← Chapters

အရှေ့ကောင်းကင်ဂိတ်

Vol. 64 Ch. 892

အရှေ့ကောင်းကင်ဂိတ်

Vol. 64 Ch. 892

လွန်းပျံသည် မန်ဟို စွမ်းဆောင်နိုင်သည်ထက် အဆမတန် ကျော်လွန်သော အမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်ကို ဖြတ်ကာ သွားနေလေသည်။ တစ်ချိန်တည်းမှာပင် ၎င်း ဝိညာဉ်ကျောက်တုံးများအား စားနေသောနှုန်းမှာ ကြောက်စရာကောင်းလာ၏။

မန်ဟိုမှာ ရင်နာနေသော်လည်း ရွေးချယ်စရာမရှိပေ။ သူ့မှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများကိုသာ အပေါက်ထဲသို့ ဆက်တိုက်ထည့်နေရတော့သည်။

လူအများစုအနေဖြင့် အကွာအဝေးတိုများအတွက်သာ ဤကဲ့သို့ပျံသန်းနည်းအား သုံးတတ်၏။ မန်ဟို့လို အချိန်ကြာမြင့်စွာ သုံးခြင်းမျိုးကား အတော်လေး ရှားလေသည်။

"အသက်အန္တရာယ်ကင်းဖို့အတွက်ပါပဲ...." မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အသားဂျယ်လီပေါ်လာသည်။ ၎င်းက ဗျစ်တောက်ဗျစ်တောက် ပြောသော်လည်း ဤတစ်ခေါက်တွင်တော့ မန်ဟို့နားချဖြောင်းဖျစေကာမူ သူ့ကို ကူညီပေးရန် သဘောမတူတော့ပေ။

မန်ဟိုမှာ တခြားရွေးချယ်စရာမရှိတော့သည့်နောက်ဆုံး ကြေးမုံကို ထုတ်ကာ ကြယ်တူရွေးကို လွှတ်ပေးလိုက်သည်။

၎င်းက ထွက်လာသည်နှင့် စတင်ဆဲဆိုတော့သည်။

"ငါလူးမ ဟိုဟိုလေး။ -ီးလိုပဲ" ၎င်းမှာ မျက်ရည်ဝဲတဲဝဲတဲဖြင့် အော်လိုက်သည်။ "‌‌သခင်ငါးတော့ နောက်ဆုံး ထွက်လာရပြီဟေး" ၎င်း ကြေးမုံထဲ ပိတ်ခံထားရသည်မှာ ကြာခဲ့လေပြီ။ ၎င်းအတွက်တော့ နှစ်တစ်သောင်းတိုင် ကြာသွားသည့်အလားပင်။ ယခု လွတ်လပ်သွားပြီဖြစ်ရာ ၎င်းသည် တဂီးဂီး အော်ရင်း ပျံဝဲနေတော့၏။

မန်ဟို့မှာတော့ အသားဂျယ်လီနှင့် ကြက်တူရွေးကို ကြည့်ရင်း ခေါင်းကိုက်လာသည်။

"အသားဂျယ်လီကို ငါ့အသွင်အပြင် ပြောင်းခိုင်းလိုက်" သူက ပြောသည်။ "မဟုတ်လို့ကတော့ အထဲမှာ ပြန်ပိတ်ထားမယ်"

ကြက်တူရွေးက ဒေါပွသွားပြီး ပူးပေါင်းရန် ငြင်းဆန်သော်လည်း ပိတ်ခံထားရသည့် နာကျင်မှုအပြင် အမွှေးအတောင်ပါချစ်သူလေးနှင့် တစ်တီမတူးရသည့်အဖြစ်ကို တွေးမိသော် ရုတ်တရက် ‌အတိုင်းထက်အလွန် ကြောက်လန့်လာ၏။

နောက်ဆုံးတော့ နှစ်ယောက်သား သဘောတူညီမှုတစ်ခု လုပ်ကြသည်။ ကြက်တူရွေးသည် မဟုတ်တရုတ် မလုပ်သရွေ့ ထပ်ပိတ်လှောင်ခံထားရမည်မဟုတ်ပေ။ ၎င်းက အသားဂျယ်လီထံ ချက်ချင်း ပျံသွားပြီး အမည်မသိနည်းလမ်းတစ်ခုအား အထက်စီးဆန်ဆန် သုံးလိုက်ရာ အသားဂျယ်လီမှာ အလွန်တရာ ပျာပျာသလဲလဲ ဖြစ်လာ‌တော့သည်။ နောက်ဆုံးတော့ ၎င်းသည် မျက်နှာကြီးဆူပုပ်ရင်း မန်ဟို့ပုံပန်းသွင်ပြင်နှင့် လွန်းပျံပုံစံကို ပြောင်းပေးလေ၏။

လွန်းပျံသည် အရှေ့အောင်ပွဲဂြိုဟ်သို့ တန်းတန်းမတ်မတ် သွားမည့်အစား မြွေလိမ်မြွေကောက်လမ်းကြောင်းအတိုင်း ရွှစ်ခနဲ ထွက်သွားလေ၏။

ရက်အနည်းငယ်ကြာသော် အင်မော်တယ်နယ်ပယ်အဆင့်ထက် ကျော်လွန်သော ကျင့်ကြံခြင်းအခြေခံနှင့် အနက်ဝတ်လူသည် မန်ဟို အနက်ဝတ်လူများနှင့် တိုက်ခိုက်သွားခဲ့သော နေရာ၌ ပေါ်လာ၏။ ဘေးဘီဝဲယာကို ခေတ္တမျှ စနည်းနာပြီးသောအခါ သူ့မှာ သိသိသာသာ တုန်လှုပ်သွားလေသည်။

"သူတို့ကို ပြာချသွားတာ ဘာမီးတောက်လဲ....

"မဟုတ်မှ ရှေးဟောင်းနယ်ပယ်မီးစွမ်းအားကို ကျင့်ကြံထားတဲ့ တာအိုစောင့်ရှောက်သူတစ်ယောက် သူ့မှာ ရှိနေတာလား" အရုပ်ဆိုးသောအမူအရာတစ်ခု ထိုလူ၏မျက်နှာအပေါ်တွင် ပေါ်လွင်လာသည်။ တခဏကြာသော် သူသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သော်လည်း မန်ဟို့အရိပ်အယောင်ကိုပင် မမြင်ရပေ။ အရေးအကြီးဆုံးက မန်ဟို့အရှိန်အဝါကို ရှာမတွေ့သဖြင့် သူ့ကို ရှာရန် ‌တိကျသောနေရာတစ်ခုအား အတည်မပြုနိုင် ဖြစ်နေခြင်းပင်။

အာကာသ၏အလယ်တွင် တစ်စုံတစ်ယောက်ကို ရှာခြင်းမှာ သမုဒ္ဒရာထဲ၌ အပ်ရှာနေသကဲ့သို့ ဖြစ်လိမ့်မည်။

"ငါ မလွတ်နိုင်ဘူးလို့ ပြောရင် မင်း မလွတ်စေရဘူး" ထိုလူက အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပြောသည်။ သူသည် ညာလက်ကို မြှောက်လိုက်ရာ အထဲ၌ အင်မတန်မှ အိုမင်းနေပြီဖြစ်သော ရှေးဟောင်းလိပ်ခွံတစ်ခွံကို မြင်ရနိုင်၏။

"သခင်ကြီးက မင်းသေတာလေး မြင်ရဖို့အတွက် ဒီအဖိုးထိုက်ရတနာကို သုံးဖို့တောင် ပေးခဲ့တယ်။ ဒီပစ္စည်းနဲ့ဆို မင်းကို သေချာပေါက် ခြေရာခံနိုင်တယ်ကွ" သူသည် မျက်လုံးများ တောက်ပနေလျက် လိပ်ခွံကို မြှောက်ကာ ရှုပ်ထွေးထူးဆန်းသော ဂါထာတစ်ပုဒ်ကို စရွတ်၏။ နောက်ဆုံး‌တွင် သွေးတချို့အား ၎င်းအပေါ် ထွေးချလိုက်လေသည်။

"ဖန်ဟို" သူက ဟိန်းဟောက်သည်။ လိပ်ခွံက သွေးကို စုပ်ယူပြီး တုန်ခါလာသည်။ တဖြေးဖြေး ၎င်းထံမှ ပူစီဖောင်းများ ထလာကာ အဆိုပါပူစီ‌ဖောင်းတစ်လုံးစီ၌ ပုံရိပ်များ လွင့်မျောနေသည်ကို မြင်ရနိုင်၏။

အနက်ဝတ်လူက ယုတ်မာစွာ ရယ်ရင်း ပူစီဖောင်းများကို စူးစူးစိုက်စိုက် ကြည့်သည်။ မန်ဟို၏သွေးကြောများထဲတွင် မျိုးနွယ်သွေးများ စီးဆင်းနေသည့်အတွက် ဤထူးဆန်းသောရတနာက မန်ဟို့ကို ရှာနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်ရှိသည်။

တခဏကြာသော် ရတနာသည် တလက်လက် တောက်ပလာပြီး မန်ဟို၏ပုံရိပ်ပေါ်လာသည်။ သို့သော် သူ ပေါ်လာသည့်အခိုက်အတန့်မှာပင် .....

ထူးဆန်းသောရတနာမှာ မန်ဟို့ကို ရှာနေစဉ် နှောင့်ယှက်လိုက်သောစွမ်းအားတစ်ရပ်ကို ကြုံတွေ့ခဲ့ရသည့်အလား တုန်ခါစပြုလာသည်။ ထို့နောက် ရတနာကား ခွမ်းခနဲ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့၏။

ပေါက်ကွဲသွားသည့်အခါ ရတနာမှ လိမ့်ထွက်လာသော အရှိန်အဝါတစ်ခုက အနက်ဝတ်လူကို တုန်ရီလာစေပြီး သူ့စိတ်ထဲတွင် ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းသွားစေသည်။

၎င်းမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၍ သူ့အတွက် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ ပေါက်ကွဲအားက သူ့ကို မီတာသုံးသောင်းအကွာထိ လွင့်ထွက်သွားစေကာ သွေးလုပ်သုံးလုပ် အန်လိုက်ရစေသည်။ အံ့ဩထိတ်လန့်မှုက သူ၏မျက်နှာတွင် မင်းမူသွား၏။

"သူ့ကို ခြေရာခံလို့မရဘူးတဲ့လား" သူက မျက်နှာဖြူဆုပ်နေလျက် ပြောသည်။ ထို့နောက် စောစောက အရှိန်အဝါကို ‌ပြန်တွေးကြည့်လျှင် ခေါင်းနပန်းကြီးလာလေသည်။

အချိန်များ ကုန်လွန်သွား၏။ သုံးလကြာခဲ့လေပြီ။ ထိုအတောအတွင်း အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်စု၏ အခြေအနေမှာ ထူးဆန်းနေခဲ့၏။ သုံးလမတိုင်ခင်က မျိုးနွယ်ဝင်တစ်ယောက်ကို ကြိုဖို့လွှတ်ခဲ့သော်လည်း မည်သူမှ ပေါ်မလာခဲ့ပေ။

ကြိုဆိုပွဲအခမ်းအနားအား ဖျက်သိမ်းလိုက်ရသည်။ နောက်ဆုံးတော့ သူတို့သည် တိုက်ရိုက်သွေးဆက်မြေးအကြီးဆုံးအား သွားခေါ်ဖို့ အလွှတ်ခံခဲ့ရသော မင်းသားဆယ့်ကိုးနှင့် အဆက်အသွယ်ပြတ်သွားကြောင်း သဘောပေါက်သွားခဲ့၏။ သူ‌ ပျောက်သွားမှုက အခြေအနေကို ပို၍ပင် ထူးဆန်းသွားစေသည်

တိုက်ရိုက်သွေးဆက်ဝင်အားလုံး ဒေါသူပုန်ထသွားကြသည်။ အတော်များများက လိုက်ရှာဖို့ ‌အရှေ့အောင်ပွဲဂြိုဟ်မှ ထွက်သွားကြသော်လည်း အကုန်လုံး အချည်းနှီးသာ။

တိုက်ရိုက်သွေးဆက်များသာ ထွက်ရှာကြခြင်းမဟုတ်။ သာမန်မျိုးနွယ်ဝင်များမှာလည်း မန်ဟို့ကို ရှာတော်ပုံဖွင့်ဖို့ စေလွှတ်ခံရလေသည်။ မှန်သည်၊ အနက်ဝတ်လူများလည်း မန်ဟို သို့မဟုတ် သူ့အလောင်းကို ရှာရန် ထွက်လာကြသည်။

ဘယ်သူမှ တောင်ကောင်းကင်ဂြိုဟ်ပေါ်က ဖန်ရှုံ့ဖုန်းဆီသို့ ထိုအကြောင်းအား လှမ်းမပြောရဲကြပေ။ နောက်ဆုံးတွင် မင်းသားဆယ့်ကိုး ပြန်ရောက်လာခဲ့ပြီး မဟာအကြီးအကဲအား အစီအရင်ခံသောအခါ မဟာအကြီးအကဲမျက်နှာကြီးမှာ အလွန်တရာ သုန်မှုန်သွားလေသည်။

မဟာအကြီးအကဲသည် ‌ဒေါသထွက်သွားပုံရပြီး ဖျက်စီးခံခဲ့ရသော နေရာရွှေ့ပြောင်းဥမင်ရှိရာသို့ပင် ကိုယ်‌တိုင်သွားရောက်စစ်ဆေးခဲ့၏။ အဆုံးသတ်တွင် သူက မင်းသားဆယ့်ကိုးအပေါ် အငြိုးရှိသည့် ဂိုဏ်းတစ်ဂိုဏ်းမှ အကောက်ကြံခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

မန်ဟို ဤအခြေအနေထဲသို့ ဆွဲသွင်းခံခဲ့ရသော အချက်က အတော်လေး ပွက်လောရိုက်သွားစေပြီး ဖန်မျိုးနွယ်စုသည် အတိုက်အခံဂိုဏ်းများအား ဖျက်စီးရန် ပညာရှင်တချို့ကို စေလွှတ်ခဲ့သဖြင့် အလွန်တုန်လှုပ်ဖွယ် ဖြစ်ခဲ့လေ၏။

သုံးလတိုင်တိုင် မန်ဟိုထံမှ သတင်းတစ်စုံတရာမျှ မကြားရသောအခါ ဦးလေးဆယ့်ကိုးမှ နေ့စဉ်နေ့တိုင်း သူ့ကိုယ်သူ အပြစ်တင်နေမိလေသည်။ သူသည် မန်ဟို့ကို နေရာအနှံ့လိုက်ရှာခဲ့သော်လည်း မည်သည့်အရာမှ မတွေ့ခဲ့ရပေ။ ဦးလေးဆယ့်ကိုးသည် ဖန်ရှုံ့ဖုန်းအား အင်မတန် အားနာမိသော်လည်း မပြောရဲ ဖြစ်နေ၏။

မှန်ပါသည်၊ သူသည် အစ်ကိုဝမ်းကွဲဖြစ်သူကို ငယ်ငယ်ကတည်းက ကြောက်ရွံ့ခဲ့ရသူပီပီ သူ၏စရိုက်ကိုလည်း ကောင်းကောင်းသိ၏။ ဖန်ရှုံ့ဖုန်းသာ ဖြစ်ပျက်သွားခဲ့သည့်အရာကို သိလျှင် မည်သူမှ ရလဒ်ကို မပြောနိုင်ပေ။ တစ်ခုကတော့ သေချာသည် .... ကြောက်စရာကောင်းသော မုန်တိုင်းကြီးတစ်လုံး သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည်။

တဖြေးဖြေး ဖန်မျိုးနွယ်စုတွင် အခြေအနေများ တည်ငြိမ်လာပြီး မန်ဟို့ကို ထွက်ရှာကြသူများ နည်းပါးလာသည်။ နောက်ဆုံးတွင် တိုက်ရိုက်သွေးဆက်များသာ ထိုကိစ္စကို စိတ်ဝင်စားကြတော့၏။

ဖန်မျိုးနွယ်စုသည် ကြီးမားပြီး တိုက်ရိုက်သွေးဆက်သည် တစ်ခေတ်တစ်ခါက ဩဇာအာဏာအရှိဆုံး ဖြစ်ခဲ့၏။ မန်ဟို့အဘိုးတွင် အလွန်‌တုန်လှုပ်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအခြေခံရှိပြီး အခြားတိုက်ရိုက်သွေးဆက်ခေါင်းဆောင်ကြီးများလည်း ရှိသည့်အပြင် မန်ဟို့အဖေသည် မျိုးဆက်တူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် ရွေးချယ်ခံတစ်ဦး ဖြစ်သည်။

သို့သော် ယခုတော့ မန်ဟို့အဘိုးမှာ ပျောက်နေပြီး ကျန်တိုက်ရိုက်သွေးဆက်ခေါင်းဆောင်ကြီးများမှာလည်း နိဗ္ဗာနပြန်မွေးဖွားခြင်းအခိုက်အတန့်သို့ ရောက်နေ၍ တံခါးပိတ်ကျင့်ကြံနေရလေသည်။ ဖန်ရှုံ့ဖုန်းမှာလည်း တောင်ကောင်းကင်ဂြိုဟ်သို့ ထွက်သွားခဲ့ရ၏။

ထိုအရာအားလုံးအပြင် မြေးအကြီးဆုံးမန်ဟိုကလည်း မသန်မစွမ်းအဖြစ် မွေးဖွားလာခဲ့သည်။ ဤသို့ဖြင့် တိုက်ရိုက်သွေးဆက်သည် တဖြေးဖြေး ဩဇာအာဏာကျဆင်းလာခဲ့‌လေပြီ။ ယခင်က ဩဇာအာဏာအရှိဆုံးဖြစ်ခဲ့သော်လည်း ယခုမူ မျိုးနွယ်ဝင်ဆယ်ရာခိုင်နှုန်းခန့်သာ တိုက်ရိုက်သွေးဆက်အပေါ် သစ္စာစောင့်သိကြတော့၏။

တိုက်ရိုက်သွေးဆက် ဩဇာအာဏာကျဆင်းလာစဉ် အရန်သွေးဆက်သည် နေရာရလာခဲ့၏။ ရွေးချယ်ခံဖန်ဝေ ဆင်းသက်လာသော သွေးဆက်တစ်ဆက်ရှိသည်။ ဖန်ဝေ၏အဖေ နှင့် ကျန်သွေးဆက်ခေါင်းဆောင်ကြီးများသည် ထွန်းတောက်ကျော်ကြားလာခဲ့ပြီး ပြီးခဲ့သည့်နှစ်ပေါင်းရာချီအတွင်း မျိုးနွယ်စုအတွက် တာဝန်ကျေပွန်ခဲ့၏။ သူတို့၏ဂုဏ်သတင်းကား မျိုးနွယ်စု၏အပြင်သို့ပင် ကူးစက်ပျံ့နှံ့လာခဲ့သည့်အတွက် အင်အားဆက်လက် ကြီးထွားခဲ့လေသည်။ မကြာမီ သူတို့သည် မျိုးနွယ်စုဝင်သုံးဆယ်ရာခိုင်နှုန်းအား သစ္စာခံ‌စေနိုင်ခဲ့၏။

ကျန်ခြောက်ဆယ်ရာခိုင်နှုန်းမှာ ကိုယ့်အင်အားနှင့်ကိုယ် ကြားနေသဘောဖြင့်သာ နေ၍ တစ်ယောက်အကူအညီလိုလျှင် တစ်ယောက်ပေးတတ်‌လေသည်။

နှစ်ဝက်ကြာသွားသည်။ မန်ဟို ပျောက်သွားခဲ့သည်မှာ တစ်နှစ်နီးပါးကြာခဲ့လေပြီ။ ယခုတွင် တိုက်ရိုက်သွေးဆက်များလျှင် သူ ပြန်လာမည်လား မျှော်လင့်ချက်မရှိတော့၍ ရှာဖွေမှုအားလုံးကို ရပ်လိုက်ကြလေသည်။

အနက်ဝတ်ကျင့်ကြံသူများပင်လျှင် မန်ဟို အာကာသထဲ၌ သေသွားပြီဟူ၍ ယူဆကာ လက်လျှော့သွားကြသည်။ အင်မော်တယ်နယ်ပယ်ထက် ကျော်လွန်သော ကျင့်ကြံခြင်းအခြေခံနှင့် အနက်ဝတ်ပညာရှင်ပင်လျှင် မန်ဟို့အရိပ်အယောင်ကို မတွေ့ပေ။ အာကာသသည် နေရာအကြီးကြီးတစ်နေရာဖြစ်ရာ အရှေ့အောင်ပွဲဂြိုဟ်ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်တစ်ခုလုံးကို အဝင်အထွက်ပိတ်၍ မဖြစ်ပေ။ ထိုနေရာတွင် လှုပ်ရှားသွားလာမှုများက ပျားပန်းခတ်နေသည်မဟုတ်ပါလော။

အရှေ့အောင်ပွဲဂြိုဟ်သည် တဖြေးဖြေး ပုံမှန်ပြန်ဖြစ်လာပြီး မန်ဟို့အကြောင်းလည်း သိပ်မတွေးကြတော့ပေ။

တစ်ရက်တွင် အရှေ့အောင်ပွဲဂြိုဟ်အပြင်ရှိ ကြယ်တာရာကောင်းကင်၌ မီတာသုံးဆယ် လွန်းပျံနှစ်စင်းသည် ဟိုယိမ်းသည်ယိမ်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရွေ့လျားလာ၏။ ၎င်းတို့ တရွေ့ရွေ့ နီးကပ်လာလျှင် လွန်းပျံတစ်စင်းအပေါ်၌ တင်ပျဉ်ခွေထိုင်နေသော မန်ဟို့ကို မြင်ရနိုင်သည်။ သူ၏အဝတ်အစားများသည် စုတ်ပြတ်နေပြီး သူ့မျက်နှာမှာ နွမ်းဖတ်ကာ အဝါရောင်သမ်းနေ၏။ သို့သော် သူ၏မျက်လုံးများမှာတော့ တောက်ပနေမြဲသာ။ ပထမဆုံးတစ်ချက်ကြည့်လျှင် သူသည် နုံနုံချိချိ ပုံစံရှိသော်လည်း သူ၏မျက်ဝန်းများကို ကြည့်သည်အခါ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ခွာလာခဲ့စဉ်တုန်းကထက်ပင်ပို၍ အစွမ်းထက်နေသည့်ပုံပေါ်လေသည်။

သူ့မှာ အရှေ့ရှိ ဂြိုဟ်သို့ ရောက်ရန် တစ်နှစ်နီးပါး ခရီးနှင်လာခဲ့ရ၏။ ‌အကြာကြီးကြာပြီးသည့်နောက်တွင်တော့ ထိုနေရာသို့ ရောက်ခါနီးလေပြီ။

သူ သုံးခဲ့ရသော ဝိညာဉ်ကျောက်တုံးပမာဏမှာ အံ့ဖွယ်အတိုင်းအတာအထိ ရောက်ရှိသွားခဲ့၏။ သူ့မှာ ထိုအကြောင်း တွေးလိုက်တိုင်း အံတင်းတင်းကြိတ်မိပြီး ရင်နာရလေသည်။

ခရီးနှင်လာခဲ့သည့်တစ်လျှောက်လုံး သူသည် ခြေရာခံ၍ လိုက်သတ်ရမည့်ဘေးအား ရှောင်ရှားဖို့အတွက် သတိကြီးစွာ ထားခဲ့ရ၏။ သို့ထိတိုင် အန္တရာယ်အမြောက်အမြားအား ရင်ဆိုင်ခဲ့ရပြီး မကောင်းဆိုးဝါးကျင့်ကြံသူများစွာနှင့် ပက်ပင်းတိုးခဲ့ရလေသည်။ မှော်တိုက်ပွဲများကိုလည်း အခါအားလျော်စွာ ဆင်နွှဲခဲ့ရ၏။

ဤနှစ်မှာ သူ့အတွက် လေ့ကျင့်ရေးကာလဟုပင် ပြောနိုင်ရာသည်။ မိဘနှစ်ပါး၏အရိပ်အာဝါသကိုလည်း လျင်မြန်စွာပင် မေ့ပျောက်သွားခဲ့လေပြီ။ သူကား တစ်ယောက်တည်း ရပ်တည်ရသည်က မည်သည်နှင့်တူသလဲ ထပ်မံခံစားရလိုက်၏။

"နောက်ဆုံးတော့ အရှေ့အောင်ပွဲဂြိုဟ်ကို မျက်စိနဲ့တပ်အပ် မြင်ရပြီ" သူက အရှေ့ရှိ ဂြိုဟ်ကြီးကို ကြည့်ရင်း တွေးလိုက်သည်။ ၎င်းသည် ဧရာမကြီးမားပြီး သုံးဆယ်ရာခိုင်နှုန်းကို ပြာလဲ့လဲ့ပင်လယ်ရေများဖြင့် ဖွဲ့စည်းထားကာ ကျန်ခုနစ်ဆယ်ရာခိုင်နှုန်းမှာ မြေထုဖြစ်သည်။ ကုန်းမြေများအနက်မှ အနီရောင်ကုန်းမြေတစ်ခုသည် ဂြိုဟ်၏တစ်ဝက်မျှကို နေရာယူထားပြီး ဆန်းကြယ်သော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေ၏။

မျောနေသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများစွာဖြင် ဖွဲ့စည်းထားသည့် လင်းလက်တောက်ပနေသော ကွင်းတစ်ကွင်းသည်လည်း ဂြိုဟ်ကို ဝိုင်းပတ်ထားသည်။ မြင်ကွင်းကား ရင်သပ်ရှုမောဖွယ် ကောင်းလှချေသည်။

မန်ဟိုသည် မြင်ကွင်းကို ရှုစားနေစဉ် ဂြိုဟ်သိမ်များအပေါ်၌ တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူများရှိကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။ တချို့ ဂြိုဟ်သိမ်များဆိုလျှင် အထွင်းခံထားရသော ကျင့်ကြံခြင်းဂူများပင် ရှိသည်။

ဂြိုဟ်သည် အစွမ်းထက်ကျင့်ကြံသူများဖြင့် ဖွေး‌ဖွေးလှုပ်နေပုံရပြီး ၎င်းတို့၏ကြောက်မက်ဖွယ်စွမ်းအားများက စုပေါင်းကာ ကြယ်တာရာကောင်းကင်သို့ လင်းရောင်ခြည်တို့ ဖြာထွက်နေစေလေသည်။

ဂြိုဟ်ပေါ်သို့ ခြေပင် မချရသေးခင် ၎င်းသည် စည်ပင်သာယာသော နေရာတစ်နေရာဖြစ်ကြောင်း ပြောနိုင်၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများက ဂြိုဟ်ထဲ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြသည်။ တောက်ပသော ရောင်စုံအလင်းတန်းများသည် ဟိုဟိုသည်သည် ပျံသန်းနေပြီး မြင်ကွင်းတစ်ခုလုံးက တောင်ကောင်းကင်နှင့် လွန်စွာခြားနားနေရာ မန်ဟို့မျက်လုံးများတွင် အေးစက်စက်အလင်းရောင်တစ်စ ပေါ်လာစေသည်။

မန်ဟို့ဘေးရှိ လွန်းပျံ‌ထဲတွင် လူငယ်တစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် ပြုံးလျက် နတ်ဘုရားစိတ်ဆန္ဒကို သုံးကာ မန်ဟို့ထံသို့ စကားပေးပို့လိုက်သည်။

"အစ်ကိုမန်၊ ဒါက အရှေ့အောင်ပွဲဂြိုဟ်ဆိုတာပဲ။ အစ်ကို့ကိစ္စတွေပြီးရင် ဆေးနတ်ဂိုဏ်းမှာ ကျုပ်ကို လာတွေ့ဖို့ မမေ့နဲ့နော်။ အစ်ကို့ကို မိတ်ဆွေတချို့နဲ့ မိတ်ဆက်ပေးမယ်"

လူငယ်၏နာမည်ကား ဖုန်းရွှမ်။ မန်ဟိုက သူ့ကို သင်းကွဲကျင့်ကြံသူတစ်ဖွဲ့လက်မှ ကယ်တင်ခဲ့ရာ ဖုန်းရွှမ်မှာ ကျေးဇူးတင်မဆုံးဖြစ်ခဲ့သည်။ သူတို့စကားလက်ဆုံကျပြီးနောက်တွင် သူက ဆေးနတ်ဂိုဏ်း၏ ဂိုဏ်းသားဖြစ်ကြောင်း မန်ဟို သိလိုက်ရသည်။ မန်ဟိုလည်း အရှေ့အောင်ပွဲဂြိုဟ်သို့ သွားနေကြောင်း သိလျှင် ဖုန်းရွှမ်က မန်ဟို့ကို ချက်ချင်း ကိုယ်တိုင်လိုက်ပို့ပေးမည်ပြောခဲ့၏။

"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုဖုန်း" မန်ဟိုက အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။ "သေချာပေါက် လာပါ့မယ်" အရှေ့အောင်ပွဲဂြိုဟ်သို့ လှမ်းကြည့်လိုက်သည့်အခါ သူ၏တောက်ပသော မျက်လုံးများသည် ရုတ်တရက် အေးစက်သွား၏။

"ငါ တွက်ချက်ရသလောက်" သူက တွေးသည်။ "ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ ဖန်မျိုးနွယ်စုက လူတွေက အဖေ့ကိုလည်း ကြောက်ကြတယ်။ အခြားအကြောင်းရင်းတွေလည်း ရှိပုံပဲ။ မျိုးနွယ်စုအတွင်းရေးကိစ္စတွေကြောင့် ငါ့ကို သတ်နိုင်သွားရင် သူတို့က တရားခံဆိုတာ ပေါ်သွားမှာလည်း စိုးရိမ်ကြပုံရတယ်

"အဲ့ဒါကြောင့် ဦးလေးဆယ့်ကိုးကို မျှားထုတ်ပြီး အဲဒီအနက်ဝတ်လူတွေကို ငါ့သတ်ဖို့ လွှတ်လိုက်တာပဲ။ ဒါ့အပြင် .., မှတ်ဉာဏ်လည်း ဖယ်ရှားခံထားရတော့ ငါထင်တာ မှန်လိမ့်မယ်

"ဒါဆိုရင်တော့ ဖန်မျိုးနွယ်စုက ငါ့အတွက် အန္တရာယ်များတဲ့ပုံပေါ်ပေမယ့် ဘေးလည်းကင်းလိမ့်မယ်။ မျိုးနွယ်စုထဲမှာ ငါ့ကို သတ်ရဲကြမှာမဟုတ်ဘူး

"ငါက ဖန်မျိုးနွယ်စုမှာ အဆင့်အတန်းမြင့်မားတာမလို့ သူတို့အနေနဲ့ ပေါ်တင် သတ်ရဲတဲ့ သတ္တိရှိမှာမဟုတ်ဘူး" မန်ဟိုက ညစ်ကျယ်ကျယ် ရယ်ရင်း လွန်းပျံကို အရှေ့အောင်ပွဲဂြိုဟ်နှင့် နီးကပ်သွားစေလိုက်သည်။ သူ အနားရောက်လျှင်ရောက်ချင်း အားကောင်းသော နတ်ဘုရားအာရုံတစ်ခုက ဂြိုဟ်ထဲမှ ထွက်လာသည်။ ၎င်းသည် သူ့ကို လွှမ်းခြုံသွားပြီးနောက် ဝဲအသွင်ပြောင်းရင်း ပျောက်ကွယ်သွားသည်။

တစ်ဆက်တည်းမှာပင် အေးစက်စက်အသံတစ်သံမှာ သူ့နားထဲသို့ ကူးပြောင်းပေးပို့ခံလိုက်ရ၏။

"တခြားဂြိုဟ်မှ ကျင့်ကြံသူ၊ အရှေ့က ဝဲထဲ ဝင်လိုက်ပါ ။ မင်းကို ဂြိုဟ်ပေါ် ခေါ်သွားပေးလိမ့်မယ်။ ဖြတ်သန်းခွင့်နဲ့ ကျောက်စိမ်းသက်သေခံပြားကို ပြင်ထားပါ"

မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ ဖုန်းရွှမ်အရှေ့တွင်လည်း ဝဲတစ်ဝဲ ပေါ်လာ၏။ မန်ဟိုသည် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ရောက်ရှိလာသော အခြားကျင့်ကြံသူလည်း ထိုနည်းတူဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကြည့်ရ‌သရွေ့ ဤသည်မှာ အရှေ့အောင်ပွဲဂြိုဟ်တွင် အလုပ်လုပ်ပုံဖြစ်တန်ရာသည်။

"အစ်ကိုမန် ၊ အရှေ့အောင်ပွဲဂြိုဟ်မှာ စည်းကမ်းတွေအများကြီးရှိတယ်။ ရောက်လာသူတိုင်း ဒီအတိုင်း ဆက်ခံခံရတာပဲ။ ဖြတ်သန်းခွင့်နဲ့ ကျောက်စိမ်းသ‌က်သေပြားမရှိရင်တော့ ဝိညာဉ်ကျောက်တုံးအများကြီးပေးရမှာဆိုပေမယ့် ဝင်ခွင့်ရလိမ့်မယ်။ ပေးရမယ့် ဝိညာဉ်ကျောက်တုံးပမာဏက ဂြိုဟ်ပေါ်မှ ဘယ်လောက်ကြာကြာနေမှာလဲအပေါ် မူတည်တယ်

"အတင်းအဓမ္မဝင်ဖို့ ကြိုးစားရင် အသတ်ခံရလိမ့်မယ်

"ခင်ဗျားအနေနဲ့ ဘာမှလုပ်လို့မရဘူး။ တစ်ဂြိုဟ်လုံးက ဖန်မျိုးနွယ်စုရဲ့ ဩဇာအောက်မှာဆိုတော့လေ။ ဟိုးနှစ်တွေတုန်းက သခင်ကျီက သူတို့ကို ဂြိုဟ်တစ်ဂြိုဟ်လုံး ပေးခဲ့တာ..." ဖုန်းရွှမ်က ခပ်ယဲ့ယဲ့ပြုံးရင်း လွန်းပျံကို သိမ်း၍ မန်ဟို့ကို လက်ယှက်နှုတ်ဆက်ကာ ဝဲထဲ ဝင်သွားသည်။

တခဏတွေးပြီးသော် မန်ဟိုလည်း လွန်းပျံကို သိမ်းကာ ဝဲထဲ ဝင်လိုက်၏။

အရာအားလုံး ပြန်လည်ပြတ်သားလာသောအခါ သူကား အာကာသထဲတွင် မဟုတ်တော့ပေ။ တလက်လက်တောက်ပနေသော အလင်းအကာအကွယ်က အောက်ရှိမြေပြင်ကို မြင်ခွင့်ပြုရင်း သူ့ခြေထောက်အောက်တွင် ဖြစ်တည်လာသည်။

သူ့အရှေ့တည့်တည့်တွင်ကား ဧရာမဂိတ်ကြီးတစ်ခု။

ဂိတ်သည် မီတာသုံးသောင်းမြင့်မားကာ ကြေးသားဖြင့် ပြုလုပ်ထားပြီး ရှေးကျသောအသွင်အပြင်ရှိ၏။ ရှေးခေတ်ပုံစံအပြောက်အမွန်းများနှင့် ၎င်းကား အလွန်အံ့ဖွယ်‌ကောင်းပေသည်။ သို့သော် အနီးကပ်ကြည့်လျှင် ဂိတ်ပေါ်ရှိ ပုံရိပ်များမှာ ရှင်းလင်းစွာ မြင်ရဖို့ ဝေဝါးလွန်းနေသည်။

ထင်းခနဲ မြင်သာသည်ကတော့ ဂိတ်၏ထိပ်တွင် ရေးထွင်းထားသော စာလုံးသုံးလုံး။

အရှေ့ ကောင်းကင် ဂိတ်

၎င်းသည် ဂိတ်တစ်ခုသာ ဖြစ်သော်လည်း မန်ဟိုမှာ ၎င်းကို ကြည့်သောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ ဤဂိတ်ကား .... အင်မော်တယ်တံခါးနှင့်တူသယောင်ယောင်ပင်။

ဂိတ်အရှေ့တွင်မူ ဝင်ဖို့ တန်းစီနေကြရင်း ဘေးဘီဝဲယာကို အေးတိအေးစက် ကြည့်နေကြသော ကျင့်ကြံသူတစ်ထောင်ကျော်ရှိသည်။

အရှေ့ကောင်းကင်ဂိတ်၏ တစ်ဖက်တစ်ချက်စီတွင် ‌ပို၍သေးငယ်သော ဂိတ်သုံးဂိတ်ရှိသည်။ ထိုဂိတ်များအနက် တစ်ဂိတ်တွင် ရုပ်သေးနတ်ဆိုသော စကားလုံးများအား ရေးထိုးထားပြီး ကျန်ဂိတ်တွင်တော့ သွေးသစ်ခွဟူ၍ ဖြစ်သည်။

နောက်ဆုံးဂိတ်ကား ထူးခြားသည်။ ၎င်းသည် ရှေးကျပြီး ဆန်းပြားသော်လည်း မန်ဟို့ကိုယ်ထဲရှိ သွေးဆက်စွမ်းအားကို လှုံ့ဆော်နေသော စွမ်းအားတစ်ရပ်ဖြင့် သက်ဝင်နေ၏။

ဖုန်းရွှမ်က မန်ဟို့ဘေးတွင် ပေါ်လာပြီး ရှင်းပြသည်။

"အစ်ကိုမန်၊ အဲ့ဒါ အရှေ့ကောင်းကင်ဂိတ်။ ဟိုနှစ်ခုက ရုပ်သေးနတ်ဘုရားကျောင်းနဲ့ သွေးသစ်ခွဘုရားကျောင်းအတွက်။ နောက်ဆုံးတစ်ခုကတော့ ... ဖန်မျိုးနွယ်စုရဲ့ ကလေးတွေအတွက်ပဲ"

***

All Chapters