← Chapters

ကြီးစိုးခြယ်လှယ်ခြင်း

Vol. 63 Ch. 875

ကြီးစိုးခြယ်လှယ်ခြင်း

Vol. 63 Ch. 875

ရှောင်လော့ပေါ်လာသောအခါ အေးစိမ့်သောလေပြေတစ်ချက်က သူ၏ဆံပင်နှင့်အဝတ်စများကို တဖတ်ဖတ် လွင့်သွားစေသည်။ သူသည် ‌ယောက်ျားဖြစ်ကြောင်း သိသာပါသော်လည်း သူနှင့်ပတ်သက်၍ တစ်စုံတစ်ခုက အလွန်အကျူး မိန်းကလေးဆန်နေသည်။ အထူးသဖြင့် သူ၏မှိုင်းညို့ညို့မျက်ဝန်းများက သူ၏ခံ့ညားသောရုပ်ရည်ကို ထူးဆန်းစွာ ဖောက်ပြန်နေစေ၏။

ရှောင်လော့က မန်ဟို့ကို ကြည့်ရင်း ပြိုင်ကွင်း၏အလယ်တွင် ရပ်နေသည်။

မန်ဟိုကတော့ မပြောင်းလဲသောအမူအရာဖြင့် ထောင်နေသည့် ခေါင်းတလားများကို ကျော်၍ ရှောင်လော့ကို ကြည့်သည်။

"ကောင်းကင်ဘုံကိုးထပ် အသူရာ တပ်ဖွဲ့" ရှောင်လော့က မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တဝင်းဝင်းတောက်လျက် အော်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းတလား‌ကိုးခုအား ဂျိန်းခနဲ ပွင့်သွားစေသည်။ သိပ်သည်းသော သေခြင်းအရှိန်အဝါတစ်ခု စိမ့်ထွက်လာ၏။

လေထုသည် ပုံပျက်သွားပြီး ထူးဆန်းသောရောင်စဉ်များ ကခုန်လာသည်။ သေခြင်းအရှိန်အဝါများ တထောင်းထောင်း ထနေသည့် အရပ်မြင့်မြင့်ပုံရိပ်ကိုးခုက ခေါင်းတလားအတွင်း၌ ပေါ်လာသည်။ ၎င်းတို့၏ခန္ဓာကိုယ်များက ပုပ်သိုးမနေဘဲ မမ်မီကဲ့သို့ ကျပ်စည်းခံထားရ၏။ စုတ်ပြတ်နေသော အဝတ်များကို ဝတ်ဆင်ထားပြီး ကြမ်းကြုတ်သောအမူအရာများရှိ၏။ ကိုးယောက်အနက် ခုနစ်ယောက်က ‌ယောက်ျားဖြစ်ပြီး နှစ်ယောက် အမျိုးသမီးဖြစ်ကြောင်း ပြောနိုင်သည်ဆိုရုံပင်။

"သူ့ကို သတ်" ရှောင်လော့က ယုတ်မာစွာ ရယ်ရင်း ပြောသည်။ အလောင်းကိုးလောင်း အပုပ်လေတစ်ချက်ကို တိုက်ခတ်သွားစေရင်း မန်ဟို့ဆီ ပြေးတက်သွားစဉ် အညှာအတာမဲ့သော အလင်းရောင်အား သူ၏မျက်လုံးများထဲ၌ မြင်ရနိုင်သည်။

သူတို့သည် မျက်စိတစ်မှိတ်အတွင်း မန်ဟို့အနား ရောက်သွားကြ၏။ သို့သော် မန်ဟို၏အမူအရာမှာ နည်းနည်းလေးပင် ပြောင်းလဲမသွားပေ။ သူသည် ညာလက်ကို ဆန့်ထုတ်လိုက်ရာ အရိုးလှံခေါင်းနှင့် လောကသစ်ပင်လှံဖြစ်ပေါ်လာ၏။ ထို့နောက် သူကား လှံကို ရွယ်ရင်း လေမုန်တိုင်းကြီးသဖွယ် ‌တဟုန်ထိုး ပြေးတက်သွားလေပြီ။

ဧရာမလေပွေကြီးတစ်ခုက အရပ်မျက်လေးမျက်နှာသို့ ပြန့်ကားကာ အလောင်းကိုးလောင်း၏ လှုပ်ရှားမှုကို ချက်ချင်း နှောင့်ယှက်လိုက်သဖြင့် နားကွဲလုမတတ် ထစ်ချန်းသံကြီးနှင့်အတူ ပေါက်ကွဲသံတစ်သံအား ကြားလိုက်ရသည်။

မန်ဟိုက အလောင်းများကို သွက်လက်စွာ ကျော်ရင်း ရှောင်လော့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ မီးတစ်ခတ်စာ‌အတွင်း ရှောင်လော့သည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ ပြိုင်ကွင်း၏မျက်နှာပြင်အား လက်ညှိုးထိုးလိုက်၏။ ချက်ချင်းဆိုသလို ယင်အမျိုးအစားချီများ တဖွေးဖွေး လှုပ်လာကာ ဧရာမနံရံကြီးသဖွယ် မန်ဟို့ကို အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်လိုက်သည်။

မန်ဟို့လှံက အုန်းခနဲ ယင်ချီနံရံကို ဖောက်ဝင်သွားသည်။ နံရံမှာ တုန်ခါပြီး ပြိုကျလာသည့်အတွက် ရှောင်လော့သည် လက်ကို ဝှေ့ယမ်းကာ မဟူရာမှော်အပ်ကိုးချောင်းအား ပေါ်လာစေ၏။ ၎င်းတို့က မဟူရာမြွေပွေးကိုးကောင်သဖွယ် မန်ဟို့ဆီ ပြေးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ယခုတွင် မန်ဟို၏အနောက် ရောက်နေခဲ့သော အလောင်းကိုးလောင်းက လှည့်လာကာ အလင်းတန်းကိုးတန်းအသွင်ပြောင်းရင်း မန်ဟို့ကို ဝန်းရံလိုက်ကြသည်။

ရှောင်လော့က အေးစက်စက် ရယ်သည်။ သူသည် သူ၏ပြိုင်ဘက်ကို သတိလက်လွတ်ဖြစ်သွားစေဖို့ သူ၏အစွမ်းထက်ဆုံးမှော်သိုင်းကို အသုံးပြုခဲ့ခြင်းဖြစ်၏။

"သေစမ်း"

ဤသေရေးရှင်ရေးအခိုက်အတန့်တွင် မန်ဟိုက နှာမှုတ်ရုံသာ မှုတ်လိုက်သည်။ သူသည် လှံကား သစ်ရွက်၏မျက်နှာပြင်ပေါ်သို့ စိုက်ချလိုက်ရာ ဝုန်းခနဲ ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ကြီးမားသောစွမ်းအင်ကြီးတစ်ရပ်က ရုတ်တရုက် ပေါက်ကွဲထွက်လာသဖြင့် ပြိုင်ကွင်း၏မျက်နှာပြင်တစ်လျှောက် အက်ကြောင်းများ ပြေးလွှားပျံ့နှံ့သွားသည်။ ၎င်းသည် ဝဲဂယက်သဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်ကာ အလောင်းများကို ဝင်တိုက်လိုက်၏။ အလောင်းများမှာ တဆတ်ဆတ် တုန်ရီလျက် လွင့်ထွက်သွားလေသည်။ အပ်ကိုးချောင်းမှာမူ အက်ကွဲသံများ ကြားလိုက်ရပြီး ပျံသန်းလာနေစဉ်အတွင်း တစစီ ကြေမွသွား၏။

တဝေါဝေါ မြည်နေသော ဝဲထဲတွင် မန်ဟိုက လှံကို လွှတ်ပြီးနောက် လင်းတကြီးအသွင်ပြောင်းလိုက်သည်။ ထို့နောက်တွင် လှစ်ခနဲ ရွေ့လျား၍ ရှောင်လော့၏အရှေ့တည့်တည့်တွင် ပေါ်လာကာ သူ့ကို ရက်ရက်စက်စက် ကုတ်ချလိုက်သည်။

ရွှစ်

ရှောင်လော့မှာ မျက်နှာပျက်သွားပြီး မုဒြာလက်ကွက်တစ်ကွက် ကပျာကယာ ဖော်လိုက်ကာ ယင်ချီကို လင်းတကြီး၏ကုတ်ချက်အား ခုခံလိုက်‌သော နံရံနောက်တစ်ဖက်အသွင် ပြောင်းသွားစေသည်။ ဝုန်းခနဲ ထိုနံရံလည်း ပြိုကျသွားသည်။ ရှောင်လော့ နောက်ပင် မဆုတ်နိုင်ခင် လင်းတကြီးသည် ပျောက်သွားပြီး မန်ဟိုက ခြေကို ဝိုက်ကန်လျက် ပေါ်လာ၏။

တောင်တန်းများကိုပင် ဖြိုခွင်းနိုင်‌လောက်အောင် အစွမ်းထက်ပုံရသော ကန်ချက်က စက်ဝန်းပြတ်တစ်ခုကို ဖော်ဆောင်ကာ ရှောင်လော့အား ပြေးဆောင့်ပစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရှောင်လော့၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ပုလဲတစ်လုံးကို ထွေးထုတ်လိုက်သည်။ ပုလဲသည် အားကောင်းသော အလင်းရောင်ကို ထုတ်လွှတ်၍ ကန်ချက်ကို ခုခံလိုက်သော်ငြား တောင့်မခံနိုင်ဘဲ ချက်ချင်း ကြေမွသွား၏။ သို့သော် ၎င်းက ရှောင်လော့အား အသက်ရှူပေါက်ရသွားစေသည်။ သူ့မှာ သွေးအန်ရင်း ကမန်းကတန်း နောက်ဆုတ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် မန်ဟိုက အရှိန်တင်၍ နောက်တိုက်ကွက်တစ်ကွက်ကို ပြင်လိုက်သည်။ လောလောဆယ်တွင် သူသည် မခုခံဘဲ လမ်းရှိ မည်သည့်အရာကိုမဆို နင်းချေပစ်နိုင်သော လေမုန်တိုင်းကြီးသဖွယ်၊ လျှပ်စီးလက်သလို တိုက်ခိုက်လိုစိတ်သာ ရှိ၏။

သူက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြနောက် လက်ချောင်းအား အရှေ့သို့ ထိုးစိုက်ရင်း လေမုန်တိုင်းကြီးသဖွယ် ရှောင်လော့အပေါ် ထိုးဆင်းလာသည်။ ကြောက်မက်ဖွယ်လက်ချောင်းတိုက်ကွက်က လေထုကို တုန်ခါလာ‌စေ၍ ရှောင်လော့၏မျက်နှာ ပျက်ယွင်းသွားသည်။ ဤမှော်တိုက်ပွဲမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသဖြင့် ရှောင်လော့အတွက် အသက်ရှူရန်ပင် အချိန်မရှိပေ။ သူ့မှာ သတိတစ်ချက် မလွတ်အောင် အာရုံစိုက်ထားရ၏။ အမှားလေးတစ်ခုက သူ့ကို သေသွားစေနိုင်သည်။

ရှောင်လော့သည် လက်ကွက်တစ်ကွက် ကပျာကယာဖော်ကာ ယင်ချီအား မရေမတွက်နိုင်သောပုလဲများအသွင် ပြောင်းသွားစေ၏။

"ပေါက်ကွဲစမ်း၊ ပေါက်ကွဲစမ်း၊ ပေါက်ကွဲစမ်း" ရှောင်လော့က ဟိန်းဟောက်လိုက်သည်။ ပုလဲများက မန်ဟို့ထံ ပျံသန်းလာပြီးနောက် တဖောင်းဖောင်း ပေါက်ကွဲကာ အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားသော အားပြင်းလှိုင်းကြီးတစ်လုံး ဖြစ်သွား၏။ ရက်စက်သောအပြုံးတစ်စက ရှောင်လော့၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။ ယင်ချီပုလဲများသည် သာမန်သာ ထင်ရသော်လည်း တကယ်တမ်း ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ လျှို့ဝှက်‌ကျင့်စဉ်တစ်ခုဖြစ်၏။ တစ်လုံးလေး ပေါက်ကွဲရုံမျှနှင့် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ကို သုတ်သင်နိုင်လောက်အောင် အစွမ်းကြီးမားချေသည်။

ရှောင်လော့သည် သူ၏ပြိုင်ဘက် အစွမ်းထက်ကြောင်း သိသော်လည်း ကျောက်ဘီလူးကြီးတစ်ကောင်ပင်လျှင် ၎င်းတို့၏ပေါက်ကွဲမှုကြောင့် အနည်းဆုံး ဒဏ်ရာရသွားနိုင်၏။

"ငါတို့ကြားမှာ အကွာအဝေးတစ်ခု ထားဖို့ပဲလိုတာ" ရှောင်လော့က အေးစက်စက် ရယ်ရင်း တွေးသည်။ "ပြီးရင် သူ့ကို သတ်ဖို့ အလောင်းကိုးလောင်းကို လွှတ်လို့ရပြီ" ရှောင်လော့ နောက်ဆုတ်တော့မည့်အချိန်မှာပင် မန်ဟိုက ပေါက်ကွဲမှုများအတွင်း ဝင်ရောက်လိုက်သည်။ သူ့အတွက် ဤဖောက်ခွဲပုလဲများသည် အသားပေါက်ပြဲရုံထက်ပိုအောင် မလုပ်နိုင်ပေ။ သူ၏ညာလက်က လက်သီးဆုပ်၍ ထိုးချလိုက်သည်။

ဘုန်း

ရှောင်လော့မှာ မချိတင်ကဲ အော်လိုက်ရသည်။ သူသည် ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်ဆုတ်သွား၏။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုက သူ့အပေါ် ထပ်မံရောက်လာကာ ကျောက်တုံးများကို ခြေမွဖြစ်နိုင်သော တိုက်ကွက်တစ်ကွက်ဖြင့် ပြေးတိုက်လိုက်သည်။ ရှောင်လော့မှာ ပါးစပ်မှ သွေးများစီးကျရင်း နောက်တစ်ဖန် ‌လွင့်ထွက်ပြန်သွားသည်။

ထို့နောက် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် မန်ဟိုသည် ရှောင်လော့ထံ တဟုန်ထိုး ထွက်သွားပြီး အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်ဖော်လျက် ရှောင်လော့၏ နဖူးထံသို့ လက်ချောင်းကို ဆန့်တန်းလိုက်သည်။

ရှောင်လော့၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာသည်။ ဤသေစေနိုင်သောအခိုက်အတန့်တွင် သူသည် လျှာထိပ်ကို ကိုက်၍ သူ၏အဆီအနှစ်သွေးတစ်ချို့နှင့် သက်တမ်းကို လောင်ကျွမ်းရင်း တားမြစ်မှော်သိုင်းကွက်ကို ထုတ်လွှတ်လိုက်၏။

"အကုန်လုံး ပုံအောဖို့ အချိန်ကျပြီ" သူက အော်သည်။ "ယင်လဖျက်စီးခြင်း"

လခြမ်းကွေးတစ်ခုက သူ၏နဖူးပေါ်တွင် ပေါ်လာကာ မန်ဟို့ကို ပိုင်းဖြတ်ရန် တဟုန်ထိုးထွက်သွားသော အနက်ရောင်လတစ်စင်းအသွင် လျင်မြန်စွာ ပြောင်းသွားလေသည်။

အနက်ရောင်လ သူ့အနားရောက်လာလျှင် မန်ဟို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူ၏ ဓမ္မဆင်းတုက သူ့အနောက်တွင် ဖျတ်ခနဲ ပေါ်လာပြီး ၎င်း၏လက်သီးက လာနေသောယင်လကို ဆုံတွေ့ရန် ပြေးဝင်သွား၏။

ယင်လ ပေါက်ကွဲသွားသဖြင့် ကြီးမားသော ပေါက်ကွဲသံကြီးအား ကြားရနိုင်ပြီး မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သွေးများ ရှောင်လော့၏ပါးစပ်မှ စီးကျလာသော်လည်း သူက ထိုအခိုက်အတန့်လေးကို အသုံးချ၍ နောက်ဆုတ်လိုက်သည်။ သူသည် တစ်ခါမှ မမြင်ရခဲ့ဖူးသော ခါးသီးမှုတို့ဖြင့် မျက်နှာကြီးရှုံ့မဲ့နေလျက် အော်ဟစ်လိုက်သည်။

" ကိုးလောင်းမိစ္ဆာအသွင်ပြောင်းခြင်း" သူက အော်သည်။ ချက်ချင်းပင် မန်ဟို့နောက်သို့ အမြဲရောက်နေခဲ့ပြီး သူ့ကို ထိပင်မထိနိုင်ခဲ့သော အလောင်းကိုးလောင်းမှာ ပြင်းပြင်းထန်ထန် တုန်ရီလာသည်။ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်အမွှေးရှည်ရှည်ကြီးများ ၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး ၎င်းတို့၏ပုံပန်းသွင်ပြင်မှာ ယခင်ထက်ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။ ထိုမျှသာမက မိစ္ဆာချီသည် သူတို့၏ကိုယ်ထဲ၌ တဖွေးဖွေး လှုပ်လာသော်လည်း မည်သူမှ သတိထားမိမည်မဟုတ်ပေ။

မိစ္ဆာချီတို့ တ‌ဖွေးဖွေး လှုပ်လာသည်နှင့်အမျှ အလောင်းကိုးလောင်း၏ကျင့်ကြံခြင်းအခြေခံများသည် ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ကား အတုအယောင်အင်မော်တယ်များနှင့် နှိုင်းယှဉ်၍ရသွားလေပြီ။

အတုအယောင်အင်မော်တယ်ကိုးကောင်။

ဤသည်မှာ ပထမနေရာကို သိမ်းပိုက်ဖို့ အသုံးပြုရန် မျှော်လင့်ထားခဲ့သော ရှောင်လော့၏ဝှက်ဖဲဖြစ်သည်။ ၎င်းသည် သူ့အတွက် ပုံမှန်အချိန်ဆို ထုတ်လွှတ်မည့်အရာ မဟုတ်သော်လည်း ယခုအချိန်မှာ ချောင်ပိတ်နေသည့်အတွက် တုံ့ဆိုင်းနေခြင်းမရှိတော့ပေ။

"သေစမ်း" အတုအယောင်အင်မော်တယ်အလောင်းကိုးကောင် မန်ဟို့အပေါ် ထိုးဆင်းသွားစဉ် သူက ဟိန်းဟောက်လိုက်သည်။ တစ်ကောင်ပြီးတစ်ကောင်က အံဖွယ်တိုက်ကွက်များကို ထုတ်လွှတ်လာရာ နဝမတောင်ရှိ လူအုပ်ကြီးများမှာ မှင်သက်နေကြတော့သည်။

"ဘုရားရေ အဲ့ဒါ အတုအယောင်အင်မော်တယ်စွမ်းအင်ပဲ"

"အဲ့ဒါ ‌ဘာမှော်ကျင့်စဉ်လဲဟ။ သူက တကယ်ကြီး အဲဒီအလောင်းကိုးလောင်းကို အတုအယောင်‌အင်မော်တယ်စွမ်းအားပေးနေတာလား"

"ရှောင်လော့က ဖန်းတုံးအာနဲ့ တိုက်ခိုက်ဖို့ အဲဒီနတ်ဘုရားစွမ်းရည်ကို သုံးတောင်မသုံးခဲ့ဘူး"

အပြင်ရှိ လူအုပ်ကြီးများ ပွက်လောရိုက်နေကြစဉ် အလောင်းကိုးလောင်းက ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် ဟုန်းဟုန်းတောက်လျက် မန်ဟို့အပေါ် ထိုးဆင်းလာကြသည်။ မန်ဟို့အတွက်မူ ထူးဆန်းသောအမူအရာတစ်ခုအား သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်၏။

"မိစ္ဆာတွေ..." သူ၏မျက်နှာအမူအရာသည် လျင်မြန်စွာ ပုံမှန်ပြန်ဖြစ်သွား၏။ သူ့ညာလက်က ရုတ်တရက် လေပေါ် မြောက်တက်သွားပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သမာဓိအပ်နှင်းခြင်းပညာရပ်ကား ထုတ်လွှတ်ခံလိုက်ရ‌လေပြီ။ ဤပညာရပ်သည် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်နှင့် မတူကွဲပြားပြီး မိစ္ဆာများကို ခြယ်လှယ်ဖို့အတွက်  အထူးဖန်တီးထားခြင်းဖြစ်သည်။

မန်ဟို ပညာရပ်အား ထုတ်လွှတ်လိုက်စဉ်တွင် မည်သူမှ ထူးထူးခြားခြားခံစားချက် မရလိုက်ပေ။ သို့သော် သူ၏လက် နိမ့်ကျသွားသည်နှင့်တစ်ပြိုင်နက် အလောင်းကိုးလောင်းသည် တုံ့ခနဲ ရပ်သွားပြီး တုန်ရီလာကြသည်။ ၎င်းတို့၏ တွေဝေငေးကြောင်နေခဲ့သော မျက်လုံးများက စူးရှတောက်ပစပြုလာသည်။

ရှောင်လော့၏မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားပြီး သူသည် အလောင်းကိုးလောင်းကို ပြန်ကြိုးကိုင်နိုင်ဖို့ မုဒြာလက်ကွက်များ ကပျာကယာ ဖော်ရင်း အထိတ်တလန့် နောက်ဆုတ်သွား၏။

သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုက ညာလက်ကို ဆန့်ထုတ်လိုက်သည်။ အနက်ရောင်ငှက်မွှေး၏ အသွင်ပြောင်းစွမ်းအားများအောက်ဝယ် သူက သတ္တမမိစ္ဆာချုပ်နှောင်မန္တန်၊ ကံကြွေးမန္တန်ကို ထုတ်လွှတ်လိုက်လေသည်။

ဂျိန်းခနဲ ထစ်ချုန်းသွားပြီး ရှောင်လော့နှင့် အလောင်းကိုးလောင်းအား ဆက်သွယ်ပေးနေသော ကံကြွေးမျှင်များက ကွာစပြုလာသည်။ ထိုသို့ဖြစ်နေစဉ် အလောင်းများမှာ ပို၍ပင်ပြင်းပြင်းထန်ထန် တုန်ရီလာပြီး ပြင်းထန်သော သေခြင်းအရှိန်အဝါတို့ ၎င်းတို့ထံမှ လှိုင်လှိုင်ထွက်လာ၏။ ထို့နောက် ၎င်းတို့မှာ ဝမ်းလျားမှောက်လဲကျသွားတော့သည်။

ရှောင်လော့သည် တုန်ရီနေပြီး သွေးလုပ်ကိုးလုပ် ဆက်တိုက်အန်လိုက်ရ၏။ သူ၏မျက်နှာအမူအရာအရ ကြက်သေသေသွားသယောင်ပင်။

"အရှုံးပေးတယ်" သူ့မှာ ဤနေရာတွင် အသက်ထွက်သွားမှာ ကြောက်သဖြင့် အော်ဟစ်လိုက်လေသည်။

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် တောက်ပသောအလင်းရောင်၏ ဝန်းရံခြင်းခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားတော့၏။

မန်ဟိုက မပြောင်းလဲသောအမူအရာဖြင့် လှံကို ကောက်ပြီး ဘေးသို့ ‌လမ်းလျှောက်သွားသည်။

သူကား စွမ်းအင်များ တဟုန်းဟုန်း တောက်လျက် နဝမတောင်နှင့်ပင်လယ်ရှိ မျက်လုံးအားလုံး၏ အာရုံစိုက်ရာအဖြစ် ထိုနေရာတွင် ရပ်နေသည်။

"တိုက်ပွဲသုံးကြိမ်၊ အနိုင်သုံးပွဲ"

"နောက်တစ်ပွဲကျန်သေးပေမယ့် ဖန်မုက သေချာပေါက် အကြိုဗိုလ်လုပွဲကို တက်သွားပြီ"

"ရှောင်လော့တောင် သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ ကြည့်ရတာ ‌မန်ဟိုက သူ့စွမ်းအားအကုန်လုံးတောင် မသုံးရသေးတဲ့ပုံပဲ။ သူက... ဘယ်လောက်တောင် အစွမ်းထက်တာလဲဟေ"

***

All Chapters