လွတ်လွပ်လပ်လပ် ပျံသန်းခွင့်ပြုရတော့မယ်လေ
Vol. 64 Ch. 888
အဖြူရောင်သားရဲကြီးမှာ မန်ဟို အဆင့် (၂) တွင် ပြန်ပေါ်လာလျှင် အတော်လေး အံ့အားသင့်သွားသည်။
"မင်းရဲ့ ကျင့်ကြံအဆင့်အရဆိုရင် ရှုံးဖို့ ကံပါထားပြီးသား" သူက ပဲ့တင်ထပ်နေသောအသံကြီးဖြင့် ပြောသည်။ "ဒါတောင် မင်း အဲ့ဒီမှာ မသေခဲ့ဘူးပဲ ... " သူက မန်ဟို့ကို လေးလေးနက်နက် ကြည့်ပြီး သူ၏စုတ်ပြတ်သပ်နေသော အဝတ်အစားများကို သတိထားမိလျှင် သံသယအများစု ပျောက်ကွယ်သွားသည်။
မန်ဟိုသည် ခပ်ယဲ့ယဲ့ပြုံး၍ ခေါင်းခါပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
"စီနီယာ ၊ ကျုပ် ရိုင်းပျပြီး အလောကြီးခဲ့မိတယ်။ ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံက မတူတော့လို့ စမ်းကြည့်လို့ရမယ် ထင်ခဲ့တာ။ ခင်ဗျားပြောတဲ့အတိုင်း ကျရှုံးသွားလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး .... ကံကောင်းထောက်မစွာနဲ့ အနားကပ်မသွားခဲ့လို့သာပေါ့။ မဟုတ်ရင် အဲဒီမှာ မြေမြှုပ်သဂြိုဟ်ခံထားရလောက်ပြီ"
သားရဲအိုကြီးက ခေါင်းညိတ်လိုက်ပြီး မန်ဟိုက လက်ယှက်ကာ အရိုအသေပေးလိုက်သည်။ သားရဲအိုကြီးမှာ မန်ဟို သူ ထွက်ပေါက်မှ ပျောက်ကွယ်သွားသည်ကို မဟန့်တားပေ။
လုပိုင်မှာမူ မန်ဟို့နောက်ကျောကို တိတ်ဆိတ်စွာ ကြည့်လျက်။
**
ရှေးဟောင်းတာအိုရေကန်များအပြင်ရှိ တစ်ခုသောနေရာတွင် အလင်းရောင်များ တောက်ပလာကာ မန်ဟိုသည် မြေအောက်ကမ္ဘာ၏အပြင်သို့ နေရာရွှေ့ပြောင်းခံလိုက်ရ၏။ သူ သိုလှောင်အိတ်ကို ပုတ်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်စဉ် စိတ်လှုပ်ရှားနေသောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းလျက်ရှိသည်။
"မီတာ (၃၀၀၀) နယ်ပယ်ရလာတဲ့ အဲဒီမီးဝိညာဉ်က အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့် တစ်ယောက်ယောက်နဲ့ အန္တရာယ်များတဲ့ အခြေအနေရောက်ရင် သုံးနိုင်မယ့် ဝှက်ဖဲတစ်ချပ်ပဲ။ ကံဆိုးစွာနဲ့ မီးက ထာဝရမဟုတ်ဘူး။ ဘယ်နှကြိမ်လောက် သုံးနိုင်မလဲမသိဘူး။ သိပ်မများတာတော့ သေချာတယ်" ထိုသို့ပြောပြီးနောက် မန်ဟိုသည် ပျောက်ကွယ်သွား၏။
ကျန်ရက်များအတောအတွင်း မန်ဟိုက တောင်ပိုင်းဒေသတစ်ခွင် နေရာအတော်များများ၌ ပေါ်လာခဲ့သည်။ သူသည် အနက်ရောင်နယ်မြေအပါအဝင် ရင်းနှီးသောနေရာများစွာသို့ သွားရောက်ကာ မိတ်ဆွေများနှင့် ဆုံတွေ့ခဲ့၏။
မြောက်ပိုင်းသဲကန္တာရမှာ ရှိနေဆဲဖြစ်သော်လည်း နေရာအများစုမှာ ခရမ်းပင်လယ်များ၏ ဖုံးလွှမ်းခြင်းခံထားရရာ အသက်မဲ့လျက်ရှိချေသည်။
အနက်ရောင်နယ်မြေရှိ မိတ်ဆွေများကို နှုတ်ဆက်စကား ပြောပြီးနောက်တွင် သူသည် ကျီကောင်းကင်နှင့် တိုက်ခိုက်ခဲ့သော ဖြစ်တည်မှုကို တစ်ဖန်မြင်တွေ့ခဲ့ရသည့် နေရာသို့ ပြန်သွားလေသည်။ ထိုနေရာသို့ ရောက်သော် မည်သူ၏အရိပ်အယောင်ကိုမှ မတွေ့ရတော့ပေ။
ထို့နောက် သူသည် နဂါးငွေ့တန်းပင်လယ်သို့ သွားကြည့်သည့်အခါ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး တစ်ခါတုန်းကနှင့် တခြားစီဖြစ်နေ၏။ ထိုအတွင်းပတ်လမ်းထဲ၌ မြင်ခဲ့ရသော သူ၏ကျေးဇူးရှင်ရှေးဟောင်းသင်္ဘောကြီးကို အင်မော်တယ်အပျက်အစီးများနယ်တွင် မြင်ခဲ့ရလေသည်။
နဂါးငွေ့တန်းပင်လယ်ကို လှည့်ပတ်ပြီးနောက်တွင် သူသည် အရှေ့ဘက်နယ်မြေသို့ ပြန်သွား၏။ နောက်ဆုံးတော့ ထွက်ခွာရတော့မည့်အချိန် အမှန်တကယ် ရောက်လာပြီဖြစ်၍ သူ့မှာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
"ဖက်တီးက အခု ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်မှာ။ အစ်ကိုကြီးချန်က မြင့်မြတ်သောရေစီးဓားဂူ။။ ဝမ်ယိုချိုင်က လဆည်းဆာကန်... ကျီမျိုးနွယ်စုက ငါ သိတဲ့ ရွေးချယ်ခံတွေအကုန်လုံးတောင် နဝမတောင်ကို ထွက်သွားကြပြီ" ဤအရာအားလုံးကို မကြာသေးမီကမှ သူ့အဖေ ပြောပြခဲ့ခြင်းဖြစ်လေသည်။
သူ သိခဲ့သမျှ တောင်ပိုင်းဒေသမှ ရွေးချယ်ခံအကုန်လုံးမှာ သေလျှင်သေ၊ မသေလျှင် စွမ်းအားအရ သူ့ခြေဖျားပင် မမှီတော့ပေ။ အများစုကား သူနှင့်အကြည့်ချင်းဆုံရန်ပင် အရည်အချင်းမပြည့်မှီ။
"တကယ် ထွက်သွားဖို့ အချိန်ကျပြီပဲ" မန်ဟိုက သက်ပြင်းတစ်ချက်ချကာ တွေးလိုက်သည်။ သူသည် ယခုတွင် တောင်ကောင်းကင်၏အမှတ်တရများ မပျောက်ပျက်သွားအောင် သူ့စိတ်ထဲ၌ မှတ်သားရင်း တောင်တန်းများ၊ မြေပြင်များကို ဖြတ်၍ အရှေ့ဘက်နယ်မြေတစ်ခွင် လမ်းလျှောက်သွားနေ၏။ တစ်နေ့တွင် သူသည် အရှေ့ဘက်နယ်မြေရှိ မြစ်ကြီးတစ်စင်း၏ကမ်းစပ်သို့ ရောက်နေကြောင်း တွေ့လိုက်ရရာ ရုတ်တရက် ခြေလှမ်းများကို ရပ်လိုက်လေသည်။
အလွန်အားနည်းသော်လည်း ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို သူ အာရုံရခဲ့သည်။ ဤနေရာကိုသာ ဖြတ်လျှောက်မနေခဲ့လျှင် သူ့အနေဖြင့် ၎င်းအား ဘယ်တော့မှ သတိထားမိခဲ့မည်မဟုတ်ပေ။
"ဒီအရှိန်အဝါ ..." သူက အရှေ့ဘက်နယ်မြေ၏ အဓိကမြစ်ကြီးအဖြစ် မှတ်ယူနိုင်သော သူ့အရှေ့ရှိ မြစ်ကို ကြည့်လိုက်သည်။ ၎င်းသည် ကုန်းမြေထုကြီးကို နှစ်ပိုင်းပိုင်းထားပြီး တကယ်တမ်း နဂါးငွေ့တန်းပင်လယ်မှ ခွဲဖြာစီးဆင်းလာခြင်းဖြစ်၏။
ထူးဆန်းသည်ကား ဤအရှိန်အဝါသည် ရင်းနှီးရုံသာမဟုတ် အင်မတန် ရင်းနှီးနေခြင်းပင်။ ၎င်းကား .... သူ၏ကိုယ်ပိုင်အရှိန်အဝါဖြစ်နေသည်။
မန်ဟိုသည် တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်ရင်း အရှိန်အဝါ၏အငွေ့အသက်များနောက် လိုက်လာရာ မြစ်၏ချောင်ကျကျ ကမ်းစပ်အပေါ် ရောက်လာခဲ့ကြောင်း တွေ့လိုက်ရ၏။ အနီးနားတွင် လူတစ်ယောက်မှ မရှိသော်လည်း သားရဲတိရစ္ဆာန်များ၏ အရိပ်အယောင်များကိုတော့ မြင်ရနိုင်သည်။
တစ်ခုသောနေရာတွင် သူ့အား တုံ့ခနဲ ရပ်၍ မျက်လုံးပြူးကြီးများဖြင့် ချက်ချင်း ကြည့်လိုက်မိသော အရာဝတ္ထုတစ်ခုအား ခပ်တိမ်တိမ် ကမ်းစပ်တွင် လှမ်းမြင်လိုက်ရ၏။
အချိန်မှာ ကောက်ကာငင်ကာ ရပ်သွားပြီး ကမ္ဘာလည်နေခြင်း ရပ်သွားသယောင်ပင်။ ရေထဲ၌ ပေါလောပေါ်နေသော ထိုပစ္စည်းတစ်ခုတည်းမှအပ မန်ဟို့အရှေ့ရှိ အရာအားလုံး ပျောက်ကွယ်သွားသည်။ အဆိုပါပစ္စည်းမှာ ထာဝရတည်မြဲသော အရာတစ်ခုဖြစ်သည့်အလား သူ့မြင်ကွင်းထဲတွင် ၎င်းသာ ရှိတော့သည်။
၎င်းကား ရေထည့်ဘူးသီးခြောက်တစ်လုံးပင်။
ဘူးသီးခြောက်သည် မြစ်ရေထဲတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နစ်မြောလာခဲ့ရင်း ကျောက်တုံးနှစ်တုံးအကြား၌ ညက်နေခဲ့၏။ ၎င်းမှာ လုံးလုံးလျားလျား စုတ်ပြတ်သပ်နေပြီး တစစီကွဲကြေတော့ခါနီးဆဲဆဲဖြစ်နေသည်။ ၎င်းက တစ်စုံတစ်ယောက် ရောက်လာပြီး ကောက်လိမ့်မည်ကို စောင့်စားနေသည့်အလား တိတ်ဆိတ်စွာ ပေါလောပေါ်နေ၏။
၎င်းကို ညှပ်ထားသော ကျောက်တုံးနှစ်တုံးကြောင့်သာ မဟုတ်လျှင် ဘူးသီးခြောက်မှ ဟိုးတစ်ချိန်ကတည်းက မျောသွားခဲ့ကောင်း မျောသွားခဲ့လောက်သည်..... တန်နိုင်ငံသို့ပင် ရောက်ကောင်းရောက်သွားနိုင်သည်။
မန်ဟိုမှာ တုန်ရီစပြုလာသည်။ ရေထည့်ဘူးသီးခြောက်မှာ သာမန်သာ ထင်ရသော်လည်း သူ့အတွက် ဘယ်တော့မှ မေ့မရနိုင်မည့်အရာဖြစ်သည်။
စာပေသမားဘဝတုန်းက သူသည် အရာရှိစာမေးပွဲများကို ထပ်ခါတလဲလဲ ကျရှုံးခဲ့ပြီးနောက် တာ့ချင်းတောင်ထိပ်တွင် ရပ်ကာ စက္ကူတစ်ရွက်ပေါ်တွင် တစ်စုံတစ်ခုရေး၍ ဘူးသီးခြောက်ထဲ ထည့်ပြီး တောင်ခြေက မြစ်ထဲသို့ ပစ်ချခဲ့လေသည်။
ထိုမြစ်က အရှေ့ဘက်နယ်မြေအထိတစ်လျှောက် စီးဆင်းသည်ဟု ပြောကြသော်လည်း ၎င်းမှာ အရှေ့ဘက်နယ်မြေမဟုတ်ဘဲ နဂါးငွေ့တန်းပင်လယ်နှင့် ဆက်သွယ်နေခြင်းဖြစ်ကြောင်း မန်ဟို အချိန်အတော်ကြာကတည်းက သိထားခဲ့ပြီးဖြစ်သည်။
နှစ်တွေတစ်လျှောက်လုံး စွမ်းအားတစ်ရပ်ရပ်က ဘူးသီးခြောက်ကို နဂါးငွေ့တန်းပင်လယ်အားဖြတ်၍ အရှေ့ဘက်နယ်မြေအထိရောက်အောင် လမ်းပြပေးခဲ့သည့်အတွက် ၎င်းမှာ ဤမြစ်တွင် ရပ်တန့်သွားခဲ့သယောင်ပင်။
မန်ဟိုက ရင်းနှီးသောအရှိန်အဝါနှင့် ဘူးသီးခြောက်ကို စိုက်ကြည့်သည်။ သူ့မှာ ဤဘူးသီးခြောက်ကို တစ်နေ့ ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်း မြစ်ကြမ်းပြင်သို့ နစ်မြှုပ်သွားခဲ့လောက်ပြီ၊ တစ်ယောက်ယောက် ၎င်းကို ကောက်သွားခဲ့လောက်ပြီဟူ၍သာ ယူဆခဲ့၏။
"ငါ စတင်မကျင့်ကြံခင်တုန်းက ဒီဘူးသီးခြောက်ကို မြစ်ထဲ ပစ်ချခဲ့တယ်။ အခု ထွက်သွားတော့မယ်ဆိုကာမှ ထပ်တွေ့ရပြန်တယ်...." သူသည် ဘူးသီးခြောက်ထံသို့ တိတ်ဆိတ်စွာ လျှောက်သွားပြီး ခါးကိုင်း၍ ကောက်ယူလိုက်သည်။
၎င်းမှာ ဆွေးမြေ့နေသည့်အတွက် ၎င်းကို ဆုပ်ကိုင်လိုက်သည့်အခါ အားသုံး၍ဖွင့်စရာပင် မလိုကြောင်း ခံစားလိုက်ရသည်။
"ဒါပေမဲ့ .... ဘယ်လိုလုပ်ပြီး နှစ်ပေါင်းရာချီကြာခဲ့တာတောင် ရှိနေနိုင်သေးတာလဲ....။ သာမန်ဘူးသီးခြောက်တစ်လုံးပဲကို။ ဟိုးကတည်းက ပျောက်ကွယ်သွားခဲ့သင့်တာလေ" ၎င်းကို အကြာကြီး ကြည့်ပြီးနောက် သူက အဖုံးကို ဖွင့်လိုက်သည်။ အထဲမှာ အတန်ငယ် စိုထိုင်းနေသော်လည်း ရေတော့မရှိပေ။ မန်ဟို ၎င်းကို ပြောင်းပြန်လှန်လိုက်သည့်အခါ လိပ်ထားသော စက္ကူတစ်လိပ် ထွက်ကျလာသည်။
စက္ကူလိပ်ကို မြင်လျှင် အတိတ်ကို ပြန်ပြောင်းသတိရသွားသော ခံစားချက်အပြည့်နှင့် အမူအရာတစ်ခုက သူ၏မျက်နှာအပေါ်တွင် ပေါ်လာသည်။ သူသည် တာ့ချင်းတောင်ပေါ်တွင် ရပ်၍ စာမေးပွဲကျတိုင်း ပေါက်ကွဲသွားတတ်သော ဒေါသများကို အော်ဟစ်ပစ်နေသော ငယ်ငယ်ရွယ်ရွယ်သူ့ပုံစံကို ပြန်မြင်ယောင်လိုက်မိ၏။
ယွင်ကျဲစီရင်စုမှာတုန်းက သူ့ဘဝအကြောင်း၊ ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုလည်း တွေးလိုက်မိသည်။
သူသည် စက္ကူလိပ်ကို အသာအယာ ဖြေလိုက်၏။ စကားလုံးများမှာ အတော်လေး ဝေဝါးနေသော်လည်း ထိုနှစ်တုန်းက သူ ရေးခဲ့သည့် မဟာရည်မှန်းချက်ကြီးကို ခပ်ရေးရေးလေး မြင်လိုက်ရသည်...
သူ စက္ကူစကို ကြည့်ပြီး ပြုံးနေစဉ် ဘူးသီးခြောက်မှာ သူ၏အလိုဆန္ဒကို သယ်ဆောင်မထားရတော့သဖြင့် ပြာကျသွားလေသည်။ စက္ကူစလည်း သေးငယ်သောအပိုင်းအစများအဖြစ် တစတစပြိုကွဲသွားရင်း သူ၏လက်ချောင်းများကြားမှ ဖြတ်ကာ လေနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် မန်ဟိုသည် ရင်းနှီးသောအရှိန်အဝါ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။
သူက ဘာမှမပြောဘဲ ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ နောက်ဆုံးတော့ မျက်လုံးများ ပိတ်လိုက်၏။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားရင်း တစ်ပတ်ကြာခဲ့လေပြီ။ မြစ်ရေသည် တသွင်သွင် စီးဆင်းလျက်ရှိပြီး နေနှင့်လကား တစ်လှည့်စီ ထွက်လိုက်၊ ဝင်လိုက် ဖြစ်နေသည်။ ငှက်များ၊ သားရဲများသည် မြစ်ကမ်းစပ်တွင် ဟိုဟိုသည်သည် သွားလာနေကြ၏။
ခုနစ်ရက်ကြာသော် မန်ဟို၏မျက်လုံးများ ပွင့်လာပြီး ဉာဏ်အလင်းဖြင့် တောက်ပနေသည်။
"ကမ္ဘာလောကထဲမှာ လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ရပ်ရှိတယ် ..." သူက ရေရွတ်လိုက်သည်။
"ပြီးတော့ အဲဒီစွမ်းအားက အလိုရမ္မက်ပဲ
"အဲဒီသာမန် ဘူးသီးခြောက်ဟာ အတွင်းမှာရှိတဲ့ ငါ့အလိုရမ္မက်ကြောင့် ဒီနေ့အထိ မပျက်စီးဘဲ နေခဲ့တာပဲ။ ကျင့်ကြံသူတစ်ယောက်ဖြစ်လာတဲ့အခါ အဲဒီတုန်းက ငါ့မှာ ရှိခဲ့တဲ့ အလိုရမ္မက်က ငါ အစွမ်းထက်လာတာနဲ့အမျှ ကြီးထွားလာခဲ့ပေမယ့် ပြည့်ဝဖို့ ဝေးကွာနေခဲ့တယ်
"ငါ့ကိုယ်ပိုင်အရှိန်အဝါကြောင့်သာ .... အဲဒီဘူးသီးခြောက်က ဒီနှစ်တွေတစ်လျှောက်လုံး မပျက်စီးဘဲ ရှိနေခဲ့တာ
"သူ့ကို ကောက်ယူလိုက်တော့ ဘူးသီးခြောက်ထဲမှာ စုဝေးနေခဲ့တဲ့ အလိုရမ္မက်နဲ့ စက္ကူစဟာ ပျောက်ကွယ်သွားပြီး ငါ့လက်ထဲ ပြန်ရောက်လာတယ်။ အဲဒါက ဘူးသီးခြောက် ကောင်းကင်နဲ့မြေကြီးကနေ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းပဲ
"ပြိုင်ကွင်းတိုက်ပွဲမှာတုန်းက အမွှေးနံ့သာအစည်းအရုံးရဲ့ ရှဲ့ရီရှန်း ပြောခဲ့တာနဲ့ တူတယ်။ အမွှေးနံ့သာက .... သက်ရှိသတ္တဝါအားလုံးရဲ့ အလိုရမ္မက်တွေကို စုစည်းပေးပြီး အဲဒီအလိုရမ္မက်ကျင့်စဉ်က အမွှေးနံ့သာကျင့်စဉ်ပဲ
"အမွှေးနံ့သာရဲ့စွမ်းအားနဲ့ ပတ်သက်ပြီး ဒီမှာ ဉာဏ်အလင်းရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး" တခဏကြာသော် သူသည် လက်ကို ငုံ့ကြည့်ပြီးနောက် ဝှေ့ယမ်းလိုက်၏။
အချိန် နောက်ပြန်ရွေ့လျားသွားသည့်အလား လွန်ခဲ့သည့်ခုနစ်ရက်မှ ပြာမှုန်များ ရုတ်တရက် ပြန်ပေါ်လာသည်။ ၎င်းတို့သည် စက္ကူနှင့် ပျောက်ကွယ်သွားခဲ့သော ဘူးသီးခြောက်အသွင် ပြောင်းသွား၏။
မန်ဟိုက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် စက္ကူကို လိပ်၍ ဘူးသီးခြောက်ထဲ ပြန်ထည့်ကာ မြစ်ထဲ ပစ်ချလိုက်သည်။ ရေစီးနှင့်အတူ ဘူးသီးခြောက်သည် မြင့်ချည်နိမ့်ချည် လှုပ်ရှားရင်း အဝေးသို့ မျောသွားလေတော့သည်။
"လိုချင်တာကို မရသေးမှတော့ ဘူးသီးခြောက်ကို ဘယ်လိုလုပ် ပျောက်ကွယ်ခွင့်ပေးနိုင်မှာလဲ... အခုစကပြီး နောင်နှစ်တွေကြာလို့ တစ်ယောက်ယောက် ငါ့ဘူးသီးခြောက်ကို တွေ့ပြီး ဖွင့်လိုက်ရင် ငါ့အလိုရမ္မက်နဲ့ .... ငါ့အရှိန်အဝါကို တွေ့လိမ့်မယ်...." ဘူးသီးခြောက် အဝေးသို့ စီးမျောပျောက်ကွယ်သွားစဉ် ခပ်ရေးရေးအပြုံးတစ်စက သူ၏မျက်နှာထက်တွင် ဖြစ်ထွန်းလာသည်။
"ပြန်ဖို့ အချိန်ကျပြီ" သူက ပြောသည်။ သူသည် အသက်ပြင်းပြင်း ရှူပြီးနောက် စိတ်ပိုင်းဖြတ်ထားပြီးသော အမူအရာဖြင့် အဝေးသို့ လှည့်ထွက်သွားတော့၏။ နောက်ဆုံးတွင် သူကား ကောင်းကင်ထက်တွင် ပေါ်လာကာ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသော အလင်းစတစ်စအသွင်ပြောင်းသွားလေသည်။
တစ်ရက်ကြာသော်
အရှေ့ဘက်နယ်မြေ၏ ဖန်မျိုးနွယ်စုတွင် ဧရာနေရာရွှေ့ပြောင်းခြင်းမုခ်ဝကြီးတစ်ခုသည် ခြံဝင်း၏ထောင့်တစ်နေရာတွင် ဖန်ဆင်းခြင်းခံထားရ၏။ မုခ်ဝမှ ဖြာထွက်နေသော အလင်းရောင်ဘေးတွင် မန်ဟိုက သူ့အမေ၊ သူ့အဖေအပြင် သက်လတ်ပိုင်းလူတစ်ယောက်နှင့်အတူ ရပ်နေသည်။
သက်လတ်ပိုင်းလူသည် ဖန်ရှုံ့ဖုန်းနှင့် မန်လီအား အလွန်ရိုသေလေးစားစွာ ဆက်ဆံနေပြီး မန်ဟို့ကို ကြည့်လျှင် သူ၏မျက်နှာပေါ်၌ ခံစားချက်များကိုသာမက ချစ်မြတ်နိုးနေသောအရိပ်အယောင်ကို မြင်ရနိုင်၏။
"ဟိုအာ" ဖန်ရှုံ့ဖုန်းက ပြောသည်။ "ဒါ မင်းရဲ့ ဦးလေးဆယ့်ကိုး။ ငါ့ညီဝမ်းကွဲ၊ ငါတို့သွေးဆက်ကပဲ"
မန်ဟိုက လက်ယှက်၍ လေးလေးစားစား အရိုအသေပေးလိုက်သည်။
ဦးလေးဆယ့်ကိုးက လှိုက်လှိုက်လှဲလှဲ ရယ်ပြီး မန်ဟို့ကို ကပျာကယာ ခါးမတ်စေလိုက်သည်။ သူ၏ချစ်ခင်နေသော အမူအရာမှာ ပို၍သာ ထင်ရှားလာသည်။
"လိမ္မာလိုက်တဲ့ကလေး" သူက ပြောသည်။ "တော်တယ်၊ သိပ်တော်တယ်။ ဦးလေးတို့ မျိုးနွယ်စုကို ရောက်ရင် ဦးလေးသားတော်မောင်ကို ထိန်းပေးပါဦးကွာ။ တစ်နေကုန် လက်ယားလက်ယား လုပ်နေတာ ခေါင်းကိုက်စရာကောင်းတယ်*
"ဖန်မျိုးနွယ်စုက တောင်ကောင်းကင်ဂြိုဟ်နဲ့ ဝေးတဲ့ အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာ တည်ရှိတာ" ဖန်ရှုံ့ဖုန်းက တည်ငြိမ်လေးနက်သော အမူအရာဖြင့် မန်ဟို့ကို ကြည့်ရင်း ပြောသည်။ "သားရဲ့ ကျင့်ကြံခြင်းအဆင့်အရ ကြယ်တွေကြားမှာ တိုက်ရိုက်သွားလာလို့ မရသေးဘူး။ အဲဒီကို သွားဖို့ နှစ်ကြိမ်နေရာရွှေ့ပြောင်းဖို့ လိုလိမ့်မယ်။ ဦးလေးဆယ့်ကိုးက သားကို ကိုယ်တိုင်ခေါ်သွားပေးဖို့ ရောက်လာတာ"
မန်လီမှာ ဖန်ရှုံ့ဖုန်း၏ဘေးတွင် ရပ်ကာ သားဖြစ်သူနှင့် မခွဲနိုင်မခွာနိုင် ဖြစ်နေကြောင်း သိသာသည်။ သို့သော် မန်ဟို့လမ်းသည် တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် မဟုတ်ဘဲ ကြယ်တွေကြား၌ တည်ရှိကြောင်း သူမ သိလေသည်။
သူမ လုပ်နိုင်သမျှမှာ သူ၏အဝတ်အိတ်ကို သေသေသပ်သပ် လုပ်ပေးရုံသာ။ သူ့တွင် သိုလှောင်အိတ်ရှိသော်လည်း သူမကိုယ်တိုင် သူ့အတွက် အဝတ်အိတ် ချုပ်ပေးခဲ့၏။ သူမှာ သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ပေးရင်း သားဖြစ်သူကို ကြည့်ကာ မျက်ရည်များဝဲလာသည်။
"အမေ" သူက နူးညံ့စွာ ပြောသည်။ "စိတ်မပူပါနဲ့ ကျွန်တော် အဆင်ပြေမှာပါ"
"အဖေ့အနေနဲ့ တောင်ကောင်းကင်ကနေ ထွက်လာလို့မရဘူး" ဖန်ရှုံ့ဖုန်းက ပြောသည်။ "သား အဲဒီမှာ အန္တရာယ်ကြုံရင် အဖေ ကူညီပေးနိုင်မှာ မဟုတ်ဘူး မိကျောင်းက သားရဲ့ တာအိုစောင့်ရှောက်သူ လုပ်ပေးမှာဆိုပေမယ့် သားကိုသား ဂရုစိုက်မှ ဖြစ်မယ်" သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ မိကျောင်းက ပေါ်လာပြီး ရိုးရိုးကျိုးကျိုးနှင့် ကိုယ်ကိုကျုံ့ကာ မန်ဟို့လက်ဝါးအပေါ် သက်ဆင်း၍ သူ၏အင်္ကျီလက်စထဲ တိုးဝင်သွားသည်။ ဖန်ရှုံ့ဖုန်းက တည်ငြိမ်စွာ ဆက်ပြောသည်။ "သား သေသွားရင် ...
"အဖေ သားအတွက် ကလဲ့စားချေမယ်"
မန်ဟိုနှင့် ဦးလေးဆယ့်ကိုးက နေရာရွှေ့ပြောင်းခြင်းမုခ်ဝတွင် ရပ်လိုက်သည်။ နူးညံ့သောအလင်းရောင် တောက်ပလာစဉ် မန်ဟိုက အပြင်၌ရပ်နေသော မိဘနှစ်ပါးကို ကြည့်လိုက်သည်။ ရုတ်တရက် သူ၏မျက်လုံးများ စိုစွတ်လာပြီး သူက မိဘနှစ်ပါးကို သုံးကြိမ်သုံးခါ ဒူးထောက်ဂါဝရပြုရလိုက်၏။
"အဖေ ၊ အမေ ကျွန်တော် အခု သွားတော့မယ်... ကျွန်တော့်ကို လွမ်းစရာလည်း မလိုသလို စိတ်လည်း မပူပါနဲ့။ ကျွန်တော် မကြာမကြာ လာလည်ပါ့မယ်"
ဂျိန်း
နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှ အလင်းရောင်က ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ မန်ဟိုမှာ တစ်ကိုယ်လုံး ပျောက်ကွယ်မသွားခင် မိဘနှစ်ပါးအား လက်ပြနှုတ်ဆက်လိုက်၏။
မန်လီမှာ မန်ဟို ပျောက်ကွယ်သွားသည်ကို ကြည့်နေစဉ် မျက်ရည်များအား ထပ်မံချုပ်တည်းထားနိုင်စွမ်း မရှိတော့ပေ။ သူမနှလုံးသားထဲတွင် စိုးရိမ်စိတ်တို့ ပြည့်ကြပ်လာပြီး တခဏလေးနှင့် သူမမှာ အိုမင်းသွားတော့သည်။
ဖန်ရှုံ့ဖုန်းသည် အပြင်ပန်းတွင် စိတ်မာသယောင် ရှိသော်လည်း သူ၏မျက်လုံးများပင်လျှင် ဝေဝါးနေ၏။
"ကလေးတွေ အရွယ်ရောက်လာပြီ လီလီ။ ကိုယ်တို့ သူတို့ကို လွတ်လွပ်လပ်လပ် ပျံသန်းခွင့်ပြုရတော့မယ်လေ"
***