← Chapters

သွေးဆက်က မျိုးနွယ်စုကို တုန်လှုပ်သွားစေခြင်း

Vol. 64 Ch. 894

သွေးဆက်က မျိုးနွယ်စုကို တုန်လှုပ်သွားစေခြင်း

Vol. 64 Ch. 894

ဆွေးနွေးသံများက အရှေ့ကောင်းကင်ဂိတ်အပြင်ရှိ စောင့်ကြည့်နေသူများအကြားတွင် ချက်ချင်း ဆူညံလာသည်။

"ဒီလူကတော့ အာဂပဲ... "

"သူ့မှာ ဖန်သွေးမရှိရင် သေချာပေါက် သေမှာ။ ဖန်သွေးရှိတယ်ဆိုရင်လည်း ဘာလို့ တန်းစီစောင့်ပြီး ဖြတ်သန်းခမှာ ပေးတာလဲ"

"ကြည့်ရတာ သူ့မှာ ဖန်ဂိတ်ကို ဖြတ်သွားနိုင်တဲ့နည်းလမ်းရှိပုံပဲ။ ဒါပေမဲ့ နေဦး အဲ့ဒါ မဖြစ်နိုင်ဘူး။ ဘယ်လိုပဲ လုပ်လုပ် ဖန်မျိုးနွယ်စုက ဆိုရင်တောင်မှ ကိုယ့်သွေးဆက်ကိုယ် ဖုံးကွယ်လို့မရဘူး။ ဖန်မျိုးနွယ်စုက မဟုတ်ရင်တော့ အဲဒီဂိတ်ရဲ့ သတ်တာ ခံရမယ်"

ဂိတ်အပြင်ရှိ အစောင့်တစ်ရာကျော်က ယုတ်မာစွာ ပြုံးရင်း ကြည့်နေကြသည်။ အထူးသဖြင့် အနက်ရောင်အမှတ်နှင့်ကျင့်ကြံသူ၏မျက်လုံးများသည် အထင်သေးမှုတို့ဖြင့် တောက်ပနေ၏။

"မင်းကိုယ်တိုင် သေချင်နေမှတော့ ဘယ်သိူ့ကိုမှ အပြစ်တင်မနေနဲ့" သူက ပြောသည်။ "တာအိုရောင်ရင်းဖုန်း။ ကျုပ် ခင်ဗျားမျက်နှာမထောက်တာ မဟုတ်ဘူးနော်။ အရှေ့ကောင်းကင်ဂိတ်ထဲ ဝင်ဖို့ အခွင့်အရေးတောင် ပေးခဲ့ပေမယ့် သူက သူ့ကိုယ်သူဖို့ ရွေးချယ်လိုက်တာ"

ဖုန်းရွှမ်က ခြေဆောင့်နင်းလိုက်ပြီး စိုးရိ‌မ်နေကြောင်း ပေါ်လွင်သည်။ သို့သော် သူ့မှာ ဘာမှမတတ်နိုင်ပေ။

ဤအခိုက်အတန့်တွင် မန်ဟိုကား ဖန်မျိုးနွယ်စု၏ ဂိတ်ထဲသို့ ခြေလှမ်းတစ်ဝက် ရောက်နေလေပြီ။ ခြေလှမ်းလေးတစ်ဝက်သာ ချရသေးစဉ် ဂိတ်သည် တုန်ခါလာ၏။

"သူ့ကို သတ်တော့မယ်" အနက်ရောင်အမှတ်နှင့် ကျင့်ကြံသူက အေးစက်စွာ ပြုံးရင်း ပြောသည်။ သို့သော် ထိုအပြုံးမှာ ချက်ချင်း အေးခဲသွားပြီး မယုံကြည်နိုင်မှုအသွင်ပြောင်းသွား၏။ ‌ဆွေးနွေးနေကြသူအားလုံး တိတ်ဆိတ်သွားကြပြီး မျက်လုံးများပြူးလာကြသည်။

အရှေ့ကောင်းကင်ဂိတ်စောင့် အပြင်စည်းမျိုးနွယ်ဝင်တစ်ရာကျော်မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ဖုန်းရွှမ်၏မျက်လုံးများ တောက်ပသွားပြီး သူ့မှာ အံ့ဩမှင်သက်သွားလေသည်။

မန်ဟို ထိုနေရာတွင် ရပ်နေစဉ် ဂိတ်သည် တုန်ခါလာပြီး တောက်ပလာကြောင်း လူတိုင်း မြင်နေရ၏။

မီတာ (၃၀၀) အလင်းတန်းက စောင့်ကြည့်နေသူများ၏ မျက်လုံးများအား အလင်းရောင်ဟပ်ရင်း ထိုးတက်သွားသည်။

"မဖြစ်နိုင်ဘူး" အနက်ရောင်အမှတ်နှင့် ကျင့်ကြံသူက အသံဩဩကြီးဖြင့် ပြောသည်။ သူ့မှာ ရုတ်တရက် တုန်ရီလာ၏။

အရှေ့ကောင်းကင်ဂိတ်စောင့်တစ်ရာကျော်မှာ ပင့်သက်ရှိုက်ရင်း ချာချာလည်နေကြလေသည်။

လူအုပ်ကြီးမှာ ချက်ချင်း ဆူညံပွက်လောရိုက်သွား၏။

"မီတာ (၃၀၀) သွေးဆက်ဂိတ်အလင်းတန်း။ သူက သာမန်ဖန်မျိုးနွယ်တောင် မဟုတ်ဘူး။ သူ့မှာ မီတာ (၃၀၀) အလင်းတန်းရှိတဲ့ အချက်က သူ့‌သွေးဆက်က သာမန်မျိုးနွယ်ထက် သာတာ သက်သေပြနေတယ်"

"သူက ဖန်မျိုးနွယ်ဝင်တစ်ယောက်ဆိုရင် အရှေ့ကောင်းကင်ဂိတ်ကို ဖြတ်ဖို့ ဘာလို့လုပ်ခဲ့တာလဲ"

ထို့နောက်တွင် လူအုပ်ကြီး တိတ်ဆိတ်သွားသည်။

မန်ဟို့ခြေထောက် မြေကြီးကို ထိပြီး ကိုယ်တစ်ဝက် ဂိတ်ထဲ ဝင်လိုက်လျှင်ချင်း အလင်းတန်းသည် နားကွဲလုမတတ် ထစ်ချုန်းသံကြီးနှင့်အတူ မီတာ (၃၀၀) မှ မီတာ (၃၀၀၀) အထိ ထိုးတက်သွား၏။

မီတာ (၃၀၀၀) ဂိတ်အလင်းတန်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှရာ အရှေ့ကောင်းကင်ဂိတ်၏အပြင်ရှိ ကျင့်ကြံသူအားလုံးမှာ အသက်ပင်မရှူ‌နိုင်တော့ပေ။ သူတို့သည် ချာချာလည်မူးဝေလျက် မယုံကြည်နိုင်စွာ ငေးကြည့်နေကြသည်။

"မီတာ (၃၀၀၀) ဂိတ်အလင်းတန်း... ဘုရားရေ။ သူက ဖန်မျိုးနွယ်စုရဲ့ ရွေးချယ်ခံတစ်ယောက်ပဲ"

"သူက ဘယ်သူလဲ။ မီတာ (၃၀၀၀) ဂိတ်အလင်းတန်းနဲ့ ကျင့်ကြံသူတစ်ယောက်က သာမန်မဟုတ်နိုင်ဘူး။ ဖန်မျိုးနွယ်စုထဲမှာ မြင့်မားတဲ့ အဆင့်အတန်းရှိကို ရှိရမယ်"

အနက်ရောင်အမှတ်နှင့်ကျင့်ကြံသူမှာ ‌မျက်နှာဖြူဖပ်‌ဖြူလျော်နှင့် ကြောက်လန့်တကြား နောက်ဆုတ်သွားလေသည်။ သူ့မှာ မကျေမချမ်းပင် ဖြစ်နေသည်။

"မ...မ... မင်းက တကယ်တမ်း ဖန်မျိုးနွယ်ကိုး" သူက ဟောဟဲဟောဟဲ အသက်ရှူရင်း တွေးသည်။ "အဲဒီလိုသွေးဆက်တစ်ဆက်နဲ့များ ဘာလို့ အရှေ့ကောင်းကင်ဂိတ်ကို ဖြတ်ကျော်သေးတုန်း။ ဘာလို့ ငါ့ကို ပြဿနာရှာတာလဲ... မင်းမှာ မီတာ (၃၀၀၀) သွေးဆက်အလင်းတန်းရှိရင်တောင်မှ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ခဲ့တာမို့ ငါ့အပြုအမူတွေက တရားမျှတတယ်" သို့ထိတိုင် သူ့ရင်ထဲတွင် ပြင်းထန်သောအကြောက်တရားတို့ ပြည့်နှက်လာခဲ့လေပြီ။

ဖုန်းရွမ်မှာ စကားတစ်ခွန်းပင် မဟနိုင်တော့ဘဲ မန်ဟို့ကို ငေးကြည့်နေသည်။

ဤရွေ့ဤ‌မျှသာဆိုလျှင် တော်သေးသည်။ သို့သော် မန်ဟို ဂိတ်ထဲ တစ်ကိုယ်လုံး ဝင်လိုက်သည့်အခါ ထစ်ချုန်းသံများက ပိုမိုကျယ်လောင်လာပြီး အလင်းတန်းသည် ပို၍မြင့်တက်သွား၏။

မီတာ (၃၀၀၀) ၊ မီတာ (၄၅၀၀) ၊ မီတာ (၆၀၀၀) ၊ မီတာ (၇၅၀၀) ....

အသက်ရှူချိန်အနည်းငယ်လေးအတွင်း အလင်းတန်းကား မီတာ (၉၀၀၀) အထိ ရောက်ရှိသွားခဲ့လေပြီ။

အနက်ရောင်အမှတ်နှင့်ကျင့်ကြံသူမှာ ကျင့်ကြံခြင်းအခြေခံနှင့် အားအင်အလုံးစုံ ကုန်ခမ်းသွားသည့်အလား လူသေကြီးပမာ မျက်နှာဖြူဆုပ်လျက် ဗိုင်းခနဲ လဲကျသွားတော့သည်။

"မီတာ (၉၀၀၀) ..." သူက တွေးသည်။ "သေပြီ။ ငါတော့ သေပြီ။ မီတာ (၃၀၀၀) ပဲဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ခဲ့တာပါဆိုပြီး ပြောရသေးတယ်။ ဒါမဲ့ သူ့... သူ့မှာ မီတာ (၉၀၀၀) သွေးဆက်ဂိတ်အလင်းတန်းရှိနေတယ်တဲ့လား။ အဲ့ဒီလိုမျိုးနွယ်ဝင် တစ်ယောက်က ငါ ... ငါ .... "

သူတစ်ယောက်တည်းသာ ထိုသို့ပြုမူနေခြင်းမဟုတ်။ စောစောက မန်ဟို့ကို ဝိုင်းလှောင်ခဲ့သော ဖန်မျိုးနွယ်အပြင်စည်းအဖွဲ့ဝင်များမှာ ယခုတော့ မျက်နှာများဖြူဆုပ်နေကြလေပြီ။ သူတို့မှာ ခေါင်းနပန်းကြီးပြီး ကြောက်လန့်နေကြတော့၏။

"မီ…မီတာ (၉၀၀၀) ... အဲ့ဒါ ဘယ်သွေးဆက်လဲ။ ဖန်မျိုးနွယ်စု နံပါတ်တစ် ရွေးချယ်ခံ ဖန်ဝေပြီးရင် ဒုတိယပဲ။ မင်းသားဝေ ဂိတ်ထဲ ဝင်တုန်းကဆိုရင် သူ့ဂိတ်အလင်းတန်းက မီတာ (၂၄၀၀၀) အထိရောက်ခဲ့တာ"

"အဲဒီလူက ဘယ်သူလဲ..."

ဂိတ်အပြင်ရှိ လူများသာ အံ့အားသင့်နေခြင်းမဟုတ်။ အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်ဘိုးဘေးစံအိမ်ထဲတွင် ခေါင်းလောင်းသံတစ်သံ ဒေါင်ခနဲ မြည်လာသည်။ ထိုအသံသည် မျိုးနွယ်စု၏ အခွဲအမျိုးမျိုးတွင် မြည်ဟည်းလာသော်လည်း အပြင်လူတစ်ယောက်မှ မကြားရပေ။ ဖန်မျိုးနွယ်များ၏နားတွင်သာ ကြားနေရ‌ခြင်းပင်။

ဘိုးဘေးစံအိမ်၏ ပင်မခန်းမဆောင်တွင် တစ်ခေါင်းလုံး ဆံပင်ဖြူနေသော အဘိုးကြီးတစ်ဦးက တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ သူ၏အမူအရာမှာ တည်ကြည်လေး‌နက်နေပြီး မျက်လုံးများဖွင့်လျှင် သူ့အကြည့်မှာ နက်နဲသိမ်မွေ့နေပြီး သူ၏မျက်လုံးများသည် မိုးကြိုးလျှပ်စီးများသဖွယ် လင်းလက်နေ၏။ သူ့အရှေ့တွင် ထိုင်နေသည်ကား ဆွေးနွေးနေကြသော လူရှစ်ယောက်။

ခေါင်းလောင်းသံ မြည်သောအခါ ပင်မခန်းမထဲရှိ လူအားလုံး၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး မော့ကြည့်လိုက်ကြသည်။

"သန်မာတဲ့သွေးဆက်နဲ့ တစ်ယောက်က ဖန်ဂိတ်ကို ဝင်လာခဲ့ပြီး ခေါင်းလောင်းသံကို မြည်စေခဲ့ပြီ"

"တာအိုခေါင်းလောင်းက မျိုးနွယ်ဝင်တစ်ယောက် ဂိတ်ထဲ ပထမဆုံးဝင်မှ၊ မီတာ (၃၀၀၀) သွေးဆက်ဂိတ်အလင်းတန်းပေါ်လာမှ မြည်တာ"

"ဘယ်ဂျုနီယာသွေးဆက်က သူတို့ရဲ့သွေးဆက်ကို သွားစမ်းသပ်တာဖြစ်မလဲ"

လူတိုင်း အံ့အားသင့်နေပြီး အရှေ့တွင် ထိုင်နေသော အဘိုးကြီးက သံသယမျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

ဖန်မျိုးနွယ်များ အရွယ်ရောက်လာလျှင် သူတို့သည် သွေးဆက်ကို စစ်ဆေးဖို့ ဖန်ဂိတ်ထဲ ဝင်ရောက်တတ်ကြ၏။ တာအိုခေါင်းလောင်းက သူတို့ ပထမဆုံးဝင်ရောက်မှ မြည်တတ်ခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်စုအတွင်းရှိ နေရာအတော်များများ၌ အာမေဍိတ်သံများ ကြားရနိုင်လေသည်။ မန်ဟို၏ဦးလေးဆယ့်ကိုးသည် လောလောဆယ်တွင် ပူဆွေးသောကရောက်နေသောအမူအရာဖြင့် အရက်ပုလင်းကို ကိုင်ရင်း ကန်တစ်ကန်ဘေး၌ ထိုင်နေ၏။ ခေါင်းလောင်းမြည်သောအခါ သူ့မှာ ကြားပုံမပေါ်ဘဲ အရက်သာ သောက်နေလေသည်။ သူဘေးတွင် လေလယ်တွင် ကင်းမြီးကောက်ထောင်နေရသော ‌ရှုံ့မဲ့မဲ့အမူအရာဖြင့် ကောင်လေးတစ်ယောက်ရှိသည်။

နောက်တစ်နေရာတွင် မီးတောင်တစ်လုံး ပေါ်ထွက်နေသော အနက်ရောင်လွင်ပြင်ကြီးတစ်ခုရှိသည်။ မီးတောက်အတွင်း တင်ပျဉ်ခွေထိုင်နေသော သက်လတ်ပိုင်းလူ၏ မျက်လုံးများသည် ဖျတ်ခနဲ ပွင့်လာပြီး စူးရှတောက်ပလာ၏။

တစ်နေရာတွင်မူ ထိုင်နေသော လူငယ်တစ်ဦးအား မြင်ရနိုင်သည့် သွေးနီရောင်ကန္တာရကြီးတစ်ခုရှိသည်။ သူက ဆတ်ခနဲ ခေါင်းထောင်၍ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

နေရာအမျိုးမျိုးရှိ မျိုးနွယ်ဝင်များသည် ခေါင်းလောင်းသံကို သတိထားစပြုလာကြ၏။ ၎င်း ဒုတိယအကြိမ် မြည်သောအခါ ပို၍များပြားသောလူများ စိတ်နှလုံးတုန်လှုပ်လာကြသည်။ သုံးချက်မြည်သော် တုန်လှုပ်သူများ ပို၍ပင် များလာသည်။

သို့သော် သုံးချက်မြည်ပြီးနောက်တွင်ပင် ခေါင်းလောင်းသံကား ... ရပ်သွားခြင်းမရှိ။

မန်ဟိုက နူးညံ့သော အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်ထဲတွင် စီးမျောနေစဉ် ဖန်ဂိတ်ထဲ၌ မလှုပ်မယှက် ရပ်နေသည်။ သူ၏မျက်နှာထားသည် တည်ငြိမ်လျက်ရှိ၏။ သူ့အနေဖြင့် ဤလမ်းကို ရွေးချယ်ထားပြီးပြီဖြစ်ရာ မိုး‌နှင့်မြေအား တုန်ဟည်းသွားအောင် ဆက်လုပ်ပေမည်။

သူသည် အသက်ပြင်းပြင်းရှူ၍ သွေးဆက်စွမ်းအားအလုံးစုံကို ထုတ်လွှတ်ကာ ဂိတ်၏ နူးညံ့သောအရှိန်အဝါအား ၎င်း၏ခွန်အားကို တွေ့ရှိသွားစေသည်။

မျက်စိတစ်မှိတ်အတွင်း ဂိတ်အလင်းတန်းသည် ထိုးတက်လာ၏။ ၎င်းက မီတာ (၉၀၀၀) မှ မီတာ (၁၂၀၀၀) အထိ ထိုးတက်သွားကာ လေးချက်မြောက်ခေါင်းလောင်းသံအား မြည်လာစေသည်။

လေးချက်မြောက် ခေါင်းလောင်းသံကို အရှေ့အောင်ပွဲဂြိုဟ်အနှံ့အပြားရှိ ဖန်မျိုးနွယ်အကုန်လုံး ကြားလိုက်ရကြရာ ပို၍ပင်များပြားသောလူများအား တုန်လှုပ်သွားစေသည်။ သို့သော် ဖန်ဂိတ်၏ ဂိတ်အလင်းတန်းမှာ မီတာ (၁၅၀၀၀)သို့ ရောက်သည်အထိ မြင့်တက်လာသည်။ ငါးချက်မြောက် ခေါင်းလောင်းသံက ဖန်မျိုးနွယ်စုတစ်စုလုံးကို တုန်လှုပ်သွားစေရင်း ပဲ့တင်ထပ်လာလေသည်။

"ခေါင်းလောင်းသံ ငါးချက်။ ဘယ်သူက သူတို့သွေးဆက်ကို စစ်ဆေးနေတာလဲ ... သန်မာလိုက်တာ"

"ဖန်မျိုးနွယ်စုရဲ့ အငယ်ပိုင်းမျိုးဆက်မှာ မီတာ (၁၅၀၀၀) ဂိတ်အလင်းတန်းကို လှုံ့ဆော်နိုင်တဲ့သူ အယောက်ငါးဆယ်တောင် မရှိဘူး။ မီတာ (၁၈၀၀၀) အလင်းတန်းဆို ဆယ်ယောက်တောင် မပြည့်ဘူး။ မီတာ ((၂၁၀၀၀)) အလင်းတန်းကတော့ ... သုံးယောက်ပဲရှိတယ်။ ပြီးတော့ မီတာ (၂၄၀၀၀) အလင်းတန်းနဲ့ ဖန်ဝေ"

ဖန်မျိုးနွယ်စုမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ မန်ဟိုက ဖန်ဂိတ်၏အလင်းရောင်ထဲတွင် ရပ်နေပြီး ဂိတ်အလင်းတန်းမှာ လွန်စွာ တောက်ပလွန်းသဖြင့် အထဲရှိ သူ့ကို မမြင်ရပေ။ မန်ဟိုက အသက်ပြင်းပြင်းနောက်တစ်ချက် ရှူသွင်းလိုက်ရာ ဂိတ်အလင်းတန်းမှာ .... ထပ်မံထိုးတက်သွားပြန်သည်။

၎င်းသည် မျက်စိကျိန်းမတတ် တောက်ပနေလျက် မီတာ (၁၅၀၀၀) မှ မီတာ (၁၈၀၀၀) သို့ တက်သွားသည်။ အရှေ့ကောင်းကင်ဂိတ်အပြင်ရှိ လူတိုင်းမှာ ဆွံ့အသွားကြလေသည်။

ခြောက်ချက်မြောက် ခေါင်းလောင်းသံ မြည်လာသောအခါ ဖန်မျိုးနွယ်စုတစ်စုလုံး ပွက်လောရိုက်သွားသည်။

မျိုးနွယ်စုထဲရှိ နေရာအသီးသီးမှ လူရိပ်များစွာ ပျံတက်လာကြပြီး အရှေ့ကောင်းကင်ဂိတ်ထံ ဦးတည်သွားကြလေသည်။ ဘိုးဘေးစံအိမ်၏ ပင်မခန်းမထဲရှိ အကြီးအကဲများပင်လျှင် အပြင်ပျံထွက်လာကြပြီး ဂိတ်ထံသို့ နေရာရွှေ့ပြောင်းသွားကြသည်။

မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများအပါအဝင် လူပေါင်းထောင်ချီ တစ်ပြိုင်တည်း ပျံထွက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း အရှေ့ကောင်းကင်ဂိတ်မှ လူပေါင်းများစွာ ထွက်လာပြီး ဖန်ဂိတ်ကို လှမ်းကြည့်လိုက်ကြလေ၏။

အရှေ့ကောင်းကင်ဂိတ်၏အပြင်ရှိ ကျန်ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားတုန်ရီစွာဖြင့် နောက်ဆုတ်ပေးလိုက်ကြသည်။ သူတို့သည် အရှေ့ကောင်းကင်ဂိတ်မှ ထွက်လာကြသူများကို ကြည့်ပြီး အကုန်လုံးက ဖန်မျိုးနွယ်စုမှ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြောင်း သဘောပေါက်သွားကြလေသည်။

ဤလူများမှာ ဖန်ဂိတ်ကို လှမ်းကြည့်နေကြသော်လည်း အထဲရှိလူကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ဘယ်အခွဲရဲ့ ကလေးက ဒီလောက်အဆင့်အထိ စွမ်းဆောင်နိုင်တာလဲ မသိဘူး"

"ဟားဟားဟား။ ဖန်မျိုးနွယ်စုကို နတ်‌ကောင်းနတ်မြတ်တွေ စောင်မပေးနေတာပဲ။ နောက်ရွေးချယ်ခံတစ်ယောက် ပေါ်လာခဲ့ပြီ"

"ဘယ်သူများလဲ။ တောက်အာလား။ ဟိုက်ကလေးလား။ ဟုန်အာလား"

ယခုမှ ရောက်ရှိလာခဲ့သော ဖန်မျိုးနွယ်များသည် မျှော်လင့်တကြီး စောင့်စားနေကြ၏။ ဤအခိုက်အတန့်တွင်ပင် ဘိုးဘေးစံအိမ်၏ ပင်မခန်းမတွင် ခေါင်းဆောင်နေရာ၌ ထိုင်နေခဲ့သော အဘိုးကြီးမှ ဦးဆောင်လာသည့် လူရှစ်ယောက်ပေါ်လာသည်။

သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျန်ဖန်မျိုးနွယ်များမှာ တအံ့တဩ လှမ်းကြည့်ပြီး လက်ယှက်နှုတ်ဆက်လိုက်ကြလေသည်။

"ဂါဝရပြုပါတယ် မဟာအကြီးအကဲ"

ဤအဘိုးကြီးသည် ခေါင်းဆောင်ကြီးများ တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွားသည့်နောက် ဖန်မျိုးနွယ်စု၏ ကိစ္စရေးရာများကို ကြီးမှူးဆောင်ရွက်ရန် ကျန်ခဲ့သော ပုဂ္ဂိုလ်မှတစ်ပါး အခြားမဟုတ်ပေ။ သူကား .... မဟာအကြီးအကဲ ဖန်သုံ့တျန်းဖြစ်၏။

နာမည်အတိုင်းပင် ဖန်သုံ့တျန်းသည် ခန့်မှန်းနိုင်သည်ထက် အဆများစွာ မြင့်မားသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည်။ သူက အရှေ့ကောင်းကင်ဂိတ်မှ ထွက်လာလျှင်ချင်း ဖန်မျိုးနွယ်စု၏ဂိတ်ကို လှမ်းကြည့်လိုက်သော်လည်း အထဲ၌ မည်သူမှ မမြင်ရပေ။ သူမြင်ရသမျှမှာ ဝိုးတိုးဝါးတား အရိပ်တစ်ခုသာ။

ဖန်သုံ့တျန်းက အကျယ်ကြီး အော်ရယ်ပြီး ပြောသည်။ "မီတာ (၁၈၀၀၀) ဂိတ်အလင်းတန်းက ဖန်မျိုးနွယ်စုအတွက် မယုံနိုင်လောက်အောင် အရေးပါတဲ့ ကိစ္စပဲ။ သိပ်ကောင်းတယ် ၊ သိပ်ကောင်းတယ် ... ဒီလိုသွေးဆက်နဲ့ မျိုးနွယ်ဝင်တစ်ယောက်ရှိလာပြီဆိုတော့ ဖန်မျိုးနွယ်စုမှ ရွေးချယ်ခံနောက်တစ်ယောက် ထပ်တိုးပြီကွ"

တစ်ချိန်တည်းမှာပင် တစတစ များပြားသော ဖန်မျိုးနွယ်များ အရှေ့ကောင်းကင်ဂိတ်မှ ထွက်လာကြသည်။

ထိုစဉ် ဂိတ်စောင့်များမှာ မူးမေ့လဲတော့မတတ် ကြောက်နေကြလေပြီ။ အနက်ရောင်အမှတ်နှင့် ကျင့်ကြံသူမှာမူ ထိန်းမနိုင်သိမ်းရအောင် တုန်ရီရင်း မြေကြီးပေါ်၌ လဲနေ၏။

ဖုန်းရွှမ်လည်း တုန်ရီနေသည်။ သူက ပတ်ပတ်လည်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များကို ကြည့်ပြီး မယုံနိုင်ဖြစ်နေသော မျက်နှာထားဖြင့် ဖန်မျိုးနွယ်ဂိတ်ကို ပြန်ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် အလင်းတန်းက ဂျိန်းခနဲ ထိုးတက်သွားပြန်သည်။ ၎င်းသည် မီတာ (၁၈၀၀၀) မှ မီတာ ((၂၁၀၀၀)) အထိ ထိုးတက်သွားရာ ဖန်မျိုးနွယ်စုနှင့် ဂိတ်အပြင်ရှိ လူတိုင်းအား လုံးလုံးလျားလျား တုန်လှုပ်သွားစေ၏။

မဟာအကြီးအကဲဖန်သုံတျန်း၏မျက်လုံးများက မတောက်စဖူး တောက်ပလာတော့သည်။

***

All Chapters