အုတ်အော်သောင်းနင်းဖြစ်စေခြင်း
Vol. 64 Ch. 893
အရှေ့ကောင်းကင်ဂိတ်တွင်သာလျှင် အပြင်၌ တန်းစီနေသော ကျင့်ကြံသူအရေအတွက်များခြင်းဖြစ်သည်။ ရုပ်သေးနတ်ဘုရားကျောင်းနှင့် သွေးသစ်ခွဘုရားကျောင်းအတွက် ဂိတ်များတွင် တန်းစီနေသူများ မရှိသလို ဖန်မျိုးနွယ်စု၏ ဂိတ်လည်း ထိုနည်းတူပင်။
"အစ်ကိုမန် အရှေ့အောင်ပွဲဂြိုဟ်ကို ဝင်ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဒီဂိတ်ကို ဖြတ်ပြီးတော့ပဲ။ ကျုပ်က အရှေ့အောင်ပွဲဂြိုဟ်က ဖြစ်ပြီး ဆေးနတ်ဂိုဏ်းမှာ ဘာဂိတ်မှ မရှိပေမယ့်လည်း ကျုပ်မှာ အထူးအခွင့်အရေးတွေ ရှိတယ်။ ဒါပေမဲ့ ဒါက အစ်ကို့အတွက် ပထမဆုံးအကြိမ်ဆိုတော့ အတူတူ တန်းစီပေးပါ့မယ်" ဖုန်းရွှမ်က လက်ယှက်၍ အရိုအသေပေးခြင်းဖြင့် သူ၏စကားကို အဆုံးသတ်လိုက်သည်။
မန်ဟိုလည်း ကျေးဇူးတင်ကြောင်း လက်ယှက်ပြီး နှစ်ယောက်သား လူတန်းကြီး၏အဆုံးသို့ သွားလိုက်လေသည်။ သူသည် ဖြစ်ပျက်နေသော အရာအားလုံးကို ကြည့်ရင်း တောင်ကောင်းကင်ဂြိုဟ်နှင့် ခြားနားလှကြောင်း တွေးတောနေ၏။
အရှေ့အောင်ပွဲဂြိုဟ်သည် ကြီးမားပြီး ၎င်းအား စောင့်ရှောက်ပုံအရသော်လည်းကောင်း၊ အစီအစဉ်ချထားပုံအရသော်လည်းကောင်း တင်းကြပ်သည့်အလား ခံစားရသည်။ စည်းကမ်းများလည်း ပိုလျှံနေသယောင်ပင်။
ဂြိုဟ်သို့ ဝင်ရောက်လာသော မည်သည့်ကျင့်ကြံသူမဆို စေ့စေ့စေပ်စပ် အစစ်ဆေးခံရသည်။ အရှေ့အောင်ပွဲဂြိုဟ်မှ ဂိုဏ်းသားများသာလျှင် အထူးအရေးပေးခံရပြီး အရေးပေးအခံရဆုံးမှာတော့ ဖန်မျိုးနွယ်စုသာ။
မန်ဟိုက တန်းစီနေစဉ် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးနီးပါးမှာ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်သော်လည်း အများစုက အဆင့် (၂) သို့မဟုတ် အဆင့် (၃) သာ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ အဆင့် (၅) ထက် မြင့်မားသော လူအနည်းစုလည်း ရှိသည်။ ထိုမျှသာမက အဝောာ်များများက အတုအယောင်အင်မော်တယ်များ ဖြစ်ပုံရ၏။
အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသာလျှင် ကြယ်တာရာကောင်းကင်သို့ ထွက်လာနိုင်သည်မဟုတ်ပါလော။ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူများမှာတော့ ခဏတဖြုတ်သာ သွားနိုင်သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျင့်ကြံသူတန်းကြီးသည် အရှေ့ကောင်းကင်ဂိတ်ကို တရွေ့ရွေ့ ဖြတ်သွားနေလေသည်။ မန်ဟိုက ကျင့်ကြံသူများ ကျောက်စိမ်းသက်သေခံပြားများအား ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်နေသည်ကို ကြည့်ရင်း တည်ငြိမ်စွာ ရပ်နေသည်။
ရံဖန်ရံခါ ရုပ်သေးနတ်ဘုရားကျောင်းနှင့် သွေးသစ်ခွဘုရားကျောင်းမှ ကျင့်ကြံသူအမျိုးမျိုး ကြယ်များကြားမှ ပြန်ရောက်လာပြီး သူတို့ဂိုဏ်းများအတွက် အထူးတည်ဆောက်ထားသော ဂိတ်များအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတတ်သည်။ ထွက်လာကြသူများကိုလည်း မကြာခဏ တွေ့ရ၏။
လေးနာရီမှာ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ မကြာခင် မန်ဟို့အရှေ့တွင် လူခုနစ်ယောက်ခန့်သာ ရှိတော့၏။ သူတို့အလှည့်ရောက်လာဖို့ မကြာတော့ပေ။ ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းထပ်၌ လှိုင်းများ ရုတ်တရက် ဖြာထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း အလင်းတန်းရှစ်တန်း ထိုးဆင်းလာ၏။
သူတို့သည် သူတို့အိမ်၏ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည့်အလား သက်တောင့်သက်သာ စကားပြောရင်း၊ ရယ်မောရင်း လာနေသော သားသားနားနားအဝတ်အစားများနှင့် ကျင့်ကြံသူရှစ်ယောက်ဖြစ်၏။ ရှေ့ဆုံးရှိ ကျင့်ကြံသူနှစ်ယောက်မှာ အံ့ဖွယ်ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်ဖြင့် စိတ်အားတက်ကြွနေသယောင်ပင်။ သူတို့သည် ထူးချွန်ပြောင်မြောက်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
"ဟိုမှာ ဖန်မျိုးနွယ်စုက လူတွေ" ဖုန်းရွှမ်က မန်ဟို့ကို တိုးတိုးပြောသည်။ "အရှေ့က နှစ်ယောက်ကို ကျုပ် သိတယ်။ သူတို့က တိုက်ရိုက်သွေးဆက်ပြီးရင် ဒုတိယဖြစ်တဲ့ ဖန်မျိုးနွယ်စုရဲ့ ဘိုးဘေးတူဝမ်းကွဲသွေးဆက်တစ်ဆက်လေ"
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုး ပြောလာကြသည်။ မန်ဟို့အမူအရာက ပြောင်းလဲမသွားသော်လည်း သူ၏မျက်လုံးများက မသိမသာ လင်းလက်သွားသည်။
အရှေ့ကောင်းကင်ဂိတ်၏အရှေ့တွင် စုဝေးနေသော အစောင့်တစ်ရာကျော်မှာ အသစ်ရောက်ရှိလာသူ ရှစ်ယောက်ကို မြင်သောအခါ တည်ကြည်လေးနက်သွားကြသည်။ သူတို့က ချက်ချင်း ရှေ့တက်၍ လက်ယှက်ကာ အရိုအသေပေးလိုက်ကြသည်။
"ဂါဝရပြုပါတယ် မင်းသမီး"
ရှစ်ယောက်အနက် ရှေ့ဆုံးရှိ နှစ်ယောက်က ပြုံးပြီး မိန်းကလေးတစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
"ညီမလေးဟုန်" တစ်ယောက်က ပြုံးရင်း ပြောသည်။ "ဦးလေးကိုးက ညီမလေး ပြင်ပလေ့ကျင့်ရေးကနေ ပြန်လာမှာကို စောင့်နေခဲ့တာ"
လှပသော မိန်းကလေးက ပြန်ပြုံးပြသည်။ ထို့နောက် သူမနှင့်အဖွဲ့သည် အရိုအသေပေးနေသော ကျင့်ကြံသူများအား ခေါင်းညိတ်ပြရင်း ဖန်မျိုးနွယ်ဂိတ်သို့ ဦးတည်သွားကြ၏။ တစ်ယောက်ပြီးတစ်ယောက် ဂိတ်ကို ဖြတ်သွားနေကြပြီး ထိုသို့ဖြတ်သွားနေစဉ် လေပေါ် ထိုးတက်သွားသော အလင်းတန်းများအား မြင်ရနိုင်သည်။ အလင်းတန်းတစ်တန်းနှင့်တစ်တန်း အမြင့်ချင်းမတူပေ။ စောစောက ညီမလေးဟုန်ဟူ၍ ခေါ်ခံခဲ့ရသော မိန်းကလေး ဂိတ်ကို ဖြတ်သွားသောအခါ အလင်းတန်းသည် မီတာ (၃၀၀) အမြင့်အထိ ထိုးတက်သွားခဲ့၏။
မန်ဟို့ပတ်ပတ်လည်ရှိ လူများက အားကျမနာလိုနေသော အမူအရာများဖြင့် တီးတိုးပြောလာကြသည်။
"မီတာ ၃၀၀ သွေးဆက်ဂိတ်အလင်းတန်း။ အဲဒီမိန်းကလေးက .... ဖန်မျိုးနွယ်စုမှာ သေချာပေါက် အဆင့်အတန်းမြင့်မားတာပဲ။ တကယ်ပဲ အတုမရှိ ဖန်ဟုန်လား"
"ဖြစ်နိုင်တယ်။ ဖန်မျိုးနွယ်စုဂိတ်က ဖန်မျိုးနွယ်တွေအတွက်ပဲ ပွင့်တာ။ သွေးဆက် ပျစ်လေ၊ အလင်းတန်း မြင့်လေပဲ"
"မနှစ်တုန်းက ငါ ကံကောင်းပြီး မင်းသားဝေကို မြင်ခဲ့ရတယ်။ သူ ဖန်မျိုးနွယ်စုဂိတ်ကနေ ဖြတ်သွားတုန်းကဆို ဂိတ်အလင်းတန်းက မီတာ (၂၄၀၀၀) အထိ တက်သွားခဲ့တာ။ တကယ် အံ့ဖွယ်ပဲ"
မှန်ပါသည်၊ သူတို့မှာ အားကျမနာလိုသည့်တိုင် သူတို့၏သွေးဆက်နောက်ခံကို ပြောင်းဖို့ ဘာမှမတတ်နိုင်ပေ။ အပြင်စည်းဂိုဏ်းသားများဖြစ်လာလျှင်တောင်မှ ဖန်မျိုးနွယ်သွေးအား သူတို့ ပိုင်ဆိုင်နိုင်ဦးမည်မဟုတ်ပေ။
ဖုန်းရွှမ်မှာ ဆေးနတ်ဂိုဏ်းမှ ဂိုဏ်းသားတစ်ဦးဖြစ်သော်လည်း အားကျစွာ သက်ပြင်းချနေသည်။ ထို့နောက် သူသည် မန်ဟို့အား အရှေ့အောင်ပွဲဂြိုဟ်ပေါ်က ဖန်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ရခြင်း၏ အခွင့်အရေးများအကြောင်း ဆက်လက်ရှင်းပြလေ၏။ သို့သော် သူ၏ဘဝကိုသူ မည်မျှဂုဏ်ယူနေကြောင်းကိုလည်း ကြားရနိုင်သည်။
"ဖန်မျိုးနွယ်စုက အင်အားကြီးကောင်းကြီးလိမ့်မယ်။ ကျုပ်ကဝောာ့ ဆေးနတ်ဂိုဏ်းကနေ ဘယ်တော့မှ ထွက်မသွားဘူး" သူက ခိုင်မာပြတ်သားစွာ ဆိုသည်။
မန်ဟိုသည် ဖုန်းရွှမ်ရှင်းပြနေစဉ် တိတ်ဆိတ်စွာ နားထောင်နေ၏။
နောက်ဆုံးတော့ ခါးကိုင်းအရိုအသေပေးနေသော ကျင့်ကြံသူများ ခါးပြန်မတ်သွားသည်။ သူတို့၏ မျက်နှာချိုသွေးနေသော အမူအရာများက ပြန်လည်တည်ကြည်လာပြီး ကျင့်ကြံသူတစ်ယောက်ချင်းစီအား ဝင်ခွင့်ပေးရင်း ဝိညာဉ်ကျောက်တုံးများ ကောက်ခံနေကြသည်။
နောက်ဆုံးတွင် မန်ဟိုသည် ဂိတ်၏အရှေ့တည့်တည့်၌ ရပ်နေလေပြီ။ ဝိညာဉ်ကျောက်တုံးများ ကောက်ခံဖို့အတွက် တာဝန်ရှိကျင့်ကြံသူက မန်ဟို့ကို အေးစက်စွာ စိုက်ကြည့်နေ၏။ ထိုလူ့နဖူးပေါ်ရှိ မွေးရာပါအမှတ်မည်းမည်းကြီးက ထိုလူ့အား အတော်လေး ရုန့်ရင်းကြမ်းတမ်းနေစေသည်။
"ဘယ်လောက်ကြာကြာနေမှာလဲ" သူက မေးသည်။ "မင်းမှာ သက်သေခံပြားမရှိရင် တစ်ရက်ကို ဝိညာဉ်ကျောက်တုံးတစ်ရာ ပေးရမယ်။ တစ်လကျော်ရင် တစ်နေ့ တစ်ထောင်။ နှစ်လကျော်ရင်တော့ တစ်နေ့ တစ်သောင်း"
မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ သူ လူတန်းကြီး၏နောက်တွင် ရပ်နေစဉ်တုန်းက အဖိုးအခများကို ကြားခဲ့ရပြီး အလွန်ဈေးကြီးပုံပေါ်ခဲ့လေသည်။ ဆန့်ကျင်ဘက်တွင်တော့ သက်သေခံပြားပိုင်ဆိုင်ထားပါက တစ်နေ့ကို ဝိညာဉ်ကျောက်တုံးဆယ်တုံးဖြစ်သည်။
"ကျုပ်မှာ သက်သေခံပြားမရှိဘူး" မန်ဟိုက ဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်ရင်း ပြောလိုက်သည်။
"တစ်ရက်တည်းလား" အနက်ရောက်အမှတ်နှင့်ကျင့်ကြံသူက ကောက်ကျစ်စွာ ပြုံးရင်း မေးသည်။ သူသည် အစောင့်လုပ်နေခဲ့သည့်ကာလတစ်လျှောက်လုံး ဝိညာဉ်ကျောက်တုံးပေးရမှာစိုး၍ တစ်ရက်တည်းနေမည်ပြောခဲ့သော်လည်း ကြာကြာနေဖို့ ရည်ရွယ်ထားသူများစွာ တွေ့ခဲ့ဖူး၏။
ထိုကဲ့သို့လူများမှာ ဖန်မျိုးနွယ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး ပို၍များပြားသော ဝိညာဉ်ကျောက်တုံးများ ပေးရခြင်းဖြင့် အဆုံးသတ်သွားလေသည်။
ထိုလူက မန်ဟို့ကို အပေါ်အောက်ကြည့်၍ အဖြူရောင်ပြားတစ်ပြား ပစ်ပေးပြီး နောက်၌ ရပ်နေသော ဖုန်းရွှမ်ကို ကြည့်လိုက်သည်။
ဖုန်းရွှန်၏အမူအရာမှာ စောစောက မန်ဟိုနှင့်အတူ ရှိနေစဉ်တုန်းကနှင့် မတူတော့ပေ။ သူသည် မောက်မာတင်စီးသောပုံစံဖြင့် သူ၏သက်သေခံပြားအား ထိုလူ့ဆီ ပစ်ပေးလိုက်သည်။ ကျင့်ကြံသူမှာ သက်သေခံပြားကို မြင်သည်နှင့် ပြုံးလိုက်ပြီး ဖန်မျိုးနွယ်များကို အရိုအသေပေးသကဲ့သို့ မလုပ်သော်လည်း သူ့ကို မန်ဟိုနှင့် တခြားစီ ဆက်ဆံလေသည်။
မန်ဟိုက အဖြူရောင်သက်သေခံပြားကို ကိုင်ကာ အရှေ့ကောင်းကင်ဂိတ်ဆီ လျှောက်သွားသည်။ သူ အထဲဝင်တော့မည့်အချိန်မှာပင် အားကောင်းသော တွန်းအားတစ်ရပ်က သူ့ကို လွှမ်းခြုံပြီး ဂိတ်ထဲမှ တွန်းထုတ်လိုက်သည်။
ဤမြင်ကွင်းက တန်းစီးနေသော ကျင့်ကြံသူများ၏မျက်နှာပေါ်တွင် သနားကရုဏာသက်သွားသော အမူအရာများ ပေါ်လာစေသည်။ ဖုန်းရွှမ်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်သည့်အလား မျက်မှောင်ကြုတ်သွားသည်။ ဂိတ်အပြင်၌ ရပ်နေသော အစောင့်များ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထွက်ပေါ်လာပြီး မန်ဟို့ကို ချက်ချင်း ဝိုင်းလိုက်ကြ၏။
"အရှေ့ကောင်းကင်ဂိတ်ကနေ အထုတ်ခံရတယ်ဟုတ်လား။ ကြည့်ရတာ မင်းမှာ မကောင်းတဲ့အကြံအစည်တွေ ရှိနေပုံပဲ။ ငါတို့နဲ့လိုက်ခဲ့။ စစ်ဆေးလို့မှ မင်း အပြစ်ကင်းရင် လွှတ်ပေးမယ်"
"အရှေ့ကောင်းကင်ဂိတ်က မကောင်းကြံဖို့ အတွေးနဲ့ လာတဲ့သူတိုင်းကို ငြင်းဆန်တယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်ဘူးဆိုတော့ ငါ့ကို ကလန်ကဆန်လုပ်တာနဲ့ သတ်ပစ်လိုက်မယ် ဘာမှတ်"
အစောင့်အားလုံးက သူ့ကို သွေးအေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။
မန်ဟိုက မျက်မှောင်ကြုတ်၍ သူ ကိုင်ထားသော သက်သေခံပြားကို ငုံ့ကြည့်လိုက်သည်။ အရှေ့ကောင်းကင်ဂိတ်မှ သူ့အား နှင်ထုတ်ခဲ့သော အကြောင်းရင်းမှာ သူကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ဤသက်သေခံပြားကြောင့် ဖြစ်လေသည်။
ဖုန်းရွှမ်က အနားရောက်လာပြီး သူ့အဆင့်အတန်းကို ဖော်ပြရင်း ဖြန်ဖျေပေးသည်။ သူ စကားပြောပြီးသော် မန်ဟို့ကို သက်သေခံပြားပေးခဲ့သော အနက်ရောင်အမှတ်နှင့်ကျင့်ကြံသူက စကားပြောသည်။
"တာအိုရောင်ရင်းဖုန်းက မင်းအတွက် အာမခံပေးမှတော့ မစစ်ဆေးတော့ပါဘူး။ အာမခံအဖြစ် ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ပေး။ ကြေအေးပေးမယ်" သူ မန်ဟို့ကို ကြည့်နေစဉ် အထင်သေးမှုတို့က သူ၏မျက်လုံးများတွင် ပြည့်နှက်နေသည်။ သက်သေခံပြားလည်းမရှိ ၊ ကျင့်ကြံခြင်းအခြေခံလည်း အဆင့်နိမ့်သော မန်ဟို့လို လူတစ်ယောက်သည် အပြင်တွင် ဒုက္ခရောက်ခဲ့၍ အရှေ့အောင်ပွဲဂြိုဟ်အပေါ်၌ ဒုက္ခသည်အဖြစ် နေဖို့ ကြိုးစားနေသည်ဟု သူက ယုံကြည်နေသည်။
မန်ဟိုသာ အစကတည်းက ရိုးရိုးသားသားနှင့် နေခွင့်ရဖို့ ဝိညာဉ်ကျောက်တုံးတစ်သောင်းသာ ပေးခဲ့လျှင် သူ့အနေဖြင့် သူ့ကို ပြဿာနာရှာဖို့ စိတ်ကူးမရှိပေ။ သို့သော် သူက အရှေ့အောင်ပွဲဂြိုဟ်မှ အကူအညီရဖို့ ကြိုးစားနေသည့်အပြင် ကပ်စေးနည်းနေသေးသည်။ ဂိတ်စောင့်များသည် ဤကဲ့သို့လူများနှင့်တွေ့တိုင်း မှတ်သားလောက်အောင် ပညာပေးတတ်၏။
မှန်ပါသည်၊ မန်ဟို့တွင်သာ မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိပါက သူတို့အနေဖြင့် ယခုလို လုပ်ဝံ့မည်မဟုတ်ပေ။ သို့သော် သူ၏လက်ရှိကျင့်ကြံအဆင့်အရ ပြဿနာရှာ၍ရလေသည်။
ဖုန်းရွှမ်ကို ကလန်ကလန် မလုပ်လိုသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သေချာပေါက် မန်ဟို့အပေါ် အခွင့်အရေးယူကြမှာဖြစ်သည်။
အသတ်အဖြတ်စိတ်ဆန္ဒတို့ မန်ဟို၏မျက်လုံးများတွင် တောက်ပလာ၏။ သူ့မှာ နည်းနည်းလေး ကပ်စေးနည်းလိုက်ပြီး ဖြတ်သန်းခအတွက် ဝိညာဉ်ကျောက်တုံးတချို့ မပေးမိခြင်းက ဤကဲ့သို့ပြဿနာတက်စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အထူးသဖြင့် ... ဤသည်က သူ့အိမ် ၊ အရှေ့အောင်ပွဲဂြိုဟ်၏ ဖန်မျိုးနွယ်စုဖြစ်သည့်အတွက်ပင်။
အထူးသဖြင့် .... လာရာခရီးလမ်းတစ်လျှောက် အလှည့်အပြောင်း၊ အချိုးအကွေ့များစွာ ကြုံတွေ့ခဲ့ရပြီး သူ့ကို သတ်ဖို့ ကြိုးစားခဲ့သူများပင် ရှိခဲ့သည့်အတွက်ပင်။ ဤအရာအားလုံးက မန်ဟို့ရင်ထဲတွင် သောင်းကျန်းနေခဲ့ပြီး ယခုတော့ ပေါက်ကွဲတော့မတတ် ဖြစ်နေလေပြီ။
မူလက သူ၏အစီအစဉ်မှာ အရှေ့အောင်ပွဲဂြိုဟ်ထဲဝင် ၊ ဟိုဟိုသည်သည် လျှောက်ကြည့်ပြီး ဖန်မျိုးနွယ်စုသို့ သွားရုံသာ။ သို့သော် ဤအခိုက်အတန့်တွင် သူ စိတ်ပြောင်းသွားသည်။ အရှေ့အောင်ပွဲဂြိုဟ်သို့ ရောက်လာပြီဆိုမှတော့ သူ့အနေဖြင့် သိုသိုသိပ်သိပ် နေစရာ မလိုတော့ပေ။ မည်သူ သူ့ကို သတ်ဖို့ ကြိုးစားရဲခဲ့သည်လဲ ကြည့်ရမည့် အချိန်ဖြစ်သည်။
မန်ဟိုက အေးစက်စက် ရယ်ရင်း သိုလှောင်အိတ်ကို ပုတ်ကာ ဝိညာဉ်ကျောက်တုံးတစ်သောင်းအား တချွင်ချွင် ထွက်လာစေပြီး တောင်လိုပုံသွားစေသည်။
အရှေ့ကောင်းကင်ဂိတ်စောင့်များက လှောင်ပြုံးပြုံးရင်း ကြည့်နေကြသည်။ အနက်ရောင်အမှတ်နှင့်လူက ဝိညာဉ်ကျောက်တုံးများကို သိမ်းပြီးနောက် မန်ဟို့ကို အထင်သေးစွာ ကြည့်ကာ ကျောက်စိမ်းပြားတစ်ပြား ပစ်ပေးသည်။
"အစကတည်းက ဒီလိုသာ လုပ်ရင် ပြဿနာတက်မှာမဟုတ်ဘူး။ ကဲ အခု အရှေ့အောင်ပွဲဂြိုဟ်ကို ဝင်လို့ရပြီ"
ဖုန်းရွှမ်က မန်ဟို့ထံ ကပျာကယာ လျှောက်လာပြီး တိုးတိုးပြောသည်။ "စောစောက ပြောဖို့ မေ့သွားတယ် အစ်ကိုမန်ရေ။ ဒီလူတွေက သာမန်အစောင့်တွေမဟုတ်ဘူး။ ဖန်မျိုးနွယ်စုရဲ့ အပြင်စည်းမျိုးနွယ်ဝင်တွေ... အစ်ကိုသာ ပိုက်ဆံနည်းနည်းသုံးခဲ့ရင် ဒီလိုပြဿနာတက်မှာမဟုတ်ဘူး
"ဒါမဲ့ တစ်ရက်ပဲ ဝယ်တဲ့အပြင် သက်သေခံပြားတစ်ပြားတောင် မရှိထားဘူးလေ..." ဖုန်းရွှမ်သည် ခေါင်းခါနေ၏။ မန်ဟို သူ့အတွက် ကယ်ပေးခဲ့၍သာ မဟုတ်လျှင် ကြားဝင်ပြီး ဖြန်ဖျေပေးခဲ့မှာ မဟုတ်ပေ။
မန်ဟိုက မပြောင်းလဲသော အမူအရာဖြင့် ဖုန်းရွှမ်ကို ကြည့်ကာ အေးစက်စက် ပြောသည်။ "အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုဖုန်း။ ဒါမဲ့ အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာ တစ်စုံတစ်ယောက် ကျုပ်ရဲ့ ဝိညာဉ်ကျောက်တုံးကို ယူရင် အဆတစ်တရာ ပြန်ပေးရမယ်"
သူ၏စကားလုံးများက ဖုန်းရွှမ်အား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
မန်ဟိုက လှည့်၍ ထွက်သွားသည်။ အရှေ့ကောင်းကင်ဂိတ်ဆီသို့မဟုတ်၊ ဖန်ဂိတ်ဆီသို့ပင်။
ဤအခြင်းအရာက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးအား သူ့ကို အထိတ်တလန့် ကြည့်မိလိုက်စေသည်။
အစောင့်တစ်ရာကျော်မှာလည်း အံ့အားသင့်နေကြသည်။
"ဒီလူ ရူးသွားပြီလား။ တကယ်ပဲ ဖန်မျိုးနွယ်ဂိတ်ဆီ ဦးတည်နေတာလား"
အနက်ရောင်အမှတ်နှင့်လူက သရော်ပြီး ပြောသည်။ "ဘယ်လောက်အဆင်အခြင်မဲ့လိုက်သလဲ။ ဖန်ဂိတ်ကို ဖြတ်ဖို့ ကြိုးစားရင် သေတဲ့အထိ ဖိနှိပ်ခံရမှာ ။ ငါတို့ ဘာမှ လုပ်စရာတောင်မလိုဘူး"
ဖုန်းရွှမ်မှာ မျက်နှာပျက်သွားပြီး အပြေးလာ၏။
"အစ်ကိုမန် ... ခင်ဗျားအတွက် ဂိတ်ထဲ ဝင်ဖို့ မဖြစ်နိုင်ဘူးနော်။ ဖန်မျိုးနွယ်သွေးမဟုတ်ရင် အသတ်ရလိမ့်မယ်"
မန်ဟိုက အဖက်မလုပ်လဲ မျက်တစ်ခတ်အတွင်း ဂိတ်အရှေ့သို့ ရောက်သွားလေပြီ။ ကျန်ကျင့်ကြံသူအားလုံး၏ ရှေ့မှောက်မှာပင် သူက ခြေကို မြှောက်ကာ ဂိတ်ထဲ ဝင်လိုက်၏။
***