အထွတ်အထိပ် တိုက်ပွဲ
Vol. 63 Ch. 879
ကျောက်ရီဖန်းက ရုတ်တရက် မန်ဟို့ကို မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်သျှံနေ၏။ တောင်ပိုင်းဒေသသို့ မသွားခင်တုန်းက သူ့ကို ဤမျှတိုက်ခိုက်လိုစိတ်တို့ ဖြစ်စေနိုင်သည့် မျိုးဆက်တူနှစ်ယောက်သာ ရှိခဲ့သည်။
တောင်ကောင်းကင်ဂြိုဟ်ရောက်သော် နောက်တစ်ယောက်ထပ်တိုးလာသည် ... မန်ဟို။ ထို့နောက် ယခု ... ဖန်မု ပေါ်လာပြန်လေပြီ။
ကြီးမားသော တိုက်ခိုက်လိုစိတ်သည် သူ၏ကိုယ်ထဲ၌ တဟုန်းဟုန်း ထကြွနေ၏။ သူ့အနောက်တွင် မီတာသုံးထောင်အမြင့် ဓမ္မဆင်းတုကြီးက တိမ်လွှာချုပ်နှောင်ဓားကို ကိုင်ထားပြီး အံ့မခန်းလိလိ ဓားချီကို ထုတ်လွှတ်နေသည်။ ကျောက်ရီဖန်း ခေါင်းမော့လျှင် သူလည်း ခေါင်းမော့သည်။ တစ်ဆက်တည်းဆိုသလို သူ၏ဓမ္မဆင်းတုသည် တိမ်လွှာချုပ်နှောင်ဓားကို မြှောက်လိုက်၏။
"ပထမဓား ၊ နတ်စွမ်းအားအသွင်ဆောင်ခြင်း" ကျောက်ရီဖန်းက အော်လိုက်ပြီး ဓားသည် ကျဆင်းလာ၏။
ဓားကား မိုးပြာရောက်နဂါးတစ်ကောင်အသွင်ပြောင်းမသွားဘဲ ရွှေရောင်ပြိုင်ကွင်းတစ်ကွင်းလုံးကို တုန်ခါလာစေသော အစိမ်းရောင်အလင်းတန်းတစ်တန်းဖြစ်လာသည်။ အက်ကြောင်းကြီးတစ်ကြောင်း လေတွင် ဟက်တက်ကွဲလာပြီး ကျယ်လောင်သောထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။ အရိုင်းဆန်သော အရောင်များ ပြိုးပြိုးပြက်ပြက် လက်လာပြီး နက္ခတ်တာရာများ တုန်ခါလာသည်။ ၎င်းက ကြောက်မက်ဖွယ်စိတ်ဆန္ဒကို ထုတ်လွှတ်ရင်း မည်သည့်အရာ၏ ဟန့်တားခြင်းကိုမဆို ဖောက်ထွက်နိုင်သည့်အလား မန်ဟို့ဆီ ပြေးဝင်လာသည်။
ပထမဓား ကျဆင်းလာသည်နှင့် တစ်ချိန်တည်းဆိုသလို ကျောက်ရီဖန်း၏စွမ်းအင်များက တရိပ်ရိပ် တက်လာပြီး ပြင်းထန်နေပြီးဖြစ်သော စွမ်းအား၏အလယ်တွင် ပို၍ကြီးမားသောစွမ်းအားများ ပေါ်ထွက်လာသည်။ ကျောက်ရီဖန်းသည် လေပွေကြီးသဖွယ် ရှေ့တက်သွားပြီးနောက် စူးခနဲ အော်လိုက်၏။
"ဒုတိယဓား၊ စိတ်ဝိညာဉ်ကို တုန်ခါစေခြင်း"
ထို့နောက် တတိယဓား ပေါ်လာသည်။
"တတိယဓား၊ အင်မော်တယ်ဖျက်စီးခြင်း"
ဤဓားက အရှုံးမပေးနိုင်သော အငွေ့အသက်များဖြင့် ကောင်ကင်းနှင့်မြေကြီးကို ထိုးခွဲရင်း ပထမဓားနှစ်လက်၏နောက်သို့ လိုက်သွားသည်။
ထို့နောက် စတုတ္ထဓား ပေါ်လာသည်။
"စတုတ္ထဓား၊ ရှေးဟောင်းကို ခြေဖျက်ခြင်း"
ဓားတစ်လက်စီသည် အရှေ့ဓားထက် ပိုမြန်ပြီး ပိုအစွမ်းထက်၏။ ဓားလေးလက်က အရောင်အဝါများကို လင်းလက်လာစေပြီး လေထုကို တုန်ခါလာစေသည်။ အရာအားလုံး တုန်လှုပ်စပြုလာပြီး တာအိုသစ်ပင်ပေါ်ရှိ ကျန်ကျင့်ကြံသူအကုန်လုံးမှာ ရင်သပ်ရှုမောစွာ ကြည့်နေကြလေသည်။
ကမ္ဘာလောက၏ ထည်ဝါခံ့ညားမှုအလုံးစုံမှာ ဤဓားများဖြင့် အစားထိုးခံလိုက်ရသည့်အလား နက္ခတ်တာရာများသည် မည်းမှောင်စပြုလာ၏။
သို့သော် ... ကျောက်ရီဖန်းကား မပြီးဆုံးသေး။
"ပဉ္စမဓား၊ မိုးကောင်းကင်ကို နင်းခြေခြင်း"
အံ့ဩဖွယ်ကောင်းစွာနှင့် ပဉ္စမဓားပေါ်လာသည်။ ဤပဉ္စမဓားသည် အရှေ့ဓားလေးလက်ထက် များစွာ ထက်မြက်၏။ ၎င်းကို မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသော မည်သူမဆို မွန်းကြပ်သွားသည့်အလား ခံစားလိုက်ကြရသည်။ အပြင်ဘက် နဝမတောင်နှင့်ပင်လယ်မှ စောင့်ကြည့်နေသူများမှာ ဟာခနဲ ဟင်ခနဲ ပင့်သက်ရှိုက်ကုန်ကြပြီး ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများသည် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
ဓားငါးလက် ... အဆုံးစွန်အထိ ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။
မန်ဟိုကတော့ မူလနေရာတွင် ရပ်မြဲရပ်လျက်သာ။ သူ၏အမူအရာသည် တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးများ၌ မသိသာသော တိုက်ခိုက်လိုစိတ်တို့ လင်းလက်သွား၏။ ဓားငါးလက် သူ့ထံ ထိုးဆင်းလာသည့်အခါ သူ၏ခန္ဓာကိုယ်အနှံ့အပြားရှိ အနက်ရောင်ချုပ်နှောင်အင်းကွက်များက အရေပြားတစ်လျှောက် ပြေးလွှားရွေ့လျားလာသည်။ သူ၏နတ်ဆိုးစိတ်ဆန္ဒသည် လေကို ပုံဖျက်၍ အချိန်အပေါ် သက်ရောက်ရင်း ပေါက်ကွဲထွက်လာ၏။ သူ့အတွက် သူမြင်နေရသော အရာအားလုံးမှာ အနှေးပြကွက်ဖြင့် လှုပ်ရှားနေသယောင်ပင်။
သူက မလှုပ်ရှားသော်လည်း လက်ကို မြှောက်၍ မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ ပထမဓားကို တို့ထိလိုက်သည်။
မန်ဟို့လက်ချောင်းမှ အနက်ရောင်အလင်းက ဝုန်းခနဲ ဖြာထွက်လာသည်။ အံ့ဖွယ်စွမ်းအင်ဖြင့် ပထမဓားမှာ လက်ချောင်းထိပ်၌ တုံ့ခနဲ ရပ်သွား၏။ ဓားထံမှ ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာကာ ၎င်းကား ရုတ်တရက် သန်းပေါင်းများစွာသော ဓားများအသွင်ပြောင်းသွားလေပြီ။ မန်ဟို့လက်ချောင်းတိုက်ကွက်၏စွမ်းအားကို ကျော်ဖြတ်ဖို့ ကြိုးစားတော့မည့်အချိန်မှာပင် ၎င်းတို့သည် တုန်ခါလာပြီး ပေါက်ကွဲကုန်ကြ၏။ ဓားချီက အရပ်လေးမျက်နှာသို့ ဖြာထွက်ရိုက်ခတ်သွားရာ ရွှေရောင်ပြိုင်ကွင်းတစ်ခုလုံး ပြိုကျတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ မန်ဟိုက ရှေ့တစ်လှမ်းတက်ပြီးနောက် လက်ခလယ်ကို ဒုတိယအကြိမ် ဆန့်ထုတ်ကာ ဒုတိယဓားချီတန်းအား ထိလိုက်သည်။
ဧရာမပေါက်ကွဲမှုကြီးက အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွား၏။ ဒုတိယဓားမှာ မန်ဟို၏လက်ချောင်းတိုက်ကွက်ကြောင့် စောစောက ပေါ်လာခဲ့သည်များထက် ပို၍ပင်များပြားသော ဓားများအသွင်ပြောင်းရင်း ပျက်စီးပေါက်ကွဲသွားသည်။ အရာအားလုံး တုန်ခါသွား၏။
အပြင်ရှိ စောင့်ကြည့်နေသူများ ဤအခြင်းအရာကို မြင်သောအခါ အံ့ဩတုန်လှုပ်သွားကြသည်။ အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် သူတို့အတွက် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ မန်ဟိုက တတိယခြေလှမ်းလှမ်းကာ အဆုံးမဲ့ဓားအရိပ်များ၏ အလယ်တည့်တည့်သို့ ရောက်ရှိသွားသည်။ အကန့်အသတ်မရှိသော ဓားချီအပေါင်းက သူ့ကို လှည့်ပတ်လာပြီး ဓားအရေအတွက်မှာ ရေတွက်၍မရတော့ပေ။ သူကား ဓားကမ္ဘာသို့ ဝင်ရောက်သွားခဲ့သည့်အလားပင်။
တတိယဓားကွက်က ဓားစက်လုံးတစ်လုံးအား ဖော်ဆောင်ထားသည်။ ၎င်းသည် မန်ဟို အထဲသို့ ဝင်လိုက်လျှင်ချင်း ကျုံ့လာကာ သူ့ကို ပိုင်းချလိုက်သော ဓားတစ်လက်အသွင်ပြောင်းသွား၏။ မန်ဟို့ညာလက်က လေပေါ် မြောက်သွားပြီး တတိယလက်ချောင်းတိုက်ကွက်ကား ထုတ်လွှတ်ခံလိုက်ရလေပြီ။
၎င်း တတိယဓားကို ထိသောအခါ ပေါက်ကွဲမှုက တာအိုသစ်ပင်ကို တုန်ခါသွားစေသည်။ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး အရာအားလုံး တခဏ မည်းမှောင်သွား၏။ တာအိုသစ်ပင်၏အပြင်ရှိ မြူများပင်လျှင် တဖွေးဖွေး လှုပ်လာသည်။
ဆူညံသံအားလုံး၏အလယ်တွင် တတိယဓားတိုက်ကွက်သည် ... အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။ အပြင်လောကမှ လူများ စောင့်ကြည့်နေစဉ် ဓားကမ္ဘာမှာ ပြိုကွဲသွားပြီး မန်ဟိုက လေးလှမ်းမြောက် လှမ်းလိုက်လေသည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်တချို့ ကြာလိုက်သော်လည်း မန်ဟို့လေးလှမ်းမြောက် ခြေလှမ်းက အသက်ရှိုက်စာအနည်းငယ်သာ ကြာလိုက်၏။ ဤတစ်ခေါက်တွင် စတုတ္ထနှင့် ပဉ္စမဓားကွက်များက သူ့အပေါ် တစ်ပြိုင်တည်း ထိုးဆင်းလာသည်။ ၎င်းတို့ကား ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒကို သယ်ဆောင်ရင်း လေကို ခွင်းလာသော မိုးကြိုးတန်းကြီးနှစ်တန်းအလားပင်။
မန်ဟိုက ညာလက်ကို မြှောက်ကာ ဓားချီတန်းတစ်တန်းလျှင် တစ်ချောင်းစီ၊ လက်ချောင်းနှစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်။ တဝုန်းဝုန်း ပေါက်ကွဲသံကြီးများက အရာအားလုံးကို တုန်ခါလာစေ၏။ ပြိုင်ကွင်း၏ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာပြီး အပြင်လောကနှင့် တာအိုသစ်ပင်ကို ပိုင်းခြားထားသော အတားအဆီးပင်လျှင် သက်ရောက်ခံလိုက်ဟန်တူသည်။
ဓားချီ ပြိုကွဲလွင့်စင်သွားစဉ် မန်ဟိုက ငါးလှမ်းမြောက်အား လှမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် သူကား ကျောက်ရီဖန်း၏အရှေ့တည့်တည့်သို့ ရောက်သွားကာ ညာလက်ကို လက်သည်းလက်အဖြစ် ဆန့်ထုတ်လိုက်သည်။
ကျောက်ရီဖန်းက လက်မောင်းကို ခါ၍ ဆဋ္ဌမဓားကို ဆင့်ခေါ်ရင်း ချက်ချင်း နောက်ဆုတ်လိုက်သည်။ ထို့နောက် သတ္တမဓားသည် တဂျုန်းဂျုန်း အော်မြည်လျက် မန်ဟို့ထံ ထိုးဆင်းလာသည်။ ဓားချီတန်းနှစ်တန်းမှာ ပြေးဝင်လာသော်လည်း သူ အရှေ့တက်မလာအောင် ဟန့်တားနိုင်ခြင်းမရှိပေ။
"ဓားခုနစ်လက် မိုးကောင်းကင်တောင်ကို သုတ်သင်စေ" ကျောက်ရီဖန်းသည် ကမ္ဘာတုန်ဟည်းသွားစေသော အသံဖြင့် ဟိန်းဟောက်လိုက်၏။ သူ၏ဓမ္မဆင်းတုက မီတာသုံးရာ တိမ်လွှာချုပ်နှောင်ဓားကို ညာလက်ဖြင့် ကိုင်မြှောက်ရင်း ရှေ့တက်လာသည်။ ဤအခိုက်အတန့်တွင် ၎င်းကား အစစ်အမှန် တည်ရှိနေသည့်အလား လွန်စွာ အသက်ဝင်နေ၏။
ဓား မန်ဟို့ထံ ကျဆင်းလာသည့်အခါ အလင်းရောင်များ တဖျပ်ဖျပ် လက်သွားပြီး အနိုင်ယူ၍မရနိုင်သော စိတ်ဆန္ဒ ပေါက်ကွဲထွက်လာသည်။
မန်ဟိုသည် တုံ့ခနဲ ရပ်၍ မော့ကြည့်လိုက်၏။ ရက်စက်သောအပြုံးတစ်စ သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာပြီး သူက ပြိုင်ကွင်း၏မျက်နှာပြင်အပေါ် ဆောင့်နင်းချလိုက်သည်။ ဂျိန်းခနဲ... သူ၏ကိုယ်ပိုင်ဓမ္မဆင်းတုကား ဖြစ်တည်လာချေပြီ။
ဓမ္မဆင်းတုပေါ်လာသောအခါ ၎င်းသည် ကြောက်ခမန်းလိလိ စွမ်းအင်တို့ ပြည့်ဝနေလျက် မီတာသုံးထောင်အမြင့်ရှိ၏။ ၎င်းက ရှေ့တက်၍ လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနောက် အပေါ်မှ ကျဆင်းလာနေသော ဓားကြီးကို ထိုးချလိုက်သည်။
အဝေးမှကြည့်လျှင် အကြိတ်အနယ် တိုက်ခိုက်နေသော ဧရာမဓမ္မဆင်းတုကြီးနှစ်ခုအား မြင်ရနိုင်၏။ အောက်ဖက် ပြိုင်ကွင်း၏မျက်နှာပြင်ပေါ်တွင် မန်ဟို၏ခန္ဓာကိုယ်မှာ အနက်ရောင်မီးတောက်များဖြင့် လွှမ်းခြုံခံထားရရာ သူ့အား ကြောက်စရာနတ်ဆိုးကြီးတစ်ကောင်နှင့် တူနေစေသည်။ သူသည် ကျောက်ရီဖန်းဆီသို့ လျှောက်လှမ်းသွားရင်း လက်ကို ဝှေ့ယမ်း၍ စမ်းချောင်းပေါင်းသန်းချီအား ပေါ်လာစေပြီးနောက် ဧရာမမြစ်ကြီးတစ်စင်း အသွင်ပြောင်းသွားစေ၏။
ကျောက်ရီဖန်း၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူသည် လျှာကိုက်၍ သွေးတချို့ ထွေးထုတ်လိုက်၏။ သွေးစက်တစ်စက်ချင်းစီက ဧရာမပင်လယ်ကြီးတစ်စင်းစီ ဖြစ်လာကာ အတူတကွ ပေါင်းစုံရင်း ပို၍ပင်ကြီးမားသောပင်လယ်ကြီးတစ်စင်း အသွင်ပြောင်းသွားသည်။ ဤသည်မှာ ရေနှင့်ဖွဲ့စည်းထားသော ပင်လယ်မဟုတ်ဘဲ မရေမတွက်နိုင်သော ဓားများဖြင့် ဖွဲ့စည်းထားသော ပင်လယ်ဖြစ်လေသည်။
၎င်းက ...ဓားပင်လယ်တစ်စင်းပင်။
ဓားပင်လယ်သည် မန်ဟို့တောင်ဝါးမြိုမန္တန်ဖြစ်သော ဧရာမမြစ်ကြီးကို ဝင်တိုက်လိုက်၏။ တုန်ခါလှိုင်းတစ်လှိုင်းက အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားရာ အရာအားလုံး တုန်ခါလာသည်။ မှော်သိုင်းများနှင့် နတ်ဘုရားစွမ်းရည်များ၏ စူးရှတောက်ပသောအလင်းရောင်က အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။
မန်ဟိုက တခဏမျှ မရပ်ပေ။ သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ အနက်ရောင်မီးလင်းတကြီးအသွင် ပြောင်းသွား၏။ သူက လေကို ခွင်းကာ ဓားပင်လယ်ကို ထိုးဖောက်ရင်း ကျောက်ရီဖန်း၏အရှေ့တည့်တည့်တွင် ပေါ်လာပြီး ဘလိတ်ဓားတမျှ ချွန်မြသော ခြေသည်းများဖြင့် ပိုင်းချလိုက်သည်။ ကျောက်ရီဖန်းမှာ မျက်နှာမှုန်ကုပ်သွားရင်း အထိတ်တလန့် နောက်ဆုတ်လိုက်၏။ ဤအခိုက်အတန့်တွင် သူသည် မန်ဟို၏ပြိုင်ဘက်များ မည်သည့်အတွက်ကြောင့် ထိုးနှက်ချက်တစ်ချက်ပြီး တစ်ချက် ခံစားခဲ့ရသည်လဲ နားလည်သွားလေပြီ။ ယခု သူကိုယ်တိုင် ထိုအတိုင်း ကြုံတွေ့နေရရာ သူ့မှာ မန်ဟိုအား အမှန်တကယ် ကြောက်သွားမိ၏။
မန်ဟို့တွင် အနိုင်ယူ၍မရသော အရှိန်အဝါရှိပြီး ခုခံခြင်းမရှိဘဲ တိုက်ခိုက်တတ်သူ ဖြစ်သည်။
ဤစွမ်းအင်ကို ရင်ဆိုင်ရလျှင် လူတစ်ယောက်သည် နောက်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိသည့်အပြင် ထိုသို့လုပ်ခြင်းအားဖြင့် မန်ဟို့တိုက်ခိုက်မှု၏ စည်းချက်အတွင်း ကျရောက်သွားရ၏။ နောက်ဆုံးတွင် အဆက်မပြတ် ဆုတ်နေရခြင်းက အရေးနိမ့်ပြီးရင်း အရေးနိမ့်စေသည်။
ကျောက်ရီဖန်းနှင့် မန်ဟို့အကြား တိုက်ကွက်တစ်ရာကျော် ဖလှယ်နေသဖြင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ ရွှေရောင်သစ်ရွက်မှာ ကြီးမားသော ပေါက်ကွဲမှုများကြောင့် တုန်ခါနေသည်။ နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်များမှာမူ ဖြစ်ပေါ်နေသော မြင်ကွင်းကို ရင်တဒိန်းဒိန်းခုန်လျက် ကြည့်နေကြ၏။ သူတို့အာရုံစိုက်နေသည့် တစ်ခုတည်းသောအရာမှာ မန်ဟိုနှင့် ကျောက်ရီဖန်းကြားက ကမ္ဘာမြေပြင်ပြိုကျစေနိုင်သော ဗိုလ်လုပွဲပင်။
"ငါ ဆက်တိုက်ဆုတ်နေလို့မဖြစ်ဘူး" ကျောက်ရီဖန်းက နှုတ်ခမ်းမှ သွေးများ စီးကျနေလျက် တွေးသည်။ ရုတ်တရက် သူ၏မျက်လုံးများ၌ ရက်စက်ကြုမ်းကြုတ်သောအလင်းရောင်တစ်စ ပေါ်လာပြီးနောက် မန်ဟို၏ဓမ္မဆင်းတုနှင့် အသည်းအသန် တိုက်ခိုက်နေသော သူ၏ဓမ္မဆင်းတုသည် မီတာ (၆၀၀၀) အထိ မြင့်မားလာကာ ပြိုင်ကွင်းတစ်လျှောက် ဖြာထွက်သွားသော လေမုန်တိုင်းကြီးတစ်လုံးအား ဖန်တီးလိုက်သည်။
စွမ်းအား၏ ပြန်ကန်အားကို အခွင့်ကောင်းယူရင်း ကျောက်ရီဖန်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း၍ မန်ဟို့ကို လေးနက်စွာ ကြည့်လိုက်သည်။
"ပိုင်းဖြတ်ဓားငါးလက်၊ ပထမပိုင်းဖြတ်ခြင်း ...မြင့်တက်ဓားကွက်" သူ စကားပြောနေစဉ် ညာလက်ကို မြှောက်လိုက်သည်။ ဓားချီသည် သူ၏လက်ချောင်းငါးချောင်းအနက် တစ်ချောင်းစီကို လှည့်ပတ်လာပြီး သူ၏အမြန်နှုန်းမှာ ကြောက်မက်ဖွယ်အတိုင်းအတာအထိ မြင့်တက်သွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ကာ မရေမတွက်နိုင်သော ဓားချီတန်းများအား ထိုးထွက်သွားစေသည်။
မျက်စိတစ်မှိတ်အတွင်း ဓားအလက်တစ်ရာသည် ဓားချီအသွင်ဖြင့် ဖြစ်ပေါ်လာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့က လေပေါ် ပျံတက်သွားပြီး ပြန်လှည့်ကာ ဓားမိုးသဖွယ် မန်ဟို့အပေါ် ရွာကျလာသည်။။ မန်ဟိုက ညာလက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ လောကသစ်ပင်သားလှံရိုး၊ အရိုးလှံခေါင်းနှင့် လှံရှည်ပေါ်လာသည်။ သူသည် ၎င်းကို အရှေ့သို့ ချက်ချင်း ပစ်လွှတ်လိုက်သဖြင့် ဓားအလက်တစ်ရာမှာ လမ်းကြောင်းလွဲ၍ ပြိုင်ကွင်း၏မျက်နှာပြင်အပေါ် စိုက်ကုန်ကြ၏။
သို့သော် ကျောက်ရီဖန်း၏ နတ်ဘုရားစွမ်းရည်မှာ ထွက်ပေါ်နေဆဲဖြစ်သည်။ ဓားအလက်တစ်ထောင်သည် အပေါ်တွင် ပေါ်လာပြီးနောက် မန်ဟို့ထံသို့ တရွှီးရွှီး ထိုးဆင်းလာကြ၏။ လှံရှည်က ပြေးဝင်သွားပြီး ဓားတစ်ထောင်မှာ တခွမ်းခွမ်း ကြေမွကာ ပြိုင်ကွင်းမျက်နှာပြင်သို့ စိုက်သွားကြသည်။ သို့သော် ဤအခိုက်အတန့်တွင် အပေါ်၌ ဓားအလက်တစ်သောင်း ပေါ်လာ၏။
၎င်းတို့က တဝေါဝေါ ကျဆင်းလာသည်။ ပြိုင်ကွင်းမှာ ယခုတွင် ဓားကမ္ဘာဖြစ်သွားခဲ့လေပြီ။ လှံရှည်က လေပွေသဖွယ် လည်ကာ မန်ဟို့ကို ဝန်းရံလိုက်သည်။ ထန် .. ထန် ... ထန်။ ဓားတစ်သောင်းကား ပျက်စီးပြီး မျက်နှာပြင်ထဲ စိုက်သွားကြလေသည်။
သို့သော် ဤအခိုက်အတန့်တွင် ကျောက်ရီဖန်းက စကားထပ်ပြောသည်။
"ပထမ ပိုင်းဖြတ်ခြင်း ၊ ဓားတွေ မိုးကောင်းကင်ကို ပိုင်းဖြတ်လေ" ချက်ချင်းပင် မြေကြီးထဲ စိုက်ဝင်နေခဲ့သော ဓားအလက် (၁၁၁၀၀) သည် လေပေါ် မြောက်လာပြီးနောက် ဓားကြီးတစ်လက်အသွင်ပြောင်းသွား၏။
အဆိုပါဓားက တစ်လောကလုံးကို ငြိမ်သက်သွားစေနိုင်သယောင်ပင်။ ပထမဆုံးအကြိမ်အနေဖြင့် ဧရာမဓားကြီးကို မော့ကြည့်လိုက်သည့်အခါ မန်ဟို၏မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် အသက်ပြင်းပြင်းရှူ၍ ညာခြေကို မြှောက်ပြီးနောက် ခပ်ပြင်းပြင်းဆောင့်နင်းချလိုက်၏။
ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး သူ၏ဓမ္မဆင်းတုမှာ မီတာ (၆၀၀၀) မြင့်သည်အထိ ကြီးမားပြန့်ကားလာသည်။ ၎င်းက ရှေ့တစ်လှမ်းတက်၍ ဓားကြီးကို ထိုးချလိုက်၏
ဖြစ်ပေါ်လာသော ပေါက်ကွဲမှုမှာ နားကွဲလုမတတ် ဖြစ်ပြီး တစ်ကမ္ဘာလုံး တုန်ခါသွားသည်။ ဓားက မန်ဟို့ဓမ္မဆင်းတု၏ လက်သီးကို ပိုင်းဖြတ်ပြီးနောက် မန်ဟို့ခေါင်းထိပ်မှ (၇) လက်မသာ ကွာတော့သည်အထိ ဆက်လက် ကျဆင်းကာ ရပ်သွား၏။ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဓားမှာ ပျက်စီးသွားတော့သည်။
ဓား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသောအခါ ကျောက်ရီဖန်းသည် သွေးအန်ပြီး နောက်သို့ယိမ်းယိုင်သွား၏။
မန်ဟိုက ပြိုကွဲနေသော ဓားကို မော့ကြည့်ပြီးနောက် ကျောက်ရီဖန်းကို လှည့်ကြည့်သည်။
"မင်းက တော်တော်လေး အစွမ်းထက်တယ်..." သူက ပြောသည်။ "ဒါပေမယ့် အခုက ငါ့အလှည့်" ထိုသို့ပြောရင်း သူသည် ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသောအခါ ကျောက်ရီဖန်း၏ အရှေ့တည့်တည့်တွင် ဖြစ်ကာ ထိုအချိန်တွင် လက်သီးဆုပ်၍ ထိုးချလိုက်သည်။
ဘုန်း ဘုန်း ဘုန်း ။ မန်ဟိုက ကိုးကြိမ်ဆက်တိုက် ထိုးချလိုက်သည်။ ဤသည်ကား ကောင်းကင်ဘုံကိုးဆင့်ပျက်စီးခြင်းမှတစ်ပါး အခြားမဟုတ်ပေ။
နောက်ဆုံးလက်သီးချက်က ကသောင်းကနင်း ဗြောင်းဆန်မှုများ ဖြစ်သွားစေသည်။ ကျောက်ရီဖန်းမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသော်လည်း သူ သိပ်ဝေးဝေးလံလံ မရောက်ခင် မန်ဟိုက လင်းတကြီးအသွင်ပြောင်းကာ သူ့ထံ ထိုးဆင်းသွားလေသည်။
***