← Chapters

ဘိုးဘိုးသုံး

Vol. 65 Ch. 900

ဘိုးဘိုးသုံး

Vol. 65 Ch. 900

"ဟိုးအရင်နှစ်တွေတုန်းကပေါ့ ၊ အခု တံခါးပိတ်ကျင့်ကြံနေတဲ့ ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဒီနိဗ္ဗာနသစ်သီးတွေကို ဟိုအာပြန်လာရင် ပြန်ပေးရမယ်လို့ ပြောခဲ့တယ်။ တစ်ခါက သူ့အပိုင်ဖြစ်ဖူးတဲ့အရာဟာ အမြဲ သူ့အပိုင်ဖြစ်စေရမယ်

"သူ အခုမှ ရောက်လာပြီး မျိုးနွယ်စုနဲ့ မရင်းနှီးသည်ဖြစ်စေ၊ သူ့ကျင့်ကြံခြင်းအခြေခံက နိဗ္ဗာနသစ်သီးတွေကို လက်ခံဖို့ မသင့်တော်သေးသည်ဖြစ်စေ၊ မျိုးနွယ်စုအတွက် ဘာတစ်ခုမှ မစွမ်းဆောင်ရသေးသည်ဖြစ်စေ အရေးမကြီးဘူး

"သူဟာ တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေး ၊ ဖန်မျိုးနွယ်စုရဲ့ လျှမ်းလျှမ်းတောက် သားတော်တစ်ပါးပဲ။ သူဟာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး အခု မျိုးနွယ်စုဆီ ပြန်ရောက်လာခဲ့ပြီဖြစ်တဲ့အတွက် အဲ့ဒါတွေတစ်ခုမှ အရေးမကြီးဘူး။ စဉ်းစားစရာလည်း မလိုဘူး

"ဒီနိဗ္ဗာနသစ်သီးနှစ်လုံးက သူ့အပိုင်ပဲ

"ဒီနေ့ ငါ ဒီနိဗ္ဗာနသစ်သီးနှစ်လုံးကို သူ့ဆီ ပြန်ပေးမယ်။ ခေါင်းဆောင်ကြီးတွေ တံခါးပိတ်ကျင့်ကြံရာက ထွက်လာလို့ မေးခွန်းထုတ်ရင် ငါ တာဝန်ကျေပြီ" မဟာအကြီးအကဲသည် ခိုင်မာပြတ်သားစွာ ဆိုနေပြီး သူ၏မျက်နှာထားမှာ လွန်စွာတည်ကြည်နေ၏။ အတိတ်အကြောင်းပြောသောအခါ သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

ပတ်ဝန်းကျင်ရှိ အကြီးအကဲများစွာ၏ မျက်နှာများအပေါ်တွင် အံ့ဩမှုအား ရေးထိုးထားပြီး တိုက်ရိုက်သွေးဆက်များမှာ စစချင်း အံ့အားသင့်နေကြသော်လည်း စိတ်လှုပ်ရှားလာကြလေသည်။

မန်ဟိုမှာ မဟာအကြီးအကဲ နွေးထွေးစွာ ပြောနေသည်ကို ကြည့်နေစဉ် အသက်ရှူသံများ မြန်လာသည်။ မဟာအကြီးအကဲ လူအများကြီး၏ရှေ့မှောက်တွင် ဤစကားလုံးများကို ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"မဟုတ်မှ ... ငါ အကဲဖြတ်မှားသွားတာလား" မန်ဟိုက တွေးသည်။ "မဖြစ်နိုင်ဘူး။ သူ သေချာပေါက် တစ်ခုခု ထပ်ပြောလိမ့်မယ်" မန်ဟိုက အသက်ပြင်းပြင်းရှူ၍ သူ့စိတ်သူ တည်ငြိမ်စေလိုက်သည်။

"ဖန်ဟို" မဟာအကြီးအကဲက ရုတ်တရက် ပြောလာသည်။ မန်ဟို့ကို ကြည့်နေစဉ် သူ၏မျက်လုံးများတွင် တောက်ပလျက်ရှိ၏။ "မှတ်ထား၊ မင်းက အမြဲ ဖန်မျိုးနွယ်စုရဲ့ မျိုးနွယ်ဝင်တစ်ယောက်ပဲ။ ဖန်သွေးဟာ မင်းရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတယ်။‌ နောင်တစ်ချိန်မှာ ဘာဖြစ်မလဲ မင်း အမြဲ ဆုံးဖြတ်နိုင်ပေမယ့် မင်းရဲ့မွေးဖွားမှုနဲ့ပတ်သက်ပြီး ဘယ်တော့မှ ဆုံးဖြတ်လို့မရဘူး

"မင်းရဲ့ မျိုးရိုးက ဖန်

"ငါတို့ အကြီးအကဲတွေဟာ အိုနေပြီ။ ခေါင်းဆောင်ကြီးတွေဆို ပိုလို့တောင် အသက်ကြီးနေကြပြီ။ သူတို့ အခု အသက်ရှိနေသေးရင်တောင်မှ နောက်ကျ ကွယ်လွန်သွားကြရမှာပဲ။ ဒါပေမဲ့ မင်း .... မင်းက ဖန်မျိုးနွယ်စုရဲ့ လျှမ်းလျှမ်းတောက် အနာဂတ်နေတစ်စင်း။ မင်းက အနာဂတ်အတွက် မျှော်လင့်ချက်

"မင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်ရမယ်။ တစ်နေ့ကျရင် မင်းဟာ အထက်ကောင်းကင်ဘုံအထိ ဆန့်တန်းထိုးတက်သွားတဲ့ သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးပြင်းလာလိမ့်မယ်" မဟာအကြီးအကဲဖန်သုံ့တျန်းမှာ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။ သူက စကားပြောနေစဉ် လက်နှစ်ဖက်ကို မြှောက်၍ ယှက်ကာ ဝတ်ပြုကျောင်း၏ အနောက်ပိုင်းထံသို့ အရိုအသေပေးလိုက်သည်။

"လေးစားရပါသော ခေါင်းဆောင်ကြီးတို့။ ဤကနေ့ ကျုပ် ဖန်သုံ့တျန်းဟာ ဒီမျိုးနွယ်ဝင်အားလုံးရဲ့ ရှေ့မှောက်မှာ နိဗ္ဗာနသစ်သီးကို ဖန်ဟို့ဆီ ပြန်ပေးပါ့မယ်" ထိုသို့ပြောရင်း သူက ညာလက်ကို လေပေါ်မြှောက်၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။

ဂျလိန်း ဂျလိန်း

ချက်ချင်းပင် ထစ်ချုန်းသံကြီးက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသည်။ ဝဲကြီးတစ်ဝဲက လေလယ်တွင် ပေါ်လာပြီး တဝဲဝဲ လည်ရင်း နတ်ဗိမာန်တစ်မျိုးအား တဖြေးဖြေး ဖော်ပြလိုက်၏။

မြင့်မားသော စေတီကြီးတစ်ဆူကား အားလုံး၏အာရုံကို ဆွဲဆောင်ရင်း အကန့်အသတ်မဲ့သော အလင်းရောင်တို့ဖြင့် ကွန့်မြူးတောက်ပနေသည်။ အနီးနားရှိ ဖန်မျိုးနွယ်ဝင်များမှာ စေတီကို မြင်လျှင် တအံ့တဩ အော်ဟစ်လာကြသည်။

"ဘိုးဘေးရတနာစေတီတော်"

"ဖန်မျိုးနွယ်စုမှာ အဖိုးထိုက်ရတနာတွေကိုပဲ ဘိုးဘေးရတနာစေတီတော်ထဲမှာ ထည့်ထားနိုင်တာ"

"စေတီကိုယ်တိုင်က ပထမမျိုးဆက်ခေါင်းဆောင်ကြီး ချန်ထားခဲ့တဲ့ အဖိုးထိုက်ရတနာတစ်ပါးပဲ

"မိုး‌နဲ့မြေ ပျက်သုဉ်းသွားရင်တောင်မှ ဘိုးဘေးစံအိမ်စေတီတော်က ကျန်ခဲ့မှာ။ မဟာအကြီးအကဲတောင်မှ ပစ္စည်းတွေ ထုတ်ယူဖို့ပဲ ထိန်းချုပ်နိုင်တာ။ သူ နာမည်ရွတ်လိုက်ရင် စေတီတော်က ထုတ်ပေးလိမ့်မယ်"

မန်ဟိုမှာ မယုံကြည်နိုင်ပေ။ ဖြစ်ပျက်နေသောအရာက သူ့အထင်နှင့် တခြားစီဖြစ်နေသည်။ သူ့မှာ ယခုတွင် အံ့ဩမှုတို့ဖြင့် ရင်ခုန်စပြုလာလေပြီ။

သူသည် သူ၏အကဲခတ်နိုင်စွမ်းအပေါ် ယုံကြည်ချက်ရှိသော်လည်း ယခု ဖြစ်ပျက်နေသည်မှာတော့ ယုံရခက်နေသည်။

မဟာအကြီးအကဲက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် လက်နှစ်ဖက် မုဒြာလက်ကွက်ဖော်လိုက်သည်။ နောက်ဆုံးတော့ သူက အော်လိုက်၏။ "ဘိုးဘေးရတနာ‌စေတီတော်၊ ကျေးဇူးပြုပြီး နိဗ္ဗာနသစ်သီးများအား ထုတ်ပေးတော်မူပါ"

ချက်ချင်းပင် ဂျိန်းခနဲ ထစ်ချုန်းသံကြီး ကြားလိုက်ရပြီး အလင်းတန်းများ ထွက်လာသည်။ တစ်ချိန်တည်းမှာပင် ကျောက်စိမ်းသေတ္တာတစ်လုံးက စေတီထဲမှ ပျံထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ဝဲအပြင်သို့ လျင်မြန်စွာ ရောက်လာခဲ့ပြီး မဟာအကြီးအကဲ၏ လက်‌ထဲ၌ ဆင်းသက်လိုက်လေပြီ။

ထို့နောက်တွင် အပေါ်ရှိ ဝဲသည် ရတနာစေတီတော်ကို ဖုံးကွယ်ရင်း တစတစ ပျောက်ကွယ်သွား၏။

မန်ဟိုက ကျောက်စိမ်းသေတ္တာကို ကြည့်ရင်း အသက်ရှူမှားနေသည်။ သို့ထိတိုင် သူ့မှာ မဟာအကြီးအကဲက နိဗ္ဗာနသစ်သီးများအား သူ့ဆီ ပေးနေသည်ကို မယုံနိုင်သေးပေ။

သူသည် ၎င်းတို့ကို ရဖို့ ခက်ခဲမည်ဟု ထင်ထားခဲ့သော်လည်း ၎င်းက ဆန့်ကျင်ဘက်ပင်။ အကုန်လုံး ရိုးရှင်းနေလွန်း၏။

မဟာအကြီးအကဲက သေတ္တာကို တုံ့ဆိုင်းခြင်းမရှိ ဖွင့်ကာ ကျန်မျိုးနွယ်ဝင်များ မြင်အောင် မြှောက်ပြလိုက်သည်။

မန်ဟိုမှာ ချက်ချင်းပင် ညှိုးနွမ်းနေသော သစ်သီးနှစ်လုံးကို လှမ်းမြင်လိုက်သည်။ ၎င်းတို့မှာ အလွန်နွမ်း‌ခြောက်နေသည့်အတွက် လေပြေညင်းလေးတစ်ချက်‌ကပင် ၎င်းတို့ကို အမှုန့်ဖြစ်သွားစေမည့်အလားပင်။ မန်ဟိုသည် ၎င်းတို့ကို မြင်လိုက်လျှင်ချင်း သွေးများ ဆူပွက်လာသည့်အလား၊ သူ့ကို ခေါ်နေသည့်အလား ခံစားလိုက်ရ၏။ ဤအရာများသည် နိဗ္ဗာနသစ်သီးများဖြစ်ကြောင်း သူ ချက်ချင်း ပြောနိုင်လေသည်။

"နိဗ္ဗာနသစ်သီး"

"ဟိုးအရင်နှစ်တွေတုန်းက ဟိုအာရဲ့ နိဗ္ဗာနသစ်သီးနှစ်လုံးကို ငါတွေ့ခဲ့ဖူးတယ်။ အဲ့ဒါတွေက သေချာပေါက် သူ့ဟာတွေပဲ"

တိုက်ရိုက်သွေးဆက်အတော်များများမှာ အံ့အား‌သင့်နေကြသည်။ အထူးသဖြင့် မန်ဟို၏ ဦးလေးဆယ့်ကိုးဖြစ်သည်။

"အဲ့ဒါ နိဗ္ဗာနသစ်သီးတွေပဲ"

မဟာအကြီးအကဲမှ သူ့ကို လင်းလက်တောက်ပသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည့်အခါ ရုတ်တရက် အတွေးတစ်ခု မန်ဟို၏ခေါင်းထဲတွင် ပေါ်လာသည်။

"တစ်ယောက်ယောက်ကို ငါ့ဆီက လုခိုင်းဖို့ ကြံထားလို့ ငါ့ပေးနေတာများလား" မန်ဟိုမှာ သူ၏အကဲခတ်နိုင်စွမ်းအပေါ် ယုံကြည်ချက်ရှိဆဲဖြစ်၍ မဟာအကြီးအကဲ နိဗ္ဗာနသစ်သီးများအား ရှောရှောရှူရှု ထုတ်ပေးနေသည်ကို မယုံနိုင်ဖြစ်နေသည်။

မဟာအကြီးအကဲက ကျောက်စိမ်းသေတ္တာကို လေပေါ် ပစ်ကာ မန်ဟို့အား ဖမ်းလိုက်စေသည်။ သေတ္တာကို ထိလိုက်လျှင်ချင်း မန်ဟို့သွေးကြောထဲရှိ သွေးများ ဆူပွက်လာသည့်အလား ထင်ရသည်။

"မင်းတို့မျိုးနွယ်ဝင်တွေအားလုံးရဲ့ ရှေ့မှောက်မှာ ပြောရမယ့်စကား နောက်တစ်ခွန်းရှိသေးတယ်" မဟာအကြီးအကဲက အေးစက်စွာ တောက်ပနေသော မျက်လုံးများဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်ရင်း ပြောသည်။ "တစ်ခုရှင်းအောင် ပြောချင်တယ်

"ဒီနိဗ္ဗာနသစ်သီးတွေက ဟိုအာရဲ့အပိုင်။ အခု သူ့လက်ထဲလည်း ရောက်နေပြီ။ မကောင်းကြံဖို့ စဉ်းစားနေတဲ့လူတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ အရှေ့အောင်ပွဲဂြိုဟ်အပေါ်မှာ သွေးသစ်ခွဘုရားကျောင်းရော၊ ရုပ်သေးနတ်ဘုရားကျောင်းရော ဖန်မျိုးနွယ်စုရဲ့ အဖိုးထိုက်ရတနာကို လုဖို့ ကြိုးစားရဲမှာမဟုတ်ဘူး။ မျိုးနွယ်စုရဲ့ အပိုင်မဟုတ်ဘဲ ဟိုအာရဲ့အပိုင်ဖြစ်နေလည်းပဲ လုရဲဦးမှာမဟုတ်ဘူး

"ဒီနားတစ်ဝိုက်က တခြားဂိုဏ်းတွေလည်း ပိုတောင်ဆိုးသေးတယ်။ အရှေ့အောင်ပွဲဂြိုဟ် က မဟုတ်တဲ့ လူတွေနဲ့ ပတ်သက်ပြီးလို့ကတော့ ငါတို့မှာ လူအများစု ဝင်ရောက်လာလို့မရတဲ့ အရှေ့ကောင်းကင်ဂိတ်ရှိတယ်။ ဒါကြောင့် ဟိုအာရဲ့ နိဗ္ဗာနသစ်သီးတွေ ပျောက်သွားရင် တရားခံဟာ ဖန်မျိုးနွယ်တွေအပြင်မရှိနိုင်ဘူး

"ဒါကြောင့် တစ်ယောက်ယောက် ဟိုအာဆီက နိဗ္ဗာနသစ်သီးကို လုလို့ကတော့ ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဆန္ဒအတိုင်း အဲဒီလူရဲ့ သွေးဆက်တစ်ဆက်လုံးကို သုတ်သင်ဖို့လွဲပြီး ရွေးချယ်စရာမရှိဘူး။ ဖန်ဟဲ့ရှန်း၊ မင်းရဲ့ သွေးဆက်အနေနဲ့ ဒါကို မှတ်ထားတာ ကောင်းလိမ့်မယ်" ထိုနောက်ဆုံးစကားလုံးများကို ပြောနေစဉ် မဟာအကြီးအကဲ၏ မျက်လုံးများသည် ဖန်ဝေ၏ အဘိုးကို စိုက်ကြည့်ရင်း အေးစက်လျက်ရှိ၏။ အဘိုးကြီး၏မျက်နှာမှာ မသာမယာဖြစ်သွားပြီး ခေါင်းညိတ်ပြလေသည်။

"မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေဟာ အားနေလို့ ချမှတ်ထားတာ မဟုတ်ဘူး။ ဒီနေ့ ငါ ကျမ်းကျိန်တယ်။ တစ်ယောက်ယောက် ဟိုအာရဲ့ နိဗ္ဗာနသစ်သီးတွေကို လုရဲရင် ဘက်လိုက်မှုမရှိ အရေးယူမယ်။ ဒါ့အပြင် ငါ့မှာလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ‌အတွေးတွေ ရှိလာခဲ့ရင် မိုးကောင်းကင်မှ ငါ့ဝိညာဉ်ကို သုတ်သင်ပါစေသား" စကားလုံးများ သူ၏ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းအထက်၌ ထစ်ချုန်းသံများ ကြားလိုက်ရသည်။ ကျမ်းသစ္စာမိုးကြိုးကား သူ တာအိုကျမ်းကျိန်လိုက်သဖြင့် ပေါ်လာခဲ့လေပြီ။

ကျန်မျိုးနွယ်ဝင်များမှာ တုန်လှုပ်သွားကြသည်။ စောစောက တချို့တွင် မကောင်းသောအကြံအစည်များ အမှန်တကယ် ရှိခဲ့၏။ သို့‌သော် ဤအခိုက်အတန့်တွင် ထိုမကောင်းသောအကြံအစည်များကား ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။

မန်ဟိုမှာ ပို၍ပင် စိတ်နှလုံးတုန်လှုပ်လာသည်။ သူ့မှာ ဖြစ်ပျက်နေသည်ကို အမှန်တကယ် မယုံနိုင်သေးပေ။ သို့သော် အမှန်တရားက သူ၏ရှေ့တည့်တည့်တွင် ဖြစ်ပြီး မဟာအကြီးအကဲမှာ ကျမ်းပင် ကျိန်ခဲ့သည်။

"ဒါကြောင့် ခေါင်းဆောင်ကြီးတွေက ငါ့ကို မဟာအကြီးအကဲရာထူး အပ်နှင်းခဲ့တာ။ ဖန်မျိုးနွယ်စုမှာ မျိုးနွယ်စုခေါင်းဆောင်‌မရှိတဲ့အပြင် ခေါင်းဆောင်ကြီးတွေလည်း တံခါးပိတ်ကျင့်ကြံနေကြတာဆိုတော့ မဟာအကြီးအကဲအနေနဲ့ မျိုးနွယ်စုရဲ့ ကိစ္စဝိစ္စအားလုံးအတွက် တာဝန်ရှိတယ်

"ငါလည်း ... တိုက်ရိုက်သွေးဆက်တစ်ဦးပဲ" သူက ခပ်တိုးတိုး ပြောသည်။ "မင်းအဘိုးနဲ့ငါက ညီအစ်ကိုအရင်းတွေ

"ဒါပေမဲ့ မဟာအကြီးအကဲ ရာထူးနဲ့ တာဝန်ကို လက်ခံလိုက်တဲ့ အခိုက်အတန့်ကစပြီး ငါဟာ ဘယ်သွေးဆက်နဲ့မှ မသက်ဆိုင်တော့ဘူး။ ငါ့အနေနဲ့ မျိုးနွယ်စုတစ်စုလုံးကို ကိုင်တွယ်ရပြီး မတူကွဲပြားတဲ့ သွေး‌ဆက်အကုန်လုံးနဲ့ သာတူညီမျှ‌တဲ့ ဆက်ဆံရေးထိန်းထားဖို့လိုတယ်။ ငါ့ဆုံးဖြတ်ချက်တွေက ... မျိုးနွယ်စုစည်းမျဉ်းတွေအတိုင်း ဖြစ်ရမယ်

"ဒါက ငါ့ရဲ့ လုပ်ပိုင်ခွင့်ကို ရဲရဲတင်းတင်း သုံးပြီး တစ်ဖတ်သက် ဆုံးဖြတ်ချတဲ့ တစ်ခုတည်းသော အခိုက်အတန့်ပဲ။ မင်းကို မင်းရဲ့ နိဗ္ဗာနသစ်သီးတွေ ပြန်ပေးဖို့ပေါ့ကွာ" မဟာအကြီးအကဲသည် သူ့မြေးအရင်းကို ကြည့်နေရသည့်အလား မန်ဟို့ကို ကြင်နာစွာ ကြည့်သည်။

"ငါ့မှာ သားမရှိဘူး။ မင်းအဘိုးက သွေးဆက်ထဲမှာ ငါ့အထက် အကြီးပဲ။ ဒါကြောင့် သူ့မြေးကလည်း ငါ့မြေးလို့ ဆိုလိုတယ်"

"မဟာအကြီးအကဲ..." မန်ဟို စကားစလိုက်သည့်အခါ မဟာအကြီးအကဲက မျက်မှောင်ကြုတ်၍ ကြည့်ရာ မန်ဟိုမှာ ကပျာကယာ ပြောလိုက်သည်။ "ဘိုးဘိုးသုံး"

သူ့ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ တစ်ခုခု မူမမှန်သည်ကို ခံစားနေရသော်လည်း မည်သည့်အရာက သူ့ကို မတင်မကျ ဖြစ်နေစေသည်လဲ မသိပေ။

"ဟိုအာ။ ဒီနိဗ္ဗာနသစ်သီးနှစ်လုံးက သက်တမ်းရာချီရှိပြီမလို့ ‌ညှိုးနွမ်းနေခဲ့တာ ကြာပြီ။ ဒါပေမဲ့ သူတို့က ဖန်မျိုးနွယ်စုရဲ့ သွေးဆက်ကနေ ဖြစ်ပေါ်လာတဲ့ အဖိုးထိုက်ရတနာတွေပဲ။ ဒါကြောင့် နွမ်းခြောက်ပြီး သေဆုံးသွားမှာမဟုတ်ဘူး။ မင်းမှာ ဝိညာဉ်အဆီရှိနေသရွေ့ မူလအခြေအနေပြန်ရောက်အောင် လုပ်လို့ရတယ်

"မင်း လုပ်ရမယ့် နောက်တစ်ခုက နိဗ္ဗာနသစ်သီးတွေကို နေ့စဉ်နေ့တိုင်း ကျင့်ကြံဖို့ပဲ။ သူတို့ထဲ ဝိညာဉ်အဆီများများ စိမ့်ဝင်အောင် လုပ်ချည်။ သူတို့က မင်းအပိုင်မလို့ လွယ်လွယ်ကူကူပဲ စုပ်ယူနိုင်လိမ့်မယ်။ မင်း သူတို့ကို စုပ်ယူပြီးတာနဲ့ … မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုး မြင့်တက်သွားလိမ့်မယ်။ ဖန်မျိုးနွယ်စုရဲ့ နံပါတ်တစ် ရွေးချယ်ခံဖြစ်လာပြီး တစ်ခါတုန်းကလို လျှမ်းလျှမ်းတောက် နေတစ်စင်း ဖြစ်လာမယ်

"မှတ်ထား ။ မြန်နိုင်သမျှ မြန်မြန် စုပ်ယူရမယ်နော်။ ဒါက မျိုးနွယ်စုအတွက် အံ့ဩစရာကောင်းနိုင်ပေမယ့် မင်း စောင့်တာကြာလေ၊ တစ်ယောက်ယောက် အကောက်ကြံနိုင်ခြေများလေလေပဲ။ ဒါပေမဲ့ မင်း သူတို့ကို စုပ်ယူလိုက်တာနဲ့ ဘယ်သူမှ ဘာမှမလုပ်နိုင်တော့ဘူး

"ဟိုအာ မှတ်ထားနော်။ မြန်နိုင်သမျှ မြန်မြန် စုပ်ယူရမှာ။ ဘိုးဘိုးသုံး မင်းအတွက် အချိန်ဆွဲပေးထားပေမယ့် သိပ်အချိန်မရမှာ စိုးရိမ်မိတယ်"

မန်ဟိုက ခေါင်းညိတ်သဘောတူလိုက်သော်လည်း ရင်တဒိန်းဒိန်းခုန်နေလေသည်။

"ဝိညာဉ်အဆီ ... " သူက တွေးသည်။ "ငါ မယုံသင်္ကာဖြစ်နေတာက ဝိညာဉ်အဆီနဲ့များ ဆိုင်နေမလား"

"နောက်တစ်ခု" မဟာအကြီးအကဲက ပြောသည်။ "နိဗ္ဗာနသစ်သီးတွေကို စုပ်ယူဖို့ လိုအပ်တဲ့ ဝိညာဉ်အဆီမှာ မင်းရဲ့သွေးပါဖို့လိုတယ်။ အဲ့ဒါက ဘယ်သူမှ လုပ်နိုင်မှာမဟုတ်တဲ့ အရာပဲ။ ဒါကြောင့် စိတ်ပူစရာမလိုဘူး။ ဒီလိုဆို ဘယ်လိုလဲ။ မင်း ရွေးလိုက်တဲ့ ကျင့်ကြံခြင်းဂူမှာ ဆေးပင်ဥယျာဉ်တစ်ခုပါတာ ငါ သတိထားမိတယ်။ ကြည့်ရတာ မင်း ဆေးဝါးတာအိုနဲ့ပတ်သက်ပြီး သိထားတယ်ဖြစ်မယ်

"ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုဌာနကို သွားပါလား။ ဆေးပင်တချို့နဲ့ ဝိညာဉ်အဆီဖော်စပ်နည်းတချို့ရဖို့ စွမ်းဆောင်ရည်ရမှတ်တွေကို အသုံးပြုနိုင်တယ်။ ဝိညာဉ်အဆီတွေက ဖော်ရလွယ်တော့ မင်းဘာသာမင်းလုပ်တာက အန္တရာယ်အကင်းဆုံးပဲ" မဟာအကြီးအကဲမှာ သူ၏စကားလုံးများနှင့်ပတ်သက်ပြီး အလွန်ရိုးသားနေသယောင်ပင်။ သူ ပြောလိုက်သည့်အရာက တိုက်ဆိုင်ရုံသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရလဒ်အနေဖြင့် မန်ဟို ထင်ထားသမျှအားလုံး ပျက်စီးသွားလေသည်။

***

All Chapters