သူမက ပါရာဂွန်
Vol. 63 Ch. 873
စစ်ပုဆိန်ကြီးက တဝီဝီမြည်ရင်း အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးအနား ချဉ်းကပ်သွားပြီး သူမကို လှည့်ပတ်လိုက်သည်။ သူမ ၎င်းကို ကြည့်လိုက်စဉ် သူမ၏မျက်နှာအပေါ်၌ အတိတ်ကို ပြန်ပြောင်းတမ်းတသွားမှု၊ ဝမ်းနည်းသွားမှုတို့ ထင်ဟပ်လာသည်။
လင်းယွင်ကျစ်နှင့် အခြားအဘိုးကြီးနှစ်ယောက်မှာလည်း တုန်ရီနေပြီး မျက်နှာများ ဖြူဆုပ်နေကြသည်။ သူတို့က ဘာမှမပြောကြပေ။
မန်ဟိုလည်း မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သို့သော် သူ့အတွက် စိုးရိမ်စရာအကောင်းဆုံးမှာ အမျိုးသမီးနှင့် သူမရောက်ရှိလာမှုမဟုတ်ဘဲ သူ့နောက်လိုက်နေခဲ့ပြီး ယခုတွင် ပြိုင်ကွင်းများအနား၌ အခြားဖြစ်တည်မှုများကဲ့သို့ ထွက်လည်းမပြေး၊ ဦးလည်းမညွှတ်သော ခေါင်းတစ်ပိုင်းပြတ်လူ ဖြစ်၏။ သူက အတန်ငယ် တုန်ရီနေသော်လည်း ယခင်အတိုင်း ပျံဝဲလျက်ရှိနေဆဲပင်။
မန်ဟိုမှာ ဤအခြင်းအရာကို မြင်သောအခါ ရင်တဒိန်းဒိန်း ခုန်စပြုလာသည်။
ဤအခိုက်အတန့်တွင် တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးများက ဝဲအနားသို့ ကပျာကယာ လျှောက်သွားကြသည်။ သူတို့၏အမူအရာမှာ တုန်လှုပ်နေသော ပုံစံဖြစ်ပြီး အတွေးမျိုးစုံ တွေးနေကြပုံပင်။ သို့သော် အချိန်အနည်းငယ်ကြာသော် သူတို့သည် ပြင်းထန်သော ပျော်ရွှင်မှုကြောင့် တုန်ရီလာကြ၏။
ကျန်ခေါင်းဆောင်ကြီးအားလုံးမှာ အမျိုးသမီးကို စိုက်ကြည့်ရင်း ကြက်သေသေနေကြသည်။
"တကယ် ... သူမပဲ"
"ဂိုဏ်းရဲ့ မှတ်တမ်းထဲမှာ မှတ်သားထားတဲ့ ပုံရိပ်နဲ့ ချွတ်စွပ်ပဲ"
"တာအိုဆရာအစည်းအရုံးသုံးခု သူတို့ရဲ့အစီအစဉ်ကို ပြောပြခဲ့တုန်းက အဲ့ဒါက ရူးရူးကြောင်ကြောင်နိုင်တယ်လို့ ငါ ထင်ခဲ့တာ .... အဲဒီအမျိုးသမီး .... ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်သေးတာလဲ"
ဂိုဏ်းအားလုံးမှ ခေါင်းဆောင်ကြီးများသည် ယခုတွင် ဝဲမှန်သားပြင်ထဲရှိ အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မတ်တပ်ရပ်နေကြလေပြီ။
"သူမက ဒဏ္ဍာရီထဲက ပါရာဂွန်တစ်ပါးပဲ..." ခွန်လွန်အစည်းအရုံးမှ အဘိုးကြီးက ရေရွတ်လိုက်သည်။
အလားတူစာလုံးများက ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ကျန်ခေါင်းဆောင်ကြီးအားလုံး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး ပင့်သက်ရှိုက်သံများ ထွက်လာသည်။
ထိုစဉ် နဝမတောင်ထိပ်အပေါ်တွင် ကျောက်ဆောင်တစ်ခုထက်၌ တင်ပျဉ်ခွေထိုင်လျက်ရှိသော ရုပ်တုတစ်ရုပ်ရှိသည်။ ရုပ်တုကား အသက်စွမ်းအား စိုးစဉ်းမျှ ရှိပုံမပေါ်ခဲ့သည်တိုင် ဤအခိုက်အတန့်တွင် အက်ကြောင်းများက ရုပ်တု၏မျက်နှာပြင်တစ်လျှောက် ပြေးလွှားလာ၏။ တစ်ချိန်တည်းမှာပင် နဝမတောင်အပေါ်က ကောင်းကင်ထဲရှိ ကြယ်များအနက် တစ်လုံးမှအပ အကုန်လုံး မှိန်ကျသွားသည်။ ထိုတစ်လုံးတည်းကျန်ခဲ့သော ကြယ်မှာ အဖော်မဲ့မျက်လုံးတစ်လုံးအလား စူးရှစွာ တောက်ပနေသည်။
၎င်းသည် ကြယ်တာရာကောင်းကင်တစ်ခုလုံးနှင့် ၎င်းထဲရှိ အရာခပ်သိမ်းကို စိုးမိုးမင်းမူနိုင်သည့်အလား ခံစားချက်မဲ့ပြီး ရှေးဆန်၏။ အနားရှိ ဝဲမှန်သားပြင်ကို ကြည့်၍ ထိုနေရာ၌ ပျံဝဲနေသော အမျိုးသမီးကို မြင်လျှင် မျက်လုံးကား .... တုန်လှုပ်သွားလေသည်။
"ပါရာဂွန်..." ရှေးဆန်သောအသံကြီးတစ်သံက ရေရွတ်လိုက်သည်။
ပြိုင်ကွင်းများဝန်းကျင်တွင် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးသည် တာအိုသစ်ပင်ကို ကြည့်ရင်း လေလယ်၌ ပျံဝဲနေ၏။ သစ်ပင်ပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ သူမကိုယ်တိုင် သူတို့ကို အကဲခတ်နေသည့်အလား ခံစားလိုက်ရလေသည်။
လင်းယွင်ကျစ်သည် အသက်ပြင်းပြင်းရှူနေရသလို၊ သူ့ဘေးရှိ အဘိုးကြီးနှစ်ယောက်လည်း ထိုနည်းတူပင်။ အချိန်အတန်ကြာသော် သူက အံတင်းတင်းကြိတ်ပြီးနောက် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ပြောသည်။ "ပြိုင်ကွင်းတိုက်ပွဲအတွင်းက အနုသုခုမရုပ်ခန္ဓာအဆင့်၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နဲ့ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူအပေါင်းတို့။ အကြိုဗိုလ်လုပွဲတက်ရောက်ခွင့်ပြိုင်ပွဲတွေ စတင်ကြစို့
"မင်းတို့ရဲ့ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်တွေ ထုတ်ကြ။ အစွမ်းထက်ဆုံးတာအိုတွေကို လွှတ်လိုက်ကြ။ မင်းတို့အားလုံးက ... ပြိုင်ကွင်းတိုက်ပွဲတွေ တိုက်ခိုက်နေကြတာ။ ဒါပေမယ့် ... ဒါဟာ မင်းတို့တစ်ဘဝလုံးရဲ့ အကြီးမားဆုံး ကံကြမ္မာကောင်းအတွက် အခွင့်အရေးလည်း ဖြစ်လာနိုင်တယ်
"ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မလား၊ မဆုပ်ကိုင်နိုင်မလားဆိုတာကတော့ မင်းတို့ကံတရားအပေါ် မူတည်တယ်" လင်းယွင်ကျစ်အနေဖြင့် သည့်ထက်ပို၍ပြောမရတော့ပေ။ သူ ပြောခဲ့သော အရာမှာ ပြောနိုင်သောအတိုင်းအတာအလွန်ဆုံး ဖြစ်သည်။
သူ၏စကားလုံးများက ပြိုင်ကွင်းများထဲရှိ ကျင့်ကြံသူအားလုံးအား ရင်ခုန်သွားစေသည်။ မန်ဟိုမှာ အထူးသဖြင့် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးကို စိတ်ဝင်စားနေသည်။
သူမကို ကြည့်လျှင် အလွန်ထူးဆန်းသော အာရုံတစ်ခုကို သူ ရသည်။ သူမကို မျက်စိဖြင့် တပ်အပ်မြင်ရသော်လည်း နတ်ဘုရားအာရုံနှင့်ကြည့်ဖို့ ကြိုးစားသောအခါ သူမမှာ ထိုနေရာတွင် ရှိပင်မရှိသည့်အလားပင်။
ဤအခိုက်အတန့်တွင် တောက်ပသော အလင်းရောင်က ကျင့်ကြံသူအားလုံးကို ဝန်းရံသွားပြီး သူတို့သည် ကြေးရောင်သစ်ရွက်အထက်တွင် ပြန်ပေါ်လာကြ၏။ မျက်စိတစ်မှိတ်အတွင်း လူတိုင်းကား ပြိုင်ဘက်တစ်ဦးကို မျက်နှာချင်းဆိုင်နေရလေပြီ။
မန်ဟို၏ပြိုင်ဘက်ကား ... လီလင်းအာမှတစ်ပါး အခြားမဟုတ်ပေ။
ကျောက်ရီဖန်းက ခွန်လွန်အစည်းအရုံးမှ လူထွားကြီးကို ရင်ဆိုင်ရသည်။ အခြားတိုက်ပွဲတွင်တော့ ပွစိပွစိရွတ်နေတတ်သော အဘိုးကြီးက အမွေးနံ့သာအစည်းအရုံးမှ ပြုံးနေသောလူငယ်ကို တိုက်ခိုက်ရမှာဖြစ်သည်။
နောက်ဆုံးတိုက်ပွဲက ဖန်းတုံးအာနှင့် ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ လူငယ်ပင်။
ထိပ် (၄) ယောက်နှင့် ဘိတ် (၄) ယောက်အား အဆုံးအဖြတ်ပေးမည့် ပြိုင်ပွဲကား ယခုစတင်နေလေပြီ။
လီလင်းအာနှင့် မန်ဟို တစ်ယောက်ကို တစ်ယောက် မျက်နှာမူနေစဉ် လီလင်းအာ၏နဖူးပေါ်ရှိ မိုးမခသစ်ရွက်သည် ရုတ်တရက် တောက်ပလာပြီး အံ့ဖွယ်အရှိန်အဝါတစ်ခုက သူမထံမှ ဖြာထွက်လာသည်။
မန်ဟို၏မျက်နှာအပေါ်တွင်တော့ ထူးဆန်းသောအမူအရာတစ်ခုအား မြင်ရနိုင်ပြီး သူ၏ လည်ချောင်းရှင်းလိုက်သည်။ သူ့မှာ စဉ်းပင်မစဉ်းစားမိဘဲ သူမ၏တင်ပါးကို အလိုလို လှမ်းကြည့်မိလိုက်၏။
"အရှက်မရှိလိုက်တာ" သူမက အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောသည်။ သူမသည် ညာလက်ကို မြှောက်လိုက်ကာ သူမ၏အနောက်၌ ရှေးကျသော သစ်ပင်အိုကြီးတစ်ပင်ကို ပေါ်လာစေလိုက်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ရုပ်လုံးပေါ်လာလျှင်ချင်း ၎င်းက ရှေးတာအိုသစ်ပင်ကြီးတစ်ပင်ကို ဖော်ကျူးပြသနေသယောင်ရှိပြီး လင်းလက်သောရောင်စဉ်တို့က လီလင်းအာကို ဝန်းရံကာ သူမ၏စွမ်းအင်များကို တဖွေးဖွေး လှုပ်လာစေသည်။
သူမ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါတွင် ရှေးသစ်ပင်ကြီး၏အကိုင်းအခက်များက နွယ်နှာမောင်းများသဖွယ် တွန့်လိမ်ကောက်ကွေးရင်း လေကို ခွင်းကာ မန်ဟို့ဆီ တဟုန်ထိုး ပြေးဝင်သွားသည်။
ဤသည်မှာ မန်ဟို့အတွက် လီလင်းအာကို ပထမဆုံး ရင်ဆိုင်ရခြင်းမဟုတ်ပေ။ တောင်ကောင်းကင်ဂြိုဟ်မှာတုန်းက သူသည် သူမကို အနိုင်ယူခဲ့ကာ ဓားစာခံအဖြစ် ဖမ်းခဲ့၏။ သို့သော် ထိုအနိုင်ရခဲ့မှုက မိုးကြိုးဒယ်အိုး၏ နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုရင်း လှည့်စားခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ချေသည်။
ပြိုင်ကွင်းတိုက်ပွဲများတွင်မူ သူ၏သရုပ်မှန်ကို ဖော်မည့် မိုးကြိုးဒယ်အိုးအား အသုံးပြု၍မရနိုင်။
သို့သော် မန်ဟိုသည် သူတို့နှစ်ယောက် စစချင်း ထိပ်တိုက်တွေ့ခဲ့စဉ်တုန်းကနှင့် မတူတော့ပေ။ ယခု သူ့တွင် ရှစ်ဆယ်ရာခိုင်နှုန်းခိုင်မာနေသည့် အင်မော်တယ်အကြောတစ်ကြော ရှိနေပြီဖြစ်၍ သူ၏အစစ်အမှန်အင်မော်တယ်စွမ်းအားက သူ့ကို ယခင်ထက် အဆများစွာ သာသွားစေသည်။
မန်ဟို၏မျက်လုံးများသည် လာနေသော နွယ်များကို လေ့လာရင်း တောက်ပသွား၏။ ထို့နောက် သူက အစစ်အမှန်အင်မော်တယ်စွမ်းအားကို ထုတ်ဖော်ရင်း ကန်ထည့်လိုက်သည်။ သူ၏အနောက်၌ အနက်ရောင်ငှက်မွှေးကြောင့် အသွင်အပြင်ပြောင်းလဲနေသော ဓမ္မဆင်းတုတစ်ခု ပေါ်လာသည်။ ဧရာမဓမ္မဆင်းတုကြီးသည် လက်သီးကို ဆုပ်ပြီးနောက် ထိုးချလိုက်ရာ အကန့်အသတ်မဲ့သောအလင်းရောင်က ဓမ္မပင်လယ်တစ်စင်းအသွင်ပြောင်းရင်း ပေါ်လာကာ လာနေသောနွယ်များထံ ပြေးဝင်သွား၏။
ဧရာမပေါက်ကွဲသံကြီး ကြားလိုက်ရပြီး ဧရာမလှိုင်းများ ဖြာထွက်သွားသည်။ မန်ဟိုက တစ်လက်မလေးပင် မရွေ့ဘဲ လီလင်းအာဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ယခင်တစ်ခေါက်တုန်းက သူသည် သူမကို ဖမ်းဖို့ သူ၏ အနိုင်ယူမရနိုင်သောအရှိန်အဝါကို အသုံးပြုခဲ့၏။ ယခု၌ကား သူ၏တိုက်ခိုက်ပုံအား ထုတ်ဖော်လိုက်လေပြီ။ သူသည် အနားရောက်သွားစဉ် လီလင်းအာကို လျှပ်စီးလို အမြန်နှုန်းဖြင့် ကုတ်ချလိုက်သော လင်းတကြီးတစ်ကောင် အသွင်ပြောင်းလိုက်သည်။
လီလင်းအာ၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူမက လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်သည်။ မှော်ပုလင်းတစ်ပုလင်းပေါ်လာသည့်အခါ သူမသည် ၎င်းကို ရှေ့သို့ ပစ်ပေါက်လိုက်၏။
"ကွဲကြေစမ်း" မန်ဟိုက ပြောသည်။ သူ၏ လင်းတအသွင်က ရှေးတာအိုဆရာများ ဝတ်ပြုကျောင်း၏တံတိုင်းမှ သင်ယူခဲ့သော လက်သည်းသိုင်းကို တိတ်တဆိတ် ထုတ်လွှတ်ကာ ပုလင်းကို လက်သည်းနှင့် ပိုင်းချလိုက်သည်။
ခွမ်းခနဲ ပုလင်းမှာ ကွဲကြေသွားသည်။ ပထမတစ်ခေါက်တုန်းက မန်ဟိုသည် မှော်ပုလင်းကို ရင်ဆိုင်ဖို့ သွေးမိစ္ဆာမဟာမှော်သိုင်းကို မတတ်သာဘဲ သုံးခဲ့ရသော်လည်း ဤတစ်ခေါက်တွင်တော့ သူ့အနေဖြင့် တစ်ချက်တည်းသာ လှုပ်ရှားဖို့ လိုလိုက်၏။
လက်သည်းသိုင်းသည် သာမန်မှော်ပညာရပ်လေးတစ်ခုသာ မဟုတ်ပေ။ ၎င်းမည်မျှ အစွမ်းထက်သလဲ မန်ဟို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
လီလင်းအာမှာ မျက်နှာပျက်သွားပြီး အသက်ရှူမြန်စပြုလာသည်။ သူမသည် ကပျာကယာ နောက်ဆုတ်သော်လည်း သူမမည်မျှမြန်စေကာမူ မန်ဟိုက လင်းတကြီးအသွင်ဖြင့် သူမကို လိုက်မှီလာပြီး သူမထံသို့ ထိုးဆင်းလာ၏။ သူက သူမကို ထပ်မံကုတ်ချလိုက်ရာ အနိုင်ယူ၍မရနိုင်သောစိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်လာသဖြင့် လေထုမှာ တုန်ခါသွားတော့သည်။
ဝုန်းးးးးး
လီလင်းအာမှာ တိုက်ကွက်တစ်ကွက်ပြီးတစ်ကွက် ဖလှယ်တိုင်း အရေးနိမ့်နေသည်။ သူမ မည်မျှတိုက်ခိုက်စေကာမူ၊ မည်သည့်မှော်ပညာရပ်များ အသုံးပြုစေကာမူ အကုန်လုံး အချည်းနှီးသာ။ မန်ဟိုက သူမကို မြက်ခြောက်များကို နင်းခြေနေသည့်အလား လေမုန်တိုင်းကြီးသဖွယ် တိုးဝှေ့တိုက်ခိုက်နေသည်။
အသက်ရှိုက်စာအနည်းငယ်သာ ကြာသေးသည်၊ နှစ်ယောက်သည် တိုက်ကွက်ပေါင်းဒါဇင်ချီ ဖလှယ်ပြီးသွားလေပြီ။ လီလင်းအာ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး အံ့အားသင့်သွားသော အမူအရာတစ်ခုအား သူမ၏မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။ ဤတိုက်ပွဲသည် သူမအား တောင်ကောင်းကင်ဂြိုဟ်မှ မန်ဟို့ကို သတိရလိုက်စေ၏။ သူလည်း အလားတူ သွက်လက်လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်သည်။ အနိုင်ယူ၍မရနိုင်သလို၊ တွန်းလှန်တိုက်ခိုက်ခြင်းလည်း မပြုနိုင်ပေ။
ဤဖန်မုသည် မန်ဟိုထက် သာသည်ဟူ၍ ခံစားနေရသည့်အချက်ကြောင့်သာမဟုတ်လျှင် သူတို့ကား တစ်ယောက်တည်းဖြစ်သည်ဟု သူမ သေချာပေါက် ယူဆခဲ့မိလိမ့်မည်။
"တစ်ယောက်တည်း မဖြစ်နိုင်ဘူး" သူမက တွေးသည်။ "မန်ဟိုမှာ အနိုင်ယူလို့မရတဲ့ စိတ်ဆန္ဒရှိကောင်းရှိနိုင်ပေမယ့် သူ့အစွမ်းက ဒီလို မယုံနိုင်စရာမကောင်းဘူး။ ဖန်မုမှာ .... ဟိုအကောင်မန်ဟိုထက် အဆများစွာ အားကောင်းတဲ့ စွမ်းအင်ရှိတယ်" သူမသည် နောက်ထပ်ဆုတ်ရင်း အံတင်းတင်းကြိတ်၍ မုဒြာလက်ကွက်ဖောက်လိုက်ရာ သူမ၏ဧရာမသစ်ပင်ကြီးအား တသိမ့်သိမ့် တုန်ခါလာစေသည်။
"လောကသစ်ပင်၊ ပေါက်ကွဲလော့။ အသင့်ရဲ့ စိတ်ဝိညာဉ်နဲ့ မိုးကောင်းကင်ကို အပြစ်တင်လော့။ အကျွန်ုပ်အတွက် ပြောင်းလဲလော့။ ကမ္ဘာမြေကို နှိမ်နင်းလော့"
လီလင်းအာ၏အသံသည် ရှေးဆန်သောအသံနေအသံထားဖြင့် ပဲ့တင်ထပ်သွားပြီး သူမနှင့် မန်ဟို့အကြားရှိ လေထုတွင် အသံကျယ်ကြီး ဟိန်းထွက်လာစေသည်။
ဒုတ်
အသံက အရာအားလုံးကို တုန်ခါသွားစေသည်။ ပြိုင်ကွင်း၏မျက်နှာပြင်မှာ လှုပ်ရမ်းလာ၍ မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ လီလင်းအာသည် ဤနတ်ဘုရားစွမ်းရည်ကို သူတို့ ယခင်တစ်ခေါက် တိုက်ခိုက်ခဲ့စဉ်တုန်းက အသုံးပြုခဲ့ဖူး၏။ ၎င်းကား ထိုအတိုင်း ရင်သပ်ရှုမောဖွယ်ကောင်းနေဆဲပင်။ လောကသစ်ပင်၏ပုံရိပ်မှ ထုတ်လွှတ်လိုက်သော ဖိအားမှာ ပြင်းထန်လေသည်။
ယခင်တစ်ခေါက်တုန်းက မန်ဟို့အနေဖြင့် နေကျောက်ခဲသာ မရှိခဲ့လျှင် အနိုင်ယူနိုင်ခဲ့မည်မဟုတ်ပေ။ လီလင်းအာမှာ အစစ်အမှန်အင်မော်တယ်စွမ်းအားငါးဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။
ဒုတ်
ဒုတ်
ဒုတ်
ဆက်တိုက်ဟိန်းသံကြီးက မန်ဟို့နှလုံးသားကို ထုနှက်နေသည့်အလားပင်။ သူ၏ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာပြီး စူးရှတောက်ပသော အလင်းရောင်များ ပြိုးပြိုးပြက်ပြက် လက်လာသည်။ လီလင်းအာ၏နောက်ရှိ သစ်ပင်ကြီး ရုတ်တရက် ပြိုကွဲသွားသဖြင့် အရာအားလုံး တုန်ခါသွားသည်။ သစ်ပင်ကြီးမှာ ပင်စည်သစ်လုံးကြီးတစ်ခုတည်းသာ ကျန်တော့သည့်အထိ သစ်ရွက်များ ကြွေကျလာပြီး သစ်ကိုင်းများ ခြောက်သွေ့လာသည်။
၎င်းကား.... လောကသစ်ပင်။
၎င်းသည် မြေကြီးပေါ် ကျလာလျှင် တဝီဝီမြည်ရင်း လီလင်းအာကို ဖြတ်ကာ မန်ဟို့ဆီ ပြေးဝင်သွား၏။ သူမက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ကာ သူမ၏ဆံနွယ်များကို လွင့်ပျံ့သွားစေပြီး တိုက်ကွက်အတွင်းသို့ စွမ်းအားများ ထည့်ပေါင်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ပုလဲတစ်လုံး သူမ၏ခေါင်းအပေါ်တွင် ပေါ်လာသည်။ ၎င်းက သစ်ပင်ကြောင့် ကျင့်ကြံခြင်းအခြေခံစွမ်းအား မကုန်ခမ်းသွားအောင် အားဖြည့်ပေးနေသယောင်ပင်။
"အဲဒါက ပုံရိပ်ယောင် လောကသစ်ပင်ထက် မပိုဘူး" မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ယခင်ထက် များစွာ သာနေပြီဖြစ်၏။ သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ လောကသစ်ပင်လှံသည် ၎င်း၏အရိုးလှံခေါင်းနှင့်အတူ ပေါ်လာသည်။ မန်ဟိုက ၎င်းကို ဆုပ်ကိုင်၍ လာနေသော ပုံရိပ်ယောင်လောကသစ်ပင်ဆီသို့ ပစ်လွှတ်လိုက်၏။
နဝမတောင်နှင့်ပင်လယ်မှ စောင့်ကြည့်နေသူများ၏ ရှုထောင့်တွင်တော့ လောကသစ်ပင်နှင့် လှံရှည်ဝင်တိုက်သွားသဖြင့် မန်ဟိုနှင့် လီလင်းအာ၏အကြား၌ အစိမ်းရောင်နေတစ်စင်း ရုတ်တရက် ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း လောကသစ်ပင်မှာ လှံရှည်ကို တောင့်မခံနိုင်တော့သဖြင့် အစိတ်စိတ်အမြွှာမြွာ ပြိုကွဲကာ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။ နားကွဲလုမတတ် ကျယ်လောင်သော ထစ်ချုန်းသံကြီးက လေတွင် ပြည့်နှက်သွားသည်။
လှံက ဝါးကို ပိုင်းဖြတ်လိုက်သော ဓားထက်ထက်တစ်လက်သဖွယ် ပုံရိပ်ယောင်သစ်ပင်ကို ထိုးခွင်း၍ ကြေမွနေသော အပိုင်းအစများကြားမှ ထွက်လာရင်း လီလင်းအာအပေါ်သို့ အံ့ဖွယ်အမြန်နှုန်းဖြင့် ထိုးဆင်းလာသည်။
ထိုအခိုက်အတန့်တွင် လီလင်းအာ၏ခေါင်းပေါ်၌ ပျံဝဲနေသော ပုလဲမှာ နူးညံ့သောအားတစ်ရပ်ကို ထုတ်လွှတ်၍ သူမကို ဘေးသို့ တွန်းလိုက်ရင်း ကြေမွသွားတော့သည်။ လှံရှည်က လီလင်းအာ၏ဆံပင်များအား ဖွာလန်ကြဲသွားစေသည့် လေအဟုန်ကို ဖြစ်ပေါ်လာစေရင်း လေကို ခွင်းသွားသည်။ မန်ဟိုက လှံရှည်ကို ဆုပ်ကိုင်၍ လီလင်းအာ၏ဘေးတွင် ပေါ်လာကာ သူမ၏ တင်းတင်းရင်းရင်း တင်ပါးလေးကို ငုံ့ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် တိုက်ကွက်ကို ယခုလေးတင် ရှောင်တိမ်းခဲ့သော လီလင်းအာက သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် သူ့ကို ပြန်ကြည့်သည်။ သူမသည် ညာလက်ကို မြှောက်၍ ကြေမွသွားသော ပုလဲရတနာ၏စွမ်းအားကို စုဆောင်းကာ မန်ဟို၏မျက်လုံးနှစ်လုံးထံသို့ လက်ချောင်းနှစ်ချောင်းအား ထိုးစိုက်လိုက်၏။
ထိုအခိုက်အတန့်တွင် မန်ဟိုက အေးစက်စက် နှာမှုတ်ပြီး ဘယ်လက်ကို မြှောက်၍ လီလင်းအာ၏ တင်ပါးနှစ်မြွှာကို ပယ်ပယ်နယ်နယ် ချပစ်လိုက်သည်။ (ဖင်ကျိန်းလိုက်တာ)
၎င်းသည် သိပ်မကြာသေးခင်တုန်းက သူမအပေါ် ကျလာခဲ့သော ရိုက်ချက်အတိုင်း ရက်စက်လှပေ၏....
ဖြန်းခနဲ အသံကြီးက လီလင်းအာထံမှ အားခနဲ အော်သံနှင့်အတူ ထွက်လာသည်။ ထပ်မံ၍ သူမတင်ပါးမှာ ရွဲ့စောင်းသွားသည့်အပြင် သူမမှာ တင်ပါးဆုံရိုးပင် အက်သွားသည်ကို ခံစားလိုက်ရ၏။ သူမသည် မျက်လုံးဖြူဖပ်ဖြူလျော်နှင့် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားလေ၏။
***