← Chapters

အကြိုဗိုလ်လုပွဲများ

Vol. 63 Ch. 874

အကြိုဗိုလ်လုပွဲများ

Vol. 63 Ch. 874

"ငါ နင့်ကို သတ်မယ်" လီလင်းအာက ဒေါသတကြီး ကြိမ်းဝါးသည်။ သူမမျက်လုံးထဲတွင် မန်ဟို၏ပုံရိပ်က ဖန်မုအပေါ် ထပ်သွားခဲ့လေပြီ။ သို့သော် တစ်ခုသောနေရာမှ ပြင်းထန်သောနာကျင်မှုက သူမကို လေးလေးနက်နက် စဉ်းစားရန် အချိန်မပေးလိုက်ပေ။

သူမ တိုက်ခိုက်ရန် ပြင်တော့မည့်အချိန်မှာပင် ပူရှိန်းသွားသော နာကျင်မှုက သူမကို နောက်သို့ ယိမ်းယိုင်သွားစေသည်။ တစ်ချိန်တည်းမှာပင် လှံရှည်သည် လေကို ခွင်း၍ သူမ၏နဖူးအရှေ့တည့်တည့်တွင် ရပ်လိုက်၏။

မန်ဟိုက သူမကို အေးတိအေးစက် ကြည့်သည်။ ပြီးခဲ့သော မတော်တဆမှုပြီးနောက် သူ့အမေက သူ့ကို လီလင်းအာသည် သူ ကလေးတုန်းက ဆံပင်ကို မီးလိုက်ရှို့ခဲ့သော မင်းသမီးလေးလင်းအာဖြစ်ကြောင်း ပြောပြခဲ့၏။ ဘိုးဘိုးဖန်က သူတို့နှစ်ယောက်ကို ထိမ်းမြားပေးရန် စီစဉ်ထားခဲ့သည်ကိုလည်း သူ သိသည်။

သို့သော် မန်ဟိုသည် ထိုသဘောတူညီမှုကို လက်မခံပေ။ သူ့တွင် ဇနီးတစ်ယောက်တည်းသာ ရှိပြီး ထိုဇနီးကား ရှုချင်သာ။

လီလင်းအာမှာ သူမနဖူးကို ရွယ်ထားသော လှံမှ ထုတ်လွှတ်နေသည့် အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် တုန်ရီသွားသည်။ သေမင်းအရိပ်က သူမကို လွှမ်းခြုံသွားပြီး သူမသည် မန်ဟို ကြားရဖို့ မျှော်လင့်နေသော စကားလုံးများကို မပြောလျှင် လှံက သူမနဖူးကို တုံ့ဆိုင်းခြင်းမရှိ ထိုးစိုက်တော့မည်ဖြစ်ကြောင်း သိ၏။

"ငါ မင်းကို မသတ်ချင်ဘူး" မန်ဟိုက အေးစက်စက် ပြောသည်။ တကယ်တော့ သူပြောချင်သည့်အရာက သပ်သပ်ရှိ၏... သူ့သိုလှောင်အိတ်ထဲတွင် လီလင်းအာ၏ အကြွေးစာချုပ်ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူမကို အရှင်ထားဖို့ လိုအပ်သည်။

သူမ သေသွားလျှင် မည်သူက ဝိညာဉ်ကျောက်တုံးတွေကို ပြန်ဆပ်တော့မည်နည်း....

လီလင်းအာက မို့မောက်ဖွံ့ထွားသော ရင်အစုံ နိမ့်ချည်မြင့်ချည်ဖြစ်လျက်၊ အသက်ပြင်းပြင်းရှူရင်း မန်ဟို့ကို စိုက်ကြည့်နေသည်။‌ နောက်ဆုံးတွင် သူမက အံတင်းတင်းကြိတ်၍ စကားလုံးများအား ဖြေးညှင်းစွာ ပြောလိုက်သည်။

"အရှုံးပေးတယ်" ချက်ချင်းဆိုသလို သူမသည် ပျောက်ကွယ်သွားပြီးနောက် သစ်ရွက်နောက်တစ်ထပ်တွင် ပြန်ပေါ်လာသည်။ သူမကား အကြိုဗိုလ်လုပွဲသို့ ဝင်ရောက်ရန် အခွင့်အရေးဆုံးရှုံးသွားခြင်းမဟုတ်။ လာမည့်တိုက်ပွဲသုံးပွဲတွင် အနိုင်ရလျှင် ထိုအခွင့်အရေးအား ရရှိနိုင်ဦးမည်ဖြစ်သည်။

ဤပထမအကြော့က ထိပ် (၄) လေးယောက်နှင့် ဘိတ် (၄) ယောက်ထဲ၌ မည်သူတို့ ပါဝင်မည်လဲ ဆုံးဖြတ်ပေးခြင်းသာ မဟုတ်ပါလော။

‌ရုတ်ခြည်းပင် နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးများမှာ မှတ်ချက်ပြုလာကြတော့သည်။

"ဖန်မုက လီလင်းအာကို အနိုင်ယူလိုက်တာလား"

"သူကတော့ သေချာပေါက် ထိပ် (၄) ယောက်ထဲ ဝင်လိမ့်မယ်။ လီလင်းအာက လီမျိုးနွယ်စုရဲ့ ရွေးချယ်ခံတစ်ဦးဖြစ်တဲ့အပြင် နောင်တစ်ချိန်ကျ အစစ်အမှန်အင်မော်တယ်တစ်ဦးဖြစ်လာမှာ ယုံမှားစရာမရှိဘူး။ သူက တစ်ခါမှ မရှုံးဖူးဘူးလို့တောင် ကြားဖူးတယ်။ တစ်ခါက သူနဲ့ ဖန်းတုံးအာ တိုက်ခိုက်တုန်းကဆိုရင် သရေကျခဲ့တာတဲ့လေ"

"ဒီဖန်မုက တကယ် အနိုင်ယူလို့မရတဲ့သူပဲ"

တကယ်တမ်း မန်ဟိုက ပထမဆုံး အနိုင်ရသွားသူမဟုတ်ပေ။ အံ့ဩဖွယ်ကောင်းစွာနှင့် ပထမဆုံးပြီးသွားသည့်တိုက်ပွဲမှာ ကျောက်ရီဖန်းနှင့် ခွန်လွန်အစည်းအရုံးမှ လူထွားကြီး၏တိုက်ပွဲဖြစ်သည်။

ထိုတိုက်ပွဲသည် စောစောက မန်ဟို၏တိုက်ပွဲနည်းတူ ရင်သပ်ရှုမောဖွယ်ကောင်းပြီး အတော်များများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ခွန်လွန်အစည်းအရုံးမှ လူထွားကြီးသညိ တိုက်ခိုက်သောအခါ ဧရာမတောင်ချိန်းကြိုးကြီးကို အသုံးပြု၏။ သူကိုယ်တိုင်မှာပင် မည်သည့်တိုက်ကွက်မှ မဖြုံသော တောင်ကြီးတစ်လုံးအလားပင်။

သို့သော်‌ ကျောက်ရီဖန်းသည်လည်း ကြောက်စရာကောင်းသောလူဖြစ်ကြောင်း သူတို့၏တိုက်ပွဲတွင် ထင်ရှားပေါ်လွင်လာသည်။ သူက တိုက်ပွဲအတွင်း၌ ကမ္ဘာမြေပြိုဓားကွက်ခြောက်ကွက်ကိုသာ အသုံးပြုသည်။ ဓားကွက်တိုင်းက အရှေ့တစ်ကွက်ထက် ပို၍တုန်လှုပ်ဖွယ်ကောင်းပြီး တောင်များအပေါ်သို့ ပိုင်းချကာ ခွန်လွန်အစည်းအရုံးမှ လူထွားကြီးအား ဒဏ်ရာအပြင်းအထန် ရသွားစေသည်။

နောက်ဆုံးဓားကွက်မှာ ခွန်လွန်အစည်းအရုံးမှ လူထွားကြီးအတွက် တောင့်ခံ၍မရတော့လောက်အောင် အစွမ်းထက်လွန်း၏။ သူ၏တောင်များ ပေါက်ကွဲသွားပြီး ကျောက်ရီဖန်းသာ သူ၏အသတ်အဖြတ်စိတ်ဆန္ဓကို မချုပ်တည်းထားခဲ့လျှင် ထိုလူမှာ သေချာပေါက် အသတ်ခံရမည်ဖြစ်မည်။

တိုက်ပွဲ၏ရလဒ်က အပြင်လောကတွင် အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။ ကံဆိုးစွာနှင့် ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများသည် ပြိုင်ကွင်းတိုက်ပွဲများကို ကြည့်မနေဘဲ အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးအပေါ် အာရုံစိုက်နေကြသည်။ သူတို့မှာ ရိုသေလေးစားနေကြပုံ‌ပေါ်ပြီး ခံစားချက်များ ရှုပ်ထွေးနေကြသယောင်ပင်။

နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲတစ်ဦးဖြစ်သူ၊ ပွစိပွစိ ရွတ်နေတတ်သော အဘိုးကြီးက အမွှေးနံ့သာအစည်းအရုံးမှ လူငယ်တစ်ဦးကို တိုက်ခိုက်နေသဖြင့် ပေါက်ကွဲသံများ ဆက်လက်ဆူညံလျက်ရှိသည်။ သူတို့သည် အသက်အရွယ်ကွာသော်လည်း နှစ်ယောက်လုံးက အမျိုးအစားတူတိုက်ခိုက်ရေးသမားများအလား ခံစားရ၏။

နှစ်ယောက်ထဲမှ တစ်ယောက်က မတိုက်ခိုက်ဘဲ အရူးကြီးလို ပွစိပွစိ ရေရွတ်ရင်း ပြိုင်ဘက်များ၏ ပါးစပ်မှ အမြှုပ်ထွက်လာစေတတ်သူ ဖြစ်သည်။ အခြားတစ်ယောက်က ပြုံး၍ စကားလုံးများကို ပြိုင်ဘက်များ၏စိတ်ထဲသို့ ကူးပြောင်းပေးပို့ရင်း သူ့အား ဒူးထောက်ကိုးကွယ်ခိုင်းသူပင်။ အမှန်အတိုင်းဆိုရလျှင် တိုက်ပွဲများ ပြီးဆုံးသွားသည့်နောက်တွင်ပင် သစ်ရွက်များ၏ အောက်ဆုံးထပ်ရှိ ပြိုင်ဘက်များမှာ လူငယ်အား ရိုသေကိုင်းရှိုင်းစွာ ကြည့်နေဆဲဖြစ်၏။

သူတို့နှစ်ယောက် တိုက်ခိုက်သောအခါ ထိပ်တိုက်မတိုက်ခိုက်ဘဲ တင်ပျဉ်ခွေထိုင်၍ တစ်‌ယောက်ကို တစ်ယောက် ကြည့်ကြသည်။ မည့်သည့်အရာမှ ဖြစ်ပျက်နေခြင်းမရှိသယောင်ထင်ရသော်လည်း သိသည့်လူများက သူတို့နှစ်ယောက် သက်ညှာမှုမရှိသော အသေအကြေတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ်ကြောင်း ပြောနိုင်လေသည်။

"နတ်ဘုရားစိတ်ဆန္ဒ တိုက်ပွဲ"

"အမွေးနံ့သာအစည်းအရုံးက နတ်ဘုရားစိတ်ဆန္ဒအသုံးပြု‌တဲ့နေရာမှာ ကျွမ်းကျင်တယ်။ သူတို့က သက်ရှိအရာတွေအများကြီးရဲ့ စိတ်ဆန္ဒကို စုစည်းပြီး သူတို့ရဲ့ အမွှေးနံ့သာတာအိုကို ဖော်ဆောင်ကြတာ။ ရှဲ့ရီရှန်းက အမွှေးနံ့သာအစည်းအရုံးရဲ့ ရွေးချယ်ခံတစ်ယောက်ဖြစ်တဲ့အပြင် ကြည့်ရတာ တာအိုကလေးအလောင်းအလျာ ဖြစ်မယ်။ သူ့ရဲ့ နတ်ဘုရားစိတ်ဆန္ဒပြင်းအားက လက်ဖျားခါလောက်ပါပေတယ်"

"ကျုပ် မှတ်မိတာ မှန်ရင် အဲဒီအဘိုးကြီးရဲ့နာမည်က ချင်းသွော်သွော်။ သူက ... တကယ်ပဲ အမွှေးနံ့သာအစည်းအရုံးက ရှဲ့ရီရှင်းနဲ့ နတ်ဘုရားစိတ်ဆန္ဒချင်း အားပြိုင်တော့မှာလား"

နောက်ပြိုင်ကွင်းတစ်ခုတွင် ဖန်းတုံးအာသည် ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ လူငယ်ကို ရင်ဆိုင်နေ၏။ နှစ်ယောက်ကြား တိုက်ပွဲမှာ အရှိန်အဟုန် ပြင်းထန်နေပြီး ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ လူငယ်၏မျက်နှာမှာ အရူးအမူးစွဲလမ်းနေသော ပုံစံကြီးဖြစ်နေသည်။ သူ၏မျက်လုံးများက မည်သည့်အအေးဓာတ်ကိုမဆို အရည်ဖျော်ပစ်နိုင်ပုံရသော်လည်း သူ့ကို ထိုသို့အရူးအမူးဖြစ်နေစေသည်မှာ ဖန်းတုံးအာမဟုတ်ပေ။ တိုက်ပွဲအတောအတွင်း လွင့်စင်ပြိုကွဲသွားခဲ့သော ဖန်းတုံးအာ၏အနောက်ရှိ မြူထဲမှ အမျိုးသမီးအလောင်းကြောင့်ပင်။

"အဲဒါ ငါ့တစ်ဘဝလုံး မြင်ခဲ့ဖူးသမျှထဲ အလှဆုံးအလောင်းပဲ" လူငယ်က ရေရွတ်လိုက်သည်။ သူ့အရှေ့တွင် ခေါင်းတလားခုနစ်ခုပွင့်နေပြီး သူသည် ထိုထဲမှ အလောင်းခုနစ်လောင်းဖြင့် ဖန်းတုံးအာကို တိုက်ခိုက်နေခြင်းဖြစ်၏။

ဖန်းတုံးအာမှာ ရူးခါနီးလေပြီ။ သူမအတွက် တစ်လောကလုံး၌ အလောင်းများထက် မုန်းသည့်အရာ မရှိတော့ပေ။ ပြိုင်ဘက်ဖြစ်သူ၏အကြည့်များကလည်း သူမကို ရွံရှာစက်ဆုပ်မှုတို့ဖြင့် ပြည့်နှက်သွားစေသည်။

တဝုန်းဝုန်းပေါက်ကွဲသံများ ဆူညံနေပြီး အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။ အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးက ပြိုင်ကွင်းတိုက်ပွဲများထဲရှိ ကျင့်ကြံသူများကို စောင့်ကြည့်ရင်း တာအိုသစ်ပင်အပေါ်တွင် ပျံဝဲနေဆဲဖြစ်သည်။ သူမ ဘာတွေးနေသလဲ ပြောရခက်၏။

အချိန်အတန်ကြာသော် ဖန်းတုံးအာ၏ဘေးတွင် ဝုန်းခနဲ ပေါက်ကွဲသွားပြီး လူငယ်မှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူက နောက်ဆုတ်လိုက်ပြီး ထိုသို့ဆုတ်လိုက်စဉ်အတောအတွင်း အနက်ရောင်ဆံတစ်မျှင်က သူ၏လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ ၎င်းက ဖန်းတုံးအာ၏ဆံပင်မဟုတ်ဘဲ အမျိုးသမီးအလောင်း၏ဆံပင်ဖြစ်သည်။

သူမအနောက်ရှိ မြူအားလုံး ပျောက်ကွယ်သွားသဖြင့် ဖန်းတုံးအာ၏မျက်နှာမှာ စိတ်မသက်မသာဖြစ်သွားသကဲ့သို့ ရှုံ့မဲ့သွားသည်။ အဖြူရောင်ဝတ်ရုံနှင့်အလောင်းက ယခုတွင် နဝမတောင်နှင့်ပင်လယ်မှ စောင့်ကြည့်နေသူအားလုံး၏မြင်ကွင်းထဲတွင် ထင်းခနဲ ပေါ်လာလေ၏။

"အရှုံးပေးတယ်" ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ လူငယ်က အော်သည်။ သူက သွေးတချို့ ထပ်အန်လိုက်ရသော်လည်း သူ၏မျက်နှာအပေါ်တွင်တော့ ကြည်နူးနေသောအရိပ်အယောင်တစ်ခု ရှိသည်။ သူသည် ဆံပင်ကို နှာခေါင်းနားကပ်၍ ရှူရှိုက်ပြီးနောက် ဂရုတစိုက် သိမ်းလိုက်၏။ ထို့နောက် ရမ္မက်ခိုးဝေနေသော မျက်လုံးများဖြင့် ဖန်းတုံးအာအနောက်ရှိ အမျိုးသမီးအလောင်းကို လှမ်းကြည့်သည်။

"သူက ငါ့ရဲ့အချစ်စစ်ပဲ။ ဖန်တုံးအာ သူ့ကို ကောင်းကောင်းဂရုစိုက်နော်" ထိုသို့ပြောရင်း လူငယ်သည် ပျောက်ကွယ်သွားကာ ဘိတ် (၄) ယောက်အတွက် သစ်ရွက်အလွှာပေါ်တွင် ပေါ်လာသည်။ သို့သော် သူက ယစ်မူးနေသောပုံစံဖြင့် အလောင်းကို ငုံ့ကြည့်နေဆဲပင်။

ဆွေးနွေးသံများ နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်ကြားတွင် ချက်ချင်း ထွက်လာကြသည်။

"ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်က အဲ့ဒီလူ ရှောင်လော့က နှာဘူးကြီးပဲ။ ရွေးချယ်ခံတစ်ယောက်ဆိုပေမယ့် အလောင်းစွဲမက်သူဖြစ်နေတာကိုး"

"ငါကြားရသလောက်တော့ တောင်ကောင်းကင်ဂြိုဟ်ပေါ်က မန်ဟိုဆိုတဲ့လူ‌နဲ့ ရင်ဆိုင်ခဲ့တုန်းက အဲဒီအလောင်းက ဖန်းတုံးအာကို ကပ်သွားတာတဲ့"

ထိုကိစ္စနှင့်ပတ်သက်ပြီး လူအုပ်ကြီး ဆူညံနေစဉ် ပွစိပွစိပြောနေသော ချင်း‌သွော်သွော်နှင့် အမွှေးနံ့သာအစည်းအရုံးမှ ရှဲ့ရီရှန်းတို့၏ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။ ရှဲ့ရီရှန်း၏မျက်နှာ နီမြန်းသွားပြီး သွေးများ သူ၏ပါးစပ်မှ ပန်းထွက်လာသည်။ ၎င်းကို သုတ်ပြီးနောက် သူသည် သက်ပြင်းဖွဖွချရင်း ထရပ်ပြီး အဘိုးကြီးကို အရိုအသေပေးလိုက်သည်။

" ခင်ဗျားရဲ့ နတ်ဘုရားစိတ်ဆန္ဒကျင့်စဉ်က အံ့ဩဖွယ်ကောင်းတဲ့ အမွေတစ်ခုဆိုတာ သံသယမရှိ ယုံကြည်သွားပါပြီ တာအိုရောင်ရင်း" သူက ပြောသည်။ "ကျုပ် ရှဲ့ အရှုံးပေးတယ်"

ချင်းသွော်သွော်၏မျက်နှာမှာလည်း အတန်ငယ် ဖြူဖျော့နေသည်။ သူ၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး သူသည် ထရပ်ကာ ရှဲ့ရှီရှန်းကို လေးနက်စွာ အရိုအသေပေးလိုက်သည်။

စကားသံများ ချက်ချင်းထွက်ပေါ်လာသည်။

"ဒါဆို ချင်းသွော်သွော် တကယ်ကြီးနိုင်သွားပြီပဲ"

"သူက အမွှေးနံ့သာအစည်းအရုံးက ရှဲ့ရီရှန်းကို အနိုင်ယူလိုက်တာ ဟုတ်လား။ သူ့နတ်ဘုရားစိတ်ဆန္ဒက ဘယ်လောက်တောင် အားကောင်းတာတုန်း။ သူက တကယ် ပြိုင်ပွဲမှာ မမျှော်လင့်ထားတဲ့သူပဲ။ အစတုန်းက သူ ထိပ်ဆုံး (၁၆) ယောက်အပြင် မဝင်နိုင်ဘူး ထင်ထားတာ။ ဒီလိုနိုင်ပြီး ထိပ် (၄) ယောက်ထဲ ပါသွားမယ်လို့ တွေးတောင်မတွေးဖူးဘူး"

အပြင်လောက၏ သုံးသပ်ချက်များ မည်သို့ပင်ရှိစေကာမူ ထိပ် (၄) ယောက်ကား ဆုံးဖြတ်ပြီးသွားလေပြီ။

မန်ဟို ၊ ကျောက်ရီဖန်း ၊ ချင်းသွော်သွော် ၊ ဖန်းတုံးအာ။

ဘိတ် (၄) ယောက်တွင်တော့ လီလင်းအာ၊ ရှဲ့ရီရှန်း ၊ ရှောင်လော့ နှင့် ခွန်လွန်အစည်းအရုံးမှ လူထွားကြီး ပါဝင်သည်။ တိုက်ပွဲအားလုံးပြီးဆုံးလျှင် နိုင်ပွဲအများဆုံးနှင့်လေးယောက်က အကြိုဗိုလ်လုပွဲသို့ တက်ရမှာ ဖြစ်သည်။

ခြောက်နာရီအနားယူပြီး လူတိုင်း အဆင်သင့်ဖြစ်သည့်အခါ အကြိုဗိုလ်လုပွဲသို့ တက်ရဖို့ ဆုံးဖြတ်ပေးမည့် ဒုတိယအကြော့ စတင်သည်။ မန်ဟို ကြေးသစ်ရွက်အပေါ်၌ မလှုပ်မယှက် ရပ်နေစဉ် သူ့အရှေ့ရှိ တောက်ပသော အလင်းရောင်က ခွန်လွန်အစည်းအရုံးမှ လူထွားကြီးကို ဖော်ပြလိုက်၏။

လူထွားကြီးက ရှေ့လျှောက်လာသည်။ ၎င်းသည် မရေမတွက်နိုင်သော တောင်များ ကျဆင်းနေသည့်အလားဖြစ်သော်လည်း မန်ဟိုကတော့ နဂိုအတိုင်းသာ။ နဝမတောင်ပင်လယ်၏ ဂိုဏ်းအမျိုးမျိုးအနက် သူသည် ကျင်ရှန်းကြောင့် မိစ္ဆာအင်မော်တယ်ဂိုဏ်းနှင့် ရင်းနှီးပြီးဖြစ်၏ .... ခွန်လွန်အစည်းအရုံးကိုလည်း သူ သိလေသည်။

သူ့ဆရာဆေးလုံးမိစ္ဆာက ခွန်လွန်အစည်းအရုံးသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၍ မန်ဟိုက လူထွားကြီးကို ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည်။

လူထွားကြီးမှာ အံ့ဩသွားပြီးနောက် မန်ဟို့ကို ခေါင်းညိတ်ပြကာ လက်ယှက်နှုတ်ဆက်၏။

"ကျုပ်က ခွန်လွန်အစည်းအရုံးက ယန်ရီပါ" သူက ပြောသည်။ "တာအိုရောင်ရင်းဖန်၊ ကျေးဇူးပြုပြီး ကျုပ်ကို သင်ပြပေးပါဦး"

"သင်ပြပေးရမှာပေါ့" မန်ဟိုက လူထွားကြီးကို လက်ယှက်၍ ပြန်နှုတ်ဆက်ရင်း ပြန်ဖြေသည်။

‌နှုတ်ဆက်ပြီးသောအခါ ယန်ရီ၏မျက်လုံးများသည် စူးရှတောက်ပလာပြီး သူက ကြီးမားသောအရှိန်အဝါတစ်ခုကို ထုတ်ဖော်ကာ မန်ဟို့ထံ လျှောက်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ အနားရောက်လာလျှင် မရေမတွက်နိုင်သောတောင်များ သူ၏ပတ်ပတ်လည်၌ ဖြစ်တည်လာ၏။

မန်ဟို၏မျက်နှာထားက မပြောင်းလဲသော်လည်း သူ၏သူငယ်အိမ်များ ကျုံ့နေသည်။ သူသည် ဤလူထွားကြီး အမှန်တကယ် အသုံးပြုနေသည်မှာ ...‌ တောင်ဝါးမြိုမန္တန်ဖြစ်ကြောင်း အစောကတည်းက သတိထားမိခဲ့ပြီးဖြစ်၏။

တောင်ဝါးမြိုမန္တန်သည် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ တာအိုမှော်ကျင့်စဉ်တစ်ခုဖြစ်ပြီး အစတုန်းက မန်ဟိုမှာ ၎င်းကို သူတစ်ယောက်တည်းသာ အသုံးပြုနိုင်သည်ဟူ၍ ထင်မှတ်ခဲ့၏။ သို့သော် လူထွားကြီးယန်ရီ၏ လှုပ်ရှားမှုများကို မြင်ပြီးနောက်တွင်တော့ သူ့မှာ ခွန်လွန်အစည်းအရုံးကို ပိုမိုစိတ်ဝင်စားလာသည်။

"ဒီတော့ တောင်ဝါးမြိုမန္တန်ပေါ့လေ..." မန်ဟိုက တွေးသည်။ စိတ်ထဲတွင် ရယ်ရင်း သူလည်း ရှေ့သို့ လျှောက်ရင်း မရေမတွက်နိုင်သောတောင်များအား သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာစေသည်။ မှန်ပါသည်၊ အနက်ရောင်ငှက်မွှေး၏အကူအညီကြောင့် ၎င်းတို့က စမ်းချောင်းများနှင့် တူနေသည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်ကား ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေကြလေပြီ။ သူတို့သည် သိုင်းကွက်မျိုးစုံမသုံးဘဲ တောင်ဝါးမြိုမန္တန်နှင့် သူတို့၏အံ့ဖွယ်အပြင်အားကိုယ်များအပေါ်တွင်သာ အာရုံစိုက်ထားကြ၏။

ဝုန်းးးး

တိုက်ကွက်ပေါင်းဒါဇင်ချီ ဖလှယ်ပြီးနောက်တွင် ယန်ရီမှာ တစ်ကိုယ်လုံး တုန်ရီသော်လည်း မျက်လုံးများ၌ တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေလျက် နောက်ဆုတ်သွားသည်။

"ပျော်စရာပဲ။ ဒီတိုက်ပွဲက ကျောက်ရီဖန်းနဲ့ တိုက်ခိုက်ရတုန်းကထက် ပိုပြီး ပျော်စရာကောင်းတယ်" ယန်ရီက အားပါးတရ ရယ်ပြီးနောက် လက်သီးဆုပ်လိုက်ကာ သူ၏ပတ်ပတ်လည်ရှိ တောင်များအား တောင်တန်းတစ်ခုအဖြစ် ချိတ်ဆက်သွားစေသည်။ သူကိုယ်တိုင်မှာလည်း ဧရာမတောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသယောင်ပင်။

မန်ဟိုက ယန်ရီနည်းတူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် စမ်းချောင်းများကို လေကိုခွင်းလျက် ထွက်သွားသော ဧရာမမြစ်ကြီးတစ်စင်းအဖြစ် စုဆုံသွားစေရင်း တိုက်ခိုက်လိုက်၏။ သူတို့က မည်သည့်အရာကိုမှ မထိမ်ချန်ဘဲ တိုက်ခိုက်ကြလေသည်။ တဝုန်းဝုန်းပေါက်ကွဲသံများက အံ့အားသင့်နေသော ပရိသတ်ထုကြီး၏ အာရုံကို ဆွဲဆောင်ကာ ပဲ့တင်ထပ်နေတော့သည်။

သူတို့နှစ်ယောက်ကား သိပ်ကြာကြာ မတိုက်ခိုက်ရလိုက်။ အမွှေးတိုင်တစ်တိုင်ထွန်းစာသာ ကြာလိုက်ပြီး နောက်ဆုံးတွင် ယန်ရီမှာ နောက်သို့ ခြေလှမ်းခုနစ်လှမ်း၊ ရှစ်လှမ်းမျှ ဆုတ်သွားရသည်။ သူက အသက်ပြင်းပြင်းရှူလျက် အင်္ကျီလက်စကို ခါကာ တောင်များအား ပျောက်ကွယ်သွားစေသည်။ ထို့နောက် သူသည် ရပ်၍ မန်ဟိုကို လေးလေးနက်နက်ကြည့်သည်။ ထို့နောက် ခေါင်းခါ၍ ရယ်လိုက်၏။

"ကျုပ်က ခင်ဗျားအတွက် ပြိုင်ဘက်မဟုတ်ဘူးပဲ။ ကျုပ်အနေနဲ့ အရှုံးပေးရလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ကျုပ် တိုက်ခိုက်ခဲ့တဲ့ ပြိုင်ကွင်းတိုက်ပွဲအားလုံးထဲမှာ ပျော်စရာအကောင်းဆုံးလို့ ပြောချင်ပါတယ်

"ယန်ရီဟာ အကြိုဗိုလ်လုပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အားရင်တော့ အစ်ကိုကြီးဖန် ၊ အတူတူ သောက်ရအောင် ခွန်လွန်အစည်းအရုံးကို လာခဲ့ပါဦး"

မန်ဟိုက ရယ်လိုက်သည်။ ယန်ရီသည် ဟောဟောဒိုင်းဒိုင်း တည့်တိုးပြောတတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။ ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက်တွင် ဤလူမှာ ကြောင်သူတော်လည်းမဟုတ်သလို၊ လိမ်ညာတတ်သူလည်း မဟုတ်ကြောင်း ပြောနိုင်သည်။

"ခွန်လွန်အစည်းအရုံးကို သေချာပေါက် လာမှာပါ" သူက ပြောသည်။

ယန်ရီက ရယ်ရင်း ပျောက်ကွယ်သွားကာ တတိယတိုက်ပွဲအတွက် နောက်သစ်ရွက်အပေါ်တွင် ပြန်ပေါ်လာသည်။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ တစ်နာရီကြာသော် တတိယအ‌ကြော့တိုက်ပွဲ စတင်သဖြင့် တောက်ပသောအလင်းရောင်သည် ရုတ်တရက် လင်းလက်သွား၏။ သို့သော် မည်သည့်ပြိုင်ဘက်မှ ပေါ်မလာဘဲ ခေါင်းတလားကိုးခုက ဝုန်းခနဲ အပေါ်မှ ကျဆင်းလာသည်။

"ဖန်းတုံးအာရဲ့ နောက်က အမျိုးသမီးအလောင်းက ငါ့ရဲ့အချစ်စစ်ဆိုတော့ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျန်တဲ့မင်းတို့တွေကတော့ မတူဘူး" အသံသည် နူးညံ့ပြီး မိန်းမဆန်သော်လည်း အလင်းထဲမှ ထွက်သောပုဂ္ဂိုလ်မှာ ယောက်ျားတစ်ဦးဖြစ်၏။

ဤသည်မှာ အထွတ်အမြတ်မြေငါးမြေအနက် ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်၏ ရှောင်လော့မှတစ်ပါး အခြားမဟုတ်ပေ။

***

All Chapters