တာအိုရေကန်များ၌ ထပ်မံ စိန်ခေါ်ခြင်း
Vol. 64 Ch. 886
မန်ဟိုသည် ပြန်လည်မွေးဖွားခြင်းဂူ၏ ကျောက်သားကျောက်စိုင်များ ဖုထစ်ထွက်နေသော အတွင်းပိုင်းထဲသို့ တည်ငြိမ်အေးဆေးစွာ လျှောက်သွား၏။ သူ သေခဲ့ဖူးသော နေရာသို့ ရောက်၍ ငုံ့ကြည့်လိုက်လျှင် သူ့နှလုံးသားမှာ နာကျင်မှုကြောင့် စူးအောင့်လာလေသည်။
ရှုချင်ကို သတိရမိသည်။
သူမသည် သူ တောင့်ခံနိုင်စေဖို့ သူမ၏အသက်စွမ်းအားကိုသူမ သုံးခဲ့ကာ သူ့ကို အသက်ပြန်သွင်းဖို့ အလို့ငှာ သူမ၏ဂိုဏ်းထဲရှိ တားမြစ်နေရာတစ်နေရာတွင် အကျဉ်းချခံရခြင်းဖြင့် အဆုံးသတ်ခဲ့ရ၏။ ထို့နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက မန်ဟို့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ အတန်ကြာသော် သူ့မှာ သက်ပြင်းချလိုက်မိလေသည်။
ထို့နောက် သူသည် ပြန်လည်မွေးဖွားခြင်းဂူ၏ ဟိုးအတွင်းပိုင်းထဲအထိ ဆက်လျှောက်လာခဲ့သော်လည်း မည်သည့်အရာကိုမှ မတွေ့ရပေ။
ထိုနှစ်တုန်းက ကောင်းကင်မှ ပြုတ်ကျလာခဲ့သော အင်မော်တယ်၏အလောင်း မရှိတော့သလို၊ ကျန်ဆန်းဆန်းကြယ်ကြယ် ဖြစ်တည်မှုများလည်း မရှိတော့လေပြီ။ ထူးဆန်းသောစွမ်းအားတစ်ရပ်ကို ခံစားနေရသော်လည်း ယင်းမှလွဲ၍ ဗလာကျင်းလျက်သာ။
"ပြန်လည်မွေးဖွားခြင်းဂူ ... ပြန်လည်မွေးဖွားခြင်းဂူ .... အင်း အဲ့ဒါက ဒီမှာရှိနေလို့ပဲ ... ငါ ပြန်လည်မွေးဖွားလာခဲ့တာမဟုတ်လား" မန်ဟိုက ခေါင်းခါ၍ ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် တုံ့ခနဲ ရပ်ကာ ပြန်လည်မွေးဖွားခြင်းဂူ၏ အဆုံးသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုနေရာရှိ ဂူနံရံမှာ ပုံမှန်ထင်ရသော်လည်း စောစောလေးက ထူးဆန်းသောအရှိန်အဝါတစ်ခုကို ထိုနေရာမှ သူ ခံစားခဲ့ရလေသည်။
သူက လမ်းလျှောက်သွားပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်ရှုပြီးနောက် ရုတ်တရက် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အံ့ဩမယုံကြည်နိုင်သော အမူအရာတစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ ယခုလေးတင် ဂူနံရံတွင် တံခါးတစ်ချပ်ကို သူ မြင်ခဲ့ရ၏။
ပိတ်ထားသော တံခါး ။
သူသည် အသက်ပြင်းပြင်းရှူသွင်းပြီး နီးနီးကပ်ကပ် ထပ်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ သို့ရာတွင် စောစောတုန်းက သူ အမြင်မမှားခဲ့ကြောင်း သေချာသည်။
"အခု ဒီဟာက ပြန်လည်မွေးဖွားခြင်းဂူကို သူ့နာမည်နဲ့ တန်အောင် လုပ်ပေးတဲ့ ပဟေဠိတစ်ခုပဲ" သူက တွေးလိုက်သည်။ သူသည် ဂူနံရံကို အကြာကြီး ကြည့်နေပြီးနောက်မှ လှည့်ထွက်သွား၏။ သူ့မှာ အလွန်သိချင်ပါသော်လည်း အင်မော်တယ်အပျက်အစီးများနယ်မှ အတွေ့အကြုံအရ ကမ္ဘာပေါ်တွင် သူ့ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် နားမလည်နိုင်သော လျှို့ဝှက်ချက်များစွာ ရှိကြောင်း ကောင်းကောင်းသိလေသည်။
သူ ပြန်လည်မွေးဖွားခြင်းဂူအပြင်သို့ ထွက်လာသောအခါ အဘိုးကြီးနှစ်ယောက်ကား တင်ပျဉ်ခွေလျက် ထိုင်နေဆဲပင်။ သူတို့သည် မန်ဟို့ကို မြင်လျှင် အသက်ရှူမြန်လာကြပြီး ဂါဝရပြုရန် ချက်ချင်း ထရပ်လိုက်ကြ၏။
"ဂါဝရပြုပါတယ် သွေးမင်းသားမန်"
"ဂါဝရပြုပါတယ် အရှင်မင်းသားမန်ဟို"
မန်ဟိုက ရပ်၍ အဘိုးကြီးနှစ်ယောက်ကို ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာဖို့ ပြင်သည်။
အဘိုးကြီးနှစ်ယောက်အနက်မှ အလွန်အမင်း မှိန်ပျနေသော အသက်စွမ်းအားပိုင်ရှင်က တခဏ တွန့်ဆုတ်နေပြီးနောက် မေးလေသည်။ "အရှင်မင်းသားမန်ဟို ....ဟိုလေ ... ပြန်လည်မွေးဖွားခြင်းဂူထဲမှာ ဘာရှိလဲခင်ဗျာ"
မန်ဟိုက စစချင်း တုံ့ပြန်မှုမရှိ။ တခဏကြာသော် သူက ပြောသည်။ "မျှော်လင့်ချက်"
ထို့နောက် ထွက်သွားလေသည်။
အဘိုးကြီးနှစ်ယောက်မှာ ချက်ချင်း စိတ်အားတက်ကြွသွားကြသည်။ သူတို့သည် မျှော်လင့်ချက်တို့ ရင်ဝယ်ပိုက်လျက် တင်ပျဉ်ခွေပြန်ထိုင်ချလိုက်၏။
"ဒဏ္ဍာရီတွေအရ အရှင်မင်းသားမန်ဟိုက ပြန်လည်မွေးဖွားခြင်းဂူထဲမှာ တကယ် ပြန်လည်မွေးဖွားလာခဲ့တာတဲ့"
"မျှော်လင့်ချက် ရှိတယ်လို့ သူကိုယ်တိုင် ပြောသွားမှတော့ ငါတို့မှာလည်း မျှော်လင့်ချက်ရှိလောက်တယ်" နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မျက်လုံးများ တောက်ပလာကြသည်။
ပြန်လည်မွေးဖွားခြင်းဂူဝန်းကျင်မှ ထွက်လာပြီးနောက်တွင် မန်ဟိုသည် လေပေါ်ပျံတက်ပြီးနောက် ဘေးဘီဝဲယာကို တမ်းတမ်းတတ ကြည့်လေ၏။ နောက်ဆုံးတော့ သူ့အကြည့်က ရှေးကံကြမ္မာဆိုးဘုရားကျောင်းအပေါ် ကျရောက်သွားသည်။
တဒင်္ဂ တိတ်ဆိတ်နေပြီးနောက်တွင် သူသည် ထိုအရပ်သို့ ပျံသန်းသွားလေ၏။ သူ့အတွက် ရှေးကံကြမ္မာဆိုးဘုရားကျောင်း၏အပေါ်ရှိ လေလယ်တွင် ပေါ်လာရန် မကြာလိုက်ပေ။ သူက ခမ်းနားသောဘုရားကျောင်းကို ကြည့်ရင်း ချူယွီယန်၊ သူတို့နှစ်ယောက် အချိန်အတူကုန်ဆုံးခဲ့သော ချောက်နှင့် သွေးအင်မော်တယ်အမွေအနှစ်ပြိုင်ပွဲကို တွေးလိုက်မိသည်။
"အခုမှ တွေးကြည့်တော့ ဒီဘုရားကျောင်းက ... ငါတို့ကို အဲ့ဒီနှစ်ရဲ့ ပြစ်ဒဏ်မိုးကြိုးဆီကနေ ကာကွယ်ပေးခဲ့တာပဲ" သူသည် လေလယ်မှ ပျံဆင်းကာ ရှေးကျပြီး ယိုယွင်းနေသော ရှေးကံကြမ္မာဆိုးဘုရားကျောင်း၏အရှေ့တည့်တည့်တွင် ရပ်လိုက်၏။
ကျောက်လှေကားထစ်များက ဘုရားကျောင်းထံသို့ ဦးတည်နေပြီး တည်ကြည်ခံ့ညားသည့် ပုံပန်းသွင်ပြင်များနှင့် မရေမတွက်နိုင်သော နတ်ရုပ်များအား အထဲ၌ မြင်ရနိုင်သည်။
ဘုရားကျောင်း၏အပြင်တွင်မူ ကျင့်ကြံသူများစွာ စုဝေးနေကြသည်။ ဤသည်မှာ တောင်ပိုင်းဒေသ၏ လျှို့ဝှက်ဆန်းကြယ်နေရာသုံးနေရာအနက်မှ အန္တရာယ်အနည်းဆုံးနေရာ မဟုတ်ပါလော။ သို့ဖြစ်ရာ ကံကြမ္မာကောင်းတချို့ ရှာဖွေလိုသော ကျင့်ကြံသူများအနေဖြင့် မျက်စိမကျဘဲ မနေပေ။
မန်ဟို၏ရောက်ရှိလာမှုကို ကျင့်ကြံသူအနည်းငယ် သတိထားမိသော်လည်း ဘယ်သူမှ သူ့ကို အဖက်မလုပ်ဘဲ နေကြ၏။
မန်ဟိုက ဘုရားကျောင်းကို ခဏကြည့်ပြီး ရှေ့လျှောက်သွားသည်။ သူ့အနောက် မလှမ်းမကမ်းတွင် ဘုရားကျောင်းကို စနည်းနာနေခဲ့သော်လည်း အနားသိပ်ကပ်မသွားရဲသော ကျင့်ကြံသူတစ်ယောက် ရှိ၏။ သူက မန်ဟို ဘုရားကျောင်းအနား လျှောက်သွားသည်ကို မြင်သောအခါ ရိုးရိုးသားသား လှမ်းသတိပေးလေသည်။
"တာအိုရောင်ရင်း ရှေးကံကြမ္မာဆိုးဘုရားကျောင်းအနား သိပ်ကပ်မသွားနဲ့ ။ အန္တရာယ်များလွန်းတယ်"
ယခုတွင် သူတစ်ယောက်သာ မန်ဟို့ကို သတိထားမိခြင်းမဟုတ်တော့ပေ။ ပတ်ဝန်းကျင်ရှိ တောင်ပိုင်းဒေသကျင့်ကြံသူများစွာမှာ သူ ဘုရားကျောင်းအနား ချဉ်းကပ်သွားနေသည်ကို မြင်သွားကြသည်။ တချို့က အထင်သေးစွာ ကြည့်နေကြပြီး စိတ်လှုပ်ရှားစရာတစ်စုံတခု ဖြစ်ပျက်မည်ကို စောင့်စားရင်း ပေါ်ပေါ်ထင်ထင် ပြက်ရယ်ပြုနေသူများပင် ရှိသည်။
"ဒီဘုရားကျောင်းက သာမန်တစ်ယောက် အနားကပ်သွားနိုင်တဲ့ အရာ မဟုတ်ဘူး။ ပရဝုဏ်ရဲ့အပြင် အခု ငါတို့ ရပ်နေတဲ့နေရာက လူတစ်ယောက် တိုးကပ်သွားနိုင်တဲ့အတိုင်းအတာ မိုင်ကုန်ပဲ။ ခေါင်းဆောင်ကြီးတချို့က လွဲရင် ဒီအမှတ်ထက် ကျော်သွားတဲ့ ဘယ်သူမဆို မုချ သေလိမ့်မယ်"
"ဒီလူ့ကို မမြင်ဖူးသလိုပဲ။ ဘယ်ဂိုဏ်းပါလိမ့်"
လူအုပ်ကြီး တစ်ယောက်တစ်ခွန်း ပြောနေကြစဉ် မန်ဟိုက လှေကားသို့ ရောက်သွားပြီး တစ်လှမ်းလျှင် တစ်ထစ်ချင်းစီ တက်သွားသည်။ ကျန်ကျင့်ကြံသူများမှာ အသက်ပင်မရှူနိုင်တော့ဘဲ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြလေသည်။ မယုံနိုင်ဖြစ်နေသော အမူအရာများအား မြင်ရနိုင်၏။
"သူက ... တကယ်ပဲ လှေကားကို တက်နေတာပါလား"
"သူ့မှာ ဘယ်လိုကျင့်ကြံခြင်းအခြေခံရှိနေတာလဲ မဖြစ်နိုင်ဘူး"
"သူက ... ရင်းနှီးနေသလိုပဲနော်..."
ကျင့်ကြံသူများ မှင်သက်စွာ ကြည့်နေကြစဉ် မန်ဟိုသည် လှေကားထစ်များအတိုင်း တက်ပြီး၍ မြင့်သွန်းနေသော ဘုရားကျောင်း၏အရှေ့တွင် ရပ်လိုက်၏။ တံခါးအဖျက်စီးခံခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်ပြီး မန်ဟိုမှာ ထိုနေရာတွင် ရပ်နေစဉ် အတွင်းရှိ နတ်ရုပ်အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။
နတ်ရုပ်တစ်ရုပ်စီတိုင်းသည် ရှေးကံကြမ္မာဆိုးဘုရားကျောင်းမှ အစွမ်းထက်ပညာရှင်တစ်ဦး၏အသွင်ကို ဆောင်လျက်ရှိ၏။
"သူတို့က ကျီတျန်းနဲ့ တိုက်ခိုက်ခဲ့ပြီးတော့ ..." မန်ဟိုက ရေရွတ်လိုက်သည်။ "ရှုံးနိမ့်သွားခဲ့တယ်။ မျိုးနွယ်စုတစ်စုလုံး အမြစ်ဖြုတ်သုတ်သင်မခံခင် သူတို့ဟာ ကျီရဲ့ကောင်းကင်ကို ထာဝရ ဖီဆန်နေမှာဖြစ်တဲ့ စိတ်ဆန္ဒ၊ ဒီဘုရားကျောင်းကို ဆောက်ခဲ့ကြတာ ..." သူသည် ထိုနေရာတွင် ရပ်နေစဉ် တစ်ချိန်က ဩဇာကြီးမြတ်ခဲ့သော မျိုးနွယ်စုတစ်စုကို ကြည့်ရင်း သူတို့၏ ခမ်းနားသော ရာဇဝင်တစ်ခုလုံးကို မြင်ယောင်နေရသည့်အလား ခံစားရလေသည်။
အတန်ကြာသော် သူသည် လက်ယှက်၍ ဘုရားကျောင်းအား လေးလေးနက်နက် အရိုအသေပေးလိုက်၏။
ရှေးကံကြမ္မာဆိုးဘုရားကျောင်းတစ်ကျောင်းလုံးမှာ သူ၏လေးစားမှုဂါဝရကို တုံ့ပြန်သည့်အနေဖြင့် တုန်ခါလာသည်။ တဝုန်းဝုန်း မြည်သံများ ပဲ့တင်ထပ်လာပြီး အပြင်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ စိတ်နှလုံးတုန်လှုပ်လျက် တအံ့တဩ နောက်ဆုတ်သွားကြလေသည်။
အံ့ဩမှုသည် မန်ဟို ဘုရားကျောင်းအား အရိုအသေပေးလိုက်၍ တုံ့ပြန်သည့်အနေဖြင့် ဘုရားကျောင်းအတွင်းရှိ ရုပ်တုတစ်ဝက်ကျော်မှာ အသက်ဝင်လာသည့်အလား ပြန်လည်အရိုအသေပေးနေကြသည်ကို မျက်မြင်တွေ့နေခြင်းမှ လာသည်။
ထိုမျှသာမက ဘုရားကျောင်းမှ အရောင်အဝါတို့ တောက်ပလာပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်ကာ အရာအားလုံးကို ဖုံးလွှမ်းသွားလေသည်။
"ဘုရားရေ။ ဘာတွေဖြစ်နေတာလဲ။ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတုန်း"
"ရှေးကံကြမ္မာဆိုးဘုရားကျောင်းရဲ့ ရုပ်တုတွေက.... တကယ် အသက်ရှိနေတာပဲ"
"အဲ့ဒီကျင့်ကြံသူက ဘယ်သူတုန်းဟေ။ ဘုရားကျောင်းက ပြန်အရိုအသေမပေးဘဲ သူ့ရဲ့လေးစားမှုဂါဝရကို လက်မခံနိုင်တာလား" လူအုပ်ကြီး အုတ်အုတ်ကျက်ကျက် ဖြစ်နေစဉ်မှာပင် မန်ဟိုက ခေါင်းမော့လိုက်ကာ ရုပ်တုများအနက် ခြောက်ဆယ်ရာခိုင်နှုန်းက သူ့ကို အရိုအသေပေးနေကြောင်း မြင်လိုက်ရသည်။ ကျန်လေးဆယ်ရာခိုင်နှုန်းက ခပ်ရေးရေးအပြုံးများဖြင့် သူ့ကို ကြည့်နေလေသည်။
ဘုရားကျောင်း၏ ဟိုးအနောက်တွင်မူ မလှုက်မယှက် နေနေသော ခံခံညားညား ရုပ်တုကြီးသုံးရုပ်ရှိသည်။ သို့သော် ၎င်းတို့က မကောင်းသောစိတ်တစ်စုံတစ်ရာမှ မပါဝင်ဘဲ မန်ဟို့ကို ကြည့်နေကြသည်။
"အဲ့ဒါ ... အရှင်မင်းသားမန်ဟိုပဲ"
"မန်ဟို ... သွေးမင်းသားမန်ဟို" သူ့ကို မှတ်မိသူများ များပြားလာသည်နှင့်အမျှ စကားသံများ ဆူညံပွက်လောရိုက်လာသည်။
မန်ဟိုသည် ဘုရားကျောင်းအထဲအား ကြည့်နေစဉ် ရှေးဆန်သောအသံများစွာ သူ့နားနားကပ်၍ တတွတ်တွတ် ရေရွတ်နေသည်ကို တစတစ သိလာ၏။ အသံများမှာ မသဲကွဲပေါ်သော်လည်း တစ်နေ့တွင် ဘုရားကျောင်းမှ ထွက်ခွာကာ ကောင်းကင်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်မည်ဆိုသော မျှော်လင့်ချက်၊ ရည်မှန်းချက်တို့ ပြည့်နှက်နေသယောင်ပင်။
အတော်လေးကြာပြီးနောက် မန်ဟိုက ရှေးကံကြမ္မာဆိုးဘုရားကျောင်းအား ထပ်မံဂါဝရပြုပြီး လှည့်ထွက်သွားသည်။ သူ ပျံသန်းသွားစဉ် ရှေးကံကြမ္မာဆိုးဘုရားကျောင်းမှ ကွန့်မြူးနေသော အရောင်အဝါတို့မှာ တစတစ မှေးမှိန်လာပြီး ဘုရားကျောင်းသည် မူလအခြေအနေ ပြန်ရောက်သွား၏။
ရှေးကံကြမ္မာဆိုးဘုရားကျောင်းမှ ထွက်ခွာလာပြီးနောက်တွင် မန်ဟိုက တောင်ပိုင်းဒေသမှ ထွက်မသွားသေးဘဲ ရှေးဟောင်းတာအိုရေကန်များဆီသို့ ဦးတည်သွား၏။
"လုပိုင်နဲ့ ကျန်တဲ့သူတွေ အဲဒီအောက်မှ ပိတ်မိနေသေးလား မသိဘူး" သူက တွေးသည်။ သူသည် ထိုနှစ်တုန်း အန္တရာယ်များသောအခြေအနေများကို ကြုံတွေ့ခဲ့ရသည့် နေရာများစွာကို ဖြတ်သန်းရင်း ရှေ့ဆက်သွားနေပြီး နောက်ဆုံးတော့ ဝန်းကျင်၏ အလယ်တည့်တည့်၌ရှိသော ဧရာမတာအိုရေကန်ကြီး၏အပေါ်တွင် ရပ်လိုက်၏။ တောင်ပိုင်းဒေသတွင် အန္တရာယ်အများဆုံးနေရာတစ်နေရာကို ရွေးရမည်ဆိုလျှင် ရှေးဟောင်းတာအိုရေကန်များက သေချာပေါက် သူ၏ရွေးချယ်မှုဖြစ်လိမ့်မည်။
အထူးသဖြင့် ထိုနေရာရှိ နတ်မီးလျှံစမ်းသပ်ပွဲ၏ အဆင့် (၃) ကြောင့်ပင်။ မန်ဟိုမှာ ထိုမတော်တဆဖြစ်ရပ်ကို ပြန်တွေးကြည့်သောအခါ ပြန်သွားလျှင် ၎င်းအား ကျော်ဖြတ်နိုင်မည်လား၊ မကျော်ဖြတ်နိုင်ဘူးလား မပြောနိုင်သေးပေ။ သို့သော် သူ၏မျက်လုံးများ တောက်ပလာပြီး သူက သိုလှောင်အိတ်ကို ပုတ်ကာ အအေးဓာတ်အား ထုတ်လွှတ်နေသည့် အဖြူရောင်သလင်းကျောက်အား ထုတ်လိုက်သည်။
အအေးဓာတ်မှာ ခပ်ပျော့ပျော့သာ ဖြစ်သော်လည်း မန်ဟို၏ ခန့်မှန်းချက်များအရ ဤပစ္စည်းသည် လုံးလုံးလျားလျား ထူးကဲပေလိမ့်မည်။ ဤပစ္စည်းကား .... အင်မော်တယ်အပျက်အစီးများနယ်၏ စစ်သည်တော်စံအိမ်ထဲရှိ ဖုန်းရွှေသံလိုက်အိမ်မြှောင်မှ သူ ယူခဲ့သော သလင်းကျောက်ဖြစ်သည်။
"နတ်မီးတောက်ရဲ့ အဆီအနှစ်..." သိချင်နေသောအရိပ်အယောင်တို့က မန်ဟို၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ အဆင့် (၃) အတွင်းရှိ ဧရာမမီးတောက်ကြီးကို သူ မှတ်မိသေးသည်။ မီးပြင်းအားကား သူ၏စိတ်ကူးနိုင်စွမ်းထက် အဆမတန် ကျော်လွန်ခဲ့လေသည်။
ထိုနှစ်တုန်းက ကျင့်ကြံအဆင့်နိမ့်ကျနေမှုကြောင့် မန်ဟိုသည် 'အဆီအနှစ်' ဆိုသောအသုံး၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ ယခုလည်း နားမလည်သေးဘဲ စမ်းတဝါးဝါးသာ သိထားခြင်းဖြစ်သည်။
"ဒီအဖြူရောင်သလင်းကျောက်နဲ့တောင်မှ အဲဒီအဆင့်ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ခက်မှာ။ မီးတောက်ရဲ့ တချို့တဝက်ကိုပဲ လိုချင်တာဆိုပေမယ့် ... ဘာနဲ့ယူသွားနိုင်မလဲ"
သူသည် တိတ်ဆိတ်နေပြီးနောက် သိုလှောင်အိတ်ထဲမှ မီးသေနေပြီးဖြစ်သော ကြေးမီးအိမ်ကို ထုတ်လိုက်၏။ မီးအိမ်ကို ကြည့်နေသော သူ၏မျက်လုံးများကား တောက်ပလျက်ရှိလေသည်။
"တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်သွားတာနဲ့ ပြန်လာဖြစ်ဦးမလား မပြောနိုင်ဘူး။ သေဘေးတွေနဲ့ မုချ ကြုံလိမ့်မှာ။ ဒီမီးတောက်အဆီအနှစ်တချို့သာ ယူသွားနိုင်ရင် အန္တရာယ်တွေကြားမှာ ငါ့အတွက် ဝှက်ဖဲဖြစ်လာနိုင်တယ်။ အောင်မြင်မလား မသေချာပေမယ့် စမ်းကြည့်မှဖြစ်မယ်" မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် တာအိုရေကန်၏မျက်နှာပြင်ထက်သို့ ပျံဆင်းကာ အထဲနစ်မြုပ်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း သူကား ကန်၏ကြမ်းပြင်သို့ ရောက်သွားလေပြီ။ မည်သည့်ဝင်ပေါက်ကိုမှ မမြင်ရ။ အရာအားလုံးကား ပုံမှန်အတိုင်းသာ။ သို့သော် သူ့တွင် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းရှိကြောင်း ထည့်တွက်လျှင် မန်ဟိုသည် ကန်ကြမ်းပြင်ကို ကြည့်လိုက်သောအခါ ဧရာမနေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခုကို မြင်လိုက်ရ၏။
သူက ရိပ်ခနဲ လှုပ်ရှားရင်း ဝင်ပေါက်အတွင်း၌ သွားရပ်သည့်တိုင် မည်သည့်အရာမှ ဖြစ်မလာပေ။ သို့နှင့် နတ်ဘုရားစိတ်ဆန္ဒဖြင့် စကားတစ်ခွန်း ကူးပြောင်းပေးပို့လိုက်သည်။ "ကန်အောက်က ကမ္ဘာကို စောင့်ရှောက်တော်မူတဲ့ စီနီယာအပေါင်းတို့၊ အဆင့် (၃) ကို စိန်ခေါ်ဖို့ ကျုပ် ပြန်ရောက်လာပါပြီ"
သူ၏နတ်ဘုရားစိတ်ဆန္ဒကို တုံ့ပြန်သည့်အနေဖြင့် ကန်သည် တဖွေးဖွေး လှုပ်လာ၏။ တခဏကြာသော် နေရာရွှေ့ပြောင်းခြင်းမုခ်ဝသည် အလုပ်လုပ်လာပြီး တောက်ပသောအလင်းရောင်က မန်ဟို့ကို လွှမ်းခြုံသွားလေသည်။
မန်ဟို ပြန်မြင်ရသောအခါ မြေအောက်သို့ ရောက်နေပြီဖြစ်သည်။ မှော်ပစ္စည်းအပုံကြီးများနှင့် အရောင်ကွဲပြားသော သားရဲများက သူ့ကို ဝန်းရံထားလေသည်။ ဧရာမရွှေရောင်တံခါးချပ်ကြီးတစ်ချပ်ရှိပြီး ၎င်းအရှေ့၌ ရွှေရောင်သားရဲတစ်ကောင် လဲလျောင်းနေသည်။ ရုတ်တရက် သားရဲက မန်ဟို့ကို လှည့်ကြည့်လာသည်။
"မင်းက .... အဆင့် (၃) ကို စိန်ခေါ်ချင်တာလား" အဆိုပါအသံသည် မန်ဟို ဤနေရာသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်တုန်းက အလွန်ရှိန်စရာကောင်းခဲ့သော်လည်း ယခုမူ သူသည် အဆင့် (၁) အား အေးအေးလူလူ ကြည့်နေနိုင်လေပြီ။ လောလောဆယ်တွင် ထိုနှစ်တုန်းက သူနှင့်အတူ ဤနေရာသို့ ရောက်လာခဲ့သော ကျန်ရှိသူများအား အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
"ကျန်တဲ့လူတွေကို ရှာနေလည်း အလကားပဲ" အသံက ဆက်ပြောသည်။ "လုပိုင်ကလွဲပြီး အကုန်လုံး .... သေသွားတာကြာပြီ
"မင်း အဆင့် (၃) ကို တကယ်ပဲ စိန်ခေါ်ချင်တာ သေချာလား" ရွှေရောင်သားရဲက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်နေသောအသံကြီးဖြင့် မေးသည်။ ပတ်ဝန်းကျင်ရှိ ကျန်သားရဲအားလုံးက ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်နေကြလေသည်။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ ကျုပ် စိန်ခေါ်လိုတယ်"
***