← Chapters

အပ်ရှလွန် (၁၃)

Vol. 63 Ch. 882

အပ်ရှလွန် (၁၃)

Vol. 63 Ch. 882

ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ၊ ရှင်ခြင်းသေခြင်းမန္တန်

ဆဋ္ဌမမျိုးဆက်မိစ္ဆာချုပ်နှောင်သူသည် ညာလက်ခလယ်ဖြင့် ညွှန်လိုက်ပြီး ချက်ချင်းဆိုသလို အဖြူအမည်း ချီတန်းနှစ်တန်း စီးထွက်သွားသည်။ ၎င်းတို့က တစ်တန်းကို တစ်တန်း ဝန်းရံလှည့်ပတ်ကာ ဝဲတစ်ဝဲအား ဖန်တီးလိုက်သည်။

ဝဲကား.... မီးခိုးရောင်။

မီးခိုးရောင်ဝဲက လျင်မြန်စွာ ပြန့်ကားလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် မီတာ (၃၀၀၀) ကျယ်သွားပြီး ဆွဲအားတစ်ရပ်အား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်၏။ ပတ်ဝန်းကျင်ကို ဝန်းရံနေသော ပုံရိပ်များမှာ ခန္ဓာကိုယ်များ ပျက်စီးခြင်းစတင်လာသဖြင့် မချိတင်ကဲ အော်ဟစ်လာကြပြီး တုန်ရီလာကြသည်။ မှော်သင်္ကေတများက သူတို့၏ခန္ဓာကိုယ်အနှံ့အပြားတွင် နေရာယူလာကြလေသည်။

ထိုမှော်သင်္ကေတများသည်လည်း မီးခိုးရောင်ဖြစ်ပြီး ပုံရိပ်များ ဝူးဝူးဝါးဝါး အော်ဟစ်နေစဉ် တလက်လက် တောက်ပလျက်ရှိ၏။ ထို့နောက် ပုံရိပ်များက ဆဋ္ဌမမိစ္ဆာချုပ်နှောင်သူကို ‌တွေဝေငေးကြောင်စွာ လှမ်းကြည့်ပြီး ဒူးထောက်ကာ ရှိခိုးကြလေသည်။

အစွမ်းထက်သော လူတစ်ပိုင်းမြွေတစ်ပိုင်းကျင့်ကြံသူပင် ထိုသို့လုပ်ရ၏။

မန်ဟိုမှာ ဤအရာအားလုံးကို စောင့်ကြည့်နေစဉ် ဦးရေပြားတို့ ထုံကျင်လာပြီး လျင်မြန်စွာ နောက်ဆက်ဆုတ်သွားသည်။ သို့သော် ဤအခိုက်အတန့်တွင် ဆဋ္ဌမမိစ္ဆာချုပ်နှောင်သူက ခေါင်းကို ဖြေးညှင်းစွာ လှည့်၍ မန်ဟို့ကို ကြည့်၏။

ထိုလူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

မန်ဟိုမှာ သွေးတို့ အေးခဲလာနေသည့်အလား ခံစားလိုက်ရ၏။ သေစေနိုင်သော အန္တရာယ်အာရုံကြီးပေါ်လာ၍ သူသည် တုံ့ခနဲ ရပ်ကာ ဆဋ္ဌမမိစ္ဆာချုပ်နှောင်သူကို ပြန်စိုက်ကြည့်၏။ သူ နောက်ဆက်ဆုတ်လျှင် ထိုလူ သူ့ကို တိုက်ခိုက်လိမ့်မည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။

လောလောဆယ်တွင် ဆဋ္ဌမမိစ္ဆာချုပ်နှောင်သူမှာ တွေးတောရင်း ချီတုံချတုံ ဖြစ်နေပုံရသည်။

အချိန်မှာ နှေးကွေးလာသယောင်ပင်။ ထိုလူ၏ဒဏ်ရာမှ ပို၍များပြားသော အနက်ရောင်မြွေများ ‌တလျှောလျှော ထွက်လာပြီး သူ့ပတ်ပတ်လည် တွန့်လိမ်ကောက်ကွေးသွားရင်း လွတ်မြောက်သွားတော့မည့်အလား ထင်ရသည်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ၎င်းတို့လည်း တစ်နေရာတည်းတွင် ပိတ်မိနေပြီး ထွက်သွားမရပုံပင်။

အချိန်အတော်လေးကြာပြီးနောက်မှ ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူက စကားစသည်။

"ပရမတ္တစိတ်ဝိညာဉ်ကို အိပ်ပျော်နေအောင် ထားဖို့ မိစ္ဆာချုပ်နှောင်သူမျိုးဆက်ကို အဆုံးသတ်မလား" သူက ရေရွတ်သည်။ "ဒါမှမဟုတ် .... ကံတရားကို သူ့ဟာနဲ့သူ သွားစေပြီး အဖွဲ့အတွက် မျှော်လင့်ချက်ပေးမလား" သူသည် မန်ဟိုကို အတန်ကြာ လေးလေးနက်နက် စိုက်ကြည့်နေပြီးနောက် မန်ဟိုကိုင်ထားသော ဓားကို ငုံ့ကြည့်၏။

"အဲဒီကိစ္စကို သေချာစဉ်းစားဖို့ ဒီအခွင့်အရေးကို ယူ" သူက နူးညံ့သော အမူအရာဖြင့် အေးအေးဆေးဆေး ပြောသည်။ ထို့နောက် သူသည် ဒဏ်ရာကို လက်ဖြင့် ဖိထားရင်း လှည့်ကာ တရွှီရွှီတွန်နေသော အနက်ရောင်သွေးမြွေများဖြင့် ခြံရံလျက် အဝေးသို့ လျှောက်ထွက်သွား၏။ မြွေများမှာ ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူ၏ ပတ်ဝန်းကျင်မှ ထွက်ပြေးချင်သော်လည်း မလုပ်နိုင်သည့်အတွက် သူနောက်သို့ ဆွဲခေါ်ခံနေကြရသယောင်ပင်။

ရှင်ခြင်းသေခြင်းမန္တန်စက်ကွင်းမိသွားသော ပတ်ဝန်းကျင်ရှိ ကျန်ပုံရိပ်များမှာမူ အသိစိတ်ကင်းမဲ့သွားကြဟန်တူပြီး ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူနောက်သို့ တရွေ့ရွေ့ လိုက်သွားကြသည်။

"စီနီယာ" မန်ဟိုက ရုတ်တရက် လှမ်းခေါ်သည်။ "စီနီယာ ဘာဖြစ်သွားတာလဲ ။ ဘယ်ကို သွားနေတာလဲ"

"ငါက တတိယမြောက် တောင်ပင်လယ်ပြစ်ဒဏ်မှာ ရှုံးနိမ့်သွားခဲ့တယ်...." ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူ၏အသံသည် ရှေးဆန်ပြီး ဌာန်ကရိုဏ်းကျ၏။ "ငါ့အတွက် နောက်ဆုံးအနားယူရာနေရာ သွားရှာမလို့ .... မင်းကတော့ ... မင်းလည်း နောင်တစ်ချိန်ကျရင် တောင်ပင်လယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရလိမ့်မယ်။ မင်းရှုံးနိမ့်သွားခဲ့ရင် ငါတို့တွေ မင်းကို နောက်ဆုံးအနားယူရာနေရာကို သွားတဲ့ လမ်းပေါ်မှာ စောင့်နေမယ်

"မိစ္ဆာချုပ်နှောင်သူ။ အဖွဲ့။ ငါတို့ဟာ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ အစွမ်းထက်ဆုံးတွေပဲ။ ပူဆွေးသောကဝေဒနာတွေ.... အခံစားရဆုံးလည်း ဖြစ်တယ်

"လမ်းက ကြမ်းပြီး ခလုတ်ကန်သင်းပေါလို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ...."

မန်ဟိုက ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူ အဝေးသို့ လွင့်မျောသွားသည်ကို ကြည့်နေ၏။

"ရှုံးနိမ့်သွားတယ်တဲ့လား" သူက အထိတ်တလန့်ကြည့်ရင်း ပြောသည်။ ထို့နောက် သူသည် ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထားသည့် အဋ္ဌမမျိုးဆက်မိစ္ဆာချုပ်နှောင်သူပြောသွားခဲ့သော စကားလုံးများကို ရုတ်တရက် ပြန်တွေးမိလိုက်၏။ ထိုလူလည်း တောင်ပင်လယ်ပြစ်ဒဏ်အကြောင်း ပြောသွားခဲ့လေသည်။

"တောင်ပင်လယ်ပြစ်ဒဏ်က ဘာလဲ" မန်ဟိုက အလောတကြီး မေးလိုက်သည်။ သူသည် ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူကို ကြည့်နေစဉ် တစ်နေ့တွင် သူလည်း ထိုသို့အဆုံးသတ်သွားလိမ့်မည်ဟု အာရုံရနေတော့သည်။

"ရှေးဟောင်းတာအို၊ မိုးကောင်းကင်ကို ချုပ်နှောင်လိုသော ဇွဲဆန္ဒ။ တောင်အားလုံးအတွက် ကျေးဇူး‌တော်။ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏ ရှောင်လွှဲမရသော ပြစ်ဒဏ်။ ထာရတည်မြဲသော စိတ်ဆန္ဒ

"ရှေးဟောင်းတာအို၊ အသင်္ချေသော မိစ္ဆာတွေကို လေ့လာလော့၊ အင်မော်တယ်လမ်းစဥ်မဟုတ်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းလော့။ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်လော့။ ငါ့ရဲ့တာအိုဟာ ထာဝရတည်ရှိတယ်။ ရုပ်နာမ်တွေဟာ အလွဲလွဲအမှားမှားတွေဖြစ်နေပေမယ့် ငါ့ရဲ့တာအိုကတော့ စစ်မှန်တယ်။ ထာဝရတည်မြဲမယ့် ငါ့ရဲ့စိတ်ဆန္ဒအလိုတော်”

ထိုအပိုဒ်နှစ်ပိုဒ်။

မန်ဟို့စိတ်နှလုံး တုန်ရီသွားသည်။ ထိုစကားလုံးများကိုပင် အဋ္ဌမမျိုးဆက်မိစ္ဆာချုပ်နှောင်သူမှ ရွတ်သွားခဲ့၏။

"အောင်မြင်ရင် ဘာဖြစ်မှာလဲ" မန်ဟိုက မေးသည်။ ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူမှာ အတော်လေး ဝေးဝေးသို့ ရောက်နေခဲ့ပြီဖြစ်သော်လည်း အတန်ကြာသော် သူ၏အသံက မန်ဟို့နားထဲတွင် တိုးညှင်းစွာ ပဲ့တင်ထပ်လာသည်။

"အတွေးလေးတစ်ချက်နဲ့ တောင်ကိုးလုံးဖြစ်တည်လာ။ အတွေးလေးတစ်ချက်နဲ့ ပင်လယ်ကိုးစင်းပေါ်ပေါက်လာ။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်း၊ အဆီအနှစ်သို့ ပြန်သွားလေ"

မန်ဟို၏မျက်နှာဖြူဆုပ်သွားသည်။ ပြိုင်ကွင်းမှ ထွက်ခွာလာခဲ့ကတည်းက သူ မြင်ခဲ့သမျှအားလုံးမှာ အိပ်မက်တစ်ခုလို ဖြစ်ခဲ့သည်။ ခေါင်းတစ်ပိုင်းပြတ်လူမှာလည်း တကယ်တမ်း .... ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူဖြစ်နေ၏။

"‌ဒါတွေအားလုံးက သူ ပြစ်ဒဏ်ကို ကျော်လွှားဖို့ ရှုံးနိမ့်ခဲ့လို့ ဖြစ်ခဲ့တာဆိုရင် ... သူ့ခန္ဓာကိုယ်မှာ ဘယ်လိုကြောက်စရာကောင်းတဲ့အရာကြီး ဖြစ်သွားတာလဲ။ ပြီးတော့ အဲဒီသွေးမြွေတွေကရော ဘာလဲ

"အတွေးလေးတစ်ချက်နဲ့ တောင်ကိုးလုံးဖြစ်တည်လာ။ အတွေးလေးတစ်ချက်နဲ့ ပင်လယ်ကိုးစင်းပေါ်ပေါက်လာ။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်း၊ အဆီအနှစ်သို့ ပြန်သွားလေ။ အဲ့ဒါက ဘာကို ဆိုလိုတာလဲ

"တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်း။ အဆီအနှစ် ... မိစ္ဆာချုပ်နှောင်သူအဖွဲ့..." မန်ဟိုမှာ ယခုတွင် အသက်ပင်ကောင်းကောင်း မရှူနိုင်တော့ပေ။

"ပြီးတော့ ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူက ဘယ်လိုလုပ်ပြီး အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို အသုံးပြုနိုင်တာလဲ"

အချိန်အတန်ကြာသော် သူသည် တိတ်ဆိတ်လာပြီးနောက် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် ဆဋ္ဌမ‌‌မျိုးဆက်မိစ္ဆာချုပ်နှောင်သူ သူ့ကို ခေါ်လာခဲ့သော လမ်းကို ပြန်တွေးရင်း ဂရုတစိုက် လျှောက်သွားသည်။

ဤနေရာတွင် ပုန်းအောင်းနေသော အန္တရာယ်များစွာရှိပြီး အတော်များများက သူ့အား သေသွားစေနိုင်သည်။ သူလုပ်နိုင်သမျှမှာ တတ်နိုင်သမျှ သတိထားရုံသာ ရှိ၏။

**

ပြိုင်ကွင်းတိုက်ပွဲများ ပြီးဆုံးသွားလေပြီ။ လင်းယွီကျစ်၏ မျက်နှာပေါ်၌ နာကျင်နေသော အမူအရာတစ်ခုအား မြင်ရနိုင်၏။ သူသည် မန်ဟို့ကို အလွန်အမင်း အရေးထားသည့်အပြင် ဖုန်းရွှေသံမြှောင်အား ပေးခဲ့စဉ်တုန်းက မန်ဟို့၏ တည်ကြည်သော မျက်နှာအမူအရာကို ယခုအထက်ထိ မေ့မရသေးပေ။

သူက အခြားတာအိုဆရာအစည်းအရုံးများမှ အဘိုးကြီးနှစ်ဦးနှင့်အတူ ထွက်ခွာလာ၏။ သူတို့သည် ကျင့်ကြံသူများအား ပြိုင်ကွင်းများ၊ တာအိုသစ်ပင်၊ နတ်မင်းအလောင်းနှင့် အင်မော်တယ်အပျက်အစီးများနယ်‌ပယ်မှ ခေါ်ထုတ်သွားလေသည်။ သူတို့ကား ကြယ်တာရာကောင်းကင်သို့ ပြန်ရောက်ရှိသွားကြ၏။

အချို့လူများက အိမ်ပြန်လိုက်ကြပြီး အချို့မှာမူ ဂိုဏ်းများမှ ဂိုဏ်းသားအဖြစ် ခေါ်ယူခြင်း ခံခဲ့ရသည်။ တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲနှင့် ပြိုင်ကွင်းတိုက်ပွဲများမှာ တရား၀င် ပြီးဆုံးသွားလေပြီ။

ကျောက်ရီဖန်းမှာ မြင့်‌မြတ်သောရေစီးဓားဂူသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံသွားရ၏။ သတိပြန်ရလာပြီး ဖြစ်ပျက်သွားခဲ့သော အရာကို ကြားလျှင် သူသည် လက်သီးဆုပ်၍ မြေကြီးကို ထိုးချလိုက်၏။ သွေးများ သူ့လက်သီးမှ ပန်းထွက်လာပြီး ပြင်းထန်သော နောင်တနှင့်အတူ ခိုင်မာပြတ်သားမှုအား သူ၏ မျက်လုံးတွင် မြင်ရနိုင်သည်။

အဆုံးသတ်တွင် ချန်ဖန်းသည် မြင့်မြတ်သော ရေစီးဓားဂူ၏ ဂိုဏ်သားတစ်ယောက်အဖြစ် ရွေးချယ်ခံရ၏။

ဖက်တီးက ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်သို့ သွားသည်။ သူ့ဆရာ သူ့ကို တောင်ကောင်းကင်ဂြိုလ်သို့ ပြန်လိုက်ပို့ပြီး သူ၏ ချစ်လှစွာ‌သော ကိုယ်လုပ်တော် တစ်ရာကျော်အား မြင်သောအခါ ထိတ်လန့်သွားပြီး အကြာကြီး ဆွံ့အသွား၏။

လီရှိချီက သွေးသစ်ခွဘုရားကျောင်းသို့ ၀င်ရောက်သည်။ သူမ၏ သွေးသစ်ခွနှင့် ပေါင်းစည်းခြင်းအတွေ့အကြုံကို ထည့်တွက်လျှင် သူမသည် ချက်ချင်း သန့်စင်သမီးတော်အလောင်းအလျာအဖြစ် တင်မြှောက်ခံရ၏။

ဝမ်ယိုချိုင်၏ အနိုင်မခံအရှုံးမပေးသော အတွေ့အကြုံ၊ မိမိ၏ မျက်စိနှစ်လုံးကိုပင် ဖျက်ဆီးပစ်ကာ အမြင်ကွယ်သည်အထိ ရဲတင်းခဲ့သော ရူးမိုက်မှုက သူ့ကို လဆည်းဆာကန်၏ တာအိုနှင့် ပြီးပြည့်စုံစွာ ကိုက်ညီစေခဲ့သည်။

လကွယ်လျှင် ကောင်းကင်နှင့်မြေကြီး၌ မည်သည့်‌အလင်းရောင်မှ မရှိပေ။ အလင်းရောင် ထွက်ပေါ်မလာစဉ် လမရှိပါက အရာအားလုံးသည် အမှောင်ဖုံးနေ‌မည်သာ ဖြစ်၏။

ဤလေးယောက်အပြင် နတ်မီးလျှံစမ်းသပ်ပွဲတွင် ၀င်ရောက်ပြီး အသေးစားဂိုဏ်းသားများအဖြစ် ရွေးချယ်ခံခဲ့ရသော တောင်ကောင်းကင်ဂြိုလ်မှ ကျင့်ကြံသူများလည်း ရှိသည်။ တခြားသူများက စိတ်ပျက်လက်ပျက်နှင့် အိမ်ပြန်လာခဲ့ကြ၏။

အချိန်များ ကုန်လွန်သွားပြီး တစ်လကြာသွား၏။ ထိုလအတွင်း ဖန်မုဆိုသော နာမည်သည် န၀မတောင်နှင့် ပင်လယ်တစ်ခွင် ပြဲပြဲစင်အောင် ထင်ရှားကျော်ကြားလျက်ရှိ၏။ ဝဲမှန်သားပြင်များကို ကြည့်ရှုမနေခဲ့သောသူများပင် ဇာတ်လမ်းများကို ကြားကြရလေသည်။

သူသည် အင်မော်တယ်မဟုတ်သည့်အတိုင် အဆင့်(၄) အင်မော်တယ်တမျှ အစွမ်းထက်၏။

သူကား နတ်မီးလျှံစမ်းသပ်ပွဲတွင် ပထမနေရာရခဲ့သည့်အပြင် ပြိုင်ကွင်းတိုက်ပွဲများတွင်လည်း ပထမရခဲ့သည်။ ဖြစ်ပျက်သွားခဲ့သည့် အရာအားလုံးသည် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာ၏။ အထူးသဖြင့် သူကား အင်မော်တယ်အပျက်အစီးများနယ်ပယ်အတွင်း၌ ပျောက်ကွယ်သွားသည့်အတွက်ကြောင့်ပင်။ ဒဏ္ဍာရီသည် နေရာအနှံ့သို့ ပျံ့နှံ့လာခဲ့၏။

ထိုစဉ် မန်ဟိုက အင်မော်တယ်အပျက်အစီးများနယ်တွင် မျက်နှာဖြူဖတ်ဖြူလျော်နှင့် လမ်းလျှောက်နေသည်။ သူသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသော်လည်း သိပ်အဝေးလံလံသို့ မဖြန့်ကျက်ရဲပေ။ ပြီးခဲ့သည့်လအတွင်း သူ့မှာ အန္တရာယ်များသော အခြေအနေများစွာ ကြုံတွေ့ခဲ့ရသည်။ အခါသမယသုံးခုတွင်ဆိုလျှင် သူ့မှာ သေလုမြောပါး ဖြစ်ခဲ့ရလေသည်။

တစ်ကြိမ်ထက်ပိုပြီး သူသည် မျောနေသော ခေါင်းပြတ်အစုအဝေးကြီးများကို မြင်ခဲ့ရ၏။ ခေါင်းတစ်ခေါင်းစီသည် ဂြိုလ်တစ်ဂြိုလ်တမျှ ကြီးမားရာ မန်ဟို့ကို ရင်သပ်ရှုမော၍  ချာချာလည်သွားစေသည်။

မရေမတွက်‌နိုင်သော အလောင်းများအပြည့်ဖြင့် ရှေးဟောင်းစစ်မြေပြင်တစ်ခုကိုလည်း မြင်ရ၏။ ပြန့်ကျဲနေသော အလောင်းများအကြားတွင် အသားစိုင်များကို စားသုံးရင်း လျှောက်သွားနေသူများ ရှိသည်။ စစ်ပွဲမည်သည့်အချိန်က ဖြစ်ပွားခဲ့သည်လည်း မသေချာသော်လည်း အလောင်းများ၏ အသားများကား ဘယ်တော့မှ ပုပ်သိုးမသွားမည့်အလား ရှိမြဲရှိနေဆဲပင်။

သူသည် ချုံနွယ်ပိတ်ပေါင်းထူထပ်‌နေသော ဧရာမဆေးပင်ဥယျာဉ်ကြီးကို မြင်ခဲ့ရ၏။ သို့သော်လည်း ပေါင်းပင်များအကြားတွင် ဒဏ္ဍာရီလာ ဆေးပင်များကို မြင်လိုက်ရရာ သူ့မှာ အသက်ရှူမှားသွားတော့သည်။

၎င်းတို့သည် သူ ဇီယွင်ဂိုဏ်းတွင် ဆေးဝါးတာအို ကျင့်ကြံခဲ့စဉ်တုန်းက ဆေးလုံးမိစ္ဆာ ပြောခဲ့သော မျိုးတုန်းပြီးအပင်များ ဖြစ်သည်။ သို့သော်လည်း ထိုဆေးဥယျာဉ်ထဲ၌ ဒဏ္ဍာရီလာဆေးပင် မျိုးကွဲတစ်ရာကျော်ကို မန်ဟို မြင်နေရ၏။

ထိုနေရာတွင် အထူးသဖြင့် မျက်စိဖမ်းစားနေသော အရာကား အင်မော်တယ်လမ်းပြနွယ်ပင်တစ်ပင်,ပင်။

တစ်ခုတည်းသော ပြဿနာမှာ ပတ်၀န်းကျင်တွင် အနက်ရောင်နွားချေးပိုးကောင်များ ပြွတ်ခဲနေခြင်းကြောင့်ပင်။ သူ အနားသို့ ကပ်သွားလျှင် ၎င်းတို့က အုပ်လိုက်ကြီး ပျံတက်လာရာ သူ့မှာ အဝေးသို့ ထွက်ပြေးရသည်။ နည်းနည်းလေး နောက်ကျသွားပါက သေချာပေါက် သေရမည်ဖြစ်၏။

သူသည် ဂြိုလ်ကြီးတစ်လုံးမျှ ကြီးမားသော်လည်း နွယ်နှာမောင်းများဖုံးနေသော အရာတစ်ခုကိုလည်း မြင်ခဲ့ရ၏။ ၎င်းကို အဝေးမှ ကြည့်ရုံလေးကပင် ခေါင်းနပန်းကြီးစေသည့်အတွက် သူ့မှာ ချက်ချင်း ထွက်ပြေးခဲ့ရလေသည်။ ‌

တစ်နေရာတွင် ဂလက်ဆီကြီးတစ်ခုတမျှ ကြီးမားသော ဧရာမညာလက်ကြီးတစ်ဖက်ကို မြင်ခဲ့ရသည်။

ဤအရာများအပြင် အင်မော်တယ်အပျက်အစီးများနယ်တွင် ဟိုဟိုသည်သည် မျောနေသော အလောင်းများလည်း ရှိသည်။ အဆောက်အအုံပျက်များ၊ ကျယ်ပြောသော မြေပြင်များ၊ သားရဲရိုင်းကြီးများပင်လျှင် လေကို ခွင်း၍ သွားနေကြသည်။

ဤကြီးမားကျယ်ပြောပြီး လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်အပျက်အစီးနယ်နှင့် နှိုင်းယှဉ်လိုက်လျှင် မန်ဟိုမှာ အလွန့်အလွန်သေးငယ်လှ၏။ မြင်ခဲ့ရသမျှ အံ့ဖွယ်အရာများနှင့် နှိုင်းယှဉ်လျှင် သူကား ဘာဆိုဘာမျှ မဟုတ်ပေ။

ထိုလအတွင်း သူ၏ အသက်စွမ်းအားတချို့မှာ ကုန်ခမ်းသွား၏။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံသည် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာရာ သူ့မှာ ယုံကြည်ချက်အနည်းငယ် ရှိလာလေသည်။ အရေးကြီးဆုံးကား ဆဋ္ဌမမျိုးနွယ် မိစ္ဆာချုပ်နှောင်သူ၏ ဓားတွင် ထူးဆန်းသော စွမ်းအားတစ်ခု ပါ၀င်နေခြင်းပင်။ သူ အန္တရာယ်ကြုံသည့်အတိုင်း ဓားက ထူးဆန်းသောအလင်းရောင်ကို ထုတ်လွှတ်ပေးတတ်ရာ ၎င်းက သူ ယခုထက်ထိ အသက်ရှင်နေသေးသည့် တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်သည်။

ဓား၏ မျက်နှာပြင်ကို ထိလျှင် ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ခံစားရနိုင်၏။ သို့သော်လည်း ဤမန္တန်မှာ ခက်ခဲလှသဖြင့် ပြီးခဲ့သည့်လအတွင်း သူ့မှာ ဉာဏ်အလင်းရှာ၍ မရခဲ့ပေ။

တစ်လတာ လျှောက်နေပြီးနောက်တွင် သူသည် ပရမတ္တနတ်မင်း၏ အလောင်းကို ရှာမတွေ့သလို ၊ တာအိုသစ်ပင်ကိုလည်း အရိပ်အယောင်ပင် မမြင်ရပေ။ သူ့အတွက် အိမ်ပြန်လမ်းဆို၍ ထိုအလောင်းနှင့် ထိုသစ်ပင်သာ ရှိသည်။

တစ်နေ့တွင် သူသည် လေတွင် မျောနေသော ကျင့်ကြံခြင်းဂူတစ်ဂူကို မြင်လိုက်ရ၏။ ၎င်းသည် နေရာရွေ့ပြောင်းခြင်းစက်၀န်း၏ အလယ်တွင် ဖြစ်သည့်အလား ရံဖန်ရံခါ ထိုနေရာတွင် ရှိနေတတ်သလို၊ ရံဖန်ရံခါ ရှိမနေတတ်ပြန်ပေ။

၎င်းမှာ အထဲတွင် မရေမတွက်နေသော တိုက်ပွဲများ တိုက်ခိုက်ခံခဲ့ရသည့်အလား အက်ရာများ ပြည့်နေသည်။ မန်ဟိုသည် အက်ရာများကို မြင်သောအခါ ၎င်းတို့အတွင်းတွင် အံ့ဖွယ်နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများ ရှိနေသည့်အလား ချာချာလည် မူးဝေသွားရ၏။

ထိုကျင့်ကြံခြင်းဂူကို သူ မြင်လိုက်သည်နှင့် ၎င်း၏ တံခါးကား အသံမထွက်ဘဲ ပွင့်သွားပြီး ၀တ်ရုံဖြူနှင့် အမျိုးသမီးတစ်ယောက် ထိုနေရာတွင် ထိုင်နေသည်ကို မြင်ရနိုင်၏။ ထိုအခိုက်အတန့်တွင် တစ်ယောက်တည်းထိုင်နေသော ထိုအမျိုးသမီးမှ လွဲ၍ အရာအားလုံး ပျောက်ကွယ်သွားသယောင်ပင်။

သူမ၏ အဝေးသို့ လှမ်းကြည့်နေသော အကြည့်မှာ တည်ငြိမ်အေးဆေးနေပုံရ‌သော်လည်း အဆုံးမရှိသော အထီးကျန်မှုတို့ဖြင့် ပြည့်နှက်နေပုံပေါ်သည်။

သူမက သက်ရှိသတ္တဝါအားလုံး၏ ကိုးကွယ်ရာ ခံထိုက်ပြီး အင်မော်တယ်အပျက်အစီးများနယ်တစ်ခုလုံးအား ကိုင်လှုပ်ပစ်နိုင်သော လူစားမျိုးဖြစ်ဟန်တူသည်။ သူမသည် တာအိုသစ်ပင်မှ ပဲ့တင်ထပ်လာသော အ‌ဆွေးသီချင်းသာလျှင် ရှင်းပြနိုင်ပုံရသော တစ်စုံတစ်ခု၊ ဘယ်တော့မှ ပြန်မရနိုင်သော တစ်စုံတစ်ခုနှင့် ပက်သက်၍ နစ်မျောနေသယောင်ပင်။

သူမက တဖြေးဖြေး ခေါင်းမော့လာပြီး သူမအကြည့်သည် မန်ဟို့အပေါ် ကျရောက်လာ၏။

မန်ဟိုမှာ ထိုအမျိုးသမီးသည် ရှေဟောင်းတာအိုသစ်ပင်၏အပြင်တွင် ပေါ်လာခဲ့ပြီး အခြားသောဖြစ်တည်မှုများကို ရှိခိုးဦးခိုက်စေခဲ့သော အမျိုးသမီးဖြစ်ကြောင်း သိလိုက်ရသဖြင့် တုန်ရီသွားလေသည်။

" အခုကစပြီး မင်းက အက်ရှလွန် (၁၃) " သူမက တစ်လုံးချင်းပြောသည်။ သူမ၏ အသံကား ရှေးခေတ်မှ ဟိန်းထွက်လာသည့်အလား ပဲ့တင်ထပ်လာသည်။

***

All Chapters