယောက်ထဲတွင် မန်ဟို၊ ပွစိပွစိရေရွတ်နေသော အဘိုးကြီး၊ ကျောက်ရီဖန်း၊ ဖန်းတုံးအာနှင့် လီလင်းအာတို့ ပါဝင်သည်။ ထိုငါးယောက်အပြင် အလောင်းများနှင့် ခေါင်းတလားများကို သုံးရင်း တိုက်ခတ်သော ကျောက်ခတ်ဦးအင်မော်တယ်ဗိမာန်မှ လူငယ်လည်း ရှိသည်။

ခုနစ်ယောက်မြောက်မှာတော့ တောင်များဖြင့် ‌တိုက်ခတ်တတ်သော ခွန်လွန်အစည်းအရုံးမှ လူထွားကြီးပင်။ သူက စွန်းဟိုက်ကို အနိုင်ယူခဲ့သူ ဖြစ်သည်။

နောက်ဆုံးတစ်ယောက်မှာတော့ အမွှေးနံ့သာအစည်းအရုံးမှ လူငယ်ပင်။ သူ၏နဖူးပေါ်တွင် တတိယမျက်လုံးတစ်လုံးရှိပြီး တိုက်ပွဲတစ်လျှောက်လုံးတွင် သူသည် လူတစ်ယောက်ကို တစ်ကြိမ်သာ ကိုယ်တိုင်တိုက်ခိုက်ခဲ့ဖူး၏။ ကျန်အချိန်များတွင် သူက စကားလုံးတချို့သာ ပေးပို့လိုက်ပြီး ပြိုင်ဘက်များမှာ မြေကြီးပေါ်တွင် ဒူးထောက်၍ သူ့အား အရူးအမူး ကိုးကွယ်တတ်၏။

ဤရှစ်ယောက်အနက် ခြောက်ယောက်က ရွေးချယ်ခံများဖြစ်ကာ နှစ်ယောက်က နတ်မီးလျှံစမ်းသပ်ပွဲမှ ပြိုင်ပွဲဝင်များဖြစ်သည်။ သူတို့ကား ယခုတွင် အပြင်လောကမှ အာလုံး၏ အာရုံစိုက်ခြင်းခံနေရတော့သည်။

မရေမတွက်နိုင်သော မျက်လုံးများသည် ရှစ်ယောက်ထဲမှ မည်သူက အကြိုဗိုလ်လုပွဲများသို့ ဝင်ရောက်ကာ ‌ဗိုလ်လုပွဲအထိ ဆက်သွားနိုင်မည်လဲ မြင်ရဖို့ မျှော်လင့်စောင့်စားနေကြ၏။

"အကြိုဗိုလ်လုပွဲတက်ရောက်ခွင့် တိုက်ပွဲတွေက အရှေ့တိုက်ပွဲတွေနဲ့ ခြားနားလိမ့်မယ်" လင်းယွင်ကျစ်၏ အသံက ပဲ့တင်ထပ်လာသည်။

"အရှုံးအနိုင်ကို တိုက်ပွဲတစ်ပွဲတည်းနဲ့ ဆုံးဖြတ်ပေးမှာ မဟုတ်တော့ဘူး။ မင်းတို့ တစ်ယောက်ချင်းစီတိုင်း အနည်းဆုံး တိုက်ပွဲလေးပွဲ တိုက်ခိုက်ရမယ်

"ပထမ‌ဆုံး ထိပ် (၄) ယောက်နဲ့ ဘိတ် (၄) ယောက်ကို ငါတို့ ဆုံးဖြတ်ပေးမယ်။ ပထမဆုံးတိုက်ပွဲရဲ့ အနိုင်ရသူက ထိပ် (၄) ယောက်ထဲ ပါရပြီး ရှုံးတဲ့သူက ဘိတ် (၄) ယောက်ထဲ ပါရမယ်

"ပြီးရင် ထိပ် (၄) ယောက်ထဲက တစ်ယောက်စီက မတိုက်ခိုက်ရသေးတဲ့ ကျန်သုံးယောက်နဲ့ တိုက်ခိုက်ရမယ်။ အဆုံးသတ်မှာတော့ နိုင်ပွဲအများဆုံးနဲ့ လေးယောက်က နောက်ဆုံးကျန်တဲ့ (၄) ယောက်ဖြစ်လာလိမ့်မယ်

"သရေကျရင် တိုက်ပွဲတစ်ပွဲနဲ့ ဆုံးဖြတ်မယ်

"မင်းတို့အနေနဲ့ အနားယူပြီး အားပြန်ဖြည့်ဖို့ အချိန်သုံးရက်ရမယ်။ ပြီးရင် အကြိုဗိုလ်လုပွဲတက်ရောက်ခွင့်တိုက်ပွဲတွေ စမယ်" နောက်ဆုံး (၄) ယောက်ကို ဆုံးဖြတ်ပေးမည့် နည်းလမ်းက ကြက်ကန်းဆန်အိုးတိုး၍ တစ်ယောက်ယောက် အနိုင်ရသွားမည်ကို တားပေးမှာဖြစ်သည်။ ထိုမျှသာမက နောက်ဆုံး (၄) ယောက်သည် အစွမ်းထက်ဆုံးဟု ခေါ်ဆိုခံရဖို့ အမှန်တကယ် ထိုက်တန်သူများ ဖြစ်လိမ့်မည်။

တာအိုဆရာအစည်းအရုံးသုံးခုက ဤနည်းလမ်းကို သုံးဖို့ ဆုံးဖြတ်ခဲ့ပြီး မည်သည့်ဂိုဏ်းမှ သဘောမတူခြင်းမရှိခဲ့ပေ။

အချိန်များ ကုန်ဆုံးသွားသည်။ မန်ဟိုကတော့ အတော်လေး ယုံကြည်ချက်ရှိစွာဖြင့် တင်ပျဉ်ခွေထိုင်နေ၏။ သို့သော် ကျန်ပြိုင်ပွဲဝင်ခုနစ်ယောက်လုံးကား အစွမ်းထက်ပညာရှင်များ ဖြစ်သည်။ အထူးသဖြင့် ကျောက်ရီဖန်းနှင့် အခြားသူများ။ မန်ဟိုသည် သူတို့နှင့် တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာကတည်းက ထိပ်တိုက်တွေ့ခဲ့ဖူး၍ လာမည့်တိုက်ပွဲများတွင် မည်သို့ရလဒ်ထွက်မည်လဲ အလွန်သိချင်နေ၏။

ပို၍ပင် သိချင်နေကြသူများမှာတော့ နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်များပင်။ နောက်ဆုံးရလဒ်များနှင့် ပတ်သက်၍ လောင်းကြေးများလည်း ထပ်ထားပြီးကြလေပြီ။

"ကျောက်ရီဖန်းက သေချာပေါက် အကြိုဗိုလ်လုပွဲကို တက်လိမ့်မယ်"

"ဖန်းတုံးအာလည်း တတ်နိုင်ချေများတယ်"

"ဖန်မုလည်း ဒီလိုမျိုး ဗိုလ်ဆက်ဆွဲနိုင်မလား"

သုံးရက်ကြာသော် အကြိုဗိုလ်လုပွဲတက်ရောက်ခွင့်တိုက်ပွဲများ စတင်တော့မည်ဖြစ်ကြောင်း လင်းယွင်ကျစ် ကြေညာနေဆဲ အခိုက်အတန့် ၊ နဝမတောင်ပင်လယ်ရှိ မျက်လုံးအားလုံး မျှော်လင့်ချက်များဖြင့် ဝဲမှန်သားပြင်များအား အာရုံစိုက်နေဆဲ အခိုက်အတန့် ...

ရုတ်တရက် အဝေးမှ သီချင်းသံက တာအိုသစ်ပင်ဆီသို့ မျောလွင့်လာသည်။ သီချင်းသံမှာ နားထဲတွင် ပဲ့တင်ထပ်၍ စိတ်ထဲသို့ ထိုးဖောက်ရင်း ‌ဖြေးညင်းစွာ မျောလွင့်လာနေ၏။။

ကြားလိုက်ရသူတိုင်းမှာ ရုတ်တရက် ဝမ်းနည်းပြီး ငိုချင်သလိုလို ဖြစ်လာကြသည်။

၎င်းသည် အတိတ်ကို လွမ်းဆွေးနေပြီး မိတ်ဆွေတစ်ယောက်ကို သတိ‌ရနေသည့်အလား တမ်းတမှုတို့ ပြည့်နှက်နေသော ‌အဆွေးသီချင်းတစ်ပုဒ်ဖြစ်၏။

သီချင်းသံ ပဲ့တင်ထပ်နေစဉ် အမျိုးသမီးတစ်ယောက်က အဝေးမှ ချဉ်းကပ်လာသည်။ သူမသည် နှင်းကဲ့သို့ ဖြူဆွတ်သော ဂါဝန်ကို ဝတ်ဆင်ထားပြီး လက်ဖျားခါလောက်အောင် လှပ၏။ သူမက ဖြေးညှင်းစွာ ချဉ်းကပ်လာကာ တာအိုသစ်ပင်၏အပေါ်တွင် ရပ်လိုက်လေသည်။ သူမ၏မျက်နှာကား မည်သည့်ခံစားချက်မှ မရှိသည့်အလား အေးစက်နေသည်။

သူမ၏ ရုတ်တရက်‌ ရောက်ချလာမှုက လူတိုင်းကို အံ့အားသင့်သွားစေသည်။ သူမသည် အဖြူနှင့် အမည်းကွာခြားသလိုမျိုး အင်မော်တယ်အပျက်အစီးများနယ်အတွင်းရှိ အခြားဖြစ်တည်မှုများနှင့် မတူပေ။ ချက်ချင်းပင် အနက်ရောင်လေမှာ တုန်ရီလာပြီး သိမ်းငှက်ကြီးက စူးစူးဝါးဝါး အော်လိုက်သည်။ သူတို့နှစ်ယောက်လုံး အမြန်ဆုံးနှုန်းဖြင့် ကြောက်လန့်တကြား ထွက်ပြေးသွားကြ၏။

ကြည့်ရသရွေ့ ထိုသိမ်းငှက်ကြီးမှာ အတိတ်တုန်းက ဤအမျိုးသမီး၏သတ်ခြင်း ခံခဲ့ရပုံပင်။

သွေးမျက်လုံးလည်း တဆတ်ဆတ်တုန်လျက် နောက်ဆုတ်ပြီး ထွက်ပြေးသွားသည်။ ကျန်အင်အားကြီးဖြစ်တည်မှုအားလုံးက ဒူးထောက်၍ ... အမျိုးသမီးကို အရိုအသေပေးလိုက်ကြသည်။

လူတစ်ပိုင်း၊ မြွေတစ်ပိုင်းကျင့်ကြံသူလည်း အထိတ်တလန့် အော်ပြီး ကြောက်လန့်တကြား ‌ထွက်ပြေးသွားလေ၏။

***

All Chapters