အံ့ဩဖွယ်ရာ အသွင်ပြောင်းမှုများ
Vol. 63 Ch. 880
လင်းတကြီး၏ ခြေသည်းများက သတ္တုကို ပိုင်းဖြတ်၍ ကျောက်ခဲများကို ခြေမွပစ်နိုင်သည်။
သွေးများ ကျောက်ရီဖန်း၏ ပါးစပ်မှ ပန်းထွက်သွားပြီး သူ၏ရင်ဘတ်မှာ အသားနီလန်ကာ စုတ်ပြတ်သပ်သွား၏။ သို့သော် သူ၏ပါးစပ်သည် သွေးအေးသောအပြုံးအဖြစ် ကွေးညွတ်သွားပြီး သူက ရုတ်တရက် ပါးစပ်ဟလိုက်ရာ ဓားတစ်လက် ပျံထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက လေကို ထိုးခွင်း၍ မန်ဟို့ကို ထိုးစိုက်တော့ပေမည်။ မန်ဟို၏မျက်လုံးများမှာ အံ့အားသင့်သွားသည့်အလား တောက်ပသွားပြီး မာန်သွန်းဟိန်းဟောက်လိုက်၏။
ဟိန်းဟောက်သံက လှိုင်းဂယက်များ ဖြာထွက်သွားစေပြီး ဓားသည် တခဏ တုံ့ခနဲ ရပ်လိုက်ရ၏။ ထိုတိုတောင်းလှသော အချိန်လေးအတွင်း မန်ဟို၏ညာလက်က လေလို လှုပ်ရှားရင်း ကြယ်ခူးသိုင်းကို ထုတ်လွှတ်၍ ဓားကို ဆုပ်ကိုင်ကာ အားပြင်းပြင်း ဖြစ်ညစ်လိုက်သည်။ ဓားကား ခွမ်းခနဲ ကြေမွသွားတော့၏။ ကျောက်ရီဖန်းမှာ သွေးတစ်ပွက် ထပ်အန်လိုက်ရပြန်သည်။
သို့သော် သူက ထိုအခိုက်အတန့်ကို အခွင့်အကောင်းယူကာ လေပေါ် ခုန်တက်လိုက်သည်။
"ဓမ္မဆင်းတုအစစ်အမှန်ကိုယ်" သူကား မရမကုပ် ကုပ်ကပ်နေပြီး အရှုံးမပေးလိုသဖြင့် မိုက်ကန်းသောအမူအရာတစ်ခုက သူ၏မျက်နှာအပေါ်တွင် ဖြစ်ပေါ်လာသည်။ သူ၏စကားလုံးများ ပဲ့တင်ထပ်နေစဉ် ဓမ္မဆင်းတုသည် ရုတ်တရက် သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်ကာ ပျောက်ကွယ်သွား၏။ တခဏကြာသော် မီတာ (၆၀၀၀) အမြင့် ဘီလူးကြီးတစ်ကောင် လေလယ်တွင် ပေါ်လာသည်။
၎င်းကား ကျောက်ရီဖန်းပင်။
"ဖန်မု ငါတို့တိုက်ပွဲ အခုထိ မပြီးသေးဘူး" သူသည် ဟိန်းဟောက်ရင်း တိမ်လွှာချုပ်နှောင်ဓားကို ကိုင်ဆွဲထားသည့် ညာလက်ကို မြှောက်ကာ မန်ဟို့ကို ပိုင်းချလိုက်သည်။
ဓား စတင်ကျလာသည့်တစ်ချိန်တည်းမှာပင် မန်ဟိုက မျက်လုံးများ မှိတ်လိုက်သည်။ သူ ၎င်းတို့ကို ပြန်ဖွင့်လိုက်သောအခါ သူ၏ဓမ္မဆင်းတုသည် ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်ကာ နောက်ထပ်မီတာ (၆၀၀၀) အမြင့် ဘီလူးကြီးပေါ်လာသည်။ သူ၏ခြေထောက်က လေကို ခွင်းရင်း ဓားကို ဝိုက်ကန်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် လေထဲတွင် သူတစ်ပြန်ကိုယ်တစ်ပြန် စတင် တိုက်ခိုက်ကြ၏။
ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်များမှာ အသက်ပြင်းပြင်း ရှူနေကြရသည်။
"အစွမ်းထက်လွန်းလိုက်တာ"
"ကျောက်ရီဖန်းရော ၊ ဖန်မုရော အင်မော်တယ်မဟုတ်ပေမယ့် အတုအယောင်အင်မော်တယ်တွေတောင်မှ သူတို့အတွက် ပုရွက်ဆိတ်ထက် ပိုမှာမဟုတ်ဘူး။ လက်ကလေး လှန်လိုက်သလို အလွယ်တကူ သတ်နိုင်မှာ။ သူတို့က အစစ်အမှန်အင်မော်တယ်တွေကိုတောင် တိုက်ခိုက်နိုင်လောက်တယ်"
"နှစ်ယောက်လုံး စိတ်ဝိညာဉ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးပေမယ့် ငါ့လို အကြော သုံးဆယ်ဖွင့်ထားတဲ့ လူအတွက်တောင် ကြောက်စရာကောင်းတယ်"
"အစွမ်းထက်လွန်းတယ်"
"သူတို့နှစ်ယောက်သာ အင်မော်တယ်ဖြစ်လာလို့ကတော့ အင်မော်တယ်နယ်ပယ်အဆင့် ဆယ်ဆင့်ထဲမှာမှ အနည်းဆုံး အကြော (၉၀) ပိုင်ဆိုင်ထားလိမ့်မယ်"
ကြယ်တာရာကောင်းကင်နန်းတော်တွင် ခေါင်းဆောင်ကြီးများသည် ဖြစ်ပျက်နေသောအရာများကို မမှိတ်မသုန် ကြည့်နေကြ၏။ သူတို့အနက်မှ မည်သူမဆို ကျောက်ရီဖန်းကိုသော်လည်းကောင်း၊ မန်ဟို့ကိုသော်လည်းကောင်း အလွယ်တကူ အနိုင်ယူနိုင်သော်လည်း မျက်စိရှေ့မှောက်၌ ဖြစ်ပျက်နေသော တိုက်ပွဲမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။ ၎င်းက စိတ်ဝိညာဉ်နယ်ပယ်တိုက်ပွဲတစ်ပွဲလေးသာ ဖြစ်သော်ငြား ကျောက်ရီဖန်းနှင့် မန်ဟိုတို့ နှစ်ယောက်လုံးမှာ ပါရာဂွန်အလောင်းအလျာများဖြစ်ဖို့ အလားအလာရှိ၏။
"သူတို့နှစ်ယောက်လုံးက မီတာ (၆၀၀၀) အမြင့် ဓမ္မဆင်းတုကိုယ်စီနဲ့ဟ။ အဲ့ဒါက အဆင့် (၂) အင်မော်တယ်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်။ အင်မော်တယ်နယ်ပယ်ရဲ့ အဆင့်ဆယ်ဆင့်မှာ အဆင့်တစ်ဆင့်စီက ဓမ္မဆင်းတုကို မီတာ (၃၀၀၀) ပိုမြင့်သွားစေတာလေ"
"နှစ်ယောက်လုံးက အောင်မြင်ဖို့အတွက် ခိုင်မာတဲ့အခြေခံကို တည်ဆောက်ထားပြီးကြပြီပဲ။ ကျောက်ရီဖန်းက အင်မော်တယ်ကံတရားပေါ်လာမှာကို စောင့်ရင်း စိတ်ဝိညာဉ်နယ်ပယ်အဆင့်ထဲမှာ သူ့ကိုယ်သူ ချုပ်တည်းထားတာ ကြာပြီ။ ပြီးတော့ သူ့အနေနဲ့ အင်မော်တယ်လမ်းပြနွယ်ကို အသုံးပြုပြီး အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းလိုက်တာနဲ့ သူ့ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုး မြင့်တက်လာမှာ။ သူက နှစ်တစ်ရာတောင်မကုန်သေးဘဲ အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်လောက်တယ်"
"ဖန်မုလည်း အတူတူပဲ ထင်တယ်။ တကယ်တမ်း နဝမတောင်ပင်လယ်မှာရှိတဲ့ ထင်ပေါ်ကျော်ကြားဂိုဏ်းအားလုံးရဲ့ ရွေးချယ်ခံတွေအားလုံး အဲဒီအတိုင်းပါပဲ"
ပြိုင်ကွင်းထဲတွင် မန်ဟိုနှင့် ကျောက်ရီဖန်းသည် သူသေကိုယ်သေ တိုက်နေကြသည်။ သို့သော် မန်ဟိုမှာ သူ၏စွမ်းအားအပြည့်အဝကို မထုတ်လွှတ်ရသေးပေ။ သူ၏နတ်ဆိုးစိတ်ဆန္ဒအား လွှတ်ပေးလိုက်၍ ပုံမှန်ထက် အစွမ်းထက်နေသည့်တိုင် မန်ဟိုသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ကျောက်ရီဖန်း ဖုံးကွယ်ထားသေးကြောင်း ခံစားနေရသဖြင့် လျှိုထားသေးလေသည်။
ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်နေပြီး ကျောက်ရီဖန်း၏ မျက်လုံးများ သွေးချင်းနီလာသည်။ ဤတိုက်ပွဲ ဤအခိုက်အတန့်တွင် သူ့မှာ ထိန်းချုပ်ခြယ်လှယ်နိုင်သမျှအားလုံးနီးပါး အသုံးပြုထားပြီးဖြစ်သည့်တိုင် ပြိုင်ဘက်နှင့် မယှဉ်နိုင်သေးပေ။ အမှန်တွင် သူ့မှာ အဆင်မပြတ်နောက်ဆုတ်နေရ၏။
"ငါ ဒါကို လက်မခံနိုင်ဘူး" သူက တွေးသည်။ အသတ်အဖြတ်စိတ်ဆန္ဒသည် သူ၏မျက်လုံးများတွင် တောက်ပနေပြီး သူက နောက်ဆုတ်လိုက်ရသည့်အခိုက်အတန့်တွင် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤအချိန်တွင် နွယ်ပင်တစ်ပင်သည် ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ပေါ်လာပြီး နူးညံ့သောအလင်းရောင်နှင့်အတူ တာအိုတေးသွားအား ထုတ်လွှတ်လာသည်။ ၎င်းကား အင်မော်တယ်လမ်းပြနွယ်မှတစ်ပါး အခြားမဟုတ်ပေ။
ကျောက်ရီဖန်းက ခေါင်းလှန်၍ ကြိမ်းဝါးလိုက်သည်။ တစ်ချိန်တည်းမှာပင် အင်မော်တယ်နွယ်သည် စူးရှတောက်ပလာ၏။ သူ့မှာ တုန်ရီလာပြီး ပို၍ပင် ကြီးထွားလာသည်။ သူကား ယခုတွင် မီတာ(၉၀၀၀) ရှိလေပြီ။
သူ၏မီတာ (၉၀၀၀) အမြင့်ခန္ဓာကိုယ်ကြီးက အင်မော်တယ်လမ်းပြနွယ်ကို စတေးခြင်းမှ လာသော စွမ်းအား၊ ကျောက်ရီဖန်းအတွက် ထိန်းချုပ်ရခက်နေသော စွမ်းအား၊ ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။
အပြင်ဘက် နဝမတောင်နှင့်ပင်လယ်ရှိ ပရိသတ်ထုကြီးမှာ ဖြစ်ပျက်နေသောအရာကို မြင်သောအခါ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။
"သူက တကယ်တော့ ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်ထားတာကိုး"
"ဘုရားရေ။ သူက တကယ်ပဲ.... အဆင့် (၃) အင်မော်တယ်နဲ့ ယှဉ်လို့ရတယ်ဟ"
"ဖန်မုတော့ သွားပြီ"
ကျောက်ရီဖန်း၏ အမြင်အာရုံတို့ ဝေဝါးလာခဲ့လေပြီ။ ယခုတွင် သူ မြင်ရသည့် တစ်ခုတည်းသောအရာမှာ ဖန်မုဖြစ်ပြီး သူ့ခေါင်းထဲတွင် ရှိသည့် တစ်ခုတည်းသောအတွေးမှာလည်း ဖန်မုကို အနိုင်ယူရန်ပင်။
ဘုန်း
ကျောက်ရီဖန်း၏ ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး သူ၏စွမ်းအင်များက မိုးထိတိုင် မြင့်တက်သွားသည်။ သူ မန်ဟို့ထံ ပြေးဝင်လာစဉ် ဓားချီက လေထုကို ဖျက်စီးရင်း အရပ်လေးမျက်နှာသို့ ဖြာထွက်လေ၏။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြန်တိုက်ခိုက်ကြသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံနေတော့သည်။
မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။ သူ့ကို ဝန်းရံလျက် တဟုန်းဟုန်း တောက်နေသည့် အနက်ရောင်မီးတောက်များကြား၌ သူ၏ဓမ္မဆင်းတုကြီးသည် ရုတ်တရက် ကြောက်စရာကောင်းလောက်အောင် ကြီးမားလာသည်။ ယခုတွင် သူလည်း မီတာ (၉၀၀၀) အမြင့် ရှိလေပြီ။
ထိုအခိုက်အတန့်တွင် အပြင်ဘက်နဝမတောင်ပင်လယ်အပြင် တာအိုသစ်ပင်အပေါ်ရှိ ကျင့်ကြံသူများထံမှပင် မယုံကြည်နိုင်သော ပင့်သက်ရှိုက်သံများ ကြားလိုက်ရသည်။
"ဘုရားရေ။ ဖန်မုလည်း သူ့ရဲ့ကျင့်ကြံခြင်းအခြေခံအစစ်ကို ဖုံးကွယ်ထားတာပဲ။ သူလည်း ... အဆင့် (၃) အင်မော်တယ်နဲ့ ယှဉ်နိုင်လိမ့်မယ်လို့ ထင်တောင်မထားဘူး"
"ဘယ်သူ ဒီတိုက်ပွဲကို နိုင်မှာလဲ။ ဘယ်သူ .... ပထမနေရာရမှာလဲ"
မန်ဟိုနှင့် ကျောက်ရီဖန်းသည် ရှေ့တိုးနောက်ဆုတ်တိုက်ခိုက်နေသဖြင့် ပေါက်ကွဲသံများ ဆူညံနေ၏။ မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်ပေါင်းရာချီ ဖလှယ်ပြီးလေပြီ။ မြေကြီးမှာ တသိမ့်သိမ့် တုန်လာပြီး ရွှေရောင်ပြိုင်ကွင်းတစ်ခုလုံး လှုပ်ရမ်းနေသည်သာမက လေထုထဲ၌ အက်ကွဲကြောင်းများကိုလည်း မြင်လာရသည်။
နောက်ဆုံးတော့ ကျောက်ရီဖန်းသည် စိတ်ပျက်လက်မှိုင်ကျသွားသော အမူအရာဖြင့် ပါးစပ်မှ သွေးများပန်းထွက်လျက် ယိမ်းယိုင်သွား၏။ သူ့မှာ ထုတ်နိုင်သမျှ စွမ်းအားအလုံးစုံ ထုတ်၍ လုပ်နိုင်သမျှ အလုံးစုံလုပ်ပြီးသည့်တိုင် သူ၏ပြိုင်ဘက်အား အနိုင်မယူနိုင်သေးပေ။
"မဟုတ်ဘူး" သူက တွေးသည်။ "ငါ အကုန် မသုံးရသေးဘူး။ ငါ ပိုင်းဖြတ်ဓားငါးလက်ရဲ့ ဒုတိယပိုင်းဖြတ်ခြင်းကို မသုံးရသေးဘူး။ ဒါပေမဲ့..."
ကျောက်ရီဖန်း၏မျက်လုံးမှာ ရူးမိုက်သောအငွေ့အသက်တို့ကို ထုတ်လွှတ်လာပြီး သူက နောက်ဆုတ်ကာ မန်ဟို့ကို စူးစူးစိုက်စိုက် ကြည့်သည်။
"ဖန်မု။ မင့် အစွမ်းထက်ဆုံးကျင့်ကြံခြင်းအခြေခံရဲ့ အတိုက်အခိုက်စွမ်းရည်ကို ထုတ်လိုက်။ တစ်ကွက်တည်းနဲ့ အနိုင်အရှုံးကို ငါတို့ ဆုံးဖြတ်ကြမယ်" ထိုသို့ပြောပြီး ကျောက်ရီဖန်းသည် ခေါင်းနောက်လှန်၍ ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏နှုတ်ခမ်းများက ရူးမိုက်မှုနှင့် အနိုင်ရလိုမှုတို့ဖြင့် တွန့်ချိုးသွားသည်။ ရုတ်တရက် သူသည် တုန်ရီလာပြီး လောင်ကျွမ်းနေသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် သူ၏ဓမ္မဆင်းတုမှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်စပြုလာသည်။ အလင်းသည် ဖြာထွက်လာပြီး ရုတ်တရက်ဆိုသလို... ကျုံ့သွား၏။
ဤသည်ကား .... ဓမ္မဆင်းတုခန္ဓာဖောက်ခွဲခြင်းပင်။
"မြင့်မြတ်သောရေစီးဓားဂူ၊ ပိုင်းဖြတ်ဓားလက်ဟာ အင်မော်တယ်ဓားငါးလက်လို့လည်း အသိများတယ်။ ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ ပထမပိုင်းဖြတ်ခြင်းကို ထုတ်လွှတ်နိုင်တယ်။ အခု ဒုတိယပိုင်းဖြတ်ခြင်းကို ထုတ်လွှတ်ဖို့ ခန္ဓာဖောက်ခွဲခြင်းစွမ်းအားကို အသုံးပြုမယ်
"ဖန်မု၊ ဒီတိုက်ကွက်ကို မင်း မခံနိုင်ရင် ရှုံးပြီ" ကျောက်ရီဖန်း စကားပြောနေစဉ် သူ၏ဓမ္မဆင်းတုသည် လျင်မြန်စွာ သေးငယ်လာ၏။ သို့သော် သူ၏ကြောက်မက်ဖွယ်အရှိန်အဝါမှာ ပိုပို၍အားကောင်းလာသည်။
နဝမတောင်ပင်လယ်ရှိ ပရိသတ်များမှာ အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ ကြယ်တာရာကောင်းကင်နန်းတော်ထက်ရှိ ခေါင်းဆောင်ကြီးများအားလုံး ထရပ်လိုက်ကြသည်။ မြင့်မြတ်သောရေစီးဓားဂူမှ အဘိုးကြီးက မြေကြီးကို ခြေဆောင့်နင်းလိုက်၏။
"စိတ်လိုက်မာန်ပါလွန်းတယ်" သူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ ဝဲမှန်သားပြင်ပေါ်၌ ဖြစ်ပေါ်နေသော မြင်ကွင်းကို ကြည့်နေစဉ် သူ၏အမူအရာမှာ မည်းမှောင်လာ၏။
"ဖန်မု" ကျောက်ရီဖန်းက အော်သည်။ "ဒီတိုက်ကွက်ပြီးရင် ငါဟာ ဘာဆိုဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ မသေခဲ့ရင် အနည်းဆုံးတော့ နာလန်ပြန်ထူဖို့ တံခါးပိတ်ကျင့်ကြံရလိမ့်မယ်။ ပြီးရင် ငါ့အတွက် နောက်ထပ်ဓမ္မဆင်းတုတစ်ခု ဖန်တီးဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ငါ ကျောက်ရီဖန်း နောင်တမရဘူး
"ဒီတိုက်ပွဲ၊ ဒီတိုက်ကွက်မှာ ငါ့မျှော်လင့်ချက်အားလုံး ပါဝင်တယ်။ ပြစမ်းပါ ငါ့ကို ... မင်း အမှန်တကယ် ဘယ်လောက် အစွမ်းထက်လဲဆိုတာ" ယခုတွင် ကျောက်ရီဖန်းမှာ မီတာ (၉၀၀၀) မှ မီတာ (၉၀၀) အထိ ကျုံ့သွားခဲ့လေပြီ။ သူ၏စွမ်းအင်သည် ဆက်လက်၍ ကြီးထွားလာပြီး သူ၏ပတ်ပတ်လည်ရှိ လေထုမှာ ကြေမွလာသည်။ ပြိုင်ကွင်းပင်လျှင် တုန်ခါနေသည်။
မန်ဟိုက ကျောက်ရီဖန်း၏မျက်လုံးများကို ကြည့်ပြီး သူ မြင်လိုက်ရသည့်အရာမှာ တိုက်ပွဲကြောင့် ပွက်ပွက်ဆူနေသော ရူးမိုက်မှုတို့ ဖြစ်သည်။ သူက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သူ၏ကိုယ်ထဲရှိ နတ်ဆိုးစိတ်ဆန္ဒသည် ပေါက်ကွဲထွက်လာ၏။ အနက်ရောင်မီးတောက်များက မိုးကောင်းကင်ထိလုအောင် ကခုန်နေပြီး သူ၏ဓမ္မဆင်းတုကား ထပ်မံကြီးထွားလာပြန်သည်။
မီတာ ၉၅၀၀၊ မီတာ ၁၀၅၀၀ ၊ မီတာ ၁၁၅၀၀ .... မီတာ ၁၂၀၀၀ အထိ တောက်လျှောက်။
သူသည် နားကွဲလုမတတ် ကျယ်လောင်သော ထစ်ချုန်းသံကြီးကြားတွင် ရပ်နေ၏။ တာအိုသစ်ပင်ပေါ်ရှိ ကျင့်ကြံသူအားလုံးမှာတော့ ကြက်သေသေနေကြသည်။ အဆင့် (၄) အင်မော်တယ်အဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သော စိတ်ဝိညာဉ်နယ်ပယ်ရှိ တစ်စုံတစ်ယောက်ရှိသည်ဟူ၍ သူတို့ တစ်ခါမှ မကြားခဲ့ဖူးပေ။
ကျောက်ရီဖန်း၏ ပြောင်မြောင်သော စွမ်းအားအခင်းအကျင်းမှာ အားကိုးစရာ အင်မော်တယ်လမ်းပြနွယ်ရှိ၍ ၎င်းကို သူတို့ နားလည်နိုင်သည်။ သို့ရာတွင် မန်ဟို၏ ဓမ္မဆင်းတုမှာ မည်သည့်အင်မော်တယ်လမ်းပြနွယ်မှ ရှိမနေ။
ထိုကဲ့သို့ အရာတစ်ခုမှာ .... လုံးလုံးလျားလျား ကြောက်စရာကောင်း၏။
အပြင်ဘက်နဝမတောင်နှင့်ပင်လယ်တွင် လူအုပ်ကြီးများသည် ပွက်လောရိုက်နေကြ၏။ စကားသံများ ဆူညံလာပြီး မျှော်လင့်တကြီး အော်သံများ လွင့်မျောလာသည်။
"ကျောက်ရီဖန်းက သူ့ရဲ့ အစွမ်းထက်ဆုံး ဓားကွက်ကို ထုတ်လွှတ်ဖို့ ဓမ္မဆင်းတုကို ဖောက်ခွဲပြီး အသက်စွမ်းအားကို ဆင့်ခေါ်နေတာပဲ။ ပြီးတော့ ဖန်မုက ... အဆင့် (၄) အင်မော်တယ်နဲ့ တကယ်ကြီး ယှဉ်နိုင်တယ်တဲ့လား"
"အခု အနိုင်အရှုံး သိရတော့မယ်။ ဒီနှစ်ယောက်ထဲက ဘယ်သူ ... ပထမနေရာရမလဲ"
နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံးနှင့် ပြိုင်ကွင်းတိုက်ပွဲအားလုံးတွင် အမျှော်လင့်ခဲ့ရဆုံးအခိုက်အတန့်ကား ယခု ရောက်ရှိလာခဲ့လေပြီ။
ပရိသတ်ထုကြီး၏ မျက်လုံးများ ဝဲမှန်သားပြင်များအား ကော်နှင့်ကပ်ထားသကဲ့သို့ ကြည့်နေစဉ် ကျောက်ရီဖန်း၏ ခန္ဓာကိုယ်မှာ ပုံမှန်လူတစ်ယောက်၏အရွယ်အစားအဖြစ် ကျုံ့သွားခဲ့လေပြီ။ သူ၏ မီတာ (၉၀၀၀) အမြင့် ဓမ္မဆင်းတုမှာ ပြိုကွဲသွားခဲ့ပြီး ပြိုကွဲမှု၏ စွမ်းအားအလုံးစုံက သူ့လက်ထဲတွင် ကိုင်စွဲထားသော ဓားအဖြစ် စုစည်းသွားသည်။
ဤသည်ကား သာမန်ဓားမဟုတ်။
"ပိုင်းဖြတ်ဓားငါးလက်၊ ဒုတိယပိုင်းဖြတ်ခြင်း ... အင်မော်တယ် : ဘာကြောင့် သာမန်ကမ္ဘာကို ဖျက်စီးတော့မှာလဲ" ကျောက်ရီဖန်း၏ အသံ ဟိန်းထွက်လာစဉ် သူသည် ညာလက်ကို မြှောက်၍ သူ၏မျက်လုံးများမှာ မတောက်ဖူးသော အလင်းရောင်ဖြင့် တောက်ပလာသည်။ ဤဓားကွက်တွင် သူ၏အသက်စွမ်းအာ၊ သူ၏ဓမ္မဆင်းတု၊ သူ၏စိတ်စွမ်းအား၊ သူ၏အရာအားလုံး ပါဝင်လေသည်။
သူသည် ဓားကို မြှောက်ပြီးနောက် အောက်သို့ လွှဲချလိုက်၏။ ၎င်းက သေမျိုးနွယ်ကို ဖျက်စီးနိုင်သည့် ကောင်းကင်ဘုံမှ ဓားတစ်လက်အသွင်ပြောင်းသွားသည်။ ဓားကား အင်မော်တယ်တစ်ဦးကို မေးနေသည့်အလားပင် 'သာမန်ကို ဖျက်စီးမှာလား ၊ မဖျက်စီးဘူးလား'
ဓားက ဂျိန်းခနဲ ကျဆင်းလာသည်။ မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့တွင် အစစ်အမှန်အင်မော်တယ်စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းနှင့် အင်မော်တယ်အကြောတစ်ကြော၏စွမ်းအား ရှိသည်။ သူ၏ဓမ္မဆင်းတုက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် ထိုးချရန် ပြင်လိုက်သဖြင့် စွမ်းအားအလုံးစုံ ပေါက်ကွဲထွက်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် .... သူ၏ဓမ္မဆင်းတုပတ်ပတ်လည်ရှိ လေထုထဲတွင် အင်မော်တယ်အကြောတစ်ကြော ပေါ်လာသည်။
အင်မော်တယ်အကြောသည် ပိုးခြည်မျှင်တစ်မျှင်ပမာ သူ့ကို လှည့်ပတ်လျက်ရှိပြီး အံ့ဖွယ်အင်မော်တယ်ချီတို့ကို သူ၏လက်ထဲသို့ ထည့်သွင်းကာ အစွမ်းထက်ဆုံးလက်သီးချက်ကို ဖန်တီးလိုက်သည်။ လက်သီးချက်က ပြိုင်ကွင်း၏အပေါ်ရှိ လေထုကို ဝင်တိုက်သွား၏။
ဓားနှင့် လက်သီးချက် ဝင်တိုက်သွားသောအခါ ကြီးမားသောပေါက်ကွဲမှုကြီးသည် တာအိုသစ်ပင်တစ်ပင်လုံးကို တုန်ခါသွားစေရင်း လိမ့်ထွက်သွားသည်။ လေထုမှာ ပရမ်းပတာဖြစ်သွားပြီး နဝမတောင်နှင့်ပင်လယ်၏အပြင်ရှိ လူများပင်လျှင် ၎င်းကို ခံစားလိုက်ရ၏။ ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများမှာ ပင့်သက်ရှိုက်နေကြလေပြီ။
ဘုန်းးးးး
အသံကား မိုးကောင်းကင်ကို စုတ်ဖြဲပစ်နိုင်ပုံပင်။ ဧရာမဝဲကြီးတစ်ဝဲက ရွှေရောင်ပြိုင်ကွင်းတစ်ကွင်းလုံး ဖုံးလွှမ်းရင်း ဖြာထွက်လာသည်။ မန်ဟိုနှင့် ကျောက်ရီဖန်းမှ ထုတ်လွှတ်လိုက်သော စွမ်းအားအလုံးစုံ အတူတကွ စုဝေးသွားသဖြင့် ဝဲအတွင်းရှိ အရှိန်အဝါမှာ ပြင်းထန်သထက်ပြင်းထန်လာ၏။ တစ်ချိန်တည်းမှာပင် ပြိုင်ကွင်းတစ်ခုလုံး စတင်ပြိုကျလာသည်။
ဤအခိုက်အတန့်တွင် ဝဲအတွင်း၌ ကြီးမားသော တန်ပြန်အားတစ်ရပ် ပေါ်ပေါက်လာကာ ကျောက်ရီဖန်းကို တန်းတန်းမတ်မတ် ရိုက်ခတ်သွားသည်။ ၎င်းမှာ သူ့အတွက် တောင့်ခံရန် ကြီးမားလွန်းလှရာ သူသည် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် နွမ်းဖတ်ဖတ် ပြုံးလိုက်တော့သည်။
သွေးများ သူ၏ပါးစပ်မှ ပန်းထွက်သွားပြီး အက်ကွဲသံများအား သူ၏ခန္ဓာကိုယ်အနှံ့အပြားမှ ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးတစ်ဝက်ကျော်မှာ စိစိညက်ညက် ကြေသွားပြီး သူကား တာအိုသစ်ပင်၏အပြင်သို့ အရုပ်ကြိုးပြတ် လွင့်ထွက်သွားတော့သည်။
"ငါ ရှုံးသွားပြီ..." သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူသည် သတိမလစ်ခင် စွမ်းအားကို ပြန်လည်တွန်းလှန်လျက် ရပ်နေသော မန်ဟို့ကို မြင်လိုက်ရ၏။ ထို့နောက် ကျောက်ရီဖန်း လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားသည်။
ကျောက်ရီဖန်း သတိလစ်သွားပြီးနောက် မန်ဟိုက သွေးတစ်ပွက် အန်လိုက်ရသည်။ ချက်ချင်းပင် နတ်ဆိုးစိတ်ဆန္ဒမှ မီးတောက်တို့ ငြိမ်းသေသွားပြီး အေးချမ်းသော အလင်းရောင်တစ်ရောင် သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ သို့သော် တိုက်ကွက်၏ တန်ပြန်အားက သူ့ကို အထိန်းအကွပ်မဲ့စွာ လွင့်ထွက်သွားစေသည်။ သူသည် ဝုန်းခနဲ ပြိုင်ကွင်းမှ ပျံထွက်ကာ တာအိုသစ်ပင်၏အပြင်သို့ ရောက်သွား၏။
ထိုအခိုက်အတန့်မှာပင် .....
ပြိင်ကွင်း၏အပြင်၌ တစ်ချိန်လုံး ရစ်ဝဲနေခဲ့သော ခေါင်းတစ်ပိုင်းပြတ်လူက စိတ်လှုပ်ရှားနေသော လောဘတို့ဖြင့် လှမ်းကြည့်သည်။ သူသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းကို သုံးရင်း ပြိုင်ကွင်းအနားရှိ သူ၏နေရာမှ အင်မော်တယ်အပျက်အစီးများအပေါ်ရှိ ဟင်းလင်းပြင်ကို ဖြတ်၍ လွင့်ထွက်လာသော မန်ဟို့ထံ တဟုန်ထိုး ထွက်သွားတော့၏။
***