တိုက်ပွဲလေးပွဲ အနိုင်လေးပွဲ
Vol. 63 Ch. 876
မန်ဟို တိုက်ခိုက်နေစဉ် တာအိုသစ်ပင်၏အပြင်၊ လေလယ်၌ ပျံဝဲနေသော အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးက သူ့ကို တခဏ တည်ငြိမ်စွာ ကြည့်နေခဲ့၏။ သို့သော် မန်ဟိုပင်အပါအဝင် မည်သူမှ သတိမထားမိခဲ့ပေ။
သစ်ရွက်နောက်တစ်ရွက်အပေါ်တွင် ရှောင်လော့သည် ကြောက်ရွံထိတ်လန့်စွာဖြင့် မန်ဟို့ကို ပြန်လှည့်ကြည့်ရင်း တစ်ကိုယ်လုံး တုန်ရီနေလျက် ပေါ်လာ၏။ သူတို့၏တိုက်ပွဲမတိုင်ခင်တုန်းက သူသည် မန်ဟိုက အစွမ်းထက်ကြောင်း ကောင်းကောင်းသိခဲ့သော်လည်း မန်ဟို့ကို တန်ပြန်မတိုက်ခိုက်ဘဲ ခုခံရုံသာ တတ်နိုင်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
သူ့မှာ သူ၏သက်တမ်းတချို့ကိုပင် လောင်ကျွမ်း၍ အလောင်းကိုးလောင်းမိစ္ဆာအသွင်ပြောင်းခြင်းကို အသုံးပြုကာ ၎င်းတို့၏ကျင့်ကြံခြင်းအခြေခံများကို အတုအယောင်အင်မော်တယ်များနှင့်တူအောင် မြှင့်တင်ခဲ့ရသည်။ သို့သော် သူ၏ပြိုင်ဘက်က အမည်မသိနတ်ဘုရားစွမ်းရည်တချို့ကို ထုတ်လွှတ်ခဲ့ရာ ... သူ၏အလောင်းကိုးလောင်းမှာ လေလယ်တွင် ရပ်၍ သူနှင့် ၎င်းတို့၏ဆက်သွယ်မှုကိုပင် ဖြတ်တောက်ခဲ့၏။
ရှောင်လော့သည် ထိုအကြောင်းတွေးနေစဉ် အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ ဤသည်မှာ သူ့အတွက် လူတစ်ယောက်ကို ပထမဆုံးအကြိမ် ကြောက်လန့်မိခြင်း ဖြစ်ပေသည်။
"သူက ငါ ဘယ်တော့မှ ရန်စလို့မရတဲ့ သူပဲ။ သူနဲ့ ထပ်တွေ့လို့ကတော့ ထွက်ပဲပြေးတော့မယ်။ သူ့ရဲ့ မှော်ပညာရပ်က .... ငါ့တာအိုကို ဟန့်တားနိုင်တယ်" ရှောင်လော့က နောက်ထပ်အသက်ပြင်းပြင်းရှူသွင်းကာ မန်ဟို့ကို ကြည့်သည်။ ပြင်းထန်သောအကြောက်တရားက သူ၏နှလုံးသားထဲတွင် ပြည့်နှက်နေပြီး သူ့မှာ အရှုံးပေးဖို့ ဆုံးဖြတ်ခဲ့သည်ကို ဝမ်းသာနေတော့သည်။ အရှုံးသာ မပေးခဲ့လျှင် သူကိုယ်တိုင်လည်း အလောင်းဘဝ ရောက်နေလောက်ပြီ။
မန်ဟို တိုက်ပွဲအား အဆုံးသတ်လိုက်သည့် အချိန်နှင့် တစ်ပြိုင်တည်းဆိုသလို ကျောက်ရီဖန်းလည်း အောင်ပွဲနောက်တစ်ပွဲအား သိမ်းပိုက်လိုက်နိုင်၏။ ထို့နောက် .... လေးပွဲမြောက် တိုက်ပွဲစတင်သည်။
မန်ဟိုက သူ၏သစ်ရွက်အပေါ်တွင် ထုံးစံအတိုင်း ရပ်နေသည်။ အစမှ ယခုအချိန်အထိ သူသည် ရှုံးနိမ့်သူများကွင်းပြင်သို့ အရွှေ့မခံရသေးပေ။ ထိပ် (၄) ယောက်တွင် သူ့ကဲ့သို့ လူတစ်ယောက်သာ ရှိသည်။ ယင်းက ကျောက်ရီဖန်းပင်။
ဖန်းတုံးအာပင် အမွှေးနံ့သာအစည်းအရုံးမှ ရှဲ့ရီရှန်း၏ အနိုင်ယူခြင်းခံခဲ့ရသည်။
ထိုတိုက်ပွဲက အတော်လေး အာရုံစိုက်ရာ ဖြစ်ခဲ့သည့်အတွက် ရှဲ့ရီရှန်းသည် စောင့်ကြည့်နေသူများ၏ မျက်လုံးထဲတွင် ရုတ်တရက် ထင်ရှားပေါ်လွင်လာတော့သည်။
ထူးဆန်းသော ချင်းသွော်သွော်မှာမူ လီလင်းအာကြောင့် ရှုံးနိမ့်သွားခဲ့သည်။ လီလင်းအာ၏မှော်သိုင်းများက အဘိုးကြီးကို တန်ပြန်တိုက်ခိုက်ရာ၌ အတော်လေး ထိရောက်သော်လည်း အဆုံးသတ်တွင် မည်သူနိုင်လဲ၊ မည်သူရှုံးလဲ ပြောရခက်သည်။ လီလင်းအာမှာ ကြက်ကန်းဆန်အိုးတိုး၍ နိုင်သွားခြင်းဖြစ်သည်ဟု ဆိုရာနိုင်၏။
ဤအခိုက်အတန့်တွင် မန်ဟိုနှင့် ကျောက်ရီဖန်းကား အကြိုဗိုလ်လုပွဲသို့ ဝင်ရောက်ရန် သေချာသော်လည်း ကျန်ရှိသူများအတွက်မူ ပြောရခက်ပေသည်။
လေးပွဲမြောက်တိုက်ပွဲအတွက် မန်ဟို၏ပြိုင်ဘက်မှာ ဖန်းတုံးအာကို အနိုင်ယူခဲ့သော ရွေးချယ်ခံမှတစ်ပါးအခြားမဟုတ်ပေ။ တောက်ပသောအလင်းရောင်ထဲမှ ထွက်လာပြီး မန်ဟို့အရှေ့တွင် ရပ်လိုက်လျှင်ချင်း ထိုလူ၏မျက်လုံးများသည် လေးနက်စွာ တောက်ပလာ၏။
ထိပ်ဆုံး (၈) ယောက်ထဲ ဝင်ခဲ့သူများအနက် သူ အမှန်တကယ် ကြောက်လန့်သူ သုံးယောက်ရှိသည်။ တစ်ယောက်က ကျောက်ရီဖန်း၊ နောက်တစ်ယောက်က ပွစိပွစိပြောနေတတ်သော ချင်းသွော်သွော်နှင့် နောက်ဆုံးတစ်ယောက်မှာတော့ ဤဖန်မုမှတစ်ပါးအခြားမဟုတ်ပေ။
"ကျုပ်က အမွှေးနံ့သာအစည်းအရုံးက ရှဲ့ရီရှန်းပါ။ တာအိုရောင်ရင်းဖန်၊ ကျေးဇူးပြုပြီး တိုက်ခိုက်နည်းတချို့လောက် သင်ကြားပြသပေးပါဦး"
ဤအခြင်းအရာကို ပြောပြီးသော် ရှဲ့ရီရှန်းက တင်ပျဉ်ခွေထိုင်၍ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် ကြေးမီးဖိုတစ်လုံး သူ၏အရှေ့တွင် ပေါ်လာသည်။
ကြေးမီးဖို၏ အပေါ်၌ စိုက်နေသည်ကား အမွှေးတိုင်တစ်တိုင်။
အမွှေးတိုင် လောင်ကျွမ်းနေစဉ် မီးခိုးငွေ့မျှင်များသည် ရှဲ့ရီရှန်းကို ဝန်းရံလှည့်ပတ်ရင်း မဆိုစလောက် ဖုံးကွယ်လိုက်၏။
"တာအိုရောင်ရင်းဖန်။ ကျုပ်ရဲ့မှော်သိုင်းက ခင်ဗျား ဖြစ်ခဲ့ဖူးတာတွေနဲ့ မတူဘူး။ ခင်ဗျား အမွှေးတိုင်တစ်တိုင်ထွန်းစာအထိ ခံနိုင်ရင် ကျုပ် အရှုံးပေးမယ်"
မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် မလှုပ်မယှက် ရပ်နေသည်။ သူသည် ရှဲ့ရီဖန်း၏ တိုက်ခိုက်ပုံကို သေသေချာချာ အာရုံစိုက်နေ၏။ ယခုအချိန်တွင် မန်ဟိုကား စကားပင်မပြောပေ။ သူက ရှေ့သို့တစ်လှမ်းတက်ရာ ရုတ်တရက် သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး ပုံပျက်ရှုံ့တွလာကာ မျက်စိတစ်မှိတ်အတွင်း ပြိုင်ကွင်းကား ပျောက်ကွယ်သွားတော့သည်။ ၎င်း၏နေရာတွင် အဆုံးမရှိသော မြေပြင်ကျယ်ကြီးက ဆန့်တန်းလျက်ရှိနေ၏။
မရေမတွက်နိုင်သော မြို့များအား မြင်ရနိုင်ပြီး တစ်မြို့စီ၏အတွင်း၌ ဧရာမရုပ်တုကြီးတစ်ရုပ်စီ တည်ရှိသည်။ အနီးကပ်ကြည့်လျှင် အဆိုပါရုပ်တုများသည် ရှဲ့ရီရှန်းအသွင်ဆောင်ကြောင်း မြင်ရပေမည်။
မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။
ဤအခိုက်အတန့်တွင် ခံ့ညားသောအသံတစ်သံက ကမ္ဘာလောကတစ်ခွင် ဟိန်းထွက်လာသည်။
"မိုးကောင်းကင်ဟာ ကြီးကျယ်ခမ်းနားပြီး ကမ္ဘာမြေပြင်ဟာ မြင့်မြတ်ထည်ဝါတယ်" အသံဟိန်းထွက်လာသည်နှင့်တစ်ပြိုင်နက် ရှဲ့ရီရှန်း၏ ရုပ်တုများသည် တုန်ရီလာပြီး အသက်ဝင်လာနေသည့်အလား မျက်လုံးများ ပွင့်လာသည်။ စုစုပေါင်း ရုပ်တု (၉၀၀၀) သည် လေပေါ် ပျံတက်လာပြီးနောက် မန်ဟို့ကို ဝန်းရံလှည့်ပတ်ကာ လင်းလက်တောက်ပသော အရောင်များအား ဖြန့်ကျက်လိုက်ကြသည်။ အချိန်တိုလေးအတွင်း ရုပ်တုများကား တစ်ရုပ်တည် ပေါင်းစည်းသွားကြလေပြီ။
၎င်းတို့ကား ... အသက်ရှိနေသော ရှဲ့ရီဖန်းဖြစ်လာသည်။
သူက မန်ဟို့ကို အတန်ငယ် ပြုံးပြရင်း လေလယ်တွင် ပျံဝဲနေသည်။
"မိုးကောင်းကင်ဟာ ကြီးကျယ်ခမ်းနားပြီး ကမ္ဘာမြေပြင်ဟာ မြင့်မြတ်ထည်ဝါပေမယ့် အားလုံးထဲမှာ အထူးမြတ်ဆုံးက သက်ရှိသတ္တဝါတွေအားလုံးပဲ
"သက်ရှိသတ္တဝါတွေမှာ ရမ္မက်ဆိုတာ ရှိတယ်။ ရမ္မက်က အတွေးဖြစ်လာတယ်။ အတွေးက လောင်ကျွမ်းနေတဲ့ အမွှေးတိုင်လိုပဲ။ နတ်မင်းတွေကို ကိုးကွယ်၊ သူတို့ရဲ့ကောင်းချီးပေးခံရဖို့ ဆုတောင်း။ ဒီအမွှေးတိုင်ကျင့်စဉ်ကနေတစ်ဆင့် သူတို့ ငါ့ကို ကိုးကွယ်ရင် ငါဟာ နတ်မင်းတစ်ပါး ဖြစ်လာတယ်။ သူတို့ ငါ့ကို တိုင်တည်ဆုတောင်းကြရင် ငါဟာ နတ်မင်းတစ်ပါးဖြစ်လာတယ်
"ဒီနေရာက ငါ့ရဲ့ အမွေးနံ့သာကမ္ဘာပဲ။ ဒီမှာ ... ငါ နတ်မင်းတစ်ပါးဖြစ်လာပြီး ဒီနေရာမှာ ငါ့ကို အနိုင်ယူလို့မရဘူး
"အသက်တစ်ရှိုက်က နှစ်တစ်သောင်းကြာမယ်လို့ ငါ ပြောရင် အသက်တစ်ရှိုက်ဟာ နှစ်တစ်သောင်း ဧကန်ကြာလိမ့်မယ်
"တာအိုရောင်ရင်းဖန်။ ခင်ဗျားမှာ အစွမ်းထက်ကျင့်ကြံခြင်းအခြေခံနဲ့ အံ့ဖွယ်နတ်ဘုရားအာရုံရှိတယ်။ ခင်ဗျားရဲ့ စိတ်စွမ်းအားမျိုးနဲ့ ခင်ဗျားရဲ့ ပြတ်သားမှုမျိုးဟာ ရှားမှရှားတယ်။ ဒီနေရာမှာ ကျုပ်ရဲ့ နောက်လိုက်လုပ်ပါလား။ ကျုပ် အမွှေးနံ့သာအသင်းတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါ။ အမွှေးနံ့သာတာအိုကို ကျင့်ကြံပါ။ အဲဒါဆို တစ်နေ့ကျ ခင်ဗျားလည်း နတ်မင်းတစ်ပါးဖြစ်လာနိုင်တယ်" ရှဲ့ရီရှန်း၏စကားလုံးများမှာ မထူးခြားသော်လည်း ဆန်းပြားသော စွမ်းအားတစ်ရပ်ပါရှိနေသည့်အလားပင်။ ၎င်းတို့ နားထဲတွင် ပဲ့တင်ထပ်နေစဉ် မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်နေသည်ကို ခံစားနေရ၏။ ကမ္ဘာလောကထဲရှိ တစ်စုံတစ်ခုက ထိုအသံများကို ခံနိုင်ရည်မရှိအောင် လုပ်နေသည့်အလား၊ သူ့ကို လိုက်လျောအောင် တွန်းအားပေးနေသည့်အလားပင်။
"ငါ မင့် အမွှေးနံ့သာအသင်းတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာရင် မင်း ငါ့ကို တစ်လကို ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးပေးမလဲ" မန်ဟိုက ခပ်တည်တည် မေးလိုက်သည်။
စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားလျှင်ချင်း ရှဲ့ရီရှန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သို့သော် တခဏကြာသော် သူက တဟားဟား အော်ရယ်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးနှင့်အတူ ကုန်းမြေထုကြီးတစ်ခုသည် ဝိညာဉ်ကျောက်တုံးပုံကြီးဖြစ်သွား၏။ တောင်များ၊ မြို့များနှင့် သစ်ပင်များပင်လျှင် ဝိညာဉ်ကျောက်တုံးများအသွင်ပြောင်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်း တစ်လောကလုံးကား မရေမတွက်နိုင်လောက်အောင် အဆုံးမဲ့သော ဝိညာဉ်ကျောက်တုံးများအသွင်ပြောင်းသွားတော့သည်။
"ခင်ဗျား လိုချင်သလောက် ယူနိုင်တယ်"
မန်ဟိုက ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။ " ဒါတွေ မလိုချင်ဘူး။ အစစ်တွေ လိုချင်တာ အပြင်လောကမှာ"
ရှဲ့ရီရှန်း၏ မျက်နှာမည်းမှောင်သွားပြီး သူက အေးစက်စက် နှာတစ်ချက် မှုတ်လိုက်သည်။ အသံက စစချင်း တိုးညှင်းသော်လည်း မိုးခြိမ်းသံကြီးလို မယုံကြည်နိုင်ဖွယ် ဖိအားဖြင့် ပဲ့တင်ထပ်လာသည်။ ၎င်းကား မန်ဟို့အပေါ် ဖိနှိပ်နေသည့် မိုးကောင်းကင်မှ ဖိအားကြီးအလားပင်။
"ဒူးထောက်စမ်း" ရှဲ့ရီဖန်းက ပြောသည်။ သူ၏အသံသည် တွန်းလှန်၍မရနိုင်သော စိတ်ဆန္ဒတစ်ခုဖြင့် ပြည့်နှက်နေသည့်အလား အံ့ဩဖွယ်ကောင်းစွာ ပဲ့တင်ထပ်လာသည်။
မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် မော့ကြည့်သည်။
"မင်း ထုတ်နိုင်တဲ့ ဖိအားက ဒါ အကုန်ပဲလား" သူက မေးသည်။ ရုတ်တရက် သူသည် ရှဲ့ရီဖန်းဆီ ပြေးဝင်သွားသော လင်းတကြီးတစ်ကောင်အသွင်ပြောင်းသွား၏။ ဘန်းခနဲ ရှဲ့ရီဖန်း၏ ခန္ဓာကိုယ် ပြိုကွဲသွားသည်။ တခဏကြာသော် သူကား အဝေးတစ်နေရာ၌ ပြန်ပေါ်လာ၏။
"ငါ့ အသက်စွမ်းအားက ဒီနေရာမှာ အကန့်အသတ်မဲ့တယ်" သူက အေးတိအေးစက် ပြောသည်။ "မင်း ငါ့ကို သတ်လို့မရဘူး" သူသည် ညာလက်ကို မြှောက်ကာ ကမ္ဘာလောက၏စွမ်းအားကို စုစည်းရင်း လက်ဝါးကြီးတစ်ချက်အား လာနေသော မန်ဟို့ထံ ပြေးဝင်သွားစေ၏။
စွမ်းအင်များ သောင်းကျန်းလာပြီး အကန့်အသတ်မဲ့စွမ်းအားများ ဖြာထွက်လာသည်။
"သတ်လို့မရဘူးလား" မန်ဟိုက မျက်မှောင်ကြုတ်ရင်း တွေးသည်။ "မှော်က ပုံရိပ်ယောင်ဖြစ်နေလို့လား။ ဒါမှမဟုတ် သူ့အသက်စွမ်းအားရဲ့ အဆီအနှစ်ကို မထိရောက်သေးလို့လား" သူသည် ညာလက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်၏။ ဧရာမသွေးရောင်ဝဲကြီးတစ်ဝဲက ရှဲ့ရီဖန်းကို ဖုံးလွှမ်းကာ သူ၏တစ်ကိုယ်လုံးကို ငုံလိုက်သည်။
ဘန်းခနဲ သူ၏ခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။ တစ်ချိန်တည်းမှာပင် သူ၏ နောက်ထပ်ပုံရိပ်တစ်ခုက ဘေးတွင် ပေါ်လာသည်။ သို့သော် ဤတစ်ခေါက်တွင် သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး အံ့ဩတုန်လှုပ်ခြင်းတို့ ပြည့်နှက်နေသည်။
"အဲ့ဒါ ဘာမှော်သိုင်းလဲ"
"ဪ သူ့အသက်စွမ်းအားရဲ့ အဆီအနှစ် မထိခိုက်သေးတာကြောင့်ကိုး" မန်ဟိုက ပြုံးပြီးနောက် ရုတ်တရက် သူ၏လက်မှာ နီရဲလာသည်။ သူသည် ချက်ချင်း ရှဲ့ရီရှန်း၏အနားသို့ လျင်မြန်စွာ ပျံသန်းလာ၏။ ရှဲ့ရီရှန်း အံ့အားသင့်နေသည့်အချိန်မှာပင် မန်ဟိုက လက်ဝါးဖြင့် ရိုက်လိုက်သည်။
ဘန်းခနဲ အသံတစ်သံကြားလိုက်ရပြီး ရှဲ့ရီရှန်းမှာ နောက်တစ်ကြိမ် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ အမှန်တွင် သူ၏အတိုက်အခိုက်စွမ်းရည်မှာ အစကတည်းက သိပ်မမြင့်မားခဲ့ပေ။ စင်စစ် ထိတ်လန့်ဖွယ်ကောင်းသည်ကား သူ၏မှော်သိုင်းပင်။ ကံဆိုးစွာနှင့် ထိုမှော်သိုင်းကား မန်ဟို့အပေါ်တွင် အသုံးမဝင်။
အတိတ်တုန်းက ဤလောကတွင် တစ်စုံတစ်ယောက် သူ့ကို သတ်လျှင် သူ့အနေဖြင့် အသက်ပြန်ရှင်လာနိုင်သည်။ ထပ်တလဲလဲ ပြန်ရှင်လာနိုင်ခြင်းက ပြိုင်ဘက်များကို လုံးလုံးလျားလျား စိတ်ဓာတ်ကျစေခဲ့၏။
သို့သော် ယခု သူ သေသည့်အခါတိုင်း သူ၏အသက်စွမ်းအားတချို့မှာ အမှန်စင်စစ် ကုန်ခမ်းသွားနေသည်။ ၎င်းက တစ်ခါမှ မဖြစ်ဖူးလေရာ သူ့မှာ မန်ဟို့ကို ကြောက်လန့်တကြား ရှောင်နေမိသည်။ သို့သော်လည်း မည်သို့မျှ မယှဉ်နိုင်။ လက်ရှိသုံးနေသော မှော်သိုင်းကြောင့်သာ မဟုတ်လျှင် မန်ဟိုကား သူ့ကို မျက်စိတစ်မှိတ်အတွင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သတ်ခဲ့ပြီးလေပြီ။
ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားသည်။ ရှဲ့ရီရှန်း သေတိုင်း သူ၏ရုပ်တုတစ်ရုပ် ကြေမွသွားမည်ဖြစ်သည်။ ရှဲ့ရီရှန်း ပြန်ပေါ်လာတိုင်း သူ၏မျက်နှာတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်နေပြီး ချက်ချင်း နောက်ဆုတ်သွားလိမ့်မည်။
"အစ်ကိုဖန်။ တော်ပါတော့ ကျုပ် ခင်ဗျားကို ဒီကနေ ထွက်ခွင့်ပေးပါ့မယ်..."
"ထွက်ခွင့်ပေးစရာမလိုပါဘူး" မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။ "ငါ့ဘာသာငါ ထွက်နိုင်တယ်" ပြောရင်းဆိုရင်း သူက မြေကြီးအပေါ် ခြေဆောင့်နင်းလိုက်၏။ ဝုန်းခနဲ အသံကြီး ဟိန်းထွက်သွားစဉ် သူ၏ဓမ္မဆင်းတုသည် စွမ်းအင်များ တဖွေးဖွေးလှုပ်လျက် မီတာသုံးရာအရပ်ဖြင့် ပေါ်လာ၏။
ရှဲ့ရီရှန်း၏ မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး သူ တစ်ခုခု ပြောတော့မည့်အချိန် မန်ဟိုက ခြေဆောင့်နင်းလိုက်ပြန်သည်။ ဂျိန်းခနဲ သူ၏ဓမ္မဆင်းတုသည် လျင်မြန်စွာ ကြီးထွားလာ၏။ ၎င်းကား ယခုတွင် မီတာသုံးထောင်အမြင့် ရှိလေပြီ။
ကြီးမားသောစွမ်းအင်များ တဖွေးဖွေး လှုပ်နေပြီး အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအား ပေါ်ထွက်လာသည်။ မန်ဟို တတိယအကြိမ် ခြေဆောင့်နင်းလိုက်သည့်အခါတွင်တော့ ရှဲ့ရီရှန်း၏မျက်နှာမှာ ကွက်ခနဲ ပျက်သွားတော့သည်။
ဂျိန်း
မန်ဟို၏ ဓမ္မဆင်းတုသည် ကြီးထွားလာပြန်၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မီတာခြောက်ထောင်အမြင့်ဖြင့် မိုးကောင်းကင်ကို ဖောက်ထွက်နိုင်လောက်အောင် ဖြစ်နေချေပြီ။
"ဒီနေရာကို ဖြဲပစ်လိုက်" မန်ဟိုက သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ပြောသည်။ သူသည် စကားပြောရင်း လက်နှစ်ဖက်လုံးကို လေပေါ် မြှောက်၍ အောက်သို့ ရိုက်ချလိုက်၏။ သူ၏ဓမ္မဆင်းတုလည်း လက်နှစ်ဖက်လုံးကို လေပေါ် မြှောက်ကာ လေကို ဆုပ်ကိုင်၍ အဝတ်စကို ဖြဲသကဲ့သို့ ဆွဲဖြဲပစ်လိုက်သည်။
ကြီးမားကျယ်လောင်သော ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည်။ ရှဲ့ရီဖန်းက မျက်နှာရိပ်ခနဲ ဖြစ်သွားကာ မုဒြာလက်ကွက်များ ဖော်ရင်း ကမ္ဘာလောကကို လည်လာစေပြီး တည်ငြိမ်လာစေသည်။ သို့စေကာမူ အက်ကွဲကြောင်းကြီးတစ်ကြောင်းကား ကောင်းကင်ထက်တွင် ပေါ်လာချေပြီ။
ကမ္ဘာမှာ အမှန်တကယ် ဆွဲဖြဲခံနေရ၏။
"မဖြစ်နိုင်ဘူး" ရှဲ့ရီဖန်းက အော်သည်။ "ဒါက ငါ့ရဲ့ အမွှေးနံ့သာလောက။ ငါ ဒီနေရာမှာ အုပ်စိုးသူနတ်မင်းပဲ။ မင်း ငါ့အသက်စွမ်းအားကို ထိခိုက်အောင် လုပ်လို့ရကောင်းရမယ်။ ဒါပေမဲ့ ဒီနေရာကို ဘယ်သူမှ မဖျက်စီးနိုင်ဘူးလို့ ငါပြောရင် အဲဒီလိုလုပ်နိုင်တဲ့စွမ်းအား မတည်ရှိဘူး"
"မင်းရဲ့ကျင့်ကြံခြင်းအခြေခံက ... မြင့်မားသင့်သလောက် မမြင့်မားမှာပဲ စိုးတယ်" မန်ဟိုက အေးစက်စက် ပြောသည်။ သူသည် မြေကြီးအပေါ်သို့ လေးကြိမ်မြောက် ဆောင့်နင်းချလိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် အင်မော်တယ်အကြောတစ်ကြော၏ ရှစ်ဆယ်ရာခိုင်နှုန်းစွမ်းအားဖြင့် တဖွေးဖွေး လှုပ်လာ၏။ သူ၏ဓမ္မဆင်းတုကား ကြီးမားလာပြန်သည်။ ၎င်းကား ယခုတွင် မီတာ (၁၂၀၀၀) ရှိချေပြီ။ ၎င်းသည် လက်နှစ်ဖက်ကို မြှောက်ကာ ကောင်းကင်အား အကြမ်းပတမ်း ဖြဲပစ်လိုက်၏။ ငလျင်များ လှုပ်ခတ်လာပြီး ကောင်းကင်တွင် တောက်ပသောအရောင်များ ပြိုးပြိုးပြက်ပြက် လက်လာသည်။ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။
ကောင်းကင်ရှိ အက်ကွဲကြောင်းကြီးမှာ ကျယ်သထက်ကျယ်လာပြီး တဂျိန်းဂျိန်း မြည်ဟည်းနေသည်။ မန်ဟို၏ဓမ္မဆင်းတုကား ကောင်းကင်ကြီးကို ဖြဲနေခြင်းဖြစ်လေသည်။
ကောင်းကင် စုတ်ဖြဲလိုက်ရစဉ် ရှဲ့ရီရှန်းနှင့်အတူ တစ်လောကလုံး ကြေမွသွားသည်။ အရာအားလုံး ပြန်လည်ရှင်းလင်းလာသောအခါ မန်ဟိုသည် ပြိုင်ကွင်းထဲ၌ ယခင်အတိုင်း ရပ်လျက်ရှိ၏။ ရှဲ့ရီရှန်းက သူ၏အရှေ့တည့်တည့်တွင်။ သူ့အရှေ့ရှိ အမွှေးတိုင်မှာလည်း ဆယ်ရာခိုင်နှုန်းမျှသာ လောင်ကျွမ်းပြီးသေးသည်။ အမွှေးတိုင်သည် ရုတ်တရက် ဖောက်ခနဲ တစစီ ပြိုကွဲသွား၏။
ထိုသို့ဖြစ်ပျက်သောအခါ အငွေ့မျှင်များ လွင့်စင်သွားပြီး တင်ပျဉ်ခွေထိုင်နေသော ရှဲ့ရီရှန်းပေါ်လာသည်။ သူက မျက်လုံးဖွင့်၍ သွေးတစ်ပွက် အန်၏။ သူသည် မျက်နှာဖြူဖပ်ဖြူလျော်နှင့် မန်ဟို့ကို ကြည့်ရင်း မချိတင်ကဲ ပြုံးလိုက်သည်။
"အစ်ကိုဖန်၊ ခင်ဗျားက သိပ်အစွမ်းထက်တာပဲ... အရှုံးပေးပါတယ်"
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် သူက သွေးတစ်ပွက် ထပ်အန်လိုက်ရသည်။ ရုတ်တရက် ကုသရန် ခက်ခဲမည့်ပုံရသော ဒဏ်ရာအကြောင်းတစ်ကြောင်း သူ့နဖူးပေါ်၌ ပေါ်လာသည်။ ၎င်းကား တာအိုဒဏ်ရာတစ်ခုပင်။
ဒဏ်ရာ၏ အကြောင်းရင်းကား သူ၏ အမွှေးနံ့သာလောကစုတ်ဖြဲခံလိုက်ရခြင်း မှတစ်ပါး အခြားမဟုတ်ပေ။
ဤတိုက်ပွဲသည် အလွန်ထူးဆန်းခဲ့၏။ အစမှ အဆုံးအထိ အသက်အရှိုက်တစ်ရာခန့်သာ ကြာလိုက်ပြီး အခြားတိုက်ပွဲအားလုံး တိုက်ခိုက်ဆဲသာ ရှိသေးသည်။ နဝမတောင်ပင်လယ်၏ ပရိသတ်များမှာ အုတ်အော်သောင်းနင်း ဖြစ်သွားတော့၏။
"တိုက်ပွဲလေးပွဲ အနိုင်လေးပွဲ"
"နောက်ဆုံးတိုက်ပွဲက သာမန်ပဲ ထင်ရပေမယ့် တကယ်တမ်း အမွှေးနံ့သာအစည်းအရုံးရဲ့ ဂိုဏ်းသားက အသက်အန္တရာယ်ရှိနေခဲ့တာပဲ"
"ရှဲ့ရီရှန်း နဖူးမှာ အကြောင်းတစ်ကြောင်းပေါ်လာတယ်။ အမွှေးနံ့သာအစည်းအရုံးရဲ့ မှော်ကျင့်စဉ် ပျက်စီးသွားရင် အဲ့ဒါက တာအိုဒဏ်ရာတစ်ခု ရသွားစေတဲ့ တန်ပြန်သက်ရောက်မှုကို ဖြစ်စေတယ်တဲ့။ အဲဒါက မဟုတ်မှ... တာအိုဒဏ်ရာလား"
***