← Chapters

နတ်မီးတောက်မှ အင်မော်တယ်များကို ပြာချပစ်ခြင်း

Vol. 64 Ch. 891

နတ်မီးတောက်မှ အင်မော်တယ်များကို ပြာချပစ်ခြင်း

Vol. 64 Ch. 891

လူနှစ်ယောက်မှာ ချက်ချင်း မျက်နှာပျက်ယွင်းသွားပြီး ထွက်ပြေးချင်သွားကြသည်။ သူတို့သည် အန္တရာယ်ကျရောက်နေသော်လည်း သူတို့၏ကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် ဘေးရှောင်ဖို့ မဖြစ်နိုင်ခြင်းမဟုတ်ပေ။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများသည် ရက်စက်စွာ တောက်ပလာ၏။

သူက နတ်ဘုရားစိတ်ဆန္ဒဖြင့် ချက်ချင်း စကားတစ်ခွန်း ပေးပို့လိုက်သည်။ "ဒုတိယကိုယ်အစစ် ဖောက်ခွဲပစ်လိုက်"

ဒုတိယကိုယ်အစစ်၏မျက်လုံးများ လင်းလက်သွားပြီး မျက်စိတစ်မှိတ်အတွင်း သူကား ခန္ဓာကိုယ်ဖောက်ခွဲပစ်လိုက်လေသည်။ ဤသည်မှာ အစစ်အမှန်အင်မော်တယ်ဝိညာဉ်၊ မန်ဟို၏အပြင်အားကိုယ်နှင့် အတွင်းရှိ နတ်ဘုရားစိတ်ဆန္ဒတို့ကို ဖောက်ခွဲခြင်းဖြစ်သည်။ ကြီးမားသောပေါက်ကွဲမှုကြီးက ကြယ်များကို တောက်ပသွားစေကာ နေတစ်စင်းပမာ စူးရှသောအလင်းရောင်တို့သည် အရပ်လေးမျက်နှာသို့ ဖြာထွက်လာ၏။

ဝုန်းးးးးးး

ဤကဲ့သို့ ဒုတိယကိုယ်အစစ်အား ဖောက်ခွဲပစ်ခြင်းမှာ လုပ်နိုင်သူမရှိသလောက်ရှားသည့် ပြတ်သားသောအကွက်တစ်ကွက်ဖြစ်သည်။ သို့သော် မန်ဟိုမှာ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ပြီးပြီဖြစ်ရာ သေစေနိုင်သောအန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ဖူး၏။ သူ၏ပြတ်သားသော အကျင့်စရိုက်ကြောင့် သူကား ဒုတိယကိုယ်အစစ်အား ဖောက်ခွဲပစ်ဖို့ တခဏလေးပင် တွန့်ဆုတ်ခြင်းမရှိပေ။

အနက်ဝတ်ကျင့်ကြံသူနှစ်ယောက်မှာ ထွက်ပြေးတော့ခါနီးဆဲဆဲ ဖြစ်သော်လည်း ခန္ဓာဖောက်ခွဲခြင်းသည် သူတို့ကိုပင် တုန်လှုပ်စေနိုင်သည့်အရာဖြစ်၏။ ‌နောက်ဆုတ်ရန် အခွင့်အရေးမရှိ‌တော့သဖြင့် သူတို့၏ပါးစပ်မှ သွေးများပန်းထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင် မန်ဟို၏မျက်လုံးများ၌ တဟုန်းဟုန်းတောက်နေသော အသတ်အဖြတ်စိတ်ဆန္ဒအား မြင်ရနိုင်သည်။ သူသည် ရှေးဟောင်းကြေးမီးအိမ်ကို ကိုင်၍ မှုတ်လိုက်၏။ သူ၏ထွက်လေ‌က မီးတောက်ကို ပွတ်တိုက်သွားလျှင် အတွင်းထဲရှိ မီးတောက်ကား ဝုန်းခနဲ ပြန့်ကားလာလေသည်။ ချက်ချင်းပင် မီးပင်လယ်တစ်စင်းသည် မန်ဟို့အရှေ့၌ ဖြစ်တည်လာ၏။

မီးပင်လယ်ကြီး ဒေါသူပုန်ထနေစဉ် ကြယ်များမှာ တုန်ခါလျက်ရှိလေသည်။

၎င်းသည် သိပ်ဝေးဝေးသို့ မပျံ့နှံသွားဘဲ မီတာဒါဇယ်အနည်းငယ်မျှသာ နေရာယူထား၏။ သို့သော် ထိုဧရိယာထဲတွင် ကြောက်မက်ဖွယ် မီးတောက်များက အရာအားလုံးကို ပုံပျက်ရှုံ့တွနေစေလေသည်။ အဝေးမှကြည့်လျှင် မီးပင်လယ်သည် တောင်ပံတဖျပ်ဖျပ် ခတ်ရင်း ဖျက်စီးစွမ်းအားများ ဖြန့်ကျက်နေသော ဧရာမလိပ်ပြာရိုင်းကြီးတစ်ကောင်ပုံစံ ထင်ဟပ်နေ၏။

အနက်ရောင်ဝတ်လူနှစ်ယောက်မှာ မချိတင်ကဲ အော်ဟစ်နေကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်ရန် မှော်ပစ္စည်းများ အသုံးပြုကြသော်လည်း တတိယအနက်ဝတ်လူ၏ ရတနာများပင် ချက်ချင်း ဖျက်စီးခံလိုက်ရလေသည်။ မီးတောက်များက သူတို့ကို လွှမ်းခြုံလာပြီး သူတို့အရေပြားများ အက်ကွဲလောင်ကျွမ်းလာကြသည်။

မီးပြင်းအားမှာ မန်ဟို ခန့်မှန်းထားသည်ထက်ပင် ပြင်းထန်သည်။ အဆုံးသတ်တွင် အနက်ဝတ်လူနှစ်‌ယောက်လုံး ပြာကျသွားရန် အသက်ရှုချိန်အနည်းငယ်မျှသာ ကြာလိုက်၏။ တစ်ယောက်က မသေခင်အခိုက်အတန့်၌ မန်ဟို့ကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီးနောက် သူ၏ကိုယ်ပိုင်ခန္ဓာကို လျင်မြန်စွာ ခြောက်ကပ်လာစေပြီး စွမ်းအားများ ဖြာထွက်သွားစေသော ပြိုင်ဘင်ကင်းနတ်ဘုရားစွမ်းရည်တစ်ခုကို သုံးလိုက်သည်။

"အတူတူ သေကြတာပေါ့" သူက ဟိန်းဟောက်လိုက်သည်။ စွမ်းအင်များက မန်ဟို့ထံ ပြေးဝင်ကာ လွှမ်းခြုံလိုက်လေသည်။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီစပြုလာသည်။ ကြီးမားသောစွမ်းအားက သူ၏အရေပြားများကို စုတ်ပြတ်လာစေ၏။ သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားသည့်အခိုက်အတန့်မှာပင် ထာဝရအလွှာက အလုပ်လုပ်လာသည်။ ‌ကြေးအိမ်တစ်ခုတည်းသာ ကျန်ခဲ့၏။ ထိုအချိန်တွင် ဒုတိယအနက်ဝတ်လူမှာ ပြာကျသွားပြီး ဝိညာဉ်ပြိုကွဲသွား၏။ မသေခင် နောက်ဆုံးအခိုက်အတန့်တွင် သူ၏မျက်လုံးများ၌ မည်သည့်နောင်တကိုမှ မမြင်ရပေ။ သူကား တာဝန်ကျေခဲ့ပြီဖြစ်သည်။

သူတို့၏ သိုလှောင်အိတ်များသာမက အရိုးများပင် လောင်ကျွမ်းပြာကျသွား၏။

သူတို့၏ဖြစ်တည်မှုကား အပြီးတိုင်ဖယ်ရှားခံလိုက်ရလေပြီ။

အဝေးတွင် ပထမအနက်ဝတ်လူသည် မိကျောင်းနှင့် လုံးထွေးသတ်ပုတ်နေဆဲဖြစ်၏။ သူသည် ဖြစ်ပျက်သွားခဲ့သောအရာကိုမြင်လျှင် ပါးစပ်အဟောင်းနှင့် မယုံနိုင်ဖြစ်ကာ ကြောက်လန့်သွားတော့သည်။

"အဲဒါ ဘာမီးလဲ"

သူ ရင်ဆိုင်နေရသော လူက ထိုမျှကြောက်စရာကောင်း‌လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူကို သတ်ဖို့အလို့ငှာ သူ၏သွေးသောက်ညီအစ်ကို အဆင့်(၇) အင်မော်တယ်နှစ်ဦးလုံး အသတ်ခံခဲ့ရပြီး တာဝန်ကျေပွန်ဖို့ အသက်ကိုပင် စတေးခဲ့ရလေပြီ။

ထိုမီးတောက်များက အနက်ဝတ်လူကို ရင်ခုန်သံများ ဗြောင်းဆန်လျက် မျက်နှာဖြူဆုပ်သွားစေသည်။ သူ့မှာ ယခုတွင် ပို၍ပင်ကြောက်လန့်သွားပြီး စောစောက ကမူးရှူးထိုး မတိုက်ခိုက်မိသည်ကိုပင် ကျေးဇူးတင်မိသွား၏။ မဟုတ်လျှင် သူလည်း သေသွားလောက်ပြီဖြစ်သည်။

"ဒီမန်ဟိုက ရက်စက်တယ်။ သူက ရန်သူကို သတ်ဖို့ သူ့ကိုယ်ပွားကို ဖောက်ခွဲပစ်ခဲ့တယ်။ သူသာ မပြတ်သားရင် ဟိုနှစ်ယောက် ထွက်ပြေးနိုင်ခဲ့မှာ။ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံအတိုင်းဆိုရင် ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ဖျက်စီးမခံရသင့်ဘူး

"ဒီကလေးသာ အခုလို စောစောစီးစီး‌ သေမသွားရင် ‌နဝမတောင်ပင်လယ်တစ်ဝန်း ဧကန် ကျော်ကြားလာလိမ့်မှာပဲ

"သေသွားတာ ဆိုးလွန်းတယ်" လောဘတို့ ထိုလူ၏မျက်လုံးများတွင် ပေါ်လာသည်။ သူသည် သွေးသံရဲရဲ အသားတုံးတစ်တုံး ကပ်နေသော ကြေးမီးအိမ်ကို ကြည့်လိုက်၏။ ၎င်းဘေးတွင် မန်ဟို၏သိုလှောင်အိတ်ရှိသည်။

"အဲဒီအဖိုးထိုက်ရတနာက အခု ငါ့အပိုင်ဖြစ်ပြီ။ နေရာလဲစွမ်းအားနဲ့ မိုးကြိုးဒယ်အိုးရောပဲ

"ဒါ့အပြင် မန်ဟို့ကို သတ်ပေးတဲ့အတွက် ဆုလာဘ်တွေအကုန်လုံးကို ငါ ရတော့မယ်" သို့သော် စိတ်လှုပ်ရှားနေသော ဤအခိုက်အတန့်တွင် သူ၏မျက်နှာတွင် မယုံနိုင်မှုဖြင့် ပေါ်လွင်လာသည်။ သူက အသံဩဩကြီးဖြင့် ပြောလေ၏။ "မဖြစ်နိုင်ဘူး"

ထိုအခိုက်အတန့်တွင် မန်ဟို့ခန္ဓာကိုယ်၏ တစစီဖြစ်နေသော သွေးသံရဲရဲ အပိုင်းအစများက ပြန်စုလာသည်။ ‌ထာဝရအငွေ့အသက်ကို သယ်ဆောင်လာသော ‌ရှေးအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ တခဏလေးတည်းနှင့် မန်ဟိုကား ပကတိအတိုင်း ပြန်ဖြစ်သွားလေပြီ။

သူ၏မျက်နှာမှာ ဖြူဆုပ်နေသော်လည်း သူ၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပနေ၏။ သူက အနက်‌ဝတ်လူကို သေလူတစ်ယောက်အလား သွေးအေးအေး မော့ကြည့်သည်။ ထို့နောက် သူသည် ကြေးမီးအိမ်အား သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ အထဲရှိ မီးပွားမှာ များစွာ မှိန်ကျသွားခဲ့လေပြီ။ ၎င်းအား တစ်ကြိမ်၊ နှစ်ကြိမ်ထက်ပိုပြီး သုံး၍မရတော့မည့်ပုံပင်။

အရာအားလုံးကို အစဉ်တကျ ပြန်သိမ်းပြီးနောက် မန်ဟိုသည် သူ၏ဒုတိယကိုယ်အစစ် ခန္ဓာဖောက်ခွဲသွားခဲ့သော နေရာသို့ လှမ်းကြည့်လိုက်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အသွေးအသားအစအနအကုန်လုံး သူ့ဆီ ပျံသန်းလာသည်။ အစစ်အမှန်အင်မော်တယ်ဝိညာဉ်မှာ အပြီးတိုင် ပျက်စီးမသွားခဲ့သော်လည်း မူလစွမ်းအားမှ ဆယ်ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။ ထိုအရာအားလုံးက နတ်ဆိုးစိတ်ဆန္ဒအစုအဝေး၊ အသားတုံးတစ်တုံးအသွင်ပြောင်းသွားသည်။ ပုံစံမှာ အနက်ရောင်နှလုံးသားအလားပင်။

၎င်းကို ချိတ်ပိတ်၍ သိမ်းပြီးသော် မန်ဟိုက မိကျောင်းနှင့် အနက်ဝတ်လူကို ကြည့်သည်။

အနက်ဝတ်လူက ကြောက်လန့်ရင်ခုန်စွာဖြင့် မန်ဟို့ကို ပြန်ကြည့်သည်။ မန်ဟိုကား ရှေးခေတ်က မကောင်းဆိုးဝါးကြီးတစ်ကောင်အလား ချဉ်းကပ်လာနေလေသည်။

အနက်ဝတ်လူသည် ကြီးစွာ တုန်လှုပ်နေပြီး ဒဏ်ရာများလည်း ရထားပြီးဖြစ်၏။ သူ့ရင်ထဲတွင် ပရမ်းပတာ ဖြစ်နေစဉ် မိကျောင်းသည် သူ၏ညာခြေကို ရုတ်တရက် ကိုက်ချလိုက်သဖြင့် ခြေတစ်ချောင်းလုံး ကြေမွသွားပြီး တဂျွတ်ဂျွတ် မြည်သံများ ထွက်လာသည်။ ထိုအခိုက်အတန့်တွင် မန်ဟိုက ခြေထောက်အောက်တွင် အနီရောင်ဝဲတစ်ဝဲဖြင့် ရောက်ရှိလာသည်။ ဝဲသည် သွေးပင်လယ်တစ်စင်းပမာ ဖြစ်လာသည့်တိုင်အောင် ကြီးသထက်ကြီးမားလာ၏။

"အနားကပ်မလာနဲ့" အနက်ဝတ်လူက သွေးရူးသွေးတန်း အော်သည်။ သူသည် နောက်ဆုတ်ဖို့ ကြိုးစားသော်လည်း မိကျောင်းက သူ့ကို ချုပ်လိုက်ရာ ဒဏ်ရာထပ်ရသွားပြန်သည်။ ဤအခိုက်အတန့်တွင် သူ့မှာ ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝပင် မထုတ်လွှတ်‌နိုင်တော့သည့်အပြင် အဆင့် (၅) အင်မော်တယ်အဆင့်သို့ လျောကျသွားခဲ့လေပြီ။

မန်ဟို ကြောက်စရာအမြန်နှုန်းဖြင့် ရွေ့လျားလာစဉ် သူ့ခြေထောက်အောက်ရှိ သွေးပင်လယ်သည် ကြီးသထက် ကြီးမားလာ၏။ အဆုံးသတ်တွင် မီးပင်လယ်သည် မန်ဟို့အား မြင်ပင် မမြင်ရတော့သည့်တိုင်အောင် လွှမ်းခြုံလိုက်သော ဧရာမဝဲကြီးတစ်ဝဲအလား တဖွေးဖွေး လှုပ်နေတော့သည်။

ဝုန်း

အနက်ဝတ်လူက မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ နတ်ဘုရားစွမ်းရည်တစ်ခုကို သွေးပင်လယ်အား ဝင်တိုက်သွားစေသည်။ ၎င်းမှာ ပြိုကွဲစပြုလာသော်လည်း ပြန်စုသွားသည်။ အနက်ဝတ်လူမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် မုဒြာလက်ကွက်များ အဆက်မပြတ် ဖော်ရင်း ဆက်တိုက် တိုက်ခိုက်နေသည်။ သူသည် တရစပ် နောက်ဆုတ်နေရပြီး မိကျောင်း၏ ကုတ်ဖဲ့ရိုက်နှက်ခြင်းကိုလည်း ခံနေရ၏။

သူ၏တိုက်ခိုက်လိုစိတ်မှာ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့လေပြီ။ သွေးသောက်ညီအစ်ကိုနှစ်ဦး သေဆုံးသွားသည်ကို မြင်ရခြင်းက သူ့အတွက် ကြီးမားသောထိုးနှက်ချက်ကြီး ဖြစ်ပြီး မန်ဟိုကလည်း အသက်ပြန်ရှင်လာခဲ့ရာ သူ့မှာ ပို၍ပင် အံ့ဩထိတ်လန့်ခဲ့ရလေသည်။

ထိုမျှသာမက သူ မည်မျှတိုက်ခိုက်စေကာမူ၊ မန်ဟို၏ သွေးပင်လယ်ဝဲကြီးကား ပျက်စီးမသွားပေ။ ဝဲသည် ပြိုကွဲသွားတိုင်း လျင်မြန်စွာ ပကတိအတိုင်း ပြန်ဖြစ်လာ၏။ အသက်ရှူချိန်အနည်းငယ်လေးအတွင်း သွေးပင်လယ်ဝဲသည် အနက်ဝတ်လူထံ ရောက်လာခဲ့ပြီး သူ့ကို လွှမ်းခြုံစပြုလာသည်။

‌အနက်ဝတ်လူ၏ ဗလုံးဗထွေး အော်ဟစ်သံများနှင့်အတူ တဘုန်းဘုန်း ၊ တဝုန်းဝုန်း မြည်သံများ ထွက်လာသည်။ ဝဲမှာ ပြိုကွဲသွားသော်လည်း ပြန်စုစည်းလာသည်။ ၎င်းပြိုကွဲလိုက်၊ ပြန်စုစည်းလိုက်ဖြစ်နေစဉ် အော်သံများမှာ တိမ်ဝင်လာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် အသံတစ်သံမှ မကြားရတော့ပေ။

မန်ဟိုသည် မျက်လုံးများပိတ်လျက် ကြယ်များအကြား ပျံဝဲနေစဉ် မျက်နှာနီရဲလျက်ရှိ၏။ ‌တခဏကြာသော် သူက မျက်လုံးများ ဖွင့်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသယောင် ရှိလေသည်။ သို့ထိတိုင် သတ်ဖြတ်လိုစိတ်အား သူ၏မျက်လုံးများထဲတွင် မြင်ရနိုင်သေး၏။

"ဆိုတော့.... သူတို့က ဖန်မျိုးနွယ်ကပေါ့" အဆုံးသတ်တွင် မန်ဟိုသည် အချိန်တိုလေးအတွင်း ထုတ်ဖော်၍ရသည့် သေစေနိုင်သော တန်ပြန်သက်ရောက်မှုများဖြင့် ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းရည်၊ သွေးမိစ္ဆာမဟာမှော်သိုင်း၏ အမြင့်ဆုံးစွမ်းရည်ကို အသုံးပြုခဲ့၏။

၎င်းက သားကောင်၏မှတ်ဉာဏ်များကို စုပ်ယူနိုင်သော်လည်း ခံနိုင်ရည်မဲ့သွားစေသော စွမ်းရည်ဖြစ်၍ သူ ဘယ်တော့မှ မသုံးခဲ့ဖူးပေ။

"ချစ်စရာကောင်းလိုက်တာ" သူက တွေးသည်။ "သိပ်နွေးထွေးတဲ့ မျိုးနွယ်စုလေး။ ပြန်တောင် မရောက်သေးဘူး၊ ငါ့ကို သတ်ဖို့ လူလွှတ်ပြီးပြီ...

"တစ်ယောက်ယောက် ငါ့ကို ဖန်မျိုးနွယ်စုဆီ အသက်ရှင်ရင် ပြန်မလာစေချင်တာ သိသာတယ်....

"ဘယ်သူ ငါ့ကို သတ်ဖို့ အမိန့်ပေးလဲ မသိရအောင် အနက်ဝတ်ကျင့်ကြံသူအပေါ်မှာ မှတ်ဉာဏ်ဖယ်ရှားအတတ်တစ်ခု သုံးထားတာ ဆိုးလွန်းတယ်။ အဲဒီလူ ငါ့ကို ကြောက်နေတာ အသိသာကြီး" မန်ဟိုက ပြုံးလိုက်သော်လည်း ၎င်းမှာ အန္တရာယ်များသောအပြုံးတစ်စ ဖြစ်လေသည်။

ယခုတွင် မန်ဟိုသည် ယခုတွင် မိဘနှစ်ပါးနှင့် ပြန်ဆုံစည်းပြီးနောက် သူတို့၏အကူအညီကို အားကိုးနိုင်သော မန်ဟိုမဟုတ်တော့ပေ။ သူ့မှာ သူ့ကိုယ်သူသာ မှီခိုအားကိုးနိုင်သော ယခင်မန်ဟို ပြန်ဖြစ်သွားလေပြီ။

"တစ်ယောက်ယောက် ငါ့ကို သတ်ချင်လေလေ၊ ဖန်မျိုးနွယ်စုကို ငါ သွားချင်လေလေပဲ" သူက အသတ်အဖြတ်စိတ်ဆန္ဒများ မျက်လုံးများတွင် တောက်ပနေလျက် ပြောသည်။ တဖြေးဖြေး အသတ်အဖြတ်ဆန္ဒက သူ၏စိတ်တစ်ခုလုံးထဲသို့ စိမ့်ဝင်လာသည်။ သူက အနက်ဝတ်လူ၏ သိုလှောင်အိတ်ကို ဖွင့်လိုက်သော်လည်း လွန်းပျံတစ်စင်းမှတစ်ပါး ဘာမှမရှိပေ။

လွန်းပျံသည် ဝိညာဉ်ကျောက်တုံးများကို စားသုံးပြီး သူ့အား ကြယ်များအကြား ခေါ်သွားပေးနိုင်၏။ သူ့တွင် ဝိ‌ညာဉ်ကျောက်တုံးများ ရှိနေသရွေ့ အလုပ်လုပ်လိမ့်မည်။ ကံဆိုးစွာနှင့် တည်ဆောက်ထားသော အရည်အသွေးနှင့် အလုပ်လုပ်သော မန္တန်အစီအရင်များကြောင့် ၎င်း၏ထိရောက်မှုမှာ အကန့်အသတ်ရှိသည်။ သို့သော် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများဖြင့်ဆိုလျှင်တော့ မြန်မြန် ရွေ့လျားနိုင်လိမ့်မည်။

လွန်းပျံကို တွေ့၍ သေသေချာချာ စစ်ဆေးပြီးသော် မန်ဟိုသည် ရွေးချယ်စရာမရှိတော့ကြောင်း သဘောပေါက်လိုက်၏။ သူက ၎င်းကို နတ်ဘုရားအာရုံဖြင့် အလျင်အမြန် တံဆိပ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ကာ ၎င်းအား ကြီးထွားလာစေသည်။ မီတာသုံးဆယ်အလျားသို့ ရောက်သည့်အခါ သူသည် ၎င်းထဲတွင် ဝင်ထိုင်ပြီးနောက် ရင်နာနာဖြင့်ပင် အဆင့်မြသ့်ဝိညာဉ်ကျောက်တုံးများကို ထုတ်၍ ၎င်း၏မျက်နှာပြင်အပေါ် ဖိချလိုက်သည်။ ဂျိန်းခနဲ လွန်းပျံကား ‌စတင်ရွေ့လျားသွားတော့၏။

ထိုစဉ် ကြယ်တာရာကောင်းကင်ထဲရှိ နောက်တစ်နေရာတွင် အင်‌မော်တယ်နယ်ပယ်ကျင့်ကြံခြင်းအခြေခံနှင့် အနက်ဝတ်လူနောက်တစ်ယောက်သည် တုံ့ခနဲ ရပ်လိုက်၏။ သူက ညာလက်ကို မြှောက်လိုက်ရာ ကြေမွနေသော ကျောက်စိမ်းပြားသုံးပြားပေါ်လာသည်။

"သေသွားပြီလား။ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ သုံးယောက်လွှတ်လိုက်တာလေ ... တခြားတစ်ယောက်ယောက် ဝင်ပါခဲ့တာများလား" အနက်ဝတ်လူက တခဏ တိတ်ဆိတ်နေပြီးနောက် မန်ဟို့ကို ကိုယ်တိုင်ရှာရန် အမြန်ဆုံး ဆက်သွားလေသည်။

"မန်ဟို့ကို သတ်ဖို့အတွက် ၊ ဒီအခွင့်အရေးလေးအတွက် သခင်ကြီးက မင်းသားဆယ်ကိုး ဝင်မပါနိုင်အောင်တောင် ထိန်းထားခဲ့တာ။ မန်ဟို ... သေမှဖြစ်မယ်။ သူ အရှေ့အောင်ပွဲဂြိုဟ်ကို အသက်ရှင်ရက် ရောက်သွားလို့မဖြစ်ဘူး"

***

All Chapters