← Chapters

ရန်ငြိုးနှင့် စေတနာကို ခွဲခြားဖို့ ခက်ခဲသည်

Vol. 65 Ch. 899

ရန်ငြိုးနှင့် စေတနာကို ခွဲခြားဖို့ ခက်ခဲသည်

Vol. 65 Ch. 899

"အဲ့ဒါကြီးလား" ဖန်ရွှီက အသားဂျယ်လီကို မျက်လုံးကြီးပြူး၍ ကြည့်ရင်း ပြောသည်။ အသားဂျယ်လီက ရုတ်တရက် ပေါက်ပေါက်ဖောက်နေသည်ကို ရပ်ပြီး ဖန်ရွှီကို ကြည့်သည်။ စစချင်း နှစ်ယောက်လုံး ဆွံ့အနေကြပုံရသော်လည်း တ‌ဖြေးဖြေး မျက်လုံးများ တောက်ပလာကြသည်။

"အသတ်အဖြတ်စိတ်ဆန္ဒ" မန်ဟိုမှာ အသားဂျယ်လီနှင့် ဖန်ရွှီအကြား၌ ဖြစ်တည်လာသော အရှိန်အဝါကို အာရုံရလိုက်သဖြင့် နောက်ဆုတ်ရင်း ပင့်သက်ရှိုက်မိသွားသည်။

"နောက်ဆုံးတော့ ပြိုင်ဘက်ကောင်းတစ်ယောက်နဲ့ တွေ့ရပြီပေါ့" အသားဂျယ်လီသည် လေပေါ် ပျံတက်၍ မတည်ကြည်စဖူး တည်ကြည်နေသော မျက်နှာထားဖြင့် ဖန်ရွှီ၏ဘေးသို့ ဆင်းသက်လိုက်၏။

"ကြည့်ရတာ ပြိုင်ဘက်နဲ့ တွေ့ပြီထင်တယ်" ဖန်ရွှီက အသားဂျယ်လီကိုယ်ထဲရှိ စွမ်းအားကို ခံစားလိုက်ရသဖြင့် ပြန်ဖြေသည်။ ၎င်းသည် သူတစ်ယောက်တည်းသာ ခံစားရနိုင်သည့် စွမ်းအားတစ်ရပ်ဖြစ်ပြီး ၎င်းအရ အသားဂျယ်လီအနေဖြင့် ရက်ပေါင်းများစွာ စကားများနိုင်ကြောင်း သူ သိလိုက်သည်။

"အရင်ဆုံး သွေးပူလေ့ကျင့်ခန်းလုပ်ဦးမှပဲ အဟမ်းဟမ်း" အသားဂျယ်လီက လည်ချောင်းရှင်းရင်း ပြောသည်။ "အဟမ်းဟမ်း။ ဒီမှာ ကလေး၊ သခင်သုံး မင်းကို ပုံပြင်တစ်ပုဒ်ပြောပြမယ်။ လွန်ခဲ့တဲ့ သုံး သုံး သုံး သုံး သုံး ...  အဟမ်း ထားပါတော့။ မရေမတွက်နိုင်တဲ့ ဟိုးအရင်သုံးနှစ်တုန်းက၊ ကောင်းကင်နဲ့မြေကြီးရဲ့ မူလအစနေ့ရက်တွေတုန်းကပေါ့ကွာ...."

"‌တိတ်စမ်း။ မင်း သိသိသမျှက သုံးပဲလား။ သုံး သုံး သုံး သုံးနဲ့ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ" ဖန်ရွှီတစ်ယောက် စကားပင် ပြန်မပြောရသေးခင် ရုတ်တရက် ကြက်တူရွေးသည် မန်ဟို၏သိုလှောင်အိတ်ထဲမှ ပျံထွက်လာ၏။ ၎င်းက အနားရှိ သစ်ကိုင်းတစ်ကိုင်းအပေါ်တွင် နားပြီး ဖန်ရွှီကို အထင်သေးသလို ကြည့်သည်။

"ကလေး ၊ သူ့ ပေါက်ကရ စကားတွေကို နားမထောင်နဲ့" ကြက်တူရွေးက ပြောသည်။ "သခင်ငါးနဲ့ လိုက်လေ့လာ။ ငါ့နှုတ်သီးကို ကြည့်စမ်း ချွန်လား၊ မချွန်ဘူးလား။ ဒါကို ကြည့်ရင် ငါ ဘယ်လောက်လျှာစောင်းထက်လဲ မင်းပြောနိုင်သင့်တယ်"

မန်ဟိုမှာတော့ ခြံဝင်းထဲမှ ကပျာကယာ ထွက်ခွာပြီး ကျင့်ကြံခြင်းဂူထဲ ဝင်လိုက်သည်။ သူ့အမြင်အရ အသားဂျယ်လီ၊ ကြက်တူရွေးနှင့် ဖန်ရွှီတို့၏ စစ်မြေပြင်မှာ သူ ရှိနေသင့်သော နေရာမဟုတ်ဟု ခံစားရလေသည်။ သူ့မှာ ဖန်ရွှီ၏စကားများကို နားပူအောင်လည်း နားထောင်ထားရပြီးပြီဖြစ်သည်။ လမ်းတစ်လျှောက် ဖန်ရွှီသည် သူ့အသက်တစ်နှစ်အရွယ်မှစပြီး လက်ရှိအရွယ်အထိ ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံ၊ ဖန်မျိုးနွယ်စု စတင်တည်ထောင့်သည့်နေ့မှစ၍ မျက်မှောက်ကာလအထိ ဇာတ်လမ်းများအား မမောမပန်းနိုင်ပြောခဲ့၏။ ပြောစရာစကားမရှိတော့သည့်အခါ ဖန်မျိုးနွယ်ဝင်တစ်ယောက်ချင်းအား မန်ဟိုနှင့် မိတ်ဆက်ပေးလေသည်။ မှန်သည်၊ လူချင်းတွေ့ပေးခြင်းမဟုတ်၊ သူ့အမြင်အတိုင်း ပြောပြနေခြင်းသာ ....

သူ၏အိမ်ထဲတွင် မန်ဟိုသည် ဘေးဘီဝဲယာကို ကြည့်၍ အလွန်ခမ်းနားမှုအား မြင်လိုက်ရ၏။ ထိုင်ခုံများပင်လျှင် ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ခံထားရခြင်းဖြစ်ရာ သူ၏မျက်လုံးများအား ဝိုင်းစက်ပြူးကျယ်သွားစေတော့သည်။

"ဖန်မျိုးနွယ်စုက ... တကယ် ချမ်းသာတာပဲ။ ပြီးတော့ ငါက အကြီးဆုံးမြေး။ ဒါတောင် .... သူဖုန်းစားသာသာ ဆင်းရဲနေတယ်..." မန်ဟိုသည် မမျှတသဖြင့် သက်ပြင်းချရင်း လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ‌ဝိညာဉ်ကျောက်တုံးထိုင်ခုံအားလုံးအား သူ၏သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

တစ်ခါက ခမ်းနားတောက်ပြောင်ခဲ့သော နေအိမ်မှာ ယခုတော့ ရိုးရှင်းပြီး မှောင်မည်းသွားလေပြီ။ မန်ဟိုမှာ ဘေးဘီဝဲယာကြည့်ပြီး အတော်လေး သက်တောင့်သက်သာ ဖြစ်သွားဟန်ပင်။ နောက်ဆုံးတော့ သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ‌မြေကြီးအပေါ် ထိုင်ချလိုက်သည်။

"အဖေက ငါ့ကို ငါ့နိဗ္ဗာနသစ်သီးနှစ်လုံးကို သွားယူစေချင်တယ်။ အဲ့ဒါက ငါ့ကို ဖန်မျိုးနွယ်စုထဲမှာ ကျော်ကြားလာစေချင်လို့ဆိုတာ ပြောစရာကိုမလိုဘူး ...

"အဲဒီလိုလုပ်ဖို့က အခက်ကြီးမဟုတ်ပါဘူး။ ဒါမဲ့ နိဗ္ဗာနသစ်သီးတွေအတွက်တော့ ... ဖန်မျိုးနွယ်စု ... တကယ်ပဲ ငါ့ကို ပေးပါ့မလား" မန်ဟိုသည် မျက်မှောင်ကြုတ်ရင်း လာရာလမ်းတွင် ချုံခိုတိုက်ခိုက်ခံခဲ့ရမှု နှင့် သူတို့ သူ့ကို သတ်ဖို့ မည်ကဲ့သို့ ကြိုးစားခဲ့ပုံကို တွေးပြီး မျက်လုံးများ အေးစက်စွာ တောက်ပလာသည်။

"ဖန်ဝေရဲ့ သွေးဆက်က လူသတ်သမားတွေကို လွှတ်လိုက်တာများလား..." မန်ဟိုသည် မျိုးနွယ်စု၏ တိုက်ရိုက်သွေးဆက်၏ လက်ရှိသနားစဖွယ်အခြေအနေကို သိခဲ့ရပြီဖြစ်၏။ အခြားတစ်ဖက်တွင် ဖန်ဝေ၏သွေးဆက်က နေရာရနေသည်။ သူတို့သည် မျိုးနွယ်စုအကြီးအကဲများစွာ၏ ထောက်ခံမှုကို ရရှိထားရုံသာမက ဘိုးဘေးစံအိမ်၏ တချို့တစ်ဝက်ကိုပင် သိမ်းပိုက်ထား၏။ မျိုးနွယ်စု၏ သွေးဆက်တချို့က ကြားနေကြသော်လည်း ဖန်ဝေ၏သွေးဆက်က တိုက်ရိုက်သွေးဆက်ကို လုံးလုံးလျားလျား လွှမ်းမိုးထားလေသည်။

"မဟာအကြီးအကဲပုံစံက ထူးဆန်းတယ်" မန်ဟိုက တွေးသည်။ "ကြင်နာနေတဲ့ပုံပေါ်ပေမယ့် ငါ့အမြင်ကတော့ အပေါ်ယံသက်သက်ပဲ" သူက အေးစက်စွာ ပြုံးလိုက်သည်။အခြားသူများသည် သူ့ကို ငယ်ငယ်ကတည်းက သူ့အဖေနှင့်အမေ၏အုပ်ထိန်းမှုအောက်တွင် ရှိခဲ့သည်ဟု ထင်နေကြ၏။ သူ့ဘဝက ဖန်မျိုးနွယ်စုတွင် နေရသကဲ့သို့ မဖြစ်နိုင်သော်လည်း အန္တရာယ်များသောဘဝ၏ အချိုးအကွေ့၊ အလှည့်အပြောင်းများကို ရင်‌ဆိုင်ခဲ့ရလိမ့်မည်မဟုတ်ဟု ယုံကြည်ထားကြလေသည်။

အမှန်က မန်ဟိုမှ အသက်ခုနစ်အရွယ်ကတည်းက တစ်ယောက်တည်းရှင်သန်ခဲ့ရသူ ဖြစ်သည်။ လူသား‌ကမ္ဘာတွင် သူ့မှာ ငယ်ငယ်လေးနှင့် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရ၍ မိမိကိုယ်ကို အားကိုးတတ်လာခဲ့လေသည်။ ထို့နောက် ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်လာခဲ့ပြီး များစွာသောအရာများကို ကြုံတွေ့ခဲ့ရကာ သေဘေးမှလည်း အကြိမ်ကြိမ် လွတ်မြောက်ခဲ့၏။ သူသည် လက်ရှိအခြေအနေသို့ ရောက်ဖို့ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း လျှောက်လာခဲ့ခြင်းဖြစ်သည်။ မိဘနှစ်ပါးဆီမှ ရခဲ့သော အကူအညီမှာ မပြောပလာက်အောင် သေးငယ်၏။

သူသည် လူတစ်ယောက်ကို မဝေဖန်တတ်သော်လည်း အကဲခတ်ရာတွင်တော့ မညံ့ပေ။ အခြားသူများနှင့် ယှဉ်ပြိုင်ရင်း အတွေ့အကြုံများစွာ ရရှိခဲ့သည့်အတွက် လူကဲခတ်တော်လေသည်။

"နှစ်ရက်နေရင် သူတို့ ငါ့ကို နိဗ္ဗာနသစ်သီးတွေ ပေးလောက်မှာ မဟုတ်ဘူး။ ငါ စောဒတက်လို့မရမယ့် ဆင်ခြေတွေပေးပြီး အချိန်ဆွဲလိမ့်မှာ....

"အင်းလေ ငါ မျိုးနွယ်စုကို ပြန်ရောက်လာပြီဆိုတော့ ငါ့ကို သတ်ဖို့ကြိုးစားတဲ့ ဘယ်သူမဆိုအတွက် ခေါင်းကိုက်စရာကြီးဖြစ်လောက်တယ်။ ဒါပေမဲ့ ... ဖန်မျိုးနွယ်စုထဲမှာ ငါ့အဆင့်အတန်းမြင့်မားလေလေ၊ ငါ့ကို တစ်ခုခုလုပ်ရမှာလေ ကြောက်လေလေပဲ"

တခဏ တွေးပြီးသော် သူ၏မျက်လုံးများ တောက်ပလာပြီး သူက ဖန်မျိုးနွယ်စုမှ ကျင့်ကြံခြင်းအရင်းအမြစ်များ ပါရှိသော သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ ၎င်းကို ကြည့်ပြီးနောက်တွင် သူ့မှာ အသက်ပြင်းပြင်းမရှူမိဘဲ မနေပေ။

ဆေးပုလင်းတစ်ရာ၊ ဝိညာဉ်ကျောက်တုံးတစ်သန်းနှင့် မှော်ကျင့်စဉ်တစ်ရာရှိသည်။ တာအိုမှော်သိုင်းများ မပါဝင်သော်လည်း အစွမ်းထက်နတ်ဘုရားစွမ်းရည်များစွာ ရှိလေသည်။ ဖန်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး တာအိုမှော်သိုင်းများပင် မပါဝင်။

ဖန်ရွှီထံမှ မန်ဟို သိခဲ့ရသော တခြားအရာတစ်ခုရှိသည်။ ဖန်ဝေပင်လျှင် စွမ်းဆောင်ရည်ရမှတ်မရှိဘဲ ထိုအဓိကတာအိုမှော်သိုင်းများအား ကျင့်ခွင့်မရှိပေ။ ထိုကဲ့သို့ လုပ်ဆောင်မှုများသည် ဂိုဏ်းအတွက် အထောက်အပံ့အဖြစ် သတ်မှတ်၍ ရနိုင်၏။

စွမ်းဆောင်ရည်ရမှတ်များလေလေ၊ ဆုလာဘ်များ ပိုရလေလေပင်။

၎င်းသည် ဖန်မျိုးနွယ်စုတစ်စုလုံးအတွက် ချမှတ်ထားသော စည်းမျဉ်းတစ်ခုဖြစ်၏။ မဟာအကြီးအကဲပင်လျှင် ဖောက်ဖျက်မရပေ။

"ငါ့ရဲ့ မျိုးနွယ်စုထဲက အဆင့်အတန်းနဲ့တင် လတိုင်း စွမ်းဆောင်ရည်ရမှတ်တစ်ထောင် ရတယ်။ ကံဆိုးစွာနဲ့ အဲဒီအဓိကတာအိုသိုင်းတချို့ကို ယူလို့မရသေးဘူး" မန်ဟိုသည် မရေမတွက်နိုင်သော ဆေးလုံးများ၊ တာအိုမှော်သိုင်းများနှင့် အခြားမှော်ပစ္စည်းအမျိုးမျိုးကို စာရင်းထုတ်ထားသော ကျောက်စိမ်းပြားတစ်ပြားအား ထုတ်ကာ မျက်လုံးများ တောက်ပလာ၏။

ဤအရာအားလုံးသည် စွမ်းဆောင်ရည်ရမှတ်များဖြင့် ဝယ်ယူရနိုင်သော ပစ္စည်းများဖြစ်၏။

တော်တော်များများက မန်ဟို့အား ရင်ခုန်သွားစေလေသည်။

"စွမ်းဆောင်ရည်ရမှတ်‌တွေရနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်။ အရိုးရှင်းဆုံးနည်းလမ်းက မျိုးနွယ်စုမှာ လူသိထင်ရှား ကြေညာထားတဲ့ နတ်မီးလျှံစမ်းသပ်ပွဲတချို့ကို ဝင်ပြိုင်တာပဲ။ နတ်မီးလျှံစမ်းသပ်ပွဲပေါ်မူတည်ပြီး စွမ်းဆောင်ရည်ရမှတ်ပမာဏ ကွာသွားတယ်"

မန်ဟို ကျောက်စိမ်းပြားကို လေ့လာနေသည့်အချိန်မှာပင် ဖန်ဝေ၏အဖေနှင့် အဘိုးသည်  ဘိုးဘေးစံအိမ်၏ ‌အရှေ့ကျဆုံးအပိုင်းရှိ ဘုရားကျောင်းထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။

ဖန်ဝေ့အဖေနာမည်မှာ ဖန်ရှုံ့ရှန်းဖြစ်သည်။ ဖန်ရှုံ့ရှန်းက မျက်မှောင်ကြုတ်ရင်း သူ့အဖေကို ကြည့်ကာ ပြောသည်။ "အဖေ အဲ့ခွေးသားပြန်လာတာ ကျုပ် မယုံနိုင်ဘူး...."

"ကိစ္စမရှိဘူး" အဘိုးကြီးက အေးစက်စက် ပြန်ဖြေသည်။ "ငါ ‌အဲဒီကိစ္စကို ‌ကိုင်တွယ်ပြီးပြီ" ‌အန္တရာယ်များသောအလင်းရောင်က သူ၏မျက်လုံးများတွင် ပေါ်လာသည်။ "သူ ပြန်လာပြီး သိုသိုသိပ်သိပ်နေခဲ့ရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီလောက်ထောင်ထောင်လွှားလွှားနေဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ သူ့အနေနဲ့ မရဏမြစ်ထဲ ခြေလှမ်းတစ်ဝက်ချပြီးပြီပဲ

"ဝေ့အာကို ကျင့်ကြံဖို့ပဲ အာရုံစိုက်ခိုင်း။ သူက ဖန်မျိုးနွယ်စုရဲ့ ရွေးချယ်ခံ ၊ ငါတို့သွေးဆက်ခေါင်းဆောင်ကြီးက သူ့အပေါ် မျှော်လင့်ချက်တွေ ထားထားတယ်။ စိတ်အာရုံမပျံ့စေနဲ့"

"အဖေ ၊ အဲဒီအတွက် စိုးရိမ်စရာမလိုဘူး။ ဝေ့အာမှာ စစ်မှန်တဲ့ စိတ်စွမ်းအားရှိတယ်။ အဲ့ခွေးသားကြောင့် သူ့ကိုယ်သူ စိတ်အနှောင့်အယှက်အဖြစ်ခံမှာ မဟုတ်ဘူး" ဖန်ရှုံ့ရှန်းက ပြုံးသည်။

"တိုက်ရိုက်သွေးဆက်က မြန်မြန် အာဏာကျဆင်းလာနေပြီ" အဘိုးကြီးသည် မီးတဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ယုံကြည်ချက်ရှိစွာ ပြော၏။ "ဖန်ဟဲ့ဟိုင် ပျောက်နေတာ နှစ်ချီပြီ။ သူ့အသက်စွမ်းအားမီးတောက်က မငြိမ်းသေးပေမယ့် ပြန်သာ လာနိုင်လို့ကတော့ ပြန်ရောက်နေတာကြာပြီ

"သူ့သား ဖန်ရှုံ့ဖုန်းက တောင်ကောင်းကင်ဂြိုဟ်ကို သူ့ရဲ့ မသန်မစွမ်းသားအတွက် နှစ်ပေါင်းတစ်သိန်း စောင့်ရှောက်ပေးဖို့ သဘောတူတယ်။ အဲ့ဒါတွေအားလုံးက တိုက်ရိုက်သွေးဆက်ကို ကျဆင်းလာစေတာပဲ

"ငါတို့သွေးဆက် ဖန်မျိုးနွယ်စုရဲ့ အရှင်သခင်အသစ်၊ နောင်တိုက်ရိုက်မျိုးဆက်ဖြစ်ဖို့ သေချာပြီ

"ဟိုးအရင်နှစ်တွေတုန်းက ဖန်ဟဲ့ဟိုင်ဟာ ငါ့ကို လွှမ်းမိုးခဲ့ပြီး သူ့သား ဖန်ရှုံ့ဖုန်းက မင်းကို လွှမ်းမိုးခဲ့တယ်။ ဒီမျိုးဆက်မှာ ငါတို့ ဝေ့အာ သေချာပေါက် အမြင်ဆုံးရောက်စေရမယ်။ ဒီသူငယ်နှပ်စား ဖန်ဟိုက သူ့အတွက် ခြေနင်းကျောက်တုံးလေးတစ်တုံးထက် မပိုဘူး" အဘိုးကြီးက အင်္ကျီလက်စကို ခါလိုက်သည်။

အချိန်များ ကုန်လွန်သွားသည်။ နှစ်ရက်ကြာသွားသည့်တိုင် မန်ဟိုက သူ၏အိမ်ထဲမှ မထွက်ပေ။ သူက အင်မော်တယ်ချီကို စုပ်ယူရန် အသက်ရှူလေ့ကျင့်ခန်းများ လုပ်ရင်း တရားထိုင်မြဲထိုင်နေ၏။ ဤနှစ်ရက်မှာ တောင်ကောင်းကင်ဂြိုဟ်အပေါ်တွင် တစ်လနေသည်နှင့် တူသည်။ ယခုလို ကျင့်ကြံအားထုတ်နိုင်ခြင်းက မန်ဟို့အတွက် ကြီးစွာအကျိုးဖြစ်ထွန်းလေသည်။

သူက ဒုတိယကိုယ်အစစ်၏ နှလုံးသားကို ထုတ်၍ ၎င်းအား အိမ်အနားရှိ အင်မော်တယ်ချီဖြင့် စတင်အားဖြည့်ပေးတော့သည်။

မွန်းတည့်ချိန်ရောက်သည့်အခါ မန်ဟိုသည် ဈာန်ဝင်စားနေရာမှ မျက်လုံးဖွင့်၍ သိုလှောင်အိတ်ကို ပုတ်ကာ တလက်လက် တောက်ပနေသော ကျောက်စိမ်းပြားတစ်ပြားကို ထုတ်လိုက်သည်။ သူသည် ၎င်းကို နတ်ဘုရားအာရုံဖြင့် လျင်မြန်စွာ စစ်ဆေးကြည့်လိုက်၏။

"ဟိုအာ ပင်မခန်းမကို လာခဲ့" ၎င်းက မဟာအကြီးအကဲ၏ အသံဖြစ်ပြီး တုံ့ပြန်သည့်အနေဖြင့် မန်ဟိုက အေးစက်စက် ပြုံးလိုက်သည်။ သူသည် ကျောက်စိမ်းပြားကို သိမ်း၍ အိမ်အပြင်သို့ ထွက်လာ၏။ ခြံထဲ၌ ပထမဆုံးမြင်လိုက်ရသည်ကတော့ ဖန်ရွှီ။ သူ့မှာ မျက်ကွင်းများညိုနေပြီး မယုံနိုင်လောက်အောင် အားနည်းနေ၏။

အသားဂျယ်လီနှင့် ကြက်တူရွေးက ပေါက်ကရများအား ငြင်းခုံရင်း သူ့အား အလှည့်ကျ တိုက်ခိုက်နေကြသည်။

ဖန်ရွှီက မန်ဟို့ကို မြင်လျှင် ကပျာကယာ ပြေးလာပြီး မန်ဟို့ကို ရူးလည်းရူးချင်၊ လေးလည်း လေးစားနေသော အမူအရာဖြင့် လှမ်းကြည့်သည်။

"အစ်ကိုကြီး‌ကတော့ တကယ့်အံ့ဖွယ်ပဲ" သူက အော်ပြောသည်။ "ဒီနှစ်ကောင် နောက်ကနေ တကောက်ကောက် လိုက်ပြီး ပေါက်ကရတွေ လျှောက်ပြောနေတာကို နားထောင်ရတာ ခက်ခဲမှာပဲ။ အစ်ကိုကြီး မပူနဲ့။ ငါ လျှာစောင်းထက်အောင် သေချာပေါက် သင်ယူမယ်" ဖန်ရွှီက ခိုင်မာပြတ်သားစွာဖြင့် အံတင်းတင်းကြိတ်လိုက်သည်။

ထူးဆန်းသောအမူအရာတစ်ခုအား မန်ဟို၏မျက်နှာပေါ်တွင် မြင်ရနိုင်ပြီး သူ့မှာ ဘာပြောရမှန်းမသိသဖြင့် လည်ချောင်းရှင်းလိုက်လေသည်။ ထို့နောက် ဖန်ရွှီ၏ ခိုင်မာပြတ်သားသော မျက်လုံးများကို မြင်သောအခါ သူ့ပခုံးကို ပုတ်ရင်း ခြံဝင်းထဲမှ ထွက်လာခဲ့၏။

"စကားအပြောအဆိုဆိုတာ မိုးကောင်းကင်က အပ်နှင်းတဲ့ အရည်အချင်းတစ်ခုဖြစ်ပေမယ့် ကျင့်ဖို့လည်း လိုတယ်" သူက တွေးသည်။ "အသားဂျယ်လီနဲ့ ကြက်တူရွေး လေ့ကျင့်ပေးနေတာကို သည်းခံနိုင်ရင်တော့ နောက်ဆုံးကျ အသားဂျယ်လီရဲ့ လေ‌ကြောရှည်အရည်အချင်း၊ ကြက်တူရွေးရဲ့ ငေါ့တော့တော့စကားတွေကို ဆက်ခံနိုင်လိမ့်မယ်" သူက ချောင်းထပ်ဟန့်ရင်း ပင်မဝတ်ပြုကျောင်းသို့ ကပျာကယာ လျှောက်သွားလေသည်။

ဘိုးဘေးစံအိမ်သည် ကြီးမားပြီး တိုက်ပွဲရန်ပွဲများကို တားမြစ်ထား၏။ မန်ဟို့အတွက် ဝတ်ပြုကျောင်းထဲ ရောက်ရန် နှစ်နာရီကြာလိုက်လေသည်။ ထိုနေရာသို့ ရောက်သောအခါ သူ မြင်လိုက်သည်မှာ မဟာအကြီးအကဲအပါအဝင် တင်ပျဉ်ခွေထိုင်နေကြသော မျိုးနွယ်ဝင်သောင်းပေါင်းများစွာပင်။

မဟာအကြီးအကဲသည် မန်ဟို့ကို မြင်လျှင်ချင်း‌ နွေးထွေးစွာ ပြုံးပြီး ခေါင်းညိတ်ပြ၏။

"ဟိုအာ ၊ မင်းရဲ့ ကျင့်ကြံခြင်းဂူက နည်းနည်းလှမ်းတယ်။ ဒီလိုဆိုဘယ်လိုလဲ၊ ငါ မင်းကို ဘိုးဘေးစံအိမ်ထဲမှာ အထူးအခွင့်အရေးတွေ ခံစားခွင့်ရစေမယ့် အမိန့်ပြားတစ်ပြားပေးမယ်။ အထူးကန့်သတ်ထားတဲ့ နေရာတချို့ကလွဲရင် မင်း အခု ကြိုက်နေရာကို ပျံသန်းသွားနိုင်ပြီ" သူက အပြုံးတစ်စဖြင့် မန်ဟို့ကို ခရမ်းရောင်ကျောက်စိမ်းပြားတစ်ပြား ကမ်းပေးသည်။ စောင့်ကြည့်နေသူများမှာ ဤအခြင်းအရာကို မြင်လျှင် ပါးစပ်အဟောင်းသားနှင့် မနာလိုဖြစ်ကုန်ကြသည်။

ပုံမှန်ဆိုလျှင် အကြီးအကဲများသာ ဘိုးဘေးစံအိမ်ထဲ၌ ပျံသန်းခွင့်ရှိလေသည်။ ဂျူနီယာမျိုးဆက်များအနက် ဖန်ဝေတစ်ယောက်တည်းသာ ထိုသို့လုပ်ပိုင်ခွင့်ရှိ၏။ ယခုတော့ မန်ဟိုလည်း လုပ်နိုင်သွားလေပြီ။

မန်ဟိုက ကျောက်စိမ်းပြားကို လက်ခံလိုက်သည်။ သူသည် သူ၏အကဲခတ်နိုင်စွမ်းကို မယုံကြည်လျှင် မဟာအကြီးအကဲက သူ့ကို အလွန်သဘောကျနေသည် ထင်မိမှာဖြစ်သည်။ သူ၏ မဟာအကြီးအကဲရာထူးကို ထည့်တွက်လျှင် သူ လုပ်နေသောအရာမှာ စစ်မှန်သောကြင်နာနွေးထွေးမှုဖြစ်သည်သာမက တစ်ချိန်တည်းမှာပင် ဘက်လိုက်မှုမရှိသည့်အလား ထင်ရသည်။ သူကား မျိုးနွယ်စု၏ စည်းမျဉ်းစည်းကမ်းများအတိုင်း အကောင်းဆုံး လုပ်ဆောင်နေပုံပေါ်သည်။

"ဒီနေ့ အရေးကြီးတဲ့ အခါသမယတစ်ခုကို မျက်မြင်သက်သေတည်ဖို့ မျိုးနွယ်ဝင်တွေအများကြီး စုဝေးရောက်ရှိနေကြပြီ" မဟာအကြီးအကဲက မိန့်ကြားသည်။

"ဟိုးအရင်နှစ်တွေတုန်းက ဟိုအာဟာ မကျန်းမာခဲ့ဘူး။ သူ့ရဲ့ ခုနစ်နှစ်မြောက်ပြစ်ဒဏ်က မျိုးနွယ်ဝင်အများကြီးကို သူ့အတွက် စိတ်ပူစေခဲ့တယ်။ ငါ့အတွက်ကတော့ သူ့အရွယ်ကလေးလေး အဲဒီလိုမချိမဆန့်ခံစားရတာကို ကြည့်ရင်း ရင်နဲ့မဆံ့အောင် နာကျင်ခဲ့ရတယ်

"ကံကောင်းထောက်မစွာနဲ့ အင်မော်တယ်တွေဟာ ဖန်မျိုးနွယ်စုကို စောင်မခဲ့ပြီး အပြင်လူတစ်ယောက်က ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုနဲ့ ရောက်လာခဲ့တယ်။ ဖန်ရှုံ့ဖုန်းနဲ့ သူ့ဇနီးက နိဗ္ဗာနသစ်သီးတွေကို မျိုးနွယ်စုမှာ ထားရစ်ခဲ့ရင်း ကလေးကို ခေါ်သွားကြရတယ်"

မန်ဟိုက မဟာအကြီးအကဲကို အထိတ်တလန့် ကြည့်ရင်း ရပ်နေသည်။ အဘိုးကြီးစကားပြောနေပုံနှင့် သူ၏မျက်နှာထားအရ သူကား ဤကိစ္စကို အချိန်မဆွဲလိုဘဲ နိဗ္ဗာနသစ်သီးများအား အမှန်တကယ် ပေးတော့မည့်အလားပင်။

"ငါ အတွေးလွန်နေတာများလား..." မန်ဟိုက တွေးလိုက်သည်။

***

All Chapters