← Chapters

ဟန်ပေ့၏ နိဂုံး

Vol. 109 Ch. 1519

ဟန်ပေ့၏ နိဂုံး

Vol. 109 Ch. 1519

မန်ဟို့ကို အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ ပို့ဖို့အလို့ငှာ ဟန်ပေ့သည် အကြီးမားဆုံးအဖိုးအခကို ပေးဆပ်ခဲ့ရ၏။ ‌လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ဆင့်ခေါ်နိုင်မည့် အခြေခံအဆင့်တစ်ဆင့် ပျက်စီးသွားခဲ့သည်အထိ ဖြစ်ခဲ့သဖြင့် သူမ ထိုသို့ထပ်မံဆင့်ခေါ်လျှင် သူမခန္ဓာကိုယ် ပြိုကွဲမသွားအောင် ထိန်းထားနိုင်မည်မဟုတ်ပေ။

သို့သော် သူမ၏ခန္ဓာကိုယ် စတင်ပြိုကွဲလာသည့်အချိန်မှာပင် ဟန်ပေ့သည် ကြောက်ခမန်းလိလိစွမ်းအားကို ကိုင်စွဲလိုက်နိုင်၏။ ကိုယ်တွင်းအင်္ဂါများ ပျက်စီးကုန်သဖြင့် သူမနှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သို့ထိတိုင် သူမ၏ညာလက်က လာနေသောရေခဲစများကို တွန်းထုတ်လိုက်လေပြီ။

ရေခဲများသည် ဝုန်းခနဲ ရပ်သွားကြ၏။ ထို့နောက် ရေခဲတစ်ခဲပြီးတစ်ခဲ ဖောင်းခနဲဖောင်းခနဲ ပေါက်ကွဲကုန်ကာ အငွေ့များဖြစ်သွားသည်။ ထိုအငွေ့သည် မြားတစ်စင်းအသွင် ပြန်စုသွား၏။ ဟန်ပေ့က မြားကို မန်ဟို့ဆီ ပစ်လွှတ်ဖို့ ပြင်လိုက်သော်လည်း ... မန်ဟို ပျောက်သွားခဲ့ကြောင်း သတိထားမိလိုက်သဖြင့် သူမမျက်နှာပျက်သွားသည်။

သူမ လှည့်ပင်မလှည့်နိုင်ခင် မန်ဟိုသည် သူမအနောက်၌ ပေါ်လာ၏။ သူမအတွက် နတ်ဘုရားစွမ်းရည်ထုတ်လွှတ်ရန်သော်လည်းကောင်း၊ အကာအကွယ်များ အသုံးပြုရန်သော်လည်းကောင်း အချိန်မရလိုက်ပေ။ မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလျက် ကြေးမုံအား ဆင့်ခေါ်သည်။ ကြေးမုံသည် အလယ်တည့်တည့်တွင် အက်နေသော်လည်း အဖိုးထိုက်ရတနာဖြစ်မြဲဖြစ်ဆဲပင်။

ကြက်တူရွေးက မာန်အပြည့်ဖြင့် ဂီးခနဲအော်ရင်း ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကြေးမုံ၏မျက်နှာပြင်သည် မြောက်တက်သွားပြီး ၎င်းကို ဖွဲ့စည်းထားသော မှန်ကွဲစကိုးခုနအနက်မှ တစ်ခုက ဟန်ပေ့ကျောတည့်တည့်ကို စိုက်ဝင်သွား၏။

ထိုသို့စိုက်ဝင်သွားသည့်တိုင် ဟန်ပေ့၏တန်ခိုးသည် ကြီးမားလာဆဲဖြစ်ပြီး အဆုံးမဲ့စိတ်ဆန္ဒက သူမကိုယ်ထဲ စီးဆင်းနေဆဲဖြစ်သည်။ သူမသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်လျက် အနောက်သို့ လက်ညှိုးထိုးလိုက်ကာ မန်ဟို့ပတ်ပတ်လည်ရှိ လေထုအား ကြေမွသွားစေသည်။ ထို့နောက် လေအဟပ်က သူတို့နှစ်ယောက်ကို ပိုင်းခြားလိုက်သည့်အချိန် မန်ဟိုက ဖျတ်ခနဲ ပျောက်သွားပြန်သည်။ ပြန်ပေါ်လာသောအခါ သူသည် တခြားနေရာ၌ဖြစ်ပြီး ဒုတိယမှန်ကွဲစအား ဟန်ပေ့နဖူးထဲ စိုက်သွားစေလိုက်၏။

သွေးများ သူမနှုတ်ခမ်းထောင့်မှ စီးကျလာစဉ် ဟန်ပေ့က နောက်ထပ်မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ အောက်ရှိမြေပြင်များ တုန်ခါလာပြီး ပက်ကြားအက်များ မြွေလိမ်မြွေကောက် ဖြာထွက်သွား၏။ သို့‌သော် ထိုအချိန်မှာပဲ တတိယမှန်ကွဲစနှင့် စတုတ္တမှန်ကွဲစက သူမကိုယ်ထဲ စိုက်ဝင်လာခဲ့ချေပြီ။

ဟန်ပေ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမဝိညာဉ်နှင့် ချူယွီယန်၏ဝိညာဉ်ကြားရှိ အဆက်အသွယ် ဖြတ်တောက်ခံလိုက်ရကြောင်း သူမ ခံစားလိုက်ရ၏။ သူမသည် နောက်ဆုတ်ရင်း နောက်မုဒြာလက်ကွက် ဖော်ပြန်သည်။ သူမပါးစပ်မှ ပန်းထွက်သွားသော သွေးတို့ကား သွေးရောင်လက်ဝါးရာကြီးအဖြစ် မန်ဟို့ဆီ ပြေးဝင်သွား၏။

ယခုတွင် ဟန်ပေ့မှာ ရှိရှိသမျှအင်အားအကုန်ထုတ်ကာ ထွက်ပြေးဖို့ နောက်ဆုတ်နေလေသည်။ ဤမှန်ကွဲစများက သူမ၏အသက်ကို အရှင်းနိဂုံးချုပ်နိုင်ကြောင်း သူမ ပြင်းပြင်းထန်ထန် ခံစားနေရသည်။

သို့သော် သူမ ထွက်ပြေးဖို့ ကြိုးစားလိုက်သည့်အချိန်မှာပဲ မန်ဟို့မျက်လုံးများတွင် အထင်သေးမှုတို့ ဖြတ်ပြေးသွား၏။ သူ၏ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ မရေမတွက်နိုင်သောတောင်များသည် ဟန်ပေ့လမ်းကို ပိတ်လျက် ကျဆင်းလာတော့သည်။ အဝေးမှကြည့်လျှင် အဆိုပါတောင်များကား ကောင်းကင်ဘုံမှ ကျဆင်းလာနေသယောင် ထင်ရ၏။

ဟန်ပေ့မှာ ခံပြင်းစွာ အော်ဟစ်ကာ တောင်များကို ဝင်တိုက်တော့သည်။ တောင်များ ကြေမွသွားပြီး သူမလွတ်တော့မည့်အချိန်မှာပဲ မန်ဟိုက သူမဘေး၌ ပေါ်လာခဲ့ချေပြီ။ ငါးခုမြောက်၊ ခြောက်ခုမြောက်နှင့် ခုနစ်ခုမြောက် မှန်ကွဲစတို့သည် ဟန်ပေ့ကိုယ်ထဲ စိုက်ဝင်သွား၏။

ဟန်ပေ့မျက်နှာ ဖြူဆုပ်သွားပြီး သူမကိုယ်အတွင်းတွင် လောကပါလနတ်မင်းစိတ်ဆန္ဒ၏စွမ်းအားသည် အားအပြည့်ပေါ်ထွက်လာ၏။ သူမက ချန်ဖန်းသုံးခဲ့သောနည်းလမ်းအတိုင်းပင် မန်ဟိုမှတ်ဉာဏ်များထဲ၌ တိုက်ပွဲပေါင်းများစွာ ဖြစ်ပေါ်လာစေသည်။

သို့သော် မန်ဟိုကား ထို့အတွက် ပြင်ဆင်ထားပြီးလေပြီ။ သူ့ညာလက်က မုဒြာလက်ကွက်ကို လျင်မြန်စွာ ဖော်လိုက်ရာ ကြီးမားသောစွမ်းအားတစ်လှိုင်းသည် သူ၏အပြင်သို့ လိမ့်ထွက်လာ၏။ ၎င်း ဟန်ပေ့၏ကံကြွေးကို ချက်ချင်း ဖြတ်တောက်လိုက်သော ကံကြွေးမန္တန်ပင်။

ထို့နောက် ရှစ်ခုမြောက်မှန်ကွဲစသည် သူမရင်ဘတ်ထဲ စိုက်သွား၏။

ဟန်ပေ့က ခါးသီးစွာ တဟက်ဟက်ရယ်သည်။ ဤအခိုက်အတန့်တွင် သူမနှင့် ချူယွီယန်ဝိညာဉ်မှာ ကွဲကွာတော့ပေမည်။ သူမသည် မန်ဟို့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း အံတင်းတင်းကြိတ်ကာ ... မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူမဝိညာဉ်ကို ဖောက်ခွဲဖို့ ရွေးချယ်လိုက်သည်။

“ငါ ထာဝရပျောက်ကွယ်သွားကောင်း ပျောက်ကွယ်ရလိမ့်မယ်” သူမက ရူးမိုက်စွာတောက်ပနေသော မျက်ဝန်းများဖြင့် ပြောသည်။ “ဒါပေမဲ့ အနည်းဆုံးတော့ နင့်နှလုံးသားကို မီးလောင်တိုက်သွင်းနိုင်ခဲ့မှာပဲ” ခန္ဓာဖောက်ခွဲခြင်းစွမ်းအားက ဝုန်းခနဲ ပေါက်ကွဲစပြုလာသည်။

“မင်း နောက်ကျလွန်းသွားတယ်” မန်ဟိုက အေးတိအေးစက် ပြောသည်။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ကိုးခုမြောက်မှန်ကွဲစက မ‌ဖော်ပြနိုင်သောအမြန်နှုန်းဖြင့် လေကိုခွင်းသွား၏။ ဟန်ပေ့မှာ ကြိုးစားခဲ့လျှင်တောင်မှ ၎င်းအား တားနိုင်မည်မဟုတ်ပေ။ မှန်ကွဲစသည် သူမဒန်တျန်နယ်အား တိုက်ရိုက်စိုက်သွားခဲ့လေပြီ။

“ဝိညာဉ်ဖြတ်တောက်ခြင်း” မန်ဟိုက တိုးညင်းစွာ ပြောသည်။ ကြက်တူရွေးသည် ဂီးခနဲအော်လျက် ဟန်ပေ့ဆီ အမြန်ဆုံးပြေးဝင်သွား၏။ တစ်ဆက်တည်းမှာပင် မှန်ကွဲစများ ပေါက်ကွဲသွားသည်။

မန်ဟိုသည် ဟန်ပေ့ကို သတ်ဖို့ သန္နိဋ္ဌာန်ချထားပြီးသား ဖြစ်၏။ သူမဝိညာဉ်က ချူယွီယန်၏ဝိညာဉ်နှင့် ဆက်စပ်နေလျှင်တောင်မှ ကြေးမုံကို ရရှိပြီးနောက် ထိုနှစ်ကိုယ်အား မည်ကဲ့သို့ပိုင်းခြားရမည်လဲ သူ သိခဲ့သည်။ အဓိကအန္တရာယ်က သူ မတားနိုင်မည့် ဟန်ပေ့၏ခန္ဓာဖောက်ခွဲအဆုံးစီရင်မှုပင် ဖြစ်သည်။

ထို့ကြောင့် မန်ဟိုသည် ဟန်ပေ့ကို ချက်ချင်း ဖိမတိုက်ခိုက်ခဲ့။ ထိုအစား အတိတ်အကြောင်း ပြန်အစဖော်ကာ ဟန်ပေ့စိတ်ကို လှုပ်ခတ်စေခဲ့သည်။ သူမ အတိတ်အားပြန်တွေးမိသွားသော အခိုက်အတန့်တွင် မန်ဟိုသည် သူမဝိညာဉ်ကို ဖြတ်တောက်ဖို့ ကံကြွေးမန္တန်အား အသုံးပြုလိုက်၏။

ကံကြွေးဖြတ်တောက်ခြင်းတစ်ခုတည်းနှင့် ချူယွီယန်၏ဝိညာဉ်ကို သူမဝိညာဉ်ထံမှ ခွဲထုတ်ဖို့ မလုံလောက်သေးပေ။ စောစောက သူလုပ်ခဲ့သမျှ အရာအားလုံးသည် အယောင်ပြရုံမျှသာ ဖြစ်ခဲ့၏။ သူ၏ပန်းတိုင်အစစ်ကတော့ သူတို့၏ဝိညာဉ်များကို ခွဲဖို့ ကြေးမုံနှင့် ကြက်တူရွေးကို အသုံးပြုရန်ပင်။

ကြက်တူရွေး၏အော်သံ ပဲ့တင်ထပ်လာသည့်အချိန်မှာပင် မှန်ကွဲစကိုးခုသည် ပေါက်ကွဲစပြုလာ၏။ ထို့နောက် ကြက်တူရွေးက ဟန်ပေ့ကိုယ်ထဲ ဖောက်ဝင်သွားသည်။ ကြက်တူရွေးမှာ ကိုယ်အစစ်ဟုတ်ဘဲ ပုံရိပ်ယောင်အဖြစ်နှင့်သာ ထွက်လာခဲ့သဖြင့် သူမကိုယ်ကို ထိုးဖောက်ဖို့ လွယ်ကူလေသည်။

၎င်းသည် သူမကို ဖြတ်သွားစဉ် ဟန်‌ပေ့ကိုယ်ထဲ၌ ငုပ်လျှိုးနေသော ချူယွီယန်၏ဝိညာဉ်အပိုင်းအစဖြစ်သည့် ဝိညာဉ်အမျှင်တစ်မျှင်အား ဖမ်းဆုပ်လိုက်၏။ ဝါးတားတားဝိညာဉ်အပိုင်းစကား ဟန်ပေ့၏ဝိညာဉ်ဆီမှ ဆွဲထုတ်ခံလိုက်ရချေပြီ။

ထိုအခိုက်အတန့်တွင် မှန်ကွဲစများ၏ ဖောက်ခွဲမှုစွမ်းအားသည် အပြည့်အဝရိုက်ခတ်လာ၏။ ပေါက်ကွဲမှုကိုးခုက ဝိညာဉ်နှစ်ခုဆက်နေသောနေရာကို ပိုင်းဖြတ်ရင်း ဟန်ပေ့အား စုတ်ဖြဲပစ်လိုက်သည်။ ဝိညာဉ်အခွဲခံလိုက်ရသဖြင့် ဟန်ပေ့မှာ ငယ်သံပါအောင် ချောက်ချားစွာ အော်ဟစ်လိုက်ရလေသည်။

ကြက်တူရွေးသည် ချူယွီယန်၏ဝိညာဉ်အပိုင်းအစနှင့်အတူ မန်ဟို့ကို လှည့်ပတ်ပျံသန်းနေ၏။ မှန်ကွဲစများမှာတော့ ကြေးမုံအဖြစ် ပြန်စုစည်းကာ မှန်မျက်နှာပြင်တစ်ခု ပြန်ဖြစ်သွားကြသည်။

ဤအချိန်တွင် မန်ဟို၏ ဟန်ပေ့ကို သတ်လိုစိတ်မှာ တစ်ပြားသားမှ လျော့ကျမသွားခဲ့သေးပေ။ သူသည် သူမအရှေ့တည့်တည့်၌ ပေါ်လာကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။

ဟန်ပေ့၏ခန္ဓာကိုယ်မှာ အသားစများအဖြစ် အုန်းခနဲ ပေါက်ကွဲသွားတော့သည်။ သူမဝိညာဉ်သည် ခါးသီးစွာ ပြုံးလျက် မန်ဟို့ကို ကြည့်နေရင်း ပေါ်လာ၏။

“မန်ဟို ... နင် ငါ့ကို တကယ်အံ့အားသင့်စေခဲ့တယ်.... နင်က လောကပါလသားတော်ဖြစ်ဖို့ အမှန်တကယ် ထိုက်တန်ပါပေမယ်။ လောကပါလမျိုးနွယ်စုတွေရဲ့ သွေးဟာ နင့်ကိုယ်ထဲမှာ သန်သန်စွမ်းစွမ်း စီးဆင်းနေတာပဲ.. ဒါပေမဲ့ နင့်ကံကြမ္မာကတော့ ပိတ်လှောင်ခံထားရပြီးသား။ လောကပါလနတ်မင်းရဲ့ ကြယ်တာရာကောင်းကင်းအားလုံးရဲ့ ကံကြမ္မာတွေဟာ သတ်မှတ်ထားပြီးသားတွေ။ ပြောင်းလဲလို့မရဘူး။ ဘယ်သူမှ မပြောင်းလဲနိုင်ဘူး” သူမသည် ခါးသီးစွာ ရယ်နေ၏။ လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ဆင့်‌ခေါ်လိုက်မှုကြောင့် သူမဝိညာဉ်မှာ အလွန်ထိခိုက်ထားသဖြင့် မန်ဟိုမှာ ယခုဘာမှလုပ်စရာပင် မလိုပေ။ သူမသည် မီးငြိမ်းတော့မည့် မီးအိမ်သဖွယ် ဖြစ်၏။ အက်ကွဲကြောင်းများက ဝိညာဉ်ကိုယ်တစ်လျှောက် ပြေးလွှားနေသဖြင့် ဟန်ပေ့မှာ တုန်ရီနေလေသည်။

မကြာမီ သူမသည် လုံးလုံးလျားလျား အက်သွားပြီး ပြိုကွဲတော့ခါနီးလေပြီ။

“ငါ့ကို ပြောစမ်း လောကပါလမျိုးနွယ်စုတွေက ဘာတွေလဲ” မန်ဟိုက ကောက်ကာငင်ကာ မေးသည်။

“နင် သိတယ်လေ။ နင် သိပြီးသားပဲကို ဘယ်လိုသက်သေတွေ ထပ်လိုချင်နေသေးတာလဲ... အင်းပါလေ အခုတော့ အရေးမကြီးတော့ပါဘူး။ လောကပါလမျိုးနွယ်စုတွေဟာ လောကပါလနတ်မင်းစိတ်ဆန္ဒရဲ့ သွေးဆက်ကနေ ဖန်ဆင်းခံထားရတာ။ သူတို့ ကြယ်တာရာကောင်းကင်အနှံ့အပြားမှာ တည်ရှိနေတဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ... လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒ အကောင်းပကတိအတိုင်း အားပြန်ပြည့်လာစေဖို့ အတွက်ပဲ

“ဒီဘဝမှာ ငါက လောကပါလနတ်မင်းရဲ့ သမီးတော်၊ နင်က လောကပါလနတ်မင်းရဲ့ သားတော်ပဲ။ ငါတို့နှစ်ယောက်ကြားက ကိစ္စတွေ အခုထိမပြီးသေးဘူး” ဟန်ပေ့၏ရယ်သံသည် သူမဝိညာဉ် မတောင့်ခံနိုင်တော့သည်အထိ ကျယ်သထက် ကျယ်လာ၏။ နောက်ဆုံးတော့ သူမကား အုန်းခနဲ ပေါက်ကွဲပြာကျသွားတော့သည်။

မန်ဟိုက တိတ်ဆိတ်စွာ ပျံဝဲလျက် ကျန်ခဲ့သည်။ အာကာပြင်ကျယ်စကြဝဠာ၏အပြင်မှ ပြန်လာပြီးနောက် မန်ဟိုသည် တချို့သောကိစ္စများနှင့်ပတ်သက်၍ များစွာသုံးသပ်နိုင်ခဲ့ပြီးဖြစ်သည်။ သူက သက်ပြင်းချရင်း ကောင်းကင်အား မော့ကြည့်လိုက်၏။

နောက်ဆုံးတော့ ကျင်ယွင်ရှန်း၊ ဂိုဏ်းချုပ်နှင့် အခြားသူများ ပေါ်လာသည်။ သူတို့သည် ကြက်သေသေလျက် တိတ်ဆိတ်စွာ ပျံဝဲနေကြ၏။ ဟန်ပေ့၏ထူးဆန်းသောအပြုအမူ၊ လောကပါလနတ်မင်း၏စိတ်ဆန္ဒ ပေါ်ထွက်လာမှုအပြင် မန်ဟို၏ကြောက်ခမန်းလိလိစွမ်းအားက သူတို့အားလုံးကို ပင့်သက်ရှိုက်မိလိုက်စေသည်။

နောက်ဆုံးတော့ သူတို့သည် မန်ဟို့ကို လက်ယှက်အရိုအသေပေးပြီးနောက် ရောင်စုံအလင်းတန်းများအသွင်ဖြင့် အလျှိုလျှိုထွက်သွားကြ၏။

နောက်ဆုံး ထွက်ခွာသွားသူမှာတော့ ဂိုဏ်းချုပ်ဖြစ်သည်။ သူသည် တွေဝေနေသောခံစားချက်များဖြင့် မန်ဟို့ကို ကြည့်ပြီးနောက် ဟန်ပေ့ ပျောက်ကွယ်သွားခဲ့သောနေရာကို လေးနက်စွာ ကြည့်လိုက်၏။ နောက်ဆုံးတော့ သူလည်း လက်ယှက်နှုတ်ဆက်ကာ ထွက်သွားသည်။

သူတို့ထွက်သွားပြီးနောက် မန်ဟိုက ချူယွီယန်၏ဝိညာဉ်အမျှင်ကို ငုံ့ကြည့်သည်။ ကြက်တူရွေးက သူ့ပခုံးတွင် လာနား၏။

အတန်ကြာသော် မန်ဟိုက ခပ်တိုးတိုး ရေရွတ်လေသည်။ “ဟန်ပေ့ မှန်တယ်။ ငါ အမှန်တရားကို သိနေခဲ့တာ ကြာပြီ

“အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်မှာ လောကပါလနတ်မင်းလို့ခေါ်တဲ့ စိတ်ဆန္ဒတစ်ခု ရှိတယ်.... ဟိုးအတိတ်တုန်းက လောကပါလနတ်မင်းဟာ ကမ္ဘာလောကတွေ၊ သက်ရှိသတ္တဝါတွေနဲ့ ကျင့်ကြံခြင်းဆိုတာကို ဖန်ဆင်းခဲ့တယ်။ သူက အရာအားလုံးရဲ့ အရှင်သခင်လိုပဲ

“ဒါပေမဲ့ အချိန်ကြာလာတာနှင့်အမျှ သူလည်း အားနည်းလာပြီး သေရဖို့ဖြစ်လာခဲ့တယ်။ သူ့ခန္ဓာကိုယ်ဟာ ပျောက်ကွယ်စပြုလာပြီး အဆုံးသတ်မှာ လက်ချောင်းငါးချောင်းပဲ ကျန်ခဲ့တော့တယ်

“အဲဒီလက်ချောင်းတွေဟာ အင်မော်တယ်၊ တစ္ဆေ၊ နတ်ဘုရား၊ နတ်ဆိုး နဲ့ မိစ္ဆာကို ကိုယ်စားပြုတယ်.....

“သူတို့ထဲက တစ်ယောက်ယောက် ပေါ်လာတိုင်း လောကပါလနတ်မင်းကို သေမင်းဆီ တွန်းပို့ပေးလိုက်သလိုပဲ။ အဲဒီလက်ချောင်းတွေက ကောင်းကင်တာအိုရဲ့ အထက်မှာ တည်ရှိတဲ့ ဖြစ်တည်မှု၊ အရာခပ်သိမ်းရဲ့ စိတ်ဆန္ဒဖြစ်တဲ့ သူ့အသက်ကို ကိုယ်စားပြုတယ်

“လောကပါလနတ်မင်း အတုမရှိအင်မော်တယ်ကို ကြောက်ရတဲ့အကြောင်းရင်းကတော့ အဖြေတွေအများကြီး ရှိလောက်တယ်.... ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် အင်မော်တယ်သာ ပေါ်လာရင် သူက လောကပါလနတ်မင်းရဲ့အသက်စွမ်းအားကို ယူပြီး စိတ်ကူးမကြည့်နိုင်လောက်တဲ့ အတိုင်းအတာအထိ အစွမ်းထက်သွားမှာ။ ပြောရရင် အင်မော်တယ်ပေါ်လာတာနဲ့ လောကပါလနတ်မင်း မုချသေရလိမ့်မယ်

“အတုမရှိအင်မော်တယ် ပေါ်လာတော့မယ့် အခါတိုင်း ကမ္ဘာလောကတွေ အဖျက်စီးခံရတယ်

“အာကာပြင်ကျယ်ဂိုဏ်းချုပ် အတုမရှိအင်မော်တယ် ဖြစ်လာတော့မယ့်အချိန်တုန်းက လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒက ကြားဝင်နှောင့်ယှက်ခဲ့ပြီး အာကာပြင်ကျယ်မြေထုတွေကို ဖျက်စီးပစ်ခဲ့တယ်။ အဲဒီကစပြီး အာကာပြင်ကျယ်ဂိုဏ်းချုပ်ဟာ အင်မော်တယ်မဟုတ်ဘဲ တစ္ဆေဖြစ်သွားခဲ့တာပဲ။ ငါ တောင်ပင်လယ်လိပ်ပြာနဲ့အတူ ထွက်ပြေးနေတုန်းက တွေ့ခဲ့ရတဲ့ အဘိုးကြီးက ဒါတွေအားလုံးကို ပြောပြသွားခဲ့တာကိုး....

“အာကာပြင်ကျယ်ဂိုဏ်းချုပ်ဟာ ဝမ်းနည်းပူဆွေးမှုအပြည့်နဲ့ မြေထုတွေကို သူ့သင်္ချိုင်းအဖြစ် ပြောင်းလဲခဲ့ပြီး လောကပါလနတ်မင်းရဲ့လက်ချောင်းတစ်ချောင်းကို ဖျက်စီးဖို့ အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်ကို ထွက်သွားခဲ့တယ်။ သူကိုယ်တိုင်က လောကပါလနတ်မင်းကို သတ်ဖို့ အစွမ်းမရှိသေးတော့ လက်ချောင်းတစ်ချောင်းကို ဖျက်စီးရုံပဲ တတ်နိုင်ခဲ့တာ”

All Chapters