နေရာအနှံ့၌ ပုန်းအောင်းနေသော အသတ်အဖြတ်စိတ်ဆန္ဒများ
Vol. 64 Ch. 889
တောင်ကောင်းကင်ဂြိုဟ်ပေါ်က ပြိုးပြိုးပြက်ပြက်လက်နေသော အလင်းရောင်များသည် အပြီးတိုင် ပျောက်ကွယ်မသွားခင် အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည်အထိ တောက်ပသွားခဲ့၏။
အပြင်ဘက် ကြယ်တာရာကောင်းကင်တွင် ကြယ်စင်တာရာများအကြား ထာဝရ လွင့်မျောနေမည့်ပုံရသော ဂြိုဟ်သိမ်အစုအဝေးတစ်စု ရှိသည်။
ဂြိုဟ်သိမ်များအနက် အကြီးဆုံးသည် မီတာသောင်းချီ ကြီးမားကျယ်ပြောပြီး အသေးဆုံးက မီတာဒါဇင်မျှရှိ၏။ အဝေးမှကြည့်လျှင် အဆိုပါဂြိုဟ်သိမ်အစုအဝေးသည် အာကာသဟင်းလင်ပြင်ကိုဖြတ်၍ စီးဆင်းနေသော ကြယ်မြစ်ကြီးတစ်စင်းအလားပင်။
အာကာသ၏ ဤအပိုင်းမှာ ပကတိ မှောင်မည်းနေခြင်းမရှိပေ။ ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ် လက်နေသော အလင်းစက်များက ဟိုဟိုသည်သည် လင်းလက်နေတတ်၏။ ပထမဆုံးတစ်ချက်ကြည့်လျှင် ကြယ်တာရာကောင်းကင်မှာ အဆုံးမရှိသည့်အလား ထင်ရသော်လည်း တကယ့်တမ်း ထိုသို့မဟုတ်ပေ။ ၎င်းမှာ အသက်ဝင်နေပုံလည်း ရသည်။
ဂြိုဟ်သိမ်အစုအဝေးသည် ဒိုင်းများပုံသဏ္ဌာန် အံ့ဩဖွယ်စွမ်းအားများဖြင့် ဝန်းရံလွှမ်းခြုံထားရပုံပေါ်သော ခပ်ကြီးကြီးဂြိုဟ်သိမ်များစွာဖြင့် ပြည့်နှက်နေသည်။
ထိုဂြိုဟ်သိမ်များအနက် တစ်လုံးသည် မီတာထောင်သောင်းချီ ကြီးမားပြီး တလက်လက် တောက်ပနေသော အလင်းရောင်ကို ထုတ်လွှတ်နေ၏။ ၎င်း၏မျက်နှာပြင်အပေါ်တွင် စီရင်ထားသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ထောင်ကျော်ကို မြင်ရနိုင်သည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပြွတ်သိပ်ကြပ်လျက် ရှိ၏။
ထိုနေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခုသည် လောလောဆယ်တွင် မျက်စိကျိန်းမတတ် တောက်ပလာပြီး မန်ဟိုနှင့် ဦးလေးဆယ့်ကိုး၏ပုံရိပ်များသည် တစတစ မြင်သာလာ၏။
"ဟိုအာ" ဦးလေးဆယ့်ကိုးက အပြုံးတစ်စဖြင့် ပြောသည်။ "တောင်ကောင်းကင်ဂြိုဟ်နဲ့ အရှေ့အောင်ပွဲဂြိုဟ်က အင်မတန် ဝေးကွာတယ်။ အဲဒီကို တိုက်ရိုက် နေရာရွှေ့ပြောင်းဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ ဦးလေးတို့ ဒီမှာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝပြောင်းဖို့ လိုတယ်" မန်ဟို့ကို ကြည့်သောအခါ သူ့အကြည့်ထဲရှိ ခံစားချက်များနှင့် ချစ်ခြင်းမေတ္တာတို့သည် ပေါ်လွင်ထင်ရှားလာ၏။
အစ်ကိုဝမ်းကွဲ၏ သားဖြစ်သူ ပြစ်ဒဏ်အား အောင်မြင်စွာ ကျော်လွှားပြီးနောက်ဆုံး မျိုးနွယ်စုဆီ ပြန်လာနိုင်ခြင်းနှင့်ပတ်သက်၍ သူကား အလွန်ဝမ်းသာကျေနပ်နေလေသည်။
သူသည် ဖန်ရှုံ့ဖုန်း ပေးဆပ်ခဲ့သော ကြီးမားနက်ရှိုင်းသည့် တန်ကြေးကို ပြန်တွေးကြည့်လျှင် မချုပ်တည်းနိုင်တော့ဘဲ သက်ပြင်းချမိလေ၏။
"ဟိုနားသည်နား လျှောက်ကြည့်လို့ရတယ်" ဦးလေးဆယ့်ကိုးက ဆက်ပြောသည်။ "ဒီဂြိုဟ်သိမ်က ဖန်မျိုးနွယ်အပိုင်မလို့ အန္တရာယ်မရှိဘူး။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝနဲ့ပတ်သက်ပြီး ထိန်းညှိမှုအနည်းငယ်လုပ်ဖို့က အချိန်နည်းနည်းကြာဦးမှာ။ အခုအတိုင်းဆို မင်းရဲ့ကိုယ် ခံနိုင်ရည်မရှိလောက်ဘူး။ ဦးလေး အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် အချိန်လိုတယ်" ထိုသို့ပြောပြီးနောက် သူသည် နေရာရွှေ့ပြောင်းခြင်းမုခ်ဝအား ထိန်းညှိမှုများ စလုပ်တော့သည်။
မန်ဟိုက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးဘီဝဲယာကို ကြည့်ရန် နေရာရွှေ့ပြောင်းခြင်းမုခ်ဝ၏အပြင်သို့ ထွက်လိုက်သည်။
ထိုနေရာတွင် နေ မရှိ ၊ ကောင်းကင်မရှိပေ။ ပိတ်ပိတ်ပိန်းနေသော အမှောင်ထုအလယ်၌ မှိတ်တုတ်မှိတ်တုတ် လက်နေသည့် ကြယ်များကို မြင်ရနိုင်သည်။ ဤသည်မှာ မန်ဟို့အတွက် ကြယ်တာရာကောင်းကင်သို့ ပထမဆုံးအကြိမ် ထွက်လာဖူးခြင်းမဟုတ်သော်လည်း ယခင်အခေါက်များနှင့် ကွဲပြားနေ၏။
"ငါ တောင်ကောင်းကင်ဂြိုဟ်ကနေ တကယ် ထွက်လာခဲ့ပြီပဲ..." သူသည် အဝေးကို လှမ်းကြည့်လိုက်သော်လည်း အရှေ့အနောက်ဘယ်မှာ မသိသည့်အတွက် တောင်ကောင်းကင်ဂြိုဟ်၏တည်နေရာကို မှန်းမရတော့ပေ။ သူ့နှလုံးသားမှာ ဟာတာတာကြီးဖြစ်နေပြီး အရှေ့အောင်ပွဲဂြိုဟ်ပေါ်သို့ သူစိမ်းတစ်ယောက်အနေဖြင့် ရောက်သွားမည့်အပေါ်ကိုလည်း စိတ်လှုပ်ရှားနေသည်။
မှန်ပါသည်၊ ထိုနေရာသည် သူ မွေးဖွားခဲ့သော နေရာဖြစ်ပြီး သူ၏ဖန်မျိုးနွယ်စုအပိုင် ဂြိုဟ်တစ်လုံးလည်း ဖြစ်ချေ၏။
သူက သူ့အဖေ သူ့ကို ပေးထားသော ကျောက်စိမ်းပြားတစ်ပြားရှိနေသော သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ၎င်းတွင် ကြယ်တာရာများအကြားရှိ လမ်းအသွယ်သွယ်နှင့်အတူ နဝမတောင်နှင့်ပင်လယ်၏ မြေပုံပါရှိသည်။
"ဒီထိန်းညှိမှုတွေ လုပ်ပြီးတာနဲ့ ဦးလေးတို့ ခရီးဆက်လို့ရပြီ" ဦးလေးဆယ့်ကိုးက ခပ်ပြုံးပြုံးဖြင့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝအား မန်ဟို့အတွက် သင့်တော်အောင် ဆက်လက်ပြုလုပ်နေရင်း လှမ်းပြောသည်။ "ခေါင်းဆောင်ကြီးတွေအကုန်လုံး တံခါးပိတ်ကျင့်ကြံနေကြလို့ မဟာအကြီးအကဲကို တာဝန်ပေးထားခဲ့တာ။ သူက မင်းပြန်လာမယ်ဆိုတာ ကြားတာနဲ့ အပျော်ကြီးပျော်ပြီး မင်းကို ကြိုဖို့ မျိုးနွယ်ဝင်တွေအများကြီးကို စုဝေးခိုင်းထားတယ်လေ
"သိပ်စည်ကားနေမှာပဲ ဟားဟားဟား။ ပြန်ရောက်တာနဲ့ မင်း ဦးလေးရဲ့သားကို ဆုံးမပေးရမယ်နော်"
မန်ဟိုက ခေါင်းညိတ်လိုက်ပြီး သူ့နှလုံးသားထဲ၌ နွေးထွေးမှုတို့ ပေါက်ဖွားလာနေသည်ကို မထိန်းချုပ်နိုင်တော့ပေ။ ယင်းက မိသားစု၏ နွေးထွေးမှု၊ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်၍ အာကာသထဲ၌ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အေးစက်လာခဲ့သော နွေးထွေးမှုဖြစ်သည်။
"ဦးလေးဆယ့်ကိုး။ အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးက တကယ်ပဲ ဖန်မျိုးနွယ်စုအပိုင်လား" သူက မေးသည်။
"မင်းအဖေ မပြောပြဘူးလား။ ဟုတ်ပါတယ်လေ အစ်ကိုကြီးက မျိုးနွယ်စုအပေါ် နည်းနည်းမကျေမချမ်း ဖြစ်နေတာဆိုတော့လဲ။ အိုင်းရား....
"ဟိုအာ ၊ မြေပြင်တွေ၊ ဂြိုဟ်တွေအားလုံးက တကယ်တမ်း တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ သိပြီးသားမလား။ တစ်နည်းပြောရရင် ကြယ်တာရာကောင်းကင်မှာ တောင်ကိုးလုံးတည်ရှိပြီး တောင်တစ်လုံးစီမှာ ပင်လယ်တစ်စင်းစီရှိတဲ့အတွက် စုစုပေါင်းပင်လယ်ကိုးစင်း ဖြစ်တည်နေတယ်
"တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းကို တောင်ပင်လယ်အုပ်စုအဖြစ် ပိုင်းခြားထားတော့ လောကကိုးခုပေါ့
"အဲဒီလောကတစ်ခုစီမှာ ဂြိုဟ်ကြီးလေးလုံးက သက်ဆိုင်ရာတောင်တွေကို ထာဝရလှည့်ပတ်နေကြတယ်။ တောင်ကိုးလုံးရဲ့အပြင်မှာတော့ ဧရာမနက္ခတ်တာရာကြီးနှစ်ခုရှိတယ် ... နေ နဲ့ လ
"ကြယ်ပင်လယ်တွေရဲ့ ရောင်ပြန်ဟပ်မှုတွေကြောင့် နေနဲ့လဟာ ဂြိုဟ်တစ်လုံးစီမှာ ပုံသဏ္ဌာန်ချင်းမတူဘူး။ ဒါပေမဲ့ တကယ်တမ်း တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းလုံးအတွက် နေတစ်စင်း ၊ လတစ်စင်းပဲ ရှိတာ
"နဝမတောင်နဲ့ပင်လယ်ရဲ့ ဂြိုဟ်ကြီးလေးလုံးထဲက တစ်လုံးကတော့ ဖန်မျိုးနွယ်စုအပိုင် အရှေ့အောင်ပွဲဂြိုဟ်ပဲ။ ဂြိုဟ်ပေါ်မှာ တခြားဂိုဏ်းတွေ၊ အင်အားစုတွေရှိပေမယ့် ဖန်မျိုးနွယ်စုသာ အလိုရှိရင် အင်အားစုတွေအကုန်လုံးကို ပေါင်းစည်းပစ်နိုင်တယ်။ အဲဒီအစား ဦးလေးတို့က နေခွင့်ပေးထားတာ
"တကယ်တမ်း နဝမတောင်ပင်လယ်လောကမှာ အကြီးဆုံးဂြိုဟ်က အရှေ့အောင်ပွဲဂြိုဟ်မဟုတ်ဘဲ အနောက်ကျူပင်ဂြိုဟ်။ သူက အရှေ့အောင်ပွဲဂြိုဟ်ထက် အဆများစွာ ကြီးမားပြီး ဝမ်မျိုးနွယ်စု၊ စုန့်မျိုးနွယ်စုနဲ့ လီမျိုးနွယ်စုဆိုတဲ့ မျိုးနွယ်စုကြီးသုံးစု အခြေစိုက်ရာနေရာပဲ
"ပြီးတော့ တာအိုဆရာအစည်းအရုံးသုံးခုထဲက မြင့်မြတ်သောရေစီးဓားဂူနဲ့ တခြားနာမည်ကြီးဂိုဏ်းတွေကို တွေ့နိုင်တဲ့ အနောက်ပျော်ရွှင်ဂြိုဟ်ရှိသေးတယ်
"ဒီထက်ပိုပြီး ခွဲခြမ်းစိတ်ဖြာရရင် မင်းအနေနဲ့ နဝမတောင်၊ နဝမပင်လယ်တစ်ခုလုံးကို ကြည့်ဖို့လိုတယ်
"တခြားဟာတွေနဲ့ယှဉ်ရင် တောင်ကောင်းကင်က ထူးခြားတယ်။ မင်းအဖေက အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြမထားဘူးဆိုတော့ ဦးလေးလည်း မပြောတော့ဘူး" ရှင်းပြပြီးသော် ဦးလေးဆယ့်ကိုးက ပြုံးပြီး နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို ဆက်လက်ပြုပြင်နေသည်။
မန်ဟို၏မျက်လုံးများသည် စူးရှစွာ တောက်ပလာ၏။ ဦးလေးဆယ့်ကိုး၏ ရှင်းပြမှုမှာ သူနားလည်ထားသည့်အရာနှင့် ထပ်တူကျကာ မန်ဟို့အား မျက်လုံးထဲ ပိုပေါ်သွားစေသည်။
"ဦးလေးဆယ့်ကိုး။ အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာ တခြားဘာအဖွဲ့အစည်းတွေ ရှိတာလဲ" သူက ရုတ်တရက် မေးလိုက်သည်။
"နာမည်အကြီးဆုံးတွေကတော့ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းထဲက သွေးသစ်ခွဘုရားကျောင်းနဲ့ ရုပ်သေးနတ်ဘုရားကျောင်းတို့ပဲ။ သူတို့အပြင် ဆေးနတ်ဂိုဏ်းလည်းရှိတယ်။ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းထဲမှာ မပါပေမယ့် ဆေးဝါးတာအိုနဲ့ပတ်သက်ရင် နဝမတောင်ပင်လယ်တစ်ခုလုံးမှာ သူတို့က ခွန်လွန်အစည်းအရုံးရဲ့နောက် ဒုတိယလိုက်တယ်
"အရှင်းဆုံးပြောရရင် ... ဆေးနတ်ဂိုဏ်းနဲ့ ဖန်မျိုးနွယ်စုကြားမှာ နက်ရှိုင်းတဲ့ ပတ်သက်မှုရှိတယ်။ အိုင်းရား ... တကယ်တော့ စိတ်တိုပြီး ဂိုဏ်းကနေ ထွက်သွားတဲ့ ဖန်မျိုးနွယ်ခေါင်းဆောင်ကြီးတစ်ဦးက အဲဒါကို တည်ထောင်ခဲ့တာလေ
"မျိုးနွယ်စုကို ပြန်ရောက်ရင် ဦးလေးရဲ့သား၊ မင်းညီဝမ်းကွဲက မင်းကို အဲဒီအကြောင်းတွေ ထပ်ပြောပြပေးနိုင်တယ်" ဦးလေးဆယ့်ကိုးက လက်ကို ဆန့်ထုတ်ပြီး နေရာရွှေ့ပြောင်းခြင်းမုခ်ဝအပေါ် ဖိချလိုက်ရာ အလင်းရောင်များ ဖြာထွက်လာ၏။
"ကဲ ပြီးပြီ။ သွားစို့ ဟိုအာရေ။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာရင် မင်း အရှေ့အောင်ပွဲဂြိုဟ်ကို မြင်ရတော့မယ်" ဦးလေးဆယ့်ကိုးက အကျယ်ကြီးအော်ရယ်ရင်း နောက်မှ ပူးပူးကပ်ကပ် လိုက်လာသော မန်ဟိုနှင့်အတူ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲသို့ ဝင်ရောက်သည်။ နေရာရွှေ့ပြောင်းခြင်းအလင်းရောင် သူ့ကို ဝန်းရံသွားစဉ် မျှော်လင့်ချက်တို့အား မန်ဟို၏မျက်လုံးများတွင် မြင်ရနိုင်သည်။
မန်ဟိုနှင့် ဦးလေးဆယ့်ကိုးသည် မကြာမီ အလင်းရောင်နှင့်အတူ ပျောက်ကွယ်သွား၏။ သို့သော် သူတို့ ပျောက်ကွယ်သွားသော အခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ယောက် နေရာရွှေ့ပြောင်းခြင်းမုခ်ဝ၏အပေါ်၌ ပေါ်လာသည်။
သူ၏မျက်နှာထားသည် ရေခဲတမျှ အေးစက်ကာ မည်သည့်အမူအရာမှမရှိချေ။ သူကား ခံစားချက်တစ်စက်မှမရှိသယောင်ပင်။ သူသည် အသံမထွက်ဘဲ ပေါ်လာခဲ့ပြီး မန်ဟိုနှင့် ဦးလေးဆယ့်ကိုး မုခ်ဝထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်ကို မြင်လျှင် ညာခြေဖြင့် ပြင်းပြင်းထန်ထန် ဆောင့်နင်းကာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝအား ချက်ချင်း ကြေမွသွားစေ၏။
နေရာရွှေ့ပြောင်းခြင်းမုခ်ဝဆိုသည်မှာ ပုံမှန်အားဖြင့် ကြေမွသွားရန် အလွန်ခက်ခဲသည်။ မဟုတ်လျှင် မန်ဟိုနှင့် ဦးလေးဆယ့်ကိုးမှာ ၎င်းကို သုံးဖို့ ယုံကြည်ချက်ရှိခဲ့မည်မဟုတ်ပေ။ ဤဂြိုဟ်သိမ်မှာ ဖန်မျိုးနွယ်စုအပိုင်ဖြစ်သည့်အပြင် အပြင်လူများ မဝင်ရောက်နိုင်အောင် ကာကွယ်ထားသော ဒိုင်းတစ်ခုလည်း ရှိသည်မဟုတ်ပါလော။
အနက်ရောင်ဝတ်ရုံနှင့်လူက ကျောက်စိမ်းပြားတစ်ပြားကို ထုတ်၍ နတ်ဘုရားစိတ်ဆန္ဒတချို့အား အထဲသို့ ပို့လွှတ်လိုက်သည်။
"ပစ်မှတ်တွေ့ရှိ။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝ၏အခြေ ဖျက်စီးပြီး" ထို့နောက် သူ ပျောက်ကွယ်သွားသည်။
သူ ပျောက်ကွယ်သွားသည်နှင့်တစ်ဆက်တည်းဆိုသလို ဂြိုဟ်သိမ်နှင့် အရှေ့အောင်ပွဲဂြိုဟ်အကြား တစ်နေရာတွင် ဂျိန်းခနဲ မြည်သံနှင့်အတူ စူးရှသောအလင်းရောင်များအား ရုတ်တရက် မြင်လိုက်ရသည်။ အလင်း၏အလယ်တွင် အပေါက်တစ်ပေါက်က လေဟာနယ်ကို စုတ်ဖြဲ၍ သေစေနိုင်သောလှိုင်းများနှင့်အတူ ရောင်စုံအလင်းရောင်အား ထုတ်လွှတ်လေသည်။ အပေါက်ထဲမှ ကြုံးဝါးသံတစ်သံ ကြားလိုက်ရပြီး ဦးလေးဆယ့်ကိုးသည် ဆံပင်များ စုတ်ဖွာနေလျက် ဒေါသထွက်နေသောအမူအရာဖြင့် ကျင့်ကြံခြင်းအခြေခံကို အစွမ်းအပြည့်လှည့်ပတ်ရင်း ထွက်လာ၏။ ထို့နောက် မန်ဟိုက မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံကြီးနှင့်အတူ အပေါက်ထဲမှ ထွက်လာသည်။
ဦးလေးဆယ့်ကိုး၏မျက်နှာမှာ တင်းမာခက်ထန်လျက်ရှိကာ မန်ဟို၏မျက်လုံးများမှာတော့ စူးရှတောက်ပနေသည်။ စောစောက သူတို့နှစ်ယောက် နေရာရွှေ့ပြောင်းနေတုန်း နေရာရွှေ့ပြောင်းခြင်းဥမင်မှာ ပျက်စီးသွားခဲ့၏။ ဦးလေးဆယ့်ကိုးသာ သူ၏အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံဖြင့် မန်ဟို့ကို မကာကွယ်ပေးခဲ့လျှင် မန်ဟိုမှာ သေချာပေါက် အသတ်ခံရမည်ဖြစ်သည်။
ဦးလေးဆယ့်ကိုးနှင့် မန်ဟို ပေါ်လာလျှင်ချင်း သူတို့၏ပတ်ပတ်လည်တွင် လှိုင်းများဖြာထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ခံစားချက်မဲ့သောမျက်နှာထားများနှင့် အနက်ဝတ်လူရိပ်ကိုး ခုပေါ်လာသည်။ ကြည့်ရပုံထောက်လျှင် သူတို့သည် ဦးလေးဆယ့်ကိုးနှင့်မန်ဟို ပေါ်လာမည့် လမ်းကြောင်းကို တွက်ချက်ထားပြီးဖြစ်၍ သူတို့အား ချောင်ပိတ်ထားနိုင်သွားပုံပင်။ ဤသည်ကား ချုံခိုတိုက်ခိုက်ခြင်းဖြစ်ပေ၏။
အင်မော်တယ်နယ်ပယ်အဆင့် အထွတ်အထိပ်စွမ်းအားဖြင့် ကိုးယောက်လုံးက တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သဖြင့် တဂျိန်းဂျိန်း ပဲ့တင်ထပ်သွားသည်။
"သေစမ်း" ဦးလေးဆယ့်ကိုးက ဟိန်းဟောက်လိုက်သည်။ "ရာရာစစ။ ဖန်မျိုးနွယ်စုရဲ့ နေရာရွှေ့ပြောင်းခြင်းမုခ်ဝဆိုတာ မသိဘူးလားကွ" သူက ညာလက်ဖြင့် မုဒြာလက်ကွက်အား ချက်ချင်း ဖော်လိုက်ကာ အဖျက်အစီးအရှိန်အဝါတစ်ခုအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေသည်။
သို့သော် ဤအခိုက်အတန့်တွင် အားနည်းနည်းအရှိန်အဝါတစ်ခုက အာကာသထဲတွင် ဖြစ်တည်လာပြီးနောက် ကြောက်စရာကောင်းလောက်အောင် ပေါက်ကွဲထွက်လာ၏။ ဤအရှိန်အဝါကား အင်မော်တယ်နယ်ပယ်မဟုတ်ဘဲ ထို့ထက်တစ်ဆင့်သာသော ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့် ဖြစ်လေသည်။
ဤအရှိန်အဝါအသစ်ပေါ်ပေါက်လာမှုက ဦးလေးဆယ့်ကိုး၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူသည် အံကြိတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်လိုက်သောအမူအရာတစ်ခု ပေါ်လာ၏။ သူက မန်ဟို့ကို အလျင်အမြန် လှမ်းဆွဲပြီး မန်ဟို့အနောက် အလင်းတန်းအသွင်ဖြင့် လိုက်ပါသွားသော ပစ္စည်းနှင့်အတူ အဝေးသို့ အားကုန်ပစ်ပေါက်လိုက်သည်။
"ဟိုအာ ၊ ဒီကောင်တွေ ဦးလေးနောက် လိုက်လာတာ ဖြစ်လောက်တယ်။ မင်း ဒီကအရင်ထွက်သွား။ ဦးလေး ပြီးရင် လာရှာမယ်" ထို့နောက် ဦးလေးဆယ့်ကိုးက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။
"မဟာကောင်းကင်ဟင်းလင်းပြင်" ဦးလေးဆယ့်ကိုးက အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ရှေးဟောင်းနယ်ပယ်အရှိန်အဝါနှင့်အတူ အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူကိုးဦးကို စုပ်ယူလိုက်သော ဧရာမဝဲကြီးတစ်ဝဲ အသွင်ပြောင်းသွား၏။ ထို့နောက် သူတို့အားလုံး ပျောက်ကွယ်သွားလေပြီ။
အရာအားလုံးမှာ အင်မတန်လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ နေရာရွှေ့ပြောင်းခြင်းဥမင် ပျက်စီးသည့်အခိုက်အတန့်မှ ဦးလေးဆယ့်ကိုး နတ်ဘုရားစွမ်းရည်ကို ထုတ်၍ ရန်သူများကို ဝါးမြိုလိုက်သည်အထိ မျက်တောင်တစ်ခတ်စာပင် မကြာလိုက်ပေ။
မန်ဟိုမှာ ဟင်းလင်းပြင်ကိုဖြတ်၍ လွင့်နေစဉ် အသက်ပြင်းပြင်းရှူနေရ၏။ သူ့နောက် လိုက်နေခဲ့သော အလင်းတန်းက လွန်းပျံတစ်စင်းအသွင်ပြောင်းကာ သူ့ကို သယ်၍ အဝေးသို့ ထွက်သွားလေသည်။ လွန်းပျံအနေဖြင့် မန်ဟို့ကို ကြယ်တာရာကောင်းကင်မှ အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်လိမ့်မည်။
မန်ဟိုသည် ဦးလေးဆယ့်ကိုး လျှို့ဝှက်လူသတ်သမားများကို တိုက်ခိုက်ခဲ့သော နေရာကို ပြန်လှည့်ကြည့်လိုက်၏။ ထိုနေရာတွင် မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ မန်ဟိုတစ်ယောက်တည်းသာ ကြယ်များအကြား၌ ကျန်ခဲ့သည့်အလားပင်။
"အဲဒီလူတွေက ဦးလေးဆယ့်ကိုးနောက် လိုက်နေတာလား.... ငါ့နောက်လိုက်နေတာလား" မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ သူသည် ကျင့်ကြံခြင်းလောကတွင် မထုံတတ်ထေး လူသစ်လေးမဟုတ်တော့ပေ။ ကောင်းစွာ တွေးတတ်၊ မြင်တတ်လာခဲ့ပြီဖြစ်သည်။ သူ့မှာ တာအိုရှာဖွေခြင်းအဆင့်အထွတ်အထိပ်သို့ ရောက်ဖို့အတွက် အဖေနှင့် အမေကိုပင် မသိခဲ့ဘဲ သူ့အစွမ်းအစကိုယ်သာ အားကိုးရင်း ကျင့်ကြံခြင်းလမ်းကြောင်းတစ်လျှောက် ခရီးနှင်လာခဲ့ရသည်။ သူ ဖြတ်သန်းခဲ့ရသော ဆင်းရဲဒုက္ခများက သူ၏စိတ်စွမ်းအားနှင့် အလိုလိုသိစိတ်အား ကြောက်စရာကောင်းလောက်အောင် ဖြစ်စေခဲ့သည်။
သူသည် တခဏမျှ မရပ်နားဘဲ နတ်ဘုရားအာရုံတချို့ကို လွန်းပျံ ပို့လွှတ်လိုက်၏။ အတန်ကြာ တွေးပြီးသော် ဦးလေးဖြစ်သူကို ယုံကြည်ပေးပြီး ထိုလူများကလည်း သူ့ကို ပစ်မှတ်ထားခြင်းမဟုတ်လျှင် ယခု အချိန်တွင် သူ့စိတ်တိုင်းကျ လုပ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော် သူတို့၏ပစ်မှတ်က သူသာ ဆိုလျှင် ဦးလေးဆယ့်ကိုး၏တည်နေရာကိုသာမက၊ သူ၏တည်နေရာကိုလည်း သူတို့ သိနိုင်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် ဤလွန်းပျံထဲတွင် ... မလုံခြုံပေ။
နောက်ဆုံးတော့ သူသည် လွန်းပျံကို မသုံးရန် ဆုံးဖြတ်လိုက်ရင်း အသက်ပြင်းပြင်းရှူသွင်း၍ အံကြိတ်ပြီးနောက် လွန်းပျံ၏အပြင် ကြယ်တာရာကောင်းကင်သို့ ပျံထွက်လိုက်၏။
လွန်းပျံမှ ထွက်ခွာလိုက်လျှင်ချင်း မွန်းကြပ်သွားစေသော ဖိအားက သူ့အပေါ် သက်ရောက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်း ဟန်ချက်ပျက်သွားပြီး ချွေးများထွက်လာသည်။ ပြောရလျှင် အင်မော်တယ်မဟုတ်သူသည် ကြယ်များအကြား သွားလာခြင်းမပြုနိုင်ပေ။
"ငါ့မှာ အစစ်အမှန်အင်မော်တယ်စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းရှိတယ်။ အတုအယောင်အင်မော်တယ်တွေကိုလည်း လက်ကလေးလှန်သလို အလွယ်တကူ သတ်နိုင်တယ်။ အကြော ၄၀ အင်မော်တယ်တစ်ဦးနဲ့လည်း ယှဉ်နိုင်တယ်။ ဒါ့အပြင် ငါ့အပြင်အားကိုယ်က မယုံနိုင်လောက်အောင် အစွမ်းထက်တယ်။ ဒါကြောင့် ... ငါ ကိုယ့်အားကိုယ်ကိုးရင်း ကြယ်တွေအကြား ပျံသန်းသွားနိုင်တယ်
"ငါ့အမြန်နှုန်းက သိပ်မကြီးကျယ်လောက်ပေမယ့် ဘေးကင်းကင်းနဲ့ သွားနိုင်သေးတယ်" သူသည် လွန်းပျံကို အသာအယာ ပုတ်ကာ ဦးတည်ချက်ပြောင်းလိုက်ပြီး တစ်ဆက်တည်းမှာပင် သွေးတချို့အား ၎င်းအပေါ် ညစ်ချလိုက်ရာ သွေးတို့သည် နတ်ဘုရားစွမ်းရည်များ အသုံးမပြုနိုင်သော အကြမ်းထည်သွေးကိုယ်ပွားတစ်ကိုယ် ဖြစ်သွား၏။
လွန်းပျံက သူ၏သွေးကိုယ်ပွားကို သယ်ဆောင်ရင်း အဝေးသို့ တဟုန်ထိုး လွင့်မျောသွားသည်။
ထို့နောက် မန်ဟိုသည် အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားလေ၏။
***