← Chapters

အမှတ်တရနေရာများသို့ ပြန်သွားခြင်း

Vol. 64 Ch. 885

အမှတ်တရနေရာများသို့ ပြန်သွားခြင်း

Vol. 64 Ch. 885

မန်ဟိုသည် သူ၏မိသားစုနှင့်အတူ တစ်နှစ်လုံး ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးခဲ့၏။ မျှဝေခဲ့သော ရယ်မောစရာများနှင့် ပျော်ရွှင်ကြည်နူးရမှုတို့သည် သူ၏နှလုံးအိမ်၌ ထာဝရအမြဲ တည်ရှိနေမည် ဖြစ်လေသည်။

ထိုနှစ်၏အဆုံးသတ်ရောက်သော် ဖန်ယု ထွက်သွားဖို့ အကြောင်းဖန်လာသည်။ သူမက အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်စုသို့ ပြန်မသွားပေ။ ဖန်ရှုံ့ဖုန်းက သူမအတွက် သပ်သပ်စီစဉ်ပေးထားအတိုင်း အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ အကြီးအကဲတစ်ဦးသည် ဖန်ယုကို ခေါ်သွားရန် ကိုယ်တိုင် ရောက်လာခဲ့၏။

ဖန်ယုအနေဖြင့် အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းသို့ ဝင်ရောက်သင့်ကြောင်း ဖန်ရှုံ့ဖုန်း ‌ဆုံးဖြတ်ထားခဲ့သည်မှာ ကြာခဲ့ချေပြီ။ သူမ၏မွေးရာပါပါရမီက သူတို့၏ကျင့်စဉ်များနှင့် ကိုက်ညီသင့်တော်သည်။ ထိုမျှသာမက အတိတ်တုန်းက ဖန်ရှုံ့ဖုန်းနှင့် အင်မော်တယ်ဧကရာဇ်ဘုရားကျောင်း၏ လက်ရှိကျောင်းတော်အုပ်တို့မှာ စွန့်စားခန်းများအား ဆိုးတူကောင်းဖက်‌ ဖြတ်ကျော်ခဲ့ဖူး၏။

ကျောင်းတော်အုပ်၏ ဖန်ယုအပေါ် စောင့်ရှောက်ပေးမှုနှင့် ဖန်ရှုံ့ဖုန်း၏ အရှိန်အဝါကို ထည့်တွက်လျှင် ဖန်ရှုံ့ဖုန်းအနေဖြင့် တောင်ကောင်းကင်ဂြိုဟ်မှ မထွက်ခွာနိုင်သည့်တိုင် မည်သူမှ သူမအား ပြဿနာရှာရဲမည်မဟုတ်ကြောင်း သေချာသည်။

ဖန်ရှုံ့ဖုန်းသည် သမီးဖြစ်သူအား ရင်အုပ်နှင့်မကွာ စောင့်ရှောက်တတ်သော်လည်း သားဖြစ်သူနှင့်ပတ်သက်လျှင် သူ၏အတွေးများက ကွဲပြား၏။

ထွက်မသွားခင် ဖန်ယုက မန်ဟိုကို တင်းတင်းကြပ်ကြပ် ဖက်ပြီး အကြာကြီး ကြည့်သည်။ သူမမျက်ဝန်းများထဲရှိ ချစ်ခြင်းမေတ္တာတို့က မန်ဟို့နှလုံးသားတွင် သူမနှင့် မခွဲခွာချင်စိတ်များ ပြည့်နှက်လာစေသည်။

"မောင်လေး ၊ ကြယ်တွေကြားမှာ တို့နှစ်ယောက် ပြန်ဆုံလိမ့်မှာပါ" ဖန်ယုက သူ၏ဆံပင်များကို ဖွရင်း ပြောသည်။ ဤအခိုက်အတန့်တွင် သူမသည် ကြမ်းတမ်းသည့်အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ နူးညံ့ကြင်နာတတ်သော အစ်မကြီးတစ်ယောက်သာ ဖြစ်၏။

ဖန်ယုက မိဘနှစ်ပါးကို နှုတ်ဆက်စကားဆို၍ အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် အင်မော်တယ်ဧကရာဇ်ကျောင်းမှ အကြီးအကဲ၏နောက်မှ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲသို့ ဝင်ရောက်သွားသည်။ တောက်ပသော အလင်းရောင်က လင်းခနဲ လက်ပြီး သူတို့ ပျောက်ကွယ်သွားလေပြီ။

ဖန်ရှုံ့ဖုန်းနှင့် မန်လီမှာလည်း သမီးဖြစ်သူနှင့် မခွဲခွာချင်ပေ။ အထူးသဖြင့် မန်လီ၏မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလျက်ရှိသည်။ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်မသွားနိုင်သည့်အတွက် သူမမှာ ဖန်ယုနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်နေပြီး လောလောဆယ်တွင် ဖန်ရှုံ့ဖုန်း၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလေသည်။

ဖန်ရှုံ့ဖုန်းက ဇနီးသည်၏ပခုံးအား ကြင်ကြင်နာနာ ပွတ်သပ်ပေးရင်း သမီးထွက်သွားသည်ကို ကြည့်နေ၏။ သူ၏မျက်ဝန်းများတွင် ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်တို့ ဒွန်တွဲလျက် ရှိလေသည်။ ထို့နောက် သူက မန်ဟို့ကို လှည့်ကြည့်သည်။

မန်ဟိုလည်း တောင်ကောင်းကင်ဂြိုဟ်မှ ထွက်သွားဖို့ မကြာတော့ကြောင်း သူ သိလေသည်။

"ဟိုအာ ၊ သားရဲ့လမ်းက ဖန်မျိုးနွယ်စုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာရမှာမဟုတ်ဘူး" သူက ပြောသည်။ "သား အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့ကို ဝင်ဖို့အတွက် အဖေ ပြင်ဆင်ထားပြီးသားဆိုပေမယ့် သား သဘောမကျရင် သွားစရာမလိုဘူး

"ဘယ်လိုပဲရွေးချယ်ရွေးချယ်၊ တခြားဘာမှမလုပ်ခင် သား လုပ်ကိုလုပ်ရမယ့် အရာတစ်ခု ရှိတယ်

"အရှေ့‌‌အောင်ပွဲဂြိုဟ်ပေါ်က ဖန်မျိုးနွယ်စုကို အရင်ဆုံး ပြန်သွားပါ။ အဲဒီမှာ သားရဲ့ အစစ်အမှန်အင်မော်တယ်အဆင့်တက်လှမ်းခြင်းအတွက် အင်မော်တယ်လမ်းပြနွယ်တစ်ပင်ကို အဖေ ချန်ထားတယ်

"ပိုပြီးအရေးကြီးတာက ... သားရဲ့ နိဗ္ဗာနသစ်သီးနှစ်လုံးလည်း အဲဒီမှာ သားကို စောင့်နေတယ်

"အဲဒီနိဗ္ဗာနသစ်သီးနှစ်လုံးက သားအပိုင်ပဲ။ အခု သားဟာ ပြစ်ဒဏ်ကို ကျော်လွှားပြီးပြီမလို့ သူတို့ကို လက်ခံလို့ရပြီ။ သူတို့က သားကို အချိန်တိုတိုလေးနဲ့ အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ရောက်အောင် ကူညီပေးလိမ့်မယ်။ အနာဂတ်မှာ သား တခြားရွေးချယ်ခံရဲ့ နောက်မှာ ကျန်ခဲ့လို့မဖြစ်ဘူးနော်။ သူတို့ကို ကျော်တက်ကို တက်ရမယ်။ တစ်သက်လုံး တစ်ဘဝလုံး သားရဲ့ အနောက်မှာပဲ ရှိနေပစေ"

ထို့နောက် စကားပြောသူက မန်လီ။

"အခွင့်အရေးရှိရင်" သူမက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "အဋ္ဌမတောင်ပင်လယ်ကို သား သွားနိုင်တယ်။ အဲ့ဒါက ... အမေ့အိမ်ပဲ"

မန်ဟိုက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် သူ့‌အဖေ ၏ စကားလုံးများထဲမှ ပို၍နက်ရှိုင်းသော အဓိပ္ပာယ်၊ မပြောဘဲ ချန်ထားသော အဓိပ္ပါယ်ကို နားလည်လေ၏။ သူ့အဖေက သူ့ကို ဖန်မျိုးနွယ်စုသို့ ပြန်‌၍ ထိုနေရာတွင် ထွန်းတောက်ကျော်ကြာလာစေလိုခြင်းဖြစ်သည်။ ဖန်ရှုံ့ဖုန်း၏သားသည် မသန်မစွမ်းမဟုတ်၊ လျှမ်းလျှမ်းတောက် နေတစ်စင်းဖြစ်ကြောင်း လူတိုင်း သိသွားစေလိုခြင်းဖြစ်သည်။

ထို့ကြောင့် မန်ဟိုသည် အရှေ့အောင်ပွဲဂြိုဟ်၏ ဖန်မျိုးနွယ်စုတွင် ထွန်းတောက်ကျော်ကြားလာအောင် လုပ်မည့်အပြင် သူ၏ဘိုးဘိုးဖန်နှင့် ဘိုးဘိုးမန်ကို ‌သေချာပေါက် သွားရှာမည်ဟူ၍ သန္နိဋ္ဌာန်ချလိုက်၏။

"တောင်ကောင်းကင်ဂြိုဟ်ကနေ သားကြိုက်တဲ့အချိန် ထွက်သွားနိုင်တယ်" ဖန်ရှုံ့ဖုန်းက ဆက်ပြောသည်။ "အဆင်သင့်ဖြစ်ရင် အဖေ့ကိုပြော။ သားကို လာခေါ်ပြီး ပို့ပေးဖို့ အရှေ့အောင်ပွဲဂြိုဟ်ပေါ်က တစ်ယောက်ယောက်ကို အကြောင်းကြားပေးမယ်။ မှတ်ထားနော် သားလမ်းစဉ်က အစစ်အမှန်အင်မော်တယ်လမ်းစဉ်။ အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာ .... သား အစစ်အမှန်အင်မော်တယ် ဖြစ်လာနိုင်တယ်။ ဖန်မျိုးနွယ်စုက လူတွေ သားကို သမင်လည်ပြန်ကြည့်ရအောင် လုပ်ချည်။ သားက အဖေ့သားဆိုတာ အကုန်သိအောင် လုပ်ပစ်လိုက်" ဖန်ရှုံ့ဖုန်းက သူ့သား၊ သူ့ဘဝ၏ ဂုဏ်ယူစရာဖြစ်သော မန်ဟို့ကို လေးနက်စွာ ကြည့်သည်။

မန်ဟိုက အသက်ပြင်းပြင်းရှူ၍ တည်တည်ကြည်ကြည် ခေါင်းညိတ်လိုက်သည်။

ရက်အနည်းငယ်ကြာသော် မန်ဟိုသည် အရှေ့ဘက်နယ်မြေမှ ထွက်လာ၏။ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်သွားဖို့ မစီစဉ်ခင် လုပ်စရာကိစ္စများ ရှိသေးလေသည်။

"ငါ့ရဲ့ အစစ်အမှန်အင်မော်တယ်လမ်းစဉ်က သူများတွေနဲ့ မတူဘူး" သူက လေကိုခွင်း၍ ပျံသန်းလာရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "ငါ့ကိုယ်ထဲက အင်မော်တယ်အကြော အစိုင်အခဲအတိ ဖြစ်သွားရင်တော့ အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာနိုင်ပြီ

"တကယ်တော့ အင်မော်တယ်အပျက်အစီးများနယ်ရဲ့ နတ်မီးလျှံစမ်းသပ်ပွဲကနေ ငါ အကျိုးအမြတ်အများကြီး ရခဲ့တာပဲ။ နတ်ဘုရားစွမ်းရည်တွေအရရော ၊ ငါ့ရဲ့ အင်မော်တယ်အကြော တိုးတက်မှုရော..."

မန်ဟိုသည် အသက်ရှူလေ့ကျင့်ခန်းလုပ်လျှင် သူ၏အင်မော်တယ်အကြောမှာ ဆက်လက်၍ သဘာဝအတိုင်း အစိုင်အခဲဖြစ်လာနေကြောင်း ခံစားရ၏။ သို့သော် ဖြစ်စဉ်မှာ အလွန်နှေးကွေးသည့်အပြင် အင်မော်တယ်အပျက်အစီးများနယ်မှ ကျောက်တိုင်များကဲ့သို့ အရာများမှာလည်း ကြက်ကန်းဆန်အိုးတိုး၍သာ တွေ့ရှိနိုင်သောအရာများ ဖြစ်သည်။

"ဆရာ အင်မော်တယ်လမ်းစဥ်တံခါးကို ဖွင့်ခဲ့တုန်းက တံခါးထဲက ထွက်လာတဲ့ စွမ်းအားက ‌‌အဲဒီကျောက်တိုင်တွေမှာ ရှိတဲ့ စွမ်းအားနဲ့ အတူတူလောက်ပဲ။ နှစ်ခုလုံးကို အစစ်အမှန်အင်မော်တယ်ဖြစ်လာဖို့ သုံးလို့ရတယ်

"ဒီနေရာ တောင်ကောင်းကင်ဂြိုဟ်မှာ အစစ်အမှန်အင်မော်တယ်အဆင့် တက်ရောက်ဖို့က တကယ်ပဲ မဖြစ်နိုင်ဘူးလား" မန်ဟိုသည် အတွေးထဲ နစ်မြောနေလျက် ပျံသန်းလာ၏။ သူက နဂါးငွေ့တန်းပင်လယ်ကို လှမ်းကြည့်ပြီးနောက် တောင်ပိုင်းဒေသသို့‌ ရောက်လာခဲ့လေသည်။

သူသည် ဇီယွင်ဂိုဏ်းသို့ ပျံဆင်းလာခဲ့သော်လည်း မည်သူမှ သူ့ကို သတိမထားမိပေ။ သူက ဂိုဏ်းကို လှမ်းကြည့်ရင်း တောင်မြင့်မြင့်တစ်လုံးအပေါ်တွင် ရပ်နေ၏။ ဆရာကြီးဇီတုန်၏ ရုပ်တုကား ထိုနေရာတွင် မရှိတော့သော်လည်း သူ ရပ်နေသော ဤတောင်မှာ ဆေးလုံးမိစ္ဆာ မကြာခဏ လာတတ်သော တောင်ဖြစ်လေသည်။

သူက ထိုနေရာတွင် ရပ်နေစဉ် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မျက်လုံးများ မှိတ်လိုက်၏။ သူသည် ကျင့်ကြံခြင်းအခြေခံကို အထွတ်အထိပ်စွမ်းအားဖြင့် လှည့်ပတ်ပြီး သူ့ကိုယ်ထဲရှိ အင်မော်တယ်အကြောကို အသက်သွင်းလိုက်သည်။ အင်မော်တယ်အကြောမှာ ရှစ်ဆယ်ရာခိုင်နှုန်း အစိုင်အခဲ ဖြစ်သွားပြီး တလက်လက် တောက်ပလာ၏။ သိပ်သည်းသော အင်မော်တယ်ချီက မန်ဟို့ထံမှ ဖြာထွက်လာပြီး အစစ်အမှန်အင်မော်တယ်တစ်ဦး၏ ရှစ်ဆယ်ရာခိုင်နှုန်းစွမ်းအားမှာ ပတ်ပတ်လည်ရှိ မြေပြင်များနှင့် ပေါင်းစည်းသွားလေသည်။

မျက်စိတစ်မှိတ်အတွင်း လေပြင်းများ တိုက်ခတ်လာပြီး‌ မြေငလျင်တို့ လှုပ်ခတ်လာသည်။ တောင်ပိုင်းဒေသရှိ ကျင့်ကြံသူအားလုံး တုန်လှုပ်ချောက်ချားလာ၏။‌ မကြာမီ တောင်ပိုင်းဒေသသာမဟုတ်၊ အနောက်ပိုင်းသဲကန္တာရ၊ မြောက်ပိုင်းသဲကန္တာရနှင့် အရှေ့ဘက်နယ်မြေတို့အားလုံး ထူးခြားဆန်းကြယ်သော ‌ပြောင်းလဲမှုများကို ကြုံတွေ့နေရတော့သည်။

‌တ‌ဖြေးဖြေး မန်ဟို ထိုင်နေသော တောင်ထိပ်၏အပေါ်တွင် ဝဲကြီးတစ်ဝဲ ဖြစ်ပေါ်လာသည်။ သို့သော် ဝဲ ပေါ်လာလျှင်ချင်း ချုပ်နှောင်ခံထားရသော အံ့ဖွယ်စွမ်းအားတစ်ရပ်သည် ဝဲကို ဖျက်စီးရင်း ကောင်းကင်နှင့်မြေကြီးမှ ပေါက်ကွဲထွက်လာသည်။

၎င်းသည် မှေးမှိန်ပျောက်ကွယ်သွားပြီး ပုံမှန်ပြန်ဖြစ်သွား၏။ မြေပြင်များမှာ ငြိမ်သက်လာကာ တောင်ကောင်းကင်ဂြိုဟ်၏ ကျင့်ကြံသူများမှာ ယခုလေးတင် မည်ကဲ့သို့သော ရင်သပ်ရှုမောဖွယ်ရာအဖြစ်အပျက်ဖြစ်သွားခဲ့သလဲ သိချင်နေတော့သည်။

မန်ဟိုက မျက်လုံးများ ပိတ်၍ အတန်ကြာ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ခေါင်းခါလိုက်သည်။

"အလုပ်မဖြစ်ဘူး ... စစ်မှန်တဲ့ အင်မော်တယ်လမ်းစဉ်ကို ခံစားလို့ရပေမယ့် အင်မော်တယ်တံခါးကို ဆင့်ခေါ်လို့ မရဘူး။ အစစ်အမှန်အင်မော်တယ်ကံတရားဟာ နှစ်တစ်သောင်းကြာတိုင်း တောင်ပင်လယ်တစ်ခုရဲ့ ဂြိုဟ်‌တွေထဲက တစ်ဂြိုဟ်မှာပဲ တစ်ကြိမ် ပေါ်လာတယ်။ အဲဒီစည်းမျဉ်းက ဖောက်ဖျက်လို့မရဘူး

"အင်မော်တယ်လမ်းပြနွယ်ကို သုံးကြည့်ရင်ရော..." မန်ဟိုသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် သိုလှောင်အိတ်ထဲမှ အင်မော်တယ်အပျက်အစီးများနယ်ရှိ ဆေးပင်ဥယျာဉ်မှ ရရှိခဲ့သော အင်မော်တယ်လမ်းပြနွယ်ကို ထုတ်လိုက်၏။

သူက ပွစိပွစိ ရေရွတ်ပြီးနောက် ခေါင်းခါလိုက်သည်။

"အင်မော်တယ်လမ်းပြနွယ်က သေချာပေါက် အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းစေနိုင်တယ်။ ဒါပေမဲ့ အဲဒါက စိတ်ဝိညာဉ်နယ်ပယ်ကို ဖြတ်တောက်လိုက်လို့ အဆင့်တက်သွားတာ။ ပြောရရင် အတင်းအဓမ္မအဆင့်တက်လိုက်တာပဲ

"တခြားဂိုဏ်းက ရွေးချယ်ခံတွေက အ‌ရေးကြီးတဲ့အခိုက်အတန့်ကို မရောက်မချင်း သူတို့ကိုယ်သူတို့ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး ကျင့်ကြံခြင်းအခြေခံတွေကို ဖိနှိပ်ထားခဲ့တယ်။ ပြီးတော့ ချက်ချင်း အဆင့်တက်ဖို့ အင်မော်တယ်လမ်းပြနွယ်တွေကို အသုံးပြုကြတယ်

"ငါကတော့ လက်ရှိ အစစ်အမှန်အင်မော်တယ်စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းမှာ။ အဆင့်တက်ဖို့ အင်မော်တယ်လမ်းပြနွယ်ကို သုံးရင် အစစ်အမှန်အင်မော်တယ်ဖြစ်လာနိုင်ပေမယ့် ရှစ်ဆယ်ရာခိုင်နှုန်းနဲ့ပဲ ဖြစ်လိမ့်မယ်။ နောက်မှ အဲဒီရှစ်ဆယ်ရာခိုင်နှုန်းက တစ်ရာပြည့်သွားမှာ

"ကြည့်ရသရွေ့ ငါ့ရဲ့အင်မော်တယ်လမ်းစဉ်ဟာ ဒီတောင်ကောင်းကင်ဂြိုဟ်မှာ လျှောက်လှမ်းလို့မရဘူးထင်တယ်။ အဖေပြောသလို အရှေ့အောင်ပွဲဂြိုဟ်ကို သွားတာ အကောင်းဆုံးရွေးချယ်မှုပဲ တူပါရဲ့" မန်ဟိုသည် နွယ်ကို သုံးရင်း အဆင့်တက်မည့် အကြံအစည်ကို လက်လျှော့ပြီးနောက် အသက်ပြင်းပြင်ရှူ၍ ထွက်ခွာရန် ပြင်၏။

မည်သူမှ သူ၏ ဇီယွင်ဂိုဏ်းသို့ ရောက်ရှိလာမှုကိုသော်လည်းကောင်း၊ ထွက်ခွာသွားမှုကိုသော်လည်းကောင်း သတိမထားမိပေ။ ထို့နောက် သူက သွေးမိစ္ဆာဂိုဏ်းသို့ သွားရောက်ကာ သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူအပြင်တွင် ရပ်သည်။ သူ ခံစားရနိုင်သည့် တစ်ခုတည်းသောအရာမှာ သေခြင်းအရှိန်အဝါသာ။ အတွင်း၌ အသက်စွမ်းအားအနည်းငယ်မျှ မရှိသယောင်ပင်။

သွေးမိစ္ဆာဂိုဏ်းချုပ်လည်း ထွက်မလာခဲ့။

အချိန်အကြာကြီး ထိုင်နေပြီးနောက် မန်ဟိုသည် သွေးမင်းသားလျှိုမြောင်သို့ သွားရောက်လေ၏။ ၎င်းကို သွေးမိစ္ဆာဂိုဏ်းသားမှ‌ နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးထားသည်။ မန်ဟိုမှာ သစ်လုံးအိမ်လေးနှင့် တောင်ကြားထဲရှိ ရင်းနှီးသော မြင်ကွင်းများကို ကြည့်ရင်း ငေးမောနေသည်။ သူ၏အမြင်အာရုံထဲတွင် သူ့ကို ချစ်စဖွယ်ကောင်းစွာ ပြုံး၍ ကြည့်နေသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်ပေါ်လာသည်။

"ရှုချင်..." သူက ခပ်တိုးတိုလေး တမ်းတလိုက်၏။ သူနှင့် ရှုချင် သစ္စာဆိုခဲ့သောကတိကို သူ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။

"ကိုယ့်ကို စောင့်နေနော် ... ကိုယ် မင်းကို တွေ့အောင် လာရှာမယ်" သွေးမင်းသားလျှို‌မြောင်ထဲ၌ ရှုချင်နှင့်အတူ အချိန်ကုန်ဆုံးခဲ့သော အချိန်များကို ပြန်တွေးကြည့်နေစဉ် နွေးထွေးသော အရိပ်အယောင်လေးတစ်ခုသည် သူ၏မျက်နှာထက်တွင် တစတစ နေရာယူလာခဲ့၏။

ရက်အနည်းငယ်ကြာသော် မန်ဟို ထွက်သွားသည်။ ဤသည်မှာ တောင်ကောင်းကင်ဂြိုဟ်မှ မထွက်ခွာခင် ရှုချင်နှင့် အမှတ်တရများ တည်ရှိရာနေရာများသို့ သွားရောက်နိုင်သည့် နောက်ဆုံးအကြိမ် ဖြစ်‌လေသည်။

သွေးမိစ္ဆာဂိုဏ်းပြီးလျှင် သူသည် တောင်ပိုင်းဒေသတစ်ခွင် လျှောက်သွား၏။ စုန့်မျိုးနွယ်စုသို့ ရောက်သောအခါ အပြင်တွင်ရပ်၍ ၎င်းအား နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံလိုက်သည်။ သူ၏တည်ရှိမှုကို သတိထားနိုင်စွမ်းမရှိတော့သော ခေါင်းဆောင်ကြီးစုန့်ကို မြင်လိုက်ရလေသည်။

ရင်းနှီးသောအမျိုးသမီးလေးတစ်ဦးကိုလည်း တွေ့လိုက်ရသည်။ သူမသည် ထိုနေရာတွင် တင်ပျဉ်ခွေလျက် မလှုပ်မယှက် ထိုင်နေ၏။ သူမမှာ လှနေဆဲဖြစ်ပါသော်လည်း ဇရာ၏အရေးအကြောင်းတို့ကို မြင်နေရလေပြီ။

"သူက ဂြိုဟ်တွေကြားက နတ်မီးလျှံစမ်းသပ်ပွဲကို မသွားခဲ့ဘူး။ တကယ်ပဲ တောင်ကောင်းကင်ဂြိုဟ်မှာ နေခဲ့ချင်တာလား..."

အတိတ်မှ ပုံရိပ်များက မန်ဟို၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ အတန်ကြာသော် သူသည် စုန့်ကျားကို မနှောင့်ယှက်ဘဲ လှည့်ထွက်လာခဲ့၏။

သူသည် ပြန်လည်မွေးဖွားခြင်းဂူကို သွားရောက်၍ ထိုနှစ်တုန်းက ရင်ဆိုင်ရခက်ခဲခဲ့သော ဖိအားကိုဖြတ်ကာ လျှောက်သွားသည်။ ထိုစဉ်တုန်းက ခြေတစ်လှမ်းလေး လှမ်းဖို့ ခက်ခဲခဲ့သော်လည်း ယခုတော့ ‌ မြေညီလမ်းကို လျှောက်လှမ်းရသကဲ့သို့ လွယ်ကူနေချေပြီ။ ပြန်လည်‌မွေးဖွားခြင်းဂူ၏ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက မန်ဟို ဂူထဲ လျှောက်သွားသည်ကို ကြည့်ပြီး အံ့ဩမှင်သက်နေကြသည်။

"အဲဒါ ဘယ်သူလဲ"

"သူက.... ပြန်လည်မွေးဖွားခြင်းဂူရဲ့ အနက်ပိုင်းထဲကို တည့်တည့်ကြီး လျှောက်သွားနေတာပဲဟ။ ဒီက ဖိအားက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တွေအတွက်တောင် ခက်ခဲတာကို"

"သူ့ပုံစံက ဘာလို့ ဒီလောက် ရင်းနှီးနေတာလဲ..." သူ ပြန်လည်မွေးဖွားခြင်းဂူအနားသို့ ရောက်လာသည်နှင့်အမျှ သူ့ကို မြင်လာကြသူများ တစတစ များလာပြီး အကုန်လုံး အံ့အားသင့်ကုန်ကြသည်။

သူသည် ပို၍အတွင်းကျသော အပိုင်းသို့ တည်ငြိမ်စွာ လျှောက်သွားပြီး မကြာခင် ဂူဝနှင့် နီးကပ်သွားလေပြီ။

ဂူမှ မီတာ (၁၅၀၀) ခန့်အကွာတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံများဖြင့် အဘိုးကြီးနှစ်ဦးကို မြင်လိုက်ရ၏။ သူတို့သည် နှစ်ယောက်ကြား၌ ရန်ငြိုးတစ်ခုခု ရှိနေသည့်အလား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း ဖိအားကို ခုခံလျက် တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့၏အသက်စွမ်းအားများမှာ ကုန်ခမ်းနေပြီဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းဂူအတွင်းမှ ကံကြမ္မာကောင်းတစ်စုံတရာကို ရှာတွေ့ဖို့ မျှော်လင့်နေကြကြောင်း ထင်ရှားသည်။

မန်ဟို ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် သူတို့နှစ်ယောက်က သူ့ကို အလန့်တကြား ကြည့်ကြသည်။

"မင်းက ဘယ်သူလဲ" တစ်ယောက်က မေးသည်။ မန်ဟိုက သူတို့ဘေးမှ ဖြတ်၍သာ လျှောက်သွားလေသည်။

ဤအခြင်းအရာက သူတို့ကို အလွန်အမင်း အံ့အားသင့်သွားစေပြီး သူတို့ မျက်လုံးပြူးလျက် ကြည့်နေကြစဉ် မန်ဟိုက မီတာ (၁၅၀၀) အမှတ်ကို အေးအေးဆေးဆေး ဖြတ်ပြီး ဂူထဲ ဝင်သွား‌လေပြီ။

သူတို့သည် ဟောဟဲဟောဟဲ အသက်ရှူရင်း အကြည့်ချင်းဖလှယ်ကာ တစ်ယောက်မျက်လုံးထဲရှိ မယုံကြည်နိုင်မှုကို တစ်ယောက်မြင်လိုက်ကြသည်။

"သူ့ပုံစံက ရင်းနှီးသလိုပဲ...."

"အဲဒါ .... ဟေ့ကောင်။ အဲ့ဒါ မန်ဟိုကွာ။ ဘုရားဘုရား။ သူက သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသားလေ။ မြောက်ပိုင်းသဲကန္တာရက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်တွေကို ချုပ်နှောင်ပြီး မြောက်ပိုင်းသားတစ်သိန်းကို အပြစ်သားပြည်သူတွေအဖြစ် ဒဏ်ခတ်ခဲ့တာ။ အဲဒါ မန်ဟိုပဲ"

အဘိုးကြီးနှစ်ယောက်မှာ မန်ဟိုဖြစ်ကြောင်း သိလျှင် စိတ်ထဲ၌ မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံကြီး ပြည့်နှက်သွားတော့၏။

***

All Chapters