← Chapters

အရာအားလုံးကို ညှိုးမှိန်သွားစေခြင်း

Vol. 63 Ch. 878

အရာအားလုံးကို ညှိုးမှိန်သွားစေခြင်း

Vol. 63 Ch. 878

ချင်းသွော်သွော်မှာ မျက်နှာပျက်သွားပြီး မျက်နှာဖြူဖပ်ဖြူလျော်နှင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သေစေနိုင်သောအန္တရာယ်အာရုံက သူ့ကို နှိပ်စက်နေချေပြီ။

"ငါ ဘာကို လွှတ်ပေးလိုက်မိတာလဲ" ချင်းသွော်သွော်က အသံဩဩကြီးဖြင့် ပြောသည်။ "အဲဒါ ယုတ်မာတဲ့အတွေးတွေ မဟုတ်ဘူး။ ယုတ်မာတဲ့အတွေးတွေက ဒဏ်ခတ်ခြင်းမီးတောက်၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရော၊ ဝိညာဉ်ကိုပါ လောင်ကျွမ်းပြာကျပစ်နိုင်တယ်

"ဒီ... ဒီခံစားချက် ၊ ဒီအရှိန်အဝါ ၊ ဒဏ်ခတ်ခြင်းမီးတောက်တွေတောင် မလောင်ကျွမ်းပစ်နိုင်ဘူး။ ဒီစိတ်ဆန္ဒက .... မွမ်းကြပ်ရ‌လောက်အောင် ပြင်းထန်လွန်းတယ်" ချင်းသွော်သွော်မှာ နောက်ဆုတ်လိုက်သည့်အခါ နှလုံးသားထဲ၌ နောင်တများ ပြည့်နှက်နေတော့သည်။ ဒုတိယအခွင့်အရေးသာ ရခဲ့လျှင် မည်သည့်အရာကမှ သူ့ကို ယခုလေး‌တင် လွှတ်ပေးမိလိုက်သည့်အရာအား လွှတ်ပေးအောင် ဖျောင်းဖျနိုင်မည်မဟုတ်ပေ။

ယခုတော့ သူ့မှာ ‌သရဲနတ်ဆိုးကြီးတစ်ကောင်အား လွှတ်ပေးမည့် ဂိတ်တံခါးကို ဖွင့်ပေးမိခဲ့သည့်အလား ခံစားနေရတော့သည်။

နဝမတောင်နှင့်ပင်လယ်မှ စောင့်ကြည့်နေသူအားလုံးမှာ ဝဲမှန်သားပြင်များအပေါ်၌ မည်သည့်အရာမှ သူ့ကို အန္တရာယ်မပြုနိုင်သည့်အလား အနက်ရောင်မီးတောက်များ လွှမ်းခြုံလျက်ရှိသော မန်ဟို့ကို ကြည့်ရင်း အံ့အားသင့်နေကြသည်။

မန်ဟို၏မျက်လုံးများမှာ အဆုံးစွန်အထိ ရူးသွပ်နေမှုအား ဆောင်ကြဉ်းထားပုံရသည့်တိုင် ...  မည်သည့်အရာကိုမှ မတုန်လှုပ်သည့်အလား ‌‌အေးဆေးတည်ငြိမ်နေသည်။ ထိုမျှသာမက သူ၏စွမ်းအားသည် မြင့်သထက် မြင့်တက်လာနေ၏။

"သူ... သူ..."

"သူက ဘယ်အဆင့်မှာတုန်း။ ဘယ်ကျင့်စဉ်ကို ကျင့်ကြံနေတာတုန်း။ ဘယ်လိုလုပ်ပြီး သွေးအေးအေးနဲ့ ကြောက်စရာကောင်းလာရတာလဲ"

"နတ်ဆိုး။ မြတ်စွာဘုရား။ အဲ့ဒါ နတ်ဆိုးစိတ်ဆန္ဒပဲ။ ဆိုးရွားစက်ဆုပ်တဲ့ နတ်ဆိုးစိတ်ဆန္ဒ။ အဆုံးမရှိအောင် သတ်ဖြတ်ခဲ့ရတဲ့ လူ၊ မိုးကောင်းကင်ကို ဖီဆန်နေတဲ့ အတိုင်းအတာအထိ သွေးအေးပြီး အကြင်နာမဲ့တဲ့သူပဲ အဲဒီလိုနတ်ဆိုးစိတ်ဆန္ဒမျိုးကို ပိုင်ဆိုင်နိုင်တာ"

ကြယ်တာရာကောင်းကင်နန်းတော်တွင် ခေါင်းဆောင်ကြီးအားလုံး အသက်ပြင်းပြင်းရှူရင်း ‌ထရပ်ကာ လေးနက်သော အမူအရာများဖြင့် ကြည့်နေကြလေသည်။

"ဘယ်လောက် ချောက်ချားစရာကောင်းလှတဲ့ နတ်ဆိုးစိတ်ဆန္ဒလဲ။ ဒါမဲ့ စောစောက ပုံမှန်အတိုင်းပါ။ ဒီကလေး... ဒီကလေးမှာ အံ့ဩဖွယ် စိတ်စွမ်းအားရှိနေတာပဲ"

"အဲဒီလိုနတ်ဆိုးစိတ်ဆန္ဒမျိုးက ဘယ်တော့မှ တစ်စမကျန် ဖယ်ရှားလို့မရသလို၊ အပြီးတိုင် ခွဲထုတ်ပစ်လို့လည်း မရဘူး။ နောက်ဘဝအထိတောင် ပါနိုင်တယ်"

"ရှေးခေတ်ကနေ ဒီနေ့ထက်ထိ အဲဒီလိုနတ်ဆိုးစိတ်ဆန္ဒမျိုး ပိုင်ဆိုင်ထားတဲ့သူတိုင်းဟာ ဘဝတစ်လျှောက်လုံး သေမင်းနဲ့ နပန်းလုံးရတဲ့ အလှည့်အပြောင်း၊ အချိုးအကွေ့တွေကို ရင်ဆိုင်ကြရတယ်"

တာအိုသစ်ပင်၏အပေါ်တွင် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် တစ်ချိန်လုံး မျက်နှာသေဖြင့် ပျံဝဲနေခဲ့၏။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့ကို ကြည့်နေသော သူမ၏မျက်လုံးများမှာ စူးစမ်းချင်စိတ် ပြင်းပြသော အလင်းရောင်ဖြင့် တောက်ပလာသည်။

ချင်းသွော်သွော်‌မှာမူ တစ်ချက်မှ မနားရဘဲ နောက်ဆုတ်နေရပြီး ကြောက်လန့်တုန်ရီနေသည်။ သူ့မှာ ခေါင်းနပန်းကြီးနေပြီး လိပ်ပြာလွင့်မတတ် ကြောက်နေချေပြီ။ မန်ဟိုက ယခုထက်ထိ မတိုက်ခိုက်ရသေးသော်လည်း နတ်ဆိုးစိတ်ဆန္ဒနှင့် ဒဏ်ခတ်ခြင်းမီးတောက်၏ စွမ်းအင်က ချင်းသွော်သွော်ကို အဆုံးအစွန်ထိ ချောက်ချားသွားစေခဲ့သည်။ အသွေးအသားအစိုင်တို့၏ အနံ့အသက်၊ မိုးထိုးနေသော အသတ်အဖြတ်အရှိန်အဝါက သူ့ကို ကြောက်ဒူးတုန်လာစေသည်။ သူ့မှာ ကျင့်ကြံခြင်းသူတစ်ယောက်ကိုမဟုတ်ဘဲ အလောင်းတောင်များ၊ သွေးပင်လယ်များနှင့် မရဏမြစ်မှ ထိုးထွက်လာသော မကောင်းဆိုးဝါးကြယ်တစ်ပွင့်ကို ကြည့်နေရသည့်အလား ခံစားနေရတော့သည်။

"အရှုံးပေး...." သူ စကားပင် ဆုံးအောင် မပြောနိုင်ခင် မန်ဟို၏မျက်လုံးများက သူ့ကို စေ့စေ့ကြည့်လာသည်။

ထိုမျက်လုံးများမှာ သွေးပင်လယ်ကဲ့သို့ ဖြစ်ပြီး မျက်ဆံများသည် ဝိညာဉ်ကို စုပ်ယူနိုင်ပုံရသော ထာဝရလင်းရောင်ခြည်တို့အား ထုတ်လွှတ်နေသည်။

သူတို့အကြည့်ချင်းဆုံသွားသည်နှင့်တစ်ပြိုင်နက် ချင်းသွော်သွော်၏စိတ်မှာ ထစ်ချုန်းသွားပြီး ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီး ဓားချွန်ချွန်များက သူ၏မျက်လုံးကို ဖောက်၍ ဝိညာဉ်ထဲသို့ ဝင်ရောက်နေသည့်ပမာပင်။ ၎င်းတို့က သူ၏ဦးနှောက်ထဲတွင် ပေါက်ကွဲရင်း အလောင်းတောင်များနှင့် သွေးပင်လယ်များဖုံးနေသော စစ်မြေပြင်တစ်ခုအသွင်ပြောင်းသွားသည်။ သူသည် ဝဲတစ်ခုဖြင့် ခြံရံလျက်ရှိသော လူတစ်ယောက်ကို စစ်မြေပြင်အပေါ်တွင် မြင်လိုက်၏။ ထိုလူသွားသည့်လမ်းတစ်လျှောက် မရေမတွက်နိုင်သောကျင့်ကြံသူများမှာ အသွေးအသားများ စုပ်ယူခံရပြီး ဝိညာဉ်များ စားသုံးခံရလျက် မချိမဆန့် အော်ဟစ်နေကြရသည်။ အဆုံးသတ်တွင် ကျန်ခဲ့သည့်အရာများမှာ မိုးကောင်းကင်ကို မျက်လုံးအပြူးသားနှင့် ကြည့်နေသော အလောင်းခြောက်များသာဖြစ်ပေ၏။

ချင်းသွော်သွော်သည် သွေးတစ်ပွက်အန်ပြီးနောက် ရုတ်တရက် အမြင်အာရုံရှင်းလင်းလာကာ သူ့အရှေ့တည့်တည့်၌ အနက်ရောင်မီးတောက်များ ဖုံးလွှမ်းလျက် ပေါ်လာခဲ့သော မန်ဟို့ကို မြင်လိုက်ရသည်။ မန်ဟိုက ညာလက်ကို မြှောက်၍ အဘိုးကြီး၏လည်ပင်းကို ဆုပ်ကိုင်ရင်း ထိုလူ့ကို လေပေါ် မြှောက်လိုက်သည်။ သူ၏မျက်လုံးများသည် သွေးအေးသောရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏နှုတ်ခမ်းထက်တွင် ကြမ်းကြုတ်သောအပြုံးတစ်စ ဖြစ်ထွန်းလာသည်။

"ကျေးဇူးပဲ။ ဒီခံစားချက်က ... မိုက်တယ်။ ဒီအဆင့်က ငါ့တာအိုနှလုံးသားနဲ့ မကိုက်ညီတာ ဆိုးလွန်းတာပဲ။ ဒီဟို အပြီးတိုင် ခွဲထုတ်ပြီးပြီ ထင်ထားလို့ ရှိနေဦးမယ်လို့ တွေးတောင် မတွေးမိခဲ့ဘူး ....

"ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာ ရှိနေသေးတယ်ဆိုတာ သဘောပေါက်အောင် ကူညီပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် အခု ... မင်း အသုဘပွဲကို ခမ်းခမ်းနားနား ကျင်းပပေးမယ်" မန်ဟိုက ကောက်ကျစ်စွာ ရယ်လိုက်သဖြင့် ချင်းသွော်သွော်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မှာ စကားတစ်ခွန်းပင် မပြောနိုင်ဘဲ ပြင်းပြင်းထန်ထန် တုန်ရီလာသည်။ သူ၏ပြူးကျယ်နေသော မျက်လုံးထဲတွင် အဆုံးစွန်အထိ ထိတ်လန့်နေမှုအား မြင်ရနိုင်သည်။

မန်ဟို စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့ကို ဝန်းရံနေသော အနက်ရောင်မီးတောက်များက ပါးစပ်ကြီးအသွင်ပြောင်းရင်း တဟုန်းဟုန်း တောက်လာသည်။ ပါးစပ်ကြီးသည် ချင်းသွော်သွော်ဆီသို့ ရက်စက်ကြုမ်းကြုတ်စွာ လိမ်ဖယ်သွား၏။

အနက်ရောင်မီးတောက်များ သူ့ကို လွှမ်းမိုးသွားရန် တခဏသာ ကြာလိုက်သည်။ သူသည် မချိတင်ကဲ အော်ဟစ်ပြီးနောက် လူသံပင် မပေါက်တော့ပေ။ တကျွတ်ကျွတ်ဝါးသံများက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေရာ တာအိုသစ်ပင်အပေါ်ရှိ ကျင့်ကြံသူများမှာ တုန်လည်း တုန်လှုပ်မိသလို ကရုဏာသက်မိကြသည်။ ထို့နောက် သူတို့သည် ကျောချမ်းလာကြ၏။

လီလင်းအာမှာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် မျက်နှာဖြူဆုပ်သွားသည်။ သူမပင်လျှင် မန်ဟို့ထံမှ ရရှိနေသည့် အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ခံစားချက်ကြီးကြောင့် မတုန်လှုပ်မိဘဲ မနေပေ။

ကျောက်ရီဖန်းသည် လှမ်းကြည့်နေစဉ် လေးလေးနက်နက် အာရုံစိုက်နေသော အမူအရာတစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းနေ၏။ သူနှင့် လီလင်းအာတို့နှစ်ယောက်လုံး အသက်ရှူသံများ မြန်နေချေပြီ။

ချင်းသွော်သွော်မှာ တစ်ကိုယ်လုံး လျင်မြန်စွာ ခြောက်ကပ်နေသဖြင့် ဝူးဝူးဝါးဝါး အော်ဟစ်နေသည်။ သူသည် မသေခင်အခိုက်အတန့်၌ မန်ဟို့ကို တွေတွေကြီး ကြည့်ရင်း နောင်တအကြီးအကျယ် ရနေ၏။ သူ့ပြိုင်ဘက်၏ စိတ်အတွင်းရှိ ယုတ်မာသွားသော အတွေးများကို ဘယ်တော့မှ လွှတ်မပေးခဲ့သင့်ကြောင်း သူ သိလိုက်သည်။ အဆုံးသတ်တွင် သူကိုယ်တိုင် လွှတ်ပေးမိလိုက်သည်ကား .... နတ်ဆိုးတစ်ကောင် ဖြစ်နေသည်မဟုတ်ပါလော။

အသက်ရှူချိန်အနည်းငယ်လေးအတွင်း ချင်းသွော်သွော်သည် ပြာကျသွားတော့၏။

မန်ဟိုသည် ခေါင်းငုံ့လိုက််ပြီး မီးတောက်များက သူ၏အရေပြားပေါ်တွင် မြင်နေရ‌သော ချုပ်နှောင်စည်းတံဆိပ်များ အသွင်ပြောင်းရင်း ငြိမ်းသွားသည်။ သူ ထိုနေရာတွင် ရပ်နေစဉ် သူ၏စွမ်းအင်များကား တဖွေးဖွေး လှုပ်လျက် ရှိချေသည်။

ဤအခိုက်အတန့်တွင် သူက ရုတ်တရက် ပြိုင်ကွင်းထဲမှ ပျံတက်၍ တာအိုသစ်ပင်ထိပ်ရှိ ရွှေရောင်သစ်ရွက်အပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် ကျောက်ရီဖန်းကို လှည့်ကြည့်၏။

"ကျောက်ရီဖန်း ၊ မင်း ငါ့ကို တိုက်ခိုက်ချင်တယ်မလား လာခဲ့"

မန်ဟို့ကို စောင့်ကြည့်နေသော ခေါင်းတစ်ပိုင်းပြတ်လူမှာ နတ်ဆိုးစိတ်ဆန္ဒကို အာရုံရသွားပုံပေါ်ပြီး တုန်ရီသွားသည်။ သူပင်လျှင် နတ်ဆိုးစိတ်ဆန္ဒကို ကြောက်နေသယောင်ပင်။

မန်ဟို့ကို မော့ကြည့်လိုက်စဉ် ကျောက်ရီဖန်းတစ်ကိုယ်လုံး တုန်ခါသွား၏။ အလွန်လေးနက်သောအမူအရာတစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းသွားပြီး သူ၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပလာသည်။ လီလင်းအာကို လျစ်လျူရှုရင်း သူလည်း လေပေါ်ပျံတက်ပြီး ရွှေရောင်သစ်ရွက်အပေါ်ရှိ မန်ဟို၏အရှေ့တွင် ရပ်လိုက်သည်။

သူက ညာလက်ကို ဆန့်တန်းလိုက်ရာ ရုတ်တရက် မိုးပြာရောင်ဓားတစ်လက် ပေါ်လာသည်။

ဓားသည် နှစ်မီတာရှည်ပြီး စိမ်းဖန့်ဖန့်အလင်းရောင်ဖြင့် တောက်ပနေသည့်အပြင် ပင်လယ်တစ်စင်း၏အအေးဓာတ်ကိုလည်း ထုတ်လွှတ်နေသည်။ ကျောက်ရီဖန်းက မန်ဟို့ကို ကြည့်ပြီးနောက် ဓားကို မြှောက်၍ လေးကြိုးမှ လေးကို လွှတ်လိုက်သည့်အလား မန်ဟို့ထံသို့ ပိုင်းချလိုက်သည်။

ဓားက လေကို တုန်ခါသွားစေပြီး အရိုင်းဆန်သောအရောင်များအား ပြိုးပြိုးပြက်ပြက် လက်လာစေသည်။ ပြင်းထန်သောသော အအေးဓာတ်သည် အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားပြီး နဂါးတူဓားချီက မိုးပြာရောင်နဂါးပုံသဏ္ဌာန်အဖြစ် စုစည်းလာသည်။ မိုးပြာရောင်နဂါးတွင် လေထုကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသော ခြေသည်းကြီးများနှင့် ပတ်ဝန်းကျင်ကို ကြေမွသွားစေသော နှုတ်ခမ်းမွှေးအရှည်ကြီးများရှိသည်။ နဂါး မန်ဟို့ဆီ ပြေးဝင်လာသဖြင့် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွား၏။ ပြိုင်ကွင်းတစ်ခုလုံး လှုပ်ခါလာပြီး လေထုမှာ လှိုင်းထလာသည်။ မိုးပြာရောင်နဂါးကား ၎င်း၏လမ်းကြောင်းရှိ မည်သည့်အရာကိုမဆို ပိုင်းဖြတ်ပစ်နိုင်သ‌ယောင်ပင်။

မျက်စိတစ်မှိတ်အတွင်း ၎င်းက မန်ဟို၏အရှေ့တည့်တည့် ရောက်လာသည်။  မထိခင်အခိုက်အတန့်လေးမှာပင် မန်ဟို၏အမူအရာက အေးစက်သွားပြီး မျက်လုံးများ နီရဲလာသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူက နဂါးကို မရှောင်ဘဲ လက်မြှောက်၍ တွန်းထုတ်လိုက်သည်။

ဂျိန်း

ဓားချီတန်းများက ဓားတစ်‌သောင်းဝိုက်ဒိုင်းကို ဖန်တီးရင်း အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ကားထွက်သွားသည်။ မန်ဟိုကား ဓားချီကို ခုခံရန် လက်တစ်ဖက်တည်း သုံးရင်း မလှုပ်မယှက် ရပ်လျက်ရှိသည်။ သူ၏ဆံပင်စများမှာတော့ လေအဟပ်ကြောင့် တဖျပ်ဖျပ် လွင့်နေ၏။

သူ၏ လက်တစ်ဖက်ကား အရာအားလုံးကို ညှိုးမှိန်သွားစေနိုင်သယောင်ပင်။

လူတိုင်းသည် ဤ‌နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲကို တအံ့တဩ စိုက်ကြည့်လျက်ရှိ၏။

ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများသည်လည်း အာရုံအပြည့်အဝစိုက်ကာ ကြည့်နေကြသည်။

အဆုံးအဖြတ်တိုက်ပွဲမှာ အလွန်လျင်မြန်စွာ စတင်ခဲ့၏။ ဤအခိုက်အတန့်တွင် တာအိုသစ်ပင်ပေါ်ရှိ လူတိုင်းမှာ မန်ဟိုနှင့် ကျောက်ရီဖန်းနှင့်ယှဉ်လျှင် မှေးမှိန်သွားကြလေသည်။

မန်ဟိုက ကျောက်ရီဖန်းကို အေးတိအေးစက် ကြည့်ပြီး ဖြေးဖြေးချင်း လက်သီးဆုပ်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည့်အခါ ဝိုက်ဒိုင်းမှ အက်ကွဲသံများ ထွက်လာပြီး ရုတ်တရက် ကျုံ့သွားသည်။

၎င်း ကျုံ့သွားသဖြင့် ၎င်းအတွင်းရှိ မိုးပြာရောင်နဂါးက ရုန်းကန်သော်လည်း အချည်းနှီးသာ။ မန်ဟို့လက်က လက်သီးဆုပ်လိုက်ချေပြီ။

ဖောင်း

ဓားချီဝိုက်ဒိုင်းမှာ ကြေမွသွားပြီး မိုးပြာရောင်နဂါးသည် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးပေါက်ကွဲသွား၏။ ဓားချက် ပျောက်ကွယ်သွားသည့်အခါ ကျန်ရစ်ခဲ့သမျှအားလုံးက မန်ဟို၏လက်ဝါးပေါ်တွင် အဖြူရောင်အရာတစ်ရာ ပေါ်လာစေသည်။ ၎င်းမှာ ဒဏ်ရာဖြစ်သွားသင့်သော်လည်း မျက်စိတစ်မှိတ်အတွင်း ကျက်သွားပြီး အရာလည်း ပျောက်သွားသည်။

ဤဖြစ်ရပ်အား နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်များ သတိထားမိသွားပြီး တုန်လှုပ်သွားကြသည်။

"သူ့မှာ ကုစားစွမ်းအားတွေ ရှိတယ်"

"သူက ကျောက်ရီဖန်းရဲ့ ဓားကို လက်တစ်ဖက်တည်းနဲ့ တားခဲ့ပြီး အရာသေးသေးလေးပဲ ထင်ခဲ့တာ။ အခု ပျောက်တောင်သွားပြီ"

"ဒါ ဖန်မုရဲ့ အစစ်အမှန်စွမ်းအားပဲ။ အရင် ကျင့်ကြံခြင်းအခြေခံကို သူ ဖုံးကွယ်ထားခဲ့တာ"

လူအုပ်ကြီးများ ဆူညံနေစဉ် ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများမှာ အသက်ရှူမြန်နေကြပြီး မှန်သားပြင်ပေါ်ရှိ မန်ဟို၏ပုံရိပ်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။

"အဲ့ဒါ ... ထာဝရအလွှာဖြစ်မယ်"

"သူ့မှာ တကယ်ပဲ ဒဏ္ဍာရီလာထာဝရအလွှာ ရှိနေတာပဲ"

"အဲဒီလိုအလွှာမျိုးနဲ့ သူ့ကို ပြိုင်ဘက်တွေကြားမှာ အနိုင်ယူလို့မရတဲ့သူ အဖြစ် သတ်မှတ်လို့ရတယ်"

ထိုစဉ် အရှေ့အောင်ပွဲဂြိုဟ်အပြင်တွင် မှီခိုရာဂိုဏ်းချုပ်သည် မျက်လုံးကြီးပြူးလျက် ဝဲမှန်းသားပြင်ကို ကြောင်ကြည့်နေသည်။ သူ့မှာ ဟောဟဲဟောဟဲ ဖြစ်လာပြီးနောက် အချိန်အနည်းငယ်ကြာသော် ပွစိပွစိ ဆဲနေတော့သည်။

"ခွေးသူတောင်းစားလေး။ ထာဝရအလွှာရှိတာ ယုံတောင်မယုံနိုင်ဘူး"

တာအိုသစ်ပင်၏အပြင်၌ ပျံဝဲရင်း မန်ဟို့ကို ကြည့်နေသော အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီး၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်စ တောက်ပလာသည်။

တစ်ချိန်တည်းမှာပင် မန်ဟို ရပ်နေသော ပြိုင်ကွင်း၏အပြင်တွင် ခေါင်းတစ်ပိုင်းပြတ်လူသည် မလှုပ်မယှက် ပျံဝဲနေ၏။ သို့သော် သူ၏တစ်ဖက်တည်း ကျန်တော့သော မျက်လုံးကြီးက ငမ်းငမ်းတက် တပ်မက်နေသည့်အလား တောက်ပနေရင်း မန်ဟို့ကို စိုက်ကြည့်နေသည်။

ကျောက်ရီဖန်း၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ဓမ္မဆင်းတုက သူ့အနောက်တွင် ပေါ်လာပြီး ၎င်းဖော်ဆောင်နေသော ပုံရိပ်မှာ သူကိုယ်တိုင်ပင်ဖြစ်သည်။

၎င်းသည် တုန်လှုပ်ဖွယ်စွမ်းအင်ကို ထုတ်လွှတ်နေသော မီတာသုံးထောင်အမြင့် ဧရာမဘီလူးကြီးတစ်ကောင် ဖြစ်၏။

ယခုလို ဓမ္မဆင်းတုမျိုးရရှိဖို့အလို့ငှာ လူတစ်ယောက်သည် အစစ်အမှန်အင်မော်တယ်စွမ်းအား အနည်းဆုံး ခြောက်ဆယ်ရာခိုင်နှုန်းအား ပိုင်ဆိုင်ထားဖို့ လို၏။ တောင်ပိုင်းဒေသမှာတုန်းက ကျောက်ရီဖန်းသည် အစွမ်းထက်ခဲ့သော်လည်း ဤမျှမဟုတ်ခဲ့ပေ။ အမှန်တွင် တောက်ပနေသော နွယ်ပင်ကဲ့သို့ တစ်စုံတစ်ခုအား ဓမ္မဆင်းတုပေါ်တွင် မြင်သည်ဆိုရုံကလေး မြင်ရနိုင်သည်။

၎င်းကား .... အင်မော်တယ်လမ်းပြနွယ်ပင်။

"ဘုရားရေ ၊ ကျောက်ရီဖန်းက အင်မော်တယ်လမ်းပြနွယ်ကို တစ်ပြိုင်တည်း သုံးရင်း တိုက်ခိုက်နေတာပဲ။ ‌အများစုဆို ဒီအချိန်မှာ တံခါးပိတ်ကျင့်နေလောက်ပေမယ့် သူက ထွက်လာပြီး တိုက်ခိုက်ရဲတယ်"

"သူက ဉာဏ်အလင်းရဖို့ တိုက်ပွဲကို အသုံးချနေတာလာ။ အင်မော်တယ်ဘဝကို လမ်းပြဖို့ တိုက်ပွဲကို အသုံးပြုပြီး သူ့ရဲ့ အစစ်အမှန်အင်မော်တယ်လမ်းကို ဖွင့်နေတာလား။ ဒီကျောက်ရီဖန်းက မြင့်မြတ်သောရေစီးဓားဂူရဲ့ အစွမ်းထက်ဆုံးဆက်ခံသူနှစ်ယောက်ထဲက တစ်ယောက်ဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန်ပါပေတယ်"

ပို၍ပင် အံ့ဩဖွယ်ကောင်းသည်ကား သူ၏ဓမ္မဆင်းတုက ခမ်းနားသောဓားရှည်တစ်လက်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားခြင်းပင်။ ထိုဓားသွားပေါ်တွင် စာလုံးနှစ်လုံး ရေးထိုးထားသည်။

တိမ်လွှာ ချုပ်နှောင်

စကားလုံးများသည် အတော်လေး မထင်ရှား‌သော်လည်း လူတိုင်း ၎င်းတို့ကို မြင်ရ၏။

လူများသည် စာလုံးနှစ်လုံးကို မြင်လိုက်လျှင်ချင်း ဆူညံပွက်လောရိုက်သွားတော့သည်။

"တိမ်လွှာချုပ်နှောင်ဓား။ သူ့ရဲ့ ဓမ္မဆင်းတုက တကယ်ပဲ တိမ်လွှာချုပ်နှောင်ဓားကို ထုတ်လိုက်တာလား"

"မြင့်မြတ်သော ရေစီးဓားဂူမှာ နတ်ဓားသုံးလက်ရှိပြီး တိမ်လွှာချုပ်နှောင်ဓားက အဲ့ဓားသုံးလက်ထဲက တစ်လက်ပဲ။ အဲဒီဓားသုံးလက်က လက်တွေ့မှာ မရှိပေမယ့် မြင့်မြတ်သောရေစီးဓားဂူရဲ့ တာအိုကျင့်စဉ်ကို ကျင့်ကြံရင်း ဆင့်ခေါ်လို့ရတယ်။ အဲဒီလိုလုပ်နိုင်ဖို့ မှော်သိုင်းတွေ ၊ နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ ရွေးချယ်ခံအနည်းအကျဉ်းပဲ ရှိတာ

"ဒါ‌ပေမယ့် ... ဒါပေမဲ့ ဓမ္မဆင်းတုရဲ့လက်ထဲမှာ ဓားပေါ်လာတာမျိုးကို တစ်ခါမှ မကြားဖူးဘူး။ သူက သူ့စိတ်တိုင်းကျ မှော်သိုင်းနဲ့ နတ်ဘုရားစွမ်းရည်ကို သုံးနိုင်တဲ့အပြင် တစ်ချိန်တည်းမှာပဲ တိမ်လွှာချုပ်နှောင်ဓားရဲ့စွမ်းအားကို ထုတ်လွှတ်နိုင်သေးတာလား"

***

All Chapters