← Chapters

မိသားစုလေး စုံစုံလင်လင်

Vol. 63 Ch. 884

မိသားစုလေး စုံစုံလင်လင်

Vol. 63 Ch. 884

ခရမ်းရောင်သစ်ပင်လေးမှာ အလွန်မာကြော၏။ မထင်မှတ်ဖွယ်‌ကောင်းစွာနှင့် ၎င်းကား မြေကြီးထဲမှ ထွက်မလာပေ။ မန်ဟို့မျက်လုံးများတွင် ရက်စက်သော အလင်းရောင်တစ်စပေါ်လာပြီး သူက ထုတ်နိုင်သမျှ အားကုန်ထုတ်လိုက်သည်။ အဆင့်  (၄) အင်မော်တယ်တစ်ဦး၏စွမ်းအား ပေါက်ကွဲထွက်လာစဉ် သူသည် သစ်ပင်ကို အားပါပါ ဆွဲနုတ်လိုက်၏။ သစ်ပင်က ဝုန်းခနဲ မြေကြီးမှ ထွက်လာသည်။

"ပွပြီ၊ ငါတော့ အချီကြီးပွပြီ" မန်ဟို၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပလာပြီး သူ၏နှလုံးသားမှာ ပျော်ရွှင်မှုတို့ဖြင့် တဒိန်းဒိန်း ခုန်လာသည်။ သူက လှည့်၍ နေပန်းပွင့်များဆီသို့ ကရောသောပါး ပြေးသည်။ သူသည် မျက်လုံးများ၌ ရူးမိုက်မှုတို့ တောက်လောင်နေလျက် အင်္ကျီလက်စကို ခါကာ အမြစ်မှနှုတ်လိုက်ပြန်၏။

ဤအရာအားလုံးမှာ မီးတစ်ခတ်စာအတွင်း ဖြစ်ပျက်သွားခြင်းပင်။ တစ်ချိန်လုံး အသားဂျယ်လီသည် ဗျစ်တောက်ဗျစ်တောက် ဆဲရေးရင်း ‌ကောင်းကင်မှ ဆုတ်ခွာနေသည်။ ၎င်းမှာ အဆုံးမရှိသော အနက်ရောင်နွားချေးပိုးများကို ကြည့်ရင်း တစ်ကိုယ်လုံး ထုံကျင်လာသည်။ ၎င်း နောက်ဆုတ်လိုက်သဖြင့် အနက်ရောင်ငှက်မွှေးမှ ဖန်တီးထားသော ပုံရိပ်ယောင် ကွာကျသွား၏။

၎င်း၏အရှိန်အဝါ ရုတ်တရက် အားနည်းသွားမှုနှင့်အတူ အောက်ရှိ မန်ဟို၏ အပြုအမူများမှာ အနက်ရောင်‌နွားချေးပိုးများ၏ ချက်ချင်း သတိထားခံလိုက်ရသည်။ ထိုကဲ့သို့ ရန်စမှုမျိုးမှာ ၎င်းတို့ မကြုံတွေ့ခဲ့ဖူးသော အရာဖြစ်သည်။ မည်သူမှ ကျားပါးစပ်ထဲ ဝင်ရဲသည့် သတ္တိမရှိခဲ့ဖူးပေ။

နွားချေးပိုးများက ဆန့်ကျင်ဘက်သို့ ချက်ချင်း လှည့်လိုက်ပြီး မန်ဟိုထံ ထိုးဆင်းလာသဖြင့် တဝီဝီမြည်သံများ ကြားလိုက်ရသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းရင်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာကြ၏။ အသားဂျယ်လီက အံတင်းတင်းကြိတ်လိုက်သည်။ ၎င်းသည် မန်ဟို့အစီအစဉ်အတိုင်း မလုပ်ချင်သော်လည်း ဤနေရာ မည်မျှအန္တရာယ်များသလဲ တွေးပြီး စိတ်ပြောင်းသွား၏။ ၎င်းမှာ သနားစဖွယ် အော်ဟစ်ရင်း အနက်ရောင်ငှက်မွှေးကို အသုံးပြုကာ အနက်ရောင်နွားချေးပိုးကောင်နှင့်တူအောင် လုပ်လိုက်ပြီးနောက် ချီတက်သွားနေသော နွားချေးပိုးတပ်ဖွဲ့ထဲ ဝင်လိုက်သည်။

ထိုကဲ့သို့ အသွင်ပြောင်းခြင်းမျိုးအား အနက်ရောင်နွားချေးပိုးများ၏ သတိထားခြင်းမခံရဘဲ ဆောင်ရွက်ဖို့ လွန်စွာ ခက်ခဲမည်ဖြစ်၍ နွားချေးပိုးတချို့က အသားဂျယ်လီ၏ မူမမှန်သော တည်ရှိမှုကို သိရှိသွားကြသည်။ တချို့က ၎င်းထံသို့ ဝုန်းဒိုင်းကြဲ ချီတက်သွားကြပြီး လောဘတကြီး ကိုက်လိုက်ကြ၏။ အသားဂျယ်လီမှာ နာနာကျင်ကျင် အော်လိုက်သော်လည်း မန်ဟို့ထံသို့ တတ်နိုင်သမျှ မြန်မြန် သွားနေဆဲပင်။

မန်ဟိုက သူ့ဆီ ချဉ်းကပ်လာနေသော အနက်ရောင်နွားချေးပိုးအုပ်ကြီးကို ကြည့်ရင်း မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူသည် ဦးရေပြားတို့ ထုံကျင်နေလျက် ဘယ်လက်ကို ‌ကျောက်စိမ်းပြားအပေါ် ဖိချလိုက်၏။ ဂျိန်းခနဲ ထစ်ချုန်းသံကြီး ကြားလိုက်ရပြီး နေရာရွှေ့ပြောင်းခြင်းအလင်းရောင်ဖြာထွက်လာသည်။

ထိုအခိုက်အတန့်တွင် မန်ဟိုက ကြယ်ခူးသိုင်းဖြင့် အဝေးရှိ အထွတ်အမြတ်ဆေးပင်ကို လှမ်းဆွဲလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဆေးပင်က လေကို ဖြတ်၍ သူ့လက်အပေါ် ဆင်းသက်လာ၏။

တစ်ချိန်တည်းမှာပင် အနက်ရောင်နွားချေးပိုးများက သူ့ထံ ထိုးဆင်းလာကြသည်။ အားလုံးအထဲ အမြန်ဆုံးကတော့ အသားဂျယ်လီပင်။ ၎င်းသည် မန်ဟို့ပတ်ပတ်လည်ရှိ နေရာရွှေ့ပြောင်းခြင်းအလင်း ပို၍အားကောင်းလာသည်ကို မြင်သောအခါ ရူးတော့မလို ဖြစ်သွား၏။ ၎င်းမှာ ဤနေရာတွင် နေခဲ့လိုစိတ် တစ်စက်မှ မရှိပေ။ ထို့ကြောင့် အရှိန်အသားကုန်တင်၍ အသက်ကို ဖက်နှင့်ထုပ်ရင်း မန်ဟို့အဝတ်စကို ပါးစပ်ဖြင့် လှမ်းကိုက်သည်။ မရေမတွက်နိုင်သော အနက်ရောင်နွားချေးပိုးများက မန်ဟို့အပေါ် ခုန်အုပ်လိုက်ကြသော်လည်း ထိုအခိုက်အတန့်တွင် နေရာရွှေ့ပြောင်းခြင်းစွမ်းအားကား အထွတ်အထိပ်သို့ ရောက်သွားပြီး သူ ပျောက်ကွယ်သွားတော့သည်။

ရုတ်တရက် မြေပြင်သည် နေရာရွှေ့ပြောင်းခြင်း၏ လှုံ့ဆော်ခံရမှုကြောင့် တုန်ရီလာ၏။  အနက်ရောင်နွားချေးပိုးသန်းပေါင်းများစွာ လေပေါ် ပျံတက်၍ ကောင်းကင်ကို အုပ်စိုးသွားသဖြင့် အရပ်လေးမျက်နှာတွင် ရှိရှိသမျှအရာအားလုံး မှောင်မည်းလာသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်နွားချေးပိုးများ လေပေါ်ပျံတက်သွားသည့်တိုင် မြေပြင်ကား အရောင်ပြောင်းလဲခြင်းမရှိ။ နက်မှောင်မြဲ နက်မှောင်ဆဲပင်။

မြေကြီးထံမှ ခပ်အုပ်အုပ် ဟိန်း‌ဟောက်သံတစ်သံ ကြားလိုက်ရပြီး အရာအားလုံး တုန်ခါလာသည်။ ရုတ်တရက် မြေပြင်သည် မြေပြင်မဟုတ်ဘဲ တကယ်တမ်း ဧရာမ‌အနက်ရောင်နွားချေးပိုးကောင်ကြီးတစ်ကောင် ဖြစ်နေ၏။

ထိုနှစ်တုန်းက မှီခိုရာဂိုဏ်းချုပ်နည်းတူ ပတ်ဝန်းကျင်ရှိ မြေပြင်မှာ ဧရာမအနက်‌ရောင်နွားချေးပိုကောင်ကြီး၏ကျောပေါ်၌ တည်ရှိနေခြင်းဖြစ်နေသည်။

ကျားပါးစပ်မှ အစာကို လုယူခြင်း

မန်ဟိုသာ နေရာရွှေ့ပြောင်းခြင်းကျောက်စိမ်းပြားကို မပိုင်ဆိုင်ထားခဲ့လျှင်တော့ ရှေးဟောင်းနယ်ပယ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိလျှင်တောင်မှ အသက်နှင့်ခန္ဓာအိုးစားကွဲသွားမည်ဖြစ်သည်။

**

တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ ကြီးမားကျယ်ပြောသော အရှေ့ဘက်နယ်မြေတွင် နှင်းပွင့်ချပ်များသည် လေယူရာ ယိမ်းလျက် ရှိပြီး မြေပြင်ကား ငွေသားအတိပြီးနေ၏။ ဆောင်းရာသီ ဖြစ်ချေသည်။

တစ်ခါက ‌အင်မော်တယ်ရှေးတာအိုဆရာများဘုရားကျောင်း တည်ရှိခဲ့သော တောင်တန်းများတွင် ‌အရောင်အဝါများ တောက်ပလာကာ ဧရာမနေရာရွှေ့ပြောင်းခြင်းမုခ်ဝကြီးတစ်ခု ပေါ်ပေါက်လာသည်။

ဂျိန်းခနဲ အသံကြီး ကြားလိုက်ရပြီး တောက်ပသောအလင်းရောင်က မန်ဟို့ကို ဖော်ပြလိုက်၏။ သူက ပေါ်လာလျှင်ချင်း တဟုန်ထိုး ရှေ့ထွက်လာသည်။ အသားဂျယ်လီကား သူ့အဝတ်စကို ကိုက်ထားဆဲဖြစ်ပြီး သူနှင့်အတူ နေရာရွှေ့ပြောင်းရင်း လိုက်ပါလာခဲ့သော အနက်ရောင်နွားချေးပိုးခုနစ်ကောင်ရှိသည်။

အနက်ရောင်နွားချေးပိုးများက အနက်ရောင်အလင်းတန်းများပမာ မန်ဟို့ထံ ဒေါကြီးမောကြီး ပြေးဝင်လာသည်။

သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီး တောင်ကောင်းကင်ဂြိုဟ်သို့ ပြန်ရောက်နေကြောင်း ခံစားလိုက်ရသဖြင့် ခေါင်းလှန်၍ တဟားဟား အော်ရယ်လိုက်သည်။ သေဘေးမှ ကပ်သီလေးလွတ်လာခြင်းက အလွန်ရင်ဖိုစရာကောင်းလေသည်။ သူက မျက်လုံးများ အေးစက်စွာ တောက်ပလျက် လှည့်လာပြီး အနက်ရောင်နွားချေးပိုးခုနစ်ကောင်ကို မျက်နှာချင်းဆိုင်လိုက်၏။

"ခုနစ်ကောင်တဲ့လား ၊ ပမွှားလေးပဲ" သူက ညာလက်ကို ဆန့်ထုတ်၍ အဆင့် (၄) အင်မော်တယ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်လွှတ်လိုက်သည်။ သူ၏ဓမ္မဆင်းတုက လက်သီးထိုးရင်း ပေါ်လာရာ အနက်ရောင်နွားချေးပိုးခုနစ်ကောင်ထံသို့ လေမုန်တိုင်းအား တိုက်ခတ်သွားစေသည်။

အနက်ရောင်နွားချေးပိုးခုနစ်ကောင်အနက် ငါးကောင်သည် အတုအယောင်အင်မော်တယ်နှင့် တူညီပြီး နှစ်ကောင်က အဆင့် (၂) အင်မော်တယ်အရှိန်အဝါများကို ထုတ်လွှတ်လျက် ပို၍ပင် အစွမ်းထက်သည်။ အင်မော်တယ်အပျက်အစီးများနယ်တွင် နွားချေးပိုးများ အတူတကွ တိုက်ခိုက်ခဲ့စဉ်တုန်းက ၎င်းတို့၏စုပေါင်းစွမ်းအားသည် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်တွင် ဖြစ်ခဲ့၏။ ၎င်းမှာ ခေါင်းမွှေးထောင်စရာအရာပင်။ သို့သော် ယခုတွင် ခုနစ်ကောင်သာရှိ၍ မန်ဟို့လက်သီးချက်စွမ်းအား၏အောက်တွင် လွင့်ထွက်သွားကြလေသည်။ ၎င်းတို့၏ကျောခွံများ ကြေမွသွားပြီး အနီးနားရှိ တောင်တစ်လုံးအား ပြင်းပြင်းထန်ထန် ဝင်တိုက်သွား၏။

ဒဏ်ရာရနေသည့်တိုင် ၎င်းတို့ကား ရက်စက်မြဲရက်စက်နေဆဲပင်။ ၎င်းတို့သည် ကြမ်းကြုတ်သောအငွေ့အသက်များကို ထုတ်လွှတ်ရင်း မန်ဟို့ကို အသေတိုက်ခိုက်ရန် ပြေးဝင်လာပြန်၏။

မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပသွားသည်။

"စောစောက ငါ့တိုက်ကွက်က အကြော (၂၀) ဖွင့်ထားတဲ့ အဆင့် (၂) အင်မော်တယ်တစ်ယောက်ကို သတ်နိုင်တယ်။ ဒါပေမဲ့ ဒီနွားချေးပိုးခုနစ်ကောင်က ကြမ်းကြုတ်မြဲ ကြမ်းကြုတ်နေဆဲပဲ။ သူတို့က အင်မော်တယ်အပျက်အစီးများနယ်ကဆိုတာ ထည့်တွက်ရင် သတ်လိုက်တာက အလကားဖြစ်လိမ့်မယ်" သူသည် လှစ်ခနဲ ရှေ့တက်လာပြီး နွားချေးပိုးခုနစ်ကောင် ချဉ်းကပ်လာသည့်အချိန်တွင် ၎င်းတို့ကို လှမ်းဆွဲ၍ အတင်းအကြပ် ချုပ်နှောင်ကာ သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်သည်။

နွားချေးပိုးခုနစ်ကောင် အသည်းအသန် ရုန်းကန်နေစဉ် ချုပ်နှောင်သင်္ကေတများမှာ ၎င်းတို့၏ခန္ဓာကိုယ်အပေါ်တွင် နေရာယူလာသည်။ ထို့နောက်တွင်ပင် ၎င်းတို့သည် မန်ဟို့အား ရန်သူအဖြစ် မြင်နေကြဆဲဖြစ်ပြီး မလွတ်နိုင်သော်လည်း သူ့အတွက် ၎င်းတို့ကို ထိန်းချုပ်ရခက်ပေမည်။

"အချိန်ရရင် ငါ သူတို့ကို နည်းနည်းပါးပါး သန့်စင်ကြည့်ရမယ်။ ဒါမှမဟုတ် ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို အပြည့်အဝ နားလည်သွားတဲ့အချိန်ကျရင် သူတို့ကို ထိန်းချုပ်နိုင်လောက်တယ်" မန်ဟိုသည် အသက်ပြင်းပြင်း ရှူသွင်းပြီး တောင်တန်းများဆီသို့ ဦးတည်သွား၏။

"နတ်မီးလျှံစမ်းသပ်ပွဲက မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ပြီးဆုံးသွားခဲ့တာဆိုတော့ အဖေနဲ့အမေကို သွားတွေ့ဖို့ လိုတယ်။ မဟုတ်ရင် စိတ်ပူနေကြမှာ" မန်ဟိုက တောင်တန်းများမှ ထွက်၍ ဖန်မျိုးနွယ်စုသို့ ဦးတည်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားလေသည်။

အိမ်အပြန်လမ်းတွင် ‌ကောင်းကင်အပြည့်နေရာယူထားသော နှင်းပွင့်ချပ်များ၊ ဖြတ်သန်းလာခဲ့သော အိမ်များအား တန်ဆာဆင်ထားသည့် ရောင်စုံမီးအိမ်များ၊ တံခွန်ကုက္ကားများကို မန်ဟို မြင်လိုက်ရသည်။ ကလေးငယ်များသည် ပျော်ပျော်ရွှင်ရွှင် ကစားနေကြပြီး နွေးထွေးကြည်နူးဖွယ် ခံစားချက်က လေတွင် ပြည့်နှက်လျက်ရှိ၏။ အလင်းရောင်များက ပြတင်းပေါက်များတွင် လင်းထိန်နေလေသည်။

"နှစ်သစ်ကူးရောက်ပြီလား" မန်ဟိုက လေလယ်တွင် တုံ့ခနဲ ရပ်လိုက်သည်။ ရုတ်တရက် သူ့မိသားစုကို လွမ်းလာ၏။ နှစ်သစ်ကူးပွဲတော်အတောအတွင်း လွမ်းသော ခံစားချက်များမှာ အားကောင်းလာသည်။ သူက ရှေ့ဆက်သွားတော့မည့်အချိန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။

"ဟ နောက်ဆုံးပြိုင်ကွင်းတိုက်ပွဲမှာ ငါ ပထမနေရာရခဲ့တာလေ။ ဘယ်မှာလဲ ငါ့ဆုလာဘ်‌တွေ။ ငါ့အင်မော်တယ်ကျောက်စိမ်းတွေ။ ငါ့အင်မော်တယ်လမ်းပြနွယ်ပင်။ ငါ့ရဲ့ ပါရာဂွန်သွေး" သူ့မှာ ဤအခြင်းအရာကို မှတ်မိလိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

သူသည် အင်မော်တယ်ကျောက်စိမ်းများ၏ တန်ဖိုး၊ အင်မော်တယ်လမ်းပြနွယ်ပင် မည်မျှအဖိုးထိုက်သလဲနှင့် ပါရာဂွန်၏သွေးက အင်မော်တယ်ကျောက်စိမ်း မည်မျှတန်သလဲ တွေးမိသောအခါ မျက်လုံးများ ချက်ချင်း သွေးချင်းနီသွားတော့သည်။ တခဏကြာသော် သူသည် အံတင်းတင်းကြိတ်လိုက်၏။

"မဖြစ်တော့ဘူး။ အဲဒီပစ္စည်းတွေက ငါ့အပိုင်လေ။ မဖြစ်မနေ နဝမပင်လယ်နတ်လောကကို သွားရမယ်။ တာအိုဆရာအစည်းအရုံးသုံးခု ငါ့ကို ပေးရမယ့်ဟာ ပေးတာ ကောင်းမယ်နော်" သို့သော် သူ့မှာ ယခုလတ်တလော ဘာမှမတတ်နိုင်သဖြင့် မချင့်မရဲ သက်ပြင်းချပြီး ဖန်မျိုးနွယ်စုသို့ ဦးတည်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

မီးအိမ်များ၊ ရောင်စုံအောင်လံတော်များဖြင့် တန်ဆာဆင်ထားသော ဖန်မျိုးနွယ်စုခံတပ် အရှေ့တွင်  ပေါ်လာသည်။ နှစ်သစ်ကူး‌၏ ခံစားချက်ကား လေထုထဲတွင် သိပ်သည်းမြူးကြွလျက်ရှိ၏။ ရုတ်တရက်‌ မန်ဟိုသည် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းကား အစစ်အမှန်အင်မော်တယ်မဟုတ်သေးဘဲ အစစ်အမှန်အင်မော်တယ်အရှိန်အဝါ၏ နှစ်ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်နှုန်းအထိ ဖြစ်ကောင်းဖြစ်နိုင်သည်။

တစ်ချိန်တည်းမှာပင် မိန်းကလေးတစ်ဦးပေါ်လာသည်။ သူမသည် ဖန်မျိုးနွယ်စုမှ ပျံထွက်လာပြီး မန်ဟို့ကို ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။

၎င်းကား ဖန်ယုမှတစ်ပါး အခြားမဟုတ်ပေ။

သူမသည် မန်ဟို နတ်မီးလျှံစမ်းသပ်ပွဲတွင် ရှိနေစဉ်တုန်းက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ခြင်းဖြစ်၏။ သူမ၏ကျင့်ကြံခြင်းအခြေခံက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်အထိ တောက်လျှောက် တက်သွားခဲ့လေသည်။ ဖန်ရှုံ့ဖုန်းဆီမှ သင်ကြားပြသမှုအနည်းငယ်ဖြင့် သူမသည် အတုအယောင်အင်မော်တယ်တစ်ဦးထက်ပို၍ အစွမ်းထက်လာခဲ့၏။ သူမလည်း အစစ်အမှန်အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းမည်ဖြစ်သည့်တိုင် အင်မော်တယ်လမ်းပြနွယ်၏အကူအညီကို ယူရပေလိမ့်မည်။

ဖန်ယုသည် မန်ဟို့ကို မြင်လျှင် ပျော်ရွှင်မှုတို့ဖြင့် မျက်နှာလေးဝင်းပသွားသည်။ အချိန်အနည်းငယ်ကြာသော် မန်ဟို့အဖေနှင့်အမေက အပြုံးပန်းများဝေလျက် သူမအနောက်တွင် ပေါ်လာသည်။

တကယ်တော့ ဖန်ရှုံးဖုန်းသည် မန်ဟို တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ပေါ်လာခဲ့ကတည်းက အာရုံရခဲ့ခြင်းဖြစ်၏။ သူက ချစ်မြတ်နိုးခြင်းအား ချုပ်တည်းထားပုံရသော အပြုံးဖြင့် မန်ဟို့ကို ကြည့်နေလေသည်။ မန်ဟို၏အမေမှာတော့ မျက်ရည်လည်ရွှဲလျက်။ ပြီးခဲ့သောလများအတွင်း မန်ဟို ရှင်သလားပင် မသိခဲ့ရသဖြင့် သူမမှာ ဖြေမဆည်နိုင်ဖြစ်နေခဲ့ရလေသည်။

"အဖေ့ အမေ့ ကျွန်တော် ပြန်လာပြီ" မန်ဟိုက ပြုံးရင်း ပြောသည်။ ထို့နောက် သူသည် ဖန်ယုကို ကြည့်ပြီး အရှေ့အောင်ပွဲဂြိုဟ်ပေါ်က အမှတ်တရများကို ပြန်မတွေးမိဘဲ မနေပေ။ သူမတွင် ကြမ်းတမ်းသောစရိုက်ရှိ၍ အငယ်တစ်ယောက်အနေဖြင့် ကြောက်ခဲ့ရသော်လည်း မိသားစုဖြစ်သော နွေးထွေးမှုက သူတို့အကြား အမြဲရှိခဲ့လေသည်။ မန်ဟို ယင်းအား ဘယ်တော့မှ မေ့မရပေ။

"အစ်မ..." သူက ဆုံ့ဆုံ့ဆိုင်းဆိုင်း ပြောလိုက်သည်။ သူ့မှာ အတန်ငယ် အပြစ်ရှိသလို ခံစားရလေသည်။ သူတို့ ပထမဆုံးအကြိမ် တွေ့ခဲ့တုန်းက သူမ မည်သူလဲ မသိခဲ့၍ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်မိခဲ့၏။

"နင့်အသံကလည်း မပြောချင်ပြောချင်သလိုနဲ့" သူမက တောက်ပစွာ ပြုံးရင်း ပြောသည်။ သူမသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး မန်ဟို ပြစ်ဒဏ်အား ကျော်လွှားခဲ့ပြီးကြောင်း သိရသောအခါ အလွန်အမင်း ပျော်ရွှင်ခဲ့၏။ သူတို့နှစ်ယောက် ငယ်ရွယ်စဉ်က သူမမှာ မောင်ဖြစ်သူ ဘယ်တော့မှ ကြီးပြင်းမလာသည်ကို မကြည့်ချင်လည်း ကြည့်နေခဲ့ရသည့်အတွက် ၎င်းက သူမနှလုံးသားကို နာကျင်စေခဲ့လေသည်။ ၎င်းက သူမ အမြဲအမှတ်ရနေမည့် ခံစားချက်ဖြစ်သည်။

မောင်လေးအတွက် ဝေဒနာက သူမအတွက်လည်း ဝေဒနာပင်။ သူမ၏မချင့်မရဲဖြစ်မှုတို့က သူမအား စိတ်ဆင်းရဲစေခဲ့သည်။ သူ သူတို့အမေ၏လက်ထဲတွင် လဲလျောင်းရင်း ခုနစ်နှစ်အရွယ်မှ မွေးကင်းစအရွယ်သို့ ဆုတ်ယုတ်သွားနေပုံကို ကြည့်နေခဲ့ရခြင်းအား သူမ ဘယ်တော့မှ မေ့ရမည်မဟုတ်ပေ။ ဖန်ယုမှာ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ၊ ပါးပြင်တစ်လျှောက် မျက်ရည်များ စီးကျနေလျက် ကြည့်နေခဲ့ရလေသည်။

သူမသည် မောင်ဖြစ်သူ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာနိုင်သရွေ့ မည်သည့်အရာကိုမဆို လုပ်မည်ဖြစ်၏။ သူတို့နှစ်ယောက်လုံး ငယ်ငယ်တုန်းက သူမသည် သူ့အရှေ့တွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မားမားမတ်မတ် ရပ်ကာ သူ့ကို အနိုင်ကျင့်သည့် မျိုးနွယ်ဝင်တိုင်းအား သူမ၏ကြမ်းတမ်းသောစရိုက်အား ပြသခဲ့၏။

တောင်ပိုင်းဒေသရှိ ပြန်လည်မွေးဖွားခြင်းဂူ၏အပြင်တွင် သူတို့ ပထမဆုံး ဆုံကြစဉ်က သူမသည် သူနှင့်ပတ်သက်ပြီး ရင်းနှီးသော ခံစားချက်အား ချက်ချင်း ရခဲ့၏။ ထို့နောက် သူ့လက်ပေါ်ရှိ အမှတ်ကို ‌မြင်သောအခါ ကြမ်းတမ်းသော စရိုက်ရှိသော်ငြား စိတ်ထဲတွင် တုန်လှုပ်သွားခဲ့ပြီး မငိုမိအောင် မထိန်းနိုင်လုနီးပါး ဖြစ်ခဲ့၏။

ထိုအခိုက်အတန့်တုန်းက သူမသည် သူမမိဘများ သည်းခံခဲ့သော ဆင်းရဲဒုက္ခများကို ပြန်တွေးပြီး မန်ဟို သူမနှင့်ပတ်သက်၍ တစ်ခုခု သတိထားမိသွားမှာစိုးသဖြင့် အဓိပ္ပာယ်မရှိသော ‌တောင်စဉ်ရေမရစကားလုံးများကို လျှောက်ပြောခဲ့၏။ ထို‌နေ့မှစ၍ သူမမှာ တစ်မိသားစုလုံး ပြန်လည်ဆုံစည်းမည့်နေ့ရက်ကို စောင့်မျှော်နေခဲ့ခြင်းဖြစ်သည်။

မှန်ပါသည်။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် ပက်ပင်းတိုးခဲ့သောအခါလည်း ရှိသေးသည်။ ထိုအချိန်တုန်းက ပို၍အားကောင်းသော မိသားစုအငွေ့အသက်ကို သူမ ခံစားခဲ့ရ၏။ သူက သူမ၏မောင်လေးပင် မဟုတ်ပါလော ....

သူမသည် သူ့ကို သူမအား 'အစ်မကြီး' ဟု မခေါ့်ခေါ်အောင် ဖိအားမပေးနိုင်ဘဲ မနေခဲ့ပေ။ နောက်ပိုင်း ဖန်မျိုးနွယ်တချို့ မန်ဟို့ကို အထင်သေးကဲ့ရဲ့ခဲ့ခြင်းက သူမအား မိုးမီးလောင်သွားစေခဲ့သည်။ မန်ဟို လက်ခံခန္ဓာမရှာနိုင်မည်ကိုပင် စိုးရိမ်၍ ဖန်မျိုးနွယ်စု၏ လက်ခံခန္ဓာတစ်ကိုယ်အား သူ့ကို ပေးခဲ့သေးလေသည်။

မိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် သူမ ကျီရှောင်ရှောင်နှင့် ကျီမျိုးနွယ်ရွေးချယ်ခံတစ်ဦးကို တိုက်ခိုက်နေခဲ့ရသော အခိုက်အတန့်တစ်ခု ရှိခဲ့သည်။ မန်ဟိုက ပြန်ဖို့ လှည့်သွားခဲ့ပြီး ထိုအခိုက်အတန့်တွင် သူမသည် သူမ မည်သူဖြစ်သလဲဆိုသည်ကို သူ အမှန်တကယ် မသိကြောင်း သေချာသွား၏။ သို့ထိတိုင် သူ ထွက်သွားကို မြင်ရခြင်းက သူမနှလုံးသားကို ကြေကွဲစေသည်။

ထို့နောက် သူက ရပ်၍ သူမ ကျီမျိုးနွယ်များနှင့် တိုက်ခိုက်နေသည်ကို ပြန်လှည့်ကြည့်ခဲ့သည့်အတွက် သူမ ပြုံးခဲ့လေသည်။

"မပြောချင်ပြောချင် မဟုတ်ပါဘူး" မန်ဟိုက ကပျာကယာ ပြန်ဖြေသည်။ သူက ပြုံးသည်။ "အစ်မက ပိုလို့တောင် လှလာတာပဲ"

"ဪ ဟုတ်လား" ဖန်ယုသည် ပြုံး၍ သူ့ဆီ လျှောက်လာ၏။ သူမက လက်နှစ်ဖက်ကို မြှောက်ပြီး လက်ဆစ်များအား တဖျောက်ဖျောက် ချိုးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် စွမ်းအင်များ ဝုန်းဒိုင်းကြဲ ပေါက်ကွဲလာပြီး သူမထံမှ ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။

မန်ဟို မျက်နှာပျက်သွားပြီး နောက်ဆုတ်သွား၏။ သူ ပထမဆုံးနောက်ဆုတ်လိုက်သည့်အချိန်မှာပင် ဖန်ယုက ဒေါသထွက်နေသော နဂါးမကြီးလို သူ့အပေါ် ခုန်အုပ်လိုက်သည်။

"အဲဒီတုန်းက ငါ့ကို လူကြမ်းမကြီးလို့ နင်ပြောရဲခဲ့တယ်နော်။ ကဲ အခု လူကြမ်းမကြီးက ဘာလဲ နင့်ပြမယ်"

ဖန်ရှုံ့ဖုန်းနှင့် မန်လီမှာ တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့သည် မန်ဟို ဖန်မု၏လိုက်ရိုက်ခြင်းခံနေသည်ကို လှည့်ကြည့်လိုက်ကြ၏။ သူ့မှာ အစ်မဖြစ်သူကို ပြန်မချရဲပေ။ ဖန်ရှုံ့ဖုန်းနှင့် မန်လီမှာ ခံစားချက်များဖြင့် သက်ပြင်းချလိုက်ကြသည်။

"ကိုယ်တို့မိသားစုလေး ... ဒီလိုအတူမနေရတာ ကြာခဲ့ပြီ"

အဝေးရှိ ကောင်းကင်ယံတွင် မှော်မီးရှူးမီးပန်းများ တဖျောက်‌ဖျောက် ပေါက်ကွဲသွားသည်။ လှပသော နှစ်သစ်ကူးကား ရောက်ရှိလာခဲ့လေပြီ။

***

All Chapters