လွှတ်ပေးမိခြင်း
Vol. 63 Ch. 877
နဝမတောင်နှင့်ပင်လယ်မှ ကြည့်ရှုနေသူတိုင်းမှာ ဆွံ့အမှင်သက်သွားကြသည်။ ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများပင်လျှင် အံ့ဩခြင်းကြီးစွာဖြင့် လှမ်းကြည့်နေကြသည်။ ဤနတ်မီးလျှံစမ်းသပ်ပွဲနှင့် ဤပြိုင်ကွင်းတိုက်ပွဲများတွင် အစောင့်ကြည့်ခံရဆုံးလူမှာ မန်ဟို့အပြင် မရှိကြောင်း သိသာပေ၏။
နတ်မီးလျှံစမ်းသပ်ပွဲ၏အစမှ ပြိုင်ကွင်းတိုက်ပွဲများ၏ အဆုံးအထိ သူသည် ထင်ရှားကျော်ကြားခြင်းနှင့် ကြီးစိုးခြယ်လှယ်ခြင်း၏ ပြယုဂ်ဖြစ်နေခဲ့သည်။
အကြိုဗိုလ်လုပွဲတက်ရောက်ခွင့်တိုက်ပွဲများကား ကျင်းပနေဆဲရှိသေးသည်။ အမွှေးတိုင်တစ်ဝက်ထွန်းစာကြာသော် ကျောက်ရီဖန်း၏တိုက်ပွဲ ပြီးဆုံးသွားသည်။ သူသည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေခဲ့ပြီးဖြစ်သော ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှ ရှောင်လော့ကို အလွယ်တကူ အနိုင်ရခဲ့၏။ ရှောင်လော့မှာ အစွမ်းထက်ဆုံးအလောင်းကိုးလောင်းနှင့် ဆက်သွယ်မှုအား ဖြတ်တောက်ခံထားရသဖြင့် အကြိုဗိုလ်လုပွဲတက်ဖို့ မဖြစ်နိုင်တော့ပေ။
ကျောက်ရီဖန်းသည် အကြိုဗိုလ်လုပွဲတက်သွားသော ဒုတိယမြောက်ကျင့်ကြံသူဖြစ်သွား၏။ တိုက်ခိုက်ခဲ့သော တိုက်ပွဲလေးပွဲတစ်လျှောက်လုံး သူကား သူ၏ပြိုင်ကွင်းမှ တစ်ခါလေးပင် ထွက်မသွားခဲ့ရပေ။ သူသည် ပြိုင်ကွင်းနှစ်ကွင်းအကွာရှိ မန်ဟို့ကို လှမ်းကြည့်လိုက်၍ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည်။ ကျောက်ရီဖန်း၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် လင်းလက်တောက်ပနေသော်လည်း မန်ဟို၏အမူအရာမှာတော့ တည်ငြိမ်အေးဆေးလျက်သာ။ မန်ဟိုက တခဏကြာသော် အကြည့်လွှဲသွားသည်။
တစ်နာရီကြာပြီးနောက် နောက်တိုက်ပွဲနှစ်ပွဲ ပြီးဆုံးသည်။ တိုက်ပွဲလေးပွဲ၊ အနိုင်သုံးပွဲနှင့် လီလင်းအာသည် အကြိုဗိုလ်လုပွဲသို့ အောင်မြင်စွာ ဝင်ရောက်သွား၏။
လီလင်းအာက တစ်ကျော့ပြန် တက်လာခြင်းဖြစ်သည်။ သူမသည် ဘိတ် (၄) ယောက်အတွင်းမှ တိုက်ခိုက်ရင်း အကြိုဗိုလ်လုပွဲသို့ ဝင်ရောက်လာရာ နဝမတောင်နှင့်ပင်လယ်တွင် အကြီးအကျယ် ပွက်လောရိုက်သွားစေ၏။ အထူးသဖြင့် လီမျိုးနွယ်စုတွင် လူတိုင်း အလွန်စိတ်လှုပ်ရှားနေကြသည်။
ချင်းသွော်သွော်လည်း တိုက်ပွဲလေးပွဲအနက် သုံးပွဲအနိုင်ရခဲ့သည်။ သူ၏ တစ်ခုတည်းသော ရှုံးပွဲမှာ လီလင်းအာကြောင့်ပင်။ ကျန်ပြိုင်ဘက်များမှာ ခဏတဖြုတ် အတိုင်းအတာတစ်ခုအထိ ရူးကြောင်ကြောင် ဖြစ်သွားကြရသည်။ လီလင်းအာသာလျှင် သူ၏မှော်အစွမ်းကို တုံ့ပြန်ခြင်းမရှိဘဲ အနိုင်ရသွားခဲ့၏။
ဖန်းတုံးအာကတော့ အထုတ်ခံရသည်။ သူမသည် နှစ်ကြိမ်ရှုံးခဲ့၏။ ပထမတစ်ကြိမ်ကား အမွှေးနံ့သာအစည်းအရုံးမှ ရှဲ့ရီရှန်းကြောင့်ဖြစ်ကာ ဒုတိယတစ်ကြိမ်မှာတော့ လီလင်းအာကြောင့်ပင်။ ဤအရာအားလုံးက သူမအတွက် ထိုးနှက်ချက်ကြီးတစ်ချက်ဖြစ်သည်။
သူမသည် သုန်မှုန်နေသော မျက်နှာထားဖြင့် အဝေးကို ငေးကြည့်ရင်း အောက်ဆုံးထပ်သစ်ရွက်အပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူမက သူမ တိုက်ခိုက်ခဲ့သော တိုက်ပွဲများကို စိတ်ထဲတွင် ပြန်မြင်ယောင်ကြည့်ပြီးနောက်ဆုံး ခေါင်းငုံ့သွားသည်။ ယခုတွင် ရှုံးနိမ့်မှုအားလုံး၏ အကြောင်းရင်းမှာ သူမ၏တာအိုနှလုံးအား ကွဲအက်သွားခြင်းကြောင့် ဖြစ်ကြောင်း နားလည်လိုက်လေပြီ။
ထိုကွဲအက်မှုက အမျိုးသမီးအလောင်းကြောင့် ဖြစ်ခဲ့ခြင်းပင်။
သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်နှာလေး ဝင်းပလာသည်။
"ဒါက ငါ့ရဲ့ကိုယ်ပိုင်ပြစ်ဒဏ်ပဲ" သူမက တွေးသည်။ "ဒါပေမဲ့ ဆရာပြောတာတော့ ငါ့အတွက် ကံကြမ္မာကောင်းတဲ့လေ။ ဒါကြောင့် .... အခုကစပြီး အလောင်းကို ဖုံးကွယ်မထားတော့ဘူး။ သူ့ကို အားလုံးရဲ့ရှေ့မှာ ဖော်ပြပြီး တွန်းလှန်မနေတော့ဘဲ လက်ခံလိုက်မယ်" ထိုအခိုက်အတန့်တွင် သူမအနောက်ရှိ မြူများသည် လွင့်စင်ပျောက်ကွယ်လာကာ အမျိုးသမီးအလောင်းကို ဖော်ပြလိုက်၏။
သူမက သူမပတ်ဝန်းကျင်ရှိ လူများ ရုတ်တရက် လှည့်ကြည့်ကြသည်ကို လျစ်လျူရှုထားသည်။ သူမ၏မျက်လုံးများမှာ ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပနေလေသည်။
ကြယ်တာရာကောင်းကင်နန်းတော်တွင် နဝမပင်လယ်နတ်လောကမှ ခေါင်းဆောင်ကြီးက မဆိုစလောက် ခေါင်းညိတ်လိုက်သည်။ သူ၏ရှုထောင့်အရ ဖန်းတုံးအာအတွက် ဤကဲ့သို့အနိုင်ယူခံလိုက်ရခြင်းသည် တကယ်တမ်း ကောင်းသောအရာဖြစ်၏။
အကြိုဗိုလ်လုပွဲတက်ရောက်သွားသူများအား ရွေးချယ်ပြီးချေပြီ။
ဤလေးယောက်သည် နဝမတောင်ပင်လယ်ရှိ လူတစ်ဦးတစ်ယောက်ချင်းစီ၏ မမှိတ်မသုန် အာရုံစိုက်ရာ ဖြစ်လာသည်။
လင်းယွင်ကျစ်က တာအိုသစ်ပင်၏အပေါ်တွင် ပျံဝဲနေသော အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကို သတိရှိရှိ မော့ကြည့်ပြီးနောက် ပြောသည်။
"မင်းတို့အနေနဲ့ အနားယူဖို့ အချိန်သုံးရက်ရမယ်။ ပြီးရင်တော့ .... ဘယ်သူ နောက်ဆုံးအကြော့ကို ဝင်ရောက်နိုင်မလဲ တွေ့ရလိမ့်မယ်"
မန်ဟိုက စကားမပြောဘဲ မျက်လုံးများ ပိတ်လျက် တင်ပျဉ်ခွေထိုင်နေသည်။ ခေါင်းတစ်ပိုင်းပြတ်လူသည် ဤတစ်ချိန်လုံး မန်ဟို၏ပြိုင်ကွင်းအနားတွင် ပျံဝဲရင်း မျက်တောင်ပင်မခတ်ဘဲ မန်ဟို့ကို စိုက်ကြည့်နေခဲ့လေသည်။
ထိုအကြည့်မှာ လူတိုင်းကို ခေါင်းမွှေးထောင်လောက်အောင် ကြောက်ဖျားဖျားသွားစေနိုင်သည်။ သို့သော် မန်ဟိုကတော့ အသားကျနေပြီဖြစ်၍ ထိုလူကို အဖက်ပင်မလုပ်ပေ။
တစ်ရက်ကြာသော် အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းပြိုင်ကွင်းတိုက်ပွဲများမှ အကြိုဗိုလ်လုပွဲတက်ရောက်သူများ ထွက်ပေါ်လာသည်။
သုံးရက်ကြာပြီးနောက် အကြိုဗိုလ်လုပွဲအကြော့များ စတင်သည်။
လင်းယွင်ကျစ်၏အသံ ဟိန်းထွက်လာသောအခါ နဝမတောင်နှင့်ပင်လယ်ရှိ စောင့်ကြည့်နေသူများအကြား၌ စိတ်လှုပ်တရှား စကားပြောသံများ ကျွတ်ကျွတ်ညံလာသည်။
"မဆုံးဖြတ်နိုင်စရာတော့ မရှိဘူးဟ။ ဖန်မုနဲ့ ကျောက်ရီဖန်း အကြိုဗိုလ်လုပွဲမှာ မတွေ့သရွေ့ ဗိုလ်လုပွဲက သေချာပေါက် သူတို့နှစ်ယောက်အကြား ဖြစ်မှာ"
"အမှန်ပဲ။ လီလင်းအာက ဖန်မုကို ရှုံးထားပြီးသားဆိုတော့ သူ့အတွက် တိုက်ခိုက်ရမယ့်သူက ချင်းသွော်သွော်ပဲရှိတယ်။ ချင်းသွော်သွော်ရဲ့ ကျင့်ကြံခြင်းအခြေခံက လျှို့ဝှက်ဆန်းကြယ်ပြီး ဖြုံစရာကောင်းတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ပွဲဖြစ်မှာပဲ"
"ကဲပါလေ ဘယ်သူက ဘယ်သူနဲ့ တိုက်ခိုက်ရမလဲ စောင့်ကြည့်ကြတာပေါ့"
ပရိသတ်ထုကြီး မျှော်လင့်တကြီး စောင့်စားနေကြစဉ် မန်ဟိုသည် လက်ရှိပြိုင်ကွင်းထဲမှ ပျောက်ကွယ်သွား၏။ သူသော်လည်းကောင်း၊ အခြားအကြိုဗိုလ်လုပွဲပြိုင်ပွဲဝင်များသော်လည်းကောင်း ပြန်ပေါ်မလာခင် တာအိုသစ်ပင်၏အပြင်၌ ပျံဝဲနေသော အမျိုးသမီး၏မျက်လုံးထဲတွင် မသိသာ လင်းခနဲ လက်သွားမှုအား မြင်ရနိုင်သည်။ ကြည့်ရသရွေ့ ထိုလင်းလက်သွားမှုက တာအိုသစ်ပင်နှင့် တစ်ခုခုပတ်သက်သယောင်ပင်။
အချိန်အနည်းငယ်ကြာသော် လူတိုင်း ပေါ်လာသည်။
မန်ဟို အလင်းထဲမှ ထွက်လာသောအခါ သူကား တာအိုသစ်ပင်၏ထိပ်ရှိ ရွှေရောင်သစ်ရွက်၏အောက်တည့်တည့်တွင် ဖြစ်သည်။
သူ လက်ရှိ ရပ်နေသော သစ်ရွက်မှာ တာအိုသစ်ပင်ပေါ်တွင် နှစ်ရွက်တည်းသာ ရှိသော ငွေသစ်ရွက်ပင်။
ကျောက်ရီဖန်းပေါ်လာသောအခါ သူ မျက်နှာချင်းဆိုင်နေရသူမှာ ... မန်ဟိုမဟုတ်ကြောင်း တွေ့လိုက်ရသည်။ ထိုအစား လီလင်းအာသည် တောက်ပသော အလင်းရောင်ထဲ၌ ပေါ်လာ၏။
မန်ဟို၏ပြိုင်ဘက်မှာတော့ ရူးနေသော အဘိုးကြီးချင်းသွော်သွော်ပင်။
ဤသည်မှာ အပြင်လောကရှိ ပရိသတ်များ လိုချင်သည်နှင့် ကွက်တိဖြစ်၍ စိတ်လှုပ်ရှားမှုတို့ ၊ မျှော်လင့်မှုတို့ ဆထက်တိုးလာတော့သည်။ မှန်ပါသည်၊ ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများသည် ယခုလေးတင် မူမမှန်သည့်အရာတစ်ခု ဖြစ်ပျက်သွားကြောင်း သတိထားမိသွားပြီး မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြ၏။ တာအိုအစည်းအရုံးသုံးခုမှ အဘိုးကြီးသုံးဦးက အသက်ပြင်းပြင်းရှူသွင်းပြီး သူတို့၏မျက်လုံးများ၌ စိတ်လှုပ်ရှားနေသောအရိပ်အယောင်များ ပေါ်လွင်လာသည်။
"ဒီတော့ သူက တာအိုသစ်ပင်ကို နှောင့်ယှက်ဖို့ တစ်ခုခုလုပ်ခဲ့တာပဲ"
"အဲဒါက ပြိုင်ပွဲကို သူ အသိအမှတ်ပြုတယ်ဆိုတာ သက်သေပြနေတယ်"
ပြိုင်ကွင်းထဲတွင် မန်ဟိုသည် ချင်းသွော်သွော် ချဉ်းကပ်လာသည်ကို ကြည့်ရင်း တည်ငြိမ်အေးဆေးလျက်သာ ရှိ၏။ ဤအကြိုဗိုလ်လုပွဲအုပ်စုတွင် မန်ဟိုနှင့် ချင်းသွော်သွော်တို့နှစ်ယောက်လုံးမှာ နတ်မီးလျှံစမ်းသပ်ပွဲမှတစ်ဆင့် ဤနေရာအထိ ရောက်လာခဲ့ခြင်းဖြစ်သည်။
ချင်းသွော်သွော်သည် မန်ဟို့ကို တခဏ တိတ်ဆိတ်စွာ ကြည့်ပြီး စူးရှသောအလင်းရောင်တစ်စအား သူ၏မျက်ဝန်းများ၌ မြင်ရနိုင်သည်။ သူ၏စွမ်းအင်က မြင့်တက်စပြုလာကာ အရှေ့တိုက်ပွဲများတွင် တွေ့ခဲ့ရသည်ထက် ကျော်လွန်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိသွား၏။
သူကား လီလင်းအာ၏ အနိုင်ယူခြင်းခံခဲ့ရတုန်းကပင် ဤမျှစွမ်းအင်အမြောက်အမြား မထုတ်ဖော်ခဲ့ပေ။
"ကျုပ်က ချင်းသွော်သွော်။ ဂါဝရပြုပါတယ် တာအိုရောင်ရင်းဖန်။ ဒီတိုက်ပွဲအတောအတွင်း ကျုပ် ထုတ်နိုင်တဲ့ စွမ်းအားအလုံးစုံ ထုတ်မှာပါ။ ကျုပ်အနေနဲ့ ပထမနေရာကို ရချင်တဲ့အတွက် အဲဒီလိုရဖို့ တစ်ခုတည်းသော နည်းလမ်းက ခင်ဗျားကို အနိုင်ယူဖို့ပဲ ရှိတယ်"
မန်ဟိုက ချင်းသွော်သွော်ကို ကြည့်သည်။ သူသည် ဤအဘိုးကြီးကို အစောကတည်းက အာရုံစိုက်နေခဲ့၏။ နတ်မီးလျှံစမ်းသပ်ပွဲမှ ဤနေရာအထိ တက်လာနိုင်ခဲ့သည့်အချက်က သူသည် သာမန်မဟုတ်ကြောင်း သက်သေပြနေသည်မဟုတ်ပါလော။
အထူးသဖြင့် သူက ရှဲ့ရီရှန်းကို အနိုင်ယူခဲ့သည့်ဖြစ်ရပ်ကို စဉ်းစားကြည့်လျှင်ပင်။ မန်ဟိုသည် ရှဲ့ရီရှန်းနှင့် တိုက်ပွဲတုန်းက အေးဆေးနေပုံပေါ်ခဲ့သော်လည်း ရှဲ့ရီရှန်း၏ အသက်စွမ်းအားကို ခိုးယူဖို့ သွေးမိစ္ဆာမဟာမှော်သိုင်းကိုသာ အသုံးမပြုခဲ့လျှင် တိုက်ပွဲမှာ အလွန်ခက်ခဲမှာ သေချာသည်။ မှန်ပါသည်၊ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကြောင့် အမွှေးနံ့သာလောကအနေဖြင့် သူ့ကို ထာဝရချုပ်နှောင်ထားနိုင်မည်တော့ မဟုတ်ပေ။
မည်သို့ဆိုစေ၊ ဤအဘိုးကြီး အမွှေးနံ့သာလောကကို အဘယ်သို့အနိုင်ယူခဲ့သလဲ မန်ဟို မသေချာ။
"သူ့ကို တိုက်ခိုက်တဲ့သူတိုင်း ရူးသွားကြတယ်" သူက တွေးသည်။ "ရှဲ့ရီရှန်းနဲ့ သူ အနိုင်ယူခဲ့တဲ့ အခြားသူတွေတောင်မှ အတိုင်းအတာတစ်ခုမဟုတ် တစ်ခုအထိ ရူးသွားတဲ့ လက္ခဏာတွေ ပြခဲ့တယ်" မန်ဟို၏မျက်လုံးများ တောက်ပလာသည်။ "စိတ်ဝင်စားစရာပဲ"
သူက ညာလက်သီးကို ဆုပ်ရင်း အဘိုးကြီးကို ခေါင်းညိတ်ပြလိုက်သည်။
ချင်းသွော်သွော်က အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် ပူဖောင်းကြီးလို ဖောင်းပွလာ၏။ သူ၏ပိန်လှီလှီခန္ဓာကိုယ်က ကြွက်သားများဖြင့် ဖုထစ်လာသဖြင့် တဖျောက်ဖျောက် မြည်သံများ ကြားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း သူကား ခေါင်းနှစ်လုံးမြင့်သွားပြီး သူ၏စွမ်းအင်များမှာ တဖွေးဖွေး လှုပ်လာတော့သည်။
ထိုမြင်ကွင်းက မန်ဟို၏မျက်လုံးများကို တောက်ပလာစေသည်။ အပြင်လောကရှိ ပရိသတ်များမှာ တုန်လှုပ်သွားကြ၏။ ချင်းသွော်သွော်သည် ယခင်တိုက်ပွဲများတွင်သာမက လီလင်းအာနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကပင် ယခုလိုမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပေ။
ဝုန်း
ချင်းသွော်သွော်က မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လေပေါ် ပျံတက်လိုက်ကာ မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာသည်။ သူက ချက်ချင်းပင် သူ၏လက်သီးအား မန်ဟို၏လက်ဝါးနှင့် မိတ်ဆက်စေလိုက်၏။
အလွန်ကြီးမားသော ပေါက်ကွဲမှုကြီးက ပြိုင်ကွင်းကို လှုပ်ခါသွားစေစဉ် ချင်းသွော်သွော်၏ခြေထောက်က မန်ဟို့ကို ဝိုက်ကန်လိုက်သည်။
မန်ဟို၏မျက်လုံးများက ယခုတွင် ပို၍ပင် တောက်ပလာသည်။ သူသည် နောက်မဆုတ်ဘဲ ရှေ့တစ်လှမ်းတက်လိုက်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ကာ မရေမတွက်နိုင်သော ရေစီးကြောင်းများအား သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာစေပြီးနောက် ပြိုင်ကွင်းတစ်ကွင်းလုံးကို လွှမ်းခြုံသွားသော မြစ်ကြီးတစ်စင်းဖြစ်သွားစေသည်။
ဘန်း
ချင်းသွော်သွော်က နောက်ဆုတ်လိုက်ရသည်။ သို့သော် သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ နေတစ်စင်းနှင့်လတစ်စင်း၏ပုံရိပ် ဖြစ်တည်လာ၏။ ၎င်းတို့က လျင်မြန်စွာ လည်ရင်း မန်ဟို့ထံ ရွေ့လျားသွားသော ဝဲတစ်ခုအား ဖန်တီးလိုက်သည်။ မန်ဟိုက မပြောင်းလဲသောမျက်နှာအမူအရာဖြင့် လင်းတတစ်ကောင်အသွင်ပြောင်းကာ အဘိုးကြီးထံ ပြေးဝင်သွားသည်။ ဤအခိုက်အတန့်တွင် ချင်းသွော်သွော်၏မျက်လုံးများ၌ အံ့ဩသွားသောအရိပ်အယောင်ပေါ်လာပြီး သူက ရုတ်တရက် အော်လိုက်သည်။
"ယုတ်မာသော"
စကားလုံးတွင် မန်ဟို့နားထဲ စီးဝင်၍ စိတ်ထဲ ဝင်ရောက်သွားသော ထူးဆန်းသည့်စွမ်းအားတစ်မျိုး ပါရှိနေသယောင်ပင်။ ရုတ်တရက် သူ၏စိတ်သည် ချာချာလည်လာပြီး ယုတ်မာသောအတွေးများသည် သူ၏နှလုံးအိမ်ထဲမှ အချုပ်အနှောင်ကင်းမဲ့စွာ ထကြွလာကြ၏။
ယုတ်မာသောအတွေးများကြောင့် မန်ဟိုမှာ လင်းတအသွင်ကို မထိန်းထားနိုင်တော့ဘဲ လူပုံစံပြန်ပြောင်းသွားတော့သည်။ ထို့နောက် ချင်းသွော်သွော်က ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ မန်ဟိုက အေးစက်စက် နှာမှုတ်ပြီး တိုက်ခိုက်တော့မည့်အချိန် ....
"ယုတ်မာသော" ချင်းသွော်သွော်က ဟိန်းဟောက်လိုက်သည်။
ဤတစ်ကြိမ်တွင် မိုးခြိမ်းသံကဲ့သို့ အသံသည် မန်ဟို၏စိတ်ထဲတွင် ဂျိန်းခနဲ ပေါက်ကွဲသွား၏။ ယုတ်မာသောအတွေးများက ထိန်းမနိုင်သိမ်းမရတော့သော ရူးသွပ်မှုတို့ဖြင့် သူ့စိတ်ထဲတွင် ဆထက်တိုးလာသည်။ သူ့မှာ သူ့ကို ရူးချင်စိတ်တို့ ဖြစ်ပေါ်လာစေသည့် အတွေးများကို မထိန်းချုပ်နိုင်တော့ပေ။
တဖြေးဖြေး မန်ဟိုသည် နတ်ဆိုးကို ဖျက်စီး၍ တာအိုကို ရှာဖွေခဲ့စဉ်တုန်းက ခွဲထုတ်ခဲ့သော နတ်ဆိုးစိတ်ဆန္ဒမှာ ... ယခု ပြန်ထကြွလာနေကြောင်း သဘောပေါက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးစိတ်ဆန္ဒက ယုတ်မာသောအတွေးများကို စားသုံးလိုက်သည်။ ကြည့်ရသရွေ့ နတ်ဆိုးစိတ်ဆန္ဒမှာ သူ့ကိုယ်ထဲ၌တောက်လျှောက် ငုပ်လျှိုးနေခဲ့သယောင်ပင်။
ယခုတော့ ချင်းသွော်သွော်၏ အံ့ဖွယ်မှော်ပညာရပ်ကြောင့် နတ်ဆိုးစိတ်ဆန္ဒမှာ ပြန်လည်ထွက်ပေါ်လာနေလေပြီ။
မျက်စိတစ်မှိတ်အတွင်း မန်ဟိုနှင့် ချင်းသွော်သွော်သည် တိုက်ကွက်ပေါင်း ဒါဇင်ချီဖလှယ်ပြီးသွား၏။ ချင်းသွော်သွော်သည် 'ယုတ်မာသော' ဟူ၍ ခြောက်ကြိမ် ခေါ်ပြီးလေပြီ။ အကြိမ်တိုင်း မန်ဟို၏မှော်သိုင်းများနှင့် တိုက်ကွက်များမှာ နှောင့်ယှက်ခံရသည်။ ပြိုင်ကွင်းတိုက်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မန်ဟိုမှာ အဆက်မပြတ် ဆုတ်နေရလေသည်။
သွေးများ သူ၏ပါးစပ်မှ စီးကျလာပြီး သူ၏မျက်လုံးများ နီစွေးလာသည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကား သူ့ကိုယ်ထဲမှ ထုတ်လွှတ်ခံရတော့မည့်အလားပင်။ ချင်းသွော်သွော်သည် နတ်ဆိုးစိတ်ဆန္ဒကို လွှတ်ပေးနေသူဖြစ်သော်လည်း တကယ့်တကယ် မည်သည့်အရာကို လွှတ်ပေးနေမိမှန်း သူ မသိပေ။ သို့ထိတိုင် သူသည် အလွန်စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး သေစေနိုင်သောတိုက်ကွက်များကို အဆက်မပြတ် ထုတ်လွှတ်နေသေး၏။
နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်များမှာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် အံ့ဩခြင်းတို့ ဖြစ်ကုန်ကြသည်။
"ဖန်မုက တကယ်ပဲ လွှမ်းမိုးခံနေရတာလား"
"ချင်းသွော်သွော် ဖန်မုကို ဘာမှော်သိုင်းကွက်နဲ့ တိုက်နေတာပါလိမ့်"
"ဖန်မု ရှုံးတော့မှာလား"
ပရိသတ်များ ဆူညံပွက်လောရိုက်နေစဉ် ချင်းသွော်သွော်သည် မရပ်မနား တိုက်ခိုက်နေရာ တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံလျက်ရှိသည်။ မန်ဟို၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ၏မျက်လုံးများသည် ရူးသွပ်တော့မည့်အလား သွေးချင်းနီနေ၏။ သွေးများ သူ၏ပါးစပ်မှ စီးကျနေသည့်တိုင် မထီမဲ့မြင်အပြုံးရေးရေးက သူ့နှုတ်ခမ်းတွင် တွဲခိုနေသေးသည်။
"မင်းတော့ အဆုံးသတ်ပြီ" ချင်းသွော်သွော်က မန်ဟိုတစ်ယောက်တည်း ကြားရအောင် မန်ဟို၏စိတ်ထဲသို့ ကူးပြောင်းပေးပို့လိုက်သည်။ "ငါ့မှော်အစွမ်းက ကောင်းကင်နဲ့မြေကြီးက ကံကြမ္မာကောင်းကို လုယူနိုင်တယ်။ မင်းရဲ့စိတ်စွမ်းအား ဘယ်လောက်သန်မာသန်မာ၊ မင်းနှလုံးသားထဲမှာ ယုတ်မာတဲ့အတွေးတစ်စရှိတာနဲ့ ငါ့မှော်အစွမ်းရဲ့ လှုံ့ဆော်တာ ခံရလိမ့်မယ်
"ယုတ်မာတဲ့အတွေးတွေ ထွက်လာတဲ့အခါ အဲဒီအတွေးတွေက မင်းရဲ့ခန္ဓာကိုယ်ကို မီးလောင်တိုက်သွင်းပစ်ပြီး မင်း ရှုံးနိမ့်သွားလိမ့်မယ်
"ငါ ပထမနေရာသိမ်းပိုက်နိုင်ဖို့ ဒီပညာရပ်ကို မင်းအပေါ် သုံးကိုသုံးမှ ဖြစ်မှာ။ အကြိုဗိုလ်လုပွဲထဲဝင်မှာ သေချာတာအတွက်ကြောင့်၊ မင်းနဲ့ ကျောက်ရီဖန်း ငါ့ကို သတိထားနေမှာ စိုးတာကြောင့် ငါ ဒီတစ်ချိန်လုံး ချုပ်တည်းထားခဲ့ပြီး လီလင်းအာကိုတောင် အနိုင်ပေးခဲ့တယ်…
"မင်း အပြစ်တင်ချင်ရင် မင်းကံကိုသာ တင်။ မင်းကြောင့် ကျောက်ရီဖန်း ကြိုတင်ပြင်ဆင်ထားလို့ ရသွားပြီမဟုတ်လား
"မင်းရဲ့ ယုတ်မာတဲ့အတွေးအားလုံးကို ငါ လွှတ်ပေးပြီး မင်း ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ မီးလောင်တိုက်သွင်းပစ်မယ့် မီးအသွင်ပြောင်းပစ်မယ်
"ယုတ်မာသော" သူက မုဒြာလက်ကွက်တစ်ကွက်ဖော်၍ မန်ဟို့ကို လက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်သည်။ ဤသည်ကား .... ကိုးကြိမ်မြောက် 'ယုတ်မာသော' ပင်။
စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို့ကိုယ်ထဲရှိ နတ်ဆိုးစိတ်ဆန္ဒကား လုံးဝလွတ်လပ်သွားတော့သည်။ မန်ဟိုသည် မှိုင်းညှို့ပြီး အညာအတာမရှိသော ရူးသွပ်မိုက်မဲမှု၏ လွှမ်းခြုံခံလိုက်ရသဖြင့် မျက်လုံးများ ရဲတွတ်လာ၏။ ထိုရူးသွပ်မိုက်မဲမှုအတွင်းထဲ၌ တစ်ခါမှ မမြင်ဖူးသော သွေးအေးမှုရှိနေသည်။
အနက်ရောင်မီးတောက်များသည် သူ၏အရေပြားမှ ထွက်လာကာ မိုးကောင်းကင်ကို ထိလုမတတ် ဝုန်းဒိုင်းကြဲ တောက်လောင်လာ၏။ သို့သော် မီးတောက်များက မန်ဟို့ကို နည်းနည်းလေးပင် ထိခိုက်စေခြင်းမရှိပေ။ သူသည် ချင်းသွော်သွော်ကို မော့ကြည့်လိုက်ပြီး ထိုအခိုက်အတန့်တွင် အဘိုးကြီး၏စိတ်ထဲ၌ ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ သူ့မျက်နှာ ကွက်ခနဲ ပျက်ယွင်းသွား၏။
"အဲ့ဒါ ယုတ်မာတဲ့အတွေးတွေ မဟုတ်ဘူး။ ငါ ... ဘာ ဘာကို လွှတ်ပေးလိုက်မိတာလဲ"
***