← Chapters

ဖန်ဝေ

Vol. 65 Ch. 897

ဖန်ဝေ

Vol. 65 Ch. 897

ဖန်ဝေဆိုသည်မှာ တစ်မျိုးနွယ်တည်းသား ကျင့်ကြံသူများဖြင့် အမြဲ ခြုံရံလျက်ရှိသူဖြစ်သည်။ သူ မည်သည့်နေရာသွားသွား၊ အားလုံး၏အာရုံစိုက်ခြင်း ခံရသည်။ သူကား ဖန်မျိုးနွယ်စု၏ လက်ရှိမျိုးဆက်အတွက် နံပါတ် (၁) ရွေးချယ်ခံပင် မဟုတ်ပါလော။

ဖန်ဝေသည် နဝမတောင်နှင့်ပင်လယ်၌လည်း အောင်မြင်ကျော်ကြားသူဖြစ်သည်။

ထိုမျှသာမက ဖန်မျိုးနွယ်စု၏ တရားဝင်မြေးအကြီးဆုံးမဟုတ်သော်ငြား ထိုအဆင့်အတန်းကို သိမ်းပိုက်ထားလေသည်။

ဖန်မျိုးနွယ်စု၏ ဤမျိုးဆက်တွင် သူ့ထက် စီနီယာကျသည့် တစ်ဦး‌တည်းသောပုဂ္ဂိုလ်မှာတော့ မန်ဟိုသာ။

ဖန်ဝေက ထိုင်နေစဉ် မန်ဟို့ကို အေးဆေးတည်ငြိမ်စွာ တစ်ချက်ကြည့်ကာ မျက်လုံးများပြန်ပိတ်လိုက်သည်။ မနှစ်တုန်းက မျိုးနွယ်စုကြိုဆိုပွဲအခမ်းအနားအား ပြင်ဆင်ခဲ့သောအခါတွင် သူသည် ပေါ်မလာခဲ့ပေ။ သူ့အနေဖြင့် မန်ဟို ပြန်လာသည်ကို ဂရုမစိုက်ခြင်းဖြစ်သည်။

ယနေ့ သူ ရောက်လာခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ မန်ဟို၏သွေးဆက်သန်စွမ်းမှုက သူ့ကို စိတ်ဝင်စားသွားစေ၍ပင်။

ဝတ်ပြုကျောင်းထဲရှိ အခြေအနေသည် အလွန်လေးနက်နေ၏။ အတွင်း၌ ထိုင်နေကြသူများမှာ ဖန်မျိုးနွယ်အကြီးအကဲများဖြစ်ပြီး လူစုံတက်စုံမရှိသော်လည်း အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ လူအများစု ပါဝင်လေသည်။

ဝတ်ပြုကျောင်းထဲရှိ လူတစ်ဦးတစ်ယောက်ချင်းစီမှာ မသေမျိုးနတ်မင်းကြီးများအလားပင်။ သူတို့အားလုံးသည် ချီနှင့်သွေးအရသော်လည်းကောင်း၊ အရှိန်အဝါအရသော်လည်းကောင်း အဆုံးစွန်အထိ ကြောက်မက်ဖွယ်ကောင်း၏။ မန်ဟိုမှာ အကြီးအကဲများကို ကြည့်နေစဉ် သူတို့၏ကျင့်ကြံအဆင့်အား ကြည့်၍မရကြောင်း တွေ့လိုက်ရသည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် ဖန်မျိုးနွယ်စု မည်မျှအင်အားကြီးမားသလဲ ပို၍နားလည်သွား၏။

ကျီမျိုးနွယ်စုကို ထည့်မတွက်လျှင် ဤမျိုးနွယ်စုအား ‌နဝမတောင်နှင့်ပင်လယ်၌ နံပါတ်တစ်မျိုးနွယ်စုအဖြစ် အမှန်တကယ် မှတ်ယူနိုင်သည်။ သခင်လီပျောက်သွားသည့်နှစ်က ဖန်မျိုးနွယ်စုသာ ဆံတစ်မျှင်လေးမျှ ပို၍အင်အားကြီးမားခဲ့လျှင် .... နဝမတောင်နှင့်ပင်လယ်သည် ယခုတွင် သခင်ဖန်တစ်ဦး၏ လမ်းစဉ်အတိုင်း လိုက်နာနေရမည်ဖြစ်သည်။

မန်ဟိုမှာ ရေခဲတောင်၏ထိပ်စွန်းလေးကိုသာ မြင်နေရသည်ကိုလည်း ကောင်းကောင်းသိသည်။ ဖန်မျိုးနွယ်စုတွင် နက်ရှိုင်းသော အရင်းအမြစ်များ ရှိချေရာ သူတို့ကို ရန်စဝံ့သူ မရှိသလောက် ရှားပေသည်။

ထိုမျှသာမက မန်ဟိုသည် .... ဖန်မျိုးနွယ်စု၏ တိုက်ရိုက်သွေးဆက်မှ အကြီးဆုံးမြေးဖြစ်၏။ သူသာ ခုနစ်နှစ်မြောက်ပြစ်ဒဏ်ကို မခံစားရလျှင် မည်သို့ဖြစ်လာမည်လဲ အလွယ်တကူ မြင်ယောင်ကြည့်နိုင်သည်။ ဖန်မျိုးနွယ်စုတွင်သာ ကြီးပြင်းလာခဲ့ပါက သူ၏အဆင့်အတန်းနှင့် အောင်မြင်မှုက သူအား နဝမတောင်ပင်လယ်အပြင် အဋ္ဌမတောင်ပင်လယ်တစ်ဝန်း လျှမ်းလျှမ်းတောက် ကျော်ကြားစေမည်ဖြစ်သည်။

ယခုတွင် အကြီးအကဲအားလုံး မန်ဟို့ကို ‌ကြည့်နေကြသည်။ သူတို့ ဝမ်းသာနေသည်လား၊ ‌စိတ်တိုနေသည်လား ပြောရခက်သည်။ သူတို့၏မျက်နှာအမူအရာများမှာ နက်နဲနေသည့်အတွက် ဖတ်ရခက်ပြီး ခန်းမတစ်ခုလုံးတွင် မယုံကြည်နိုင်ဖွယ်ဖိအားကြီးတစ်ရပ်အား သက်ရောက်နေစေသည်။ ဖန်ဝေ၊ သူ့အဖေနှင့် သူ့အဘိုးတို့မှာမူ မျက်လုံးများ မသိမသာ လင်းလက်လျက်ရှိ၏။

မန်ဟိုတစ်ယောက်တည်းသာ ဝတ်ပြုကျောင်း၏ အလယ်တည့်တည့်တွင် ရပ်နေရခြင်းဖြစ်သည်။ သူ၏ပတ်ပတ်လည်ရှိ လူများမှ ဖိအားများ ထုတ်လွှတ်နေသည့်တိုင် သူကား အတန်ငယ်မျှ တွ့န်ဆုတ်သွားခြင်းမရှိပေ။

အတော်လေးကြာမှနောက်ဆုံး မဟာအကြီးအကဲဖန်သုံ့တျန်းက စကားပြောလာ၏။

"ဖန်ဟို" သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောသည်။ သူ၏အသံသည် လူအများစကားပြောနေသံအလား ဝတ်ပြုကျောင်းတစ်ခုလုံး ပဲ့တင်ထပ်သွား၏။ အရာအားလုံး တုန်ခါလာသည်။

"ဘိုးဘေးတွေကို ပူဇော်ပြီးသွားပြီဖြစ်တဲ့အတွက် မင်းဟာ အခုကစပြီး ဖန်မျိုးနွယ်ဝင် တရားဝင်ဖြစ်သွားပြီ။ အခုကစပြီး မင်းအနေနဲ့ ဖန်မျိုးနွယ်စုရဲ့ ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်တွေကို သုံးပိုင်ခွင့်ရှိပြီး မင်း စိတ်တိုင်းကျခြယ်လှယ်နိုင်မယ့် အရာတွေလည်း ရှိလာပြီ

"ဒါပေမဲ့ မင်း ဘယ်တော့မှ မေ့မရတဲ့ အရာတစ်ခု ရှိတယ်" မဟာအကြီးအကဲ၏အမူအရာသည် အမျက်ဒေါသကင်းမဲ့နေသော်လည်း ရုတ်တရက် ခြောက်လှန့်နေပုံပေါ်လာသည်။

"အခု မင်းဟာ ဖန်မျိုးနွယ်ဝင်တစ်ဦးဖြစ်သွားပြီမလို့ မျိုးနွယ်စုရဲ့ စည်းမျဉ်းအားလုံးကို လိုက်နာရမယ်။ အဲဒီစည်းမျဉ်းတွေကို ဖောက်ဖျက်တာနဲ့ မင်းရဲ့ သွေးဆက် ဘယ်လောက်သန်မာသန်မာ၊ မင်းမှာ မီတာသုံးသောင်းဂိတ်အလင်းတန်းရှိနေရှိနေ .... အပြစ်ပေးခံရမယ်

"မျိုးနွယ်စုစည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မင်း လေ့လာရအောင် အသေးစိတ်ရေးထားတဲ့ မူပွားတစ်ခု ပို့ပေးမယ်"

မန်ဟိုက မဟာအကြီးအကဲကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေသည်။

မဟာအကြီးအကဲ စကားပြောပြီး‌သော် ဘေးတွင် ထိုင်နေသော ဆံပင်ဖြူဖြူ၊ မျက်နှာနီနီနှင့် အဘိုးကြီးက ပြုံးပြီး ပြောသည်။ "မျိုးနွယ်စုရဲ့ ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးသမီးတို့၊ ဖန်ဟို့ကို မျှဝေပေးမယ့် ကျင့်ကြံရေးအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြစို့လား"

"ဟိုအာက တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေး" တစ်ယောက်က ပြောသည်။ "တကယ်တမ်း ဖန်မျိုးနွယ်စုတစ်စုလုံးမှာ လက်ရှိ သူတို့မျိုးဆက်ရဲ့ အဆင့်အတန်းအမြင့်ဆုံးမြေးပဲ။ သူက ဒီနှစ်တွေအတွင်း အပြင်လောကမှာ ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရတယ်။ အခု မျိုးနွယ်စုကို ပြန်ရောက်လာပြီဆိုတော့ သူ့အနေနဲ့ အကောင်းဆုံးတွေထဲက အကောင်းဆုံးကို ရသင့်တယ်"

"ငွေသော်တာလကန်ဘေးက ကျင့်ကြံခြင်းဂူထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ကံကြမ္မာကောင်းရှိတယ်" နောက်တစ်ယောက်က ပြောသည်။ "ဒါ့အပြင် နတ်နဂါးတစ်ကောင်ရဲ့ အကြွင်းအကျန်တွေကိုလည်း တွေ့နိုင်တယ်။ အဲ့ဒါက အရှေ့အောင်ပွဲဂြိုဟ်‌ပေါ်မှာ သေချာပေါက် အကောင်းဆုံးကျင့်ကြံခြင်းဂူပဲ။ ကျုပ်အမြင်အရတော့ အဲ့ဒီကျင့်ကြံခြင်းဂူကို ဟိုအာဆီ ပေးသင့်တယ့်"

အကြီးအကဲနောက်တစ်ယောက်က မန်ဟို့ကို ချီးကျုးနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။ "ဟုတ်တယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ အဲ့ဒီကျင့်ကြံခြင်းဂူကို ပိုင်ဆိုင်ဖို့ ထိုက်တန်တဲ့ အရည်အချင်းရှိတဲ့သူ မရှိခဲ့ဘူး။ ငါတို့ တိုက်ရိုက်သွေးဆက်မှာ မြေးအကြီးဆုံး ၊ မျိုးဆက်တစ်ဆက်လုံးရဲ့ အဆင့်အတန်းအမြင့်ဆုံးမြေးကြီးရှိပြီလေ။ သူတစ်ယောက်ပဲ အဲဒီကျင့်ကြံခြင်းဂူကို ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်"

ဤသည်မှာ မန်ဟို့ကို အလွန်အကျူးချီးကျူးခြင်းဖြင့် နှိမ့်ချနေသော အခြေအနေမဟုတ်ပေ။ ဤလူများသည် မန်ဟို အကောင်းဆုံးအရင်းအမြစ်များ ရအောင် တတ်နိုင်သမျှမြန်မြန် ကူညီပေးလိုခြင်းဖြစ်သည်။

တိုက်ရိုက်သွေးဆက်အကြီးအကဲများ စကားပြောပြီးသည်နှင့်တစ်ပြိုင်တည်းဆိုသလို ကျန်အကြီးအကဲများ စကားပြောလာကြသည်။

"ဒါ လုံးဝမသင့်တော်ဘူး။ ဟိုအာက အခုလေးတင်မှ ပြန်ရောက်လာတာဖြစ်တဲ့အပြင် မျိုးနွယ်စုကောင်းကျိုးတစ်ခုမှတောင် မဆောင်ရွက်ပေးရသေးဘူး။ သူ့အဆင့်အတန်းတစ်ခုတည်းနဲ့ အဲဒီကျင့်ကြံခြင်းဂူကို ချီးမြှင့်ပေးလို့မရဘူးလေ။ မတရားဘဲ နေလိမ့်မယ်"

မရေမတွက်နိုင်သော အကြီးအကဲများ သူတို့၏အမြင်များအား စတင်ပြောဆိုလာကြသဖြင့် ဆူဆူညံညံဖြစ်သွားရန် တခဏသာ ကြာလိုက်သည်။ အဆုံးသတ်တွင် သုံးဆယ်ရာခိုင်နှုန်းက ကန့်ကွက်ပြီး ဆယ်ရာခိုင်နှုန်းသာ သူ့ဘက်တွင်ရှိကြောင်း မန်ဟို ပြောနိုင်လာ၏။ ကျန်ရှိသူများက ဆိတ်ဆိတ်သာ နေနေကြသည်။

မဟာအကြီးအကဲသည် ယခုလိုဖြစ်ပျက်မည်ကို ခန့်မှန်းထားပြီးဖြစ်၍ မပြောင်းလဲသောမျက်နှာထားဖြင့် တိတ်ဆိတ်စွာ ရပ်နေလေ၏။

ဤအခိုက်အတန့်တွင် လူငယ်အခြွေအရံတစ်ရာကျော်ဖြင့် ဝန်းရံနေသော ခုံတစ်ခုံတွင် ထိုင်နေသည့် ဖန်ဝေက ရုတ်တရက် မျက်လုံးဖွင့်ကာ စကားပြောလိုက်သည်။

"လေးစားရပါသော အကြီးအကဲတို့ ၊ ငွေသော်တာလကန်ဘေးက ကျင့်ကြံခြင်းဂူကို ဂျူနီယာယူပြီး တခြားတစ်ယောက်ကို ပေးလိုက်တာ ပြောဖို့ မေ့သွားတယ်" သူ၏အသံသည် အေးဆေးပြီး ခံစားချက်တစ်စုံတစ်ရာမျှ မပါပေ။ သူ စကားပြောလျှင်ချင်း တိုက်ရိုက်သွေးဆက်အကြီးအကဲများ၏မျက်နှာများ မည်းမှောင်သွားကြသည်။ သို့သော် တစ်ယောက်မှ တုံ့ပြန်‌ပြောဆိုခြင်းမရှိချေ။

မန်ဟို၏မျက်လုံးများ မဆိုစလောက် လင်းလက်သွားသည်။ ဖန်ဝေ၏စကားလုံးများတွင် အဓိပ္ပါယ်များစွာ ပါသည်။ ဤသည်မှာ ဖန်မျိုးနွယ်အကြီးအကဲများအစည်းအဝေးဖြစ်၍ ဖန်ဝေမှတစ်ပါး အငယ်ပိုင်းမျိုးဆက်ဝင်တစ်ယောက်မှ ထိုင်နေခြင်းမရှိပေ။

ထိုမျှသာမက သူ၏စကားလုံးများသည် မည်သည့်အဆင့်အတန်းကိုမဆို ချုပ်ချယ်နေသော အထက်စီးဆန်ဆန်ဖိအားတစ်ရပ်အား သယ်ဆောင်လာ၏။ ၎င်းမှာ ... တိုက်ရိုက်သွေးဆက်အကြီးအကဲများပင် တုံ့ပြန်ပြောဆိုနိုင်ခြင်း မရှိသည်အထိ လွန်စွာ အထက်စီးဆန်လွန်းလေသည်။

မန်ဟိုက ဖန်ဝေကို ကြည့်လိုက်ပြီး ဖန်ဝေက မျက်လုံးများ ပြန်မပိတ်ခင် သူ့အား ခေတ္တမျှကြည့်သည်။

ထို့နောက် တိုက်ရိုက်သွေးဆက်အကြီးအကဲများက ထပ်မံပြောဆိုလာသည်။

"ကျင့်ကြံခြင်းဂူအပြင် ဆေးဝါးအဖွဲ့တာအိုက ဆေးလုံးအကြီးအကဲကိုယ်တိုင် ဖော်စပ်ထားတဲ့ ပျောက်လွယ်သက်တံ့နတ်ဆေးလုံးဆယ်သုတ်လည်း ရှိသေးတယ်။ အဲ့ဒီဆေးလုံးအမျိုးအစားက စိတ်ဝိညာဉ်နယ်ပယ်ကနေ အင်မော်တယ်နယ်ပယ်ကို တက်ရာမှာ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ အထောက်အပံ့ပေးနိုင်တဲ့ ‌ရှားမှရှားဆေးလုံးမျိုးပဲ။ အဲဒီဆေးလုံးခုနစ်သုတ်ကို ဟိုအာဆီပေးသင့်တယ်"

"အဲ့ဒါလည်း မသင့်တော်ဘူး" နောက်အကြီးအကဲတစ်ယောက်က ပြောသည်။ "တစ်နှစ်ကိုမှ ဆေးလုံးဆယ်သုတ်ပဲ ဖော်စပ်တာ။ ဆေးပင်တွေကလည်း အပြင်လောကမှ ရှားနေပြီ။ ပျောက်ကွယ်သက်တံ့နတ်ဆေးလုံးတွေက စိတ်ဝိညာဉ်နဲ့ အင်မော်တယ်နယ်ပယ်စပ်ကြားအတွက် တည်ရှိသမျှဆေးလုံးတွေထဲ အာနိသင်အရှိဆုံးလေ။ သူတို့ကို ဂျူနီယာမျိုးဆက်တစ်ဆက်လုံးအတွက် ဖော်ထားတာ။ ဒါ့ကြောင့် ခုနစ်သုတ်ကို ဟိုအာကို ပေးဖို့က မဖြစ်နိုင်ဘူး။ တစ်သုတ်နဲ့တင် လုံလောက်ပြီ"

စောစောကအတိုင်း မဟာအကြီးအကဲက ဘာမှဝင်မပြောပေ။ ဤအခိုက်အတန့်တွင် အဖြူရောင်ဝတ်ရုံနှင့် ဖန်ဝေက မျက်လုံးဖွင့်၍ စကားပြောပြန်သည်။

"လေးစားရပါသော အကြီးအကဲတို့၊ ပျောက်လွယ်သက်တံ့နတ်ဆေးလုံး ဆယ်သုတ်လုံးအတွက် ခွဲတမ်းတွေ လုပ်ပြီးသွားတာ ဂျူနီယာ အသိပေးဖို့ မေ့သွားတယ်"

ချက်ချင်းပင် ဝတ်ပြုကျောင်းတစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။ တိုက်ရိုက်သွေးဆက်အကြီးအကဲတို့၏ မျက်လုံးများမှာ ဒေါသမီးတဝင်းဝင်းတောက်နေသော်လည်း အံကြိတ်ပြီး ဆိတ်‌ဆိတ်နေရုံသာ တတ်နိုင်လေသည်။

မန်ဟိုမှာ ယခုထက်ထိ စကားတစ်ခွန်းမှ မပြောရသေးသော်လည်း ဖန်ဝေကို လှမ်းကြည့်နေစဉ် တဖြေးဖြေး မျက်မှောင်ကြုတ်လာသည်။ ဖန်ဝေသည် စကားနှစ်ခွန်းသာ ပြောရသေးသည့်တိုင် သူ၏စကားလုံးများက အကြီးအကဲများကို တိတ်ဆိတ်သွားစေခဲ့၏။ ဤအချက်နှင့်တင် သိသာနေချေပြီ။

ထို့အပြင် မန်ဟိုသည် ဖန်ဝေနှင့်ပတ်သက်၍ တစ်ခုခုက ရင်းနှီးနေသည်ကို ခံစားမိလာသော်လည်း မည်သည့်အရာမှန်း မပြောတတ်ပေ။ တခဏကြာသော် သူ့မှာ အမှတ်မှားနေသည်လား ထင်လာမိ၏။

တိတ်ဆိတ်မှုက ဝတ်ပြုကျောင်းတွင် မင်းမူနေပြီး တိုက်ရိုက်သွေးဆက်အကြီးအကဲများ မှုန်ကုပ်စွာ ထိုင်နေကြစဉ် တခြားသွေးဆက်မှ အကြီးအကဲများကတော့ မသိမသာပြုံးနေကြသည်။ နောက်ဆုံး‌တွင် မဟာအကြီးအကဲက မျက်လုံးများ တလက်လက် တောက်ပနေလျက် လည်ချောင်းရှင်း၍ စကားစပြောသည်။

"ကဲကဲ၊ ကျင့်ကြံခြင်းဂူနဲ့ ဆေးလုံးတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြတယ်ဆိုတော့ ထားလိုက်တော့။ ဟိုအာ ၊ မင်းက တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေးဖြစ်တဲ့အတွက် ငါ အခု မင်းကို တာဝန်ယူ‌မယ်။ ဆွေးနွေးတာတွေ ထပ်မလုပ်တော့ဘူး။ မင်းအနေနဲ့ မျိုးနွယ်စုရဲ့ အမြင့်ဆုံးခွဲတမ်းကို ရမယ်

"ဒီကျောက်စိမ်းပြားကို မျိုးနွယ်စုရဲ့ ပြည်သူခန်းမဆီ ယူသွား။ အဲ့ဒီမှာ မင်းရဲ့ လစဉ်ကျင့်ကြံရေးအရင်းအမြစ်ခွဲတမ်းကို ထုတ်ယူနိုင်တယ်

"ကျင့်ကြံခြင်းဂူကတော့ ..." မဟာအကြီးအကဲသည် တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံ့သောအလင်းရောင်တစ်ရောင် ဖြာထွက်လာပြီး မြေပုံတစ်ခုအဖြစ် လျင်မြန်စွာ ဖြစ်ပေါ်လာ၏။

မြေပုံပေါ်တွင် ကျင့်ကြံခြင်းဂူတစ်ဂူစီကို ကိုယ်စားပြုသော အလင်းစက်များစွာ ရှိသည်။ မြေပုံ၏အလယ်ဗဟိုနှင့်နီးလေလေ၊ ၎င်းတို့ထုတ်လွှတ်နေသော အရှိန်အဝါများ အားကောင်းလေလေ ဖြစ်သည်။ အားလုံး၏အလယ်ဗဟိုတွင်တော့ ကန်တစ်ကန်။ ၎င်းကား ငွေသော်လကန်မှတစ်ပါးအခြားမဟုတ်ပေ။

"ဟိုအာ၊ အခု မြင်နေရတဲ့ထဲက ကျင့်ကြံခြင်းဂူတစ်ဂူ ရွေးလိုက်။ မှိန်နေတဲ့ဟာတွေကတော့ ပိုင်ရှင်ရှိပြီးသားတွေ" မဟာအကြီးအကဲစကားပြောလိုက်သည့်အခါ မြေပုံပေါ်ရှိ အလင်းစက်ရှစ်ဆယ်ရာခိုင်နှုန်း မှိန်ကျသွားပြီး သိပ်များများစားစား မကျန်တော့ပေ။ ငွေသော်လကန်၏ဘေးတွင် အနည်းအကျဉ်းရှိသေးသော်ငြား အများစုမှာ တခြားနေရာများ၊ အထူးသဖြင့် အစွန်အဖျားများတွင် ဖြစ်ကြသည်။

မျက်လုံးအားလုံးက မန်ဟို့အပေါ် ကျရောက်နေပြီး ကြည့်နေကြသူအများစုမှာ စိတ်ပူပေးနေပုံရသော်လည်း ထိုခံစားချက်များက အတုလော၊ အစစ်လော ပြောရခက်သည်။

မန်ဟိုက တခဏ တိတ်ဆိတ်သွားပြီးနောက် လက်ယှက်၍ မဟာအကြီးအကဲကို အရိုအသေပေးလိုက်သည်။

"မဟာအကြီးအကဲခင်ဗျ၊ ဂျူနီယာ အရှေ့အောင်ပွဲဂြိုဟ်ကို ပြန်လာတာက အဖေမှာလိုက်တဲ့အတိုင်း နိဗ္ဗာနသစ်သီးနှစ်လုံးကို ပြန်ယူဖို့ပါ။ ကျင့်ကြံခြင်းဂူတွေရော၊ ဆေးလုံးတွေရော ကျုပ် ဂရုမစိုက်ပါဘူး။ လိုလည်း မလိုအပ်ဘူး။ နိဗ္ဗာနသစ်သီးနှစ်လုံးပဲ လိုချင်ရုံပါ" ဤစကားလုံးများကို တည့်တိုးပြောပြီးလျှင် မန်ဟိုက မဟာအကြီးအကဲကို ကြည့်သည်။

တိတ်ဆိတ်မှုက ဝတ်ပြုကျောင်းတွင် စိုးမိုးသွားပြန်သည်။

နောက်ဆုံးတွင် မဟာအကြီးအကဲသည် မန်ဟို ကျင့်ကြံခြင်းဂူနှင့် အခြားအရာများအား ငြင်းပယ်မှုကို လက်မခံနိုင်သည့်အလား လက်ကို ဝှေ့ယမ်းလိုက်၏။

"ဟိုအာရယ်၊ မင်းက အခုမှ မျိုးနွယ်စုကို ပြန်ရောက်လာတာလေ" သူက ကြင်နာသောအသံဖြင့် ပြောသည်။ "အရာအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ မင်းအတွက် အချိန်လိုတယ်။ ကျင့်ကြံခြင်းဂူ၊ ကျင့်ကြံရေးအရင်းအမြစ်တွေနဲ့ အဲဒီဆေးတွေဟာ ဖန်မျိုးနွယ်ဝင်တစ်ဦးဖြစ်တဲ့ မင်းအတွက် ရသင့်ရထိုက်တာတွေပဲ"

"နိဗ္ဗာနသစ်သီးကိစ္စကတော့ မပူနဲ့ ။ အဲ့ဒါတွေက မင်းအပိုင်လေ။ မင်းကို ပြန်ပေးရမှာပေါ့။ မင်းအဖေ ထွက်သွားတုန်းက အဲဒီအတိုင်း ငါ ကတိပေးထားခဲ့တာ

"မပူနဲ့။ အရေးကြီးတဲ့ကိစ္စတစ်ရပ်မလို့ နှစ်ရက်နေရင် မင်းလက်ထဲ နိဗ္ဗာနသစ်သီးတွေ ပြန်ထည့်ပေးတာကို မျက်မြင်သက်သေတည်ဖို့ မျိုးနွယ်ဝင်တွေကို ဖိတ်ထားပေးမယ်"

မန်ဟိုက ဘာမှပြန်မပြောပေ။ မူလက သူ့တွင် ဖန်မျိုးနွယ်စု၌ နေလိုစိတ်မရှိပေ။ ယခု‌ ဤနေရာရောက်၍ အခြေအနေကို နားလည်သွားသည့်အခါ ပို၍ပင် နေလိုစိတ်ပျောက်ဆုံးသွားသည်။

အမှန်တွင် သူ့မှာ ယခုချက်ချင်းပင် ထွက်သွားချင်သည်။ သို့သော် မိဘနှစ်ပါး၏ မျှော်လင့်ချက်များကို ပြန်တွေးရင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ရက်စက်ကြမ်းကြုတ်သောအလင်းရောင်တစ်စက သူ၏မျက်လုံးများတွင် တခဏ ပေါ်လာသည်။။ သူသည် ခေါင်းညိတ်လိုက်ပြီးနောက် နောက်တစ်ခွန်းထပ်ပြောရန် ပြင်လိုက်၏။

"မဟာအကြီးအကဲ ၊ ကျုပ်အတွက် အဖေ ပြင်ဆင်ပေးထားတဲ့ အင်မော်တယ်လမ်းပြနွယ်ရှိသေးတယ်။ ကျေးဇူးပြုပြီး အဲ့ဒါလည်း ပြန်ပေးနိုင်မလား"

မဟာအကြီးအကဲပင် ပြန်မပြောရသေးခင် အဖြူရောင်ဝတ်ရုံနှင့် ဖန်ဝေ၏အသံအား ကြားလိုက်ရသည်။

"အဲ့ဒီအင်မော်တယ်လမ်းပြနွယ်အတွက်လည်း စီစဉ်ပြီးသွားတာ ဂျူနီယာ ပြောဖို့ မေ့နေတယ်" သူက အေးစက်စက် ပြောသည်။

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို၏မျက်လုံးများက အေးစက်စွာ တောက်ပသွားသည်။ သူသည် ဖန်ဝေကို ကြည့်၍ ပြုံးကာ စကားစပြောလေ၏။

"ဝမ်းကွဲညီငယ် ဖန်ဝေ" သူက ပြုံးနေသည့်တိုင် အေး‌စက်သောအသံဖြင့် ပြောသည်။ "မင်း ဦးနှောက်ချောင်သွားတဲ့အထိ ငါ မင်းကို ငယ်ငယ်တုန်းက ရိုက်ခဲ့မိပုံပဲ။ မင်း အခုလို ဂေါက်သီးဖြစ်နေရတဲ့အကြောင်းရင်းက အဲ့ဒါပဲ ရှိလိမ့်မယ်။ မဟုတ်ရင် ငါ့ဆီက လုတာက လက်ခံနိုင်တဲ့အရာတစ်ခုလို့ မင်း ဘယ်တွေးနိုင်မလဲ"

ဖန်ဝေသည် ဤသည်ကို ကြားလျှင် မျက်လုံးများ အေးစက်စွာ တောက်ပသွားပြီး မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်လေ၏။

***

All Chapters