← Chapters

သေချင်လား

Vol. 65 Ch. 898

သေချင်လား

Vol. 65 Ch. 898

"ငါ့အပိုင် ဖြစ်နေသရွေ့ မင်း လုဖို့ ကြိုးစားနေဦးမှာများလား

"မင်း အခုလို ဆိုးနေတာ တကယ်ပဲ ငါ့အမှားပါ။ နောက်နောင် မင်းအမှားတွေကို ငါ အကောင်းဆုံး ပြုပြင်ပေးပါ့မယ်" မန်ဟိုက ဖန်ဝေကို စိုက်ကြည့်ရင်း ဤစကားလုံးများကို ပြောနေခြင်းဖြစ်သည်။

"သေချင်လား" ဖန်ဝေက ‌အေးစက်စက် ပြန်ပြောသည်။

"ဘယ်လောက်အပြောကြီးလိုက်သလဲ" မန်ဟိုက ဖန်ဝေ့ထံ လျှောက်သွားရင်း ပြောသည်။ သူ လျှောက်လိုက်သည့် ခြေလှမ်းတိုင်းက မြေကြီးကို တုန်ခါသွားစေပြီး ဖန်ဝေကို စိုက်ကြည့်နေသော သူ၏မျက်လုံးများသည် သွေးအေးလျက်ရှိ၏။

"အဆင့်အတန်းအရ" သူက အေးစက်စက် ဆက်ပြောသည်။ "ငါက အကြီးဆုံးမြေး။ သွေးဆက်အရ ငါ့သွေးဆက်ဂိတ်အလင်းတန်းက မီတာ (၃၀၀၀၀) ။ မျိုးနွယ်စုရဲ့ ဝါစဉ်အလိုက်ဆိုရင် ငါက မင်းရဲ့ ဝမ်းကွဲအစ်ကို။ မင်းကို ဆုံးမဖို့က ငါ့တာဝန်ဖြစ်တဲ့အတွက် မင်းအနေနဲ့ ငါ့ကို ပြန်အာခံနိုင်တဲ့အဆင့်မရှိဘူး။ ဒါတောင် မင်းက ပေါက်ကရတွေ ဆက်ပြောနေသေးတယ်ဆိုတော့ ငါ မင်းကို မေးမယ် ဖန်ဝေ ... မင်း သေချင်လား" မန်ဟို၏စကားလုံးများက မယုံနိုင်လောက်အောင် မာန်ပါနေသည်။

သူက စကားပြောပြီးနောက် မဟာအကြီးအကဲဘက်လှည့်၍ လက်ယှက်လိုက်သည်။

"မဟာအကြီးအကဲ၊ ဖန်ဝေဟာ အကြီးအကဲတွေကို မလေးမစားလုပ်ခဲ့ပါတယ်။ ဒါဟာ ကျင့်ဝတ်ထုံးတမ်းကို ဖောက်ဖျက်တဲ့လုပ်ရပ်၊ မိုးနဲ့မြေပါ ခွင့်လွှတ်မပေးနိုင်တဲ့ အပြစ်ပါ။ နဝမတောင်ပင်လယ်ရဲ့ မျိုးနွယ်စုကြီးတစ်စုဖြစ်တဲ့ ဖန်မျိုးနွယ်စုရဲ့ အဆင့်အတန်းအရ စည်းမျဉ်းစည်းကမ်းတွေက အခြားသူတွေထက် တင်းကြပ်နေမှဖြစ်မှာပါ။ ဝါစဉ်အပေါ် လေးစားမှုဟာ မျိုးနွယ်စု၏ အနာဂတ်တိုးတက်မှုအတွက် စံနှုန်းထားတစ်ရပ်ဖြစ်ပါတယ်

"မျိုးနွယ်စုစည်းမျဉ်းတွေက လူတစ်ယောက်ကို ဒီလိုပြုမူခွင့်ပေးထားပါသလား။ မဟုတ်ရင်တော့ မျိုးနွယ်စုစည်းမျဉ်းကို ဖျောက်ဖျက်တာပါပဲ။ အဲ့ဒီလိုအပြူအမူတွေအတွက် ပြစ်ဒဏ်က ဘာများဖြစ်လောက်မလဲ" သူ စကားပြောနေစဉ် ပတ်ဝန်းကျင်ရှိ အကြီးအကဲများမှာ မျက်လုံးပြူးလာကြသည်။ အထူးသဖြင့် အတိုင်းထက်အလွန် တုန်လှုပ်‌သွားကြသော တိုက်ရိုက်သွေးဆက်အကြီးအကဲများပင်။

မန်ဟို၏စကားလုံးများက ဓားသွားတမျှ စူးရှထက်မြက်လှသဖြင့် ပရိသတ်အကုန်လုံး အံ့အားသင့်နေကြသည်။ သူ ထိုမျှ ပျစ်ပျစ်နှစ်နှစ်ပြောနိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

မှန်ပါသည်၊ မန်ဟိုသည် စာပေသမားဖြစ်ခဲ့ဖူးပြီး စကားစစ်ထိုးခြင်းကို နှစ်ခြိုက်သူဖြစ်ကြောင်း သူတို့ မသိကြပေ။ ဆေးဝါးပညာရှင်တစ်ဦးအဖြစ် နေထိုင်ခဲ့စဉ်တုန်းကလည်း ပြိုင်ဘက်၏တာအိုနှလုံးသားကို မတည်မငြိမ်ဖြစ်လာစေသည့်တိုင်အောင် စကားနိုင်လုနိုင်ခဲ့သည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သူ မည်မျှလျှာစောင်းထက်သလဲ မြင်နိုင်၏။

ထိုမျှသာမက သူသည် အသားဂျယ်လီနှင့်လည်း မကြာခဏ စကားစစ်ထိုးခဲ့ရသဖြင့် လေ့ကျင့်ထားပြီးသားဖြစ်သည်။

ဤအခိုက်အတန့်တွင် အကြီးအကဲများ၏ဘေးတွင် ထိုင်နေသော ဖန်ဝေ၏ အဖေက ရုတ်တရက် အေးတိအေးစက် ထပြောသည်။

"ဖန်ဟို၊ မျိုးနွယ်စုစည်းကမ်းတွေက အတွင်းရေးပြဿနာတွေဖြစ်တာကို တားမြစ်ထားတယ်။ မင်း ဘယ်လိုလုပ်ပြီး ဒီလိုမလိုမုန်းထား စကားတွေကို ပြောနိုင်ရတာလဲ။ မင်းကိုယ့်ကို ပြန်သုံးသပ်ဖို့ လိုတယ်။ အစောင့်တွေ ၊ သူ ခေါ်ထုတ်သွားကြစမ်း"

မန်ဟိုက ကြောက်ရွံသွားပုံမပေါ်သည့်အပြင် တဟားဟား အော်ရယ်သည်။ ယခုတွင် သူသည် ဖန်မျိုးနွယ်စုထဲသို့ ရောက်နေပြီဖြစ်၍ မျိုးနွယ်စု၏ စည်းမျဉ်းဥပဒေများကို အကာအကွယ်ယူကာ သူ့အား ဘယ်သူမှ ပေါ်ပေါ်ထင်ထင် မနှိမ်ရဲအောင် လုပ်မည်ဖြစ်၏။

"ဦးလေးနှစ် ဟုတ်တယ်နော်။ ကျုပ်စကားလုံးတွေက တကယ်ပဲ မလိုမုန်းထားပုံပေါ်နေလား။ ကျုပ် ငယ်ငယ်တုန်းက သူ့ကို နာနာလေး ရိုက်ခဲ့မိတယ်လို့ ပြောတယ်။ အဲ့ဒါက ရိုးရှင်းတဲ့ အမှန်တရား။ သူ အခု ပုံမှန်မဟုတ်ဘူးလို့ ပြောတယ်။ အဲ့ဒါက ကျုပ်ရဲ့နောင်တကို ဖော်ပြမှု။ ပြီးတော့ သူ့အမှားတွေကို ပြင်ပေးချင်တယ်လို့ ကျုပ် ပြောတယ်။ ဒါတွေအကုန်လုံးက ဝမ်းကွဲအစ်ကိုကြီးဖြစ်တဲ့ ကျုပ်ကိုကျုပ် ‌အပြစ်တင်နေတာလေးပဲ

"သူရဲ့ စီနီယာအနေနဲ့ ကျုပ်မှာ တာဝန်ရှိတယ်။ ကျုပ်ရဲ့ ဝမ်းကွဲညီကို ကူညီပေးရမှာ ကျုပ်တာဝန်မဟုတ်လား။ ဒါကြောင့် ဘာဖြစ်လို့ ဦးလေးနှစ်က အဲဒီစကားတွေကို မလိုမုန်းထားနေတာလို့ ဖြစ်‌တာလဲ"

ဖန်ဝေ၏အဖေ မျက်မှောင်ကြုတ်သွားသည်။"ဘယ်လောက် မိုက်ရိုင်းပြီး အောက်တန်းကျလိုက်သလဲ။ ဒီလိုဟန်လုပ်နေ‌‌လဲ ဘာမှထူးမလာဘူး။ အမှန်တရားက အမှန်တရားပဲ"

"အမှန်တရားတွေကို ကျုပ်ပြောပြမယ်" မန်ဟိုက ခွန်းတုံ့ပြန်သည်။ "ဒီ ထင်ရာစိုင်းနေတဲ့ ဝမ်းကွဲညီက ကျုပ် ကျင့်ကြံခြင်းဂူကို လုချင်တယ်။ ကျုပ် ဆေးလုံးတွေကိုလည်း လိုချင်တယ်။ ဒါတောင် ကျုပ် ဘာတစ်ခွန်းမပြောခဲ့ဘူး။ သူက အငယ်ဖြစ်ပြီး ကျုပ်က အကြီးဖြစ်နေလို့။ ကျုပ် သူ့ကို အဲ့ဒါတွေ ယူခွင့်ပေးလိုက်ရင် သူ ယူနိုင်တယ်

"ဒါပေမဲ့ ကျုပ် သူ့ကို အပြစ်တင်နေတဲ့ အကြောင်းရင်းက ကျုပ်အဖေ ကျုပ်အတွက် ချန်ထားတဲ့ အင်မော်တယ်လမ်းပြနွယ်ကိုလည်း လုချင်နေတာကြောင့်လေ။ အဲဒီပစ္စည်းက ကျုပ်အဖေပိုင်တာကို မျိုးနွယ်စုရဲ့ အငယ်တစ်ယောက်က ဘယ်လိုလုပ်လုရဲတာလဲ။ အငယ်တစ်ယောက်က အကြီးတစ်ယောက်ရဲ့အပိုင်ပစ္စည်းကို တကယ်ပဲ လုယူခွင့်ရှိသလား။ ဦးလေးနှစ်၊ ခင်ဗျား‌ရော အဲဒီလိုလုပ်ရပ်မျိုးကို ခွင့်ပြုထားတာ ဖြစ်နိုင်မလား

"အဲဒီလိုအပြုအမူတစ်ခုက မျိုးနွယ်စုစည်းမျဉ်းတွေကို ဖောက်ဖျက်ရာမကျဘူးလား။ အဲ့ဒါက ဝါစဉ်ကို ရိုင်းပျနေတာမဟုတ်ဘူးလား။ ပေါ်တင်ပုန်ကန်နေတဲ့ သဘောသက်ရောက်မနေဘူးလား

"နဝမတောင်နဲ့ပင်လယ်မှာ ဂျူနီယာမျိုးဆက်တစ်ဦးကို စီနီယာမျိုးဆက်ဆီက ပစ္စည်းတွေကို လုယူဖို့ ခွင့်ပြုထားတဲ့ မျိုးနွယ်စုမျိုး ရှိလား။ ဒီလုပ်ရပ်မျိုးက သင့်တော်လျော်ကန်ပါတယ်လို့ ယုံကြည်တဲ့ မျိုးနွယ်စုမျိုး ရှိလား။ ဒါ့အပြင် အမှန်နဲ့အမှားကို တမင်တကာ မျက်ကွယ်ထားတဲ့ မျိုးနွယ်စုမျိုး ရှိလား

"ဦးလေးနှစ်၊ ကျေးဇူးပြုပြီး ရှင်းပြပါဦး။ ဂျူနီယာက အတွေ့အကြုံသိပ်မရှိလို့ ဒီမေးခွန်းတွေရဲ့ အဖြေကို သေသေချာချာ မသိပါဘူး" မန်ဟိုသည် အင်္ကျီလက်စကို ခါရင်း မျက်လုံးများ တလက်လက် တောက်ပနေလျက် ဖန်ဝေ၏အဖေကို ကြည့်၏။

"မင်း ... " ဖန်ဝေ၏အဖေမှာ ဒေါသထွက်နေသော်လည်း မည်သို့ပြန်ဖြေရမည်လဲ မသိဟန်ပင်။

ဝတ်ပြုကျောင်းခန်းမသည် အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွား၏။အစက ကြားနေ‌, နေခဲ့ကြသော အကြီးအကဲများလည်း မန်ဟို့ကို စပ်စပ်စုစု ကြည့်နေကြသည်။

ဦးလေးဆယ့်ကိုး၏ သား ၊ ဖန်ရွှီလည်း မန်ဟို့ကို ငေးမောကြည့်ရင်း လူအုပ်ထဲတွင် ရပ်နေသည်။ မန်ဟို ဤမျှပြတ်ပြတ်သားသား ပြောနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မန်ဟိုသည် အသေးအဖွဲကိစ္စတစ်ရပ်ကို အရေးပါသောအရာ ဖြစ်သွားစေခဲ့ပြီး ငယ်သည့်အမှုကို ကြီးစေခဲ့သည်။ သူ့ကြောင့် လူအများမှာ ဆွံ့အနေကြလေပြီ။ ယခုလို စကားပြောစွမ်းရည်မှာ ဖန်ရွှီ့ဘဝတွင် တစ်ခါမှ မမြင်ခဲ့ရဖူးသောအရာဖြစ်၍ သူ၏မျက်လုံးများမှာ တလက်လက် တောက်ပလာတော့သည်။

"တော်‌သင့်ပြီ" မဟာအကြီးအကဲဖန်သုံ့တျန်းက ပြောကာဆိုကာဖြင့် မျက်မှောင်ကြုတ်ပြီး အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။

"တစ်မျိုးနွယ်တည်းသားတွေပဲကို။ ရန်ဖြစ်နေစရာမလိုဘူး။ ဒီကိစ္စက ဒီမှာပဲ ရပ်လိုက်တော့ ထပ်မပြောကြနဲ့။ ဟိုအာ ၊ မင်းအဖေ ထားခဲ့တဲ့ အင်မော်တယ်လမ်းပြနွယ်ကို မင်းဆီပဲ ပေးပါ့မယ်" ထိုသို့ပြောရင်း သူက ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ သူ၏လက်ထဲတွင် သိုလှောင်အိတ်တစ်လုံးပေါ်လာသည်။ သူသည် ၎င်းအား မန်ဟို့ဆီ ပစ်ပေးလိုက်ပြီး မန်ဟိုက ၎င်းကို ဖမ်းကာ နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။ အထဲတွင် လက်ချောင်းတစ်ချောင်းမျှ အလုံးတုတ်ပြီး သုံးလက်မရှည်သော အင်မော်တယ်လမ်းပြနွယ်ကို မြင်လိုက်ရ၏။

အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖန်ဝေ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ သူက အေးစက်စက် နှာမှုတ်၍ ထရပ်ကာ မန်ဟို့ကို လျစ်လျူရှုရင်း ဝတ်ပြုကျောင်းထဲမှ လမ်းလျှောက်ထွက်သွားလေသည်။ သူ၏ နောက်လိုက်တစ်ရာလည်း သူ့အနောက်မှ လိုက်သွားသဖြင့် ဆူဆူညံညံအသံများအား ကြားရနိုင်လေသည်။ သူတို့တစ်ဦးတစ်ယောက်ချင်းစီက မန်ဟို့ကို ထရိုက်တော့မည့်အလား စိုက်ကြည့်သွားကြ၏။ အထူးသဖြင့် ပြင်းထန်သော အမုန်းတို့ ပြည့်နေသည့် မျက်ဝန်းများနှင့် ဖန်ယွင်ရီပင်။

မန်ဟိုက ဖန်ဝေကို ကြည့်ဖို့ရန်ပင် မတန်သည့်အလား အဖက်မလုပ်ပေ။ သူက လက်နှစ်ဖက်ယှက်၍ မဟာအကြီးအကဲကို အရိုအသေပေးပြီးနောက် ကျင့်ကြံခြင်းဂူမြေပုံကို ပြန်ကြည့်လိုက်သည်။ ယခု သူသည် သူ့အဖေနှင့်အမေအတွက် ဖန်မျိုးနွယ်စုတွင် အာဏာပြန်ရဖို့ စိတ်ပိုင်းဖြတ်ပြီးလေပြီ။ သို့ဖြစ်၍ ပြင်ဆင်မှုတချို့ လုပ်ဖို့ လိုလိမ့်မည်။

"အဖေနဲ့အမေက ငါ့ကို အတော်ဆုံးဖြစ်စေချင်တယ်။ ဖန်မျိုးနွယ်စုက လူတွေအကုန်လုံး ငါ ဘယ်လောက်တော်လဲ မြင်စေချင်တယ် .... သူတို့သားအနေနဲ့ ငါ ဖြစ်အောင် လုပ်မယ်"

ကျင့်ကြံခြင်းဂူများကို ကြည့်ပြီးနောက် သိပ်မထူးခြားသော်လည်း သင့်တင့်သော အရွယ်အစားနှင့် ဆေးပင်ဥယျာဉ်တစ်ခုပါသည့် ကျင့်ကြံခြင်းဂူတစ်ဂူအား တွေ့လိုက်သည်။

"မဟာအကြီးအကဲ ကျုပ် ဒီကျင့်ကြံခြင်းဂူကို ယူမယ်"

မဟာအကြီးအကဲက ခေါင်းညိတ်ပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ချက်ချင်းပင် အမိန့်ပြားတစ်ပြား ပေါ်လာပြီး မန်ဟို့ဆီ ပျံထွက်လာသည်။

"သိပ်ကောင်းတယ်။ မျိုးနွယ်စုအစည်းအဝေး အခု ပြီးဆုံးပြီ" ထို့နောက် သူက မန်ဟို့ကို ‌ကြင်ကြင်နာနာ ကြည့်ပြီး ပြောသည်။ "ဟိုအာ၊ နှစ်ရက်နေရင် ဒီကို ပြန်လာခဲ့။ ငါ ကိုယ်တိုင် မင်းကို မင်းရဲ့နိဗ္ဗာနသစ်သီးတွေ ပေးမယ်။ အဲဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘူး" မဟာအကြီးအကဲကား အစည်းအ‌ဝေးအတွင်း မန်ဟို ပြူမူခဲ့ပုံအား အသိအမှတ်ပြုသယောင်ပင်။

လူအုပ်ကြီး အလျှိုလျှို ထွက်သွားကြစဉ် ဦးလေးဆယ့်ကိုးက မန်ဟို့ကို လှမ်းခေါ်ပြီး တိုက်ရိုက်သွေးဆက်၏အကြီးအကဲများနှင့် မိတ်ဆက်ပေးသည်။ မန်ဟို့ကို ကြည့်ကြသောအခါ အတိတ်ကို ပြန်ပြောင်းလွမ်းဆွတ်သွားသောအမူအရာများအား သူတို့၏မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။

ဤထဲမှ တချို့သည် မန်ဟို့အဖေ ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့ကြရပြီး မန်ဟို ကလေးအရွယ်တုန်းကပင် ချီပွေ့ခဲ့ဖူးသူများဖြစ်ကြ၏။ သူတို့အားလုံး အလ္လာပသလ္လာပင် ပြောကြဆိုကြရင်း မန်ဟို့အဖေကိုအကြောင်း ပါလာသောအခါ သက်ပြင်းချကြသည်။ ထို့နောက် သူ့အဘိုးကိစ္စပါလာပြီး မျက်နှာမကောင်းဖြစ်သွားကြ၏။

နောက်ဆုံး သူတို့ လူစုခွဲသောအခါ ညနေစောင်းနေလေပြီ။ ဖန်ရွှီက မန်ဟို့အား ဘိုးဘေးစံအိမ်မှာ ကျင့်ကြံခြင်းဂူရှိရာသို့ ကိုယ်တိုင်လိုက်ပို့ပေးသည်။

လမ်းတွင် ဖန်ရွှီက သူ့ကို ကျင့်ကြံရေးအရင်းအမြစ်များ ယူဖို့ ခေါ်သွားပေးပြီး နှစ်ယောက်သား ရင်းရင်းနှီးနှီး စကားပြောလာခဲ့၏။

"အိုင်ရား အစ်ကိုကြီး ပြန်ရောက်လာတာ ကောင်းတယ်ဗျိုး။ အစ်ကိုကြီးသာ ပြန်မလာရင် တိုက်ရိုက်သွေးဆက် လုံးပါး ပါးပြီးရင်း ပါးတော့မှာ ....

"ငါ အခု ဘယ်လောက် ဒေါသထွက်နေလဲ အစ်ကိုကြီး မသိဘူး။ ဖန်ဝေကို မြင်တိုင်း လက်သီးစာကျွေးချင်တာ တအား။ အဲဒီခွေးသားက ဘာတွေများ ထူးခြားနေလို့လဲ ဟမ်။ ပင်ကိုယ်ပါရမီလား၊ သွေးဆက်‌လား

"ဟမ့် သူ့အဖေနဲ့ အဘိုးကြောင့်သာ မဟုတ်ရင်၊ တစ်ခါတလေ မျက်နှာလာပြတတ်တဲ့ သူတို့ရဲ့ခေါင်းဆောင်ကြီးကြောင့်သာ မဟုတ်ရင် သူတို့သွေးဆက် ဘိုးဘေးစံအိမ်ကို ‌ယောင်လို့တောင် ကြည့်နိုင်မှာမဟုတ်ဘူး"

လမ်းတစ်‌လျှောက်လုံး ဖန်ရွှီက မန်ဟို့ကို ဆက်လက်၍ စောဒကတက်ပြနေသည်။

"ပင်ကိုယ်ပါရမီအရဆို အစ်ကိုကြီးက သေချာပေါက် အတော်ဆုံးပဲ။ သွေးဆက်ဂိတ်အလင်းတန်းကလည်း မီတာ (၃၀၀၀၀) မြင့်တယ်။ ဖန်ဝေ ယှဉ်တောင် မယှဉ်နိုင်ဘူး။ နောင် နံပါတ်တစ် ရွေးချယ်ခံဆိုတဲ့အဆင့်အတန်းကို သူ ဘယ်လိုဆက်ထိန်းထားနိုင်မလဲ ကြည့်ကြသေးတာပေါ့

"ပြီးတော့ ဟို ဆန်ကုန်မြေလေး ဖန်ယွင်ရီ။ သူက ယုတ်မာတယ်။ အစ်ကိုကြီး နောက်နောင် သူ့ကို တကယ် သတိထားဖို့ လိုတယ်

"တွေးကြည့်တော့မှ အစ်ကိုကြီး ။ အစ်ကိုကြီး ကျင့်ကြံအဆင့်ကို မြှင့်ရဦးမယ်။ ဟိုပျောက်လွယ်သက်တံ့‌‌နတ်ဆေးလုံးတွေမရတာ ဆိုးတယ်ဗျာ။ သူတို့က အာနိသင်အရမ်းရှိတာ ၊ အရမ်းကို ရှိတာ။ အဲဒီဆေးလုံးတွေနဲ့ အင်မော်တယ်လမ်းပြနွယ်ရဲ့အစွမ်းသာ ပေါင်းလိုက်မယ်ဆို အစစ်အမှန်အင်မော်တယ်အဆင့် အလွယ်တကူတက်နိုင်တဲ့အပြင် ကျင့်ကြံခြင်းအခြေခံလည်း တိုးတက်လာမှာ

"ခွေးသား ဖန်ဝေ။ သူ့ကြောင့်‌မဟုတ်ရင် အဲဒီဆေးလုံးတွေက အစ်ကိုကြီးအပိုင်ဖြစ်မှာ" ဖန်ရွှီသည် အသားဂျယ်လီပမာ ဗျစ်တီးဗျစ်တောက် ပြောနေ၏။ နောက်ဆုံးတော့ သူသည် သူ ငယ်ငယ်တုန်းက အကြောင်းများ - အသက်တစ်နှစ်မှစပြီး အသက်ရာကျော်သည်အထိ ပြောပြနေတော့သည်....

မန်ဟိုမှာ ပြုံးရုံသာ ပြုံးပြီး ဖန်ရွှီ၏ ငြီးတွားမှုများ၊ ဖန်မျိုးနွယ်စုနှင့်ပတ်သက်၍ ရှင်းပြနေမှုများကို နားထောင်ရင်း ဖန်မျိုးနွယ်စုအား ကောင်းစွာ နားလည်လာသည်။ သို့သော် တဖြေးဖြေးနှင့် ဖန်ရွှီ၏ အာပေါင်ရင်းသန်သန် ‌တရစပ်ပြောသံများက မန်ဟို့နားထဲတွင် ခြင်တစ်ကောင် တဝီဝီလုပ်နေသည့်အလား ဖြစ်လာတော့၏။

သို့သော်လည်း ဖန်ရွှီသည် သူ့အပေါ် ရိုးသားကြောင်း မန်ဟို ခံစားရသည်။

နှစ်ယောက်သား လမ်းလျှောက်လာစဉ် မန်ဟို့ကို စပ်စပ်စုစု ကြည့်နေကြသော ဖန်မျိုးနွယ်ဝင်များစွာနှင့် ပက်ပင်းတိုးလေသည်။ တချို့က ပြုံးပြသည်၊ တချို့က ဆူပုတ်နေသည်။ စိတ်ကူးကြည့်နိုင်သော မည်သည့်အမူအရာကိုမဆို မြင်ရနိုင်၏။

"အစ်ကိုကြီး အရေးကြီးတာတစ်ခုရှိသေးတယ်။ ဝတ်ပြုကျောင်းမှာတုန်းက အစ်ကိုကြီးက အရမ်းမိုက်တယ် သိလား။ ဝတ်ပြုကျောင်းရဲ့ အလယ်မှာ ရပ်ပြီး အဲဒီလိုပြောရဲတဲ့ ဂျူနီယာမျိုးဆက်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ အစ်ကိုကြီး ပြောခဲ့တဲ့ စကားတစ်လုံးစီတိုင်းက မှန်ပြီး အကျိုးအကြောင်းသင့်တယ်။ အကုန်လုံးဗျာ ဆွံ့အကုန်ကြတာ"

ဖန်ရွှီ မန်ဟို့ကို ဘိုးဘေးစံအိမ်၏ မြောက်ပိုင်း၌ တည်ရှိသော ကျင့်ကြံခြင်းဂူသို့ ‌‌ခေါ်သွားပေးသည့်အခါ ညရောက်နေလေပြီ။ ကျင့်ကြံခြင်းဂူသည် ပန်းချီကားတစ်ချပ်ပမာ ဆိတ်ငြိမ်အေးချမ်းသောနေရာတစ်နေရာဖြစ်သည်။ ညအချိန် ဖြစ်သော်လည်း ကောင်းကင်ထက်ရှိ လနှစ်စင်းက အရာအားလုံးကို လင်းရောင်ဆောင်ကြဉ်းကာ လှပသောရှုခင်းလေးတစ်ခုကို ဖော်ဆောင်နေ၏။

မန်ဟို၏ကျင့်ကြံခြင်းဂူမှာ တကယ်တော့ လှပစွာ တန်ဆာဆင်ထားပြီး အတော်လေး သားနားသော နှစ်ထပ်အိမ်‌တစ်လုံးဖြစ်သည်။ အနားတွင် ကန်သေးသေးလေးတစ်ကန် ရှိပြီး ကျောက်ခင်းလမ်းတစ်လမ်းက ၎င်းထံသို့ ဦးတည်နေသည်။

ဆေးပင်မျိုးစုံ ပေါက်ရောက်နေသော ဥယျာဉ်တစ်ခုက ကန်ငယ်ကို ဝန်းရံထားသည်။ ဆေးပင်ပမာဏမှာ သိပ်မများသော်လည်း မွှေးကြိုင်သင်းပျံသော ချိုအီအီရနံ့လေးအား လေတွင် ပြည့်နှက်နေစေသည်။ ကန်ရေပြင်ထက်တွင် ကြာပန်းများအား မြင်ရနိုင်ပြီး ရှုခင်းတစ်ခုလုံးကား ခြုံကြည့်လိုက်လျှင် နတ်ဘုံနတ်နန်းပမာပင်။

မန်ဟိုသည် ပတ်ဝန်းကျင်ကို ကြည့်ပြီး အတော်လေး ကျေနပ်သွား၏။ ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ရှိ အခြားကျင့်ကြံခြင်းဂူများနှင့် ယှဉ်လျှင် ဤနေရာသည် သိပ်မထူးခြားလှသော်လည်း အကောင်းဆုံးထဲက တစ်ခုအဖြစ်တော့ သတ်မှတ်၍ရသေး၏။

ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝသလို အင်မော်တယ်ချီများလည်း သိပ်သည်း၏။ မန်ဟိုက ခြံဝင်းထဲသို့ လျှောက်သွားကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ ဤနေရာကို အမှန်တကယ် သဘောကျလေသည်။

"အစ်ကိုကြီး" ဖန်ရွှီက ‌ပြောသည်။ "အစ်ကိုကြီးရဲ့စကားပြောစွမ်းရည်လေ .... ငါ့ကို သင်ပေးနိုင်မယ်ထင်လား။ အ‌ဖေက ပြောတယ်။ ငါ တစ်ချိန်လုံး စကားများနေပေမယ့် အကုန်အရည်မရ အဖတ်မရတွေပဲတဲ့။ အဲ့ဒါကြောင့် ငါ့ကို ရိုက်တာ အခါပေါင်းမနည်းတော့ဘူး။ အစ်ကိုကြီး ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါလားဟင်" ဖန်ရွှီ၏လေသံမှာ အနူးအညွှတ်တောင်းပန်နေသံပေါက်သည်။

မန်ဟိုက ဖန်ရွှီကို လှည့်ကြည့်ကာ ပြုံးပြသည်။

"သေချာလား"

ဖန်ရွှီ၏မျက်နှာ ဝင်းပြသွားပြီး သူက ခေါင်းညိတ်ပြ၏။

မန်ဟိုမှာ တခဏ တွန့်ဆုတ်နေသော်လည်း ဖန်ရွှီ၏ မျှော်လင့်နေသော မျက်နှာထားကို မြင်လျှင် သက်ပြင်းမချမိဘဲ မနေတော့ပေ။ သူက သိုလှောင်အိတ်ကို ပုတ်ကာ အသားဂျယ်လီအား သူ့လက်ထဲ၌ ပေါ်လာစေသည်။

အသားဂျယ်လီသည် ချက်ချင်း ဆူပုတ်ပြီး ‌ဆဲရေးတော့၏။

"ခွေးသား မန်ဟို။ သေချင်းဆိုးနဲ့ သေရမှာ။ ငါ့ကို ပစ်သွားပြီး အမြတ်ထုတ်တယ်။ နေဦး မဟုတ်သေးဘူး။ ငါ့ကို အမြတ်ထုတ်ပြီးတော့ ပစ်သွားတာ။ မ…မင်း.. မင်း အကျင့်ပျက်တဲ့ကောင်။ အရှက်မရှိဘူး။ ‌အယုတ်တမာကောင် မင်းကို ငါ ပြောင်းလဲမယ်"

"ဖန်ရွှီ" မန်ဟိုက ချောင်းဟန့်ရင်း ပြောသည်။ "ငါ့ဆီ အလည်လာ။ မင်းလာတိုင်း ဒီကောင်နဲ့ စကားပြောနိုင်တယ်။ သူနဲ့ သုံးရက်တိုင်တိုင် စကားပြောနိုင်ရင် မင်း ရေလည်မိုက်သွားပြီ"

***

All Chapters