ရှိန်လောက်ဖွယ် ရန်သူများနှင့် တိုက်ခိုက်ခြင်း
Vol. 64 Ch. 890
ဤအဆုံးမဲ့သော ဟင်းလင်းပြင်ကြီးကို ဖြတ်၍ ခရီးနှင်ရခြင်းမှာ အင်မော်တယ်အပျက်အစီးများနယ်ကို ဖြတ်သန်းသွားရခြင်းနှင့် မတူပေ။ ဤနေရာတွင် ပြင်းထန်သော လေးပင်မှုကို မန်ဟို ခံစားရသည်။
သို့သော် မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် ဟန်ချက်ထိန်း၍ ဆွဲအားဗဟိုချက်ကို လျင်မြန်စွာ ရှာဖွေပြီးနောက် တည်တည်ငြိမ်ငြိမ် ဆက်သွားနိုင်သွား၏။
"ဒီတော့ ဒီကျင့်ကြံခြင်းအခြေခံနဲ့ ကြယ်တွေအကြား အမှန်တကယ် ခရီးနှင်နိုင်တာပဲ" သူက မျက်လုံးများ တလက်လက် တောက်ပလျက် တွေးလိုက်သည်။ သူ့မှာ အသက်ရှူမရသော်လည်း ကျင့်ကြံသူများအတွက်မူ ကျင့်ကြံခြင်းအခြေခံအား လှည့်ပတ်ရုံမျှတင် လုံလောက်၏။ သူ့အတွက် သူ့ကိုယ်သူ အားဖြည့်ရန် ခန္ဓာကိုယ်၏အပြင်ရှိ မည်သည့်အရာကိုမှ မလိုအပ်ပေ။
သူသည် သူ့အဖေ ပေးထားသော ကျောက်စိမ်းပြားအား ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထို့နောက် ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးလျှင် မြေပုံကို အလျင်အမြန် ထုတ်ပြီး အရှေ့အောင်ပွဲဂြိုဟ်အား ရှာဖွေလိုက်သည်။ လက်ရှိနေရာထံမှ အကွာအဝေးကို ယှဉ်ကြည့်သောအခါ ... သိပ်တော့ မဝေးသော်လည်း သူ၏လက်ရှိနေရာမှာ မယုံနိုင်လောက်အောင် ချောင်ကျကြောင်း တွေ့လိုက်ရသည်။
သူသည် တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်ပြီးနောက် ကျောက်စိမ်းပြားကို သိမ်း၍ အဝေးသို့ ဆက်ထွက်သွား၏။ ခရီးနှင်နေစဉ် သူက ကြယ်များအကြား တိုက်ခိုက်ရခြင်းနှင့် အသားကျအောင် မှော်သိုင်းကွက်များ၊ နတ်ဘုရားစွမ်းရည်များအား မကြာခဏ ထုတ်လွှတ်တတ်လေသည်။
ရက်အနည်းငယ်ကြာသော် သွားနေရင်းတန်းလန်း သူ၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ လွန်းပျံထဲ၌ ချန်ထားခဲ့သော သွေးကိုယ်ပွား ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း သူ အာရုံရလိုက်လေသည်။
"ဒီတော့ သူတို့က ငါ့ကို ပစ်မှတ်ထားနေကြတာပဲ" သူက တွေးသည်။ သူ၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာ၏။
တစ်ချိန်တည်းမှာပင် ကြယ်တာရာကောင်းကင်အတွင်း၊ နောက်တစ်နေရာတွင် အနက်ဝတ်လူနှစ်ယောက်သည် မျက်မှောင်ကြုတ်ရင်း ပျံဝဲနေ၏။ သူတို့သည် စောစောက အနက်ဝတ်လူများနှင့် ဆင်တူဝတ်ထားသော်လည်း ထိုလူများတော့ မဟုတ်ပေ။
သူတို့၏အရှေ့တွင် လွန်းပျံအပျက်ကြီးရှိသည်။ ပြီးခဲ့သောအခိုက်အတန့်လေးကမှ လူရိပ်တစ်ခုအား လွန်းပျံထဲတွင် မြင်လိုက်ရသော်လည်း ၎င်းက သွေးစက်တစ်စက်ကိုသာ ချန်ခဲ့ရင်း အခိုးအငွေ့များအသွင်ပြောင်းကာ ပျောက်ကွယ်သွား၏။
"ဉာဏ်များတဲ့ ခွေးသားလေး" တစ်ယောက်က ပြောသည်။ "အဲဒီလောက် ငယ်ငယ်လေးနဲ့ အကွက်ချစီစဉ်တတ်မယ်လို့ ထင်မထားခဲ့ဘူး။ သူက တကယ် ဂရုတစိုက် လှုပ်ရှားနေတာပဲ"
"သူက စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်လေးသာသာပဲ" ကျန်တစ်ယောက်က ပြန်ပြောသည်။ အတုအယောင်အင်မော်တယ်နဲ့ ယှဉ်နိုင်ရင်တောင်မှ အစစ်အမှန်အင်မော်တယ်စွမ်းအား လေး၊ငါးဆယ်ရာခိုင်နှုန်းလောက်နဲ့ သိပ်ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူး။ သူ့အတွက် ကြယ်တာရာကောင်းကင်ကို ဖြတ်သွားဖို့ အင်မတန် ခက်လိမ့်မယ်။ လူခွဲပြီး ရှာရအောင်။ သူ့ကို ရှာဖို့ အချိန်ရှိပါသေးတယ်"
လူနှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီးနောက် လူစုခွဲ၍ နတ်ဘုရားအာရုံများ ဖြန့်ကျက်လျက် လိုက်ရှာကြတော့သည်။
နှစ်ယောက်လုံးသည် အင်မော်တယ်နယ်ပယ်အထွတ်အထိပ်တွင် ဖြစ်သော်လည်း အကြော (၈၀) မဖွင့်နိုင်ဘဲ (၇၀) ကျော်သာ ဖွင့်ထားနိုင်၍ အဆင့်(၇) အင်မော်တယ်များ ဖြစ်ကြသည်။
မန်ဟိုသည် တင်းမာခက်ထန်နေသော မျက်နှာထားဖြင့် တရိပ်ရိပ် သွားနေ၏။ ကြယ်တာရာကောင်းကင်နှင့် ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ သူ၏အမြန်နှုန်းမှာ တိုးလာလေသည်။ မကြာမီ ဤခရီးမှာ ဂြိုဟ်တစ်ဂြိုဟ်ပေါ်တွင် လျှောက်သွားနေသည်နှင့် ကွာခြားမှုအနည်းငယ်သာ ရှိတော့၏။
တခြားသူများဆိုလျှင် ယင်းသို့ လုပ်နိုင်မည်မဟုတ်ပေ။ သို့သော် မန်ဟိုကမူ ရရှိခဲ့သော အတွေ့အကြုံအားလုံးအပေါ် အခြေခံ၍ လျင်မြန်စွာ ကျွမ်းကျင်လာလေသည်။
"သူတို့ နေရာရွှေ့ပြောင်းခြင်းဖြစ်စဉ်ကို ဘယ်လို နှောင့်ယှက်နိုင်ခဲ့တာလဲ မသိဘူး" မန်ဟိုက တွေးသည်။ "ဒါမဲ့ အဲ့ဒါက သူတို့ ဘယ်လောက်အစွမ်းထက်သလဲ သက်သေပြနေတာပဲ
"ဦးလေးဆယ့်ကိုးသာ သူ့နတ်ဘုရားစွမ်းရည်ကို မထုတ်လွှတ်ခဲ့ရင် သူတို့က သူ့ကို ဒီအတိုင်း ချုပ်ပြီး တကယ့်ပစ်မှတ်ဖြစ်တဲ့ ငါ့နောက် လိုက်လာလောက်တယ်
"ငါ့ကို သတ်ချင်နေတာ ဘယ်သူလဲ" မန်ဟိုက မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေလျက် မျက်မှောင်ကြုတ်သွားသည်။
"ဖြစ်နိုင်ခြေနောက်တစ်ခုလည်း ရှိသေးတယ်။ အဲဒီရန်သူတွေက မျက်မြင်သက်သေ ဖျောက်ဖို့လေးအတွက် လွန်းပျံကို ခြေရာခံပြီး ဖျက်စီးခဲ့တာဆိုရင်တော့ ငါ့ကို ပစ်မှတ်ထားနေတာ မဟုတ်လောက်ဘူး" မန်ဟို့အတွက် အသေအချာမသိနိုင်သည့်အပြင် ရန်သူ၏လှုပ်ရှားမှုများအရ စဉ်းစားမိသော အခြားခန့်မှန်းချက်များ ရှိသေးသော်လည်း ... အဖြေကိုတော့ ပေါ့ပေါ့တန်တန် မဆုံးဖြတ်ရဲပေ။ ထိုအစား အမြန်ဆုံးဆက်သွားနေရာတွင်သာ အားထည့်လိုက်သည်။
ကုန်လွန်သွားခဲ့သည့် ခုနစ်ရက်အတောအတွင်း အနက်ဝတ်လူများသည် ပတ်ဝန်းကျင်တစ်ခွင် နှံ့နှံ့စပ်စပ် ဆက်ရှာလျက်ရှိ၏။ နောက်ထပ် အနက်ဝတ်ကျင့်ကြံသူတစ်ယောက်ရောက်လာရာ သုံးယောက်ဖြစ်သွားသည်။ သုံးယောက်အားဖြင့်ပင် အကြောင်းကားမထူး။
နောက်ဆုံးတော့ သူတို့သည် ဆွေးနွေးရန် ပြန်ဆုံလိုက်ကြ၏။
"သေစမ်း။ အဲဒီကလေး အတောင်ပေါက်ပြီး ပျံပြေးသွားတာများလား။ ဘယ်နေရာမှာမှ အရိပ်အယောင်တောင် မတွေ့ရဘူး"
"ကြည့်ရတာ ကြယ်တွေကြားမှာ အကြာပြီး ခံနိုင်ရည်ရှိစေတဲ့ မှော်ပစ္စည်းတစ်ခုခု ရှိလိမ့်မယ်။ နေရာထပ်ချဲ့ရအောင်။ သူတို့ကို လိုက်ရှာပြီး သတ်မှဖြစ်မယ်"
"ငါ့-ိုးမခွေးသား ၊ တွေ့တာနဲ့ သေပြီသာမှတ်"
သုံးယောက်သား ခပ်ဝေးဝေးတွင် လိုက်ရှာရန် မတူညီသောလားရာဘက်များသို့ ခွဲထွက်သွားကြသည်။
တစ်ယောက်က မန်ဟို အမှန်တကယ် ထွက်သွားသောဘက်သို့ ရောက်ရှိသွားသည်။
ရက်အနည်းငယ်ကြာသော် မန်ဟိုသည် တရိပ်ရိပ် သွားနေစဉ် မျက်နှာ ကွက်ခနဲ ပျက်သွား၏။ သူ၏အနောက်မှ ပြင်းထန်သောအသတ်အဖြတ်စိတ်ဆန္ဒလှိုင်းတစ်လှိုင်း ပေါ်ထွက်လာ၍ လှည့်ကြည့်လိုက်ရာ လဟာပြင်ကို ဖြတ်ရင်း သူ့ထံ ချဉ်းကပ်လာနေသော အနက်ဝတ်ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရ၏။
အနက်ဝတ်လူ၏မျက်နှာထားက တည်နေပြီး သူ၏သွေးအေးအေး မျက်လုံးများအတွင်း၌ လှောင်ပြောင်နေမှုအား မြင်ရနိုင်သည်။ သူ အနားရောက်မလာခင်မှာပင် သူ၏အသံက ဟိန်းထွက်လာသည်။
"ငါတို့ မင်းကို လျှော့တွက်ခဲ့မိတယ်" သူက ပြောသည်။ "မင်း ဒီလောက်ဝေးဝေး သွားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး" သူ ချဉ်းကပ်လာစဉ် အဆင့် (၇) အင်မော်တယ်တစ်ဦး၏စွမ်းအား ထွက်ပေါ်လာပြီး ဧရာမရုပ်တုကြီးတစ်ရုပ် သူ၏အနောက်တွင် ပေါ်လာသည်။
ရုပ်တုသည် မီတာ (၂၁၀၀၀) မြင့်မားပြီး မည်းနက်နေ၏။ ၎င်း၏ပုံပန်းသွင်ပြင်မှာ ကြောက်စရာကောင်းပြီး အနက်ဝတ်လူနှင့် လုံးဝမတူပေ။
သူက အစစ်အမှန်အင်မော်တယ်မဟုတ်ဘဲ အတုအယောင်အင်မော်တယ်ဖြစ်သည်။ သို့သော် အကြော (၇၀) ဖွင့်ထားပြီးသော အဆင့် (၇) အတုအယောင်အင်မော်တယ်တစ်ဦးပင်လျှင် မန်ဟို့အတွက် အတော်လေးအခက်တွေ့စေမည့် ကြောက်မက်ဖွယ်စွမ်းအင်အား ပိုင်ဆိုင်ထား၏။
မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူက ထိတ်လန့်ကြောက်ရွံနေသော ပုံစံဖြင့် နောက်ဆုတ်သွားသည်။
"ဘာ... ဘာလိုချင်တာလဲ" သူသည် အသံတုန်တုန်ရီရီဖြင့် အကျယ်ကြီးအော်လေ၏။ "ငါက ဖန်မျိုးနွယ်စုက။ ငါ့အဖေက ဖန်ရှုံ့ဖုန်း။ မင်းက ရာရာစစ ငါ့ကို သေကြောင်းကြံရဲတယ်ပေါ့" သူသည် တကယ်တမ်း သူနှင့်ရန်သူအကြားက အကွာအဝေးကို တွက်ချက်နေခြင်းဖြစ်၏။
အနက်ဝတ်လူက ကောက်ကျစ်စွာ ပြုံးသည်။ သူက ပြန်မဖြေဘဲ ထိုအစား ညာလက်ကို လေပေါ် မြှောက်ရင်း တိုးကပ်လာသည်။ သူ့အနောက်ရှိ ရုပ်တုကြီးမျက်လုံးများ တောက်ပလာပြီး ၎င်းက မန်ဟို့ကို တစ်ချက်တည်းနှင့် အသေရိုက်ပစ်ရန် ရွယ်ရင်း ၎င်း၏ဧရာမလက်ကြီးအား ဆန့်ထုတ်လိုက်သည်။
မန်ဟိုမှာ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေသည့်အလား လက်ဝါးကြီးကို သူ့အပေါ် ကျလာခွင့်ပြုထားသည်။ တစ်ချိန်တည်းမှာပင် အနက်ဝတ်လူက တိုးကပ်သထက် တိုးကပ်လာ၏။ သူကား ယခုတွင် မီတာသုံးရာပင် မဝေးတော့ပေ။
ထိုအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပလာသည်။ မီတာသုံးရာအကွာအဝေးသည် သူ့အတွက် နတ်ဘုရားစွမ်းရည်တချို့ ထုတ်လွှတ်ဖို့ နီးကပ်သင့်သလောက် နီးကပ်၏။ သူက ညာလက်ကို ဆန့်ထုတ်၍ ရန်သူအား လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်မှာ ထုတ်လွှတ်ခံလိုက်ရ၏။ ကြယ်တာရာကောင်းကင်သည် ရှုံ့တွသွားပြီး အနက်ဝတ်လူမှာ ရုတ်တရက် လှုပ်မရတော့ပေ။
ဤမန္တန်ကို သူ့ထက် ကျင့်ကြံအဆင့်များစွာ မြင့်မားသည့် လူတစ်ယောက်အပေါ် သုံးလိုက်သည့် တန်ပြန်သက်ရောက်မှုက မန်ဟို၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာစေသည်။ သို့သော် သတ်ဖြတ်လိုသောအရိပ်အယောင်မှအပ သူ၏မျက်နှာအပေါ်တွင် မည်သည့်နာကျင်မှုကိုမှ မမြင်ရပေ။ သူ့အမူအရာသည် ကြမ်းကြုတ်သထက် ကြမ်းကြုတ်လာ၏။
ရန်သူ ချုပ်နှောင်ခံလိုက်ရသော အခိုက်အတန့်တွင် မန်ဟိုက အင်္ကျီလက်စခါလိုက်သည်။ အနက်ရောင်အလင်းတန်းတစ်တန်းသည် အံဖွယ်စွမ်းအင်နှင့်အတူ ထွက်လာကာ မိကျောင်းပေါ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မိကျောင်းသည်လည်း အဆင့်(၇) အင်မော်တယ်တစ်ဦးဖြစ်ရာ ပေါ်လာလာချင်း ၎င်း၏အမြီးကို လွှဲရမ်းလိုက်၏။ ဖောင်းခနဲ အသံကို ကြားလိုက်ရပြီး အနက်ဝတ်လူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ မန်ဟိုနှင့် နီးကပ်နေလွန်းသည့်အတွက် သူ့မှာ ရှောင်ရန် အချိန်မရလိုက်ဘဲ ရိုက်ချက်ကို ခံကာ နောက်ဆုတ်လိုက်ရုံသာ တတ်နိုင်၏။ ဒေါသထွက်နေသော မိကျောင်းက သူ့အပေါ် ခုန်အုပ်လိုက်ပြီး နှစ်ယောက်သား ရှေ့တိုးနောက်ဆုတ်တိုက်ခိုက်ကြတော့သည်။
"သေစမ်း" အနက်ဝတ်လူက မျက်နှာဖြူဖပ်ဖြူလျော်နှင့် ပြောသည်။ သူသည် ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိပြီး အရူးလုပ်ခံခဲ့ရကြောင်း သဘောပေါက်လိုက်လေပြီ။ တိုက်ပွဲအား စပင် မစရသေးခင် သူ့မှာ ဒဏ်ရာရသွားရာ သူ၏အသတ်အဖြတ်စိတ်ဆန္ဒကို ဆူပွက်လာစေတော့သည်။ သူ တိုက်ကွက်တစ်ကွက်အား ထုတ်ဖော်တော့မည့်အချိန် မန်ဟိုက ကုတ်ခြစ်လိုက်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် လောကသစ်ပင်သား လှံရိုး၊ အရိုးလှံခေါင်းဖြင့် လှံရှည်တစ်လက် ပေါ်လာသည်။ သူ ၎င်းကို ကိုင်မြှောက်လိုက်သည့်အချိန်မှာပင် သု၏ဓမ္မဆင်းတုက သူ့အနောက်တွင် ပေါ်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ယခုအချိန်မှာ လျှိုထားရတော့မည့်အချိန်မဟုတ်၍ မျက်စိတစ်မှိတ်အတွင်း သူ၏ဓမ္မဆင်းတုကား မီတာ ၁၂၀၀၀ အထိ ကြီးထွားလာတော့သည်။
ဓမ္မဆင်းတုပေါ်လာလျှင်ချင်း အနက်ဝတ်လူ၏မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ဖြတ်ပြေးသွားသည်။ ရရှိထားသော အချက်အလက်အရ သူ၏ပြိုင်ဘက်မှာ အစစ်အမှန်အင်မော်တယ်စွမ်းအား သုံးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းမျှသာ ပိုင်ဆိုင်ထားလေသည်။ သို့သော် ယခုမူ သူ့မှာ အဆင့် (၄) အင်မော်တယ်တစ်ဦးကို ရင်ဆိုင်နေရရာ ... သူ၏ပစ်မှတ်က အင်မော်တယ်နယ်ပယ်မဟုတ်သည်ကို ထည့်တွက်လျှင် အလွန်တုန်လှုပ်ဖွယ်ကောင်း၏။
"သခင်ကြီးက ဒီကလေးကို အသေသတ်ဖို့ အမိန့်ပေးခဲ့တာ အံ့ဩစရာမရှိဘူး။ သူက မယုံနိုင်လောက်အောင် အမြော်အမြင်ရှိပြီး ဉာဏ်များတဲ့အပြင် မိုးကောင်းကင်ကို ဖီဆန်နေတဲ့ ကျင့်ကြံခြင်းအခြေခံရှိတယ်။ သူ့လိုလူကို အရှင်ထားလို့ မဖြစ်ဘူး" အံ့ဩတုန်လှုပ်မှုတို့ အနက်ဝတ်လူ၏ရင်ထဲတွင် ပြည့်နှက်လာစဉ် မန်ဟိုက မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်တို့ တဝင်းဝင်း တောက်ပလျက် ချဉ်းကပ်လာသည်။ သူ၏အနောက်တွင် သူ၏ဓမ္မဆင်းတုသည် ရှေ့တက်လာပြီး တစ်ဆက်တည်းမှာပင် တောင်ဝါးမြိုမန္တန်မှာ ထုတ်လွှတ်ခံလိုက်ရာ မရေမတွက်နိုင်သော တောင်များ ပေါ်လာပြီး တစ်တောင်နှင့်တစ်တောင် ချိတ်ဆက်ကာ အနက်ဝတ်လူအပေါ် ဖိချလိုက်သော တောင်တန်းတစ်တန်းအဖြစ် စုစည်းသွားသည်။
အနက်ဝတ်လူ မျက်နှာပျက်သွားပြီး သူ ပြန်တိုက်ခိုက်ရန် ပြင်တော့မည့်အချိန်မှာပင် မိကျောင်းက ဟိန်းဟောက်၍ ပြေးတက်လာပြန်သည်။ ဒဏ်ရာရထားပြီးသော အနက်ဝတ်လူမှာ မတတ်သာဘဲ နောက်ဆုတ်လိုက်ရပြန်၏။
ထစ်ချုန်းသံကြီး ကြားလိုက်ရပြီး သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့သော် ဤအခိုက်အတန့်တွင် အနက်ဝတ်လူနောက်တစ်ယောက်သည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားရင်း ရုတ်တရက် ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း သူက သူတို့အပေါ် ရောက်လာလေပြီ။ ဘန်းခနဲအသံ ဟိန်းထွက်သွားစဉ် အံ့ဩနေသော မန်ဟို၏ ရင်ဘတ်မှာ ချက်ချင်း ချိုင့်ဝင်သွားသည်။ သူ့မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ပမာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်သွားလေသည်။
မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် သူ့ထက် များစွာ နိမ့်ကျနေစေကာမူ ဒုတိယအနက်ဝတ်လူက အားကုန်တိုက်ခိုက်လိုက်သေး၏။ သို့သော် ထိုလူ မန်ဟို့ကို ပြန်ကြည့်လိုက်သည့်အခါ အံ့အားသင့်နေသောအမူအရာအား သူ့မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။
"မသေသေးဘူးလား" သူက ရိပ်ခနဲ လှုပ်ရှားကာ မန်ဟို့ကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
မန်ဟို့ရင်ဘတ်မှာ ပြင်းထန်စွာ နာကျင်နေပြီး သွေးများက သူ၏ပါးစပ်မှ တရစပ် စီးကျနေသည်။ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သပ်နေသော်လည်း သူ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေသည်။ သူ၏ထာဝရအလွှာက လောလောဆယ်တွင် သူ့ကို ကုသပေးနေသော်လည်း ထိုစဉ်မှာပင် တတိယအနက်ဝတ်လူ အဝေးတွင် ပေါ်လာခဲ့သည်ကို မန်ဟို လှမ်းမြင်လိုက်၏။
"တကယ်တော့ သုံးယောက်ကိုး" သူက မျက်လုံးများ မသိမသာ လက်သွားရင်း တွေးလိုက်သည်။ ထာဝရအလွှာ၏ ကုစားစွမ်းကို ယာယီချုပ်တည်းရင်း သူသည် ဒုတိယအနက်ဝတ်လူကို ရှောင်ရန် ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းလိုက်၏။ ဖောင်းခနဲ အသံကြားလိုက်ရပြီး မန်ဟိုမှာ ပါးစပ်မှ သွေးများပန်းထွက်ရင်း လူပုံစံပြန်ပြောင်းသွားသည်။ ဒုတိယအနက်ဝတ်လူက မျက်မှောင်ကြုတ်ပြီးနောက် ထူးဆန်းသောအမြန်နှုန်းကို ထပ်မံအသုံးပြုရင်း မန်ဟို့ထံ ပြေးဝင်လာသည်။
သို့သော် ထိုလု ရောက်လာခါနီးဆဲဆဲတွင် မန်ဟိုက ရုတ်တရက် မိုးကြိုးဒယ်အိုးအား ကိုင်ထားသော ညာလက်ကို ဆန့်တန်းလိုက်သည်။ လျှပ်စီးများ ဖျစ်ဖျစ်မြည်လာပြီး ဂျိန်းခနဲ အသံနှင့်အတူ သူကား တတိယအနက်ဝတ်လူနှင့် နေရာလဲသွားလေပြီ။
ရုတ်တရက် နေရာလဲလိုက်ခြင်းက မန်ဟို၏ဒဏ်ရာကို ပိုဆိုးသွားစေပြီး သွေးများမှာ ရေပန်းသဖွယ် သူ၏ပါးစပ်မှ ပန်းထွက်လာသည်။ သူ စိုးရိမ်တကြီး နောက်ဆုတ်လိုက်စဉ် တတိယအနက်ဝတ်လူ၏မျက်လုံးများက တောက်ပလာသည်။
"အဖိုးထိုက်ရတနာ" လောဘအရိပ်အယောင်အား ဒုတိယအနက်ဝတ်လူ၏မျက်လုံးများတွင်လည်း မြင်ရနိုင်သည်။ သူနှင့် တတိယအနက်ဝတ်လူသည် အဆင့် (၇) အင်မော်တယ်စွမ်းအားအပြည့်အဝအား တစ်ပြိုင်တည်းဆိုသလို ထုတ်ဖော်လိုက်၏။ သူတို့အတွက် မန်ဟိုမှာ အလွယ်တကူ သတ်နိုင်သောလူတစ်ယောက်ဖြစ်သည့်တိုင် ထုတ်နိုင်သမျှစွမ်းအားအကုန်ထုတ်ရင်း မန်ဟို့ထံ ပြေးဝင်သွားသေးသည်။
သူတို့ကား မြားများသဖွယ် လေကို ခွင်းကာ မျက်စိတစ်မှိတ်အတွင်း မန်ဟို့ထံမှ မီတာသုံးဆယ်သာ ကွာတော့လေပြီ။
"သေစမ်း" ဒုတိယအနက်ဝတ်လူက အေးစက်စက် ပြောသည်။ မန်ဟို့မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဝင်းခနဲ လက်လာပြီး ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲကာ ဒုတိယကိုယ်အစစ်ပေါ်လာသည်။ သူ၏ဒုတိယကိုယ်အစစ်က ရှေ့တက်၍ လက်နှစ်ဖက်ကို ဖြန့်ကာ ကာပေးလိုက်သည်။ ထိုအခိုက်အတန်တွင် မန်ဟိုက နောက်ဆုတ်ပြီးနောက် ကြေးမီးအိမ်ကို ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။
ကြေးမီးအိမ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် မှိန်ပျပျမီးတောက်လေးတစ်စ အထဲ၌ ပေါ်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါကြီး ပေါက်ကွဲထွက်လာသည်။ အနက်ဝတ်လူနှစ်ယောက်၏မျက်နှာများမှာ လုံးလုံးလျားလျား ပျက်ယွင်းသွားတော့၏။
***