← Chapters

ကျားပါးစပ်မှ အစာကို လုယူခြင်း

Vol. 63 Ch. 883

ကျားပါးစပ်မှ အစာကို လုယူခြင်း

Vol. 63 Ch. 883

"အက်ရှလွန် (၁၃)" မန်ဟိုက အမျိုးသမီးကို ကြောင်တောင်တောင်ကြည့်ရင်း ပြောသည်။ သူမ ဘာပြောနေသလဲ သူ မသိပေ။

အမျိုးသမီးက စစချင်း တုံ့ပြန်ခြင်းမရှိ။ သူမသည် တစ်ချိန်တုန်းက ကြုံတွေ့ခဲ့ရသော တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား အတိတ်ကို ပြန်ပြောင်းတွေးနေသော အမူအရာဖြင့် မန်ဟို့ကို ကြည့်ရုံသာကြည့်နေသည်။ အတန်ကြာသော် သူမ၏အေးတိအေးစက် အသံသည် ထပ်မံ၍ ပဲ့တင်ထပ်လာ၏။

"တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းမှာ ကိုးယောက်အတွက်ပဲ နေရာရှိတယ်။ အစီအစဉ် မဆောင်ရွက်နိုင်ခင် အချိန်နှစ်တစ်ထောင်ရတယ်။ ရှေးဟောင်းနယ်ပယ်ကို ပထမဆုံး ဝင်ရောက်နိုင်တဲ့သူ ကိုးယောက်ဟာ ခရီးဆက်သွားနိုင်တယ်

"မင်းအရှေ့မှာ အောင်မြင်သွားတဲ့သူ ခုနစ်ယောက်ရှိခဲ့ပြီးပြီ

"နဝမတောင်နဲ့ပင်လယ်က ‌အတော်လေး နောက်တောင်ကျကျန်ခဲ့ပြီ" ထိုသို့ပြောပြီး သူမသည် မန်ဟို့ကို လက်ညှိုးထိုးလိုက်၏။ စည်းသင်္ကေတတစ်ခု ပျံထွက်လာပြီး သူ့နဖူးအပေါ် ကျလာစဉ် မန်ဟိုမှာ ခုခံနိုင်စွမ်းမရှိပေ။

စည်းသင်္ကေတသည် ‌‌မှိန်ပျပျ တောက်ပလာပြီး ပျောက်ကွယ်မသွားခင် ဆယ့်သုံးကြိမ် တဖျပ်ဖျပ် လက်သွား၏။

စည်းသင်္ကေတက မန်ဟို့ကို တုန်ခါသွားစေပြီး ရုတ်တရက် သူသည် သူ့ကိုယ်ထဲ၌ နောက်ထပ်ချီစီးကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်ကို ခံစားလိုက်ရ၏။ ချီက သူ့တစ်ကိုယ်လုံး လှည့်ပတ်စီးဆင်းသွားပြီးနောက် ၎င်းကိုယ်၎င်း ဖုံးကွယ်ကာ ပျောက်သွားသည်။

"ဒီစည်းသင်္ကေတက မင်းရဲ့ဝိညာဉ် ဖျက်စီးမခံရအောင် ကာကွယ်ပေးနိုင်ပေမယ့် နှစ်ကြိမ်ထက်မပိုဘူး" အမျိုးသမီး၏ ရေခဲတမျှ အေးစက်သော အသံက ပဲ့တင်ထပ်လာသည်။

"နှစ်ကြိမ်ပြီးရင် မင်းရဲ့ဝိညာဉ်ဟာ အပြီးတိုင် သုတ်သင်ခံရပြီးတော့ မင်းရဲ့အရည်အချင်းတွေ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမဲ့ ထိပ်ဆုံးအဆင့် (၉) ယောက်ထဲ ဝင်သွားရင်တော့ ... မင်းရဲ့ အနာဂတ်အလားအလာက အကန့်အသတ်မဲ့ပဲ

"ဒီအခွင့်အရေးကို ဆုပ်ကိုင်ပါ" စကားပြောပြီးလျှင် ကျင့်ကြံခြင်းဂူ၏တံခါးသည် ပိတ်လာပြီး ကျင့်ကြံခြင်းဂူမှာ ပျောက်ကွယ်တော့မည့်အလား မှေးမှိန်စပြုလာသည်။

"စီနီယာ" သူက ပြန်ဖြေသည်။ "စီနီယာ‌ ပြောတဲ့အခွင့်အရေးနဲ့ ဒီရှေးရှုရမယ့် ခရီးလမ်းမှာ ဘယ်အရာက ဦးတည်ရာများလဲ"

အမျိုးသမီး၏အသံက ကျင့်ကြံခြင်းဂူထဲမှ ပဲ့တင်ထပ်လာသည်။ "တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ အပြင် ၊ အပြင်လောကကိုပဲ။ ရှေးဟောင်းစစ်ပွဲ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းအစစ်အမှန်ကို ရှာဖို့

"တစ်ယောက်သောသူကို နိုးထလာစေချင်တဲ့ တချို့ရှိတယ်" အမျိုးသမီးက ရေရွတ်သည်။ "တစ်ယောက်သောသူကို အသက်ပြန်သွင်းချင်တဲ့ တချို့ရှိတယ်.... အမှားက ငါတို့နဲ့ မတည်ရှိဘူး" သူမကား ပျောက်ကွယ်တော့မည့်သယောင်ပင်။

"စီနီယာ ခဏနေပါဦး" မန်ဟိုက ပြောသည်။ စည်းသင်္ကေတသည် ကောင်းသောအရာမဟုတ်သည့်အပြင် ကံကြမ္မာကောင်းဆိုသောအရာမှာလည်း စကားအရသာ ကံကြမ္မာကောင်းဖြစ်ကြောင်း သူ ခံစားနေရဆဲဖြစ်၏။ လောလောဆယ်တွင် သူ့မှာ အလွန်ကြီးမားသောအန္တရာယ်ကို ခံစားနေရလျက် ကျန်ခဲ့လေသည်။ "ကျုပ် နားမလည်သေးဘူး" သူက ဆက်ပြောသည်။ "ကျုပ်ဝိညာဉ် သုတ်သင်ခံရပြီး ကျုပ်အရည်အချင်းတွေ ပျောက်ကွယ်သွားရင် ကျုပ်ကို သတ်တဲ့သူကရော"

"မင်းကို သတ်တဲ့ ဘယ်သူမဆို စည်းသင်္ကေတကို ရမယ်။ သူတို့ ဒီနေရာ ငါ့ဆီ လာနိုင်ရင် မင်းအရည်အချင်းတွေရဲ့ ဆက်ခံသူ ဖြစ်လာလိမ့်မယ်" ကျင့်ကြံခြင်းဂူမှာ ယခုတွင် ခုနစ်ဆယ်ရာခိုင်နှုန်း ပျောက်ကွယ်နေပြီး အမျိုးသမီး၏အသံမှာ တိုးညှင်းတိမ်ဝင်နေ၏။

မန်ဟို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက ကပျာကယာ ပြောသည်။ "စီနီယာ ... ဟိုလေ... ကျုပ်အဖေနဲ့ အမေက အသက်ကြီးနေပြီ။ ပြီးတော့ အစ်မကြီးလည်း ရှိသေးတယ်။ ကျုပ်ဇနီး ပြန်လာမှာကိုလည်း စောင့်ရဦးမှာ။ ဟိုလေ .... ငြင်းလို့မရဘူးလား။ ကျုပ် ဒီစည်းသင်္ကေတကို တကယ် မလိုချင်လို့ပါ"

"မင်းက ပါရာဂွန်မှော်သိုင်းကို ဉာဏ်အလင်းရခဲ့ပြီး နဝမတောင်နဲ့ပင်လယ်ရဲ့ ပြိုင်ကွင်းတိုက်ပွဲမှာ ပထမနေရာရခဲ့တဲ့အပြင် တာအိုဆရာအစည်းအရုံးတစ်ခုကို ဝင်ခွင့်လည်း ရှိတယ်။ ဒါကြောင့် ... မင်း ငါ့ရဲ့ စည်းသင်္ကေတကို လက်မခံဖို့ ငြင်းလို့မရဘူး။ ခရီးမသွားချင်ဘူးဆိုရင်တော့ မင်း ဝိညာဉ်ကို နှစ်ကြိမ် သုတ်သင်ပေးမယ့်သူ သွားရှာချည်" ကျင့်ကြံခြင်းဂူမှာ လျင်မြန်စွာ ပျောက်ကွယ်လာနေပြီး ဆယ်ရာခိုင်နှုန်းသာ ကျန်တော့လေသည်။

"ခင်ဗျား..." မန်ဟိုမှာ ယခုတွင် အလွန်ဂနာမငြိမ် ဖြစ်နေတော့သည်။ "စီနီယာ၊ ကျုပ် ဒီမှာ ပိတ်မိနေတာ ထွက်လို့မရဘူး။ ကျုပ်က အပ်ရှလွန်ထဲမှာ (၁၃) ယောက်မြောက်ဆိုရင် စီနီယာ ကျုပ်ကို ဒီကနေ ခေါ်သွားပေးလို့မရဘူးလား

"ကျုပ် ဒီကနေ ထွက်မသွားနိုင်ရင် သေသွားနိုင်တယ်ဗျ။ ဆိုတော့ ခင်ဗျား ကျုပ်ကို အပ်ရှလွန်ထဲ ထည့်ပေးတာ အလကားဖြစ်သွားမှာ။ ဒါ့အပြင် ဒီနေရာက ကျုပ်လို လူမျိုးအတွက် အန္တရာယ်များလွန်းတယ်"

ဤအမျိုးသမီး‌ ပြောနေသည့်အရာများကို ဂိုဏ်းအများစု သိမည်မဟုတ်ကြောင်း မန်ဟို သေချာသည်။ သို့သော် တာအိုဆရာအစည်းအရုံးသုံးခုကတော့ မလွဲဧကန် သိလိမ့်မည်။ ထို့အပြင် သူတို့ သူ့အပေါ် မကောင်းသောရည်ရွယ်ချက်များ ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ သူ့အနေဖြင့် အခြားလူတစ်ယောက်၏ အတွေးလေးတစ်ချက်တည်းနှင့် သူ၏ရှင်ခြင်းသေခြင်းအား ဆုံးဖြတ်ပေးနိုင်မည်ကို သဘောမကျပေ။

ကျင့်ကြံခြင်းဂူ၏ ပျောက်ကွယ်ခြင်းမှာ တခဏ ရပ်သွားပြီး အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ‌သလင်းကျောက်ရောင်အလင်းတန်းတစ်တန်းက ထိုးထွက်လာရင်း ကျောက်စိမ်းပြားတစ်ပြားပုံစံဖြင့် မန်ဟို့လက်ပေါ် ဆင်းသက်လာသည်။

"အဲဒီကျောက်စိမ်းပြားက မင်းကို ဒီနေရာရဲ့အပြင်ကို နေရာရွှေ့ပြောင်းပေးလိမ့်မယ်။ တစ်ကြိမ်ပဲ သုံးနိုင်လို့ရတယ်။ မင်း မြင်ယောင်လိုက်တဲ့ ဘယ်နေရာကိုမဆို ခေါ်သွားပေးနိုင်တယ်" သူမ စကားပြောပြီးနောက် ကျင့်ကြံခြင်းဂူသည် အပြီးတိုင် ပျောက်ကွယ်သွား၏။

မန်ဟိုမှာ ကျောက်စိမ်းပြားကို ကိုင်ပြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေသည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်၍ နဖူးကို ထိလိုက်၏။ တခဏကြာသော် သူ၏မျက်လုံးများ တောက်ပလာသည်။

"ဒီအက်ရှလွန်ဆိုတာကြီး ခဏခေါက်ထားလိုက်။ ဒီနေရာကနေ ထွက်သွားနိုင်တာပဲ ကောင်းတယ်ဆိုရမယ်" ကျင့်ကြံခြင်းအခြေခံတစ်ခုတည်းကိုသာ အားကိုးလျှင် ခက်ခဲလွန်းမည်ဖြစ်ကြောင်း မန်ဟို သိသည်။

သူသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ကျောက်စိမ်းပြားကို မြှောက်၍ နေရာရွှေ့ပြောင်းတော့မည့်အချိန် ရုတ်တရက် တွေးလိုက်မိသည်။

"အခု ငါ ကြိုက်တဲ့အချိန် ထွက်သွားနိုင်ပြီဆိုတော့ .... အခု ထွက်သွားလိုက်ရင် ဖြုန်းတီးရာကျလိမ့်မယ်" တခဏ စဉ်းစားပြီးနောက် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်လာပြီး သူက အံတင်းတင်းကြိတ်လိုက်၏။

"ငါ စမ်းကြည့်ရမယ်" သူက တွေးသည်။ ယင်းက မန်ဟို၏ စရိုက်ပင်။ လက်ဗလာနှင့် ထွက်သွားလျှင် အလကားဖြစ်လိမ့်မည်။ ထို့ကြောင့် သူသည် လှည့်၍ ဆေးပင်ဥယျာဉ်သို့ ပြန်လျှောက်သွား၏။

ဆုလာဘ်များကား စွန့်စားမှ ရောက်လာတတ်သည်မဟုတ်ပါလော။

မန်ဟို ထွက်သွားပြီးနောက် စောစောက ပျောက်ကွယ်သွားခဲ့သော ကျင့်ကြံခြင်းဂူက ရုတ်တရက် ပြန်ပေါ်လာသည်။ အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးလည်း ပြန်လာပြီး အတိတ်ကို ပြန်ပြောင်းတွေးတောနေသော မျက်နှာထားဖြင့် မန်ဟို လမ်းလျှောက်သွားနေသည်ကို ကြည့်နေ၏။

"မိစ္ဆာချုပ်နှောင်သူအဖွဲ့..." သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် မြင်ရခဲသော နူးညံ့သိမ်မွေ့မှုက သူမမျက်နှာအပေါ်တွင် ပေါ်လာသည်။

**

မန်ဟိုက အင်မော်တယ်အပျက်အစီးများနယ်ကို ဖြတ်၍ ဂရုတစိုက် သွားနေသည်။ ဤနေရာရှိ နေရာတိုင်းလိုလိုတွင် သူ၏ခန္ဓာကိုယ်ရော၊ ဝိညာဉ်ကိုပါ ဖျက်စီးပစ်နိုင်သည့် ကြောက်မက်ဖွယ်အရာများစွာ ရှိသည်။ သူ မည်မျှသတိထားထား၊ မရှောင်သွားနိုင်သော နေရာများရှိ၏။ မန်ဟိုမှာ ဤလမ်းအား လျှောက်ခဲ့ဖူး၍ ထိုနေရာတစ်နေရာကိုမှ စူးစမ်းဖို့ မကြိုးစားပေ။ ထိုအစား သူသည် ဆေးပင်ဥယျာဉ်၏အပြင်သို့ ရောက်သည့်တိုင်အောင် လဝက်ကြာသည်အထိ ဖြေးဖြေးချင်း ဂရုတစိုက် လျှောက်လာခဲ့သည်။

အဝေးမှကြည့်လျှင် ဆေးပင်ဥယျာဉ်သည် မရေမတွက်နိုင်သော ပေါင်းမြက်ပင်များ ထူပိန်းနေသည့် မြေပြင်ကျယ်ကြီးအလားပင်။ သို့သော် ပေါင်းပင်များ၏အလယ်တွင် အပြင်လောက၌ မျိုးတုံးလုနီးပါးဖြစ်နေသော ဆေးပင်များ၊ နတ်ဆေးပင်များဟု ခေါ်နိုင်သည့် ဆေးပင်များစွာ ဟိုဟိုသည်သည် ပေါက်ရောက်နေ၏။ တချို့နေရာများတွင်ဆိုလျှင် ဒဏ္ဍာရီလာ အထွတ်အမြတ်ဆေးပင်များပင် ရှိသည်။

ပြဿနာက ဘလိတ်ဓားတမျှ ချွန်ထက်သော နှုတ်သီးများဖြင့် ကြောက်စရာနွားချေးပိုးကောင်ကြီးများပင်။ ၎င်းတို့က ဥယျာဉ်တစ်ခုလုံးအပြည့် စိုးမိုးထားပြီး အနီးနားရှိ အရာအားလုံးကို ခြောက်လှန့်နေသည်။

"အဲ့ဒါ ... ဘဝပြန်ဝင်စားခြင်းသစ်ရွက်"

"ဟိုမှာ နေပန်းပွင့်"

"အာဟတ်မြက်ပါလား" မန်ဟိုမှာ မျှော်လင့်ချက်တို့ဖြင့် တုန်ရီနေတော့သည်။ အဝေးမှပင် သူသည် ဤအထွတ်အမြတ်ဆေးပင်သုံးပင်ကို သတိထားမိသွားလေပြီ။ ထိုတစ်ပင်ပင်က အပြင်လောကရှိ မည်သူ့ကိုမဆို ရူးခါသွားစေရန် လုံလောက်၏။

ပို၍ဝေးသောနေရာတွင် ပို၍ပင်ကောင်းသော အထွတ်အမြတ်ဆေးပင်များရှိသော်လည်း မန်ဟိုသည် မိမိကိုယ်ကို မည်သည့်ထိန်းရမည်လဲ သိ၏။ ‌အထဲထိ ဝင်ဖို့ မဖြစ်နိုင်ပေ။ ဘဝပြန်ဝင်စားခြင်းသစ်ရွက်၏ အနီးပတ်ဝန်းကျင်မှာ လောလောဆယ်တွင် အန္တရာယ်ကင်းပုံရသော်လည်း သူ စောစောက ဤနေရာသို့ လာခဲ့စဉ်တုန်းက ခြေတစ်လှမ်းလေး နီးကပ်သွားရုံနှင့် အနက်ရောင်နွားချေးပိုးများ အုပ်လိုက်ပျံတက်လာခဲ့ကြောင်း သတိရလိုက်သည်။

ဘဝပြန်ဝင်စားခြင်းသစ်ရွက်သည် သေးငယ်သောခရမ်းရောင်သစ်ပင်တစ်ပင်မှ လာသည်။ သစ်ရွက်ကိုးရွက်က သစ်ပင်ပေါ်တွင် ပေါက်ပြီး ဆန်းသစ်စလခြမ်းကွေးသဏ္ဌာန်ဆောင်သည်။ တစ်ရွက်စီအပေါ်၌ သူမတူသော မှော်သင်္ကေတများက တလက်လက် တောက်ပလျက်ရှိသည်။ သစ်ပင်ကို ကြည့်လိုက်ရုံနှင့် လူတစ်ယောက်သည် ဘဝပြန်ဝင်စားခြင်းစက်ဝန်းကို ကြည့်နေရသည့်အလား ခံစားရပေမည်။

နေပန်းပွင့်များမှာမူ  ၎င်းတို့သည် မြေ၌ တွားသွားပေါက်ရောက်သည့် နေမင်းသဖွယ် ထွန်းလင်းတောက်ပနေသော လိမ္မော်ရောင်ပန်းပွင့်များဖြစ်သည်။

ထို့နောက် အာဟတ်မြက်။ ဒုဓလီပန်းပွင့်နှင့် ဆင်တူသော သာမန်ပန်းပင်တစ်ပင်ဖြစ်သည်။

မန်ဟိုသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူက ဘယ်လက်ဖြင့် ကျောက်စိမ်းပြားကို ကိုင်ရင်း အံတင်းတင်းကြိတ်ပြီးနောက် သူ၏အရှိန်အဝါကို တဖြေးဖြေး အားနည်းသွားစေသည်။

"ငါ အရင်က ဒီကို လာတုန်းက" သူက တွေးသည်။ "ဆေးပင်ဥယျာဉ်ရဲ့ မီတာသုံးထောင်အတွင်း ဝင်လိုက်တာနဲ့ နွားချေးပိုးထောင်‌ချီ ပေါ်လာတယ်... နွားချေးပိုးတွေ ကြည့်ရတာ အရှိန်အဝါကို ခံစားလွယ်ပုံပဲ..." သူက သူ၏အရှိန်အဝါအား အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက် အသွင်ဆောင်သည်အထိ ဖိနှိပ်လိုက်သဖြင့် ၎င်းမှာ အားနည်းသထက် အားနည်းလာသည်။

"နည်းနည်း ထပ်ပြီး" သူ့မှာ လုံလောက်ကြောင်း မယုံသေးသဖြင့် တွေးလိုက်သည်။ အရှိန်အဝါကို ပို၍ပင် ဖိနှိပ်လိုက်ပြီးနောက်တွင် ၎င်းကား ချီအခြေတည်အဆင့်ဖြစ်သွားလေသည်။ ဤသည်မှာ လောလောဆယ် သူ လုပ်နိုင်‌သော အတိုင်းအတာအကုန်ပင်။

ထို့နောက် အသားဂျယ်လီမှာ အထုတ်ခံလိုက်ရသည်။ ၎င်းက ဗြစ်တီးဗြစ်တောက် ပြော‌ရန်ပြင်လိုက်စဉ် ရုတ်တရက် ဘေးဘီဝဲယာကို ကြည့်ပြီး တုန်ရီစပြုလာသည်။

"သေစမ်း ၊ သေစမ်း။ ခဏလေးပဲ အိပ်ပျော်သွားရုံရှိသေး မင်းက ငါ့ကို ဒီလိုနေရာ ခေါ်... ခေါ်လာတယ်တဲ့လား။ ဘုရား ဘုရား။ ဒီနေရာက အန္တရာယ်များလွန်းတယ်ကွ"

"တိတ်တိတ်နေ" မန်ဟိုက ‌ငေါက်လိုက်သည်။ သူသည် အနက်ရောင်ငှက်မွှေးကို အလျင်အမြန် ထုတ်ပြီး အသားဂျယ်လီကို ပေးကာ နည်းနည်းပါးပါး ညွှန်ကြားလိုက်သည်။ သူ့အစီအစဉ်ကို ကြားလျှင် အသားဂျယ်လီမှာ လန့်သွားပြီး ခေါင်းတွင်တွင်ခါသည်။ သို့သော် မန်ဟို လုံလုံလောက်လောက် ခြိမ်းခြောက်ပြီးနောက်တွင် အသားဂျယ်လီမှာ မျက်နှာကြီးမှုန်ကုပ်ပြီး သဘောတူလိုက်သည်။

မန်ဟိုက ဆေးပင်ဥယျာဉ်ထဲသို့ ဖြေးဖြေးချင်း တွားသွားသည်။ သူသည် အထွတ်အမြတ်ဆေးပင်များကို မယူနိုင်လျှင် နောင်တများကို မြိုချပြီး နေရာရွှေ့ပြောင်းလိုက်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်၏။ သို့သော် ဤအခိုက်အတန့်တွင် သူကား စောစောက မရေမတွက်နိုင်သော နွားချေးပိုးထိုးများ၏ အာရုံစိုက်ခြင်းခံခဲ့ရသော မီတာ (၃၀၀၀) အမှတ်သို့ ရောက်နေခဲ့လေပြီ။

သူ့ခြေထောက် ထိုအမှတ်ကို ကျော်လိုက်သည့်အခါ သူ၏ နှလုံးသားမှာ ထွက်ကျတော့မတတ် ဒုန်းစိုင်းခုန်နေသည်။ သူက နွားချေးပိုးထိုးများ ပေါ်လာမည်ကို သတိရှိရှိ စောင့်ရင်း အရှေ့တည့်တည့်သို့ ကြည့်နေသည့်တိုင် တစ်ကောင်မှ ပေါ်မလာခဲ့ပေ။

"အလုပ်ဖြစ်တယ်" သူက နှုတ်ခမ်းပါးနားသပ်ရင်း မီတာ (၁၅၀၀) အမှတ်အထိ ဆက်လျှောက်လာသည်။ ရုတ်တရက် အနက်ရောင်နွားချေးပိုးထိုးဒါဇင်ချီ ပေါင်းပင်များထဲမှ ပျံတက်လာသည်။ မန်ဟို မျက်နှာပျက်သွားပြီး ကျောက်စိမ်းပြားအား တင်းတင်းကြပ်ကြပ် ကိုင်လိုက်သည်။ သို့သော် သူသည် အံတင်းတင်းကြိတ်ရင်း တုတ်တုတ်မှ မလှုပ်ဘဲ နေနေ၏။

အနက်ရောင်နွားချေးပိုးကောင်များက ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်ရင်း ဟိုဟိုသည်သည် ပျံသန်းနေသည်။ သို့သော် မည်သည့်အရာကိုမှ မတွေ့သည့်နောက် ၎င်းတို့က မြေကြီးပေါ် ပျံဆင်းသွားကြသည်။

ဘူးသီးလောက် ချွေးပေါက်များ မန်ဟို့မျက်နှာပေါ်မှ ကျလာသည်။ ဤအကွာအဝေးတွင် အနက်ရောင်နွားချေးပိုးများ တိုက်ခိုက်ပါက ဒုက္ခအကြီးအကျယ်ရောက်သွားမည်ဖြစ်ကြောင်း သူ သိလေသည်။

အတန်ကြာသော် သူသည် အံတင်းတင်းကြိတ်၍ ရှေ့ဆက်သွားလိုက်၏။ ယခုတွင် မီတာ (၁၀၀၀) အမှတ်၌ ဖြစ်ပြီး နွားချေးပိုးတစ်ထောင်ကား လေပေါ် တဝီဝီ ပျံတက်လာကြသည်။ မန်ဟိုမှာ ယခင်ထက်ပို၍ပင် စိတ်လှုပ်ရှားလာ၏။

"အနားကပ်သွားဖို့ တစ်ခုတည်းသော နည်းလမ်းက သူတို့ အန္တရာယ်လို့ မခံစားရတော့အထိ ငါ့အရှိန်အဝါကို အားနည်းသွားအောင် ဖိနှိပ်ဖို့ပဲ" တခဏကြာသော် အနက်ရောင်နွားချေးပိုးများအားလုံး မြေကြီးပေါ် ပျံဆင်းသွားကြပြီး မန်ဟိုက ရှေ့ဆက်သွားပြန်သည်။

မီတာ ၆၀၀။ မီတာ ၃၀၀ ။ မီတာ ၁၅၀။

မီတာ ၁၅၀ အမှတ်ကို ကျော်ဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး အရာအားလုံး မှောင်မိုက်သွားသဖြင့် အသက်ပင် မရှူနိုင်တော့ပေ။

သောင်းချီသော နွားချေးပိုးများ ချက်ချင်း လေပေါ် ပျံတက်သွားကြသည်။

ထိုအခိုက်အတန့်တွင် မန်ဟိုက နတ်ဘုရားစိတ်ဆန္ဒကို အလောတကြီး ဖြန့်ကျက်လိုက်သည်။ အဝေးရှိ အသားဂျယ်လီမှာ တုန်ရီနေပြီး ဆဲဆိုနေ၏။ ၎င်းက အံတင်းတင်းကြိတ်ရင်း အနက်ရောင်ငှက်မွှေးကို သုံးကာ အံ့ဖွယ်အရှိန်အဝါတစ်ခုအား ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် မန်ဟို့အရှေ့ရှိ နွားချေးပိုးများ ပွက်လောရိုက်သွားသည်။ အနက်ရောင်နွားချေးပိုးသောင်းချီ ဖွဲ့စည်းထားသော အနက်ရောင်ပြင်ကြီးသည် ကောင်းကင်သို့ ထိုးတက်သွား၏။

နွားချေးပိုးများ ထုတ်လွှတ်လိုက်သော အရှိန်အဝါက မန်ဟို့ကို ပွတ်တိုက်သွားပြီး သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့သော် သူ၏အမူအရာမှာ လုံးဝ သန္နိဌာန်ချထားပြီး စိတ်လှုပ်ရှားနေသယောင်ပင်။ သူသည် လှစ်ခနဲ ဘဝပြန်ဝင်စားခြင်းသစ်ရွက်ထံ ပြေးသွားလိုက်၏။ ထို့နောက် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သစ်ရွက်များသာမက တစ်ပင်လုံးကို ဆွဲနုတ်လိုက်သည်။ ၎င်း၏အမြစ်တွင်ကား အင်မော်တယ်လမ်းပြနွယ်ရှိနေ၏။

***

All Chapters