အရှေ့အောင်ပွဲဂြိုဟ်၏ ဖန်မျိုးနွယ်စု
Vol. 64 Ch. 896
မန်ဟိုသည် ဖန်မျိုးနွယ်ဝင်အကုန်လုံးကို ကြည့်ပြီး ဘယ်သူမှ မနှုတ်ဆက်ဖူးသော ပုံစံမျိုးဖြင့် နှုတ်ဆက်လိုက်၏။ သူ၏စကားလုံးများကို တုံ့ပြန်လိုက်သည်မှာတော့ တိတ်ဆိတ်မှုသာ။
မျိုးနွယ်ဝင်အားလုံးသည် မန်ဟို၊ သူ၏မရင်းနှီးသော မျက်နှာနှင့် သူ့အနောက်ရှိ ဖန်ဂိတ်ကို ကြည့်နေကြသည်။ စောစောက မီတာ (၃၀၀၀၀) အလင်းတန်းမှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့လေပြီ။
မန်ဟိုသည် သူတို့နှင့် စိမ်းသော နာမည်ဖြစ်သော်ငြား ဖန်ရှုံ့ဖုန်းမှာမူ တစ်ချိန်က ဖန်မျိုးနွယ်စုတစ်စုလုံးတွင် အထင်ရှားဆုံးနာမည်၊ ဘယ်တော့မှ မေ့ပျောက်ခြင်းမခံရမည့်နာမည်ဖြစ်သည်။ ဖန်ရှုံ့ဖုန်းကား တိုက်ရိုက်သွေးဆက်၏ သားအကြီးဆုံး၊ သူ့မျိုးဆက်တွင် နံပါတ်တစ် ရွေးချယ်ခံပင်။ သူသည် ကျန်သွေးဆက်အားလုံးကို လွယ်ကူစွာ အနိုင်ယူခဲ့ပြီး နဝမတောင်ပင်လယ်ရှိ ဂိုဏ်းအသီးသီးမှ ရွေးချယ်ခံများကိုလည်း ဖိနှိပ်နိုင်ခဲ့၏။
ထိုအချိန်တုန်းက ဖန်ရှုံ့ဖုန်းသည် လျှမ်းလျှမ်းတောက် နေတစ်စင်းပမာ အရှိန်အဝါကြီးမားခဲ့ပြီး သူနှင့်မျိုးဆက်တူသူများမှာ သူ၏ထည်ဝါခံညားမှုနှင့်စာလျှင် သာမန်ကြယ်ပွင့်များသဖွယ် သေးသိမ်ခဲ့ရသည်။
ထိုမျှသာမက သူက မန်မျိုးနွယ်စု၏ ထူးခြားသော သမီးပျိုတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ အဋ္ဌမတောင်မှ လူများက သူတို့၏ထိမ်းမြားပေါင်းဖက်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ ယခုထက်ထိတိုင် ထိုတောင်နှစ်တောင်လုံးမှ လူအများ ပြောနေကြသေးသည့် ကြီးကျယ်ခမ်းနားသောအခါသမယ ဖြစ်ခဲ့လေသည်။
ထို့နောက် မန်ဟို မွေးဖွားလာခဲ့ရာ ဖန်ရှုံ့ဖုန်းနှင့် မန်လီကို အောင်မြင်ကျော်ကြားမှု၏ထိပ်ဆုံးသို့ တွန်းပို့ခဲ့လေသည်။
သို့သော် ချမ်းသာရာမှ ချွတ်ခြုံကျသွားတတ်သကဲ့သို့ အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့၏။ ဖန်ရှုံ့ဖုန်း၏ ဖခင် ပျောက်သွားပြီးနောက် ဖန်ရှုံ့ဖုန်းသည်လည်း ... တောင်ကောင်းကင်ကို နှစ်တစ်သိန်းစောင့်ရှောက်ဖို့ သွားခဲ့သည်။
ထိုအရာအားလုံးကား သားဖြစ်သူ ဖန်ဟိုအတွက်သာ။
သူသည် အသက်ခုနစ်နှစ်အရွယ်တွင် နိဗ္မာနပြန်မွေးဖွားခြင်း ကြုံတွေ့ခဲ့ရသည့် သန်မာသောသွေးဆက်ဖြင့် ကောင်လေးတစ်ယောက်ဖြစ်၏။ သူကား မိုးကောင်းကင်ကို ဖီဆန်နေသော သွေးဆက်ကို ပိုင်ဆိုင်ထားသော်လည်း မသန်မစွမ်းအဖြစ် မွေးဖွားလာခဲ့သည်။ ထိုနှစ်များအတွင်း ဖန်ဟိုက မိခင်နှင့်ဖခင်ကို ဆွဲထားသူဟူ၍ လူပေါင်းများစွာ ယုံကြည်ခဲ့ကြလေသည်။
သို့သော် ယခု မန်ဟိုကား ပြန်ရောက်လာခဲ့လေပြီ။
သို့မဟုတ် ဖန်ဟို ပြန်ရောက်လာခဲ့ပြီဟု ပြောနိုင်သည်။
ဤလူပုဂ္ဂိုလ်၏ ပြန်ရောက်လာမှုက မျိုးနွယ်စုတစ်စုလုံးအား ထွက်ကြိုအောင် လှုံ့ဆော်ခဲ့သည်။ သူ မိဘနှစ်ပါးနှင့် ထွက်သွားသောအခါ ၎င်းက အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးအား တုန်လှုပ်စေခဲ့သည်။ ထို့နောက် သူသည် ပြန်ရောက်လာခဲ့ပြီး ထိုနည်းတူစွာပဲ ဂြိုဟ်တစ်ဂြိုဟ်လုံးအား ထပ်မံတုန်လှုပ်စေပြန်လေပြီ။
အဘယ်ကြောင့်ဆိုသော် သူ၏ပြန်ရောက်လာမှုက ဖန်မျိုးနွယ်စု၏ နံပါတ်တစ်ရွေးချယ်ခံ ဖန်ဝေကို အပြတ်အသတ် အနိုင်ယူသွားသော မီတာ (၃၀၀၀၀) သွေးဆက်ဂိတ်အလင်းတန်းဖြင့် ဖြစ်၍ပင်။ သူ၏လုပ်ဆောင်မှုက မျိုးနွယ်ဝင်အားလုံးအား လှုပ်ရှားသွားစေပြီး သူ့ကို မျက်လုံးအကုန်လုံး၏အာရုံစိုက်ရာ ဖြစ်လာစေသည်။
ခေတ္တ တိတ်ဆိတ်နေပြီးနောက် မျိုးနွယ်ဝင်များမှာ ဆူညံပွက်လောရိုက်လာတော့သည်။
"မန်ဟို.... သူက ဖန်ဟိုပဲ။ တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေး"
"ဘုရားရေ တကယ်ပဲ သူပါလား။ သူ ပြန်လာပြီ။ သန်မာတဲ့သွေးဆက်ကို ပိုင်ဆိုင်ထားလို့ အသက်ခုနစ်နှစ် နဲ့ နိဗ္ဗာနပြန်မွေးဖွားခြင်း ခံစားခဲ့ရတဲ့ ကလေး .... ပြန်လာပြီ"
မန်ဟို သူ့မိဘနှစ်ပါးကို နာမည်ကို ပြောလိုက်သောအခါ တိုက်ရိုက်သွေးဆက်များမှာ စိတ်လှုပ်ရှားတုန်ရီလာကြသည်။ ဦးလေးဆယ့်ကိုးက မန်ဟို့ကို စိုက်ကြည့်ရင်း ရှေ့တက်လာသည်။ ပြီးခဲ့နှစ်အတွင်း သူ့မှာ နောင်တအကြီးအကျယ်ရကာ အစ်ကိုဝမ်းကွဲကို မျက်နှာမပြရဲဖြစ်ရင်း မိမိကိုယ်ကို အပြစ်တင်နေခဲ့၏။ ယခုတော့ မန်ဟို ဘေးကင်းကင်း ပြန်ရောက်လာသည်ကို မြင်ပြီး မယုံကြည်နိုင်ဖွယ်စွမ်းအားများအား ထုတ်ဖော်နေသည်ကို မြင်လျှင် သူ၏ဝမ်းသာမှုတို့မှာ ဖော်ပြ၍ပင်မရတော့ပေ။
အကြီးအကဲ ဖန်သုံ့တျန်းက တဟားဟား ရယ်ရင်း လျှောက်လာသည်။ သူက မန်ဟို့ကို ကြည့်ပြီး ကြင်နာစွာ ပြုံးပြလေ၏ ။
"ပြန်ရောက်လာတာပဲ အရေးကြီးတယ်။ မန်ဟိုဖြစ်ဖြစ် ၊ ဖန်ဟိုဖြစ်ဖြစ် မင်းက ဖန်မျိုးနွယ်၊ တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေးပဲ
"မင်း သေးသေးလေးတုန်းက ငါ မင်းကို ပွေ့ချီပေးခဲ့ရတာ သိလား" ဖန်သုံ့တျန်းက အားရဝမ်းသာစွာ ရယ်လိုက်ပြီး သူ့မျက်နှာပေါ်ရှိ နွေးထွေးကြင်နာမှုမှာ ထင်ရှားပေါ်လွင်နေလေသည်။ သူ့မှာ မန်ဟို့ကို ကြည့်လေလေ၊ ပီတိဖြစ်ဖြစ်လေလေပင်။
သူ့အနောက်တွင် မျိုးနွယ်စု၏ သက်ကြီးပိုင်းမျိုးနွယ်ဝင်များရှိသည်။ သူတို့က ပြုံးပျော်စွာဖြင့် မန်ဟို့ထံ ချဉ်းကပ်လာကြလေသည်။
"လိမ္မာလိုက်တဲ့ကလေး။ ဒီနှစ်တွေတစ်လျှောက်လုံး အခက်အခဲတွေအများကြီး ခံစားခဲ့ရမှာပဲ"
"ပြန်လာတာပဲ အရေးကြီးပါတယ်ကွယ်။ အခု မင်း ပြန်လာပြီဆိုတော့ မင်းအနာဂတ်ဟာ အကန့်အသတ်မဲ့သွားပြီ"
"ဒီနေ့က တကယ့်ကို ဝမ်းသာစရာနေ့ပဲ။ သိပ်ကောင်းတယ်။ သိပ်ကိုကောင်းတယ်"
ဖန်မျိုးနွယ်ဝင်အားလုံး ဝမ်းသာအားရပြောနေကြသည်။ ကျင့်ကြံခြင်းလောကတွင် မျိုးနွယ်စုများနှင့် ဂိုဏ်းများ၊ သွေးဆက်များနှင့် မိသားစု၊ ယင်းတို့နှင့် ပတ်သက်လျှင် ရှုပ်ထွေးသည့်အခါများရှိသလို ၊ တစ်ခါတရံ အလွန်ရိုးရှင်းလေသည်။
မန်ဟို၏ပြန်ရောက်လာမှုက မရေမတွက်နိုင်သောလူများအတွက် အလွန်ဝမ်းသာစရာဖြစ်သည်။ စောစောက မျက်နှာမှုန်ကုပ်နေခဲ့သော သက်လတ်ပိုင်းလူက အကျယ်ကြီး အော်ရယ်နေလေသည်။ သူက ရှေ့တက်လာပြီး မန်ဟို့ကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဟိုအာ၊ ငါးက ဦးလေးနှစ်ပဲ။ ဟိုးတုန်းက မင်းအဖေရယ် ငါရယ် တိုက်ပွဲတွေ အတူတူ တိုက်ခဲ့ပြီး အတူတူ ကျင့်ကြံခဲ့ကြတယ်။ တကယ်တော့ မင်းနဲ့ ဝေအာက တစ်နာရီပဲခြားမွေးခဲ့တာ။ အတူတူမွေးလာတာလို့ ဆိုရမယ်
"အရေးအကြီးဆုံးက မင်းပြန်ရောက်လာတာပဲ။ မင်းက ဖန်မျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး သေချာပေါက် ရွေးချယ်ခံပဲ"
မန်ဟို့ပတ်ပတ်လည်တွင် စုရုံးလာသူများ တစတစ များပြားလာသည်။ အထူးသဖြင့် တိုက်ရိုက်သွေးဆက်များသည်။ သူတို့သည် အခြားသူများထက်ပို၍ စိတ်လှုပ်ရှားနေကြ၏။ မန်ဟိုပြန်ရောက်လာမှုက သူတို့အတွက် ကြီးမားသော မျှော်လင့်ချက်နှင့် အင်အားဖြစ်လေသည်။ ထိုမျှသာမက မီတာ (၃၀၀၀၀) သွေးဆက်အလင်းတန်းက သူတို့သွေးဆက်အတွက် မျှော်လင့်ချက်တို့ ဆောင်ယူလာခဲ့လေပြီ။
"ဟိုအာ" မဟာအကြီးအကဲက ပြောသည်။ "လာ ဒီကိုလာ အိမ်တူတူပြန်ရအောင်" သူ့မျက်လုံးထဲရှိ ချီကျူးနေမှုနှင့် ဖော်ရွှေမှုမှာ သိသာလှသည်။
ဦးလေးဆယ့်ကိုးက အနားရောက်လာပြီး မန်ဟို့ကို လူတိုင်းနှင့် မိတ်ဆက်ပေးသည်။ "ဟိုအာ ဒါ မဟာအကြီးအကဲ။ ခေါင်းဆောင်ကြီးတွေအကုန်လုံး တံခါးပိတ်ကျင့်နေကြတယ်။ ကံကောင်းလို့ မျိုးနွယ်စုအရေးကိစ္စတွေကို ကိုင်တွယ်ပေးဖို့ မဟာအကြီးအကဲရှိနေလို့သာပေါ့"
မန်ဟိုက အလျင်အမြန် လက်ယှက်၍ အရိုအသေပေးလိုက်သည်။
"ဂျူနီယာ ဂါဝရပြုပါတယ် မဟာအကြီးအကဲ"
မဟာအကြီးအကဲက ရယ်သည်။ သူကား စက္ကန့်တိုင်း စက္ကန့်တိုင်း မန်ဟို့ကို ချစ်မြတ်နိုးလာသယောင်ပင်။
"ဒါပေမဲ့ ကျွန်တော် အခုလောလောဆယ် မျိုးနွယ်စုကို ပြန်လိုက်လို့မရသေးဘူး" မန်ဟိုက အတန်ငယ် ရှက်ရွံ့နေသောအသံဖြင့် ပြောသည်။ သူ၏စကားကြောင့် လူတိုင်း အံ့ဩတကြီး လှမ်းကြည့်ကြသည်။
"စောစောက ကျွန်တော့်ဝိညာဉ်ကျောက်တုံးတွေကို လူတစ်ယောက်ခိုးသွားတယ်" မန်ဟိုက သက်ပြင်းချရင်း ဆက်ပြောသည်။ သူ့အကြည့်သည် အရှေ့ကောင်းကင်ဂိတ်ကို စောင့်ကြပ်နေသော အပြင်စည်းကျင့်ကြံသူအုပ်စုထံ ရောက်လာပြီး အနက်ရောင်အမှတ်နှင့် ကျင့်ကြံသူအပေါ်တွင် ရစ်ဝဲနေ၏။ ထိုလူမှာ တုန်ရီလာပြီး ကြောက်လွန်း၍ သတိလစ်သွားတော့သည်။
"ဘယ်လောက်အခိုးခံရတာလဲ" ဦးလေးဆယ့်ကိုး၏ ဘေးတွင် ရပ်နေသော လူငယ်က မန်ဟို့ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း မေးသည်။
"တစ်သန်း" မန်ဟိုက မထူးခြားသလို ပြန်ဖြေသည်။
"ကောင်းပြီ ငါတို့ ကြည့်ရှင်းပေးမယ်" လူငယ်က နှုတ်ခမ်းသပ်လိုက်သည်။ "ဒါနဲ့ ငါ့နာမည်က ဖန်ရွှီပါ" ဤလူငယ်သည်လည်း တိုက်ရိုက်သွေးဆက်ဖြစ်ပြီး မန်ဟို၏ ဝမ်းကွဲညီဖြစ်သည်။
ကျန်ဖန်မျိုးနွယ်များမှာ တဟားဟား ရယ်လိုက်ကြသည်။ သူတို့အရှေ့၌ ဖြစ်ပျက်နေသော မြင်ကွင်းမှာ ဟာသဇာတ်လမ်းတစ်ပုဒ်အလားပင်။ စောစောက တစ်စုံတစ်ယောက်သည် မန်ဟို မည်သူမှန်း မသိဘဲ အာခံခဲ့မိခြင်းဖြစ်လိမ့်မည်။ ဖန်မျိုးနွယ်စုသည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို အရေးထားသည့်အတွက် အစော်ကားခံရသည်ကို သည်းခံမှာမဟုတ်ပေ။ မန်ဟို့အကြောင်း မသိသော အပြင်စည်းမျိုးနွယ်ဝင်များပင် ဖြစ်လင့်ကစား သေစေနိုင်သောအမှားကို ကျူးလွန်ခဲ့၍ အပြစ်ပေးရလိမ့်မည်။
ချက်ချင်းပင် မျိုးနွယ်ဝင်များသည် မျက်နှာဖြူဆုပ်နေသော အစောင့်များအား တန်းစီစေပြီး ခေါ်သွားကြသည်။
အနက်ရောင်အမှတ်နှင့်ကျင့်ကြံသူမှာ ဆွဲခေါ်သွားခံရသော်အခါ ကယ်ပါ တစာတစာ အော်နေသည်။ သူ့မှာ နောင်တကြီးစွာရရင်း ငိုယိုနေတော့သည်။
မဟာအကြီးအကဲက ခေါင်းတခါခါနှင့် ရယ်ပြီးနောက် မန်ဟို၏ပခုံးကို ဆုပ်ကိုင်ကာ ဖန်ဂိတ်ထဲသို့ ဦးဆောင်ခေါ်သွားသည်။ ကျန်မျိုးနွယ်ဝင်များက သူတို့နောက်မှ လိုက်သွားကြသည်။ ဂိတ်မှ အလင်းရောင်တို့က အထက်သို့ မြင့်တက်သွားပြီး ထစ်ချုန်းသံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွား၏။
ဖုန်းရွှမ်မှာ အံ့ဩစွာဖြင့် ကြည့်နေသည်။ မန်ဟိုက လမ်းလျှောက်သွားနေစဉ် နောက်လှည့်၍ ဖော်ရွေစွာ ခေါင်းညိတ်ပြသွားခဲ့လေသည်။ မန်ဟိုက ဘာမှမပြောသော်လည်း ဖုန်းရွှမ်မှာ အလွန်စိတ်နှလုံးလှုပ်ရှားသွားမိသည်။
တဖြေးဖြေး ဖန်မျိုးနွယ်အားလုံး အရှေ့အောင်ပွဲဂြိုဟ်သို့ ပြန်ရောက်လာကြသည်။ ဂိတ်အပြင်ရှိ အစောင့်အဖွဲ့ကား နောက်တစ်ဖွဲ့ဖြစ်သွားလေပြီ။ ဤကျင့်ကြံသူအသစ်များမှာ စိုးရိမ်ထိတ်လန့်နေကြ၏။ သူတို့သည် ယခင်အစောင့်များ၏ ကံတရားကို သိထား၍ မန်ဟို့ကို လေးစားကြောက်ရွံ့နေကြလေသည်။
ယခုတွင် သူတို့သည် ဂိတ်အပြင်၌ တန်းစီနေသော ကျင့်ကြံသူများအား ယဥ်ယဉ်ကျေးကျေး ဆက်ဆံရင်း ဝင်ခွင့်ပေးနေကြ၏။
**
ဖန်မျိုးနွယ်စုတွင် သွေးဆက်အမျိုးမျိုးမှ မျိုးနွယ်ဝင်များသည် ရောက်ရာအရပ်မှ ပြန်လာကြပြီး ကြိုဆိုပွဲအခမ်းအနားအတွက် ဘိုးဘေးစံအိမ်ထဲတွင် စုဝေးနေကြလေ၏။
လွန်ခဲ့သောတစ်နှစ်က ပြင်ဆင်ခဲ့သော အခမ်းအနားနှင့်ယှဉ်လျှင် ၎င်းကား အဆများစွာ ခမ်းနားလေသည်။ ယခင်စုဝေးပွဲမှာ ဗန်းပြရုံသာ ဖြစ်ခဲ့သည်မဟုတ်ပါလော။ ဤတစ်ခေါက်တွင်မူ ... လူအတော်များများသည် ကိုယ့်သဘောဆန္ဒအလျောက် ပြန်လာကြခြင်းဖြစ်၏။ သူတို့မှာ မီတာ (၃၀၀၀၀) သွေးဆက်ဂိတ်အလင်းတန်းနှင့် ဤမျိုးနွယ်ဝင် မန်ဟိုက မည်သည့်ပုံစံ ရှိသလဲ ကြည့်ချင်နေကြလေသည်။
အရှေ့အောင်ပွဲဂြိုဟ်၏ တစ်ဝက်ကျော်ခန့်သည် ဖန်မျိုးနွယ်စု အာဏာစက်၏လက်အောက်တွင် ဖြစ်ပြီး အရန်သွေးဆက်များစွာမှ နေရာယူထား၏။ ဤဂြိုဟ်အပေါ်တွင် ဧကရာဇ်နိုင်ငံတော်ဟူ၍မရှိ ၊ ဖန်မျိုးနွယ်စုသာ ရှိသည်။
လူသားနိုင်ငံများအရဖြစ်စေ၊ ကျင့်ကြံသူများအရဖြစ်စေ ဖန်မျိုးနွယ်စုသည် ... အခြားသူတကာကို လွှမ်းမိုးပစ်နိုင်လောက်အောင် အင်အားကြီးမား၏။ ထိုမျှသာမက သွေးသစ်ခွဘုရားကျောင်းနှင့် ရုပ်သေးနတ်ဘုရားကျောင်းတို့လည်း ဖန်မျိုးနွယ်စုနှင့် နက်ရှိုင်းသော ပတ်သက်မှုများ ရှိကြသည်။
မှန်ပါသည်၊ ဆေးနတ်ဂိုဏ်းက တစ်သီးပုဂ္ဂလရပ်တည်သော်လည်း သက်ရှိထင်ရှား ရှိနေသေးသော ဖန်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးတစ်ဦးမှ တည်ထောင်ထားခြင်းဖြစ်ရာ သူမတူသော ဆက်ဆံရေးကို ဖန်တီးထား၏။
ဖန်မျိုးနွယ်ဘိုးဘေးစံအိမ်မှာ တကယ်တော့ မြို့ကြီးတစ်မြို့ဖြစ်ပြီး ဖန်မျိုးနွယ်စု၏ မြို့တော်အဖြစ် ဆောင်ရွက်လေသည်။ ၎င်းသည် သမုဒ္ဒရာတစ်စင်း၏ ဘေးတွင် တည်ရှိပြီး ဖန်မျိုးနွယ်စု၏ မရေမတွက်နိုင်သော သွေးဆက်များ စုဝေးရာနေရာဖြစ်သည်။ ၎င်းမှာ အလွန်အကျူးတန်ဆာဆင်ထားသော အိမ်တော်များ၊ စေတီပြာဿဒ်များဖြင့် ပြည့်နှက်နေသည်။
အတိတ်တုန်းက တိုက်ရိုက်သွေးဆက်များသာလျှင် ဘိုးဘေးစံအိမ်ကို သိမ်းပိုက်ထားခွင့် ရှိခဲ့သော်လည်း တိုက်ရိုက်သွေးဆက် အားအင်ယုတ်လျော့လာသည်နှင့်အမျှ တချို့နေရာများကို အရန်မျိုးဆက်တစ်ဆက်မှ ရယူခဲ့လေသည်။ ယခုတွင် တိုက်ရိုက်သွေးဆက်မှာ ဘိုးဘေးစံအိမ်၏ တစ်ဝက်ခန့်သာ အုပ်ချုပ်နိုင်တော့သည်။ ထိုလက္ခဏာများက မကြာမီ အရန်သွေးဆက်သည် ပင်မသွေးဆက်ဖြစ်လာလိမ့်မည်ဟု သက်သေထူနေသည်။
မန်ဟိုပြန်ရောက်လာမှုအတွက် ကြိုဆိုပွဲအခမ်းအနားမှာ မျိုးနွယ်ဝင်သောင်းချီတက်ရောက်မည့် ပွဲဖြစ်သည်။ ယခုတွင် သူတို့သည် ဘိုးဘေးစံအိမ်၏အလယ်ရှိ ဗဟိုရင်ပြင်၌ စုဝေးနေကြ၏ည်။ မန်ဟို့အတွက်တော့ ၎င်းမှာ ပုံရိပ်ယောင်အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွင် မြင်ခဲ့ရသော မြင်ကွင်းပမာပင်။
မြေကြီးတွင် အစိမ်းရောင်ကျောက်ပြားများ ခင်းထားပြီး မယုံကြည်နိုင်ဖွယ် ဖိအားကို ထုတ်လွှတ်နေသည့် မရေမတွက်နိုင်သော မန္တန်ဝင်္ကပါများအား မြင်ရနိုင်သည်။ မန်ဟို့အတွက် ဧရာမပင်လယ်ကြီးတစ်စင်း တဖွေးဖွေး လှုပ်နေသလိုပင်။
အရပ်လေးမျက်နှာတွင် သူ မြင်ခဲ့ရသော အဆောက်အအုံများသည် တင့်တယ်ခမ်းနားလျက်ရှိပြီး မန်ဟိုမှာ နဝမတောင်နှင့်ပင်လယ်ကို ကိုင်လှုပ်နိုင်သော ဂိုဏ်းကြီးတစ်ဂိုဏ်း၏ သေးငယ်သော အစိတ်အပိုင်းလေးအား ရုတ်တရက် မြင်လိုက်ရသကဲ့သို့ ခံစားရလေသည်။
ထိုအရာလေးကား ရေခဲတောင်၏ အငူစွန်းထိပ်ကလေးသာ ရှိသေး၏။ မန်ဟို့ကျင့်ကြံခြင်းအခြေခံဖြင့်ပင် အာရုံခံ၍မရသော စွမ်းအားများစွာ ရှိသေးသည်။ သူ သိသိသမျှမှာ ဖန်မျိုးနွယ်မည်မျှ အရှေ့အောင်ပွဲဂြိုဟ်အပေါ်တွင် ရှိကြောင်း မသိနိုင်သည်ကိုသာ။ ဖန်မျိုးနွယ်အဖြစ် ခံယူထားသော အပြင်မျိုးနွယ်စုများနှင့် ကျန်ကျင့်ကြံသူများပင် မပါသေးပေ။
အတူတကွ စုပေါင်းလိုက်လျှင် ... ၎င်းမှာ မှင်သက်ဖွယ်ကောင်းသော ကျင့်ကြံသူပမာဏကြီးဖြစ်လေသည်။
ထိုမျှသာမက အရှေ့ကောင်းကင်ဂိတ်၏ အပြင်တွင် ပေါ်လာခဲ့သူများမှာ သွေးဆက်အမျိုးမျိုး၏ အထင်ရှားဆုံးအဖွဲ့ဝင်သာ ရှိသေးသည်။
မဟာအကြီးအကဲက ကြိုဆိုပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ပြီး မန်ဟို့ကို မျိုးနွယ်ဝင်များစွာနှင့် မိတ်ဆက်ပေးသည်။ ဘိုးဘေးများအား ပူဇော်ပြီးလျှင် သူက မန်ဟို့ကို ကျောက်စိမ်းပြားတစ်ပြားနှင့် မရေမတွက်နိုင်သော လက်ဆောင်များပေးလေသည်။ ထို့နောက်တွင် ဘိုးဘေးစံအိမ်ရှိ ဖန်ဝတ်ပြုကျောင်းသို့ ဦးဆောင်ခေါ်သွားသည်။
ဝတ်ပြုကျောင်းသည် ကြီးမားပြီး အပြင်မှကြည့်လျှင် သားရဲကြီးတစ်ကောင် ထိုင်နေသကဲ့သို့ပင်။ အတွင်းတွင် ထိုင်ခုံတစ်သောင်းအား ပတ်ပတ်လည်၌ စီခင်းထားသော အားကစားရုံကဲ့သို့ စင်မြင့်ကြီးတစ်ခုရှိသည်။ လောလောဆယ်တွင် ထိုထိုင်ခုံတစ်ဝက်ကျော်အား မျိုးနွယ်စု၏အကြီးအကဲအမျိုးမျိုးမှ နေရာယူထားသည်။ သူတို့အားလုံးက မျက်လုံးများ တလက်လက် တောက်ပနေလျက် ကြည့်နေကြပြီး မန်ဟို ကြည့်၍မရအောင်အထိ နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံများကို ပိုင်ဆိုင်ထားသည်။
မဟာအကြီးအကဲဖန်သုံ့တျန်းက အရှေ့တွင် ထိုင်လိုက်သည်။ ဝတ်ပြုကျောင်း၏ အလယ်၌ မန်ဟို့ကို ကြည့်နေစဉ် သူ၏မျက်လုံးများသည် မီးကဲ့သို့ တဝင်းဝင်း တောက်လျက်ရှိ၏။ အနီးနားတွင် ဦးလေးနှစ်နှင့် မန်ဟို့ကို အကဲခတ်နေသည့်အလား စူးစူးစိုက်စိုက် ကြည့်နေသည့် ပါးရေတွန့်နေသော အဘိုးကြီးတစ်ဦးအပါအဝင် မျိုးနွယ်ဝင်များစွာ ထိုင်နေကြသည်။ ထိုအဘိုးကြီးသည် ...စောစောက မန်ဟို့ကို သတ်ဖြတ်ချင်ခဲ့သော ဖန်ဝေ၏ အဘိုးရင်းဖြစ်လေ၏။
ထိုင်နေကြသူအများစုက ငယ်ရွယ်ကြပြီး သူတို့ထဲတွင် သူ့ကို ကြည့်၍ ပြုံးပြနေသော ဖန်တုံးဟန်ကို မန်ဟို မြင်လိုက်ရသည်။
ဖန်ရှန်ရှန်းကိုလည်း တွေ့လိုက်ရသည်။ သူမသည် သူ သူမကို ကြည့်နေကြောင်း မြင်လျှင် တုန်ရီသွားပြီး ခေါင်းငုံ့သွား၏။ တောင်ကောင်းကင်ဂြိုဟ်ပေါ်၌ ဖြစ်ခဲ့သမျှ အကုန်လုံးအား သူမ မှတ်မိသေးလေသည်။
ဖန်မျိုးနွယ်ဝင်များစွာအနက် ကျောက်စိမ်းတမျှ နူးညံ့ချောမွတ်သောအသားအရေနှင့် လူငယ်တစ်ဦးရှိလေသည်။ သူက ဘိုးဘေးစံအိမ်အောက်ရှိ ကျင့်ကြံခြင်းဂူထဲတွင် ကျင့်ကြံအားထုတ်နေခဲ့သော လူငယ်ဖြစ်သည်။ လောလောဆယ်တွင် သူသည် သူနှင့်ရွယ်တူ ကျင့်ကြံသူတစ်ရာကျော် ခြံရံလျက် ခုံတစ်ခုံတွင် ထိုင်နေ၏။
သူ့အနားရှိ ငယ်ငယ်ရွယ်ရွယ် ကျင့်ကြံသူတစ်ယောက်မှာတော့ ဖန်ယွင်ရီပင်။
ဖန်ယွင်ရီက မန်ဟို့ကို မုန်းတီးစက်ဆုပ်စွာ ကြည့်ပြီး ခါးကိုင်းကာ အဖြူရောင်ဝတ်ရုံနှင့် လူငယ်၏နားနားကပ်၍ တစ်စုံတစ်ခုအား ပြောလိုက်သည်။
အမှန်တော့ ထိုလူငယ်မှာ အခြွေအရံများ မလိုအပ်ပေ။ သူ့စွမ်းအားက သူတို့နှင့်ယှဉ်လျှင် ညအမှောင်ထဲ၌ တဟုန်းဟုန်း တောက်နေသော မီးလျှံအလားပင်။ သူသည် သိုးအုပ်အလယ်က မြေခွေးတစ်ကောင်အလား တစ်ချက်ကလေးကြည့်လိုက်ရုံနှင့် မည်သူမဆို သတိထားမိမည့်သူမျိုး ဖြစ်၏။
ဤသည်မှာ ဖန်မျိုးနွယ်စု၏ ယခင် နံပါတ်တစ်ရွေးချယ်ခံ .... ဖန်ဝေပင်။
***